မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပထမရာစုနဲ့ ယနေ့ခေတ်မှာ ဘုရားသခင့်စွမ်းအားတော်လမ်းညွှန်မှုကိုခံယူ

ပထမရာစုနဲ့ ယနေ့ခေတ်မှာ ဘုရားသခင့်စွမ်းအားတော်လမ်းညွှန်မှုကိုခံယူ

ပထမရာစုနဲ့ ယနေ့ခေတ်မှာ ဘုရားသခင့်စွမ်းအားတော်လမ်းညွှန်မှုကိုခံယူ

‘ဤအခွင့်ရှိသမျှကို ထိုစွမ်းအားတော်တစ်မျိုးတည်းကပင် လုပ်ဆောင်တော်မူ၏။’—၁ ကော. ၁၂:၁၁

၁။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ စိတ်လှုပ်ရှားစရာအဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့တယ်။ အဲဒီနေ့မှာ ဘုရားသခင်က မိမိကျေးကျွန်တွေအပေါ် စွမ်းအားတော် သွန်းလောင်းခဲ့တယ်။ (တ. ၂:၁-၄) ဘုရားသခင်က ကိုယ်တော့်လူမျိုးကို နည်းလမ်းအသစ်နဲ့လမ်းညွှန်ဖို့ စွမ်းအားတော်ကို အသုံးပြုခဲ့တယ်။ ရှေးခေတ်သစ္စာရှိကျွန်တွေ ခက်ခဲတဲ့တာဝန်တွေ ထမ်းဆောင်ရာမှာ ဘုရားသခင့်စွမ်းအားတော် ကူညီပေးတဲ့အကြောင်းကို ရှေ့ဆောင်းပါးမှာ လေ့လာခဲ့ကြတယ်။ ဒါပေမဲ့ ခရစ်ယာန်အသင်းတော် မတည်ထောင်ခင်အချိန်နဲ့ တည်ထောင်ပြီးနောက်ပိုင်း ဘုရားသခင့်ကျေးကျွန်တွေကို စွမ်းအားတော်လမ်းညွှန်ပုံ ဘာကွာခြားသလဲ။ မျက်မှောက်ခေတ်ခရစ်ယာန်တွေ ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်ရဲ့ လမ်းညွှန်မှုကနေ ဘယ်လိုအကျိုးခံစားရသလဲ။ ဒီအကြောင်းကို ဒီဆောင်းပါးမှာ ဆွေးနွေးမှာဖြစ်တယ်။

‘ယေဟောဝါ၏ကျွန်မ ဖြစ်ပါ၏’

၂။ ဘုရားသခင့်စွမ်းအားတော်နဲ့ပတ်သက်ပြီး မာရိ ဘာသိရှိခဲ့သလဲ။

ဂျေရုဆလင်မြို့အထက်ခန်းမှာ စုရုံးရောက်ရှိနေသူတွေအပေါ် သန့်ရှင်းသောစွမ်းအားတော်သွန်းလောင်းချိန်မှာ မာရိလည်း အဲဒီမှာရှိနေတယ်။ (တ. ၁:၁၃၊ ၁၄) ယေဟောဝါက စွမ်းအားတော်သုံးပြီး အံ့ဖွယ်ရာတွေကို လုပ်ဆောင်တယ်ဆိုတာ ဒီအဖြစ်အပျက်မတိုင်ခင်ကတည်းက မာရိ ကိုယ်တွေ့သိရှိခဲ့ပြီးဖြစ်တယ်။ အဲဒီမတိုင်ခင် လွန်ခဲ့တဲ့အနှစ်သုံးဆယ်ကျော်က ယေဟောဝါဟာ သန့်ရှင်းသောစွမ်းအားတော်သုံးပြီး အပျိုကညာမာရိကို ကိုယ်ဝန်ဆောင်စေခဲ့တယ်။ ဒီလိုနည်းနဲ့ ယေဟောဝါက မိမိသားတော်ရဲ့အသက်ကို ကောင်းကင်ကနေ မြေကြီးကို ပြောင်းရွှေ့ပေးခဲ့တယ်။—မ. ၁:၂၀

၃၊ ၄။ ဘုရားသခင်စေခိုင်းတဲ့အလုပ်နဲ့ပတ်သက်ပြီး မာရိ ဘယ်လိုသဘောထားမျိုးတင်ပြခဲ့သလဲ။ မာရိကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။

ယေဟောဝါ ဘာကြောင့် မာရိကို ရွေးချယ်ခဲ့တာလဲ။ ဘုရားသခင့်သားတော်ကိုမွေးဖွားရလိမ့်မယ်လို့ မာရိကို ကောင်းကင်တမန်ပြောပြီးတဲ့နောက် သူ ဒီလိုပြန်ပြောခဲ့တယ်– ‘ကျွန်မသည် ယေဟောဝါ၏ကျွန်မ ဖြစ်ပါ၏။ အရှင့်စကားအတိုင်း ကျွန်မ၌ဖြစ်ပါစေ။’ (လု. ၁:၃၈) မာရိ ဘယ်လိုလူစားမျိုးလဲဆိုတာကို သူ့စကားတွေကနေ သိရတယ်။ သူဟာ ယေဟောဝါရဲ့အလိုတော်အတိုင်းလုပ်ဆောင်ဖို့ အသင့်ရှိခဲ့တယ်။ သူကိုယ်ဝန်ရလာတဲ့အခါ လူတွေသူ့ကို ဘယ်လိုပြောကြမလဲ ဒါမှမဟုတ် သူ့ခင်ပွန်းလောင်း ယောသပ်က သူ့ကိုမယူတော့ရင် ဘယ်လိုလုပ်မလဲဆိုပြီး ကောင်းကင်တမန်ကို ပြန်မေးခွန်းမထုတ်ခဲ့ဘူး။ မာရိက သူ့ကိုယ်သူ ယေဟောဝါရဲ့ကျွန်မဖြစ်ပါတယ်လို့ ပြောခြင်းအားဖြင့် ယေဟောဝါအပေါ် အပြည့်အဝယုံကြည်ကိုးစားကြောင်း ဖော်ပြခဲ့တယ်။

ဘုရားသခင့်အမှုဆောင်ရာမှာ သင် ရထားတဲ့တာဝန်က အရမ်းခက်တယ်လို့ ခံစားနေရသလား။ ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကို ဒီလိုမေးသင့်တယ်– ယေဟောဝါက ကိစ္စရပ်တွေကို မိမိအလိုတော်နဲ့အညီလုပ်ဆောင်မယ်လို့ ငါ အပြည့်အဝယုံကြည်စိတ်ချသလား။ ယေဟောဝါ ငါ့ကိုလုပ်စေချင်တဲ့အတိုင်း ငါ လုပ်လိုစိတ်ရှိသလား။ ဘုရားသခင်ကို အပြည့်အဝယုံကြည်ကိုးစားပြီး ကိုယ်တော့်ကို အုပ်စိုးရှင်အဖြစ် နာခံသူတွေကို ကိုယ်တော်စွမ်းအားတော်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။—တ. ၅:၃၂

သန့်ရှင်းသောစွမ်းအားတော် ပေတရုကို ကူညီခဲ့

၅။ စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့မတိုင်မီမှာ သန့်ရှင်းသောစွမ်းအားတော်က ပေတရုကို ဘယ်လိုကူညီပေးခဲ့သလဲ။

မာရိလိုပဲ တမန်တော်ပေတရုလည်း စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့မတိုင်ခင်ကတည်းက သန့်ရှင်းသောစွမ်းအားတော်ရဲ့အစွမ်းတန်ခိုးကို သိမြင်ခံစားခဲ့ပြီးဖြစ်တယ်။ ယေရှုက ပေတရုနဲ့တခြားတမန်တော်တွေကို ဝိညာဉ်ဆိုးတွေနှင်ထုတ်နိုင်တဲ့ အစွမ်းတန်ခိုးပေးခဲ့တယ်။ (မာ. ၃:၁၄-၁၆) ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျမ်းစာမှာအများကြီးမဖော်ပြထားပေမဲ့ ပေတရုဟာ ဒီအစွမ်းတန်ခိုးကို အသုံးပြုခဲ့ပုံရတယ်။ ဂါလိလဲရေအိုင်ပေါ်မှာ လမ်းလျှောက်ဖို့ ယေရှု သူ့ကိုပြောတုန်းကလည်း သန့်ရှင်းသောစွမ်းအားတော်အကူအညီနဲ့ ပေတရုလျှောက်နိုင်ခဲ့တယ်။ (မဿဲ ၁၄:၂၅-၂၉ ကိုဖတ်ပါ။) ဒါကြောင့် ပေတရုဟာ သန့်ရှင်းသောစွမ်းအားတော်အကူအညီကို ယုံကြည်ခဲ့တဲ့အတွက် အံ့ဖွယ်ရာတွေကို လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာ ထင်ရှားတယ်။ မကြာခင်မှာ ဒီစွမ်းအားတော်ကပဲ တခြားအရာတွေကိုပြုလုပ်ဖို့ ပေတရုနဲ့ တခြားတပည့်တွေကို အစွမ်းတန်ခိုးပေးဦးမှာဖြစ်တယ်။

၆။ စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့အတွင်းနဲ့ နောက်ပိုင်းမှာ ဘုရားသခင့်စွမ်းအားတော်က ပေတရုကို ဘာတွေလုပ်ဖို့ ကူညီပေးခဲ့သလဲ။

စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ပေတရုနဲ့တခြားတပည့်တွေဟာ ဂျေရုဆလင်မှာရောက်နေတဲ့လူတွေရဲ့ ဘာသာစကားတွေကို ပြောနိုင်ခဲ့တယ်၊ သူတို့ အဲဒီလိုပြောနိုင်အောင် သန့်ရှင်းသောစွမ်းအားတော်က ကူညီပေးခဲ့တယ်။ အဲဒီနောက်မှာ ပေတရုက ပရိသတ်အလယ်မှာရပ်ပြီး လူအုပ်ကိုစကားပြောခဲ့တယ်။ (တ. ၂:၁၄-၃၆) ပေတရုက တစ်ခါတစ်ရံမှာ ကြောက်ရွံ့တတ်သူ ဒါမှမဟုတ် မစဉ်းစားမဆင်ခြင်ဘဲ လုပ်တတ်သူဖြစ်တယ်။ ဒါပေမဲ့ သန့်ရှင်းသောစွမ်းအားတော်ရရှိပြီးနောက်မှာ နှိပ်စက်ညှဉ်းပန်းခံရ၊ မဟောပြောဖို့တားမြစ်ခံရချိန်မှာတောင် ရဲရဲရင့်ရင့်ဟောပြောခဲ့တယ်။ (တ. ၄:၁၈-၂၀၊ ၃၁) ဘုရားသခင်က သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ပေတရုကို အထူးသိမြင်နိုင်စွမ်း ပေးခဲ့တယ်။ (တ. ၅:၈၊ ၉) ဒါ့အပြင် တမန်တော်ဟာ ဘုရားသခင့်စွမ်းအားတော်ကြောင့် လူသေကိုတောင် ပြန်ရှင်အောင်ပြုလုပ်ပေးနိုင်ခဲ့တယ်။—တ. ၉:၄၀

၇။ ပေတရု သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းခံရပြီးနောက်မှာ ယေရှုရဲ့ဘယ်သွန်သင်ချက်တွေကို သူ နားလည်လာသလဲ။

ပင်တေကုတ္တေပွဲနေ့မတိုင်ခင်မှာ ပေတရုဟာ ယေရှုသွန်သင်ပေးခဲ့တဲ့ အမှန်တရားအတော်များများကို နားလည်ခဲ့တယ်။ (မ. ၁၆:၁၆၊ ၁၇; ယော. ၆:၆၈) ဒါပေမဲ့ ပင်တေကုတ္တေပွဲနေ့နောက်ပိုင်းကျမှ နားလည်လာတဲ့တခြားအမှန်တရားတွေလည်း ရှိတယ်။ ဥပမာ၊ ခရစ်တော်ဟာ သုံးရက်မြောက်တဲ့နေ့မှာ ဝိညာဉ်ပုဂ္ဂိုလ်အနေနဲ့ ရှင်ပြန်ထမြောက်လာမယ်၊ ခရစ်တော်ရဲ့နိုင်ငံတော်က ကောင်းကင်မှာတည်ထောင်မယ်ဆိုတာတွေကို သူ အရင်ကနားမလည်ခဲ့ဘူး။ (ယော. ၂၀:၆-၁၀; တ. ၁:၆) လူသားတချို့ဟာ ဝိညာဉ်သားတွေအဖြစ်ပြောင်းလဲပြီး ကောင်းကင်နိုင်ငံတော်မှာ အုပ်ချုပ်ကြမယ်ဆိုတာကိုလည်း ပေတရုနားမလည်ခဲ့ဘူး။ ပင်တေကုတ္တေပွဲနေ့မှာ သူကိုယ်တိုင် သန့်ရှင်းသောစွမ်းအားတော်သွန်းလောင်းခံရပြီး ကောင်းကင်အသက်တာအတွက် ရွေးချယ်ခံရတဲ့အချိန်ကျမှ ယေရှုရဲ့ဒီသွန်သင်ချက်တွေကို သူနားလည်ခဲ့တယ်။

၈။ ကောင်းကင်အတန်းအစားတွေရော၊ အခြားသိုးတွေပါ ဘယ်အသိပညာရရှိနိုင်သလဲ။

ယေရှုရဲ့တပည့်တွေဟာ သန့်ရှင်းသောစွမ်းအားတော်ရရှိပြီးတဲ့နောက်မှာ အရင်က သူတို့နားမလည်ခဲ့တဲ့သွန်သင်ချက်တွေကို နားလည်လာခဲ့ကြတယ်။ ယေဟောဝါရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်တဲ့ အံ့ဖွယ်အမှန်တရားတွေကို ရှင်းပြဖို့ သန့်ရှင်းသောစွမ်းအားတော်က ကျမ်းရေးသူတွေကို တိုက်တွန်းခဲ့တယ်။ (ဧ. ၃:၈-၁၁၊ ၁၈) ယနေ့အချိန်မှာ ကောင်းကင်အတန်းအစားတွေရော၊ အခြားသိုးတွေပါ အမှန်တရားတစ်မျိုးတည်းကိုပဲ လေ့လာပြီး နားလည်သဘောပေါက်နိုင်ကြတယ်။ (ယော. ၁၀:၁၆) ဘုရားသခင့်စွမ်းအားတော်အကူအညီကြောင့် သမ္မာကျမ်းစာ အသိပညာရပြီး နားလည်နိုင်လို့ သင် ကျေးဇူးတင်တယ်မဟုတ်လား။

ပေါလု “သန့်ရှင်းသောစွမ်းအားတော်ဖြင့်ပြည့်”

၉။ သန့်ရှင်းသောစွမ်းအားတော်ကြောင့် ပေါလု ဘာတွေလုပ်နိုင်ခဲ့သလဲ။

စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့ပြီးလို့ တစ်နှစ်အကြာမှာ ပေါလုလို့လူသိလာတဲ့ ရှောလုဟာ သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းခံခဲ့ရတယ်။ ဘုရားသခင့်စွမ်းအားတော်က ဒီနေ့အထိ ကျွန်ုပ်တို့ကို အကျိုးပြုတဲ့အရာတွေလုပ်ဆောင်ဖို့ ပေါလုကို အစွမ်းတန်ခိုးပေးခဲ့တယ်။ ဥပမာ၊ သန့်ရှင်းသောစွမ်းအားတော်က ပေါလုကို ကျမ်းစောင် ၁၄ စောင် ရေးသားဖို့ တိုက်တွန်းခဲ့တယ်။ သန့်ရှင်းသောစွမ်းအားတော်က ပေတရုကိုကူညီပေးခဲ့သလို ပေါလုကိုလည်း မသေနိုင်၊ မပျက်စီးနိုင်တဲ့ ကောင်းကင်အသက်တာအကြောင်း နားလည်ပြီး ရေးသားဖို့ ကူညီပေးခဲ့တယ်။ ဒီသန့်ရှင်းသောစွမ်းအားတော်ကြောင့် ပေါလုဟာ ဝိညာဉ်ဆိုးတွေကိုနှင်ထုတ်၊ လူနာတွေကိုကုသပြီး သေဆုံးသွားသူတချို့ကိုတောင် ပြန်ရှင်အောင်လုပ်ပေးခဲ့တယ်။ ဒါပေမဲ့ ပေါလုဟာ သန့်ရှင်းသောစွမ်းအားတော်တန်ခိုးရပြီး ပိုအရေးကြီးတဲ့အလုပ်ကို လုပ်ခဲ့တယ်။ မျက်မှောက်ခေတ်ဘုရားသခင့်ကျေးကျွန်တွေလည်း အံ့ဖွယ်နည်းနဲ့မဟုတ်ပေမဲ့ သန့်ရှင်းသောစွမ်းအားတော်ရပြီး အဲဒီအလုပ်ကို လုပ်နေကြတယ်။

၁၀။ ပေါလုစကားပြောတဲ့အခါ သန့်ရှင်းသောစွမ်းအားတော်က ဘယ်လိုကူညီပေးခဲ့သလဲ။

၁၀ “သန့်ရှင်းသောစွမ်းအားတော်ဖြင့်ပြည့်” နေတဲ့ ပေါလုဟာ စစ်မှန်တဲ့ဝတ်ပြုရေးရဲ့ရန်သူတစ်ဦးကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြောဆိုခဲ့တယ်။ သူတို့ပြောဆိုနေတာတွေကို ဆိုက်ပရက်စ်ကျွန်းနယ်စားမင်းက နားထောင်ခဲ့တယ်။ နယ်စားမင်းက ပေါလုပြောတာကို အထင်ကြီးလေးစားပြီး အမှန်တရားကို လက်ခံခဲ့တယ်။ သူဟာ “ယေဟောဝါ၏သွန်သင်တော်မူခြင်းတရားကို အလွန်အံ့သြ” တယ်လို့ ကျမ်းစာကပြောတယ်။ (တ. ၁၃:၈-၁၂) သူ အမှန်တရားအကြောင်း ရဲရဲဝံ့ဝံ့ပြောနိုင်ခဲ့တာက သန့်ရှင်းသောစွမ်းအားတော် တန်ခိုးကြောင့်ဆိုတာကို ပေါလုသိတယ်။ (မ. ၁၀:၂၀) သူဆက်ပြီး “ဟောပြောနိုင်သည့်နှုတ်သတ္တိ” ရှိဖို့ ဆုတောင်းပေးကြပါလို့ နောက်ပိုင်းမှာ ဧဖက်မြို့မှာရှိတဲ့အသင်းတော်ကို ပေါလုပြောခဲ့တယ်။—ဧ. ၆:၁၈-၂၀

၁၁။ ဘုရားသခင့်စွမ်းအားတော်က ပေါလုကို ဘယ်လိုလမ်းညွှန်ခဲ့သလဲ။

၁၁ သန့်ရှင်းသောစွမ်းအားတော်က ပေါလုဟောပြောဖို့ ကူညီပေးခဲ့တယ်၊ ဒါပေမဲ့ တချို့နေရာတွေမှာ မဟောပြောဖို့လည်း သူ့ကိုတားမြစ်ခဲ့တယ်။ သန့်ရှင်းသောစွမ်းအားတော်က ပေါလုရဲ့ ခရစ်ယာန်သာသနာပြုခရီးစဉ်တွေကို ညွှန်ကြားခဲ့တယ်။ (တ. ၁၃:၂; တမန်တော် ၁၆:၆-၁၀ ကိုဖတ်ပါ။) ယေဟောဝါက မျက်မှောက်ခေတ်ဟောပြောခြင်းလုပ်ငန်းကို ညွှန်ကြားရာမှာ ကိုယ်တော့်စွမ်းအားတော်ကို ဆက်အသုံးပြုနေဆဲဖြစ်တယ်။ ပေါလုလိုပဲ ယေဟောဝါရဲ့နာခံမှုရှိတဲ့ကျေးကျွန်တွေဟာ အမှန်တရားကို သတ္တိရှိရှိ၊ ဇွဲနပဲနဲ့ အတတ်နိုင်ဆုံး ဟောပြောနေကြတယ်။ ပေါလုအချိန်မှာ ဘုရားသခင် စွမ်းအားတော်အသုံးပြုပုံနဲ့ ယနေ့အချိန်မှာ စွမ်းအားတော်အသုံးပြုပုံ မတူတော့ဘူး။ ဒါပေမဲ့ စိတ်နှလုံးရိုးဖြောင့်သူတွေကို အမှန်တရားထဲ “သွေးဆောင်” ရာမှာ ကိုယ်တော့်စွမ်းအားတော်ကို ဆက်အသုံးပြုနေဆဲဖြစ်တယ်ဆိုတာ ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါတယ်။—ယော. ၆:၄၄

“လုပ်ဆောင်မှုအမျိုးမျိုးရှိ”

၁၂-၁၄။ ဘုရားသခင့်စွမ်းအားတော်က ကိုယ်တော့်ကျေးကျွန်အားလုံးအပေါ် နည်းတစ်မျိုးတည်းနဲ့ပဲ အကျိုးသက်ရောက်သလား။ ဘုရားသခင့်စွမ်းအားတော် အကျိုးသက်ရောက်နိုင်တဲ့ နည်းတချို့က ဘာတွေလဲ။

၁၂ ပထမရာစု ကောင်းကင်အတန်းအစားတွေအပေါ် ယေဟောဝါကောင်းချီးပေးပုံအကြောင်း ဖတ်ရှုရခြင်းက ကျွန်ုပ်တို့ကို တကယ်အားရှိစေပါတယ်။ သန့်ရှင်းသောစွမ်းအားတော်က အဲဒီအချိန်ကခရစ်ယာန်တွေကို အထူးစွမ်းရည် ဒါမှမဟုတ် “ဆုကျေးဇူး” ပေးခဲ့တယ်။ ကောရိန္သုအသင်းတော်ကိုရေးတဲ့စာမှာ ပေါလု ဒီဆုကျေးဇူးတွေအကြောင်း ဖော်ပြခဲ့တယ်– “ဆုကျေးဇူး အမျိုးမျိုးရှိ၏။ သို့သော် အားလုံးသည် ဘုရားသခင့် စွမ်းအားတော်ကြောင့် ဖြစ်၏။ အမှုတော်ဆောင်ခြင်း အမျိုးမျိုးရှိ၏။ သို့သော် သခင်တစ်ပါးတည်း ရှိ၏။ လုပ်ဆောင်မှု အမျိုးမျိုးရှိ၏။ သို့သော် လူအသီးသီးတို့၌ အမျိုးမျိုး လုပ်ဆောင်တော်မူသော ဘုရားသခင် တစ်ဆူတည်းရှိ၏။” (၁ ကော. ၁၂:၄-၆၊ ၁၁) သတ်သတ်မှတ်မှတ်ရည်ရွယ်ချက်တစ်ခုအတွက် သန့်ရှင်းသောစွမ်းအားတော်က ဘုရားသခင့်ကျေးကျွန်တစ်ဦးစီအပေါ် နည်းတစ်မျိုးစီနဲ့ အကျိုးသက်ရောက်နိုင်တယ်လို့ ပေါလုပြောတယ်။ “သိုးစုငယ်” ရော “အခြားသိုး” ပါ သန့်ရှင်းသောစွမ်းအားတော်ရဲ့ လမ်းညွှန်မှု ခံကြရတယ်။ (လု. ၁၂:၃၂; ယော. ၁၀:၁၆) ဒါပေမဲ့ အသင်းတော်မှာရှိတဲ့ တစ်ဦးစီအပေါ် စွမ်းအားတော်သက်ရောက်ပုံက အမြဲတစ်ပုံစံတည်းမဟုတ်ဘူး။

၁၃ ဥပမာ၊ အကြီးအကဲတွေကို သန့်ရှင်းသောစွမ်းအားတော်နဲ့ ခန့်အပ်တယ်။ (တ. ၂၀:၂၈) ဒါပေမဲ့ သန့်ရှင်းသောစွမ်းအားတော်သွန်းလောင်းခံရတဲ့ ကောင်းကင်အတန်းအစားအားလုံးကတော့ အသင်းတော်အကြီးအကဲ မဟုတ်ကြဘူး။ ဒီအချက်က ဘုရားသခင့်စွမ်းအားတော်ဟာ အသင်းသားတစ်ဦးစီအပေါ် နည်းတစ်မျိုးစီနဲ့ အကျိုးသက်ရောက်တယ်ဆိုတာ ဖော်ပြတယ်။

၁၄ ကောင်းကင်အတန်းအစား ဘုရားသခင့်သားတွေအဖြစ် မွေးစားခံရကြောင်း အသိပေးဖော်ပြတဲ့ စွမ်းအားတော်နဲ့ ယေရှုကို ကောင်းကင်အသက်တာကို ထမြောက်စေရာမှာ ယေဟောဝါအသုံးပြုခဲ့တဲ့စွမ်းအားတော်က အတူတူပဲဖြစ်တယ်။ (ရောမ ၈:၁၁၊ ၁၅ ကိုဖတ်ပါ။) စကြဝဠာတစ်ခုလုံးကို ဖန်ဆင်းရာမှာ ဒီစွမ်းအားကိုပဲ ယေဟောဝါအသုံးပြုခဲ့တယ်။ (က. ၁:၁-၃) ဝတ်ပြုရာတဲတော်အသုံးအဆောင်တွေ ပြုလုပ်နိုင်ဖို့ ဗေဇလေလကို အထူးစွမ်းရည်ပေးရာမှာလည်း ဒီစွမ်းအားကိုပဲ ယေဟောဝါ အသုံးပြုခဲ့တယ်။ ဘယ်သူမှမလုပ်နိုင်တဲ့ အလုပ်တွေကို ရှံဆုန်လုပ်ဆောင်နိုင်ဖို့ အံ့ဖွယ်နည်းနဲ့ခွန်အားပေးတာ၊ ပေတရု ရေပေါ်လမ်းလျှောက်နိုင်ဖို့ ကူညီပေးတာလည်း ဒီစွမ်းအားတော်ပဲဖြစ်တယ်။ ဒါကြောင့် ဘုရားသခင့်စွမ်းအားတော်ရဲ့ လမ်းညွှန်မှုခံရတာနဲ့ ကောင်းကင်အတန်းအစားတွေ စွမ်းအားတော်သွန်းလောင်းခံရတာ မတူဘူး။ ကောင်းကင်အတန်းအစားတွေအပေါ် သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းခြင်းက ဘုရားသခင့်စွမ်းအားတော် အလုပ်လုပ်တဲ့ အထူးနည်းလမ်းတစ်ခုဖြစ်တယ်။ စွမ်းအားတော်သွန်းလောင်းခံရသူတွေကို ဘုရားသခင်ကိုယ်တိုင်ရွေးချယ်တယ်။

၁၅။ သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းခြင်းက အမြဲဆက်ရှိသွားမလား။ ရှင်းပြပါ။

၁၅ ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်က သစ္စာရှိကျေးကျွန်တွေအပေါ် နည်းအမျိုးမျိုးနဲ့ အကျိုးသက်ရောက်တယ်။ ကောင်းကင်အတန်းအစားတွေအပေါ် ဘုရားသခင့်စွမ်းအားတော် မသွန်းလောင်းခင် နှစ်ထောင်ချီကတည်းက သစ္စာရှိသူတွေအပေါ် ဘုရားသခင့်စွမ်းအားတော် အကျိုးသက်ရောက်ခဲ့တယ်။ စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့ရောက်မှ ကောင်းကင်အတန်းအစားတွေအပေါ် သန့်ရှင်းသောစွမ်းအားတော်သွန်းလောင်းခဲ့တယ်၊ ဒါက သတ်မှတ်ထားတဲ့အချိန်မှာ ပြီးဆုံးသွားမှာဖြစ်တယ်။ စွမ်းအားတော်သွန်းလောင်းခြင်းက အဆုံးတိုင်သွားမှာဖြစ်ပေမဲ့ ဘုရားသခင့်လူတွေ ကိုယ်တော့်အလိုတော်ကို ထာဝစဉ်လုပ်ဆောင်နိုင်ဖို့ သန့်ရှင်းသောစွမ်းအားတော်က ဆက်အလုပ်လုပ်သွားမှာဖြစ်တယ်။

၁၆။ ယေဟောဝါရဲ့ကျေးကျွန်တွေဟာ အခုအချိန်မှာ သန့်ရှင်းသောစွမ်းအားတော်အကူအညီနဲ့ ဘာတွေလုပ်နေကြသလဲ။

၁၆ ယေဟောဝါရဲ့ကျေးကျွန်တွေဟာ အခုအချိန်မှာ သန့်ရှင်းသောစွမ်းအားတော်အကူအညီနဲ့ ဘာတွေလုပ်နေကြသလဲ။ ကျမ်းစာက ဒီလိုဖော်ပြတယ်– “စွမ်းအားတော်နှင့် သတို့သမီးက ‘လာလော့’ ဟုမပြတ်ဆို၏။ ကြားသူတိုင်းလည်း ‘လာလော့’ ဟုဆိုပါစေ။ ရေငတ်သူတိုင်း လာပါစေ။ ဆန္ဒရှိသူတိုင်း အသက်ရေကို အခမဲ့ယူပါစေ။” (ဗျာ. ၂၂:၁၇) ယနေ့ခရစ်ယာန်တွေက သန့်ရှင်းသောစွမ်းအားတော်အကူအညီနဲ့ “ဆန္ဒရှိသူတိုင်း” ကို အသက်ရေသောက်ဖို့ ဖိတ်ခေါ်နေတယ်။ ဒီလုပ်ငန်းကို ကောင်းကင်အတန်းအစားတွေက ဦးဆောင်ပြီး အခြားသိုးတွေက ပူးပေါင်းပါဝင်ကြတယ်။ ဒီအုပ်စုနှစ်စုစလုံးက သန့်ရှင်းသောစွမ်းအားတော်တစ်မျိုးတည်းရဲ့ လမ်းညွှန်မှုကို ခံရကြတယ်။ အုပ်စုနှစ်စုစလုံးက ယေဟောဝါထံ အကြွင်းမဲ့အပ်နှံထားကြောင်းကို “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော စွမ်းအားတော်၏နာမ၌” နှစ်ခြင်းခံခြင်းအားဖြင့် ဖော်ပြကြတယ်။ (မ. ၂၈:၁၉) သူတို့အားလုံးရဲ့အသက်တာမှာ စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေကို တင်ပြကြတယ်။ (ဂလ. ၅:၂၂၊ ၂၃) ဘုရားသခင့်စွမ်းအားတော်ရဲ့အကူအညီနဲ့ ဘုရားသခင်နှစ်သက်တဲ့ ဘဝလမ်းစဉ်အတိုင်း အသက်ရှင်ဖို့ အစွမ်းကုန်ကြိုးစားကြတယ်။—၂ ကော. ၇:၁; ဗျာ. ၇:၉၊ ၁၄

သန့်ရှင်းသောစွမ်းအားတော်ရဖို့ ဆက်တောင်းပါ

၁၇။ သင့်မှာ ဘုရားသခင့်စွမ်းအားတော်ရှိကြောင်း ဘယ်လိုတင်ပြနိုင်သလဲ။

၁၇ သင်ဟာ ကောင်းကင်မျှော်လင့်ချက်ရှိသူဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ရှိသူဖြစ်စေ ယေဟောဝါအပေါ် အဆုံးထိတည်ကြည်နိုင်ဖို့ ကိုယ်တော် သင့်ကို “သာမန်ထက်ထူးကဲသောတန်ခိုးတော်” ပေးနိုင်ပါတယ်။ (၂ ကော. ၄:၇) ဟောပြောခြင်းလုပ်ငန်းကြောင့် လူတွေရဲ့ ကဲ့ရဲ့လှောင်ပြောင်မှုကို သင် ခံရနိုင်တယ်။ ဒါပေမဲ့ ဒီအခြေအနေကြားမှာ ဆက်ဟောပြောနေမယ်ဆိုရင် သင့်မှာ ဘုရားသခင့်စွမ်းအားတော်ရှိကြောင်း တင်ပြနေခြင်းဖြစ်တယ်။ ဒီအချက်ကို သတိရပါ– ‘သင်တို့သည် ခရစ်တော်၏နာမကြောင့် ကဲ့ရဲ့ရှုတ်ချခံနေရလျှင် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ဘုရားသခင်၏စွမ်းအားတော်သည် သင်တို့အပေါ် ကိန်းဝပ်နေ၍ဖြစ်၏။’—၁ ပေ. ၄:၁၄

၁၈၊ ၁၉။ ယေဟောဝါက သင့်ကိုကူညီရာမှာ သန့်ရှင်းသောစွမ်းအားတော်ကို ဘယ်လိုအသုံးပြုသလဲ။ သင်ဘာဆက်လုပ်မလဲ။

၁၈ သန့်ရှင်းသောစွမ်းအားတော်ရဖို့ စိတ်ရင်းမှန်နဲ့ဆုတောင်းသူအားလုံးကို ဘုရားသခင်က ရက်ရောစွာပေးတယ်။ စွမ်းအားတော်က သင့်စွမ်းရည်ကိုတိုးတက်စေနိုင်ပြီး အတတ်နိုင်ဆုံးအမှုဆောင်လိုတဲ့ဆန္ဒကို ပြင်းပြစေနိုင်ပါတယ်။ အကြောင်းကတော့ “သင်တို့အလိုဆန္ဒရှိစေရန်လည်းကောင်း၊ ပြုမူလုပ်ဆောင်စေရန်လည်းကောင်း မိမိနှစ်သက်တော်မူရာအတွက် သင်တို့အထဲတွင် လုပ်ဆောင်နေတော်မူသောအရှင်ကား ဘုရားသခင်ဖြစ်” လို့ပဲ။ သန့်ရှင်းသောစွမ်းအားတော်အကူအညီနဲ့ “အသက်နှင့်ဆိုင်သော တရားစကားတော်ကို ဆုပ်ကိုင်ထား” ရမှာဖြစ်တယ်။ အဲဒီလိုလုပ်မယ်ဆိုရင် “ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် သင်တို့ကိုယ်တိုင်၏ ကယ်တင်ခြင်းအတွက် ကြိုးစားဆောင်ရွက်” နိုင်ပါလိမ့်မယ်။—ဖိ. ၂:၁၂၊ ၁၃၊ ၁၆

၁၉ ဘုရားသခင့်စွမ်းအားတော်ကို အပြည့်အဝယုံကြည်ကိုးစားပြီး ယေဟောဝါခိုင်းတဲ့အလုပ်တွေကို ကြိုးစားလုပ်ဆောင်ပါ၊ အကောင်းဆုံးလုပ်ဆောင်ပါ၊ အကူအညီရဖို့ ယေဟောဝါထံဆုတောင်းပါ။ (ယာ. ၁:၅) သင် သမ္မာကျမ်းစာကိုနားလည်ဖို့၊ ဘဝပြဿနာတွေကို ခံရပ်နိုင်ဖို့၊ သတင်းကောင်းဟောပြောနိုင်ဖို့ လိုအပ်တဲ့အကူအညီကို ကိုယ်တော်ပေးပါလိမ့်မယ်။ ယေရှုက “တောင်းမြဲတောင်းကြလော့။ တောင်းလျှင် ရလိမ့်မည်။ ရှာမြဲရှာကြလော့။ ရှာလျှင် တွေ့လိမ့်မည်။ ခေါက်မြဲခေါက်ကြလော့။ ခေါက်လျှင် တံခါးဖွင့်ပေးလိမ့်မည်” လို့ပြောခဲ့တယ်။ (လု. ၁၁:၉၊ ၁၃) တောင်းရမယ့်အထဲမှာ သန့်ရှင်းသောစွမ်းအားတော်လည်း ပါတယ်။ ဒါကြောင့် ဘုရားသခင့်ကျေးကျွန်တွေကို သန့်ရှင်းသောစွမ်းအားတော် လမ်းညွှန်ပေးသလို သင့်ကိုလည်း လမ်းညွှန်ပေးဖို့ ယေဟောဝါထံ ဆက်ဆုတောင်းပါ။

သင်ရှင်းပြနိုင်သလား

• မာရိကို ဘယ်လိုတုပနိုင်သလဲ၊ ဘယ်ကောင်းချီးတွေ ခံစားရမလဲ။

• ဘုရားသခင့်စွမ်းအားတော်က ပေါလုကို ဘယ်လိုလမ်းညွှန်ခဲ့သလဲ။

• မျက်မှောက်ခေတ်ဘုရားသခင့်ကျေးကျွန်တွေကို စွမ်းအားတော် ဘယ်လိုလမ်းညွှန်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၄ ပါရုပ်ပုံ]

ဘုရားသခင့်စွမ်းအားတော်အကူအညီနဲ့ ပေါလုဟာ ဝိညာဉ်ဆိုးတွေကို အောင်နိုင်ခဲ့

[စာမျက်နှာ ၂၆ ပါရုပ်ပုံ]

ယနေ့ ဘယ်မျှော်လင့်ချက်ပဲရှိနေပါစေ ခရစ်ယာန်အားလုံး သန့်ရှင်းသောစွမ်းအားတော်ရရှိနိုင်