မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ယေရှုခရစ် နှက်တိုင်တင်ခံရတဲ့အချိန်ကို အတိအကျပြောနိုင်မလား။

ယေရှုသေခြင်းအကြောင်းမှတ်တမ်းတင်တဲ့ ခရစ်ဝင်ကျမ်းရေးသူ မာကုနဲ့ တမန်တော်ယောဟန်ရဲ့ ကျမ်းမှတ်တမ်းက ကွဲပြားနေပုံရလို့ ဒီမေးခွန်းပေါ်လာခြင်းဖြစ်တယ်။ မာကုက “သုံးနာရီခန့်တွင် ကိုယ်တော်ကို သစ်တိုင်ပေါ်တင်ကြ၏” လို့ရေးတယ်။ (မာ. ၁၅:၂၅) ယောဟန်ကတော့ ယေရှုကို နှက်တိုင်တင်ဖို့ ဂျူးတွေလက်ထဲ ပိလတ်မင်း အပ်လိုက်တဲ့အချိန်က “ခြောက်နာရီခန့်” လို့ပြောတယ်။ (ယော. ၁၉:၁၄-၁၆) ကျမ်းစာကိုအနက်ဖွင့်တဲ့သူတွေက ဒီဆန့်ကျင်ကွဲလွဲချက်ကို ဖြေရှင်းဖို့ အမျိုးမျိုးရှင်းပြကြတယ်။ ဒါပေမဲ့ ဒီမှတ်တမ်းနှစ်ခုရဲ့ ကွဲလွဲချက်ကိုရှင်းပြဖို့ လုံလောက်တဲ့ကျမ်းစာမှတ်တမ်းမရှိဘူး။ ဒါပေမဲ့ အဲဒီခေတ်တုန်းက အချိန်တွက်ချက်ပုံကို သုံးသပ်ခြင်းက အထောက်အကူဖြစ်နိုင်တယ်။

ခရစ်နှစ် ပထမရာစုမှာ ဂျူးတွေက နေ့အချိန်အပိုင်းအခြားကို ၁၂ နာရီသတ်မှတ်ပြီး နေထွက်ချိန်ကနေ စရေတွက်တယ်။ (ယော. ၁၁:၉) “သုံးနာရီ” ဆိုတာက မနက် ရှစ်နာရီကနေ ကိုးနာရီကြားဖြစ်ပြီး “ခြောက်နာရီ” ကတော့ မနက် ဆယ့်တစ်နာရီကနေ မွန်းတည့်ဆယ့်နှစ်နာရီကြားဖြစ်တယ်။ ဒါပေမဲ့ တစ်နှစ်တာအတွင်း နေထွက်ချိန်၊ နေဝင်ချိန်တွေနဲ့ နေ့တာအတိုအရှည်တွေက ရာသီအလိုက်ကွာခြားတယ်။ ဒါ့အပြင် နေ့ဘက်နာရီတွက်တဲ့အခါ နေရဲ့တည်နေရာပေါ်မူတည်ပြီး သတ်မှတ်တယ်။ ဒါကြောင့် အချိန်တွေကို အနီးစပ်ဆုံးဖော်ပြခဲ့တယ်။ ခရစ်ယာန်ဂရိကျမ်းတွေမှာတော့ အဖြစ်အပျက်တွေဖြစ်တဲ့အချိန်ကို ဖော်ပြရာမှာ များသောအားဖြင့် သုံးနာရီ၊ ခြောက်နာရီ၊ ကိုးနာရီလို့ဖော်ပြပြီး အဓိပ္ပာယ်ကတော့ အဲဒီအချိန်လောက်မှာဖြစ်တယ်လို့ ဆိုလိုတယ်။ (မ. ၂၀:၃၊ ၅; တ. ၁၀:၃၊ ၉၊ ၃၀) အဖြစ်အပျက်နဲ့ဆက်နွှယ်ပြီး အချိန်ကိုပြောဖို့ အရေးကြီးမှသာ “ခုနစ်နာရီ” လို့ တိတိကျကျဖော်ပြတယ်။—ယော. ၄:၅၂

ယေရှုရဲ့မြေကြီးအသက်တာ နောက်ဆုံးနေ့မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေရဲ့ အချိန်နဲ့ပတ်သက်ပြီး ခရစ်ဝင်ကျမ်းမှတ်တမ်းတွေက ညီညွတ်မှုရှိပါတယ်။ လေးကျမ်းစလုံးက ယဇ်ပုရောဟိတ်တွေနဲ့ လူကြီးတွေဟာ နံနက်မှာတွေ့ဆုံစည်းဝေးကြပြီး ယေရှုကို ရောမဘုရင်ခံ ပုန္တိပိလတ်လက် အပ်လိုက်တယ်လို့ ဖော်ပြတယ်။ (မ. ၂၇:၁; မာ. ၁၅:၁; လု. ၂၂:၆၆; ယော. ၁၈:၂၈) မဿဲ၊ မာကုနဲ့ လုကာက ယေရှုနှက်တိုင်ပေါ်တင်ခံရတဲ့အချိန် ခြောက်နာရီကစပြီး “ကိုးနာရီတိုင်အောင်” အမှောင်ထုဖုံးလွှမ်းသွားတယ်လို့ ဖော်ပြတယ်။—မ. ၂၇:၄၅၊ ၄၆; မာ. ၁၅:၃၃၊ ၃၄; လု. ၂၃:၄၄

ယေရှု နှက်တိုင်တင်ခံရတဲ့အချိန်ကို ဖော်ပြရာမှာ ထည့်စဉ်းစားနိုင်တဲ့အချက်တစ်ချက်က ကြာပွတ်နဲ့ရိုက်ခံရတာကို နှက်တိုင်တင်ခံရတဲ့ဖြစ်စဉ်မှာ ထည့်တွက်တယ်ဆိုတဲ့အချက်ဖြစ်တယ်။ ကြာပွတ်နဲ့ရိုက်တာက ပြင်းထန်တဲ့အတွက် တစ်ခါတလေ ရာဇဝတ်သားက အဲဒီမှာပဲ သေဆုံးသွားတယ်။ ယေရှုအခြေအနေကတော့ ကိုယ်တော်ရဲ့နှက်တိုင်ကို ကိုယ်တိုင်မထမ်းနိုင်တော့လို့ တခြားသူကို ထမ်းခိုင်းရတဲ့အထိ ပြင်းထန်တယ်။ (လု. ၂၃:၂၆; ယော. ၁၉:၁၇) တချို့က ကြာပွတ်နဲ့ရိုက်တဲ့အချိန်ကို နှက်တိုင်တင်ခံရတဲ့အချိန်လို့ ယူတယ်၊ တချို့က တကယ်နှက်တိုင်တင်ခံရတဲ့အချိန်ကို ယူတယ်။ ဒါကြောင့် နှက်တိုင်တင်ခံရတာကို မှတ်တမ်းတင်သူတွေရဲ့ သတ်မှတ်ချက်ပေါ်မူတည်ပြီး မတူညီတဲ့အချိန်ကို ဖော်ပြကြမှာဖြစ်တယ်။

တမန်တော်ယောဟန်က တခြားခရစ်ဝင်ကျမ်းတွေရေးပြီး အနှစ်လေးဆယ်၊ ငါးဆယ်လောက်မှ သူ့ရဲ့ကျမ်းကို ရေးခဲ့တာဖြစ်တယ်။ ဒါကြောင့် အဲဒီမှတ်တမ်းတွေကို သူရရှိခဲ့မှာဖြစ်တယ်။ ယောဟန်က မာကုဖော်ပြခဲ့တဲ့အချိန်နဲ့ မတူတဲ့အချိန်ကို ဖော်ပြခဲ့တာမှန်ပါတယ်။ ဒီအချက်က ယောဟန်ဟာ မာကုရဲ့မှတ်တမ်းကို ကူးချခဲ့တာမဟုတ်ဘူးဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားဖြစ်တယ်။ ယောဟန်ရော မာကုပါ ဘုရားသခင့်စွမ်းအားတော်တိုက်တွန်းမှုနဲ့ ရေးခဲ့ကြတာဖြစ်တယ်။ ကွာခြားချက်တွေကိုရှင်းပြဖို့ လုံလောက်တဲ့ ကျမ်းစာအချက်အလက်မရှိပေမဲ့ ခရစ်ဝင်ကျမ်းတွေကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါတယ်။