မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခြင်းက ဆုကျေးဇူးဖြစ်

ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခြင်းက ဆုကျေးဇူးဖြစ်

ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခြင်းက ဆုကျေးဇူးဖြစ်

ဂျိမ်းစ် အေ သောမ်ဆင် ပြောပြသည်

၁၉၂၈ ခုနှစ်၊ အမေရိကန်ပြည်ထောင်စုတောင်ပိုင်းမှာ ကျွန်တော့်ကိုမွေးဖွားတဲ့အချိန်တုန်းက လူဖြူလူမည်းခွဲခြားတဲ့ဥပဒေတည်ရှိဆဲဖြစ်တယ်။ ဒီဥပဒေကိုချိုးဖောက်ရင် ထောင်ကျနိုင်တယ် ဒါမှမဟုတ် အဲဒီထက်မက ဆိုးသွားနိုင်တယ်။

အဲဒီအချိန်တုန်းက အမေရိကန်ပြည်ထောင်စု တချို့နေရာတွေမှာရှိတဲ့ ယေဟောဝါသက်သေတွေမှာ လူဖြူလူမည်းခွဲထားတဲ့ အသင်းတော်တွေ၊ တိုက်နယ်တွေ၊ ခရိုင်တွေရှိခဲ့တယ်။ ၁၉၃၇ ခုနှစ်မှာ ကျွန်တော့်အဖေက တက်နက်စီပြည်နယ်၊ ချာတာနူဂါ လူမည်းအသင်းတော်ရဲ့ ကုမ္ပဏီအမှုထမ်း (အခု၊ အကြီးအကဲအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူးလို့ခေါ်) ဖြစ်လာတယ်။ ဟန်နရီ နီကိုးစ်က လူဖြူအသင်းတော်ရဲ့ ကုမ္ပဏီအမှုထမ်းဖြစ်တယ်။

ကျွန်တော်ကလေးဘဝတုန်းက ပျော်စရာကောင်းတဲ့ အမှတ်ရစရာတွေရှိခဲ့တယ်၊ အဖေနဲ့ ညီအစ်ကို နီကိုးစ်က ညဆိုရင် ကျွန်တော်တို့အိမ်အနောက်ဘက် အဖီမှာထိုင်ပြီး စကားပြောကြတယ်။ သူတို့ပြောတာကို ကျွန်တော် အကုန်နားမလည်ပေမဲ့ လက်ရှိအခြေအနေတွေကြားမှာ ဟောပြောခြင်းလုပ်ငန်းကို ဘယ်လိုအကောင်းဆုံးလုပ်ဆောင်ရမယ်ဆိုတဲ့အကြောင်း ဆွေးနွေးတာကို အဖေ့ဘေးမှာထိုင်ပြီး နားထောင်ခဲ့တယ်။

၁၉၃၀ ပြည့်နှစ်မှာ ကျွန်တော်တို့မိသားစု ကြေကွဲစရာဖြစ်ရပ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတယ်။ အသက် ၂၀ ပဲရှိသေးတဲ့ ကျွန်တော့်အမေ ကွယ်လွန်သွားတော့ အဖေက လေးနှစ်အရွယ်ကျွန်တော့်အစ်မ ဒေါရစ်နဲ့ နှစ်နှစ်အရွယ် ကျွန်တော့်ကို ကျွေးမွေးစောင့်ရှောက်ခဲ့ရတယ်။ အဖေ နှစ်ခြင်းခံတာ သိပ်မကြာသေးပေမဲ့ သူအမှန်တရားမှာ ကောင်းကောင်းတိုးတက်နေတယ်။

ကျွန်တော့်ဘဝကိုပုံသွင်းပေးတဲ့ ပုံသက်သေများ

၁၉၃၃ ခုနှစ်မှာ အဖေက လီလီ မေ ဂွမ်ဒလန် တော်မ်မက်စ် လို့ခေါ်တဲ့ သိပ်ကောင်းတဲ့ ခရစ်ယာန်ညီအစ်မနဲ့တွေ့ပြီး မကြာခင်မှာ သူတို့လက်ထပ်လိုက်ကြတယ်။ အဖေနဲ့အမေက ယေဟောဝါကို တည်ကြည်စွာအမှုဆောင်တဲ့နေရာမှာ ဒေါရစ်နဲ့ ကျွန်တော့်အတွက် ပုံသက်သေကောင်းပြခဲ့တယ်။

၁၉၃၈ ခုနှစ်မှာ အသင်းတော်အကြီးအကဲတွေကို အသင်းတော်က မဲပေးရွေးချယ်မယ့်အစား နယူးယောက်၊ ဘရွတ်ကလင်မှာရှိတဲ့ ဌာနချုပ်ကနေ ခန့်အပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုထောက်ခံဖို့ အသင်းတော်တွေကို တောင်းဆိုတယ်။ ချာတာနူဂါ အသင်းတော်မှာရှိတဲ့ တချို့သူတွေက ဒီအပြောင်းအလဲကို သိပ်လက်မခံချင်ကြပေမဲ့ အဖေက အဖွဲ့အစည်းဆိုင်ရာအပြောင်းအလဲကို ခြွင်းချက်မရှိလက်ခံကြောင်း ပြောခဲ့တယ်။ သူရဲ့တည်ကြည်တဲ့ပုံသက်သေနဲ့ အမေ့ရဲ့ ပူးပေါင်းလုပ်ဆောင်မှုက ဒီနေ့အထိ ကျွန်တော့်အတွက် အကူအညီဖြစ်နေဆဲပဲ။

နှစ်ခြင်းခံပြီး အချိန်ပြည့်လုပ်ငန်းမှာပါဝင်

၁၉၄၀ ပြည့်နှစ်မှာ ကျွန်တော်တို့အသင်းတော်မှာရှိတဲ့ လူအတော်များများက ဘတ်စကားတစ်စီးငှားပြီး မစ်ရှီဂန်ပြည်နယ်၊ ဒက်ထရွိုက်မြို့မှာကျင်းပတဲ့ စည်းဝေးကြီးကို သွားတက်ခဲ့ကြတယ်။ ကျွန်တော်တို့အုပ်စုထဲက တချို့က အဲဒီမှာ နှစ်ခြင်းခံခဲ့ကြတယ်။ ကျွန်တော်ငါးနှစ်အရွယ်ကတည်းက ဟောပြောခဲ့ပြီး ဒီလုပ်ငန်းမှာ တက်တက်ကြွကြွပါဝင်နေပေမဲ့ ဘာကြောင့်နှစ်ခြင်းမခံသလဲဆိုတာ တချို့သူတွေ သိချင်ကြတယ်။

သူတို့ ကျွန်တော့်ကို ဒီအကြောင်းမေးတဲ့အခါ “ကျွန်တော် နှစ်ခြင်းအကြောင်း ကောင်းကောင်းနားမလည်သေးဘူး” လို့ပြန်ဖြေလိုက်တယ်။ ဒါကို အဖေ အမှတ်တမဲ့ကြားသွားပြီး အံ့ဩသွားတယ်။ အဲဒီအချိန်ကစပြီး အဖေဟာ နှစ်ခြင်းရဲ့အဓိပ္ပာယ်နဲ့ ဒါက ဘာကြောင့်အရေးကြီးတယ်ဆိုတာ ကျွန်တော့်ကို ကောင်းကောင်းရှင်းပြခဲ့တယ်။ နောက်လေးလအကြာ အရမ်းချမ်းအေးတဲ့နေ့တစ်နေ့ဖြစ်တဲ့ ၁၉၄၀၊ အောက်တိုဘာ ၁ ရက်မှာ ချာတာနူဂါမြို့ပြင်မှာရှိတဲ့ ရေကန်တစ်ကန်မှာ ကျွန်တော် နှစ်ခြင်းခံလိုက်တယ်။

အသက် ၁၄ နှစ်ရောက်တဲ့အခါ နွေရာသီကျောင်းပိတ်ရက်တွေမှာ ကျွန်တော်ရှေ့ဆောင်စလုပ်တယ်။ တက်နက်စီနဲ့ အနီးအနား ဂျော်ဂျီယာပြည်နယ်မှာရှိတဲ့ မြို့ငယ်လေးတွေမှာ ကျွန်တော်သွားဟောပြောခဲ့တယ်။ အိပ်ရာကနေစောစောထ၊ နေ့လယ်စာထည့်ပြီး မနက် ၆ နာရီထွက်တဲ့ ရထား ဒါမှမဟုတ် ဘတ်စကားနဲ့ အဲဒီနေရာတွေကို သွားတယ်။ ညနေ ၆ နာရီလောက်မှ ပြန်လာတယ်။ ကျွန်တော်ထည့်သွားတဲ့ နေ့လယ်စာက နေ့လယ်စာစားချိန်မရောက်ခင် ကုန်သွားတတ်တယ်။ ကျွန်တော့်မှာ ပိုက်ဆံရှိပေမဲ့ ကျွန်တော်က လူမည်းဖြစ်နေလို့ အစားအသောက်ဝယ်ဖို့ စတိုးဆိုင်ထဲ ဝင်လို့မရဘူး။ တစ်ခါတုန်းက ရေခဲမုန့်ဝယ်ဖို့ ဝင်သွားတော့ မောင်းထုတ်ခံရတယ်။ လူဖြူအမျိုးသမီးတစ်ယောက်က ကျွန်တော့်ကိုသနားပြီး တစ်ခုဝယ်လာပေးတယ်။

ကျွန်တော် အထက်တန်းရောက်တော့ တောင်ပိုင်းမှာ လူထုအခွင့်အရေးလှုပ်ရှားမှုက အရှိန်အဟုန်မြင့်လာတယ်။ လူမည်းဖွံ့ဖြိုးတိုးတက်ရေးအမျိုးသားအသင်းလို အသင်းအဖွဲ့တွေက ကျောင်းသားတွေကို ဆူပူလှုပ်ရှားမှုမှာပါ၀င်ဖို့ အားပေးတယ်။ အသင်းထဲဝင်ဖို့ ကျွန်တော်တို့ကို ဆွယ်ကြတယ်။ ကျွန်တော်တို့ကျောင်းအပါအဝင် လူမည်းကျောင်းတွေက အသင်းဝင် ရာနှုန်းပြည့်ရဖို့ ပန်းတိုင်ထားတယ်။ “ကိုယ့်လူမျိုးကို ထောက်ခံ” ဖို့ ကျွန်တော် ဖိအားပေးခံရတယ်။ ဒါပေမဲ့ ကျွန်တော်ငြင်းလိုက်ပြီး ဘုရားသခင်က မျက်နှာမလိုက်ဘူး၊ လူမျိုးတစ်မျိုးကို တစ်မျိုးထက်ပိုပြီး မျက်နှာသာမပေးဘူးလို့ ရှင်းပြခဲ့တယ်။ ဒီလိုမတရားမှုတွေကို ဖြေရှင်းပေးဖို့ ကျွန်တော် ဘုရားသခင်ကို မျှော်ကိုးခဲ့တယ်။—ယော. ၁၇:၁၄; တ. ၁၀:၃၄၊ ၃၅

ကျွန်တော်အထက်တန်းကျောင်းပြီးလို့ သိပ်မကြာခင်မှာ နယူးယောက်မြို့ကိုပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ အစောပိုင်းစည်းဝေးကြီးတစ်ခုမှာတွေ့ခဲ့တဲ့ မိတ်ဆွေတွေနဲ့တွေ့ဖို့ ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ ဖီလဒဲလ်ဖီးယားမြို့ကို ခဏဝင်လိုက်တယ်။ အဲဒီမှာရှိတဲ့ အသင်းတော်က ကျွန်တော်ပထမဆုံးတက်ဖူးတဲ့ လူဖြူလူမည်းရောတဲ့ အသင်းတော်ဖြစ်တယ်။ ကျွန်တော်ရောက်တဲ့အချိန်က နယ်လှည့်ကြီးကြပ်မှူး လည်ပတ်ချိန်ဖြစ်တယ်၊ နယ်လှည့်ကြီးကြပ်မှူးက ကျွန်တော့်ကိုခေါ်ပြီး နောက်အစည်းအဝေးမှာ ကျွန်တော်အပိုင်းတစ်ပိုင်းကိုကိုင်ဖို့ တာဝန်ကျတယ်လို့ပြောခဲ့တယ်။ အဲဒါနဲ့ ကျွန်တော်အဲဒီမှာနေဖို့ ဆုံးဖြတ်လိုက်တယ်။

ဖီလဒဲလ်ဖီးယားမှာ ကျွန်တော်ရတဲ့ မိတ်ဆွေတွေထဲမှာ ဂျယ်ရယ်ဒင်း ဝှိုက် လို့ခေါ်တဲ့ ညီမငယ်တစ်ယောက်လည်းပါတယ်။ ကျွန်တော်ကတော့ သူ့ကို ဂျယ်ရီလို့ခေါ်တယ်။ သူက ကျမ်းစာအကြောင်း ကောင်းကောင်းသိပြီး တစ်အိမ်တက်ဆင်းဟောပြောခြင်းလုပ်ငန်းမှာ အိမ်ရှင်တွေနဲ့ ရင်းရင်းနှီးနှီး စကားလက်ဆုံပြောဆိုနိုင်တဲ့ အရည်အချင်းရှိတယ်။ အထူးသဖြင့် သူ့မှာ ကျွန်တော့်လိုပဲ ရှေ့ဆောင်လုပ်ဖို့ ပန်းတိုင်ရှိတယ်။ ၁၉၄၉၊ ဧပြီ ၂၃ မှာ ကျွန်တော်တို့ လက်ထပ်လိုက်ကြတယ်။

ဂိလဒ်တက်ဖို့ ဖိတ်ခေါ်ခံရ

အစကတည်းက ကျွန်တော်တို့ရဲ့ပန်းတိုင်က ဂိလဒ်ကျောင်းတက်ပြီး တိုင်းတစ်ပါးမှာ ခရစ်ယာန်သာသနာပြုတွေအဖြစ် အမှုဆောင်ဖို့ဖြစ်တယ်။ ဂိလဒ်ကျောင်းတက်ဖို့ အရည်အချင်းပြည့်မီအောင် ကျွန်တော်တို့ရဲ့အခြေအနေတွေကို ပြောင်းလဲခဲ့ကြတယ်။ သိပ်မကြာခင်မှာပဲ နယူးဂျာစီပြည်နယ်၊ လောင်းဆိုက်ကိုပြောင်းရတယ်။ အဲဒီနောက် ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ ချာစတာကို ပြောင်းရတယ်။ နောက်ဆုံးမှာ နယူးဂျာစီပြည်နယ်၊ အတ္တလန်တစ်မြို့ကို ပြောင်းရတယ်။ အတ္တလန်တစ်မြို့မှာရှိနေတုန်း လက်ထပ်ပြီးတာနှစ်နှစ်ကြာပြီဖြစ်လို့ ဂိလဒ်လျှောက်လွှာတင်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို မဖိတ်ခေါ်ခဲ့ဘူး။ ဘာကြောင့်လဲ။

၁၉၅၀ ပြည့်လွန်နှစ်အစောပိုင်းမှာ လူငယ်တော်တော်များများဟာ မဖြစ်မနေ စစ်မှုထမ်းရပြီး ကိုရီးယားစစ်ပွဲမှာပါဝင်ရတယ်။ ဖီလဒဲလ်ဖီးယားမှာရှိတဲ့ တပ်သားစုဆောင်းရေးအဖွဲ့က ယေဟောဝါသက်သေတွေရဲ့ ကြားနေမှုကြောင့် ကျွန်တော်တို့ကို သိပ်ကြိုက်ပုံမရဘူး။ အက်ဖ်ဘီအိုင်က ကျွန်တော့်နောက်ကြောင်းရာဇဝင်ကို စစ်ဆေးပြီး ကျွန်တော့်ရဲ့ကြားနေမှုက သက်သေအထောက်အထားခိုင်လုံကြောင်းတွေ့ရှိရတယ်လို့ တရားသူကြီးတစ်ဦးက ကျွန်တော့်ကိုပြောခဲ့တယ်။ ဒါကြောင့် ၁၉၅၂၊ ဇန်နဝါရီ ၁၁ မှာ တပ်သားစုဆောင်းရေးအဖွဲ့က ကျွန်တော့်ကို စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခွင့်ပေးခဲ့တယ်။

အဲဒီနှစ် ဩဂုတ်လမှာပဲ ဂျယ်ရီနဲ့ ကျွန်တော်က စက်တင်ဘာလမှာစမယ့် အကြိမ် ၂၀ မြောက်ဂိလဒ်ကျောင်းတက်ဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ ကျောင်းတက်နေတုန်းမှာ တိုင်းတစ်ပါးမှာတာဝန်ရဖို့ ကျွန်တော်တို့ မျှော်လင့်ခဲ့ကြတယ်။ ကျွန်တော့်အစ်မဒေါရစ်က ၁၃ ကြိမ်မြောက်ဂိလဒ်ကျောင်းဆင်းဖြစ်ပြီး ဘရာဇီးမှာ အမှုဆောင်နေတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အမေရိကန်နိုင်ငံတောင်ပိုင်း၊ အယ်လ်ဘားမားပြည်နယ်မှာရှိတဲ့ လူမည်းအသင်းတော်တွေကိုလည်ပတ်ဖို့ တိုက်နယ်ကြီးကြပ်မှူးအဖြစ် တာဝန်ခန့်အပ်ခံရတဲ့အခါ ကျွန်တော်တို့ အရမ်းအံ့သြသွားတယ်။ ကျွန်တော်တို့က တိုင်းတစ်ပါးမှာ အမှုဆောင်ချင်တာဆိုတော့ နည်းနည်းတော့စိတ်ပျက်သွားတယ်။

ကျွန်တော်တို့ ပထမဦးဆုံးလည်ပတ်ရတာက ဟန်စ်ဗီးလ်မှာရှိတဲ့ အသင်းတော်ဖြစ်တယ်။ အဲဒီကိုရောက်တော့ ကျွန်တော်တို့တည်းရမယ့် ညီအစ်မအိမ်ကို သွားကြတယ်။ ကျွန်တော်တို့ ပစ္စည်းတွေချနေတုန်း သူက ဖုန်းဆက်ပြီး “ကလေးတွေရောက်နေပြီ” လို့ပြောတာကို အမှတ်တမဲ့ကြားလိုက်ရတယ်။ ကျွန်တော်တို့က ၂၄ နှစ်ပဲရှိသေးတော့ တော်တော်ငယ်တဲ့ပုံပေါက်နေတယ်။ အဲဒီတိုက်နယ်မှာ အမှုဆောင်နေတုန်း ကျွန်တော်တို့ကို ကလေးတွေလို့ ချစ်စနိုးခေါ်ကြတယ်။

တောင်ပိုင်းဒေသကလူအများစုက သမ္မာကျမ်းစာကို အထွတ်အမြတ်ထားကြလို့ အဲဒီဒေသကို ကျမ်းစာနယ်မြေလို့ ခေါ်ကြတယ်။ ဒါကြောင့် ကျွန်တော်တို့က မကြာခဏ ဒီအချက်သုံးချက်သုံးပြီး လူတွေနဲ့ စကားပြောတယ်–

(၁) ကမ္ဘာ့အခြေအနေအကြောင်း အကျဉ်းချုပ်

(၂) ကျမ်းစာမှာပါတဲ့ မျှော်လင့်ချက်

(၃) ကျွန်တော်တို့လုပ်ရမယ့် ကျမ်းစာတောင်းဆိုချက်

အဲဒီနောက် သင့်တော်တဲ့ ကျမ်းစာလေ့လာမှုအထောက်အကူပြု စာပေတစ်ခုကို ဝေလိုက်တယ်။ ဒီနည်းက အောင်မြင်တဲ့အတွက် ၁၉၅၃ ခုနှစ်၊ နယူးယောက်မြို့မှာကျင်းပတဲ့ ကမ္ဘာသစ်လူ့အဖွဲ့အစည်း စည်းဝေးကြီးမှာ ကျွန်တော်တာဝန်တစ်ခု ရခဲ့တယ်။ အဲဒီမှာ ဒီအချက်သုံးချက်ကို သရုပ်ပြခဲ့ရတယ်။

အဲဒီနောက်မကြာခင် ၁၉၅၃ ခုနှစ်၊ နွေရာသီမှာ တောင်ပိုင်းမှာရှိတဲ့ လူမည်းတိုက်နယ်တွေမှာ ခရိုင်ကြီးကြပ်မှူးအဖြစ် တာဝန်ခန့်အပ်ခံရတယ်။ ဒီခရိုင်ထဲမှာ ဗာဂျီးနီးယားကနေ ဖလော်ရီဒါ၊ အယ်လ်ဘားမားနဲ့ တက်နက်စီပြည်နယ်တွေအထိ ပါဝင်တယ်။ နယ်လှည့်ကြီးကြပ်မှူးတွေက အလိုက်အထိုက်နေတတ်ဖို့လိုတယ်။ ဥပမာ၊ ကျွန်တော်တို့က အိမ်တွင်းရေပိုက်စနစ်မရှိတဲ့ အိမ်တွေမှာ တည်းခိုရလေ့ရှိပြီး မီးဖိုအနောက်ဘက်မှာရှိတဲ့ စည်ပိုင်းထဲဝင်ပြီး ရေချိုးရတယ်။ တစ်အိမ်လုံးမှာ ဒီနေရာက အနွေးဆုံးဖြစ်လို့ တော်သေးတယ်။

အသားအရောင်ခွဲခြားမှုကြောင့် ကြုံရတဲ့အခက်အခဲ

တောင်ပိုင်းမှာအမှုဆောင်တဲ့အခါ အလုပ်ပြီးမြောက်ဖို့ အမြော်အမြင်ရှိပြီး ကြံရည်ဖန်ရည်ရှိဖို့လည်းလိုတယ်။ လူမည်းတွေက ဘုံအဝတ်လျှော်ခန်းသုံးခွင့်မရှိဘူး။ ဒါကြောင့် ဂျယ်ရီက အဲဒီကိုသွားပြီး “မစ္စစ် သောမ်ဆင်” ရဲ့အဝတ်အစားတွေပါလို့ပြောတယ်။ ဒါနဲ့ တခြားသူတွေက သူ့ကို အစေခံ၊ “မစ္စစ် သောမ်ဆင်” ကို အိမ်ရှင်မလို့ထင်သွားတယ်။ ခရိုင်ကြီးကြပ်မှူးတွေက လှုပ်ရှားလျက်ရှိ ကမ္ဘာသစ်အဖွဲ့အစည်း ရုပ်ရှင်ကို ပြရတဲ့အခါ ကျွန်တော်က ပိတ်ကားငှားတဲ့ဆိုင်ကို “မစ္စတာ သောမ်ဆင်” အတွက် ပိတ်ကားကြီးတစ်ခု ချန်ထားပေးပါလို့ ဖုန်းဆက်လိုက်တယ်။ အဲဒီနောက် ကျွန်တော် ဆိုင်ကိုသွားပြီးယူတယ်။ အခြေအနေတိုင်းမှာ ယဉ်ကျေးစွာပြောဆိုဆက်ဆံတဲ့အတွက် အများအားဖြင့် အခက်အခဲမရှိဘဲ ကျွန်တော်တို့ရဲ့တာဝန်တွေကို လုပ်ဆောင်နိုင်ခဲ့တယ်။

အသားအရောင်ခွဲခြားမှုအပြင် တောင်ပိုင်း မြောက်ပိုင်းဆိုပြီး နယ်မြေဒေသပေါ်မူတည်ပြီး ခွဲခြားဆက်ဆံတာလည်းရှိတယ်။ တစ်ခါက ဒေသခံသတင်းစာမှာ ကင်းမျှော်စင်သမ္မာကျမ်းစာဝေစာအသင်း၊ နယူးယောက်ကလွှတ်လိုက်တဲ့ ဂျိမ်းစ် အေ သောမ်ဆင် ဂျူနီယာက စည်းဝေးကြီးတစ်ခုမှာ ဟောပြောမယ်လို့ ဖော်ပြထားတယ်။ တချို့က ဒါကိုဖတ်ပြီး ကျွန်တော့်ကို နယူးယောက်ကလာတယ်ထင်လို့ စည်းဝေးပွဲကျင်းပဖို့ ငှားရမ်းထားတဲ့ ကျောင်းခန်းမကို အသုံးပြုခွင့်မပေးတော့ဘူး။ ဒါနဲ့ ကျွန်တော် ကျောင်းကိုသွားပြီး ကျွန်တော်က ချာတာနူဂါမှာ ကျောင်းတက်ခဲ့တာပါလို့ ရှင်းပြလိုက်တယ်။ ဒါနဲ့ တိုက်နယ်စည်းဝေးပွဲလုပ်ဖို့ ခွင့်ပြုချက်ရခဲ့တယ်။

၁၉၅၅ ခုနှစ်ဝန်းကျင်မှာ လူမျိုးရေးခွဲခြားမှုက ပိုတင်းမာလာပြီး တစ်ခါတလေမှာ အကြမ်းဖက်မှုတွေဖြစ်ပွားတယ်။ ၁၉၅၄ ခုနှစ်မှာပြုလုပ်တဲ့ ခရိုင်စည်းဝေးကြီးတွေမှာ လူမည်းညီအစ်ကိုတွေ ဟောပြောခွင့်မရလို့ သက်သေခံတချို့ စိတ်ဆိုးကြတယ်။ စိတ်ရှည်ပါလို့ လူမည်းညီအစ်ကိုတွေကို ကျွန်တော် အားပေးခဲ့တယ်။ နောက်တစ်နှစ်နွေရာသီမှာ ကျွန်တော်ဟောပြောဖို့ တာဝန်ရခဲ့တယ်။ အဲဒီနောက်ပိုင်း တောင်ပိုင်းမှာရှိတဲ့ လူမည်းညီအစ်ကိုတွေက စည်းဝေးကြီးတွေမှာ ဟောပြောဖို့ တာဝန်ရလာကြတယ်။

နောက်တော့ တောင်ပိုင်းမှာ လူမျိုးရေးခွဲခြားမှု တဖြည်းဖြည်းလျော့နည်းသွားပြီး အသင်းတော်တွေ စတင်ပေါင်းစည်းခဲ့ကြတယ်။ ဒါကြောင့် ကြေညာသူတွေကို အသင်းတော်အသီးသီးကို ခွဲထုတ်တာ၊ အသင်းတော်ရပ်ကွက်တွေ ပြန်ခွဲတာနဲ့ ကြီးကြပ်နေတဲ့ညီအစ်ကိုတွေရဲ့ တာဝန်တွေကို ပြုပြင်ချိန်ညှိတာတွေ လုပ်ခဲ့ရတယ်။ လူဖြူညီအစ်ကိုတချို့နဲ့ လူမည်းညီအစ်ကိုတချို့က ဒီအစီအစဉ်သစ်ကို မကြိုက်ကြဘူး။ ဒါပေမဲ့ အများစုကတော့ ကောင်းကင်ခမည်းတော်လိုပဲ ဘက်မလိုက်ကြဘူး။ အများစုက အသားအရောင်မခွဲခြားဘဲ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ကြတယ်။ ကျွန်တော်တို့မိသားစုကတော့ ၁၉၃၀ နဲ့ ၁၉၄၀ ပြည့်လွန်နှစ်တွေကတည်းက ဒီလိုပဲဖြစ်ခဲ့တယ်။

တာဝန်သစ်တစ်ခု

၁၉၆၉၊ ဇန်နဝါရီမှာ ဂျယ်ရီနဲ့ကျွန်တော် တောင်အမေရိက၊ ဂိုင်ယာနာမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရပြီး ဒါကို ဝမ်းသာအားရ လက်ခံခဲ့ကြတယ်။ ဦးဆုံး ကျွန်တော်တို့ နယူးယောက်၊ ဘရွတ်ကလင်ကိုသွားပြီး ဂိုင်ယာနာမှာ ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ဖို့ လေ့ကျင့်မှုခံယူခဲ့တယ်။ ၁၉၆၉၊ ဇူလိုင်လမှာ ကျွန်တော်တို့ အဲဒီကို ရောက်သွားတယ်။ နယ်လှည့်လုပ်ငန်းမှာ ၁၆ နှစ်ပါဝင်ပြီးတဲ့နောက် တစ်နေရာတည်းမှာ အခြေချနေထိုင်ဖို့ဆိုတာ ကျွန်တော်တို့အတွက် တကယ့်အပြောင်းအလဲကြီးတစ်ခုပဲ။ ဂျယ်ရီကတော့ ခရစ်ယာန်သာသနာပြုတစ်ဦးအနေနဲ့ သူ့အချိန်အတော်များများကို ဟောပြောခြင်းလုပ်ငန်းမှာ အသုံးပြုခဲ့ပြီး ကျွန်တော်ကတော့ ဌာနခွဲရုံးမှာ အလုပ်လုပ်တယ်။

ကျွန်တော့်ရဲ့အလုပ်က မြက်ရိတ်တာ၊ အသင်းတော် ၂၈ ခုအတွက် လိုအပ်တဲ့စာပေစာတမ်းတွေ ပို့ပေးတာကအစ ဘရွတ်ကလင်မှာရှိတဲ့ ဌာနချုပ်နဲ့ စာရေးဆက်သွယ်တာအထိ ပါဝင်တယ်။ ကျွန်တော် တစ်ရက်ကို ၁၄-၁၅ နာရီ အလုပ်လုပ်ရတယ်။ ကျွန်တော်တို့နှစ်ယောက်စလုံး ပင်ပန်းပေမဲ့ ကျွန်တော်တို့ပျော်တယ်။ ကျွန်တော်တို့ အဲဒီကိုရောက်တုန်းက ကြေညာသူ ၉၅၀ ပဲရှိတယ်၊ အခုဆိုရင် ၂,၅၀၀ ကျော်နေပြီ။

နေလို့ထိုင်လို့ကောင်းတဲ့ရာသီဥတုနဲ့ မစားဖူးတဲ့အသီးအနှံ၊ ဟင်းသီးဟင်းရွက်အမျိုးမျိုးရှိလို့လည်း ကျွန်တော်တို့ ပျော်တယ်၊ ဒါပေမဲ့ တကယ့်ပျော်ရွှင်မှုကတော့ ကျမ်းစာအမှန်တရားကိုဆာငတ်တဲ့ နှိမ့်ချသူတွေ ဘုရားသခင့်နိုင်ငံတော်အကြောင်း သင်ယူကြလို့ပဲ။ တစ်ခါတလေ ဂျယ်ရီက တစ်ပတ်ကို သင်အံမှု ၂၀ ပြုလုပ်လေ့ရှိပြီး ကျွန်တော်တို့နဲ့အတူ ကျမ်းစာလေ့လာသူ အတော်များများက နှစ်ခြင်းခံတဲ့အထိ တိုးတက်ခဲ့ကြတယ်။ တချို့ဆိုရင် ရှေ့ဆောင်တွေ၊ အသင်းတော်အကြီးအကဲတွေ၊ ဂိလဒ်ကျောင်းဆင်း ခရစ်ယာန်သာသနာပြုတွေတောင် ဖြစ်လာကြတယ်။

အခက်အခဲတွေရင်ဆိုင်ရ

၁၉၈၃ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ကျွန်တော့်မိဘတွေကိုကူညီဖို့ လိုအပ်လာတယ်။ ဒေါရစ်၊ ဂျယ်ရီနဲ့ ကျွန်တော်တို့ ဒီအကြောင်း ဆွေးနွေးကြတယ်။ ဘရာဇီးမှာ ခရစ်ယာန်သာသနာပြုအဖြစ် ၃၅ နှစ်ကြာအမှုဆောင်ခဲ့တဲ့ ဒေါရစ်က မိဘတွေကိုပြန်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ တစ်ယောက်တည်းပဲလုပ်နိုင်လျက်နဲ့ ဘာဖြစ်လို့ ခရစ်ယာန်သာသနာပြုနှစ်ယောက်ကို အိမ်ပြန်ခိုင်းရမှာလဲလို့ သူကပြောတယ်။ ကျွန်တော်တို့မိဘတွေ ဆုံးသွားတဲ့အချိန်ကစပြီး ဒေါရစ်က ချာတာနူဂါမှာနေပြီး အထူးရှေ့ဆောင်အဖြစ် အမှုဆောင်ခဲ့တယ်။

၁၉၉၅ ခုနှစ်မှာ ကျွန်တော့်မှာ ဆီးကျိတ်ကင်ဆာရှိတယ်ဆိုတာ သိခဲ့ရပြီး အမေရိကန်ကို ပြန်ခဲ့ရတယ်။ ကျွန်တော်တို့ ကယ်ရိုလိုင်းနားမြောက်ပိုင်း ဂိုးစ်ဘိုရိုမှာ အခြေချခဲ့တယ်၊ အဲဒီနေရာက ကျွန်တော့်မိသားစုတွေရှိတဲ့ တက်နက်စီနဲ့ ဂျယ်ရီမိသားစုတွေရှိတဲ့ ပဲင်စီလ်ဘေးနီးယားရဲ့ အလယ်မှာရှိလို့ပဲ။ ကျွန်တော့်ရဲ့ကင်ဆာရောဂါက သက်သာလာလို့ ဂိုးစ်ဘိုရိုအသင်းတော်မှာ အိုမင်းမစွမ်းအထူးရှေ့ဆောင်တွေအဖြစ် အမှုဆောင်နေတယ်။

အချိန်ပြည့်အမှုဆောင်ခဲ့တဲ့ ၆၅ နှစ်ကျော်ကာလကို ပြန်ပြောင်းကြည့်တဲ့အခါ ယေဟောဝါရဲ့အမှုဆောင်ဖို့ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲခဲ့တာကို ကိုယ်တော်ကောင်းချီးပေးခဲ့တဲ့အတွက် တကယ်ကျေးဇူးတင်လေးမြတ်တယ်။ ဒါဝိဒ်ပြောခဲ့တဲ့အတိုင်း ယေဟောဝါဟာ တည်ကြည်သူအပေါ် တည်ကြည်တယ်ဆိုတာ တကယ်မှန်တယ်။—၂ ရာ. ၂၂:၂၆ကဘ။

[စာမျက်နှာ ၃ ပါရုပ်ပုံ]

ကျွန်တော့်အဖေနဲ့ ညီအစ်ကို နီကိုးစ်က ကျွန်တော့်အတွက် ပုံသက်သေကောင်းပြခဲ့

[စာမျက်နှာ ၄ ပါရုပ်ပုံ]

၁၉၅၂ ခုနှစ်မှာ ဂျယ်ရီနဲ့ကျွန်တော် ဂိလဒ်ကျောင်းတက်ဖို့ အသင့်ဖြစ်နေ

[စာမျက်နှာ ၅ ပါရုပ်ပုံ]

ဂိလဒ်ကျောင်းဆင်းပြီးနောက် တောင်ပိုင်းမှာ နယ်လှည့်လုပ်ငန်းတာဝန်ခန့်အပ်ခံရ

[စာမျက်နှာ ၆ ပါရုပ်ပုံ]

၁၉၆၆ ခုနှစ်၊ လူဖြူလူမည်းရောပြီးကျင်းပတဲ့ ခရိုင်စည်းဝေးကြီးမှာ နယ်လှည့်ကြီးကြပ်မှူးနဲ့ သူတို့ရဲ့ဇနီးတွေ

[စာမျက်နှာ ၇ ပါရုပ်ပုံ]

ဂိုင်ယာနာမှာ ခရစ်ယာန်သာသနာပြုအဖြစ် အမှုဆောင်ရတာကို ပျော်ရွှင်