မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆိုးညစ်တဲ့လောကအလယ်မှာ “ခေတ္တနေထိုင်သူများ”

ဆိုးညစ်တဲ့လောကအလယ်မှာ “ခေတ္တနေထိုင်သူများ”

ဆိုးညစ်တဲ့လောကအလယ်မှာ “ခေတ္တနေထိုင်သူများ”

‘ထိုသူအပေါင်းတို့သည် ယုံကြည်ခြင်းအားဖြင့် ထိုပြည်တွင် သူစိမ်းများ၊ ခေတ္တနေထိုင်သူများဖြစ်ကြောင်း ဝန်ခံကြ၏။’—ဟေဗြဲ ၁၁:၁၃

၁။ လောကမှာရှိတဲ့ မိမိရဲ့နောက်လိုက်တွေနဲ့ပတ်သက်ပြီး ယေရှု ဘာပြောခဲ့သလဲ။

ယေရှုက​ မိမိတပည့်တွေနဲ့ပတ်သက်ပြီး “ဤသူတို့မူကား ဤလောက၌ ရှိနေရစ်ပါမည်” လို့ ပြောခဲ့တယ်။ ဒါပေမဲ့ “ကျွန်ုပ်သည် ဤလောကနှင့်မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း လောကနှင့်မသက်ဆိုင်” လို့လည်း ကိုယ်တော်ရှင်းပြခဲ့တယ်။ (ယော. ၁၇:၁၁၊ ၁၄) မိမိနောက်လိုက်စစ်တွေက စာတန်ချုပ်ကိုင်ထားတဲ့ “ဤလောကစနစ်” ကို ဘယ်လိုရှုမြင်ရမယ်ဆိုတာ ယေရှု ရှင်းရှင်းလင်းလင်းဖော်ပြခဲ့တယ်။ (၂ ကော. ၄:၄) သူတို့က ဒီဆိုးညစ်တဲ့လောကအလယ်မှာ အသက်ရှင်နေကြပေမဲ့ လောကနဲ့သက်ဆိုင်ကြမှာ မဟုတ်ဘူး။ ဒီစနစ်မှာ သူတို့က “တိုင်းတစ်ပါးဧည့်သည်များ” သာဖြစ်ကြတယ်။—၁ ပေ. ၂:၁၁

“ခေတ္တနေထိုင်သူများ” အဖြစ်အသက်ရှင်ခဲ့ကြ

၂၊ ၃။ ဧနောက်၊ နောဧ၊ အာဗြဟံနဲ့စာရာတို့က “သူစိမ်းများ၊ ခေတ္တနေထိုင်သူများ” အဖြစ်အသက်ရှင်ခဲ့တယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။

အစောပိုင်းအချိန်ကတည်းကစပြီး ယေဟောဝါရဲ့ တည်ကြည်တဲ့ကျေးကျွန်တွေဟာ ဆိုးညစ်တဲ့လောကမှာရှိတဲ့ တခြားသူတွေနဲ့မတူဘဲ တစ်မူကွဲပြားခဲ့ကြတယ်။ ရေလွှမ်းမိုးဘေးမတိုင်မီမှာ ဧနောက်နဲ့ နောဧက “ဘုရားသခင်ရဲ့လမ်းစဉ်အတိုင်း ဆက်လျှောက်လှမ်း” ခဲ့ကြတယ်။ (က. ၅:၂၂-၂၄; ၆:၉ကဘ) သူတို့နှစ်ဦးစလုံးက စာတန့်ဆိုးညစ်တဲ့လောကအပေါ် ကျရောက်တော့မယ့် ယေဟောဝါရဲ့တရားစီရင်ချက်ကို ရဲရဲဝံ့ဝံ့ ဟောပြောခဲ့ကြတယ်။ (၂ ပေတရု ၂:၅; ယုဒ ၁၄၊ ၁၅ တို့ကိုဖတ်ပါ။) သူတို့က ဆိုးညစ်တဲ့လောကမှာ ဘုရားသခင်နဲ့အတူ လျှောက်လှမ်းခဲ့ကြတဲ့အတွက် ဧနောက်ဟာ “ဘုရားသခင်နှစ်သက်သောသူ” ဖြစ်ခဲ့ပြီး နောဧကတော့ “သူနဲ့တစ်ခေတ်တည်းသားတွေထဲမှာ အမှားကင်းသူ” ဖြစ်ခဲ့တယ်။—ဟေဗြဲ ၁၁:၅; က. ၆:၉ကဘ။

ဘုရားသခင်ရဲ့ဖိတ်ခေါ်ချက်အရ အာဗြဟံနဲ့စာရာဟာ ခါလဒဲပြည်၊ ဥရမြို့မှာ စည်းစိမ်ချမ်းသာနဲ့နေရတဲ့ဘဝကိုစွန့်ပြီး တိုင်းတစ်ပါးမှာ အခြေတကျမရှိ လှည့်လည်နေထိုင်ရမယ့်ဘဝကို တလိုတလား လက်ခံခဲ့တယ်။ (က. ၁၁:၂၇၊ ၂၈; ၁၂:၁) တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– “အာဗြဟံသည် အမွေအဖြစ်ရရှိမည့်နေရာသို့သွားရန် ခေါ်တော်မူခြင်းခံရသောအခါ ယုံကြည်ခြင်းအားဖြင့် နာခံခဲ့၏။ မည်သည့်နေရာသို့သွားရမည်ကို မသိသော်လည်း ထွက်သွားလေ၏။ တိုင်းတစ်ပါးတွင်နေသကဲ့သို့ ကတိထားရာပြည်တွင် ယုံကြည်ခြင်းအားဖြင့် ဧည့်သည်အဖြစ်နေ၏။ ထိုကတိတော်ကို အမွေခံဖက်များဖြစ်သော ဣဇာက်၊ ယာကုပ်တို့နှင့်အတူ တဲများ၌နေလေ၏။” (ဟေဗြဲ ၁၁:၈၊ ၉) ယေဟောဝါရဲ့ ဒီတည်ကြည်တဲ့ကျေးကျွန်တွေနဲ့ပတ်သက်ပြီး ပေါလုဒီလိုပြောခဲ့တယ်– “ထိုသူအပေါင်းတို့သည် ကတိထားရာများကို မရခဲ့ကြသော်လည်း အဝေးမှမြော်မြင်လျက်၊ ဝမ်းသာစွာကြိုဆိုလျက် ယုံကြည်ခြင်းအားဖြင့် သေလွန်ကြ၏။ မိမိတို့သည် ထိုပြည်တွင် သူစိမ်းများ၊ ခေတ္တနေထိုင်သူများဖြစ်ကြောင်း ဝန်ခံကြ၏။”—ဟေဗြဲ ၁၁:၁၃

အစ္စရေးလူမျိုးအတွက် သတိပေးချက်

၄။ အစ္စရေးလူမျိုး ပြည်တော်မှာ အခြေမချခင် ဘယ်သတိပေးချက်ရခဲ့သလဲ။

အာဗြဟံရဲ့သားမြေးတွေဖြစ်တဲ့ အစ္စရေးလူမျိုးဟာ တဖြည်းဖြည်းတိုးများလာပြီး နောက်ဆုံးမှာ နယ်မြေတစ်ခု၊ ပညတ်ဥပဒေပေါင်းစုတစ်ခုနဲ့ ဖွဲ့စည်းထားတဲ့ လူမျိုးတစ်မျိုးဖြစ်လာတယ်။ (က. ၄၈:၄; တရား. ၆:၁၊ ၂) သူတို့နယ်မြေရဲ့ပိုင်ရှင်က ယေဟောဝါဖြစ်တယ်ဆိုတာကို အစ္စရေးလူမျိုး ဘယ်တော့မှ မမေ့ရဘူး။ (ဝတ်. ၂၅:၂၃) သူတို့က မြေပိုင်ရှင်ရဲ့တောင်းဆိုချက်တွေကို လေးစားလိုက်နာရတဲ့ မြေငှားတွေနဲ့တူတယ်။ ဒါ့အပြင် “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရသည်မဟုတ်” ဆိုတဲ့အချက်ကိုလည်း သူတို့ သတိရ,ရမှာဖြစ်တယ်။ စည်းစိမ်ဥစ္စာတွေတိုးပွားလာလို့ ယေဟောဝါကို မေ့လျော့သွားတာမျိုး မဖြစ်ရဘူး။ (တရား. ၈:၁-၃) အစ္စရေးလူမျိုး ပြည်တော်မှာ အခြေမချခင် ဒီသတိပေးချက် ရရှိခဲ့တယ်– ‘သင်မတည်သော မြို့ကြီးမြို့မြတ်တို့ကိုလည်းကောင်း၊ သင်မဖြည့်ဘဲ ကောင်းသောအရာနှင့်ပြည့်သော အိမ်တို့ကိုလည်းကောင်း၊ သင်မတူးသောရေတွင်းတို့ကိုလည်းကောင်း၊ သင်မစိုက်မပျိုးသော စပျစ်ဥယျာဉ်နှင့် သံလွင်ပင်တို့ကိုလည်းကောင်း သင့်အားပေးခြင်းငှာ သင်၏အဘ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်သို့ သင်၏ဘုရားသခင် ယေဟောဝါသည် သင့်ကိုဆောင်သွင်းတော်မူ၍ သင်သည် ဝစွာစားလျက်နေရသောအခါ၊ ကျွန်ခံနေရာအဲဂုတ္တုပြည်မှ သင့်ကိုကယ်နုတ်ဆောင်ယူခဲ့သော ယေဟောဝါကို မမေ့လျော့မည်အကြောင်း ကိုယ်ကိုယ်ကိုယ်သတိပြုလော့။’—တရား. ၆:၁၀-၁၂

၅။ အစ္စရေးလူမျိုးကို ယေဟောဝါ ဘာကြောင့် ငြင်းပယ်ခဲ့သလဲ၊ သူတို့နေရာမှာ ဘယ်သူ့ကို အစားထိုးခဲ့သလဲ။

အစ္စရေးလူတွေဟာ ယေဟောဝါရဲ့သတိပေးချက်ကို နားမထောင်ခဲ့ကြဘူး။ ကတိထားရာပြည်ဝင်ပြီးနောက် ဖြစ်ပျက်ခဲ့တာတွေကို နေဟမိခေတ်က လေဝိသားတစ်စု ရှက်ရွံ့စိတ်နဲ့ ပြန်ပြောဆိုခဲ့ကြတယ်။ အစ္စရေးလူတွေဟာ အိမ်ကြီးအိမ်ကောင်းတွေမှာ နေထိုင်ပြီး စားစရာ၊ သောက်စရာတွေ အလျှံပယ်ရှိလာတဲ့အခါ “ဝစွာစားသောက်လျက်၊ အသားဆူဖြိုး” ပြီး သူတို့ဘဝကိုသူတို့ အကျေနပ်ကြီးကျေနပ်လာကြတယ်။ ဘုရားသခင်ကိုဆန့်ကျင်ပုန်ကန်ပြီး သူတို့ကိုသတိပေးဖို့ စေလွှတ်လိုက်တဲ့ပရောဖက်တွေကိုတောင် သတ်ပစ်လိုက်ကြတယ်။ ဒါကြောင့် ယေဟောဝါက သူတို့ကို ရန်သူတွေလက်ထဲ အပ်လိုက်တယ်။ (နေဟမိ ၉:၂၅-၂၇ ကိုဖတ်ပါ; ဟော. ၁၃:၆-၉) နောက်ပိုင်း ရောမအုပ်စိုးမှုအောက်မှာ သစ္စာမဲ့တဲ့ဂျူးတွေက မေရှိယကိုတောင် သတ်ပစ်လိုက်ခြင်းအားဖြင့် ကမ်းကုန်အောင် မိုက်ခဲ့ကြတယ်။ ဒါကြောင့် ယေဟောဝါက သူတို့ကို ငြင်းပယ်ပြီး သူတို့နေရာမှာ လူမျိုးသစ်ဖြစ်တဲ့ “ဘုရားသခင်၏ အစ္စရေးလူမျိုး” ကို အစားထိုးခဲ့တယ်။—ဂလ. ၆:၁၆; မ. ၂၁:၄၃; တ. ၇:၅၁၊ ၅၂

“လောကနှင့်မသက်ဆိုင်”

၆၊ ၇။ (က) လောကမှာနေထိုင်တဲ့ မိမိနောက်လိုက်တွေရဲ့ အနေအထားနဲ့ပတ်သက်ပြီး ပြောခဲ့တဲ့ယေရှုရဲ့စကားကို သင်ဘယ်လိုရှင်းပြမလဲ။ (ခ) ခရစ်ယာန်စစ်တွေဟာ စာတန့်စနစ်နဲ့ မပတ်သက်ကြောင်း ပေတရု ဘယ်လိုဖော်ပြခဲ့သလဲ။

ဒီဆောင်းပါးရဲ့အစပိုင်းမှာ ဖော်ပြခဲ့တဲ့အတိုင်း ခရစ်ယာန်အသင်းတော်ရဲ့ဦးခေါင်း ယေရှုခရစ်က မိမိနောက်လိုက်တွေဟာ ဆိုးညစ်တဲ့ စာတန့်လောကနဲ့ ကင်းကင်းရှင်းရှင်းနေကြမယ်လို့ ရှင်းရှင်းလင်းလင်းပြောခဲ့တယ်။ ယေရှုမသေဆုံးမီလေးမှာ တပည့်တွေကို ဒီလိုပြောခဲ့တယ်– “သင်တို့သည် ဤလောကနှင့်သက်ဆိုင်လျှင် လောကသည် မိမိနှင့်ဆိုင်သော သင်တို့ကို ချစ်လိမ့်မည်။ ယခုမူကား သင်တို့သည် ဤလောကနှင့်မသက်ဆိုင်၊ ဤလောကထဲက ငါရွေးကောက်ထားသောကြောင့် လောကသည် သင်တို့ကိုမုန်း၏။”—ယော. ၁၅:၁၉

နောက်ပိုင်း ခရစ်ယာန်ဘာသာပျံ့နှံ့လာပြီး ခရစ်ယာန်တွေဟာ ရောမအင်ပါယာရဲ့နေရာဒေသအနှံ့မှာ နေထိုင်ခဲ့ကြတယ်။ သူတို့ဟာ ပတ်ဝန်းကျင်ကလူတွေရဲ့ အကျင့်စရိုက်တွေအတိုင်း လိုက်မကျင့်ဘဲ လောကနဲ့သီးခြားနေခဲ့ကြတယ်။ ဘယ်နေရာမှာပဲရှိပါစေ စာတန့်စနစ်နဲ့ ကွဲပြားခြားနားစွာ နေထိုင်ခဲ့ကြတယ်။ ခရစ်တော်သေဆုံးပြီး အနှစ် ၃၀ ခန့်ကြာတဲ့အခါ တမန်တော်ပေတရုက ရောမလက်အောက်ခံနယ်မြေအသီးသီးမှာနေထိုင်တဲ့ ခရစ်ယာန်တွေကို ဒီလိုရေးခဲ့တယ်– “ချစ်ရသောသူတို့၊ တိုင်းတစ်ပါးဧည့်သည်များအနေဖြင့် သင်တို့နှင့် ဆိုင်ပြိုင်တိုက်လှန်လျက်ရှိသော သွေးသားဆန္ဒများကို ကြဉ်ရှောင်ရန် ငါတိုက်တွန်းပါ၏။ လောကရှိ လူများရှေ့တွင် ကောင်းမွန်စွာကျင့်ကြံလျက် နေကြလော့။”—၁ ပေ. ၁:၁; ၂:၁၁၊ ၁၂

၈။ သမိုင်းပညာရှင်တစ်ဦးက အစောပိုင်းခရစ်ယာန်တွေနဲ့ လောကရဲ့ဆက်ဆံရေးအကြောင်း ဘာပြောခဲ့သလဲ။

အစောပိုင်းခရစ်ယာန်တွေဟာ ရောမအင်ပါယာ လက်အောက်မှာ “တိုင်းတစ်ပါးဧည့်သည်များ” အနေနဲ့ နေထိုင်ခဲ့ကြကြောင်း သမိုင်းပညာရှင် ကက်နက် စကော့ လတိုးရက်က ဒီလိုရေးခဲ့တယ်– “ခရစ်ယာန်ဘာသာတည်ထောင်ပြီး အနှစ်သုံးရာအတွင်းမှာ ခရစ်ယာန်တွေဟာ နှိပ်စက်ညှဉ်းပန်းမှုတွေ တောက်လျှောက်ခံခဲ့ရပြီး များသောအားဖြင့် ပြင်းထန်တယ်။ . . . သူတို့တွေဟာ အမျိုးမျိုးစွပ်စွဲခံခဲ့ကြရတယ်။ အယူမှားဝတ်ပြုရေး ပွဲလမ်းသဘင်တွေမှာ မပါဝင်ကြတဲ့အတွက် သူတို့ကို ဘုရားသခင်မဲ့ဝါဒီတွေလို့ သမုတ်ခဲ့ကြတယ်။ အယူမှားယုံကြည်ချက်တွေ၊ ထုံးတမ်းဓလေ့တွေနဲ့ အကျင့်ယိုယွင်းမှုတွေ ပြည့်နေတဲ့အယူမှားပွဲတော်တွေ၊ ပျော်ပွဲရွှင်ပွဲတွေကို သူတို့ရှောင်ကြဉ်ကြတဲ့အတွက် သူတို့ကို လူသားမျိုးနွယ်ကို မုန်းတီးသူတွေဆိုပြီး ကဲ့ရဲ့ပြောင်လှောင်ခဲ့ကြတယ်။”

လောကကို အပြည့်အဝမသုံးကြ

၉။ ကျွန်ုပ်တို့ဟာ “လူသားမျိုးနွယ်ကို မုန်းတီးသူတွေ” မဟုတ်ကြောင်း ဘယ်လိုပြသကြသလဲ။

ဒီနေ့ အခြေအနေကော ဘယ်လိုရှိလဲ။ “ဆိုးညစ်သောဤလောကစနစ်” အပေါ် အစောပိုင်းခရစ်ယာန်တွေ ပြသတဲ့သဘောထားကို ကျွန်ုပ်တို့ ဆက်ပြသကြတယ်။ (ဂလ. ၁:၄) ဒီလိုလုပ်လို့ ကျွန်ုပ်တို့က အများစုရဲ့အထင်မှားမှုကိုခံရပြီး တချို့သူတွေရဲ့ မုန်းတီးမှုကိုတောင် ခံကြရတယ်။ တကယ်တော့ ကျွန်ုပ်တို့ဟာ “လူသားမျိုးနွယ်ကို မုန်းတီးသူတွေ” မဟုတ်ကြပါဘူး။ လူသားချင်းကိုချစ်တဲ့အတွက် ‘ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း’ ကို လူတိုင်းကြားသိစေဖို့ အိမ်တိုင်းကိုသွားဖို့ ကြိုးစားကြတယ်။ (မ. ၂၂:၃၉; ၂၄:၁၄) ဒီလိုလုပ်ရတဲ့အကြောင်းရင်းက မကြာခင်မှာ ခရစ်တော်အုပ်ချုပ်တဲ့ ယေဟောဝါရဲ့နိုင်ငံတော်အစိုးရက မစုံလင်တဲ့လူ့အုပ်ချုပ်ရေးကို အဆုံးတိုင်စေပြီး ဖြောင့်မတ်တဲ့အစီအစဉ်သစ်နဲ့ အစားထိုးတော့မယ်ဆိုတာ ယုံကြည်လို့ပဲ။—ဒံ. ၂:၄၄၊ ၄၅; ၂ ပေ. ၃:၁၃

၁၀၊ ၁၁။ (က) ကျွန်ုပ်တို့က ဘယ်လိုနည်းနဲ့ လောကကို အကန့်အသတ်နဲ့ပဲသုံးကြသလဲ။ (ခ) နိုးနိုးကြားကြားရှိတဲ့ခရစ်ယာန်တွေ လောကကို အပြည့်အဝမသုံးကြောင်း ဘယ်လိုနည်းတွေနဲ့ တင်ပြကြသလဲ။

၁၀ လက်ရှိလောကစနစ် အဆုံးတိုင်တော့မှာဖြစ်တဲ့အတွက် ယေဟောဝါရဲ့ကျေးကျွန်တွေဖြစ်တဲ့ ကျွန်ုပ်တို့က အသက်ငင်နေတဲ့လောကမှာ အတည်တကျနေထိုင်ရမယ့်အချိန် မဟုတ်ဘူးဆိုတာ သိကြတယ်။ တမန်တော်ပေါလုရဲ့ ဒီစကားကို ကျွန်ုပ်တို့ လိုက်နာကြတယ်– “ညီအစ်ကိုတို့၊ ငါဆိုသည်ကား အချိန်အနည်းငယ်သာ ကျန်တော့သည်။ . . . ဥစ္စာကိုဝယ်သောသူသည် အပိုင်မရှိသကဲ့သို့ ဖြစ်ရမည်။ ဤလောကကို သုံးသောသူသည် အပြည့်အဝ မသုံးသကဲ့သို့ ဖြစ်ရမည်။ အကြောင်းမူကား ဤလောက၏ဇာတ်ကွက်သည် ပြောင်းလဲလျက်ရှိ၏။” (၁ ကော. ၇:၂၉-၃၁) ဒါဆိုရင် မျက်မှောက်ခေတ်ခရစ်ယာန်တွေ ဒီလောကကို ဘယ်လိုသုံးကြသလဲ။ ခေတ်ပေါ်နည်းပညာ၊ ဆက်သွယ်ရေးစနစ်တွေကိုသုံးပြီး ရာနဲ့ချီတဲ့ဘာသာစကားနဲ့ထုတ်ဝေထားတဲ့ ကျမ်းစာအသိပညာကို ကမ္ဘာတစ်ဝန်းပျံ့နှံ့စေကြတယ်။ ဝမ်းစာရှာဖို့ လောကကို အကန့်အသတ်နဲ့သုံးကြတယ်။ နေ့စဉ်လိုအပ်တဲ့ပစ္စည်းတွေကို လောက,ကနေ ဝယ်ယူကြတယ်။ ဒါပေမဲ့ လောကကို အပြည့်အဝသုံးခြင်းကို ရှောင်ကြပြီး လောကရုပ်ပစ္စည်းနဲ့အလုပ်အကိုင်တွေကို တော်မှန်တဲ့နေရာမှာ ထားကြတယ်။—၁ တိမောသေ ၆:၉၊ ၁၀ ကိုဖတ်ပါ။

၁၁ နိုးနိုးကြားကြားရှိတဲ့ခရစ်ယာန်တွေက အဆင့်မြင့်ပညာရေးနဲ့ပတ်သက်ပြီး လောကကိုအပြည့်အဝမသုံးဖို့လည်း သတိထားကြတယ်။ လောကမှာရှိတဲ့လူတွေက ဂုဏ်ရှိပြီး ချမ်းသာကြွယ်ဝတဲ့ဘဝမျိုးရဖို့ အဆင့်မြင့်ပညာရေးကို မဖြစ်မနေ သင်ယူဆည်းပူးဖို့လိုတယ်လို့ ယူဆကြတယ်။ ဒါပေမဲ့ ခေတ္တနေထိုင်သူတွေဖြစ်တဲ့ ကျွန်ုပ်တို့ခရစ်ယာန်တွေကတော့ သူတို့နဲ့မတူဘူး။ “ကြီးစွာသောအရာတို့ကို ကိုယ့်အဖို့” မရှာကြဘူး။ (ယေ. ၄၅:၅; ရော. ၁၂:၁၆) ကျွန်ုပ်တို့က ယေရှုရဲ့နောက်လိုက်တွေဖြစ်တဲ့အတွက် ဒီသတိပေးချက်ကို လိုက်နာကြတယ်– “သင်တို့သည် ခပ်သိမ်းသောတပ်မက်မှုကို သတိထားလျက် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား လူတစ်ဦးသည် စည်းစိမ်ကြွယ်ဝသော်လည်း သူ၏စည်းစိမ်၌ အသက်မတည်။” (လု. ၁၂:၁၅) ဒါကြောင့် ခရစ်ယာန်လူငယ်တွေဟာ ယေဟောဝါကို “စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဉာဏ်ရှိသမျှဖြင့် တစ်သက်တာလုံး” အမှုဆောင်နိုင်ဖို့ကိုသာ အဓိကအာရုံစိုက်ပြီး အခြေခံလိုအပ်ရာတွေကို ရရှိစေတဲ့ ပညာရေးလောက်ကိုပဲသင်ယူဖို့ အားပေးခံရတယ်။ (လု. ၁၀:၂၇) ဒီလိုလုပ်မယ်ဆိုရင် သူတို့က ‘ဘုရားသခင်ရှေ့တော်မှာ ကြွယ်ဝ’ နိုင်ကြမှာဖြစ်တယ်။—လု. ၁၂:၂၁; မဿဲ ၆:၁၉-၂၁ ကိုဖတ်ပါ။

ရုပ်ပစ္စည်းအတွက် မစိုးရိမ်ပါနဲ့

၁၂၊ ၁၃။ မဿဲ ၆:၃၁-၃၃ ပါ ယေရှုရဲ့စကားတွေကို လိုက်လျှောက်ခြင်းက ကျွန်ုပ်တို့ကို လောကမှာရှိတဲ့သူတွေနဲ့ ဘယ်လိုကွာခြားစေသလဲ။

၁၂ ရုပ်ပစ္စည်းနဲ့ပတ်သက်ပြီး လောကမှာရှိတဲ့သူတွေရဲ့သဘောထားနဲ့ ကျွန်ုပ်တို့ရဲ့သဘောထား ကွာခြားတယ်။ ဒါနဲ့ပတ်သက်ပြီး နောက်လိုက်တွေကို ယေရှုဒီလိုပြောခဲ့တယ်– “‘အဘယ်သို့ စားရမည်နည်း။ အဘယ်သို့ သောက်ရမည်နည်း။ အဘယ်သို့ ဝတ်ရမည်နည်း’ ဟုဆို၍ ဘယ်သောအခါမျှ မစိုးရိမ်ကြနှင့်။ ဤအရာများကို လူမျိုးခြားတို့သည် ကြိုးစား၍ ရှာဖွေတတ်ကြ၏။ ဤအရာအားလုံးကို သင်တို့လိုအပ်ကြောင်း ကောင်းကင်ဘုံရှိ သင်တို့၏အဖ သိတော်မူ၏။ သို့ဖြစ်၍ ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစွာ ရှာလျက်နေကြလော့။ နောက်မှ ထိုအရာအားလုံးကို ထပ်၍ပေးတော်မူမည်။” (မ. ၆:၃၁-၃၃) ကောင်းကင်ခမည်းတော်က သူတို့ရဲ့လိုအပ်ရာတွေကို ဖြည့်ဆည်းထောက်မပေးတယ်ဆိုတာ ယုံကြည်သူချင်းတွေက သူတို့ရဲ့ကိုယ်တွေ့ကနေ သိခဲ့ကြတယ်။

၁၃ ‘ရောင့်ရဲသောစိတ်ပါလျှင် ဘုရားသခင်ဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသောအကျိုးစီးပွားမှန်၏။’ (၁ တိ. ၆:၆သမ္မာကျမ်း) ဒါက ဒီလောကမှာရှိတဲ့သူတွေရဲ့အမြင်နဲ့ လုံးဝဆန့်ကျင်တယ်။ ဥပမာ၊ လူငယ်များစွာက သူတို့အိမ်ထောင်ပြုတဲ့အခါ ခေတ်မီပရိဘောဂအပြည့်အစုံပါတဲ့ အိမ်တစ်လုံး ဒါမှမဟုတ် တိုက်ခန်းတစ်ခန်း၊ ကားအကောင်းစားတစ်စီးနဲ့ နောက်ဆုံးပေါ်အီလက်ထရောနစ်ပစ္စည်း စတာတွေကို ချက်ချင်းပိုင်ဆိုင်ချင်ကြတယ်။ ဒါပေမဲ့ ဒီလောကမှာခေတ္တနေထိုင်သူတွေဖြစ်တဲ့ ခရစ်ယာန်တွေကတော့ လက်တွေ့မကျတာ၊ မတတ်နိုင်တာကို မမျှော်လင့်ကြဘူး။ ဇွဲထက်သန်တဲ့ ကြေညာသူများစွာဟာ ရုပ်ပစ္စည်းတချို့ကို ရှာဖွေစုဆောင်းမယ့်အစား ဟောပြောခြင်းလုပ်ငန်းမှာ အချိန်နဲ့ခွန်အားပိုပေးကြတာက တကယ့်ကိုချီးမွမ်းစရာပါပဲ။ တခြားသူတွေက ရှေ့ဆောင်၊ ဗေသလအိမ်သား၊ နယ်လှည့်အမှုဆောင်နဲ့ ခရစ်ယာန်သာသနာပြုတွေအဖြစ် အမှုဆောင်ကြတယ်။ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့အမှုဆောင်နေတဲ့ ဝတ်ပြုသူချင်းတွေရဲ့လုပ်ဆောင်မှုကို ကျွန်ုပ်တို့ တကယ်ပဲ ကျေးဇူးတင်လေးမြတ်ကြပါတယ်။

၁၄။ ယေရှုပြောခဲ့တဲ့ မျိုးကြဲသူပုံဥပမာကနေ ဘာသင်ယူနိုင်သလဲ။

၁၄ မျိုးကြဲသူပုံဥပမာမှာ “ဤလောကစနစ်၏ စိုးရိမ်ပူပန်ခြင်းနှင့် စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း” က ကျွန်ုပ်တို့နှလုံးထဲမှာရှိတဲ့ တရားစကားကို လွှမ်းမိုးပိတ်ဆို့ပြီး အသီးမသီးတဲ့သူဖြစ်စေနိုင်တယ်လို့ ယေရှု ပြောခဲ့တယ်။ (မ. ၁၃:၂၂) ဒီလောကအစီအစဉ်စနစ်မှာ ခေတ္တနေထိုင်သူတွေအနေနဲ့ ရောင့်ရဲတဲ့စိတ်နဲ့အသက်ရှင်ခြင်းက ဒီထောင်ချောက်ထဲ မကျသွားစေဖို့ ကျွန်ုပ်တို့ကို ကူညီပေးတယ်။ ဒါ့အပြင် ကျွန်ုပ်တို့ရဲ့မျက်စိကို “ရိုးရှင်း” စေ၊ ဒါမှမဟုတ် ကျွန်ုပ်တို့ရဲ့ဘဝမှာ ဘုရားသခင့်နိုင်ငံတော်ကို ပထမနေရာမှာ ဆက်ထားရှိစေတယ်။—မ. ၆:၂၂

‘လောကသည် ရွေ့သွားကွယ်ပျောက်ဆဲရှိ၏’

၁၅။ တမန်တော်ယောဟန်က လက်ရှိလောကနဲ့ပတ်သက်ပြီး ဘာပြောခဲ့သလဲ။

၁၅ ခရစ်ယာန်စစ်တွေ မိမိတို့ကိုယ်ကို ဒီလောကရဲ့ “တိုင်းတစ်ပါးဧည့်သည်များ” အဖြစ်သတ်မှတ်ရတဲ့ အဓိကအကြောင်းရင်းတစ်ခုက ဒီလောကအတွက် အချိန်သိပ်မကျန်တော့ဘူးဆိုတာကို အခိုင်အမာယုံကြည်လို့ပဲ။ (၁ ပေ. ၂:၁၁; ၂ ပေ. ၃:၇) ဒီလိုယုံကြည်တယ်ဆိုတာကို ကျွန်ုပ်တို့ရဲ့အသက်ရှင်နေထိုင်ပုံနဲ့ ဖော်ပြကြတယ်။ ဒီအထဲမှာ ကျွန်ုပ်တို့ရွေးချယ်တဲ့အရာ၊ အလိုဆန္ဒနဲ့ ရည်မှန်းချက်ပန်းတိုင်တွေပါဝင်တယ်။ တမန်တော်ယောဟန်က ယုံကြည်သူချင်းတွေကို လောကနဲ့ လောကမှာရှိတဲ့အရာတွေကိုမချစ်ဖို့ သတိပေးဆုံးမခဲ့တယ်၊ အကြောင်းကတော့ ‘လောကနှင့်လောကတပ်မက်ခြင်းတို့သည် ရွေ့သွားကွယ်ပျောက်ဆဲရှိပြီး ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သောသူက အစဉ်အမြဲတည်’ လို့ပဲ။—၁ ယော. ၂:၁၅-၁၇

၁၆။ ကျွန်ုပ်တို့ဟာ သီးသန့်ခွဲထားခြင်းခံရတဲ့ လူမျိုးတစ်မျိုးဖြစ်ကြောင်း ဘယ်လိုတင်ပြနိုင်ကြသလဲ။

၁၆ အစ္စရေးလူမျိုးသာ ယေဟောဝါစကားနားထောင်မယ်ဆိုရင် သူတို့ဟာ ကိုယ်တော်ရဲ့ “အထူးပိုင်ဆိုင်ရာ” လူမျိုးဖြစ်လာမယ်လို့ သူတို့ကိုမိန့်တော်မူခဲ့တယ်။ (ထွ. ၁၉:၅ကဘ) အစ္စရေးလူမျိုး ဘုရားသခင်စကားနားထောင်စဉ်တစ်လျှောက်လုံးမှာ သူတို့ရဲ့ဝတ်ပြုရေးနဲ့ ဘဝလမ်းစဉ်က တခြားလူမျိုးတွေနဲ့မတူခဲ့ဘူး။ ဒီအချိန်မှာလည်း အလားတူပဲ၊ ယေဟောဝါက စာတန့်လောကနဲ့လုံးလုံးမတူတဲ့ လူမျိုးတစ်မျိုးကို မိမိအတွက် သီးသန့်ခွဲထားတယ်။ ကျွန်ုပ်တို့ ဒီလိုဖတ်ရတယ်– ‘လက်ရှိလောကစနစ်တွင် တရားမဲ့ခြင်းနှင့် လောကတပ်မက်ခြင်းကို ငြင်းပယ်၍ သမာသတိရှိခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် အသက်ရှင်ကြရန် ငါတို့အား ညွှန်ကြား၏။ ဝမ်းမြောက်ဖွယ်မျှော်လင့်ချက် ပြည့်စုံခြင်းကိုလည်းကောင်း၊ ကြီးမြတ်တော်မူသော ဘုရားသခင်နှင့် ငါတို့၏ကယ်တင်ရှင် ခရစ်တော်ယေရှု တို့၏ ကျက်သရေရှိသော ထင်ရှားတော်မူခြင်းကိုလည်းကောင်း ငါတို့စောင့်မျှော်လျက်နေကြစဉ် ထိုသို့ပြုရန် ညွှန်ကြား၏။ ခရစ်တော်သည် ငါတို့ကို မတရားမှုအမျိုးမျိုးတို့မှ ကယ်နုတ်၍ ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် ကိုယ်တော့်အထူးပိုင်ဆိုင်ရာအဖြစ် ငါတို့ကို သန့်ရှင်းစေရန် မိမိကိုယ်ကို စွန့်တော်မူ၏။’ (တိ. ၂:၁၁-၁၄) ကိုယ်တော့်အထူးပိုင်ဆိုင်ရာလူမျိုးကို ကောင်းကင်အတန်းအစားခရစ်ယာန်တွေနဲ့ သူတို့ကိုကူညီထောက်မပေးတဲ့ သန်းနဲ့ချီတဲ့ ယေရှုရဲ့ “အခြားသိုး” တွေနဲ့ ဖွဲ့စည်းထားတယ်။—ယော. ၁၀:၁၆

၁၇။ ကောင်းကင်အတန်းအစားတွေနဲ့ အခြားသိုးတွေက ဒီဆိုးညစ်တဲ့လောကမှာ ခေတ္တနေထိုင်သူများအဖြစ် အသက်ရှင်ရတာကို ဘာကြောင့် နောင်တရမှာမဟုတ်သလဲ။

၁၇ ကောင်းကင်အတန်းအစားခရစ်ယာန်တွေအတွက် “ဝမ်းမြောက်ဖွယ်မျှော်လင့်ချက်” က ကောင်းကင်မှာ ခရစ်တော်နဲ့အတူ အုပ်စိုးခွင့်ရခြင်းဖြစ်တယ်။ (ဗျာ. ၅:၁၀) အခြားသိုးတွေကတော့ မြေကြီးပေါ်ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ကြတယ်၊ အဲဒီအခါ သူတို့တွေဟာ ဆိုးညစ်တဲ့လောကမှာ ခေတ္တနေထိုင်သူတွေ မဟုတ်တော့ဘူး။ လှပတဲ့အိမ်တွေပိုင်ဆိုင်ပြီး အစားအသောက်တွေ အလျှံပယ်ရှိလာပါလိမ့်မယ်။ (ဆာ. ၃၇:၁၀၊ ၁၁; ဟေရှာ. ၂၅:၆; ၆၅:၂၁၊ ၂၂) အစ္စရေးလူမျိုးနဲ့မတူဘဲ သူတို့တွေဟာ ဒီအရာအားလုံးက ‘မြေကြီးတစ်ပြင်လုံးကို အစိုးရသောဘုရားသခင်’ ယေဟောဝါထံမှလာတယ်ဆိုတာကို အမြဲအမှတ်ရနေကြမှာဖြစ်တယ်။ (ဟေရှာ. ၅၄:၅) ကောင်းကင်အတန်းအစားဖြစ်စေ၊ အခြားသိုးဖြစ်စေ ဒီဆိုးညစ်တဲ့လောကမှာ ခေတ္တနေထိုင်သူများအဖြစ် အသက်ရှင်ရလို့ ဘယ်တော့မှနောင်တရကြမှာမဟုတ်ဘူး။

သင် ဘယ်လိုဖြေဆိုမလဲ

• ရှေးခေတ်သစ္စာရှိသူတွေက ဘယ်လိုနည်းနဲ့ ခေတ္တနေထိုင်သူများအဖြစ် အသက်ရှင်ခဲ့ကြသလဲ။

• အစောပိုင်းခရစ်ယာန်တွေဟာ ဒီလောကမှာ ဘယ်လိုပြုမူနေထိုင်ခဲ့ကြသလဲ။

• ခရစ်ယာန်စစ်တွေက လောကကို ဘယ်လိုနည်းနဲ့ အကန့်အသတ်နဲ့ပဲ အသုံးပြုကြသလဲ။

• ကျွန်ုပ်တို့က ဒီဆိုးညစ်တဲ့လောကမှာ ခေတ္တနေထိုင်သူများအဖြစ် အသက်ရှင်ရတာကို ဘာကြောင့် နောင်တရမှာမဟုတ်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

အစောပိုင်းခရစ်ယာန်တွေက အကြမ်းဖက်မှုနဲ့ အကျင့်ယိုယွင်းမှုတွေပါတဲ့ ဖျော်ဖြေရေးတွေကိုရှောင်ခဲ့ကြ