မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကြိုးစားတက်လှမ်းဖို့ ညီအစ်ကိုတွေကို ကူညီပေးပါ

ကြိုးစားတက်လှမ်းဖို့ ညီအစ်ကိုတွေကို ကူညီပေးပါ

ကြိုးစားတက်လှမ်းဖို့ ညီအစ်ကိုတွေကို ကူညီပေးပါ

“ပြီးပြည့်စုံစွာ သွန်သင်ခံရသူတိုင်း မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည်။”—လု. ၆:၄၀

၁။ ယေရှုမြေကြီးပေါ် အမှုဆောင်ခဲ့စဉ်က အသင်းတော်တစ်ခုကို ဘယ်လိုအုတ်မြစ်ချခဲ့သလဲ။

တမန်တော်ယောဟန်က မိမိရဲ့ခရစ်ဝင်ကျမ်းမှတ်တမ်းကို ဒီလိုနိဂုံးချုပ်ခဲ့တယ်– “ယေရှုပြုတော်မူသော အခြားအမှုအရာများစွာ ရှိသေး၏။ ထိုအမှုအရာရှိသမျှကို အသေးစိတ်ရေးထားလျှင် မြေကြီးမဆံ့နိုင်အောင် ကျမ်းစာလိပ် များပြားလိမ့်မည်ဟု ငါထင်မှတ်၏။” (ယော. ၂၁:၂၅) ယေရှု ကမ္ဘာပေါ်အမှုဆောင်ခဲ့တဲ့ အချိန်တိုလေးအတွင်း ပြီးမြောက်အောင်မြင်ခဲ့ရာတွေထဲမှာ မိမိလုပ်ခဲ့တဲ့အလုပ်ကို ဦးဆောင်ပြီး ဆက်လုပ်သွားမယ့် အမျိုးသားတွေကို ရှာဖွေ၊ လေ့ကျင့်၊ ဖွဲ့စည်းပေးခြင်းလည်းပါတယ်။ ကိုယ်တော် ကောင်းကင်ပြန်တက်သွားတဲ့ စီအီး ၃၃ မှာ ဟောပြောခြင်းလုပ်ငန်းရဲ့အုတ်မြစ်အဖြစ် လူနည်းစုသာပါဝင်တဲ့ အသင်းတော်တစ်ခုကို လေ့ကျင့်ပေးထားခဲ့တယ်၊ ဒါပေမဲ့ ဒီအသင်းတော်က မြန်မြန်ဆန်ဆန်ပဲ အရေအတွက် ထောင်နဲ့ချီ တိုးတက်လာတယ်။—တ. ၂:၄၁၊ ၄၂; ၄:၄; ၆:၇

၂၊ ၃။ (က) နှစ်ခြင်းခံပြီးတဲ့ညီအစ်ကိုတွေ ကြိုးစားတက်လှမ်းဖို့ ဘာကြောင့် အရေးတကြီးလိုနေသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်းတွေ ဆွေးနွေးကြမလဲ။

ယနေ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အသင်းတော် ၁၀၀,၀၀၀ ကျော်မှာ သတင်းကောင်းဟောပြောသူ ခုနစ်သန်းကျော်ရှိနေပြီး သူတို့ကိုဦးဆောင်ဖို့ အမျိုးသားတွေ၊ ခရစ်ယာန်အကြီးအကဲတွေ အများကြီးလိုအပ်နေတယ်။ ဒီလုပ်ငန်းတော်တာဝန်အတွက် ကြိုးစားတက်လှမ်းနေသူတွေဟာ “ကောင်းသောအမှုကိုလိုလားသူ” တွေဖြစ်တဲ့အတွက် ချီးမွမ်းထိုက်ပါတယ်။—၁ တိ. ၃:၁

ဒါပေမဲ့ အမျိုးသားတွေဟာ အသင်းတော်မှာ တာဝန်တွေထမ်းဆောင်ဖို့ အလိုအလျောက် အရည်အချင်းပြည့်မီလာကြတာမဟုတ်ဘူး။ လောကပညာရေး၊ ဘဝအတွေ့အကြုံ၊ အစွမ်းအစရှိရုံနဲ့ ဒီအလုပ်အတွက် အရည်အချင်းပြည့်မီတာမဟုတ်ဘူး။ အသင်းတော်တာဝန်တွေကိုထမ်းဆောင်တဲ့ အမျိုးသားတွေဟာ ကျမ်းစာတောင်းဆိုချက်တွေကို ပြည့်မီရမှာဖြစ်တယ်။ အသင်းတော်မှာရှိတဲ့ အမျိုးသားတွေကို အရည်အချင်းပြည့်မီလာအောင် ဘယ်လိုကူညီပေးနိုင်သလဲ။ “ပြီးပြည့်စုံစွာ သွန်သင်ခံရသူတိုင်း မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည်” လို့ယေရှုပြောခဲ့တယ်။ (လု. ၆:၄၀) ဒီဆောင်းပါးမှာ တပည့်တွေကို ယေရှု လေ့ကျင့်ပေးတဲ့နည်းတချို့နဲ့ ဒီလေ့ကျင့်မှုကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်တယ်ဆိုတာကို လေ့လာကြမှာဖြစ်တယ်။

“သင်တို့ကို မိတ်ဆွေဟု ငါခေါ်၏”

၄။ ယေရှုဟာ တပည့်တွေအတွက် မိတ်ဆွေစစ်ဖြစ်တယ်ဆိုတာ ကိုယ်တော် ဘယ်လိုဖော်ပြခဲ့သလဲ။

ယေရှုက တပည့်တွေကိုမနှိမ်ဘဲ မိတ်ဆွေတွေလိုဆက်ဆံခဲ့တယ်။ ကိုယ်တော် သူတို့ကိုအချိန်ပေးပြီး ပေါင်းသင်းတယ်၊ သူတို့ကိုယုံကြည်စိတ်ချပြီး ‘ခမည်းတော်ထံမှကြားသမျှကို ပြောပြ’ ခဲ့တယ်။ (ယောဟန် ၁၅:၁၅ ကိုဖတ်ပါ။) “ကိုယ်တော်ရောက်ရှိနေခြင်းနှင့် ဤလောကစနစ်နိဂုံးပိုင်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို အမိန့်ရှိတော်မူပါ” လို့လျှောက်တာကို ယေရှုပြန်ဖြေတဲ့အခါ သူတို့ ဘယ်လောက်စိတ်လှုပ်ရှားခဲ့ကြမလဲဆိုတာ စဉ်းစားကြည့်ပါ။ (မ. ၂၄:၃၊ ၄) ကိုယ်တော်ဟာ မိမိရဲ့နောက်လိုက်တွေကို မိမိရဲ့အတွေး၊ ခံစားချက်တွေကိုလည်း ပြောပြခဲ့တယ်။ ဥပမာ၊ ကိုယ်တော်သစ္စာဖောက်ခံရတဲ့ညက ပေတရု၊ ယာကုပ်နဲ့ ယောဟန်ကို ဂေသရှေမန်ဥယျာဉ်ကိုခေါ်သွားပြီး ဒီခက်ခဲတဲ့အခြေအနေကိုရင်ဆိုင်နိုင်ဖို့ ကိုယ်တော် အပြင်းအထန် ဆုတောင်းခဲ့တယ်။ ယေရှု ဘာတွေဆုတောင်းနေတယ်ဆိုတာကို တမန်တော်သုံးယောက် ကြားမှာမဟုတ်ဘူး၊ ဒါပေမဲ့ ကိုယ်တော် အရမ်းစိုးရိမ်ပူပန်နေတယ်ဆိုတာ သူတို့ သိခဲ့ကြမှာဖြစ်တယ်။ (မာ. ၁၄:၃၃-၃၈) ကိုယ်တော် သူတို့သုံးယောက်ရှေ့မှာ ကိုယ်ယောင်ပြောင်းလဲခဲ့ချိန်တုန်းကလည်း သူတို့ ဘယ်လောက် အားရှိခဲ့ကြမလဲဆိုတာ စဉ်းစားကြည့်ပါ။ (မာ. ၉:၂-၈; ၂ ပေ. ၁:၁၆-၁၈) ယေရှုနဲ့ တပည့်တွေကြားမှာရှိတဲ့ ရင်းနှီးတဲ့ဆက်ဆံရေးက နောက်ပိုင်း သူတို့ရတဲ့ ကြီးလေးတဲ့တာဝန်တွေထမ်းဆောင်ဖို့ အင်အားဖြစ်ခဲ့တယ်။

၅။ တခြားသူတွေကို ခရစ်ယာန်အကြီးအကဲတွေ ဘယ်လိုကူညီပေးကြသလဲ။

ယနေ့ ခရစ်ယာန်အကြီးအကဲတွေလည်း ယေရှုလိုပဲ ရင်းနှီးဖော်ရွေကြပြီး ညီအစ်ကိုညီအစ်မတွေကို ကူညီပေးကြတယ်။ စိတ်ဝင်စားမှုပြခြင်းအားဖြင့် သူတို့နဲ့ ရင်းနှီးအောင်လုပ်ကြတယ်။ အကြီးအကဲတွေ နှုတ်လုံရမယ့်အခါတွေရှိပေမဲ့ သူတို့က နှုတ်ပိတ်ပြီး သိုသိုသိပ်သိပ်နေတဲ့သူတွေတော့မဟုတ်ဘူး။ အကြီးအကဲတွေက ညီအစ်ကိုတွေကို ယုံကြည်စိတ်ချပြီး သူတို့လေ့လာခဲ့တဲ့ ကျမ်းစာအကြောင်းအရာတွေကို ဝေမျှကြတယ်။ သူတို့ထက်အသက်ငယ်တဲ့ ခရစ်ယာန် ဓမ္မအမှုထမ်းတွေကိုလည်း ဘယ်တော့မှ နှိမ်ပြီးမဆက်ဆံဘူး။ အဲဒီအစား သူတို့ကို အမှန်တရားမှာ တိုးတက်နေသူတွေ၊ အသင်းတော်အကျိုးအတွက် မိမိတို့နဲ့အတူ တွဲအမှုဆောင်နေတဲ့သူတွေအဖြစ် ရှုမြင်ကြတယ်။

“ပုံသက်သေကိုပြခဲ့ပြီ”

၆၊ ၇။ တပည့်တွေကို ယေရှု ဘာပုံသက်သေကောင်းပြခဲ့သလဲ၊ သူတို့အပေါ် ဘယ်လိုအကျိုးသက်ရောက်ခဲ့သလဲ။

ယေရှုရဲ့တပည့်တွေဟာ ဘုရားသခင့်တရားစကားကို နှစ်သက်ကြပေမဲ့ သူတို့ရဲ့စဉ်းစားတွေးခေါ်ပုံမှာ သူတို့ကြီးပြင်းခဲ့တဲ့ ဘဝနောက်ခံ၊ ယဉ်ကျေးမှု လွှမ်းမိုးခဲ့တဲ့အခါတွေရှိတယ်။ (မ. ၁၉:၉၊ ၁၀; လု. ၉:၄၆-၄၈; ယော. ၄:၂၇) ဒါပေမဲ့ ယေရှု သူတို့ကို အပြစ်မတင်ခဲ့၊ ဒေါသမထွက်ခဲ့ဘူး။ သူတို့ မလုပ်နိုင်တဲ့အလုပ်ကို မခိုင်းခဲ့သလို မိမိကိုယ်တိုင်မလုပ်တဲ့အလုပ်ကို လုပ်ဖို့လည်း မတောင်းဆိုခဲ့ဘူး။ အဲဒီအစား ယေရှု သူတို့ကို ပုံသက်သေပြပြီး သင်ပေးခဲ့တယ်။—ယောဟန် ၁၃:၁၅ ကိုဖတ်ပါ။

တပည့်တွေကို ယေရှု ဘယ်လို ပုံသက်သေပြခဲ့သလဲ။ (၁ ပေ. ၂:၂၁) ကိုယ်တော်က ရိုးရိုးရှင်းရှင်းအသက်ရှင်ခဲ့လို့ တခြားသူတွေအတွက် လွတ်လွတ်လပ်လပ် အမှုဆောင်နိုင်ခဲ့တယ်။ (လု. ၉:၅၈) ယေရှုက မိမိရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေကို မသင်ပေးဘဲ သမ္မာကျမ်းစာကိုပဲ အခြေခံပြီးသင်ပေးတယ်။ (ယော. ၅:၁၉; ၁၇:၁၄၊ ၁၇) ကိုယ်တော်ဟာ ချဉ်းကပ်ရလွယ်သူ၊ ကြင်နာသူဖြစ်တယ်။ ကိုယ်တော့်လုပ်ရပ်တိုင်းမှာ လူတွေကိုချစ်တဲ့မေတ္တာ ထင်ရှားပေါ်လွင်နေတယ်။ (မ. ၁၉:၁၃-၁၅; ယော. ၁၅:၁၂) ယေရှုရဲ့ပုံသက်သေက တမန်တော်တွေအပေါ် ကောင်းတဲ့သြဇာသက်ရောက်ခဲ့တယ်။ ဥပမာ၊ ယာကုပ်ဟာ သေခြင်းနဲ့ရင်ဆိုင်ရချိန်မှာ ကြောက်ဒူးတုန်မနေဘဲ ကွပ်မျက်ခံရတဲ့အချိန်ထိ တည်ကြည်စွာအမှုဆောင်ခဲ့တယ်။ (တ. ၁၂:၁၊ ၂) ယောဟန်ဟာ ယေရှုရဲ့ပုံသက်သေကို အနှစ် ၆၀ မက တုပခဲ့တယ်။—ဗျာ. ၁:၁၊ ၂၊

၈။ အသက်ငယ်တဲ့အမျိုးသားတွေနဲ့ တခြားသူတွေအတွက် အကြီးအကဲတွေ ဘယ်ပုံသက်သေပြကြသလဲ။

ကိုယ်ကျိုးစွန့်စိတ်ဓာတ်၊ နှိမ့်ချမှုနဲ့ မေတ္တာတင်ပြတဲ့အကြီးအကဲတွေဟာ အသက်ငယ်တဲ့အမျိုးသားတွေအတွက် ပုံသက်သေကောင်းဖြစ်တယ်။ (၁ ပေ. ၅:၂၊ ၃) ဒါ့အပြင် အကြီးအကဲတွေရဲ့ ယုံကြည်ခြင်း၊ သွန်သင်ခြင်း၊ ခရစ်ယာန်အသက်တာနဲ့နေထိုင်ခြင်း၊ သတင်းကောင်းဟောပြောခြင်း စတဲ့ပုံသက်သေကောင်းတွေကို တခြားသူတွေ တုပနိုင်တယ်ဆိုတာသိတဲ့အခါ သူတို့ ကျေနပ်ပျော်ရွှင်ကြတယ်။—ဟေဗြဲ ၁၃:၇

‘မှာကြား၍စေလွှတ်’

၉။ ဟောပြောခြင်းလုပ်ငန်းကို တပည့်တွေလုပ်ဆောင်နိုင်ဖို့ ယေရှု လေ့ကျင့်ပေးခဲ့တယ်ဆိုတာ ကျွန်ုပ်တို့ ဘယ်လိုသိနိုင်သလဲ။

မြေကြီးပေါ်အမှုဆောင်ခြင်းကို နှစ်နှစ်လောက်လုပ်ဆောင်ပြီးနောက်မှာ ယေရှုဟာ တမန်တော် ၁၂ ယောက်ကို ဟောပြောဖို့စေလွှတ်ခြင်းအားဖြင့် ဒီလုပ်ငန်းကို တိုးချဲ့ခဲ့တယ်။ ဒါပေမဲ့ အရင်ဆုံး သူတို့ကို ကိုယ်တော် ညွှန်ကြားချက်တွေ ပေးခဲ့တယ်။ (မ. ၁၀:၅-၁၄) တစ်ကြိမ်မှာ ထောင်နဲ့ချီတဲ့လူအုပ်ကို အံ့ဖွယ်နည်းနဲ့ မကျွေးမွေးခင် ယေရှုက လူတွေကို ဘယ်လိုအုပ်စုခွဲရမယ်၊ ဘယ်လိုအစာဝေရမယ်ဆိုတာ ညွှန်ကြားခဲ့တယ်။ (လု. ၉:၁၂-၁၇) ဒါကြောင့် ယေရှုက တပည့်တွေကို ရှင်းလင်းတိကျတဲ့ လမ်းညွှန်ချက်တွေပေးပြီး လေ့ကျင့်ပေးခဲ့တယ်ဆိုတာ ထင်ရှားတယ်။ ဒီလိုလေ့ကျင့်တဲ့နည်းအပြင် သန့်ရှင်းသောစွမ်းအားတော်ရဲ့အကူအညီကြောင့် နောက်ပိုင်းမှာ တပည့်တွေဟာ စီအီး ၃၃ မှာအစပြုခဲ့တဲ့ ဟောပြောခြင်းလုပ်ငန်းကို တိုးချဲ့စီစဉ်ဖွဲ့စည်းနိုင်ခဲ့ကြတယ်။

၁၀၊ ၁၁။ လူသစ်တွေကို ဘယ်လိုနည်းတွေနဲ့ အဆင့်ဆင့်လေ့ကျင့်ပေးနိုင်သလဲ။

၁၀ ယနေ့လည်း အမျိုးသားတစ်ဦး ကျမ်းစာသင်အံမှုလက်ခံလိုက်တာက လေ့ကျင့်မှုစခံယူတာဖြစ်တယ်။ စာကောင်းကောင်းဖတ်တတ်အောင် သူ့ကိုကူညီပေးဖို့ လိုကောင်းလိုမယ်။ သူကျမ်းစာဆက်လေ့လာနေချိန်မှာ တခြားနည်းတွေနဲ့လည်း ကူညီပေးနိုင်တယ်။ အစည်းအဝေးတွေကို ပုံမှန်တက်လာတဲ့အခါ ကျောင်းသားအစီအစဉ်မှာပါဝင်ဖို့၊ နှစ်ခြင်းမခံသေးတဲ့ကြေညာသူတစ်ဦးဖြစ်ဖို့လိုတယ်ဆိုတာ သူသိလာမယ်။ နှစ်ခြင်းခံပြီးတဲ့နောက် ဝတ်ပြုရာခန်းမ ပြုပြင်ထိန်းသိမ်းရေးမှာ ပါဝင်ကူညီဖို့ လေ့ကျင့်ပေးနိုင်တယ်။ ဒါ့အပြင် ခရစ်ယာန်ဓမ္မအမှုထမ်းတစ်ဦးအဖြစ် အရည်အချင်းပြည့်မီဖို့ ဘာလုပ်ရမယ်ဆိုတာ သူသိအောင် အကြီးအကဲတွေက ကူညီပေးနိုင်တယ်။

၁၁ နှစ်ခြင်းခံပြီးတဲ့ညီအစ်ကိုတစ်ဦးကို တာဝန်တစ်ခုပေးတဲ့အခါ အကြီးအကဲက ဒီတာဝန်နဲ့ဆက်နွှယ်တဲ့ အဖွဲ့အစည်းရဲ့လုပ်ထုံးလုပ်နည်းတွေကိုရှင်းပြပြီး လိုအပ်တဲ့ညွှန်ကြားချက် ပေးနိုင်တယ်။ လေ့ကျင့်ခံရတဲ့ညီအစ်ကိုက သူဘာလုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိရမှာဖြစ်တယ်။ အကယ်၍ ညီအစ်ကိုက သူရထားတဲ့တာဝန်ကို ကောင်းကောင်းမလုပ်နိုင်ဘူးဆိုရင် သူ့မှာ အရည်အချင်းမရှိဘူးလို့ အကြီးအကဲတွေက အလျင်စလို ကောက်ချက်ချမှာမဟုတ်ဘူး။ အဲဒီအစား သူဘာလုပ်ဖို့လိုတယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာကို ကြင်နာစွာနဲ့ နောက်တစ်ခါ ပြန်ရှင်းပြမှာဖြစ်တယ်။ ညီအစ်ကိုတစ်ဦးက မိမိရထားတဲ့တာဝန်ကို ကြိုးစားလုပ်ဆောင်ပြီး ပျော်ရွှင်မှုခံစားနေရတာကို အကြီးအကဲတွေတွေ့ရတဲ့အခါ ပျော်ရွှင်ကြတယ်။—တ. ၂၀:၃၅

“အကြံပေးသောစကားကို နားထောင်သောသူမူကား ပညာရှိ၏”

၁၂။ ယေရှုရဲ့သွန်သင်ဆုံးမမှုတွေက ဘာကြောင့်အကျိုးရှိသလဲ။

၁၂ ယေရှုက တပည့်တွေကို ဆုံးမသွန်သင်ဖို့ လိုတဲ့အချိန်မှာ သွန်သင်ဆုံးမခြင်းအားဖြင့် လေ့ကျင့်ပေးတယ်။ ဥပမာ၊ ယာကုပ်နဲ့ယောဟန်က ရှမာရိလူမျိုး ရွာသားတချို့ ယေရှုကိုမကြိုဆိုကြလို့ ကောင်းကင်ကနေမီးကျပြီး လောင်စေလိုတဲ့အခါ ကိုယ်တော် သူတို့ကို ဆုံးမခဲ့တယ်။ (လု. ၉:၅၂-၅၅) ယာကုပ်နဲ့ယောဟန်ရဲ့မိခင်က ယေရှုထံချဉ်းကပ်ပြီး ဘုရားသခင့်နိုင်ငံတော်မှာ သားတွေကို နေရာကောင်းပေးဖို့တောင်းဆိုခဲ့တယ်၊ ဒါက သူတို့နှစ်ယောက်ရဲ့ဆန္ဒဖြစ်တယ်ဆိုတာသိလို့ ယေရှုက သူတို့ကို ဒီလိုပြောခဲ့တယ်– “ငါ၏လက်ယာဘက်၊ လက်ဝဲဘက်၌ ထိုင်ရသောအခွင့်ကိုမူ ငါပေးပိုင်ခွင့်မရှိ။ ငါ့ခမည်းတော် ပြင်ဆင်ပေးထားသူတို့အတွက်သာ ဖြစ်သည်။” (မ. ၂၀:၂၀-၂၃) ယေရှုရဲ့ဆုံးမစကားတွေက အကြိမ်တိုင်းမှာ ရှင်းလင်း၊ လက်တွေ့ကျပြီး ကျမ်းစာမူတွေအပေါ်အခြေခံတယ်။ ဒီကျမ်းစာမူတွေကို တွေးတောဆင်ခြင်ပြီး အဲဒီအတိုင်းလုပ်ဖို့ တပည့်တွေကို သင်ပေးခဲ့တယ်။ (မ. ၁၇:၂၄-၂၇) မိမိရဲ့နောက်လိုက်တွေဟာ မစုံလင်တဲ့အတွက် သူတို့မလုပ်နိုင်တာတွေရှိတယ်ဆိုတာ ယေရှုသိတယ်။ ကိုယ်တော် သူတို့ကိုချစ်တဲ့အတွက်ကြောင့် သူတို့ကို သွန်သင်ဆုံးမခဲ့တယ်။—ယော. ၁၃:၁

၁၃၊ ၁၄။ (က) ဘယ်သူတွေ သွန်သင်ဆုံးမမှု လိုအပ်သလဲ။ (ခ) အကြီးအကဲတွေ ညီအစ်ကိုတစ်ဦးကို သွန်သင်ဆုံးမဖို့လိုအပ်နိုင်တဲ့ အခြေအနေတချို့ကို ဥပမာပေးပါ။

၁၃ အသင်းတော်တာဝန်တွေထမ်းဆောင်ဖို့ ကြိုးစားနေတဲ့ အမျိုးသားတိုင်းက တစ်ကြိမ်မဟုတ်တစ်ကြိမ်မှာတော့ ကျမ်းစာအခြေခံတဲ့အကြံပြုချက်တွေ ရရှိမှာဖြစ်တယ်။ ကျမ်းစာမှာဒီလိုပြောတယ်– “အကြံပေးသောစကားကိုနားထောင်သောသူမူကား ပညာရှိ၏။” (သု. ၁၂:၁၅) ညီအစ်ကိုငယ်တစ်ဦးက သူ့အတွက် အကြီးမားဆုံးပြဿနာက အမှုဆောင်ဖို့အရည်အချင်းမပြည့်မီဘူးလို့ ခံစားရတာဖြစ်ကြောင်း၊ ဒါပေမဲ့ အမှုဆောင်ရာမှာ စုံလင်ဖို့မလိုဘူးဆိုတာ သူနားလည်လာအောင် အကြီးအကဲတစ်ဦးက ကူညီပေးခဲ့ကြောင်း ပြောပြခဲ့တယ်။

၁၄ ညီအစ်ကိုတစ်ဦးရဲ့ အမူအကျင့်တစ်ခုခုကြောင့် တိုးတက်ဖို့အဟန့်အတားဖြစ်နေတာကို အကြီးအကဲတွေသတိပြုမိတဲ့အခါ သူ့ကိုနူးညံ့သိမ်မွေ့တဲ့စိတ်နဲ့ တည့်မတ်ပေးမှာဖြစ်တယ်။ (ဂလ. ၆:၁) ညီအစ်ကိုတစ်ဦးရဲ့ သဘောထားကြောင့် သွန်သင်ချက်ပေးဖို့လိုတဲ့အခါတွေလည်း ရှိနိုင်တယ်။ ဥပမာ၊ ညီအစ်ကိုတစ်ဦးက မိမိကိုယ်ကိုသက်ညှာပြီး လုပ်နိုင်တာထက်လျှော့လုပ်နေတာ ဖြစ်နိုင်တယ်။ ဒီလိုဖြစ်နေတယ်ဆိုရင် ယေရှုရဲ့ပုံသက်သေကို စဉ်းစားတွေးတောဖို့ အကြီးအကဲတွေ အားပေးနိုင်တယ်။ ကိုယ်တော်ဟာ ထက်ထက်သန်သန်ဟောပြောခဲ့ပြီး မိမိရဲ့ပုံသက်သေကိုတုပဖို့ နောက်လိုက်တွေကို မိန့်မှာခဲ့တယ်။ (မ. ၂၈:၁၉၊ ၂၀; လု. ၈:၁) ညီအစ်ကိုတစ်ဦးက ရည်မှန်းချက်ကြီးသူဖြစ်နေမယ်ဆိုရင် ထင်ပေါ်ကျော်ကြားလိုခြင်းရဲ့အန္တရာယ်နဲ့ပတ်သက်ပြီး တပည့်တွေကို ယေရှုဘယ်လိုဆုံးမခဲ့တယ်ဆိုတာကို အကြီးအကဲတွေက ပြောပြနိုင်တယ်။ (လု. ၂၂:၂၄-၂၇) ညီအစ်ကိုမှာ ခွင့်မလွှတ်ချင်တဲ့သဘော ရှိနေတယ်ဆိုရင်ကော။ အကြွေးအများကြီးလျှော်ပစ်ခံရတဲ့ကျွန်က သူ့ဆီက နည်းနည်းပဲချေးယူထားတဲ့ ကျွန်ချင်းတစ်ယောက်ကို ခွင့်မလွှတ်တဲ့ပုံဥပမာအကြောင်း ပြောပြခြင်းက တကယ်ထိရောက်နိုင်ပါတယ်။ (မ. ၁၈:၂၁-၃၅) သွန်သင်ချက်ပေးဖို့လိုအပ်တဲ့အခါတွေမှာ ဖြစ်နိုင်မယ်ဆိုရင် ချက်ချင်းသွန်သင်ချက်ပေးတာက အကောင်းဆုံးဖြစ်တယ်။—သု. ၂၇:၉ ကိုဖတ်ပါ။

“မိမိကိုယ်ကို လေ့ကျင့်လျက်နေလော့”

၁၅။ ညီအစ်ကိုတစ်ဦး အသင်းတော်တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့ မိသားစုက ဘယ်လိုကူညီပံ့ပိုးပေးနိုင်သလဲ။

၁၅ ညီအစ်ကိုတွေ အသင်းတော်တာဝန်တွေထမ်းဆောင်နိုင်ဖို့ အကြီးအကဲတွေက လေ့ကျင့်ပေးကြပေမဲ့ တခြားသူတွေလည်း ဝိုင်းဝန်းကူညီပေးနိုင်ပါတယ်။ ဥပမာ၊ ညီအစ်ကိုရဲ့မိသားစုက ညီအစ်ကို,ကို ကူညီပေးနိုင်တယ်။ ညီအစ်ကိုက အကြီးအကဲဖြစ်ပြီးသားဆိုရင်တော့ ကိုယ်ကျိုးမဖက်တဲ့ ဇနီးသည်နဲ့သားသမီးတွေက ကူညီပံ့ပိုးပေးနိုင်ပါတယ်။ အကြီးအကဲရဲ့ အချိန်နဲ့ခွန်အားတချို့ကို အသင်းတော်တာဝန်တွေ ထမ်းဆောင်ဖို့ အသုံးပြုရမယ်ဆိုတာကို မိသားစုက သဘောပေါက်ကြတယ်။ မိသားစုဝင်တွေရဲ့ ကိုယ်ကျိုးစွန့်မှုကို ကျွန်ုပ်တို့ ကျေးဇူးတင်လေးမြတ်ကြပါတယ်။—သု. ၁၅:၂၀; ၃၁:၁၀၊ ၂၃

၁၆။ (က) တက်လှမ်းဖို့ အဓိကကြိုးစားရမှာက ဘယ်သူလဲ။ (ခ) ညီအစ်ကိုတစ်ဦးက ခရစ်ယာန်ဓမ္မအမှုထမ်းတစ်ဦး ဒါမှမဟုတ် အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်ချင်တယ်ဆိုရင် ဘာလုပ်ဖို့လိုသလဲ။

၁၆ တခြားသူတွေက ညီအစ်ကိုကို ကူညီပံ့ပိုးပေးနိုင်ပေမဲ့ အဓိကကြိုးစားရမှာက သူကိုယ်တိုင်ဖြစ်တယ်။ (ဂလာတိ ၆:၅ ကိုဖတ်ပါ။) ညီအစ်ကိုတစ်ဦးဟာ တခြားသူတွေကိုကူညီပေးဖို့နဲ့ ဟောပြောခြင်းလုပ်ငန်းမှာ အပြည့်အဝပါဝင်ဖို့အတွက် အကြီးအကဲ၊ ခရစ်ယာန်ဓမ္မအမှုထမ်းဖြစ်ဖို့မလိုဘူးဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ခရစ်ယာန်ဓမ္မအမှုထမ်းတစ်ဦး ဒါမှမဟုတ် အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်ချင်တယ်ဆိုရင်တော့ ကျမ်းစာမှာတောင်းဆိုထားတဲ့ အရည်အချင်းတွေကို ပြည့်မီရမှာဖြစ်တယ်။ (၁ တိ. ၃:၁-၁၃; တိ. ၁:၅-၉; ၁ ပေ. ၅:၁-၃) ဒါကြောင့် ညီအစ်ကိုတစ်ဦးက အကြီးအကဲ ဒါမှမဟုတ် ခရစ်ယာန်ဓမ္မအမှုထမ်းအဖြစ် အမှုဆောင်လိုပြီး အခုထိခန့်အပ်မခံရသေးဘူးဆိုရင် သူဘယ်နေရာမှာ တိုးတက်ဖို့လိုနေတယ်ဆိုတာကို သိအောင်လုပ်ရမှာဖြစ်တယ်။ တိုးတက်နိုင်ဖို့အတွက် ကျမ်းစာပုံမှန်ဖတ်ရှုခြင်း၊ ဝီရိယရှိရှိကိုယ်ပိုင်လေ့လာမှုပြုလုပ်ခြင်း၊ အလေးအနက် တွေးတောဆင်ခြင်ခြင်း၊ နှလုံးပါပါဆုတောင်းခြင်းနဲ့ ဟောပြောခြင်းလုပ်ငန်းမှာ ဇွဲထက်သန်စွာပါဝင်ဖို့လိုတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဘုရားသခင့်အမှုတော်ကို အပြည့်အဝထမ်းဆောင်ဖို့ “ရည်မှန်းချက်ထားကာ မိမိကိုယ်ကို လေ့ကျင့်လျက်နေလော့” ဆိုတဲ့ တိမောသေကို ပေါလုပေးခဲ့တဲ့သွန်သင်ချက်ကို သူလိုက်လျှောက်နိုင်မှာဖြစ်တယ်။—၁ တိ. ၄:၇

၁၇၊ ၁၈။ နှစ်ခြင်းခံပြီးသားညီအစ်ကိုတစ်ဦးက အရည်အချင်းမရှိဘူးလို့ခံစားရရင် ဒါမှမဟုတ် ကြိုးစားတက်လှမ်းလိုစိတ်မရှိရင် ဘာလုပ်နိုင်သလဲ။

၁၇ အရည်အချင်းမပြည့်မီဘူးဆိုတဲ့ခံစားချက်ကြောင့် တက်လှမ်းဖို့ ဆန္ဒမရှိဘူးဆိုရင်ကော။ ယေဟောဝါနဲ့ယေရှုခရစ် ကျွန်ုပ်တို့ကို ဘယ်လောက်အထိ ကူညီပေးခဲ့တယ်ဆိုတာတွေကို ပြန်သုံးသပ်ခြင်းက ကောင်းပါတယ်။ ယေဟောဝါဟာ “ငါတို့၏ဝန်ကို နေ့စဉ်ထမ်းတော်မူသော ဘုရားသခင်” ဖြစ်တယ်။ (ဆာ. ၆၈:၁၉သမ္မာ) ဒါကြောင့် ကျွန်ုပ်တို့ရဲ့ကောင်းကင်ခမည်းတော်က ညီအစ်ကိုကို အသင်းတော်တာဝန်တွေထမ်းဆောင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ခရစ်ယာန်ဓမ္မအမှုထမ်း ဒါမှမဟုတ် အကြီးအကဲမဟုတ်တဲ့ညီအစ်ကိုတစ်ဦးဟာ ဘုရားသခင့်အဖွဲ့အစည်းမှာ တာဝန်တွေကိုလက်ခံနိုင်တဲ့ ရင့်ကျက်တဲ့အမျိုးသား အရမ်းလိုအပ်နေတယ်ဆိုတဲ့အချက်ကို သတိရသင့်တယ်။ ဒီအချက်တွေကိုသတိရခြင်းက အရည်အချင်းမပြည့်မီဘူးဆိုတဲ့ခံစားချက်ကို အောင်မြင်ကျော်လွှားစေနိုင်ပါလိမ့်မယ်။ သန့်ရှင်းသောစွမ်းအားတော်ရဖို့ ဆုတောင်းနိုင်တယ်။ သန့်ရှင်းသောစွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့အရည်အသွေးတွေဖြစ်တဲ့ ငြိမ်သက်ခြင်းနဲ့ ချုပ်တည်းခြင်းက မပြည့်မီဘူး၊ အရည်အချင်းမရှိဘူးဆိုတဲ့ ခံစားချက်တွေကို ဖယ်ရှားပေးနိုင်တယ်။ (လု. ၁၁:၁၃; ဂလ. ၅:၂၂၊ ၂၃) စိတ်ရင်းမှန်နဲ့ကြိုးစားတက်လှမ်းနေသူအားလုံးကို ယေဟောဝါ ကောင်းချီးပေးတယ်ဆိုတာကို အပြည့်အဝယုံကြည်စိတ်ချနိုင်ပါတယ်။

၁၈ နှစ်ခြင်းခံပြီးသားညီအစ်ကိုတစ်ဦးက ကြိုးစားတက်လှမ်းလိုစိတ်မရှိတာ ဖြစ်နိုင်တယ်။ သူ့ကို ဘာကကူညီပေးနိုင်သလဲ။ တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– “သင်တို့အလိုဆန္ဒရှိစေရန်လည်းကောင်း၊ ပြုမူလုပ်ဆောင်စေရန်လည်းကောင်း မိမိနှစ်သက်တော်မူရာအတွက် သင်တို့အထဲတွင် လုပ်ဆောင်နေတော်မူသောအရှင်ကား ဘုရားသခင်ဖြစ်၏။” (ဖိ. ၂:၁၃) အမှုဆောင်လိုတဲ့ဆန္ဒက ဘုရားသခင်ပေးတဲ့ဆန္ဒဖြစ်ပြီး မြင့်မြတ်တဲ့အမှုတော်မှာပါဝင်နိုင်ဖို့ ယေဟောဝါရဲ့စွမ်းအားတော်က ကူညီပေးနိုင်ပါတယ်။ (ဖိ. ၄:၁၃) ဒါ့အပြင် မှန်ရာကိုပြုလုပ်လိုစိတ်ရှိအောင် ကူညီပေးဖို့ ဘုရားသခင်ထံဆုတောင်းနိုင်ပါတယ်။—ဆာ. ၂၅:၄၊ ၅

၁၉။ “သိုးထိန်းခုနစ်ပါးနှင့် လူကြီးရှစ်ပါး” ရှိလိမ့်မယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ။

၁၉ တခြားသူတွေကိုလေ့ကျင့်ပေးဖို့ အကြီးအကဲတွေ ကြိုးစားအားထုတ်တာကို ယေဟောဝါ ကောင်းချီးပေးတယ်။ လေ့ကျင့်ပေးမှုကိုလက်ခံပြီး ကြိုးစားတက်လှမ်းသူတွေကိုလည်း ကိုယ်တော်ကောင်းချီးပေးတယ်။ ဘုရားသခင့်လူမျိုးအလယ်မှာ “သိုးထိန်းခုနစ်ပါးနှင့် လူကြီးရှစ်ပါး” ရှိလိမ့်မယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်၊ ဒါကြောင့် ယေဟောဝါရဲ့အဖွဲ့အစည်းမှာ ဦးဆောင်မယ့် တတ်စွမ်းနိုင်တဲ့အမျိုးသားတွေ အလုံအလောက်ရှိမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ (မိ. ၅:၅) ခရစ်ယာန်အမျိုးသားများစွာ လေ့ကျင့်ခံနေကြပြီး ယေဟောဝါကိုချီးမွမ်းဖို့ နှိမ့်ချစွာနဲ့ ကြိုးစားတက်လှမ်းနေကြတာက တကယ့်ကောင်းချီးပါပဲ။

သင် ဘယ်လိုဖြေဆိုမလဲ

• ကြီးလေးတဲ့တာဝန်တွေထမ်းဆောင်ဖို့ အရည်အချင်းပြည့်မီအောင် တပည့်တွေကို ယေရှု ဘယ်လိုကူညီပေးခဲ့သလဲ။

• အသင်းတော်မှာအမှုဆောင်ဖို့ အမျိုးသားတွေကိုလေ့ကျင့်ပေးရာမှာ အကြီးအကဲတွေ ယေရှုကို ဘယ်လိုတုပနိုင်သလဲ။

• ကြိုးစားတက်လှမ်းနေတဲ့အမျိုးသားတစ်ဦးကို မိသားစုဝင်တွေက ဘယ်လိုကူညီပေးနိုင်သလဲ။

• တာဝန်တွေထမ်းဆောင်ဖို့ ကြိုးစားတက်လှမ်းနေတဲ့အမျိုးသားကိုယ်တိုင် ဘာလုပ်နိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ကျမ်းစာသင်သား တိုးတက်ဖို့ကြိုးစားလာတာနဲ့အမျှ ဘယ်လိုလေ့ကျင့်ပေးနိုင်သလဲ

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

ကြိုးစားတက်လှမ်းနေကြောင်း အမျိုးသားတွေ ဘယ်လိုပြသနိုင်သလဲ