မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အတူတကွ ဝမ်းမြောက်ရွှင်လန်းကြစို့

အတူတကွ ဝမ်းမြောက်ရွှင်လန်းကြစို့

အတူတကွ ဝမ်းမြောက်ရွှင်လန်းကြစို့

ပျော်ရွှင်မှု၊ ရွှင်လန်းမှုခံစားရဖို့ဆိုတာ အတော့်ကို ခက်လာပြီ။ တခြားသူတွေကို အပြုသဘောပါတဲ့စကားပြောဖို့ ခက်ခဲလာတယ်။ လက်ရှိလူနေမှုဘဝ၊ အထူးသဖြင့် မြို့ကြီးပြကြီးတွေရဲ့ လူနေမှုဘဝပုံစံက လူတွေကို တခြားသူတွေနဲ့ ရောရောနှောနှောမနေဘဲ သီးသန့်နေစေတယ်။

ပါမောက္ခ အယ်ဘာတို အိုလီဗာရီယိုက ဒီလိုပြောတယ်– “အခုအချိန်မှာ အထီးကျန်တဲ့သူတွေကို နေရာတိုင်းမှာ တွေ့နေရပြီး မြို့ပြလူနေမှုဘဝက တချို့သူတွေကို အထီးကျန်တယ်လို့ ခံစားရစေတယ်။ အခြေအနေအတော်များများမှာ သီးသန့်နေလိုတဲ့ဆန္ဒကြောင့် သူတို့က အလုပ်ဖော်တွေ၊ အိမ်နီးချင်းတွေနဲ့ သူတို့ဈေးဝယ်နေကျဆိုင်တွေက ဝန်ထမ်းတွေကို အရေးမလုပ်ကြတော့ဘူး။” ဒီလိုသီးသန့်နေရာကနေ စိတ်ကျဝေဒနာဖြစ်နိုင်တယ်။

ဒါပေမဲ့ ခရစ်ယာန်တွေရဲ့အခြေအနေနဲ့ စိတ်သဘောထားကတော့ ဒီလိုမဟုတ်ဘူး။ တမန်တော်ပေါလုက “အစဉ်သဖြင့် ဝမ်းမြောက်နေကြလော့” လို့ ရေးခဲ့တယ်။ (၁ သက်. ၅:၁၆) ကျွန်ုပ်တို့မှာ ဝမ်းမြောက်စရာနဲ့ တခြားသူတွေနဲ့အတူ ဝမ်းမြောက်ဖို့ အကြောင်းရင်းများစွာရှိပါတယ်။ ကျွန်ုပ်တို့က အမြင့်ဆုံးသောဘုရားသခင် ယေဟောဝါကို ကိုးကွယ်ကြတယ်၊ ကျမ်းစာအမှန်တရားကို နားလည်တယ်၊ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိတယ်၊ ဒီကောင်းချီးတွေကို တခြားသူတွေခံစားရအောင်လည်း ကူညီပေးနိုင်ကြတယ်။—ဆာ. ၁၀၆:၄၊ ၅; ယေ. ၁၅:၁၆; ရော. ၁၂:၁၂

ကိုယ်တိုင်ဝမ်းမြောက်တာနဲ့ တခြားသူတွေနဲ့အတူ ဝမ်းမြောက်ရွှင်လန်းတာက ခရစ်ယာန်စစ်တွေရဲ့ အမှတ်လက္ခဏာဖြစ်တယ်။ ဒါကြောင့် ဖိလိပ္ပိအသင်းသားတွေထံ ပေါလု ဒီလိုရေးခဲ့တာ အံ့ဩစရာမဟုတ်ဘူး– “ငါသည် သင်တို့ရှိသမျှနှင့်အတူ ဝမ်းမြောက်ရွှင်လန်းပါ၏။ ထိုနည်းတူ သင်တို့ကိုယ်တိုင်လည်း ငါနှင့်အတူ ဝမ်းမြောက်ရွှင်လန်းကြလော့။” (ဖိ. ၂:၁၇၊ ၁၈) ဒီအခန်းငယ်နှစ်ခုတည်းမှာပဲ ဝမ်းမြာက်ရွှင်လန်းခြင်းအကြောင်း နှစ်ကြိမ်ပြောထားတယ်။

ခရစ်ယာန်တွေက မိမိဘာသာ သီးသန့်နေလိုတဲ့သဘောထားကို ရှောင်ဖို့လိုတယ်။ ယုံကြည်သူချင်းတွေနဲ့ သီးခြားနေတဲ့သူက ဝမ်းမြောက်ရွှင်လန်းမှု မခံစားရနိုင်ဘူး။ ဒါကြောင့် ညီအစ်ကိုတွေနဲ့အတူ “သခင်၌ဝမ်းမြောက်လျက်နေကြလော့” ဆိုတဲ့ ပေါလုရဲ့အားပေးစကားကို ဘယ်လိုလိုက်လျှောက်ကြမလဲ။—ဖိ. ၃:၁

ယုံကြည်သူချင်းတွေနဲ့အတူ ဝမ်းမြောက်ရွှင်လန်းပါ

ဖိလိပ္ပိအသင်းသားတွေထံ ပေါလုစာရေးချိန်တုန်းက သူဟာ ဟောပြောခြင်းလုပ်ငန်းကြောင့် ရောမမြို့မှာ ထောင်ကျနေတာဖြစ်နိုင်တယ်။ (ဖိ. ၁:၇; ၄:၂၂) ထောင်ကျနေပေမဲ့ ဟောပြောခြင်းလုပ်ငန်းအတွက် သူ့ရဲ့ဇွဲ မလျော့နည်းခဲ့ဘူး။ ယေဟောဝါဘုရားသခင်ကို အစွမ်းကုန်အမှုဆောင်ဖို့နဲ့ မိမိကိုယ်ကို ‘သွန်းလောင်းရာယဇ်ကဲ့သို့ သွန်းလောင်းခံရ’ ဖို့ အသင့်ရှိခြင်းအားဖြင့် ဝမ်းမြောက်ရွှင်လန်းခဲ့တယ်။ (ဖိ. ၂:၁၇) ရွှင်လန်းမှုဆိုတာ လူတစ်ယောက်ရဲ့ အခြေအနေပေါ် မမူတည်ကြောင်း ပေါလုရဲ့သဘောထားက ဖော်ပြတယ်။ ထောင်ကျနေတဲ့ကြားက ‘ငါသည် ဆက်၍လည်း ဝမ်းမြောက်ရဦးမည်’ လို့ သူပြောခဲ့တယ်။—ဖိ. ၁:၁၈

ပေါလုက ဖိလိပ္ပိအသင်းတော်ကို တည်ထောင်ခဲ့ပြီး အဲဒီမှာရှိတဲ့ ညီအစ်ကိုတွေကို အထူးချစ်ခင်မြတ်နိုးခဲ့တယ်။ ယေဟောဝါကိုအမှုဆောင်ရာမှာ သူခံစားရတဲ့ ရွှင်လန်းမှုကို ဝေမျှခြင်းက အဲဒီညီအစ်ကိုတွေအတွက် အားပေးမှုဖြစ်စေတယ်ဆိုတာ သူသိခဲ့တယ်။ ဒါကြောင့် သူ ဒီလို ရေးခဲ့တယ်– “ညီအစ်ကိုတို့၊ ငါ၏အမှုကိစ္စများသည် သတင်းကောင်းကို မတားဆီးဘဲ တိုးပွားစေသည်ဟု သင်တို့ကို ငါသိစေလို၏။ ငါသည် ခရစ်တော်ကို ယုံကြည်သောကြောင့် ချုပ်နှောင်ခံရကြောင်း နန်းတော်စောင့်တပ် တစ်တပ်လုံးနှင့် အခြားသောသူရှိသမျှတို့ သိရှိကြပြီ။” (ဖိ. ၁:၁၂၊ ၁၃) ဒီအားရှိဖွယ်အတွေ့အကြုံကိုဝေမျှခြင်းက ကိုယ်တိုင်ရွှင်လန်းပြီး တခြားသူတွေနဲ့အတူဝမ်းမြောက်ရွှင်လန်းဖို့ လုပ်ဆောင်နိုင်တဲ့နည်းတစ်နည်းဖြစ်တယ်။ ဒီသတင်းကြောင့် ညီအစ်ကိုတွေလည်း အားရှိပြီး ပေါလုနဲ့အတူ ရွှင်လန်းခဲ့ကြမှာဖြစ်တယ်။ ဒါပေမဲ့ ပေါလုထောင်ကျနေတဲ့အတွက် သူတို့ စိတ်ဓာတ်မကျဖို့တော့လိုတယ်။ အဲဒီအစား ပေါလုရဲ့ပုံသက်သေကို လိုက်လျှောက်ရမှာဖြစ်တယ်။ (ဖိ. ၁:၁၄; ၃:၁၇) ဒါ့အပြင် ဖိလိပ္ပိမြို့သားတွေဟာ ပေါလုအတွက် ဆက်ဆုတောင်းပေးပြီး အတတ်နိုင်ဆုံး သူ့ကိုကူညီထောက်မပေးနိုင်ကြတယ်။—ဖိ. ၁:၁၉; ၄:၁၄-၁၆

ကျွန်ုပ်တို့လည်း ပေါလုလို ဝမ်းမြောက်ရွှင်လန်းတဲ့စိတ်မျိုး တင်ပြကြသလား။ ကျွန်ုပ်တို့ရဲ့ ဘဝအခြေအနေနဲ့ အမှုဆောင်လုပ်ငန်းကို အကောင်းမြင်ပြီး အပြုသဘောရှိတဲ့အရာတွေကို တွေ့မြင်ဖို့ ကြိုးစားသလား။ ကျွန်ုပ်တို့ရဲ့ ညီအစ်ကိုတွေနဲ့အတူရှိနေတဲ့အချိန်မှာ အမှုဆောင်ခြင်းကနေရရှိတဲ့ အတွေ့အကြုံကောင်းတွေ ပြောပြနိုင်တယ်။ ဒီလိုပြောပြဖို့ ထူးခြားတဲ့တွေ့ကြုံမှုတွေရှိတဲ့အထိ စောင့်နေစရာမလိုဘူး။ နိဒါန်းကောင်းတစ်ခုကြောင့် ဒါမှမဟုတ် အပြန်အလှန်ကျိုးကြောင်းဆင်ခြင်မှုတစ်ခုကြောင့် သတင်းကောင်းကို အိမ်ရှင်စိတ်ဝင်စားအောင် လုပ်နိုင်ခဲ့တာဖြစ်မယ်။ ကျမ်းချက်တစ်ချက်ကို အခြေခံပြီး အိမ်ရှင်နဲ့ အပြန်အလှန်ဆွေးနွေးခဲ့တာဖြစ်နိုင်တယ်။ ဒါမှမဟုတ် ရပ်ကွက်မှာ လူတွေက ကျွန်ုပ်တို့ကို ယေဟောဝါသက်သေတွေအဖြစ်သိတာကလည်း သက်သေခံချက်ကောင်းတစ်ခုဖြစ်နိုင်တယ်။ ဒီအတွေ့အကြုံတွေကို ပြန်ပြောပြခြင်းက အတူတကွဝမ်းမြောက်တဲ့ နည်းလမ်းတစ်ခုဖြစ်တယ်။

ယေဟောဝါသက်သေများစွာက ဟောပြောခြင်းလုပ်ငန်း အောင်မြင်ပြီးမြောက်ဖို့ ကိုယ်ကျိုးစွန့်ခဲ့ကြပြီး ဆက်ကိုယ်ကျိုးစွန့်နေကြဆဲဖြစ်တယ်။ ရှေ့ဆောင်တွေ၊ နယ်လှည့်ကြီးကြပ်မှူးတွေ၊ ဗေသလအိမ်သားတွေ၊ ခရစ်ယာန်သာသနာပြုတွေနဲ့ အပြည်ပြည်ဆိုင်ရာဝန်ထမ်းတွေက အချိန်ပြည့်လုပ်ငန်းမှာ ဆက်ကြိုးစားပါဝင်နေကြပြီး အဲဒီလိုလုပ်ခြင်းကနေ ရွှင်လန်းမှုခံစားကြရတယ်။ ကျွန်ုပ်တို့လည်း သူတို့နဲ့အတူ ဝမ်းမြောက်ရွှင်လန်းသလား။ ‘ဘုရားသခင့် နိုင်ငံတော်အတွက် လုပ်ဖော်ဆောင်ဖက်များ’ ဖြစ်တဲ့ ဒီညီအစ်ကို၊ ညီအစ်မတွေကို ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြကြပါစို့။ (ကော. ၄:၁၁) အသင်းတော်အစည်းအဝေးတွေ ဒါမှမဟုတ် စည်းဝေးကြီးတွေမှာ သူတို့နဲ့တွေ့ဆုံတဲ့အခါ သူတို့ကို အားပေးနိုင်ပါတယ်။ သူတို့ရဲ့ ဇွဲထက်သန်တဲ့ ပုံသက်သေကိုလည်း တုပနိုင်ပါတယ်။ သူတို့ကို ဧည့်ဝတ်ပြုခြင်းအားဖြင့် သူတို့ရဲ့တွေ့ကြုံမှုတွေနဲ့ အားပေးစကားတွေကို နားထောင်ဖို့ အခွင့်အရေးဖန်တီးနိုင်တယ်။—ဖိ. ၄:၁၀

စမ်းသပ်မှုခံနေရသူတို့နဲ့အတူ ဝမ်းမြောက်ရွှင်လန်းပါ

နှိပ်စက်ညှဉ်းပန်းမှုနဲ့ စမ်းသပ်မှုတွေကို ခံရပ်အောင်မြင်ခြင်းက ယေဟောဝါအပေါ် ဆက်တည်ကြည်မယ်ဆိုတဲ့ ပေါလုရဲ့ စိတ်ပိုင်းဖြတ်ချက်ကို ပိုခိုင်မာစေတယ်။ (ကော. ၁:၂၄; ယာ. ၁:၂၊ ၃) ဖိလိပ္ပိအသင်းတော်က ညီအစ်ကိုတွေလည်း အလားတူ စမ်းသပ်မှုတွေခံနေရတယ်၊ မိမိရဲ့တည်ကြည်မှုက အဲဒီညီအစ်ကိုတွေအတွက် အားပေးမှုဖြစ်စေတယ်ဆိုတာကို ပေါလုသိတဲ့အခါ သူတို့နဲ့အတူ ဝမ်းမြောက်ရွှင်လန်းခဲ့တယ်။ ဒါကြောင့် သူဒီလိုရေးခဲ့တယ်– “သင်တို့သည် ခရစ်တော်ကို ယုံကြည်ရန်သာမက ကိုယ်တော်အတွက် ဆင်းရဲဝေဒနာခံစားခွင့်ကိုလည်း ရရှိကြ၏။ ထို့ကြောင့် သင်တို့သည် ငါနှင့်ပတ်သက်၍ သိမြင်ခဲ့သည့်အတိုင်း၊ ယခု ကြားသိရသည့်အတိုင်း သင်တို့လည်း တိုက်လှန်နေကြရ၏။”—ဖိ. ၁:၂၉၊ ၃၀

ယနေ့ခရစ်ယာန်တွေလည်း ဟောပြောခြင်းလုပ်ငန်းကြောင့် အလားတူ ဆန့်ကျင်မှုတွေကို ရင်ဆိုင်ကြရတယ်။ ဆန့်ကျင်မှုတွေက တစ်ခါတလေမှာ ပြင်းထန်တယ်၊ တစ်ခါတလေမှာတော့ အနုနည်းနဲ့လာတယ်။ ဒါတွေက အယူဖောက်ပြန်သူတွေရဲ့ မဟုတ်မမှန်စွပ်စွဲချက်၊ မိသားစုဝင်တွေရဲ့ ရန်လိုမှု၊ အလုပ်ဖော်၊ အတန်းဖော်တွေရဲ့ ကဲ့ရဲ့လှောင်ပြောင်မှုတွေဖြစ်နိုင်တယ်။ ဒီစမ်းသပ်မှုတွေကြောင့် မအံ့သြသင့်သလို စိတ်ဓာတ်လည်းမကျသင့်ဘူးလို့ ယေရှုသတိပေးခဲ့တယ်။ အဲဒီအစား ဒါတွေက ဝမ်းမြောက်စရာအကြောင်းရင်းတွေ ဖြစ်တယ်။ ကိုယ်တော် ဒီလိုပြောခဲ့တယ်– “ငါ့ကြောင့် လူတို့၏ ရှုတ်ချခြင်း၊ ညှဉ်းဆဲခြင်း၊ မဟုတ်မမှန် ပြစ်တင်ပြောဆိုခြင်း ခံရသည့်အခါ သင်တို့သည် ပျော်ရွှင်ကြ၏။ ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမြတ်သောကြောင့် ပျော်ရွှင်မြူးထူးကြလော့။”—မ. ၅:၁၁၊ ၁၂

တချို့နိုင်ငံမှာရှိတဲ့ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုတွေ ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုခံနေရတယ်ဆိုတဲ့ သတင်းကြားတဲ့အခါ ကျွန်ုပ်တို့ မထိတ်လန့်၊ မကြောက်ရွံ့သင့်ဘူး။ အဲဒီအစား ညီအစ်ကိုတွေရဲ့ ခံနိုင်ရည်အတွက် ဝမ်းမြောက်ရွှင်လန်းသင့်တယ်။ သူတို့ ယုံကြည်ခြင်းဆက်ခိုင်ခံ့ဖို့၊ ခံနိုင်ရည်ဆက်တင်ပြဖို့ ယေဟောဝါထံ ဆုတောင်းနိုင်တယ်။ (ဖိ. ၁:၃၊ ၄) အဲဒီလိုညီအစ်ကိုညီအစ်မတွေအတွက် ကျွန်ုပ်တို့အနည်းငယ်ပဲလုပ်ဆောင်ပေးနိုင်ပေမဲ့ ကျွန်ုပ်တို့အသင်းတော်မှာ စမ်းသပ်မှုတွေခံနေရတဲ့ သူတွေကို ကူညီပေးနိုင်တယ်။ သူတို့ကို စိတ်ဝင်စားကြောင်းပြပြီး ကူညီပေးနိုင်တယ်။ တစ်ခါတလေ ကျွန်ုပ်တို့ရဲ့ မိသားစုဝတ်ပြုမှုညချမ်းမှာပါဝင်ဖို့ ဖိတ်ခေါ်ခြင်း၊ ဟောပြောခြင်းလုပ်ငန်းမှာ အတူလုပ်ဆောင်ခြင်းနဲ့ သူတို့နဲ့အတူ အပန်းဖြေခြင်းအားဖြင့် အတူတကွ ဝမ်းမြောက်ရွှင်လန်းဖို့ အခွင့်အရေးရနိုင်ပါတယ်။

ကျွန်ုပ်တို့မှာ အတူတကွ ဝမ်းမြောက်ရွှင်လန်းနိုင်တဲ့ အကြောင်းရင်းများစွာရှိပါတယ်။ မိမိဘာသာ သီးခြားနေလိုတဲ့ လောကရဲ့သဘောထားကို တိုက်လှန်ပြီး ကျွန်ုပ်တို့ရဲ့ညီအစ်ကိုတွေနဲ့အတူ ဆက်ပြီးဝမ်းမြောက်ရွှင်လန်းကြပါစို့။ ဒီလိုလုပ်ခြင်းအားဖြင့် အသင်းတော်ကို ပိုပြီးချစ်ခင်စည်းလုံးစေရုံသာမက ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းကြောင့် ကျွန်ုပ်တို့ ဝမ်းမြောက်ရွှင်လန်းရပါလိမ့်မယ်။ (ဖိ. ၂:၁၊ ၂) ပေါလု ကျွန်ုပ်တို့ကို ဒီလိုအားပေးခဲ့တယ်– “သခင်၌ အမြဲဝမ်းမြောက်ကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။”—ဖိ. ၄:၄

[Picture Credit Line on page 6]

Globe: Courtesy of Replogle Globes