မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တစ်ကိုယ်ရေနဲ့ အိမ်ထောင်သည်တွေအတွက် ပညာရှိလမ်းညွှန်ချက်

တစ်ကိုယ်ရေနဲ့ အိမ်ထောင်သည်တွေအတွက် ပညာရှိလမ်းညွှန်ချက်

တစ်ကိုယ်ရေနဲ့ အိမ်ထောင်သည်တွေအတွက် ပညာရှိလမ်းညွှန်ချက်

“သင်တို့သည် တင့်တယ်စွာကျင့်၍ အာရုံပျံ့လွင့်ခြင်းမရှိဘဲ သခင်ကို မပြတ်ခစားခွင့်ရှိစေရန် ဖြစ်၏။” —၁ ကော. ၇:၃၅

၁၊ ၂။ လူတစ်ဦးဟာ တစ်ကိုယ်ရေဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ ဘာကြောင့် ကျမ်းစာလမ်းညွှန်ချက်ကို ရှာဖွေသင့်သလဲ။

ဆန့်ကျင်ဘက်လိင်ရှင်တစ်ဦးကြောင့် ဘဝမှာ ပျော်ရွှင်မှု၊ စိတ်ပျက်မှု၊ စိုးရိမ်ပူပန်မှုတွေ ခံစားကြရတယ်။ ဒီခံစားချက်တွေကို အောင်မြင်စွာကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဘုရားသခင့်လမ်းညွှန်ချက်လိုတယ်။ ဘုရားသခင့်လမ်းညွှန်ချက်လိုအပ်ရတဲ့ တခြားအကြောင်းရင်းတွေလည်း ရှိသေးတယ်။ တစ်ကိုယ်ရေဘဝမှာ ကျေနပ်ပျော်ရွှင်နေတဲ့ ခရစ်ယာန်တစ်ဦးဟာ မိမိကို မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေက အိမ်ထောင်ပြုဖို့ ဖိအားပေးနေတယ်လို့ ခံစားရနိုင်တယ်။ တခြားသူတွေကျတော့ အိမ်ထောင်ပြုချင်ပေမဲ့ သင့်တော်တဲ့အိမ်ထောင်ဖက်ရှာမတွေ့တာ ဖြစ်နိုင်တယ်။ တချို့ကျတော့ လင့်ဝတ္တရား ဒါမှမဟုတ် မယားဝတ္တရားကျေပွန်ဖို့ပြင်ဆင်ရာမှာ လမ်းညွှန်ချက်လိုအပ်နေကြတယ်။ ခရစ်ယာန်တစ်ဦးဟာ တစ်ကိုယ်ရေဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ လိင်အကျင့်ပျက်ပြားစေတဲ့ စမ်းသပ်မှုခံရနိုင်တယ်။

ဒီအခြေအနေတွေက ကျွန်ုပ်တို့တစ်ဦးစီရဲ့ ပျော်ရွှင်မှုအပြင် ယေဟောဝါဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်တယ်။ ကောရိန္သုအသင်းတော်ကိုရေးတဲ့ ပေါလုရဲ့ပထမစာ အခန်းကြီး ၇ မှာ တစ်ကိုယ်ရေနဲ့ အိမ်ထောင်သည်တွေအတွက် လမ်းညွှန်ချက်ပေးထားတယ်။ သူ့ရဲ့ရည်ရွယ်ချက်က စာဖတ်သူတွေ “တင့်တယ်စွာကျင့်၍ အာရုံပျံ့လွင့်ခြင်းမရှိဘဲ သခင်ကို မပြတ်ခစားခွင့်ရှိစေရန်” အားပေးဖို့ဖြစ်တယ်။ (၁ ကော. ၇:၃၅) သင်က တစ်ကိုယ်ရေဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ ဒီအရေးကြီးတဲ့ကိစ္စတွေနဲ့ပတ်သက်တဲ့ ပေါလုရဲ့အကြံပြုချက်ကို သုံးသပ်တဲ့အခါ ယေဟောဝါကို ပိုအပြည့်အဝအမှုဆောင်နိုင်တဲ့နည်းလမ်းကို သိမြင်အောင် ကြိုးစားပါ။

အရေးကြီးတဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်

၃၊ ၄။ (က) လူတွေက အိမ်ထောင်မပြုသေးတဲ့ မိတ်ဆွေသူငယ်ချင်း၊ ဆွေမျိုးတစ်ဦးအတွက် အလွန်အမင်းစိုးရိမ်ပူပန်တဲ့အခါ တစ်ခါတလေ ဘယ်လိုပြဿနာတွေပေါ်လာနိုင်သလဲ။ (ခ) အိမ်ထောင်ပြုခြင်းအပေါ် မျှတတဲ့အမြင်ရှိဖို့ ပေါလုရဲ့အကြံပြုချက်က ဘယ်လိုကူညီပေးနိုင်သလဲ။

ပထမရာစု ဂျူးအသိုင်းအဝိုင်းလိုပဲ ဒီခေတ် ယဉ်ကျေးမှုအများစုက အိမ်ထောင်ပြုခြင်းကို အရေးကြီးတဲ့ကိစ္စအဖြစ် ရှုမြင်ကြတယ်။ လူတစ်ယောက်က အသက်အရွယ်အပိုင်းအခြားတစ်ခု ကျော်လွန်တဲ့အထိ အိမ်ထောင်မပြုသေးဘူးဆိုရင် မိတ်ဆွေသူငယ်ချင်းတွေ၊ ဆွေမျိုးတွေက စိုးရိမ်ပူပန်လာပြီး သူ့ကို အိမ်ထောင်ပြုဖို့ တိုက်တွန်းရမယ်လို့ စဉ်းစားမိနိုင်တယ်။ မိတ်ဆွေသူငယ်ချင်းတွေ၊ ဆွေမျိုးတွေက သူ့ကို အိမ်ထောင်ဖက်ရှာသင့်ပြီလို့ ပြောကြမယ်။ ဒါမှမဟုတ် သင့်တော်တဲ့သူရှိတယ်ဆိုပြီး စကားလမ်းကြောင်းပေးကြမယ်။ လက်ထပ်ဖို့သင့်တော်သူနှစ်ဦးကို တွေ့ဆုံပေးဖို့ တစ်ဖက်လှည့်နဲ့စီစဉ်ပေးကြမယ်။ ဒီလုပ်ရပ်တွေက တစ်ခါတလေ အရှက်ရစေ၊ မိတ်ပျက်စေပြီး စိတ်ထိခိုက်စေတယ်။

ပေါလုက တခြားသူတွေကို တစ်ကိုယ်ရေဘဝနဲ့နေဖို့ ဒါမှမဟုတ် အိမ်ထောင်ပြုဖို့ ဘယ်တော့မှ ဖိအားမပေးခဲ့ဘူး။ (၁ ကော. ၇:၇) သူက ဇနီးမရှိဘဲ ယေဟောဝါရဲ့အမှုဆောင်ရတာကို ကျေနပ်နှစ်သက်ပေမဲ့ တခြားသူတွေ အိမ်ထောင်ပြုတာကို မဝေဖန်ခဲ့ဘူး။ ယနေ့ခရစ်ယာန်တစ်ဦးစီလည်း အိမ်ထောင်ပြုမလား၊ တစ်ကိုယ်ရေနေမလားဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိတယ်။ အိမ်ထောင်ပြုဖို့ ဒါမှမဟုတ် တစ်ကိုယ်ရေနေဖို့ ဘယ်သူ့ကိုမှ ဖိအားမပေးသင့်ဘူး။

တစ်ကိုယ်ရေဘဝမှာ အောင်မြင်ခြင်း

၅၊ ၆။ ပေါလု ဘာကြောင့် တစ်ကိုယ်ရေဘဝကို ထောက်ခံအားပေးခဲ့သလဲ။

ကောရိန္သုအသင်းတော်ကိုရေးတဲ့ ပေါလုရဲ့စာမှာ ထူးခြားချက်တစ်ခုက တစ်ကိုယ်ရေဘဝရဲ့ အားသာချက်တွေကို ဖော်ပြထားခြင်းဖြစ်တယ်။ (၁ ကောရိန္သု ၇:၈ ကိုဖတ်ပါ။) အိမ်ထောင်မပြုတဲ့ ခရစ်ယာန်ဘုန်းကြီးတချို့က မိမိတို့ဟာ အိမ်ထောင်သည်တွေထက် မြင့်မြတ်တယ်လို့ ယူမှတ်ကြတယ်။ ပေါလုက အိမ်ထောင်မပြုခဲ့ပေမဲ့ မိမိကိုယ်ကို အဲဒီလိုမယူမှတ်ခဲ့ဘူး။ အဲဒီအစား ဘုရားသခင့်အမှုတော်မှာ တစ်ကိုယ်ရေသမားတွေခံစားရတဲ့ အကျိုးကျေးဇူးကို ဖော်ပြခဲ့တယ်။ အဲဒီအကျိုးကျေးဇူးက ဘာလဲ။

တစ်ကိုယ်ရေခရစ်ယာန်တစ်ဦးက ယေဟောဝါရဲ့အမှုတော်မှာ အိမ်ထောင်သည်တစ်ဦး မလုပ်နိုင်တဲ့တာဝန်တွေကို လုပ်နိုင်တယ်။ ပေါလုက “လူမျိုးခြားတို့နှင့်ဆိုင်သောတမန်တော်” ဖြစ်ရတဲ့အခွင့်ထူးကို ရရှိခဲ့တယ်။ (ရော. ၁၁:၁၃) တမန်တော် အခန်းကြီး ၁၃ ကနေ ၂၀ မှာ ပေါလုနဲ့ သူ့ရဲ့ခရစ်ယာန်သာသနာပြုအဖော်တွေဟာ နယ်မြေသစ်တွေမှာ တိုးချဲ့ဟောပြောပြီး အသင်းတော်သစ်တွေ တစ်ခုပြီးတစ်ခု တည်ထောင်ခဲ့တာကို ဖတ်ရတယ်။ ဘုရားသခင့်အမှုတော်ဆောင်ရာမှာ ပေါလုဟာ ယနေ့ ကျွန်ုပ်တို့အများစု မကြုံတွေ့ရတဲ့ အခက်အခဲများစွာကို ခံရပ်ကျော်လွှားခဲ့တယ်။ (၂ ကော. ၁၁:၂၃-၂၇၊ ၃၂၊ ၃၃) ဒါပေမဲ့ တခြားသူတွေ တပည့်ဖြစ်လာအောင် ကူညီပေးဖို့ ဒီအခက်အခဲတွေကို သူတလိုတလားရင်ဆိုင်ခဲ့ပြီး အဲဒီကနေ သူ ရွှင်လန်းမှုခံစားခဲ့ရတယ်။ (၁ သက်. ၁:၂-၇၊ ၉; ၂:၁၉) ပေါလုသာ အိမ်ထောင်သည်ဖြစ်မယ်၊ သားသမီးတွေရှိမယ်ဆိုရင် ဒီလို လုပ်နိုင်ပါ့မလား။ လုပ်နိုင်မယ်မထင်ဘူး။

၇။ တစ်ကိုယ်ရေခရစ်ယာန်နှစ်ဦးက သတင်းကောင်းဟောပြောဖို့ သူတို့ရဲ့အခြေအနေကို ဘယ်လိုအသုံးပြုခဲ့ကြသလဲ။

တစ်ကိုယ်ရေခရစ်ယာန်များစွာဟာ သူတို့ရဲ့လက်ရှိအခြေအနေကို အသုံးချပြီး ဟောပြောခြင်းလုပ်ငန်းမှာ တိုးချဲ့ပါဝင်ကြတယ်။ ဘိုလီးဗီးယားနိုင်ငံက တစ်ကိုယ်ရေရှေ့ဆောင်တွေဖြစ်တဲ့ စာရာနဲ့ လင်ဘီးနီးယားက သတင်းကောင်းမကြားရတာ နှစ်အတော်ကြာပြီဖြစ်တဲ့ ရွာတစ်ရွာကို ပြောင်းရွှေ့ခဲ့ကြတယ်။ အဲဒီမှာ လျှပ်စစ်မီးမရှိဘူး။ ညီအစ်မတွေ ဒီလိုပြောပြခဲ့တယ်– “ရေဒီယိုနဲ့ ရုပ်မြင်သံကြားမရှိတဲ့အတွက် လူတွေက စာပိုဖတ်ကြတယ်။” တချို့ရွာသားတွေဆိုရင် သူတို့ဖတ်နေဆဲ၊ အခုပုံမနှိပ်တော့တဲ့စာပေတွေကို ရှေ့ဆောင်တွေကိုပြကြတယ်။ အိမ်တိုင်းနီးပါးက စိတ်ဝင်စားကြလို့ ရပ်ကွက်တစ်ခုလုံးကို တော်တော်နဲ့မပြီးနိုင်ဘူး။ အသက်ကြီးအမျိုးသမီးတစ်ဦးက သူတို့ကို ဒီလိုပြောခဲ့တယ်– “ယေဟောဝါသက်သေတွေ ကျွန်မတို့ဆီရောက်လာပြီဆိုတော့ အဆုံးရောက်ခါနီးလို့ပဲ ဖြစ်ရမယ်။” ရွာသားတချို့က ချက်ချင်းပဲ အသင်းတော်အစည်းအဝေးတွေကို တက်ကြတယ်။

၈၊ ၉။ (က) တစ်ကိုယ်ရေဘဝနဲ့ ဘုရားသခင့်အမှုဆောင်ခြင်းက ကောင်းတယ်လို့ ပေါလုဘာကြောင့်ပြောခဲ့တာလဲ။ (ခ) တစ်ကိုယ်ရေခရစ်ယာန်တွေမှာ ဘာအခွင့်အရေးတွေရှိသလဲ။

အိမ်ထောင်သည်ခရစ်ယာန်တွေလည်း ခက်ခဲတဲ့ရပ်ကွက်မှာ ဟောပြောတဲ့အခါ ရလဒ်ကောင်းတွေရရှိကြပါတယ်။ ဒါပေမဲ့ တစ်ကိုယ်ရေရှေ့ဆောင်တွေလက်ခံဖို့လွယ်တဲ့ တာဝန်တချို့ကိုတော့ အိမ်ထောင်သည် ဒါမှမဟုတ် သားသမီးရှိတဲ့သူတွေ လက်ခံဖို့ခက်နိုင်တယ်။ ပေါလု အသင်းတော်တွေကိုစာရေးတဲ့အခါ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းမှာ လုပ်စရာတွေများစွာရှိသေးတယ်ဆိုတာ သူသိတယ်။ ဒီလုပ်ငန်းကနေ ပေါလုပျော်ရွှင်မှုခံစားရသလို အားလုံးကို ခံစားစေလိုတယ်။ ဒါကြောင့် ယေဟောဝါရဲ့အမှုဆောင်ရာမှာ တစ်ကိုယ်ရေဘဝရဲ့ကောင်းကွက်ကို အလေးပေးပြောနေခြင်းဖြစ်တယ်။

အမေရိကန်ပြည်ထောင်စုက တစ်ကိုယ်ရေရှေ့ဆောင်ညီအစ်မတစ်ဦး ဒီလိုရေးခဲ့တယ်– “အိမ်ထောင်မရှိရင် ပျော်ရွှင်မှုမခံစားရဘူးလို့ တချို့သူတွေ ထင်ကြတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာ ယေဟောဝါနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိခြင်းပေါ်မှာပဲ မူတည်တယ်ဆိုတာ ကျွန်မသိခဲ့ရတယ်။ လက်လွတ်ဆုံးရှုံးတာတွေရှိပေမဲ့လည်း တစ်ကိုယ်ရေဘဝကို အကျိုးရှိရှိသုံးမယ်ဆိုရင် တကယ့်ဆုကျေးဇူးဖြစ်တယ်။” ပျော်ရွှင်မှုခံစားရခြင်းနဲ့ပတ်သက်ပြီး သူဒီလိုရေးခဲ့တယ်– “တစ်ကိုယ်ရေဘဝက ပျော်ရွှင်မှုကင်းမဲ့စေတာမဟုတ်ဘူး၊ ပျော်ရွှင်မှုခံစားရစေတဲ့ အခွင့်အရေးဖြစ်တယ်။ တစ်ကိုယ်ရေဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ ယေဟောဝါရဲ့ ချစ်မြတ်နိုးမှုကို ခံရတယ်ဆိုတာ ကျွန်မသိထားတယ်။” အခု သူက သတင်းကောင်းဟောပြောသူတွေ ပိုလိုအပ်တဲ့ နိုင်ငံတစ်ခုမှာ ပျော်ရွှင်စွာအမှုဆောင်နေတယ်။ သင်က တစ်ကိုယ်ရေဖြစ်မယ်ဆိုရင် ဒီလွတ်လပ်တဲ့ဘဝကိုအသုံးချပြီး တခြားသူတွေကို အမှန်တရားသွန်သင်ပေးရာမှာ တိုးချဲ့ပါဝင်နိုင်မလား။ ဒီလိုလုပ်နိုင်မယ်ဆိုရင် တစ်ကိုယ်ရေဘဝဟာ ယေဟောဝါထံက အဖိုးမဖြတ်နိုင်တဲ့ ဆုကျေးဇူးဖြစ်တယ်ဆိုတာ သင်လည်း သိရပါလိမ့်မယ်။

အိမ်ထောင်ပြုလိုတဲ့ တစ်ကိုယ်ရေသမားများ

၁၀၊ ၁၁။ အိမ်ထောင်ပြုလိုပေမဲ့ သင့်တော်တဲ့အိမ်ထောင်ဖက် မတွေ့တဲ့သူတွေကို ယေဟောဝါ ဘယ်လိုထောက်မပေးသလဲ။

၁၀ တစ်ကိုယ်ရေဘဝနဲ့ အချိန်အတန်ကြာနေပြီးတဲ့နောက် ယေဟောဝါအပေါ် တည်ကြည်တဲ့ကျေးကျွန်တချို့က အိမ်ထောင်ဖက်ရှာဖို့ ဆုံးဖြတ်ကြတယ်။ ဒီအတွက် လမ်းညွှန်မှုလိုတယ်ဆိုတာသိတဲ့အတွက် သင့်တော်တဲ့အိမ်ထောင်ဖက်ရှာတွေ့ဖို့ ယေဟောဝါထံ ဆုတောင်းကြတယ်။—၁ ကောရိန္သု ၇:၃၆ ကိုဖတ်ပါ။

၁၁ ယေဟောဝါအတွက် တစ်သက်လုံးအမှုဆောင်လိုစိတ်ရှိတဲ့ ဘဝလက်တွဲဖော် လိုချင်တယ်ဆိုရင် ယေဟောဝါထံ ဆက်ဆုတောင်းပြောပြပါ။ (ဖိ. ၄:၆၊ ၇) ဘယ်လောက်ကြာကြာစောင့်ရပါစေ စိတ်ဓာတ်မကျပါနဲ့။ သင့်လိုအပ်ရာကို ယေဟောဝါသိတယ်၊ ကိုယ်တော့်ကို ယုံကြည်ကိုးစားရင် သင့်အခြေအနေကို ရင်ဆိုင်ဖြေရှင်းဖို့ ကိုယ်တော်ထောက်မပါလိမ့်မယ်။—ဟေဗြဲ ၁၃:၆

၁၂။ လက်ထပ်ဖို့ကမ်းလှမ်းခံရတဲ့အခါ ခရစ်ယာန်တစ်ဦး ဘာကြောင့် သေချာစဉ်းစားသင့်သလဲ။

၁၂ အိမ်ထောင်ပြုလိုတဲ့ တစ်ကိုယ်ရေခရစ်ယာန်တစ်ဦးက ဘုရားသခင်နဲ့ဆက်ဆံရေးမကောင်းတဲ့သူ ဒါမှမဟုတ် မယုံကြည်သူတစ်ဦးရဲ့ ကမ်းလှမ်းမှုကို ခံရနိုင်တယ်။ သင် ဒီလိုကြုံရတယ်ဆိုရင် တစ်ကိုယ်ရေဘဝမှာ ခံစားရတဲ့ အထီးကျန်ဝေဒနာထက် အိမ်ထောင်ဖက်အရွေးမှားလို့ ခံစားရတဲ့ စိတ်ဒုက္ခက ပိုဆိုးတယ်ဆိုတာ သတိရပါ။ အိမ်ထောင်ပြုလိုက်ပြီဆိုရင် ကောင်းကောင်းဆိုးဆိုး ရာသက်ပန် ပေါင်းသင်းသွားရတော့မယ်။ (၁ ကော. ၇:၂၇) ဒါကြောင့် ဒီအခွင့်အရေးမျိုး ထပ်မရနိုင်တော့ဘူးဆိုပြီး နောက်မှ နောင်တရမယ့်ဆုံးဖြတ်ချက်မျိုးကို မျက်စိစုံမှိတ် မချလိုက်ပါနဲ့။—၁ ကောရိန္သု ၇:၃၉ ကိုဖတ်ပါ။

အိမ်ထောင်ပြုဖို့ ပြင်ဆင်ခြင်း

၁၃-၁၅။ အိမ်ထောင်သည်ဘဝမှာ ပြဿနာဖြစ်လာနိုင်တဲ့ ဘယ်ကိစ္စတွေကို သမီးရည်းစားဘဝမှာ ဆွေးနွေးထားသင့်သလဲ။

၁၃ ပေါလုက တစ်ကိုယ်ရေဘဝနဲ့ ယေဟောဝါအမှုဆောင်ခြင်းရဲ့ ကောင်းကွက်တွေကို ဖော်ပြခဲ့ပေမဲ့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်သူတွေကို အထင်မသေးခဲ့ဘူး။ အဲဒီအစား သူရဲ့အကြံပြုချက်တွေက အိမ်ထောင်သည်ဘဝမှာ ကြုံတွေ့ရနိုင်တဲ့ ခက်ခဲတဲ့အခြေအနေတွေကိုဖြေရှင်းဖို့နဲ့ အိမ်ထောင်တည်မြဲဖို့ အထောက်အကူပြုတယ်။

၁၄ စုံတွဲတချို့ဟာ အိမ်ထောင်နဲ့ပတ်သက်တဲ့ မိမိတို့ရဲ့ မျှော်လင့်ချက်တွေကို ပြုပြင်ပြောင်းလဲဖို့လိုတယ်။ သမီးရည်းစားဘဝမှာတော့ သူတို့ရဲ့ချစ်ခြင်းမေတ္တာကို ဘယ်သူနဲ့မှမတူတဲ့ စံတင်လောက်တဲ့အချစ်၊ အိမ်ထောင်မှာ ပျော်ရွှင်ချမ်းမြေ့မှုခံစားရစေတဲ့ အာမခံချက်အဖြစ် ယူမှတ်ခဲ့ကြတယ်။ စိတ်ကူးယဉ်ခံစားချက်တွေနဲ့ အိမ်ထောင်ပြုခဲ့ကြပြီး သူတို့နှစ်ဦးရဲ့ ပျော်ရွှင်မှုကို ဘယ်အရာကမှ မဖျက်ဆီးနိုင်ဘူးလို့ ထင်ခဲ့ကြတယ်။ ဒီလိုယူမှတ်တာက လက်တွေ့မကျဘူး။ အိမ်ထောင်သည်ဘဝရဲ့ ကြည်နူးစရာတွေက နှစ်သက်စရာကောင်းပါတယ်၊ ဒါပေမဲ့ အိမ်ထောင်သည်တိုင်း ကြုံတွေ့ရမယ့်ဆင်းရဲဒုက္ခကို ရင်ဆိုင်ဖြေရှင်းရာမှာ ဒါနဲ့ပဲမလုံလောက်ဘူး။—၁ ကောရိန္သု ၇:၂၈ ကိုဖတ်ပါ။ *

၁၅ ကြင်စဦးဇနီးမောင်နှံဟာ အရေးကြီးတဲ့ကိစ္စတွေမှာ အိမ်ထောင်ဖက်နဲ့ စိတ်သဘောထားမတိုက်ဆိုင်တာကို တွေ့တဲ့အခါ အံ့ဩပြီး စိတ်ပျက်သွားတဲ့အထိ ဖြစ်နိုင်တယ်။ ငွေနဲ့ အားလပ်ချိန်ကို ဘယ်လိုသုံးမယ်၊ ဘယ်မှာနေမယ်၊ နှစ်ဖက်မိသားစုဆီ ဘယ်လိုလည်ပတ်မယ် စတဲ့ကိစ္စတွေမှာ သဘောထားမတိုက်ဆိုင်တာလည်း ဖြစ်နိုင်တယ်။ ဒါ့အပြင် နှစ်ဦးစလုံးမှာ အားနည်းချက်ကိုယ်စီရှိပြီး တစ်ယောက်ရဲ့ အားနည်းချက်က တစ်ယောက်ကို ဒေါသထွက်စေနိုင်တယ်။ သမီးရည်းစားဘဝတုန်းက ဒါတွေကို အရေးကြီးတဲ့ကိစ္စတွေလို့ မထင်ခဲ့ကြဘူး၊ ဒါပေမဲ့ အိမ်ထောင်ကျပြီးနောက် ဒါတွေက ပြဿနာကြီးတွေဖြစ်သွားနိုင်တယ်။ ဒါကြောင့် အိမ်ထောင်မပြုခင် ဒီအချက်တွေကို ဆွေးနွေးပြောဆိုထားတာက ကောင်းပါတယ်။

၁၆။ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမယ်ဆိုတာကို စုံတွဲတွေ ဘာကြောင့် ညှိနှိုင်းဆွေးနွေးထားသင့်သလဲ။

၁၆ ပျော်ရွှင်အောင်မြင်တဲ့အိမ်ထောင်ဖြစ်ဖို့ စုံတွဲတွေက ခက်ခဲတဲ့အခြေအနေတွေကို အတူလက်တွဲဖြေရှင်းရမှာဖြစ်တယ်။ သားသမီးတွေကို ဘယ်လိုဆုံးမမယ်၊ အသက်ကြီးတဲ့မိဘတွေကို ဘယ်လိုပြုစုမယ်ဆိုတာကို ညှိနှိုင်းဆွေးနွေးထားသင့်တယ်။ မိသားစုပြဿနာတွေကြောင့် သူတို့နှစ်ဦး ဝေးကွာသွားတာမျိုးမဖြစ်သင့်ဘူး။ ကျမ်းစာလမ်းညွှန်ချက်ကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် ပြဿနာအများစုကိုဖြေရှင်းနိုင်ပြီး ပြဿနာတွေကြားမှာ တူနှစ်ကိုယ် ခံနိုင်ရည်ရှိရှိ၊ ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက်သွားနိုင်မှာဖြစ်တယ်။—၁ ကော. ၇:၁၀၊ ၁၁

၁၇။ အိမ်ထောင်သည်တွေက “လောကအမှုအရာ” တွေအတွက် ဘာကြောင့်စိုးရိမ်ကြသလဲ။

၁၇ ပေါလုက အိမ်ထောင်သည်ဘဝအကြောင်းကို ၁ ကောရိန္သု ၇:၃၂-၃၄ မှာ ထပ်ဆင့်ဖော်ပြခဲ့တယ်။ (ဖတ်ပါ။) အိမ်ထောင်သည်တွေဟာ စားဝတ်နေရေး၊ ဝတ်ပြုရေးနဲ့မဆိုင်တဲ့ တခြားအရာတွေဖြစ်တဲ့ “လောကအမှုအရာများအတွက် စိုးရိမ်ပူပန်” ကြရတယ်။ ဘာကြောင့် စိုးရိမ်ပူပန်ကြရတာလဲ။ ညီအစ်ကိုတစ်ဦးဟာ တစ်ကိုယ်ရေဘဝမှာ အမှုဆောင်လုပ်ငန်းအတွက် စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ဆောင်နိုင်တယ်။ ဒါပေမဲ့ လင်ယောက်ျားတစ်ဦးဖြစ်လာတဲ့အခါ အမှုဆောင်ရာမှာအသုံးပြုတဲ့ အချိန်နဲ့ ခွန်အားတချို့ကို ဇနီးသည်ကို ဂရုစိုက်ဖို့အတွက် အသုံးပြုရတော့မယ်။ ဇနီးသည်အတွက်လည်း အလားတူပဲ။ ဒီလိုလုပ်ဖို့လိုတယ်ဆိုတာ ယေဟောဝါသိတယ်။ အောင်မြင်တဲ့အိမ်ထောင်ဖြစ်ဖို့ တစ်ကိုယ်ရေဘဝတုန်းက အမှုဆောင်ရာမှာ သုံးခဲ့တဲ့အချိန်ထဲကတချို့ကို အိမ်ထောင်အတွက် အသုံးပြုရမယ်ဆိုတာ ကိုယ်တော်သိတယ်။

၁၈။ တချို့သူတွေ အိမ်ထောင်ပြုပြီးတဲ့နောက် အပေါင်းအသင်းကဏ္ဍနဲ့ပတ်သက်ပြီး ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လိုမလဲ။

၁၈ မောင်နှံစုံတွေက တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ဖို့အတွက် ဘုရားသခင့်အမှုဆောင်မယ့်အချိန် တချို့ကိုတောင် အသုံးပြုတယ်ဆိုရင် အပေါင်းအသင်းအတွက်၊ အပန်းဖြေဖို့အတွက် သုံးမယ့်အချိန်တွေကိုရော ဒီနေရာမှာ မသုံးသင့်ဘူးလား။ လင်ယောက်ျားက လူပျိုဘဝတုန်းကလိုပဲ အပေါင်းအသင်းတွေနဲ့အားကစားဆက်လုပ်ဖို့ အချိန်အများကြီးပေးနေတယ်ဆိုရင် ဇနီးသည် ဘယ်လိုခံစားရမလဲ။ ဒါမှမဟုတ် ဇနီးသည်က သူ့အပေါင်းအသင်းတွေနဲ့အတူ သူဝါသနာပါရာကိုလိုက်စားဖို့ အချိန်တွေအများကြီးပေးနေတယ်ဆိုရင်ကော။ လျစ်လျူရှုခံရတဲ့အိမ်ထောင်ဖက်က ပျော်ရွှင်မှုမခံစားရတော့ဘဲ အထီးကျန်ပြီး အချစ်မခံရဘူးလို့ ခံစားရနိုင်တယ်။ အိမ်ထောင်သည်တွေဟာ မိမိတို့ရဲ့အိမ်ထောင်နှောင်ကြိုးခိုင်မြဲဖို့ အတတ်နိုင်ဆုံးလုပ်ဆောင်မယ်ဆိုရင် ဒီအဖြစ်မျိုးကို ရှောင်နိုင်ပါတယ်။—ဧ. ၅:၃၁

ကိုယ်ကျင့်တရားစင်ကြယ်ဖို့ ယေဟောဝါတောင်းဆို

၁၉၊ ၂၀။ (က) အိမ်ထောင်သည်တစ်ဦးဟာ လိင်အကျင့်ယိုယွင်းမှုကနေ မိမိကိုယ်ကိုကာကွယ်ဖို့ ဘာကြောင့်လိုအပ်သလဲ။ (ခ) အိမ်ထောင်သည်တွေ အချိန်အကြာကြီးခွဲနေမယ်ဆိုရင် ဘယ်လိုအန္တရာယ်ကြုံတွေ့ရနိုင်သလဲ။

၁၉ ယေဟောဝါရဲ့ကျေးကျွန်တွေက ကိုယ်ကျင့်တရားစင်ကြယ်စွာနေထိုင်ဖို့ ဆုံးဖြတ်ထားကြတယ်။ တချို့သူတွေကတော့ လိင်အကျင့်ယိုယွင်းမိမှာ စိုးရိမ်တဲ့အတွက် အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ကြတယ်။ ဒါပေမဲ့ အိမ်ထောင်ပြုလိုက်တာနဲ့ လိင်အကျင့်ပျက်မှုတွေကနေ အလိုအလျောက်ကာကွယ်ခံရတာတော့ မဟုတ်ဘူး။ ကျမ်းစာခေတ်တုန်းက ခိုင်ခံ့တဲ့မြို့ရိုးတွေဟာ လူတွေကို ကာကွယ်ပေးတယ်၊ ဒါပေမဲ့ သူတို့က အဲဒီအထဲမှာနေဖို့လိုတယ်။ မြို့ပြင်ထွက်မယ်ဆိုရင် သူခိုးဓားပြတွေရဲ့ လုယက်မှု၊ သတ်ဖြတ်မှုခံရနိုင်တယ်။ အလားတူပဲ၊ အိမ်ထောင်သည်တွေက အိမ်ထောင်အစပြုရှင်ချမှတ်ထားတဲ့ ပညတ်တွေနဲ့ကန့်သတ်ချက်တွေကို နာခံမှသာ လိင်အကျင့်ယိုယွင်းမှုကို ရှောင်နိုင်မှာဖြစ်တယ်။

၂၀ ပေါလုက ဒီကန့်သတ်ချက်ကို ၁ ကောရိန္သု ၇:၂-၅ မှာဖော်ပြထားတယ်။ ခင်ပွန်းတစ်ဦးနဲ့ လိင်ဆက်ဆံခွင့်က သူ့ဇနီးတစ်ဦးတည်းမှာပဲရှိသလို ဇနီးသည်တစ်ဦးနဲ့ လိင်ဆက်ဆံခွင့်က သူ့ခင်ပွန်းတစ်ဦးတည်းမှာပဲ ရှိတယ်။ သူတို့နှစ်ဦး ဒီ “ဝတ်” ကို အပြန်အလှန်ဖြည့်ဆည်းဖို့ ဘုရားသခင်မိန့်မှာထားတယ်။ ဒါပေမဲ့ တချို့ဇနီးမောင်နှံတွေက သီးခြားစီ အားလပ်ခွင့်ယူတဲ့အတွက်ကြောင့်၊ ဒါမှမဟုတ် လောကအလုပ်ကြောင့် အချိန်အကြာကြီး တစ်နေရာစီခွဲနေကြတယ်။ ဒါကြောင့် ဒီ “ဝတ်” ကို အပြန်အလှန် မဖြည့်ဆည်းပေးနိုင်တော့ဘူး။ စာတန်က ဒီအခြေအနေကိုအခွင့်ကောင်းယူပြီး “ချုပ်တည်းခြင်းမရှိ” သူကို လိင်အကျင့်ယိုယွင်းဖို့ ဖိအားပေးနိုင်တယ်။ အိမ်ထောင်ကို မထိခိုက်စေတဲ့နည်းနဲ့ မိသားစုကိုရှာဖွေကျွေးမွေးနေတဲ့ အိမ်ထောင်ဦးစီးတွေကို ယေဟောဝါ ကောင်းချီးပေးတယ်။—ဆာ. ၃၇:၂၅

ကျမ်းစာလမ်းညွှန်ချက်ကိုနာခံခြင်းရဲ့ အကျိုးကျေးဇူးများ

၂၁။ (က) တစ်ကိုယ်ရေဘဝ၊ အိမ်ထောင်သည်ဘဝနဲ့ဆက်နွှယ်တဲ့ ဆုံးဖြတ်ချက်တွေက ဘာကြောင့် ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေဖြစ်သလဲ။ (ခ) ၁ ကောရိန္သု အခန်းကြီး ၇ မှာပါတဲ့ လမ်းညွှန်ချက်တွေက ဘာကြောင့် လက်တွေ့ကျသလဲ။

၂၁ တစ်ကိုယ်ရေဘဝ၊ အိမ်ထောင်သည်ဘဝနဲ့ဆက်နွှယ်နေတဲ့ ဆုံးဖြတ်ချက်တွေက ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ဖြစ်တယ်။ လူတွေက မစုံလင်ကြတဲ့အတွက် တစ်ကိုယ်ရေဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ ပြဿနာကတော့ရှိနေမှာပဲ။ ယေဟောဝါရဲ့မျက်နှာသာနဲ့ ကောင်းချီးခံစားရတဲ့သူတွေတောင် စိတ်ပျက်စရာတွေနဲ့ လုံးလုံးမလွတ်ကင်းနိုင်ကြဘူး။ ဒါပေမဲ့ ၁ ကောရိန္သု အခန်းကြီး ၇ မှာတွေ့ရတဲ့ ပညာရှိလမ်းညွှန်ချက်တွေကို လိုက်လျှောက်မယ်ဆိုရင် ပြဿနာတွေကို နည်းနိုင်သမျှနည်းအောင် လုပ်နိုင်တယ်။ သင်ဟာ တစ်ကိုယ်ရေဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ ယေဟောဝါရှေ့မှာ “ကောင်းစွာပြု” နိုင်ပါတယ်။ (၁ ကောရိန္သု ၇:၃၇၊ ၃၈ ကိုဖတ်ပါ။) အထူးမြတ်ဆုံးကောင်းချီးက ဘုရားသခင့်မျက်နှာသာရရှိခြင်း ဖြစ်တယ်။ သင်ဟာ အခုအချိန်မှာသာမက ကတိထားရာကမ္ဘာသစ်မှာ အသက်ရှင်ရတဲ့အခါမှာလည်း ကိုယ်တော့်မျက်နှာသာရရှိမှာဖြစ်တယ်။ ကမ္ဘာသစ်မှာဆိုရင် ယနေ့အမျိုးသား၊ အမျိုးသမီးတွေကြားမှာဖြစ်တဲ့ ပြဿနာတွေ ရှိတော့မှာမဟုတ်ဘူး။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 14 မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်၊ အခန်း ၂၊ အပိုဒ် ၁၆-၁၉ ကိုကြည့်ပါ။

သင် ဖြေဆိုနိုင်သလား

• အိမ်ထောင်ပြုဖို့ တခြားသူတွေကို ဘာကြောင့် ဖိအားမပေးသင့်သလဲ။

• ယေဟောဝါရဲ့ တစ်ကိုယ်ရေကျေးကျွန်တစ်ဦးအနေနဲ့ သင့်ရဲ့အချိန်တွေကို ဘယ်လိုနည်းနဲ့ အကောင်းဆုံးအသုံးပြုနိုင်သလဲ။

• သမီးရည်းစားတွေက အိမ်ထောင်မှာကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေအတွက် ဘယ်လိုပြင်ဆင်နိုင်သလဲ။

• အိမ်ထောင်ပြုလိုက်တာနဲ့ လိင်အကျင့်ယိုယွင်းမှုကနေ ဘာကြောင့် အလိုအလျောက်ကာကွယ်မခံရသလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

အမှုဆောင်လုပ်ငန်းမှာ တိုးချဲ့ပါဝင်ဖို့ မိမိတို့ရဲ့အချိန်ကိုအသုံးပြုတဲ့ တစ်ကိုယ်ရေခရစ်ယာန်တွေ ပျော်ရွှင်မှုခံစားရ

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

တချို့သူတွေ အိမ်ထောင်ပြုပြီးနောက် ဘယ်ပြုပြင်ပြောင်းလဲမှုလုပ်ဖို့လိုမလဲ