မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှန်တရားမှာတိုးတက်ဖို့ အမျိုးသားများကို ကူညီပါ

အမှန်တရားမှာတိုးတက်ဖို့ အမျိုးသားများကို ကူညီပါ

အမှန်တရားမှာတိုးတက်ဖို့ အမျိုးသားများကို ကူညီပါ

“သင်သည် ယခုမှစ၍ လူတို့ကိုဖမ်းလိမ့်မည်။”—လု. ၅:၁၀

၁၊ ၂။ (က) ယေရှုဟောပြောတာကို အမျိုးသားတွေ ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်အကြောင်းအရာကို သုံးသပ်ကြမလဲ။

ယေရှု​နဲ့ တပည့်တွေဟာ ဂါလိလဲနယ်တစ်လျှောက်မှာ ဟောပြောခဲ့တုန်းက တစ်ခါမှာ အေးအေးဆေးဆေးရှိတဲ့နေရာတစ်ခုမှာ အနားယူဖို့ လှေနဲ့ထွက်လာခဲ့ကြတယ်။ ဒါပေမဲ့ လူအုပ်ဟာ နောက်ကနေကုန်းကြောင်းနဲ့ လိုက်လာကြတယ်။ အဲဒီလူအုပ်ထဲမှာ “မိန်းမနှင့်ကလေးများမှအပ ယောက်ျားငါးထောင်ခန့်ရှိ” တယ်။ (မ. ၁၄:၂၁) နောက်တစ်ကြိမ်မှာ လူအုပ်ဟာ ယေရှုရဲ့ကုသမှုခံယူဖို့နဲ့ ကိုယ်တော့်သွန်သင်ချက်ကိုနားထောင်ဖို့ ချဉ်းကပ်လာကြတယ်။ ဒီအထဲမှာ “မိန်းမနှင့်ကလေးများမှအပ ယောက်ျားလေးထောင်ရှိ” တယ်။ (မ. ၁၅:၃၈) အမျိုးသားများစွာဟာ ယေရှုထံလာကြပြီး ကိုယ်တော့်သွန်သင်ချက်တွေကို စိတ်ဝင်စားတယ်ဆိုတာ ထင်ရှားတယ်။ နောက်ထပ်အမျိုးသားများစွာလည်း ကိုယ်တော့်သွန်သင်ချက်ကို လက်ခံကြမယ်ဆိုတာ ကိုယ်တော်သိတယ်။ ဒီအချက်ကို အံ့ဖွယ်နည်းနဲ့ ငါးအများကြီးဖမ်းမိအောင် လုပ်ပေးပြီးတဲ့နောက် ရှိမုန်ကိုပြောတဲ့ဒီစကားမှာ တွေ့ရတယ်– “သင်သည် ယခုမှစ၍ လူတို့ကိုဖမ်းလိမ့်မည်။” (လု. ၅:၁၀) ယေရှုက ဟောပြောခြင်းလုပ်ငန်းကို ငါးဖမ်းခြင်းလုပ်ငန်းနဲ့ နှိုင်းယှဉ်ခဲ့တယ်။ အမှန်တရားလက်ခံတဲ့လူတွေကို ရှာတွေ့ဖို့ ယေရှု သူတို့ကို ကူညီနိုင်တယ်။ ဒီလူတွေထဲမှာ အမျိုးသားအများကြီး ပါဝင်တယ်။

ယနေ့လည်း အမှန်တရားကိုလက်ခံပြီး သင်ယူလိုစိတ်ရှိတဲ့ အမျိုးသားတွေရှိတယ်။ (မ. ၅:၃) တချို့အမျိုးသားတွေက အမှန်တရားကို အစပြုသင်ယူခဲ့ကြပေမဲ့ ဆက်မတိုးတက်ကြဘူး။ သူတို့ကို ဘယ်လိုကူညီပေးနိုင်သလဲ။ ယေရှုက အမျိုးသားတွေအတွက် သီးသန့်ဟောပြောတာမျိုးမရှိပေမဲ့ အမျိုးသားတွေ စိုးရိမ်ပူပန်နေတဲ့ အခြေအနေတချို့ရှိနေလို့ ကိုယ်တော် သူတို့ကို ကူညီပေးလိုခဲ့တယ်။ ဒီဆောင်းပါးမှာ အမျိုးသားတွေကို ယေရှုဘယ်လိုကူညီပေးခဲ့တယ်ဆိုတာနဲ့ ကိုယ်တော့်ကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်တယ်ဆိုတာကို လေ့လာကြပါမယ်။ အမျိုးသားတွေ (၁) ငွေကြေးအတွက်ပူပန်ခြင်း၊ (၂) တခြားသူတွေ မိမိတို့အပေါ် ဘယ်လိုမြင်မလဲဆိုတာကို စိုးရိမ်ခြင်းနဲ့ (၃) အရည်အချင်းမပြည့်မီဘူးလို့ ခံစားရခြင်း စတဲ့အခြေအနေသုံးခုကို သုံးသပ်ပါမယ်။

ငွေကြေးအတွက်ပူပန်ခြင်း

၃၊ ၄။ (က) အမျိုးသားအများစုက ဘယ်အရာကို ပိုအလေးထားကြသလဲ။ (ခ) အမျိုးသားတချို့က ဘာကြောင့် အမှန်တရားလေ့လာဖို့ထက် ငွေရှာဖို့ကို ပိုဦးစားပေးကြသလဲ။

ကျမ်းတတ်တစ်ဦးက ယေရှုထံလာပြီး “ဆရာ၊ ကိုယ်တော်သွားလေရာရာသို့ ကျွန်ုပ်လိုက်ပါမည်” လို့ပြောခဲ့တယ်။ ဒါပေမဲ့ ယေရှုက “လူသားမူကား ခေါင်းချစရာနေရာပင် မရှိ” လို့ ပြန်ပြောလိုက်တယ်။ သူ ခရစ်တော်နောက်လိုက် ဖြစ်လာတယ်လို့ ကျမ်းစာမှာ မဖော်ပြထားဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီကျမ်းတတ်က သူနေဖို့၊ စားဖို့အတွက် စိတ်ပူခဲ့ပုံရတယ်။—မ. ၈:၁၉၊ ၂၀

အမျိုးသားတွေက သမ္မာကျမ်းစာအကြောင်း လေ့လာသင်ယူပြီး လိုက်လျှောက်ဖို့ထက် ငွေနဲ့အလုပ်အကိုင်ကို ပိုဦးစားပေးလေ့ရှိတယ်။ သူတို့အများစုအတွက် အဆင့်မြင့်ပညာဆည်းပူးဖို့နဲ့ ဝင်ငွေကောင်းတဲ့အလုပ်ရဖို့က ပိုအရေးကြီးတယ်။ သူတို့ ဒီလိုစဉ်းစားတဲ့အတွက် ကျမ်းစာလေ့လာပြီး ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိအောင်လုပ်တာထက် ငွေနဲ့အလုပ်အကိုင်က ပိုအကျိုးအမြတ်ရှိတယ်လို့ ယူဆကြတယ်။ သူတို့က ကျမ်းစာသွန်သင်ချက်တွေကိုတော့ ကြိုက်ပေမဲ့ “ဤလောကစနစ်၏ စိုးရိမ်ပူပန်ခြင်း၊ စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း” က ကျမ်းစာအပေါ် သူတို့ရဲ့စိတ်ဝင်စားမှုကို လွှမ်းမိုးပိတ်ဆို့လိုက်တယ်။ (မာ. ၄:၁၈၊ ၁၉) တပည့်တွေရဲ့ဦးစားထားရာတွေကို ပြုပြင်ပြောင်းလဲဖို့ ယေရှု ဘယ်လိုကူညီပေးခဲ့တယ်ဆိုတာ သုံးသပ်ကြည့်ပါ။

၅၊ ၆။ အန္ဒြေ၊ ပေတရု၊ ယာကုပ်နဲ့ ယောဟန်တို့အတွက် ဘယ်လုပ်ငန်းက အရေးကြီးဆုံးဖြစ်တယ်ဆိုတာ ဆုံးဖြတ်ဖို့ သူတို့ကို ဘာက ကူညီပေးခဲ့သလဲ။

အန္ဒြေနဲ့ သူ့အစ်ကို ရှိမုန်ပေတရုက ငါးဖမ်းလုပ်ငန်းကို အတူလုပ်ကိုင်ကြတယ်။ ယောဟန်၊ သူ့အစ်ကိုယာကုပ်နဲ့ သူတို့ဖခင် ဇေဗေဒဲတို့ရဲ့ငါးဖမ်းလုပ်ငန်းကလည်း အရမ်းအဆင်ပြေလို့ လူတွေ ထပ်ငှားရတယ်။ (မာ. ၁:၁၆-၂၀) အန္ဒြေနဲ့ယောဟန်က နှစ်ခြင်းဆရာယောဟန်ဆီကနေ ယေရှုအကြောင်းသိခဲ့ရပြီး သူတို့မေရှိယကိုတွေ့ပြီလို့ အခိုင်အမာယုံကြည်ခဲ့ကြတယ်။ ဒီအကြောင်းကို အန္ဒြေက သူ့အစ်ကိုရှိမုန်ပေတရုကို ပြောပြခဲ့သလို ယောဟန်လည်း သူ့အစ်ကို ယာကုပ်ကို ပြောပြခဲ့မှာပဲ။ (ယော. ၁:၂၉၊ ၃၅-၄၁) အဲဒီအချိန်ကစပြီး နောက်လအနည်းငယ်အထိ သူတို့လေးဦးဟာ ဂါလိလဲနယ်၊ ယုဒနယ်နဲ့ ရှမာရိနယ်တွေမှာ ယေရှုဟောပြောခဲ့ချိန်အတွင်း ကိုယ်တော့်နောက် လိုက်ခဲ့ကြတယ်။ အဲဒီနောက်ပိုင်းမှာ သူတို့လေးဦးစလုံးဟာ ငါးဖမ်းလုပ်ငန်းကို ပြန်လုပ်ကိုင်ခဲ့ကြတယ်။ ယေရှုသွန်သင်တာတွေကို သူတို့ကြိုက်ပေမဲ့ အဲဒီအချိန်မှာ ဟောပြောခြင်းလုပ်ငန်းက သူတို့အတွက် အဓိကဦးစားပေးမဟုတ်ခဲ့ဘူး။

နောက်ပိုင်း ယေရှုက ပေတရုနဲ့အန္ဒြေကို မိမိနောက်လိုက်ပြီး “လူကိုဖမ်းသောတံငါသည်များ” ဖြစ်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဒီညီအစ်ကိုနှစ်ယောက် ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ “သူတို့သည် ပိုက်ကွန်များကို ချက်ချင်းစွန့်၍ နောက်တော်သို့လိုက်” ခဲ့ကြတယ်။ ယာကုပ်နဲ့ ယောဟန်လည်း အလားတူပဲ၊ “အဖဖြစ်သူနှင့် လှေကိုချက်ချင်းစွန့်၍ နောက်တော်သို့လိုက်” ခဲ့ကြတယ်။ (မ. ၄:၁၈-၂၂) ဟောပြောခြင်းလုပ်ငန်းမှာ အချိန်ပြည့်ပါဝင်ဖို့ ဆုံးဖြတ်ချက်ချနိုင်အောင် ဘာက သူတို့ကို လှုံ့ဆော်ပေးခဲ့တာလဲ။ စိတ်ကူးပေါက်လို့ ထလုပ်လိုက်တာလား။ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ဒီလူတွေဟာ ယေရှု ဟောပြောတာကို နားထောင်ခဲ့ရပြီး ဖြောင့်မတ်ခြင်းအတွက် ကိုယ်တော့်ဇွဲထက်သန်မှုနဲ့ အံ့ဖွယ်အမှုတွေကို မြင်တွေ့ခဲ့ရတယ်၊ အံ့အားသင့်စရာကောင်းလောက်အောင် လူတွေတုံ့ပြန်တာကိုလည်း တွေ့မြင်ခဲ့ကြရတယ်။ ဒါတွေကြောင့် ယေဟောဝါအပေါ် သူတို့ရဲ့ယုံကြည်ကိုးစားမှု ပိုခိုင်ခံ့လာတယ်။

၇။ ယေဟောဝါရဲ့ကူညီထောက်ပံ့နိုင်စွမ်းကို ယုံကြည်လာအောင် ကျမ်းစာသင်သားတွေကို ဘယ်လိုကူညီပေးနိုင်သလဲ။

ကျွန်ုပ်တို့ ယေရှုကိုတုပပြီး ကျမ်းစာသင်သားတွေ ယေဟောဝါအပေါ် ယုံကြည်ကိုးစားတတ်လာအောင် ဘယ်လိုကူညီပေးနိုင်သလဲ။ (သု. ၃:၅၊ ၆) ကျွန်ုပ်တို့ရဲ့သွန်သင်နည်းနဲ့ ကူညီပေးနိုင်ပါတယ်။ သူတို့ကို ကျမ်းစာသင်ပေးတဲ့အခါမှာ ဘုရားသခင့်နိုင်ငံတော်ကို ဦးစွာရှာမယ်ဆိုရင် ကောင်းချီးအလျှံပယ်ပေးမယ်ဆိုတဲ့ ဘုရားသခင့်ကတိတော်ကို အလေးပေးပြောဆိုနိုင်တယ်။ (မာလခိ ၃:၁၀; မဿဲ ၆:၃၃ တို့ကိုဖတ်ပါ။) ဒါ့အပြင် မိမိလူတွေကို ယေဟောဝါ ကူညီထောက်မပေးပုံကို ကျမ်းချက်တွေသုံးပြီး ပြောပြနိုင်သလို ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံကိုလည်း ချန်မထားသင့်ဘူး။ ကျွန်ုပ်တို့ကို ယေဟောဝါ ဘယ်လိုကူညီပေးကြောင်း ပြောပြတာက သင်သားတွေ ယေဟောဝါကို မှီခိုအားကိုးတတ်လာအောင် ကူညီပေးရာမှာ အများကြီး အထောက်အကူဖြစ်နိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့စာပေတွေမှာဖတ်ရတဲ့ အားရှိစရာတွေ့ကြုံမှုတွေကိုလည်း ပြောပြနိုင်ပါတယ်။ *

၈။ (က) ကျမ်းစာသင်သားတစ်ဦး ‘ယေဟောဝါ ကောင်းမြတ်တော်မူကြောင်းကို မြည်းစမ်းသိမှတ်’ ဖို့ ဘာကြောင့် အရေးကြီးသလဲ။ (ခ) ယေဟောဝါရဲ့ကောင်းမြတ်မှုကို သင်သားကိုယ်တိုင်ခံစားရဖို့ ဘယ်လိုကူညီပေးနိုင်သလဲ။

ခိုင်ခံ့တဲ့ယုံကြည်ခြင်းရှိဖို့ဆိုရင် တခြားသူတွေကို ယေဟောဝါကောင်းချီးပေးတဲ့ တွေ့ကြုံမှုတွေကို ဖတ်ရုံ၊ နားထောင်ရုံနဲ့မလုံလောက်ဘူး။ ကျမ်းစာသင်သားကိုယ်တိုင် ယေဟောဝါရဲ့ကောင်းမြတ်ခြင်းကို ခံစားရဖို့လိုတယ်။ ဆာလံ ၃၄:၈ မှာ ဒီလိုရေးထားတယ်– ‘ယေဟောဝါသည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍သိမှတ်ကြလော့။ ကိုယ်တော်ကိုခိုလှုံသောသူသည် မင်္ဂလာရှိ၏။’ ယေဟောဝါရဲ့ကောင်းမြတ်ခြင်းကို သိမြင်လာအောင် သင်သားကို ကျွန်ုပ်တို့ ဘယ်လိုကူညီပေးနိုင်သလဲ။ သင်သားမှာ ငွေကြေးပြဿနာရှိနေနိုင်တယ်၊ ဒါမှမဟုတ် ဆေးလိပ်သောက်တာ၊ လောင်းကစားတာ၊ အရက်အလွန်အကျွံသောက်တာ စတဲ့အကျင့်ဆိုးတွေကိုဖြတ်ဖို့ ကြိုးစားနေတာဖြစ်နိုင်တယ်။ (သု. ၂၃:၂၀၊ ၂၁; ၂ ကော. ၇:၁; ၁ တိ. ၆:၁၀) အကျင့်ဆိုးတွေကိုဖြတ်နိုင်ဖို့ ဘုရားသခင်ထံဆုတောင်းပြီး အကူအညီတောင်းပါလို့ သင်ပေးနိုင်တယ်။ သူ့အသက်တာ တိုးတက်ပြောင်းလဲလာတဲ့အခါ ယေဟောဝါရဲ့ကောင်းမြတ်ခြင်းကို သူတွေ့မြင်လာမှာဖြစ်တယ်။ အဲဒီနောက် ဘဝမှာ ယေဟောဝါကိုဝတ်ပြုခြင်းကို ပထမနေရာမှာထားဖို့ အားပေးနိုင်တယ်။ ပတ်တိုင်း ကျမ်းစာလေ့လာဖို့လိုကြောင်း၊ အစည်းအဝေးတွေအတွက် ပြင်ဆင်ပြီး တက်ရောက်ဖို့လိုကြောင်း သူ့ကို သင်ပေးနိုင်တယ်။ သင်သားရဲ့ကြိုးစားမှုကို ယေဟောဝါကောင်းချီးပေးတယ်ဆိုတာ သူသိမြင်လာတဲ့အခါ တခြားအရာတွေမှာ ယေဟောဝါကူညီပေးခဲ့သလို ဒီငွေကြေးကိစ္စမှာလည်း ကိုယ်တော်ကူညီမယ်ဆိုတာ ယုံကြည်လာမှာဖြစ်တယ်။

တခြားသူတွေ ဘယ်လိုမြင်မလဲဆိုတာကို စိုးရိမ်ခြင်း

၉၊ ၁၀။ (က) နိကောဒင်နဲ့ အရိမဿဲမြို့သားယောသပ်က သူတို့ဟာ ယေရှုရဲ့တပည့်တွေဖြစ်တယ်ဆိုတာ ဘာကြောင့်လျှို့ဝှက်ထားတာလဲ။ (ခ) ယနေ့ တချို့အမျိုးသားတွေက ခရစ်တော်နောက်လိုက်ဖို့ ဘာကြောင့်တွန့်ဆုတ်ကြတာလဲ။

တချို့အမျိုးသားတွေက တခြားသူတွေ သူတို့ကို ဘယ်လိုမြင်မလဲဆိုတာကို စိုးရိမ်ပြီး ခရစ်တော်နောက်လုံးလုံးလိုက်ဖို့ တွန့်ဆုတ်နေတာဖြစ်နိုင်တယ်။ ဥပမာ၊ နိကောဒင်နဲ့ အရိမဿဲမြို့သားယောသပ်က သူတို့ဟာ ယေရှုရဲ့တပည့်တွေဖြစ်တယ်ဆိုတာ လူသိမခံဝံ့ကြဘူး။ အကြောင်းကတော့ ဂျူးတွေ သူတို့ကို ဘယ်လိုမြင်မလဲ၊ ဘယ်လိုဆက်ဆံမလဲဆိုတာကို စိုးရိမ်လို့ပဲ။ (ယော. ၃:၁၊ ၂; ၁၉:၃၈) ဒါက အကြောင်းမဲ့ စိုးရိမ်လွန်တာမဟုတ်ဘူး။ ဂျူးဘာသာရေးခေါင်းဆောင်တွေက ယေရှုကို ခါးခါးသီးသီးမုန်းတီးကြပြီး ကိုယ်တော့်ကိုယုံကြည်သူတွေကို ဂျူးတရားဟောရာနေရာတွေကနေ နှင်ထုတ်တဲ့အထိ ဖြစ်လာလို့ပဲ။—ယော. ၉:၂၂

၁၀ ယနေ့လည်း တချို့ဒေသတွေမှာ အမျိုးသားတစ်ယောက်က ဘုရားသခင်၊ သမ္မာကျမ်းစာ ဒါမှမဟုတ် ဘာသာရေးကို အရမ်းစိတ်ဝင်စားလာပြီဆိုရင် သူ့ရဲ့အလုပ်ဖော်တွေ၊ မိတ်ဆွေတွေ ဒါမှမဟုတ် ဆွေမျိုးတွေရဲ့ ဝေဖန်တာကို ခံရနိုင်တယ်။ တခြားဒေသမှာတော့ လူတစ်ယောက်က ဘာသာပြောင်းဖို့ပြောတယ်ဆိုရင် အန္တရာယ်တောင်ရှိနိုင်တယ်။ အမျိုးသားတစ်ယောက်က အသင်းအဖွဲ့တစ်ခုခုမှာ ပါဝင်တဲ့သူဖြစ်မယ်ဆိုရင် ပိုခက်နိုင်တယ်။ ဥပမာ၊ ဂျာမနီက အမျိုးသားတစ်ဦး ဒီလိုပြောတယ်– “ခင်ဗျားတို့သက်သေခံတွေဟောပြောတဲ့ သမ္မာကျမ်းစာအကြောင်းက အမှန်တရားပါ။ ဒါပေမဲ့ ဒီနေ့ ကျွန်တော်သက်သေခံဖြစ်သွားရင် မနက်ဖြန်ဆို လူအားလုံး သိသွားမယ်။ အလုပ်ဖော်တွေ၊ အိမ်နီးချင်းတွေ၊ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုကို သိတဲ့သူတွေ ဘယ်လိုထင်ကြမလဲ။ အဲဒါကို ကျွန်တော် မခံနိုင်ဘူး။”

၁၁။ လူကိုကြောက်ရွံ့ခြင်းကိုတွန်းလှန်ဖို့ တပည့်တွေကို ယေရှု ဘယ်လိုကူညီပေးခဲ့သလဲ။

၁၁ ယေရှုရဲ့တမန်တော်တွေက သတ္တိကြောင်တဲ့သူတွေမဟုတ်ပေမဲ့ လူကိုကြောက်ရွံ့ခြင်းကို တွန်းလှန်ခဲ့ကြရတယ်။ (မာ. ၁၄:၅၀၊ ၆၆-၇၂) လူတွေ သူတို့ကို ဆန့်ကျင်တဲ့ကြားက အမှန်တရားမှာတိုးတက်ဖို့ ယေရှု ဘယ်လိုကူညီပေးခဲ့သလဲ။ နောက်ပိုင်းမှာ သူတို့ကြုံတွေ့ရမယ့် ဆန့်ကျင်မှုတွေအတွက် ယေရှုပြင်ဆင်ပေးခဲ့တယ်။ ကိုယ်တော် ဒီလိုပြောခဲ့တယ်– “လူသားအတွက်ကြောင့် လူတို့၏မုန်းတီးခြင်း၊ ဝိုင်းပယ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ နာမည်ဆိုးစာရင်းသွင်းခြင်းတို့ကို ခံရသောအခါတိုင်း သင်တို့သည် ပျော်ရွှင်ကြ၏။” (လု. ၆:၂၂) လူတွေရဲ့ ပြစ်တင်ရှုတ်ချမှုခံရမယ်လို့ မျှော်လင့်ထားသင့်ကြောင်း ယေရှု သူတို့ကို သတိပေးခဲ့တယ်။ ဘယ်ပြစ်တင်ရှုတ်ချမှုမဆို “လူသားအတွက်ကြောင့်” ခံရတာဖြစ်တယ်။ အကူအညီနဲ့ခွန်အားရဖို့ ဘုရားသခင်ကို အားကိုးနေသရွေ့ ကိုယ်တော် သူတို့ကို ကူညီထောက်မမယ်ဆိုတာကိုလည်း ယေရှု ယုံကြည်စိတ်ချစေခဲ့တယ်။ (လု. ၁၂:၄-၁၂) ဒါ့အပြင် မိမိတပည့်တွေနဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းဖို့၊ မိတ်ဖွဲ့ဖို့ လူသစ်တွေကို အားပေးခဲ့တယ်။—မာ. ၁၀:၂၉၊ ၃၀

၁၂။ လူကိုကြောက်ရွံ့ခြင်းကိုတွန်းလှန်ဖို့ လူသစ်တွေကို ဘယ်လိုနည်းတွေနဲ့ ကူညီပေးနိုင်သလဲ။

၁၂ ကျွန်ုပ်တို့လည်း ကျမ်းစာသင်သားတွေ လူကိုကြောက်ရွံ့ခြင်းကို တွန်းလှန်ဖို့ ကူညီပေးရမှာဖြစ်တယ်။ ပြဿနာတစ်ခုကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် ဖြေရှင်းရပိုလွယ်ကူလေ့ရှိတယ်။ (ယော. ၁၅:၁၉) ဥပမာ၊ ယုံကြည်ချက်နဲ့ပတ်သက်ပြီး အလုပ်ဖော်နဲ့ တခြားသူတွေမေးနိုင်တဲ့ မေးခွန်းတွေ၊ ကန့်ကွက်မှုတွေကိုပြန်ဖြေဖို့ ရိုးရှင်းပြီး ကျိုးကြောင်းညီညွတ်တဲ့ ကျမ်းစာအဖြေတွေကို ပြင်ဆင်ရာမှာ သင်သားကို ကူညီပေးပါ။ ကျွန်ုပ်တို့က သင်သားရဲ့မိတ်ဆွေဖြစ်ရုံမက အသင်းတော်မှာရှိတဲ့ တခြားသူတွေနဲ့၊ အထူးသဖြင့် သူ့လိုအခြေအနေနဲ့ရင်ဆိုင်နေရတဲ့ ဒါမှမဟုတ် သူနဲ့ဝါသနာချင်းတူတဲ့သူတွေနဲ့လည်း မိတ်ဆက်ပေးနိုင်ပါတယ်။ အရေးကြီးတာက နှလုံးပါပါနဲ့မှန်မှန်ဆုတောင်းဖို့ သင်ပေးသင့်တယ်။ ဒါက သူ့ကို ဘုရားသခင်နဲ့ ပိုရင်းနှီးစေပြီး ယေဟောဝါကို သူ့ရဲ့ခိုလှုံရာကျောက် ဖြစ်စေနိုင်တယ်။—ဆာလံ ၉၄:၂၁-၂၃; ယာကုပ် ၄:၈ တို့ကိုဖတ်ပါ။

အရည်အချင်းမပြည့်မီဘူးလို့ ခံစားရခြင်း

၁၃။ တချို့အမျိုးသားတွေ ဘာကြောင့် အမှန်တရားကို လက်မခံတာလဲ။

၁၃ တချို့အမျိုးသားတွေက အသင်းတော်မှာရှိတဲ့ တခြားသူတွေလုပ်သလို သူတို့မလုပ်နိုင်ဘူးလို့ စဉ်းစားမိနိုင်တယ်။ စာကောင်းကောင်းမဖတ်တတ်တာ၊ ကောင်းကောင်းမရှင်းပြတတ်တာ ဖြစ်နိုင်တယ်။ ရှက်လို့ ဒါမှမဟုတ် တခြားသူတွေရှေ့မှာ ကိုယ့်ရဲ့ယုံကြည်ချက်အကြောင်း မပြောချင်လို့လည်း ဖြစ်နိုင်တယ်။ ဒါကြောင့် လေ့လာဖို့၊ အစည်းအဝေးမှာ မှတ်ချက်ပေးဖို့ ဒါမှမဟုတ် တခြားသူတွေကို သတင်းကောင်းဟောဖို့ဆိုတာ သူတို့မတတ်နိုင်တဲ့အရာ ဖြစ်နေနိုင်တယ်။ ခရစ်ယာန်ညီအစ်ကိုတစ်ဦး ဒီလိုဝန်ခံခဲ့တယ်– “ကျွန်တော်ငယ်ငယ်တုန်းက တံခါးနားကိုမြန်မြန်လျှောက်သွား၊ ခေါင်းလောင်းကိုနှိပ်သလိုဟန်ဆောင်ပြီး ကျွန်တော့်ကို ဘယ်သူမှမမြင်ဖို့မျှော်လင့်ပြီး မြန်မြန်ပြန်ထွက်လာတယ်။ . . . အမှုဆောင်ထွက်ရတော့မယ်ဆိုရင် ကျွန်တော် တကယ်ဖျားချင်လာတယ်။”

၁၄။ နတ်ဆိုးစွဲနေတဲ့ယောက်ျားလေးတစ်ယောက်ကို ယေရှုရဲ့တပည့်တွေ ဘာကြောင့် မကုသပေးနိုင်တာလဲ။

၁၄ နတ်ဆိုးစွဲနေတဲ့ယောက်ျားလေးကို မကုသနိုင်တဲ့အခါ ယေရှုရဲ့တပည့်တွေ မိမိကိုယ်ကိုယုံကြည်စိတ်ချမှုကင်းမဲ့ခဲ့ကြမှာကို စဉ်းစားကြည့်ပါ။ ဖခင်ဖြစ်သူ ယေရှုထံလာပြီး ဒီလိုပြောတယ်– “[ကျွန်ုပ်၏သားသည်] ဝက်ရူးနာစွဲ၍ အခြေအနေဆိုးပါ၏။ မီးတွင်လည်းကောင်း၊ ရေတွင်လည်းကောင်း အကြိမ်ကြိမ်လဲတတ်ပါ၏။ ကျွန်ုပ်၏သားကို ကိုယ်တော့်တပည့်များထံ ခေါ်ဆောင်သွားသော်လည်း သူတို့သည် မကျန်းမာစေနိုင်ကြပါ။” ယေရှုက နတ်ဆိုးကိုနှင်ထုတ်လိုက်လို့ ယောက်ျားလေး နေပြန်ကောင်းသွားတယ်။ နောက်ပိုင်း တပည့်တွေက ယေရှုထံချဉ်းကပ်ပြီး “ကျွန်ုပ်တို့သည် နတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ကြသနည်း” လို့မေးခဲ့ကြတယ်။ ကိုယ်တော်က “သင်တို့၏ယုံကြည်ခြင်း နည်းသောကြောင့်ဖြစ်၏။ ငါအမှန်ဆိုသည်ကား သင်တို့၌ မုန်ညှင်းစေ့မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ဤတောင်ကို ‘ဤနေရာမှ ထိုအရပ်သို့ ရွေ့လော့’ ဟုဆိုလျှင် ရွေ့လိမ့်မည်။ သင်တို့ မတတ်နိုင်သောအရာမရှိ” လို့ပြောခဲ့တယ်။ (မ. ၁၇:၁၄-၂၀) တောင်လိုအတားအဆီးတွေကို ကျော်လွှားနိုင်ဖို့ ယေဟောဝါကိုယုံကြည်ဖို့လိုတယ်။ လူတစ်ဦးက ဒီအချက်ကိုမေ့လျော့ပြီး ကိုယ့်အစွမ်းအစကိုပဲ အားကိုးမယ်ဆိုရင် ဘာဖြစ်မလဲ။ သူအောင်မြင်မှာမဟုတ်ဘူး၊ အဲဒီအခါ ယေဟောဝါရဲ့အမှုကိုဆောင်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ ခံစားရမှာဖြစ်တယ်။

၁၅၊ ၁၆။ အရည်အချင်းမပြည့်မီဘူးလို့ ခံစားနေရတဲ့ ကျမ်းစာသင်သားကို ဘယ်လိုကူညီပေးနိုင်သလဲ။

၁၅ အရည်အချင်းမပြည့်မီဘူးလို့ ခံစားနေရသူတစ်ဦးကို ကူညီပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုက ကိုယ့်ကိုယ်ကိုယ်မဟုတ်ဘဲ ယေဟောဝါကိုအားကိုးဖို့ အားပေးခြင်းဖြစ်တယ်။ ပေတရု ဒီလိုရေးခဲ့တယ်– “တန်ခိုးကြီးသောလက်တော်အောက်တွင် မိမိကိုယ်ကို နှိမ့်ချကြလော့။ ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် စိုးရိမ်စရာရှိသမျှကို ကိုယ်တော့်ထံ ပုံအပ်ထားလော့။” (၁ ပေ. ၅:၆၊ ၇) သင်သားကို ကူညီပေးရမှာက ယေဟောဝါကိုချစ်ဖို့၊ ကိုယ်တော့်လမ်းညွှန်မှုကို လိုက်နာလိုတဲ့ဆန္ဒရှိဖို့ ဖြစ်တယ်။ သမ္မာကျမ်းစာထဲက သူလေ့လာသိရှိခဲ့သမျှကိုနှစ်သက်ပြီး အသက်တာမှာ “စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ” ကို တင်ပြရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ (ဂလ. ၅:၂၂၊ ၂၃) ဆုတောင်းဖို့အရေးကြီးတယ်ဆိုတာကိုလည်း သူသိဖို့လိုတယ်။ (ဖိ. ၄:၆၊ ၇) ဒါ့အပြင် သူကြုံတွေ့ရတဲ့ အခြေအနေတွေကိုရင်ဆိုင်ဖို့ ဒါမှမဟုတ် သူရရှိထားတဲ့တာဝန်တွေကို အောင်မြင်စွာထမ်းဆောင်နိုင်ဖို့ လိုအပ်တဲ့ရဲစွမ်းသတ္တိ​နဲ့ ခွန်အားကို ဘုရားသခင် ပေးမယ်ဆိုတာကိုလည်း သူသိရမှာဖြစ်တယ်။—၂ တိမောသေ ၁:၇၊ ၈ ကိုဖတ်ပါ။

၁၆ တချို့သင်သားတွေက ကောင်းစွာဖတ်တတ်၊ ပြောတတ်ဖို့ လက်တွေ့ကျတဲ့အကူအညီတွေ လိုအပ်နိုင်တယ်။ တခြားသူတွေကျတော့ ယေဟောဝါကိုမသိခင်တုန်းက ကျူးလွန်ခဲ့တဲ့မကောင်းမှုတွေကြောင့် ဘုရားသခင့်အမှုဆောင်ဖို့ မထိုက်တန်ဘူးလို့ ခံစားရနိုင်တယ်။ ဘယ်လိုပဲဖြစ်နေပါစေ သူတို့ကိုမေတ္တာနဲ့ စိတ်ရှည်မှုပြခြင်းအားဖြင့် ကူညီပေးနိုင်တယ်။ “ကျန်းမာသူတို့သည် သမားတော်ကို မလိုကြ။ ဖျားနာသူတို့သာ လိုကြ၏” လို့ ယေရှုပြောခဲ့တယ်။—မ. ၉:၁၂

ယေဟောဝါအကြောင်းသင်ယူဖို့ အမျိုးသားများကို ကူညီပေးပါ

၁၇၊ ၁၈။ (က) သတင်းကောင်းဟောပြောတဲ့အခါ အမျိုးသားတွေကို ပိုတွေ့နိုင်အောင် ဘယ်လိုလုပ်နိုင်သလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၁၇ သမ္မာကျမ်းစာမှာသာတွေ့ရတဲ့ စစ်မှန်တဲ့ပျော်ရွှင်မှုပေးတဲ့ သတင်းတရားကို အမျိုးသားများစွာလက်ခံကြဖို့ ကျွန်ုပ်တို့မျှော်လင့်ပါတယ်။ (၂ တိ. ၃:၁၆၊ ၁၇) ဒါကြောင့် ဟောပြောခြင်းလုပ်ငန်းမှာပါဝင်တဲ့အခါ အမျိုးသားတွေကို ပိုတွေ့နိုင်အောင် ကျွန်ုပ်တို့ ဘယ်လိုလုပ်နိုင်သလဲ။ အမျိုးသားတွေ အိမ်မှာရှိတတ်တဲ့အချိန်ဖြစ်တဲ့ ညနေပိုင်းတွေ၊ စနေ/တနင်္ဂနွေနေ့တွေ ဒါမှမဟုတ် အလုပ်ပိတ်ရက်တွေမှာ ဟောပြောခြင်းလုပ်ငန်းမှာ အချိန်ပိုပါဝင်ခြင်းအားဖြင့် လုပ်နိုင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အိမ်ထောင်ဦးစီးနဲ့စကားပြောလို့ရမရ မေးကြည့်နိုင်တယ်။ သင့်တော်တဲ့အခါတိုင်း အမျိုးသားအလုပ်ဖော်တွေကို အလွတ်သဘောသက်သေခံပြီး အသင်းတော်မှာရှိတဲ့ မယုံကြည်သူခင်ပွန်းသည်တွေ အမှန်တရားကိုစိတ်ဝင်စားလာအောင် ကူညီပေးကြစို့။

၁၈ လူတွေကိုဟောပြောတဲ့အခါ စိတ်နှလုံးရိုးဖြောင့်သူတွေ တုံ့ပြန်လာကြမယ်လို့ ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်တယ်။ အမှန်တရားကို တကယ်စိတ်ဝင်စားမှုပြသူအားလုံးကို စိတ်ရှည်စွာ ကူညီပေးကြစို့။ အသင်းတော်မှာရှိတဲ့ နှစ်ခြင်းခံပြီးသားအမျိုးသားတွေ အသင်းတော်တာဝန်တွေထမ်းဆောင်ဖို့ အရည်အချင်းပြည့်မီလာအောင် ဘယ်လိုကူညီပေးနိုင်သလဲ။ ဒီအကြောင်းကို နောက်ဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ယေဟောဝါသက်သေများရဲ့နှစ်ချုပ်စာအုပ် (အင်္ဂလိပ်) အပြင် ကင်းမျှော်စင်နဲ့ နိုးလော့!တွေမှာပါတဲ့ ဘဝအတ္ထုပ္ပတ္တိတွေကိုကြည့်ပါ။

သင် ဘယ်လိုဖြေဆိုမလဲ

• ဘဝမှာ ဘယ်အရာက အရေးကြီးဆုံးဖြစ်တယ်ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ အမျိုးသားတွေကို ဘယ်လိုကူညီပေးနိုင်သလဲ။

• လူတွေ ကိုယ့်ကိုဘယ်လိုမြင်မလဲဆိုတာကို မစိုးရိမ်ဖို့ ကျမ်းစာသင်သားတွေကို ဘယ်လိုကူညီပေးနိုင်သလဲ။

• ဘုရားသခင်ရဲ့အမှုတော်ကိုဆောင်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ ခံစားနေရသူကို ဘယ်လိုကူညီပေးနိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

အမျိုးသားတွေကို သတင်းကောင်းဟောပြောဖို့ သင်အခွင့်အရေးရှာသလား

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့ သင့်ကျမ်းစာသင်သားကို ဘယ်လိုပြင်ဆင်ပေးနိုင်သလဲ