မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငြိမ်သက်ခြင်းရှိဖို့၊ အသက်ရဖို့ စွမ်းအားတော်အတိုင်း လိုက်လျှောက်ပါ

ငြိမ်သက်ခြင်းရှိဖို့၊ အသက်ရဖို့ စွမ်းအားတော်အတိုင်း လိုက်လျှောက်ပါ

ငြိမ်သက်ခြင်းရှိဖို့၊ အသက်ရဖို့ စွမ်းအားတော်အတိုင်း လိုက်လျှောက်ပါ

‘လူ့ဇာတိအတိုင်း မလျှောက်ဘဲ စွမ်းအားတော်အတိုင်း လိုက်လျှောက်ပါ။’—ရော. ၈:၄

၁၊ ၂။ (က) ယာဉ်မောင်းနေစဉ် အာရုံထွေပြားတာက ဘယ်လိုအဖြစ်မျိုးနဲ့ ကြုံတွေ့ရနိုင်သလဲ။ (ခ) အာရုံပျံ့လွင့်ပြီး ဘုရားသခင်နဲ့ဝေးကွာသွားမယ်ဆိုရင် ဘယ်လိုအန္တရာယ်နဲ့ ကြုံတွေ့ရနိုင်သလဲ။

“ယာဉ်​မောင်းနေရင်း အာရုံထွေပြားတဲ့သူတွေ ပိုပိုတိုးများလာပြီး တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာတယ်” လို့ အမေရိကန်နိုင်ငံ၊ သယ်ယူပို့ဆောင်ရေးဌာနရဲ့ အတွင်းရေးမှူးက ဝေဖန်ပြောဆိုခဲ့တယ်။ ယာဉ်မောင်းနေသူတစ်ဦးကို အာရုံထွေပြားစေတဲ့အရာတွေထဲမှာ ဆဲလ်ဖုန်းလည်းပါတယ်။ လေ့လာမှုတစ်ခုမှာ မေးမြန်းခံရသူ သုံးပုံတစ်ပုံကျော်က သူတို့ လမ်းလျှောက်နေစဉ် ဒါမှမဟုတ် ကားမောင်းနေစဉ်မှာ ဆဲလ်ဖုန်းပြောနေတဲ့ယာဉ်မောင်းရဲ့ကားနဲ့ တိုက်ခံရ ဒါမှမဟုတ် တိုက်ခံရတော့မလို ဖြစ်ခဲ့ကြောင်း ပြောခဲ့တယ်။ ယာဉ်မောင်းနေရင်း တခြားအလုပ်တစ်ခုလုပ်တာက အလုပ်ပိုပြီးတယ်လို့ထင်ရပေမဲ့ အန္တရာယ်များလွန်းတယ်။

ဘုရားသခင်နဲ့ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးလည်း အလားတူပဲ။ အာရုံထွေပြားနေတဲ့ယာဉ်မောင်းက အန္တရာယ်တွေကို သတိမပြုမိသလိုပဲ လူတစ်ယောက်ဟာ အာရုံထွေပြားစရာတွေကြောင့် ဘုရားသခင်နဲ့ဝေးကွာသွားပြီး အန္တရာယ်လမ်းပေါ် အလွယ်တကူရောက်သွားနိုင်တယ်။ ကျွန်ုပ်တို့က ခရစ်ယာန်လမ်းစဉ်၊ လုပ်ဆောင်မှုတွေနဲ့ တဖြည်းဖြည်းဝေးသွားမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းသင်္ဘော ပျက်သွားနိုင်တယ်။ (၁ တိ. ၁:၁၈၊ ၁၉) ရောမမြို့မှာရှိတဲ့ခရစ်ယာန်ချင်းတွေကို တမန်တော်ပေါလု စာရေးရာမှာ ဒီအန္တရာယ်ကို သတိပေးခဲ့တယ်– “လူ့ဇာတိနှင့်ဆိုင်သောအရာများကို စိတ်စွဲလမ်းခြင်းသည် သေခြင်းဖြစ်၏။ ဘုရားသခင့်စွမ်းအားတော်နှင့်စပ်ဆိုင်ရာများကို စိတ်စွဲလမ်းခြင်းမူကား အသက်ရှင်ခြင်းနှင့် ငြိမ်သက်ခြင်းဖြစ်၏။” (ရော. ၈:၆၊ အောက်ခြေမှတ်ချက်) ပေါလု ဘာကိုဆိုလိုတာလဲ။ ကျွန်ုပ်တို့က ဘယ်လိုနည်းနဲ့ “လူ့ဇာတိနှင့်ဆိုင်သောအရာများကို စိတ်စွဲလမ်းခြင်း” ကို ရှောင်မလဲ၊ ဘယ်လိုနည်းနဲ့ “စွမ်းအားတော်နှင့်စပ်ဆိုင်ရာများကို စိတ်စွဲလမ်း” နိုင်မလဲ။

သူတို့ “ပြစ်ဒဏ်စီရင်ခြင်းနှင့် ကင်းလွတ်ကြ”

၃၊ ၄။ (က) ပေါလုက ဘယ်တိုက်လှန်မှုအကြောင်း ရေးခဲ့သလဲ။ (ခ) ပေါလုရဲ့အခြေအနေကို ကျွန်ုပ်တို့ ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။

ရောမအသင်းတော်ကိုရေးတဲ့စာမှာ ပေါလုက သူ့ရဲ့ကိုယ်အင်္ဂါနဲ့ စိတ်သဘော ဆိုင်ပြိုင်တိုက်လှန်နေတဲ့အကြောင်း ရေးခဲ့တယ်။ (ရောမ ၇:၂၁-၂၃ ကိုဖတ်ပါ။) ပေါလုက သူ့ကိုယ်သူသက်ညှာပြီး သူ့လုပ်ရပ်တွေအတွက် ဆင်ခြေပေးဖို့ ဒီလိုပြောတာမဟုတ်သလို မှန်တာကိုလုပ်ဖို့ သူမတတ်နိုင်ဘူးလို့ပြောတာလည်း မဟုတ်ဘူး။ တကယ်တော့ သူက ရင့်ကျက်တဲ့ ကောင်းကင်အတန်းအစားခရစ်ယာန်တစ်ဦးဖြစ်ပြီး “လူမျိုးခြားတို့နှင့်ဆိုင်သောတမန်တော်” အဖြစ် ရွေးချယ်ခံရသူဖြစ်တယ်။ (ရော. ၁:၁; ၁၁:၁၃) ဒါဆို ပေါလု ဘာကြောင့် သူတိုက်လှန်နေရတဲ့အကြောင်း ရေးခဲ့တာလဲ။

ပေါလုက သူ့ရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့ ဘုရားသခင့်အလိုတော်ကို သူဆန္ဒရှိသလောက်မလုပ်နိုင်ဘူးလို့ ရိုးရိုးသားသားဝန်ခံခဲ့တာဖြစ်တယ်။ ဘာကြောင့်လဲ။ ‘လူအပေါင်းတို့သည် ပြစ်မှား၍ ဘုရားသခင်၏ဂုဏ်ကိုမမီကြ’ ဘူးလို့ သူပြောခဲ့တယ်။ (ရော. ၃:၂၃) အာဒံရဲ့သားမြေးတစ်ဦးအနေနဲ့ ပေါလုဟာ မစုံလင်မှုကို အမွေခံထားရပြီး မှားယွင်းတဲ့ဆန္ဒတွေရှိခဲ့တယ်။ ကျွန်ုပ်တို့အားလုံးလည်း သူ့လိုပဲ မစုံလင်တဲ့သူတွေဖြစ်ပြီး ထပ်တူအခြေအနေမျိုးနဲ့ နေ့စဉ်တိုက်လှန်နေရလို့ သူ့ခံစားချက်ကို နားလည်နိုင်တယ်။ ဒါ့အပြင် ကျွန်ုပ်တို့ကို အာရုံထွေပြားစေ၊ ‘အသက်ရှင်ခြင်းသို့ရောက်သောလမ်းကျဉ်း’ ကနေ လွဲသွားစေတဲ့ စိတ်ပျံ့လွင့်စရာတွေ များစွာရှိနေတယ်။ (မ. ၇:၁၄) ဒါပေမဲ့ ပေါလုရဲ့အခြေအနေက မျှော်လင့်ချက်မရှိတော့တဲ့ အခြေအနေမဟုတ်ခဲ့သလို ကျွန်ုပ်တို့လည်း အလားတူပါပဲ။

၅။ ပေါလု ဘယ်ကနေ အကူအညီနဲ့ လွတ်မြောက်မှုရခဲ့သလဲ။

‘ငါ့ကို မည်သူကယ်နုတ်မည်နည်း။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကြီးလှပေ၏’ လို့ပေါလုရေးခဲ့တယ်။ (ရော. ၇:၂၄၊ ၂၅) အဲဒီနောက် “ခရစ်တော်ယေရှုနှင့် တစည်းတလုံးတည်းဖြစ်” တဲ့ ကောင်းကင်အတန်းအစားတွေကို သူပြောခဲ့တယ်။ (ရောမ ၈:၁၊ ၂ ကိုဖတ်ပါ။) ယေဟောဝါက သူတို့အပေါ် သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းခြင်းအားဖြင့် သူတို့ကို သားအဖြစ်မွေးစားခဲ့ပြီး “ခရစ်တော်၏အမွေခံဖက်” လို့ခေါ်ခဲ့တယ်။ (ရော. ၈:၁၄-၁၇) သူတို့က ခရစ်တော်ရဲ့ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်ပြီး ဘုရားသခင့်စွမ်းအားတော်အကူအညီနဲ့ ပေါလုကြုံခဲ့တဲ့အခြေအနေမျိုးကို အောင်မြင်နိုင်၊ “ပြစ်ဒဏ်စီရင်ခြင်းနှင့် ကင်းလွတ်” နိုင်ကြတယ်။ “အပြစ်တရားနှင့် သေခြင်းတရားတို့၏လက်မှ” ကယ်နုတ်ခံရကြတယ်။

၆။ ဘုရားသခင့်ကျေးကျွန်အားလုံး ဘာကြောင့် ပေါလုပြောခဲ့တဲ့စကားတွေကို နားလည်ဖို့အရေးကြီးသလဲ။

ပေါလုက ကောင်းကင်အတန်းအစားတွေကို ပြောခဲ့တာဖြစ်ပေမဲ့ ကောင်းကင်မျှော်လင့်ချက်ရှိသူဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ရှိသူဖြစ်စေ ယေဟောဝါကျေးကျွန်အားလုံးဟာ သူဖော်ပြခဲ့တဲ့ ဘုရားသခင့်စွမ်းအားတော်နဲ့ ခရစ်တော်ရဲ့ ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကနေ အကျိုးခံစားရနိုင်တယ်။ ကောင်းကင်အတန်းအစားခရစ်ယာန်တွေကို ပြောခဲ့တဲ့ ဒီစကားတွေကို စွမ်းအားတော်တိုက်တွန်းမှုနဲ့ ပေါလုရေးခဲ့တာဖြစ်လို့ ဘုရားသခင့်ကျေးကျွန်အားလုံး သူရေးခဲ့တဲ့အကြောင်းအရာကို နားလည်ပြီး အဲဒီအတိုင်းနာခံလိုက်လျှောက်ဖို့ အရေးကြီးတယ်။

“အပြစ်တရားကို လူ့ဇာတိ၌ ပြစ်ဒဏ်စီရင်တော်မူ” ပုံ

၇၊ ၈။ (က) ဘယ်သဘောနဲ့ ပညတ်တရားက “လူ့ဇာတိအားဖြင့် အားနည်း” သလဲ။ (ခ) ဘုရားသခင်က စွမ်းအားတော်နဲ့ ရွေးနုတ်ဖိုးအားဖြင့် ဘယ်အရာကို အောင်မြင်ပြီးမြောက်စေခဲ့သလဲ။

ရောမ အခန်းကြီး ၇ မှာ မစုံလင်တဲ့သွေးသားကို လွှမ်းမိုးနေတဲ့ အပြစ်ရဲ့အစွမ်းတန်ခိုးအကြောင်း ပေါလုဖော်ပြခဲ့တယ်။ အခန်းကြီး ၈ မှာတော့ သန့်ရှင်းသောစွမ်းအားတော်ရဲ့အစွမ်းတန်ခိုးအကြောင်း ဖော်ပြထားတယ်။ ခရစ်ယာန်တွေ အပြစ်ရဲ့အစွမ်းတန်ခိုးကို တိုက်လှန်ရာမှာ ဘုရားသခင့်စွမ်းအားတော်ကူညီပေးနိုင်ပုံကို ပေါလု ရှင်းပြခဲ့တယ်၊ ဒီလိုနည်းနဲ့ သူတို့က ယေဟောဝါရဲ့အလိုတော်နဲ့အညီ အသက်ရှင်နိုင်ပြီး ကိုယ်တော့်မျက်နှာသာရရှိနိုင်မှာဖြစ်တယ်။ မောရှေပညတ်က မစွမ်းဆောင်နိုင်တဲ့အရာကို ဘုရားသခင့်စွမ်းအားတော်နဲ့ သားတော်ရဲ့ရွေးနုတ်ဖိုးအားဖြင့် အောင်မြင်ပြီးမြောက်နိုင်တယ်ဆိုတာကို ပေါလု ထောက်ပြခဲ့တယ်။

ပညတ်တရားက အပြစ်ပြုသူတွေကို ပြစ်ဒဏ်စီရင်တယ်။ ဒါ့အပြင် ပညတ်တရားအောက်မှာ အမှုဆောင်နေတဲ့ ယဇ်ပုရောဟိတ်မင်းကြီးတွေက မစုံလင်ဘူး၊ အပြစ်ကနေ လုံးလုံးလွတ်မြောက်စေတဲ့ယဇ်ကို မပူဇော်နိုင်ကြဘူး။ ဒါကြောင့် ပညတ်တရားက “လူ့ဇာတိအားဖြင့် အားနည်း” တယ်။ ဒါပေမဲ့ ဘုရားသခင်က “သားတော်ရင်းကို အပြစ်ရှိသော လူ့ဇာတိအသွင်ဖြင့်စေလွှတ်” ခဲ့ပြီး ယေရှုပေးခဲ့တဲ့ရွေးနုတ်ဖိုးက “အပြစ်တရားကို လူ့ဇာတိ၌ ပြစ်ဒဏ်စီရင်တော်မူ” ခဲ့တယ်။ ယေရှုရဲ့ပူဇော်ရာယဇ်က လူတွေကို အပြစ်ကနေ ကယ်တင်နိုင်လို့ပဲ။ ရလဒ်က ကောင်းကင်အတန်းအစားခရစ်ယာန်တွေဟာ ယေရှုရဲ့ရွေးနုတ်ဖိုး ပူဇော်ရာယဇ်ကို ယုံကြည်တဲ့အတွက် ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ခံရတယ်။ ပေါလုက သူတို့ကို “လူ့ဇာတိအတိုင်းမလျှောက်၊ စွမ်းအားတော်အတိုင်း လိုက်လျှောက်” ဖို့ တိုက်တွန်းထားတယ်။ (ရောမ ၈:၃၊ ၄ ကိုဖတ်ပါ။) သူတို့က “အသက်သရဖူ” ရဖို့အတွက် မြေကြီးအသက်တာအဆုံးအထိ ဆက်သစ္စာရှိသွားရမှာဖြစ်တယ်။—ဗျာ. ၂:၁၀

၉။ ရောမ ၈:၂ မှာပါတဲ့ “တရား” ဆိုတဲ့စကားလုံးက ဘာကိုဆိုလိုသလဲ။

“ပညတ်တရား” အပြင် “စွမ်းအားတော်၏တရား” နဲ့ “အပြစ်တရားနှင့် သေခြင်းတရား” အကြောင်းကိုလည်း ပေါလုဖော်ပြခဲ့တယ်။ (ရော. ၈:၂) ဒီတရားတွေက ဘာတွေလဲ။ “တရား” ဆိုတဲ့ ဒီစကားလုံးက မောရှေပညတ်မှာပါတဲ့ ပညတ်ချက်တွေလို စည်းမျဉ်းတွေကိုပြောတာမဟုတ်ဘူး။ ဒီကျမ်းချက်မှာပါတဲ့ “တရား” ဆိုတဲ့ဂရိအသုံးအနှုန်းက လုပ်ရပ်တစ်ခုဟာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဒီလုပ်ရပ်ကိုလုပ်ဖို့ လူတွေကို လွှမ်းမိုးထိန်းချုပ်ထားတဲ့အရာကို ဆိုလိုတယ်။ လူတစ်ဦးရဲ့ ဘဝစံနှုန်းကိုဖော်ပြရာမှာလည်း ဒီအသုံးအနှုန်းကို အသုံးပြုတယ်လို့ စာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။

၁၀။ အပြစ်တရားနဲ့ သေခြင်းတရားအောက် ကျွန်ုပ်တို့ ဘယ်လိုကျရောက်နေသလဲ။

၁၀ တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏။” (ရော. ၅:၁၂) ကျွန်ုပ်တို့အားလုံးက အာဒံရဲ့သားမြေးတွေဖြစ်လို့ အပြစ်တရားနဲ့ သေခြင်းတရားအောက်မှာ ရှိနေကြတယ်။ ကျွန်ုပ်တို့ရဲ့ အပြစ်ရှိတဲ့သွေးသားက ဘုရားသခင်မကြိုက်တာကိုလုပ်ဖို့ အဆက်မပြတ်တွန်းအားပေးနေပြီး ဒါက သေခြင်းကို ဖြစ်စေတယ်။ ဂလာတိအသင်းတော်ကိုရေးတဲ့စာမှာ ပေါလုက ဒီလုပ်ရပ်နဲ့ အကျင့်စရိုက်ကို “လူ့ဇာတိနှင့်ဆိုင်သောအကျင့်များ” လို့ခေါ်ထားတယ်။ အဲဒီနောက် “ဤအရာများကို ပြုကျင့်သူတို့သည် ဘုရားသခင့်နိုင်ငံတော်ကို အမွေမခံရကြ” လို့ဆက်ပြောတယ်။ (ဂလ. ၅:၁၉-၂၁) ဒီလိုလူတွေက လူ့ဇာတိအတိုင်းလိုက်လျှောက်နေသူတွေဖြစ်တယ်။ (ရော. ၈:၄) သူတို့က သူတို့ရဲ့ မစုံလင်တဲ့သွေးသား လွှမ်းမိုးထိန်းချုပ်တဲ့အတိုင်း အသက်ရှင်ကြတယ်။ ဒါပေမဲ့ တရားမဝင်လိင်ဆက်ဆံတာ၊ အရုပ်ကိုးကွယ်တာ၊ ဝိညာဉ်ဆိုးတွေနဲ့ပတ်သက်တာ စတဲ့ကြီးလေးတဲ့အပြစ်ပြုသူတွေပဲ လူ့ဇာတိအတိုင်း လိုက်လျှောက်နေတဲ့သူတွေလား။ မဟုတ်ပါဘူး။ အသေးအဖွဲအားနည်းချက်လို့ တချို့သူတွေသတ်မှတ်တဲ့ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ ငြူစူခြင်း စတဲ့အကျင့်တွေလည်း လူ့ဇာတိနဲ့ဆိုင်တဲ့ အကျင့်တွေဖြစ်တယ်။ ဒါကြောင့် လူ့ဇာတိအတိုင်း လုံးလုံးမကျင့်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။

၁၁၊ ၁၂။ အပြစ်တရားနဲ့ သေခြင်းတရားကနေလွတ်မြောက်ဖို့ ယေဟောဝါ ဘာစီစဉ်ပေးခဲ့သလဲ၊ ဘုရားသခင့်မျက်နှာသာခံစားရဖို့ ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။

၁၁ အပြစ်တရားနဲ့ သေခြင်းတရားအောက်ကနေလွတ်မြောက်ဖို့ ယေဟောဝါအစီအစဉ် လုပ်ပေးထားတဲ့အတွက် တကယ်ဝမ်းသာစရာကောင်းပါတယ်။ ယေရှုဒီလိုပြောခဲ့တယ်– “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ၊ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏။” ဘုရားသခင်ကိုချစ်ကြောင်းဖော်ပြပြီး ယေရှုခရစ်ရဲ့ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်ကြောင်း တင်ပြခြင်းအားဖြင့် အမွေခံထားရတဲ့ အပြစ်ကြောင့် ပြစ်ဒဏ်စီရင်ခံရခြင်းကနေ လွတ်နိုင်တယ်။ (ယော. ၃:၁၆-၁၈) ဒါကြောင့် “ငါတို့သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပေ၏” လို့ ပေါလုပြောခဲ့သလို ကျွန်ုပ်တို့လည်း ပြောလိုကြမှာဖြစ်တယ်။

၁၂ ကျွန်ုပ်တို့ရဲ့အခြေအနေက အသည်းအသန်ဖျားနာနေလို့ ဆေးကုသမှုခံယူနေရတာနဲ့တူတယ်။ ကောင်းကောင်း ပြန်ကျန်းမာချင်တယ်ဆိုရင် ဆရာဝန်ပြောတဲ့အတိုင်း လုပ်ရမှာဖြစ်တယ်။ ရွေးနုတ်ဖိုးကိုယုံကြည်ကြောင်းတင်ပြခြင်းက အပြစ်တရားနဲ့သေခြင်းတရားအောက်ကနေ လွတ်မြောက်စေနိုင်ပေမဲ့ ကျွန်ုပ်တို့က မစုံလင်သူတွေ၊ အပြစ်ရှိသူတွေ ဖြစ်နေတုန်းပဲ။ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးဆက်ရှိနေဖို့နဲ့ ကိုယ်တော့်မျက်နှာသာ၊ ကောင်းချီးဆက်ခံစားရဖို့ အဲဒီထက်မကလိုတယ်။ မစုံလင်တဲ့အခြေအနေကနေ လွတ်မြောက်ချင်တယ်ဆိုရင် စွမ်းအားတော်အတိုင်း လိုက်လျှောက်ရမယ်လို့ ပေါလုပြောခဲ့တယ်။

စွမ်းအားတော်အတိုင်း လိုက်လျှောက်နိုင်ပုံ

၁၃။ စွမ်းအားတော်နဲ့လျှောက်လှမ်းတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။

၁၃ ကျွန်ုပ်တို့လမ်းလျှောက်တဲ့အခါ ကိုယ်သွားမယ့်နေရာတစ်ခုကိုဦးတည်ပြီး လျှောက်ကြတယ်။ ဒီလိုပဲ စွမ်းအားတော်နဲ့အညီလျှောက်လှမ်းခြင်းဆိုတာ အမှန်တရားမှာ တိုးတက်လာအောင် လုပ်ဆောင်ခြင်းဖြစ်တယ်၊ အမှားလုံးဝမလုပ်ဘူးလို့ ပြောတာမဟုတ်ဘူး။ (၁ တိ. ၄:၁၅) ကျွန်ုပ်တို့ဟာ တစ်ရက်ပြီးတစ်ရက် အစွမ်းရှိသမျှနဲ့ စွမ်းအားတော်ဦးဆောင်တဲ့အတိုင်း လျှောက်လှမ်း ဒါမှမဟုတ် အသက်ရှင်နေထိုင်ဖို့ ကြိုးစားရမှာဖြစ်တယ်။ ‘စွမ်းအားတော်ဖြင့်လျှောက်လှမ်း’ တာက ဘုရားသခင့်မျက်နှာသာရစေတယ်။—ဂလ. ၅:၁၆

၁၄။ “လူ့ဇာတိသဘောရှိသူ” တွေဟာ ဘယ်လိုတွေးတော၊ ပြုမူကြသလဲ။

၁၄ ရောမအသင်းတော်ကိုရေးတဲ့စာမှာ ပေါလုက စိတ်သဘောထားမတူတဲ့ လူနှစ်မျိုးနှစ်စားအကြောင်း ပြောပြန်တယ်။ (ရောမ ၈:၅ ကိုဖတ်ပါ; အောက်ခြေမှတ်ချက်ကိုကြည့်ပါ။) ဒီမှာဖော်ပြထားတဲ့ “လူ့ဇာတိ” ဆိုတာက အသွေးအသားခန္ဓာကို ဆိုလိုတာမဟုတ်ဘူး။ တစ်ခါတလေ သမ္မာကျမ်းစာမှာပါတဲ့ “လူ့ဇာတိ” ဆိုတဲ့စကားလုံးက ကျွန်ုပ်တို့ရဲ့ မစုံလင်မှုကို ရည်ညွှန်းတယ်။ ပေါလုအစပိုင်းမှာဖော်ပြခဲ့သလိုပဲ ဒီမစုံလင်မှုက ကိုယ်အင်္ဂါနဲ့ စိတ်အလိုဆန္ဒကို ဆိုင်ပြိုင်တိုက်လှန်စေတယ်။ ပေါလုက လူ့ဇာတိ ဒါမှမဟုတ် မစုံလင်မှုကို တိုက်လှန်တယ်။ ဒါပေမဲ့ “လူ့ဇာတိသဘောရှိသူ” တွေက ပေါလုလို မတိုက်လှန်ကြဘူး။ အဲဒီအစား ဘုရားသခင့်တောင်းဆိုရာတွေကို ထည့်မစဉ်းစား၊ ဘုရားသခင်ပြင်ဆင်ပေးတဲ့ အကူအညီကိုလက်မခံဘဲ “လူ့ဇာတိနှင့်ဆိုင်သောအရာများကို စိတ်စွဲလမ်း” ကြတယ်။ များသောအားဖြင့် သူတို့ရဲ့ကိုယ်အင်္ဂါနဲ့ သွေးသားဆန္ဒတွေကိုဖြည့်ဆည်းဖို့ပဲ အာရုံစိုက်ကြတယ်။ ဒါပေမဲ့ “စွမ်းအားတော်နှင့်အညီ” ပြုမူသူတွေကတော့ ယေဟောဝါရဲ့လမ်းညွှန်မှုကို လိုက်နာကြတယ်။

၁၅၊ ၁၆။ (က) တစ်စုံတစ်ခုအပေါ် ကျွန်ုပ်တို့ စိတ်ရောက်နေခြင်းက ကျွန်ုပ်တို့ရဲ့အတွေးအပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ။ (ခ) ဒီနေ့လူအများစုက ဘာတွေကိုပဲ စိတ်ဝင်စားကြသလဲ။

၁၅ ရောမ ၈:၆ ကိုဖတ်ပါ။ တစ်စုံတစ်ဦးဟာ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် တစ်ခုခုကိုမလုပ်ခင်မှာ အရင်ဆုံး အဲဒီအရာပေါ် စိတ်ရောက်နေတယ်။ လူ့ဇာတိနဲ့ဆိုင်တဲ့အရာတွေအပေါ် အမြဲတစေစိတ်ရောက်နေမယ်ဆိုရင် ရလဒ်အနေနဲ့ လူ့ဇာတိနဲ့ဆိုင်တဲ့အရာတွေကိုပဲ လုပ်ချင်လာမှာဖြစ်တယ်။ သူတို့ရဲ့ အတွေးတွေ၊ စိတ်ဝင်စားရာတွေနဲ့ ခံစားချက်တွေမှာ ဒီအရာတွေကပဲ လုံးလုံးလွှမ်းမိုးနေမှာဖြစ်တယ်။

၁၆ ဒီနေ့ လူများစွာဟာ ဘယ်အရာတွေကိုပဲ စိတ်ဝင်စားကြသလဲ။ တမန်တော်ယောဟန် ဒီလိုရေးခဲ့တယ်– “သွေးသားတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကစည်းစိမ်၌ ဝါကြွားခြင်းတည်းဟူသော လောက၌ရှိသမျှသောအရာတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်။ လောကနှင့်သာ စပ်ဆိုင်၏။” (၁ ယော. ၂:၁၆) ဒီတပ်မက်မှုတွေထဲမှာ ကိုယ်ကျင့်တရားပျက်ပြားတာ၊ ထင်ပေါ်ကျော်ကြားလိုတာ၊ ရုပ်ပစ္စည်းများစွာပိုင်ဆိုင်လိုတာတွေ ပါဝင်တယ်။ စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ရုပ်ရှင်၊ တီဗီအစီအစဉ်တွေနဲ့ အင်တာနက်မှာလည်း တစ်ချိန်လုံး ဒါတွေချည်းပဲဖြစ်နေတယ်၊ အကြောင်းကတော့ လူများစွာဟာ ဒါတွေကိုပဲ တမ်းတမ်းစွဲနေကြပြီး ဒီအရာတွေအပေါ်မှာပဲ စိတ်ရောက်နေကြတယ်။ ဒါပေမဲ့ “လူ့ဇာတိနှင့်ဆိုင်သောအရာများကို စိတ်စွဲလမ်းခြင်းသည် သေခြင်း” ကိုဖြစ်စေတဲ့အတွက် ဒါက အခုအချိန်မှာ ဘုရားသခင်နဲ့ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ထိခိုက်စေနိုင်ပြီး အနာဂတ်မှာတော့ ကျွန်ုပ်တို့ရဲ့အသက်ကို ပျက်စီးဆုံးရှုံးစေနိုင်တယ်။ ဘာကြောင့်လဲ။ “အဘယ်ကြောင့်ဆိုသော် လူ့ဇာတိနှင့်ဆိုင်သောအရာများကို စိတ်စွဲလမ်းခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ဖြစ်၏။ ဘုရားသခင်၏တရားတော်ကို မနာခံတတ်။ နာခံနိုင်စွမ်းလည်း မရှိ။ ထို့ကြောင့် လူ့ဇာတိသဘောအတိုင်း ကျင့်သောသူတို့သည် ဘုရားသခင်၏စိတ်တော်နှင့် မတွေ့နိုင်ကြ။”—ရော. ၈:၇၊ ၈

၁၇၊ ၁၈။ စွမ်းအားတော်နဲ့စပ်ဆိုင်ရာတွေကို ဘယ်လို စိတ်စွဲလမ်းနိုင်သလဲ၊ အဲဒီလိုလုပ်မယ်ဆိုရင် ဘာအကျိုးရမလဲ။

၁၇ ဆန့်ကျင်ဘက်အနေနဲ့ “စွမ်းအားတော်နှင့်စပ်ဆိုင်ရာများကို စိတ်စွဲလမ်းခြင်းမူကား အသက်ရှင်ခြင်းနှင့် ငြိမ်သက်ခြင်း” ဖြစ်တဲ့အတွက် အနာဂတ်မှာ ထာဝရအသက်ရမယ့်အပြင် အခုအချိန်မှာ စိတ်ငြိမ်သက်မှုရရှိပြီး ဘုရားသခင်နဲ့ ငြိမ်သက်တဲ့ဆက်ဆံရေးရှိမှာဖြစ်တယ်။ “စွမ်းအားတော်နှင့်စပ်ဆိုင်ရာများ” ကို ကျွန်ုပ်တို့ ဘယ်လိုစွဲလမ်းနိုင်သလဲ။ ဘုရားသခင်နဲ့ ကိုယ်တော့်သန့်ရှင်းသောစွမ်းအားတော်ရဲ့ လမ်းပြမှုကို အမြဲလိုက်နာပြီး စွမ်းအားတော်နဲ့သက်ဆိုင်တဲ့ သဘောထားတွေ၊ အလိုဆန္ဒတွေကို မွေးမြူရမှာဖြစ်တယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ကျွန်ုပ်တို့က ‘ဘုရားသခင်၏တရားတော်ကိုနာခံ’ တတ်လာပြီး ကိုယ်တော့်စိတ်တော်နဲ့တွေ့လာမယ်။ သွေးဆောင်မှုကြုံရတဲ့အခါ ဘာလုပ်ရမယ်ဆိုတာ သိလာမှာဖြစ်တယ်။ မှန်ရာကိုလုပ်လိုတဲ့ဆန္ဒရှိလာပြီး စွမ်းအားတော်နဲ့အညီ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ လှုံ့ဆော်ခံရမှာဖြစ်တယ်။

၁၈ ဒါကြောင့် ကျွန်ုပ်တို့က စွမ်းအားတော်နဲ့စပ်ဆိုင်ရာများကို စိတ်စွဲလမ်းနေဖို့ အရေးကြီးတယ်။ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ရှုလေ့လာခြင်း၊ အစည်းအဝေးတက်ခြင်းနဲ့ သတင်းကောင်းဟောပြောခြင်းတွေမှာ ‘အားသွန်ခွန်စိုက်လုပ်ဆောင်ရန် စိတ်ကိုပြင်ဆင်ထား’ ခြင်းအားဖြင့် စွမ်းအားတော်နဲ့စပ်ဆိုင်ရာတွေကို စိတ်စွဲလမ်းနေရမှာဖြစ်တယ်။ (၁ ပေ. ၁:၁၃) လူ့ဇာတိနဲ့ဆိုင်တဲ့အရာတွေကြောင့် အာရုံပျံ့လွင့်နေမယ့်အစား စွမ်းအားတော်နဲ့စပ်ဆိုင်ရာများကို စိတ်စွဲလမ်းကြစို့။ ဒါမှသာ စွမ်းအားတော်နဲ့အညီ လျှောက်လှမ်းနိုင်ကြမှာဖြစ်တယ်။ အဲဒီလိုလုပ်မယ်ဆိုရင် အသက်နဲ့ငြိမ်သက်ခြင်း ကောင်းချီးခံစားရမှာဖြစ်တယ်။—ဂလ. ၆:၇၊ ၈

သင် ရှင်းပြနိုင်သလား

• “ပညတ်တရားမစွမ်းဆောင်နိုင်သောအမှု” က ဘာလဲ၊ ဒါကို ဘုရားသခင် ဘယ်လိုပြီးမြောက်အောင်မြင်စေခဲ့သလဲ။

• “အပြစ်တရားနှင့် သေခြင်းတရား” ဆိုတာ ဘာလဲ၊ အဲဒီကနေ ကျွန်ုပ်တို့ ဘယ်လိုလွတ်မြောက်နိုင်သလဲ။

• “စွမ်းအားတော်နှင့်စပ်ဆိုင်ရာများကို စိတ်စွဲလမ်း” ဖို့ ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၂၊ ၁၃ ပါ ရုပ်ပုံ]

သင်က လူ့ဇာတိနဲ့ဆိုင်တဲ့အရာတွေရဲ့ လွှမ်းမိုးထိန်းချုပ်မှုကို ခံနေသလား၊ ဘုရားသခင့်စွမ်းအားတော်ရဲ့လမ်းညွှန်မှုအတိုင်း လျှောက်လှမ်းနေသလား