မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်မသာညည်းတွားသူတို့ကို နှစ်သိမ့်ပေးပါ

စိတ်မသာညည်းတွားသူတို့ကို နှစ်သိမ့်ပေးပါ

စိတ်မသာညည်းတွားသူတို့ကို နှစ်သိမ့်ပေးပါ

‘စိတ်မသာညည်းတွားသောသူတို့အား နှစ်သိမ့်စေခြင်းငှာ ငါ့ကိုစေလွှတ်တော်မူပြီ။’—ဟေရှာ. ၆၁:၂၊ ၃

၁။ စိတ်ညှိုးငယ်သူတွေကို ယေရှု ဘာလုပ်ပေးခဲ့သလဲ၊ ဘာကြောင့်လဲ။

ယေရှုခရစ်က “ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကိုပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏” လို့ပြောခဲ့တယ်။ (ယော. ၄:၃၄) ဘုရားသခင်ပေးအပ်ထားတဲ့တာဝန်ကို ယေရှုထမ်းဆောင်ရာမှာ ခမည်းတော်ရဲ့ ထူးခြားတဲ့အရည်အသွေးတော်တွေကို တင်ပြခဲ့တယ်။ အဲဒီအရည်အသွေးတွေထဲကတစ်ခုက လူတွေအပေါ်ထားတဲ့ ယေဟောဝါရဲ့ကြီးမားလှတဲ့ မေတ္တာတော်ဖြစ်တယ်။ (၁ ယော. ၄:၇-၁၀) ယေဟောဝါ မေတ္တာပြတဲ့နည်းလမ်းတစ်ခုက ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးခြင်းဖြစ်တယ်။ ယေဟောဝါကို “နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်” လို့ ရည်ညွှန်းပြောဆိုချိန်မှာ တမန်တော်ပေါလု ဒီအချက်ကို ဖော်ပြခဲ့တယ်။ (၂ ကော. ၁:၃) ဟေရှာယပရောဖက်ပြုချက်မှာ ကြိုဟောထားတဲ့အချက်တွေကို ယေရှုပြည့်စုံစေရာမှာ ဒီမေတ္တာမျိုး ပြသခဲ့တယ်။ (ဟေရှာယ ၆၁:၁၊ ၂ ကိုဖတ်ပါ။) နာဇရက်မြို့မှာရှိတဲ့ ဂျူးတွေတရားဟောတဲ့နေရာမှာ ဒီပရောဖက်ပြုချက်ကို ယေရှုဖတ်ခဲ့ပြီး ဒါတွေက မိမိနဲ့သက်ဆိုင်ကြောင်း ရှင်းပြခဲ့တယ်။ (လု. ၄:၁၆-၂၁) ယေရှု မြေကြီးပေါ်အမှုဆောင်ချိန်တစ်လျှောက်လုံးမှာ စိတ်ညှိုးငယ်သူတွေကို မေတ္တာပါပါ နှစ်သိမ့်ပေး၊ အားပေးပြီး စိတ်အေးချမ်းငြိမ်သက်အောင် လုပ်ပေးခဲ့တယ်။

၂၊ ၃။ ခရစ်တော်ရဲ့နောက်လိုက်တွေ ဘာကြောင့် တခြားသူတွေကို နှစ်သိမ့်ပေးဖို့လိုသလဲ။

ယေရှုရဲ့နောက်လိုက်အားလုံးက စိတ်ညှိုးငယ်သူတွေကို နှစ်သိမ့်ပေးခြင်းအားဖြင့် ကိုယ်တော့်ကို တုပဖို့လိုတယ်။ (၁ ကော. ၁၁:၁) ပေါလုက “အချင်းချင်းနှစ်သိမ့်၍ တည်ဆောက်ပေးလျက်နေကြလော့” လို့ပြောခဲ့တယ်။ (၁ သက်. ၅:၁၁) အထူးသဖြင့် လက်ရှိအချိန်က “ခက်ခဲကျပ်တည်း” တဲ့အတွက် တခြားသူတွေကို နှစ်သိမ့်ပေးဖို့လိုတယ်။ (၂ တိ. ၃:၁) ကမ္ဘာတစ်ဝန်းမှာ စိတ်နှလုံးရိုးဖြောင့်သူတွေဟာ လူတချို့ရဲ့ အပြောအဆိုနဲ့ လုပ်ရပ်ကြောင့် ပိုပိုပြီးဝမ်းနည်းပူဆွေး၊ စိတ်ထိခိုက်လာကြတယ်။

သမ္မာကျမ်းစာကြိုဟောထားတဲ့အတိုင်း ဒီဆိုးညစ်တဲ့လောကရဲ့ နောက်ဆုံးနေ့ရက်တွေမှာ လူအများစုက “ကိုယ့်ကိုယ်ကိုယ်ချစ်သူ၊ ငွေကိုတပ်မက်သူ၊ ဘဝင်မြင့်သူ၊ မောက်မာသူ၊ စော်ကားသူ၊ မိဘစကားနားမထောင်သူ၊ ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ မိသားစုချစ်ခင်စုံမက်ခြင်းမရှိသူ၊ ဖီလာဆန့်ကျင်တတ်သူ၊ အသရေဖျက်သူ၊ ချုပ်တည်းခြင်းမရှိသူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ခြင်းကို မနှစ်သက်သူ၊ သစ္စာဖောက်သူ၊ ခေါင်းမာသူ၊ မာနထောင်လွှားသူ၊ ဘုရားသခင်ကို ချစ်သည်ထက် အပျော်အပါးကို သာ၍နှစ်သက်သူ” တွေဖြစ်ကြတယ်။ ‘ဆိုးညစ်သောသူနဲ့ အယောင်ဆောင်သောသူတို့က ဆိုးသည်ထက် ဆိုးလာ’ တဲ့အတွက် ဒီသဘောထားတွေဟာ ခါတိုင်းထက်ပိုဆိုးဝါးလာတယ်။—၂ တိ. ၃:၂-၄၊ ၁၃

၄။ ယနေ့ကမ္ဘာ့အခြေအနေ ဘယ်လိုဖြစ်နေသလဲ။

“တစ်လောကလုံးသည် ဆိုးညစ်သူ၏ဩဇာအောက်တွင်ရှိနေ” တယ်လို့ သမ္မာကျမ်းစာမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားတဲ့အတွက် ဒါတွေက အံ့ဩစရာမဟုတ်ဘူး။ (၁ ယော. ၅:၁၉) “တစ်လောကလုံး” ဆိုတဲ့အထဲမှာ နိုင်ငံရေး၊ ဝတ်ပြုရေး၊ စီးပွားရေးနဲ့ စာတန်ရဲ့အယူဝါဒတွေကို ဖြန့်တဲ့နည်းလမ်းတွေလည်း ပါဝင်တယ်။ ဒါကြောင့် စာတန်ကို “ဤလောကကို အစိုးရသောမင်း၊” ‘ဤလောကစနစ်၏ဘုရားသခင်’ လို့သမုတ်တာက သင့်တော်လှပါတယ်။ (ယော. ၁၄:၃၀; ၂ ကော. ၄:၄) စာတန်က သူ့အချိန်သိပ်မကျန်တော့ဘူးဆိုတာ သိထားတဲ့အတွက် ဒေါသူပုန်ထနေလို့ ကမ္ဘာ့အခြေအနေက ပိုပိုပြီး ဆိုးရွားလာတယ်။ (ဗျာ. ၁၂:၁၂) စာတန်နဲ့သူ့ရဲ့ဆိုးညစ်တဲ့လောကကို ဘုရားသခင်သည်းခံခွင့်ပြုတဲ့အချိန် ကုန်ဆုံးတော့မယ်၊ ယေဟောဝါရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်နဲ့ပတ်သက်ပြီး စာတန်အစပြုခဲ့တဲ့ပြဿနာ ရှင်းလင်းတော့မယ်ဆိုတာ သိရတာက တကယ့်နှစ်သိမ့်မှုကြီးပါပဲ။—ကမ္ဘာဦး အခန်းကြီး ၃; ယောဘ အခန်းကြီး ၂

ကမ္ဘာတစ်ဝန်းမှာ သတင်းကောင်းဟောပြောနေ

၅။ ဒီနောက်ဆုံးသောနေ့ရက်တွေမှာ ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက် ဘယ်လိုပြည့်စုံနေသလဲ။

အကျပ်ရိုက်နေတဲ့ ဒီကမ္ဘာ့အခြေအနေတွေအလယ်မှာ ယေရှုကြိုဟောခဲ့တဲ့ပရောဖက်ပြုချက် ပြည့်စုံနေတယ်။ ကိုယ်တော် ဒီလိုကြိုပြောခဲ့တယ်– ‘လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ရောက်လိမ့်မည်။’ (မ. ၂၄:၁၄) ဘုရားသခင့်နိုင်ငံတော်ကို ကမ္ဘာချီကြေညာတဲ့လုပ်ငန်းက တစ်ခါနဲ့မှမတူအောင် တရိပ်ရိပ်တိုးတက်နေတယ်။ ဒီနေ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အသင်းတော် ၁၀၇,၀၀၀ ကျော်နဲ့ပူးပေါင်းနေတဲ့ ယေဟောဝါသက်သေ ၇,၅၀၀,၀၀၀ ကျော်ဟာ ယေရှုလုပ်ခဲ့သလိုပဲ ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြော၊ သွန်သင်နေကြတယ်။ (မ. ၄:၁၇) မျက်မှောက်ခေတ်ဟောပြောခြင်းလုပ်ငန်းကြောင့် ဝမ်းနည်းပူဆွေးနေသူတွေ နှစ်သိမ့်မှုခံစားနေကြရတယ်။ ဘာကြောင့်အဲဒီလိုပြောနိုင်သလဲဆိုရင် လွန်ခဲ့တဲ့နှစ်နှစ်တာကာလအတွင်းမှာ ၅၇၀,၆၀၁ ဦးက ယေဟောဝါသက်သေတွေအဖြစ် နှစ်ခြင်းခံခဲ့ကြလို့ပဲ။

၆။ ဟောပြောခြင်းလုပ်ငန်းတိုးတက်နေတာနဲ့ပတ်သက်ပြီး သင်ဘယ်လို ထင်သလဲ။

လက်ရှိအချိန်မှာ ယေဟောဝါသက်သေတွေဟာ ကျမ်းစာအခြေပြုစာပေတွေကို ဘာသာစကား ၅၀၀ ကျော်နဲ့ ထုတ်ဝေဖြန့်ချိနေတယ်။ လူ့သမိုင်းမှာ ဘယ်သူမှ ဒီလိုမလုပ်နိုင်ခဲ့ဘူး။ ယေဟောဝါအဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်း တည်ရှိမှု၊ လုပ်ငန်းနဲ့ တိုးတက်မှုကတော့ တကယ့်ကို အံ့မခန်းပါပဲ။ ဘုရားသခင့်စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ကူညီပံ့ပိုးမှုသာ မရှိဘူးဆိုရင် စာတန်ထိန်းချုပ်ထားတဲ့ဒီလောကမှာ ဒီလိုတိုးတက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ သတင်းကောင်းကို ကမ္ဘာတစ်ဝန်းမှာဟောပြောနေတဲ့အတွက် ယုံကြည်သူတွေသာမက သတင်းကောင်းကိုလက်ခံတဲ့ ဝမ်းနည်းပူဆွေးသူတွေပါ သမ္မာကျမ်းစာမှာပါတဲ့ နှစ်သိမ့်မှုကို ခံစားနေကြရတယ်။

ယုံကြည်သူချင်းတွေကို နှစ်သိမ့်ပါ

၇။ (က) အခုအချိန်မှာ စိတ်ဆင်းရဲစရာအခြေအနေအားလုံးကို ယေဟောဝါဖယ်ရှားပေးဖို့ ကျွန်ုပ်တို့ ဘာကြောင့် မမျှော်လင့်နိုင်သလဲ။ (ခ) နှိပ်စက်ညှဉ်းပန်းခြင်း၊ ဒုက္ခဆင်းရဲတွေကို ကျွန်ုပ်တို့ခံရပ်နိုင်တယ်ဆိုတာ ဘယ်လိုသိနိုင်သလဲ။

နေရာအနှံ့မှာ ဆိုးညစ်မှုတွေ၊ အခက်အခဲဒုက္ခတွေ ကြီးစိုးလွှမ်းမိုးနေတဲ့ ဒီလောကမှာ ကျွန်ုပ်တို့ဟာ စိတ်ဆင်းရဲစရာအခြေအနေတွေကို မလွဲမသွေ ခံစားကြရမှာဖြစ်တယ်။ အခုအချိန်မှာ ဒီအခြေအနေအားလုံးကို ဘုရားသခင်ဖယ်ရှားပေးဖို့ ကျွန်ုပ်တို့ မမျှော်လင့်ကြဘူး၊ အကြောင်းကတော့ ဒီလောကစနစ်ကို ကိုယ်တော် ဖျက်ဆီးတဲ့အချိန်အထိ စောင့်ကြရမှာဖြစ်လို့ပဲ။ ဒီအချိန်အတောအတွင်းမှာတော့ ကြိုဟောထားတဲ့ ညှဉ်းပန်းနှိပ်စက်မှုခံရတဲ့အခါ ကျွန်ုပ်တို့ ယေဟောဝါအပေါ် ဆက်တည်ကြည်မလား၊ ကိုယ်တော့်အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံမလားဆိုတာ ပြသဖို့ အခွင့်အရေးလည်းရစေတယ်။ (၂ တိ. ၃:၁၂) ဒါပေမဲ့ ကျွန်ုပ်တို့ဟာ ကောင်းကင်ခမည်းတော်ရဲ့ကူညီထောက်မမှု၊ နှစ်သိမ့်မှုရရှိခြင်းအားဖြင့် နှိပ်စက်ညှဉ်းပန်းခြင်း၊ ဒုက္ခဆင်းရဲတွေကို ခံရပ်ပြီး ယုံကြည်ခြင်းဆက်တင်ပြခဲ့တဲ့ ရှေးခေတ်သက်သာလောနိတ်မြို့က ကောင်းကင်အတန်းအစားခရစ်ယာန်တွေနဲ့ တူနိုင်ကြပါတယ်။—၂ သက်သာလောနိတ် ၁:၃-၅ ကိုဖတ်ပါ။

၈။ မိမိရဲ့ကျေးကျွန်တွေကို ယေဟောဝါနှစ်သိမ့်ပေးကြောင်း ဘယ်ကျမ်းစာအထောက်အထားရှိသလဲ။

ယေဟောဝါက မိမိရဲ့ကျေးကျွန်တွေလိုအပ်တဲ့နှစ်သိမ့်မှု ပေးမယ်ဆိုတာ လုံးဝသံသယရှိစရာမလိုဘူး။ ဥပမာ၊ ပရောဖက်ဧလိယက အသက်အန္တရာယ်နဲ့ပတ်သက်ပြီး မိဖုရားဆိုးယေဇဗေလရဲ့ ခြိမ်းခြောက်မှုကိုခံရတဲ့အခါ ကြောက်လန့်ပြီး ထွက်ပြေးခဲ့တယ်။ သူ သေချင်တယ်လို့တောင် ပြောခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါက ဧလိယကို အပြစ်တင်မယ့်အစား သူ့ကို နှစ်သိမ့်ပြီး သူ့ရဲ့ပရောဖက်တာဝန်ကို ဆက်ထမ်းဆောင်နိုင်ဖို့ ရဲစွမ်းသတ္တိပေးခဲ့တယ်။ (၃ ရာ. ၁၉:၁-၂၁) မိမိလူမျိုးကို ယေဟောဝါ နှစ်သိမ့်ပေးခဲ့တယ်ဆိုတာကိုလည်း ပထမရာစုအသင်းတော်မှာ တွေ့နိုင်တယ်။ ဥပမာ၊ “ယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိပြည်အရပ်ရပ်ရှိ အသင်းတော်သည် ငြိမ်သက်အေးချမ်းလျက်၊ ယုံကြည်ခြင်းခိုင်ခံ့” တဲ့ အချိန်အကြောင်းကို တမန်တော်ကျမ်းမှာ ဖတ်ရတယ်။ ဒါ့အပြင် ‘ယေဟောဝါအား ကြောက်ရွံ့ခြင်း၊ သန့်ရှင်းသော စွမ်းအားတော်၏ နှစ်သိမ့်မှုနှင့်အညီ အသက်ရှင်ခြင်းတို့ကြောင့် တိုးပွားလျက်ရှိ’ တယ်လို့လည်း ဖတ်ရတယ်။ (တ. ၉:၃၁) ကျွန်ုပ်တို့လည်း “သန့်ရှင်းသောစွမ်းအားတော်၏နှစ်သိမ့်မှု” ခံရတဲ့အတွက် ကျေးဇူးတင်လေးမြတ်ကြပါတယ်။

၉။ ယေရှုထံကနေသင်ယူခြင်းက ဘာကြောင့် နှစ်သိမ့်မှုခံစားရစေသလဲ။

ခရစ်ယာန်တွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ ယေရှုခရစ်အကြောင်းသင်ယူပြီး ကိုယ်တော့်ကိုတုပခြင်းအားဖြင့် နှစ်သိမ့်မှုခံစားကြရတယ်။ ယေရှု ဒီလိုပြောတယ်– “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့ လာကြလော့။ သင်တို့ကို ငါလန်းဆန်းစေမည်။ ငါ့ထမ်းပိုးကို ထမ်း၍ ငါ့ထံမှ သင်ယူကြလော့။ အကြောင်းမူကား ငါသည် နူးညံ့သိမ်မွေ့၍ စိတ်နှိမ့်ချသောသဘောရှိ၏။ သင်တို့သည် လန်းဆန်းရလိမ့်မည်။ အကြောင်းမူကား ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏” ဟုမိန့်တော်မူ၏။ (မ. ၁၁:၂၈-၃၀) လူတွေကို မေတ္တာနဲ့ကြင်နာစွာဆက်ဆံတဲ့ ယေရှုရဲ့နည်းလမ်းတွေကိုသင်ယူပြီး ကိုယ်တော့်ရဲ့ကောင်းတဲ့ပုံသက်သေကိုတုပခြင်းက ကျွန်ုပ်တို့ ဖိစီးမှုခံစားနေရချိန်မှာ များစွာ စိတ်သက်သာရာရနိုင်ပါတယ်။

၁၀၊ ၁၁။ အသင်းတော်မှာ ဘယ်သူတွေက နှစ်သိမ့်မှုပေးနိုင်သလဲ။

၁၀ ခရစ်ယာန်ယုံကြည်သူချင်းတွေကြောင့်လည်း နှစ်သိမ့်မှုခံစားရနိုင်ပါတယ်။ ဥပမာ၊ အခက်အခဲပြဿနာကြုံနေရသူတွေကို အသင်းတော်အကြီးအကဲတွေ ကူညီပေးပုံကို သုံးသပ်ကြည့်ပါ။ တပည့်ဖြစ်သူယာကုပ် ဒီလိုရေးခဲ့တယ်– ‘သင်တို့တွင် ဖျားနာနေသူ တစ်စုံတစ်ဦးရှိသလော။ ထိုသူသည် အသင်းတော်ရှိ အသက်ကြီးသူများကို ခေါ်ပါစေ။ သူတို့သည် ယေဟောဝါ၏နာမတော်ဖြင့် သူ့ကို ဆီလိမ်းပေး၍ ဆုတောင်းပေးကြပါစေ။ သို့ပြုလျှင် ယုံကြည်ခြင်းဖြင့်တောင်းသော ဆုတောင်းချက်သည် လူနာကို ကျန်းမာစေ၍ ယေဟောဝါသည် သူ့ကို ထစေတော်မူလိမ့်မည်။ ထို့ပြင် သူသည် အပြစ်ပြုခဲ့လျှင် ခွင့်လွှတ်ခံရလိမ့်မည်။’ (ယာ. ၅:၁၄၊ ၁၅) အသင်းတော်မှာရှိတဲ့တခြားသူတွေလည်း နှစ်သိမ့်မှုပေးနိုင်ပါတယ်။

၁၁ ပြဿနာတွေကို မိန်းမချင်းရင်ဖွင့်ပြောဆိုရတာက အမျိုးသမီးတွေအတွက် ပိုလွယ်ကူလေ့ရှိတယ်။ အထူးသဖြင့် အသက်ကြီးပြီး အတွေ့အကြုံများတဲ့အမျိုးသမီးတွေက ညီအစ်မငယ်တွေကို အကြံဉာဏ်ကောင်းတွေ ပေးနိုင်တယ်။ အသက်ကြီးပြီး ရင့်ကျက်တဲ့ ဒီခရစ်ယာန်အမျိုးသမီးတွေဟာ ငယ်ရာကကြီးလာကြပြီး အလားတူအခြေအနေတွေကို ကိုယ်တိုင် ကျော်ဖြတ်ခဲ့ကြသူတွေဖြစ်နိုင်တယ်။ သူတို့ စိတ်ရှည်စွာနားထောင်ပေးတာ၊ ဂရုစိုက်ပေးတာက အကူအညီများစွာ ဖြစ်စေနိုင်ပါတယ်။ (တိတု ၂:၃-၅ ကိုဖတ်ပါ။) အကြီးအကဲတွေနဲ့ တခြားသူတွေလည်း ကျွန်ုပ်တို့အလယ်မှာရှိတဲ့ “စိတ်အားငယ်သူတို့ကို နှစ်သိမ့်စကား” ပြောနိုင်ပြီး ပြောလည်းပြောသင့်ပါတယ်။ (၁ သက်. ၅:၁၄၊ ၁၅) “ဆင်းရဲဒုက္ခအမျိုးမျိုး ခံရသူတို့အား နှစ်သိမ့်ပေးနိုင်မည်အကြောင်း ဘုရားသခင်သည် ဆင်းရဲဒုက္ခရှိသမျှ၌ ငါတို့ကို နှစ်သိမ့်ပေးတော်မူ၏” ဆိုတဲ့အချက်ကို စိတ်စွဲမှတ်ထားခြင်းက ကောင်းပါတယ်။—၂ ကော. ၁:၄

၁၂။ ခရစ်ယာန်အစည်းအဝေးတွေကို တက်ရောက်ဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၂ နှစ်သိမ့်မှုရရှိနိုင်တဲ့ အကောင်းဆုံးနည်းတွေထဲက တစ်ခုကတော့ ကျမ်းစာနဲ့အားပေးတဲ့ ခရစ်ယာန်အစည်းအဝေးတွေကို တက်ရောက်ခြင်းဖြစ်တယ်။ ယုဒနဲ့သိလက “ညီအစ်ကိုတို့ကို အားပေးစကားများစွာပြော၍ ခိုင်ခံ့မြဲမြံစေကြ” တယ်လို့ ကျမ်းစာမှာဖတ်ရတယ်။ (တ. ၁၅:၃၂) အစည်းအဝေးမတိုင်ခင်နဲ့ ပြီးတဲ့နောက်မှာ ညီအစ်ကိုညီအစ်မတွေက အချင်းချင်းအားပေးတည်ဆောက်တဲ့စကားတွေ ပြောဆိုကြတယ်။ ဒါကြောင့် စိတ်ပျက်စရာအခြေအနေတွေကို ကြုံတွေ့နေရတယ်ဆိုရင်တောင် တစ်ယောက်တည်းသီးသန့်မနေပါနဲ့၊ ဒါက အခြေအနေကိုပိုဆိုးစေတယ်။ (သု. ၁၈:၁ကဘ) အဲဒီအစား တမန်တော်ပေါလုရဲ့ ဒီအကြံပြုချက်ကိုလိုက်လျှောက်သင့်တယ်– “မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများကျင့်စေရန် တိုက်တွန်းနှိုးဆော်နိုင်မည်အကြောင်း အချင်းချင်း ထောက်ထားစာနာကြစို့။ လူအချို့၏ထုံးစံရှိသည့်အတိုင်း အတူတကွ စည်းဝေးခြင်းအမှုကို လျစ်လျူမရှုကြနှင့်။ အချင်းချင်း အားပေးကြလော့။ ထိုနေ့ရက် နီးလာသည်ကိုမြင်ရသောကြောင့် သာ၍ကြိုးစားအားထုတ်ကြလော့။”—ဟေဗြဲ ၁၀:၂၄၊ ၂၅

သမ္မာကျမ်းစာကနှစ်သိမ့်မှုပေး

၁၃၊ ၁၄။ သမ္မာကျမ်းစာနှစ်သိမ့်မှုပေးနိုင်ပုံကို ဖော်ပြပါ။

၁၃ ကျွန်ုပ်တို့က နှစ်ခြင်းခံပြီးသားခရစ်ယာန်ဖြစ်စေ၊ ဘုရားသခင်နဲ့ကိုယ်တော့်ရည်ရွယ်ချက်တွေအကြောင်း စလေ့လာနေသူဖြစ်စေ သမ္မာကျမ်းစာကနေ နှစ်သိမ့်မှုရနိုင်ပါတယ်။ ပေါလု ဒီလိုရေးခဲ့တယ်– “ကျမ်းစာတွင် ရေးထားနှင့်သမျှသည် ငါတို့ကို ဆုံးမသွန်သင်ရန်ဖြစ်၏။ ငါတို့သည် ကျမ်းစာမှရရှိသော ခံနိုင်ရည်၊ နှစ်သိမ့်ခြင်းတို့အားဖြင့် မျှော်လင့်ခွင့်ရရှိစေရန် ထိုသို့ရေးထားရခြင်းဖြစ်၏။” (ရော. ၁၅:၄) သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို နှစ်သိမ့်မှုပေးနိုင်ပြီး “ကောင်းသောအမှုအမျိုးမျိုးအတွက် အရည်အချင်းပြည့်ဝပြီး လုံးလုံးလျားလျား အသင့်ဖြစ်နေ” ဖို့ ကူညီပေးတယ်။ (၂ တိ. ၃:၁၆၊ ၁၇) ဘုရားသခင့်ရည်ရွယ်ချက်နဲ့ပတ်သက်တဲ့ အမှန်တရားကိုသိရှိခြင်း၊ အနာဂတ်နဲ့ပတ်သက်တဲ့ စစ်မှန်တဲ့မျှော်လင့်ချက်ရှိခြင်းက ကျွန်ုပ်တို့ကို များစွာနှစ်သိမ့်မှုပေးပါလိမ့်မယ်။ ဒါကြောင့် ကျွန်ုပ်တို့ကို နည်းလမ်းများစွာနဲ့အကျိုးပြုပြီး နှစ်သိမ့်ပေးနိုင်တဲ့ သမ္မာကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေကို အပြည့်အဝအသုံးပြုကြပါစို့။

၁၄ ယေရှုက သမ္မာကျမ်းစာကိုသုံးပြီး တခြားသူတွေကို သွန်သင်၊ နှစ်သိမ့်ပေးခြင်းအားဖြင့် ပုံသက်သေကောင်းပြခဲ့တယ်။ ဥပမာ၊ ကိုယ်တော် ရှင်ပြန်ထမြောက်ပြီးနောက် တပည့်နှစ်ယောက်ရှေ့ ကိုယ်ယောင်ထင်ရှားပြချိန်မှာ ‘ကျမ်းစာအနက်ရှင်းပြ’ ခဲ့တယ်။ ဒီကနေ သူတို့ တကယ်နှစ်သိမ့်မှုရရှိခဲ့ကြတယ်။ (လု. ၂၄:၃၂) ယေရှုရဲ့ပုံသက်သေကောင်းကို တုပပြီး တမန်တော်ပေါလုက ‘ကျမ်းစာကိုအခြေခံပြီး ကျိုးကြောင်းဆင်ခြင်’ ခဲ့တယ်။ ဗေရိမြို့မှာ သူ့စကားကိုနားထောင်တဲ့သူတွေဟာ “အလွန်ကြည်ဖြူလိုလားသောစိတ်နှင့် တရားစကားတော်ကို ခံယူ၍ ကြားနာရသည့်အရာများ မှန်မမှန်သိမြင်ရန် နေ့စဉ်နေ့တိုင်း ကျမ်းစာကို စေ့စေ့ဆန်းစစ်ကြ” တယ်။ (တ. ၁၇:၂၊ ၁၀၊ ၁၁) ဒီခက်ခဲကျပ်တည်းတဲ့ကာလမှာ ကျွန်ုပ်တို့ကို နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက်ပေးတဲ့ သမ္မာကျမ်းစာနဲ့ အဖွဲ့အစည်းထုတ်စာပေတွေကို နေ့စဉ်နေ့တိုင်းဖတ်ပြီး အကျိုးအပြည့်အဝရယူသင့်ပါတယ်။

တခြားသူတွေကို နှစ်သိမ့်ပေးနိုင်တဲ့ တခြားနည်းလမ်းများ

၁၅၊ ၁၆။ ယုံကြည်သူချင်းတွေကို ကူညီပေး၊ နှစ်သိမ့်ပေးနိုင်တဲ့ နည်းလမ်းတချို့က ဘာလဲ။

၁၅ ခရစ်ယာန်ယုံကြည်သူချင်းတွေကို နှစ်သိမ့်မှုပေးနိုင်တဲ့နည်းလမ်းများစွာ ရှိပါတယ်။ ဥပမာ၊ အသက်ကြီးသူတွေ၊ ဖျားနာသူတွေအတွက် ဈေးဝယ်ပေးနိုင်တယ်။ တခြားသူတွေရဲ့ အိမ်မှုကိစ္စတွေဝိုင်းလုပ်ပေးခြင်းအားဖြင့် သူတို့ကိုစိတ်ဝင်စားကြောင်း တင်ပြနိုင်တယ်။ (ဖိ. ၂:၄) ယုံကြည်သူချင်းတွေရဲ့ မေတ္တာ၊ ရဲစွမ်းသတ္တိ၊ ယုံကြည်ခြင်းစတဲ့ ကောင်းတဲ့အရည်အသွေးတွေကို တန်ဖိုးထားလေးမြတ်ကြောင်း ပြောဆိုနိုင်တယ်။

၁၆ အသက်ကြီးသူတွေထံသွားလည်ပတ်ပြီး သူတို့ရဲ့အတွေ့အကြုံတွေ၊ အမှုဆောင်ခြင်းကနေခံစားခဲ့ရတဲ့ ကောင်းချီးတွေအကြောင်း သူတို့ပြောဆိုတဲ့အခါ အသေအချာနားထောင်ပေးခြင်းအားဖြင့်လည်း နှစ်သိမ့်ပေးနိုင်ပါတယ်။ ကျွန်ုပ်တို့လည်း ဒီကနေ ခွန်အားနဲ့နှစ်သိမ့်မှုရရှိနိုင်တယ်။ ကျွန်ုပ်တို့လည်ပတ်သူတွေကို သမ္မာကျမ်းစာ၊ ကျမ်းစာအခြေပြုစာပေတွေကို ဖတ်ပြနိုင်တယ်။ လေ့လာနေတဲ့ ကင်းမျှော်စင်ဆောင်းပါး၊ ဒါမှမဟုတ် ဒီအပတ်လေ့လာမယ့် အသင်းတော်ကျမ်းစာလေ့လာမှု အကြောင်းအရာတွေကို ပြောပြနိုင်တယ်။ သူတို့နဲ့အတူ အဖွဲ့အစည်းထုတ်ဒီဗီဒီ ကြည့်နိုင်တယ်။ ဒါ့အပြင် အဖွဲ့အစည်းထုတ်စာပေတွေမှာပါတဲ့ အားရှိစရာတွေ့ကြုံမှုတွေကို ဖတ်ပြ ဒါမှမဟုတ် ပြောပြနိုင်တယ်။

၁၇၊ ၁၈။ ယေဟောဝါရဲ့ကျေးကျွန်တွေအနေနဲ့ ကိုယ်တော် ကျွန်ုပ်တို့ကို နှစ်သိမ့်၊ ထောက်မပေးမယ်လို့ ဘာကြောင့်ယုံကြည်စိတ်ချနိုင်သလဲ။

၁၇ ယုံကြည်သူချင်းတစ်ဦး နှစ်သိမ့်မှုလိုအပ်နေတာကို ကျွန်ုပ်တို့သိတယ်ဆိုရင် ဆုတောင်းတဲ့အခါ သူ့အတွက်ထည့်ဆုတောင်းပေးနိုင်တယ်။ (ရော. ၁၅:၃၀; ကော. ၄:၁၂) ကျွန်ုပ်တို့ကိုယ်တိုင်ရဲ့ အခက်အခဲပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းရင်း တခြားသူတွေကို နှစ်သိမ့်ဖို့ကြိုးစားနေချိန်မှာ ဆာလံဆရာလို ယုံကြည်ခြင်းနဲ့ စိတ်ချမှုမျိုး တင်ပြနိုင်ပါတယ်။ သူ ဒီလိုသီဆိုခဲ့တယ်– ‘ထမ်းရွက်ရသောဝန်ကို ယေဟောဝါ၌ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ။’ (ဆာ. ၅၅:၂၂) ယေဟောဝါက တည်ကြည်တဲ့ကျေးကျွန်တွေကို အမြဲတမ်း နှစ်သိမ့်၊ ထောက်မပေးပါလိမ့်မယ်။

၁၈ ဘုရားသခင်က မိမိရဲ့ရှေးခေတ်ကျေးကျွန်တွေကို ‘သင်တို့ကိုနှစ်သိမ့်စေသောသူကား ငါကိုယ်တိုင်ပေတည်း’ လို့ မိန့်တော်မူခဲ့တယ်။ (ဟေရှာ. ၅၁:၁၂) ယေဟောဝါက ကျွန်ုပ်တို့ကို အလားတူနှစ်သိမ့်ပေးပြီး ဝမ်းနည်းကြေကွဲနေသူတွေကို အပြောနဲ့အလုပ်အားဖြင့် ကျွန်ုပ်တို့နှစ်သိမ့်ပေးတာကိုလည်း ကောင်းချီးပေးမှာဖြစ်တယ်။ ကျွန်ုပ်တို့က ကောင်းကင်မျှော်လင့်ချက်ရှိသူဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ရှိသူဖြစ်စေ မိမိနဲ့တစ်ခေတ်တည်းသား ကောင်းကင်အတန်းအစားတွေထံရေးခဲ့တဲ့ ပေါလုရဲ့စာကနေ နှစ်သိမ့်မှုရနိုင်ပါတယ်– “ငါတို့သခင်ယေရှုခရစ် ကိုယ်တော်တိုင်သည်လည်းကောင်း၊ ငါတို့ကိုချစ်တော်မူ၍ မဟာကရုဏာတော်အားဖြင့် ထာဝရနှစ်သိမ့်မှုနှင့် တောက်ပသောမျှော်လင့်ချက်ကို ပေးတော်မူသော ငါတို့အဖ ဘုရားသခင်သည်လည်းကောင်း၊ သင်တို့၏စိတ်နှလုံးကို နှစ်သိမ့်ပေး၍ ကောင်းသောအပြုအမူ၊ အပြောအဆိုရှိသမျှတို့တွင် သင်တို့ကို မြဲမြံစေတော်မူပါစေ။”—၂ သက်. ၂:၁၆၊ ၁၇

သင် မှတ်မိသလား

• ဟောပြောခြင်းလုပ်ငန်း ဘယ်အတိုင်းအတာအထိ ကျယ်ပြန့်နေသလဲ။

• တခြားသူတွေကို နှစ်သိမ့်ပေးနိုင်တဲ့ နည်းလမ်းတချို့က ဘာတွေလဲ။

• မိမိလူမျိုးကို ယေဟောဝါနှစ်သိမ့်ပေးတဲ့ ဘယ်ကျမ်းစာအထောက်အထားတွေ ရှိသလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ဝမ်းနည်းကြေကွဲနေသူတွေကို သင် နှစ်သိမ့်ပေးသလား

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

လူကြီးရော လူငယ်ပါ နှစ်သိမ့်အားပေးနိုင်