မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖျားနာမှုကြောင့် သင့်ရွှင်လန်းမှုကို မပျောက်ဆုံးပါစေနဲ့

ဖျားနာမှုကြောင့် သင့်ရွှင်လန်းမှုကို မပျောက်ဆုံးပါစေနဲ့

ဖျားနာမှုကြောင့် သင့်ရွှင်လန်းမှုကို မပျောက်ဆုံးပါစေနဲ့

မနက်ခင်းမှာ နိုးလာပြီး ဆက်အသက်မရှင်ချင်တော့တဲ့စိတ် ပေါက်နေတယ်လို့ သင့်ကိုယ်သင် မြင်ယောင်ကြည့်ပါ။ သင်ဟာ ခန္ဓာကိုယ် ဒါမှမဟုတ် စိတ်ပိုင်းအရနာကျင်မှုဝေဒနာ အလူးအလဲခံစားနေရတယ်။ “ဝေဒနာတွေမခံစားရဖို့ သေသွားတာကမှကောင်းဦးမယ်” လို့ပြောခဲ့တဲ့ ယောဘလို သင် ခံစားမိနိုင်တယ်။ (ယောဘ ၇:၁၅အင်္ဂလိပ်ကျမ်းစာသစ်) ဒီလိုအခြေအနေမျိုးကို နှစ်ရှည်လများခံစားနေရရင် ဘယ်လိုလုပ်မလဲ။

ဘုရင်ဒါဝိဒ်ရဲ့မိတ်ဆွေ ယောနသန်ရဲ့သား မေဖိဗောရှက်လည်း ဒီလိုဖြစ်ခဲ့တယ်။ မေဖိဗောရှက် ငါးနှစ်သားအရွယ်တုန်းက ‘ပြုတ်ကျပြီး ခြေဆွံ့’ သွားတယ်။ (၂ ရာ. ၄:၄) ဒီလိုဖြစ်နေတဲ့ကြားထဲ နောက်ပိုင်းမှာ ဘုရင်ကိုသစ္စာဖောက်တယ်လို့ စွပ်စွဲခံရ၊ ပစ္စည်းဥစ္စာတွေဆုံးရှုံးခဲ့ရလို့ ပိုပြီးစိတ်သောကရောက်ခဲ့မှာပဲ။ ဒါပေမဲ့ သူက မသန်စွမ်းမှု၊ အသရေဖျက်မှုနဲ့ စိတ်ပျက်စရာတွေကြောင့် သူ့ရဲ့ရွှင်လန်းမှုကို ထိခိုက်မခံခဲ့ဘူး။ ဒီအခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ စံနမူနာကောင်းပြခဲ့တယ်။—၂ ရာ. ၉:၆-၁၀; ၁၆:၁-၄; ၁၉:၂၄-၃၀

နောက်ပုံနမူနာတစ်ခုက တမန်တော်ပေါလုဖြစ်တယ်။ တစ်ခါမှာ သူက သူရင်ဆိုင်တိုက်လှန်ခဲ့ရတဲ့ “ကိုယ်၌စူးသောဆူး” အကြောင်းရေးခဲ့တယ်။ (၂ ကော. ၁၂:၇) သူပြောခဲ့တဲ့ဆူးက သူနှစ်အတော်ကြာခံစားခဲ့ရတဲ့ ကျန်းမာရေးချို့တဲ့မှုတစ်ခုခုဖြစ်နိုင်သလို သူ့ရဲ့တမန်တော်အခွင့်အရာကို စောဒကတက်ခဲ့သူတွေလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်နေပါစေ ကိုယ်ခန္ဓာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာနာကျင်မှုဝေဒနာကို သူအချိန်အတော်ကြာခံစားခဲ့ရပြီး တိုက်လှန်ခဲ့ရတယ်။—၂ ကော. ၁၂:၉၊ ၁၀

အားအင်ဆုတ်ယုတ်စေတဲ့ နာတာရှည်ရောဂါ ဒါမှမဟုတ် စိတ်သောကဝေဒနာတွေက ဘုရားသခင့်ကျေးကျွန်တချို့ကို ဖိစီးနှိပ်စက်နေတယ်။ အသက် ၁၈ နှစ်ရှိတဲ့ မက်ဒါလင်းနာက အသားအရေရောင်ရမ်းတဲ့ရောဂါခံစားနေရပြီး ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်ကိုပြန်တိုက်ခိုက်တဲ့ ရောဂါမျိုးဖြစ်ပုံရတယ်။ သူ ဒီလိုပြောတယ်– “ကျွန်မ အရမ်းထိတ်လန့်သွားတယ်။ အခြေအနေတွေက တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာပြီး အစာခြေစနစ်လည်း မကောင်းတော့ဘူး။ ပါးစပ်မှာလည်း အနာတွေပေါက်လာတယ်။ လည်မျိုဂလင်းတွေလည်း ပုံမှန်မဟုတ်တော့ဘူး။” အစ္စဘဲလာကျတော့ လူမမြင်နိုင်တဲ့ရောဂါကို ခံစားနေရတယ်။ သူ ဒီလိုပြောပြတယ်– “ကျွန်မ ကလေးဘဝကတည်းက စိတ်ကျဝေဒနာ ခံစားခဲ့ရတယ်။ မကြာခဏ ထိတ်လန့်တယ်၊ အသက်ရှူကျပ်တယ်၊ ဗိုက်အောင့်တယ်။ ကျွန်မ တဖြည်းဖြည်း အားနည်းလာတယ်။”

အဖြစ်မှန်ကိုလက်ခံပါ

ဖျားနာမှု၊ အားအင်ချည့်နဲ့မှုကြောင့် သင့်ဘဝ ကမောက်ကမဖြစ်သွားနိုင်တယ်။ အဲဒီလိုဖြစ်လာတဲ့အခါမှာ အချိန်ယူပြီး ကိုယ့်အခြေအနေမှန်ကို ဝေဖန်ဆန်းစစ်တာက အထောက်အကူဖြစ်တယ်။ သင့်အခြေအနေမှန်ကို လက်ခံဖို့ဆိုတာ မလွယ်ဘူး။ မက်ဒါလင်းနာ ဒီလိုပြောတယ်– “ကျွန်မရဲ့ရောဂါအခြေအနေက ပိုပိုဆိုးလာတယ်။ တစ်ခါတလေ အိပ်ရာကနေတောင် မထချင်ဘူး။ မထင်ရင်မထင်သလို ထဖောက်တဲ့ရောဂါမျိုးဆိုတော့ အစီအစဉ်တွေကြိုဆွဲဖို့ ခက်တယ်။ ကျွန်မစိတ်အပျက်ဆုံးကတော့ ယေဟောဝါရဲ့အမှုတော်ကို အရင်ကလောက် မလုပ်နိုင်တော့တာကိုပဲ။”

ယွစ်ညက်က ဒီလိုပြောတယ်– “နှစ်တွေကြာလာတာနဲ့အမျှ အဆစ်ရောင်ရောဂါကြောင့် အားအင်တွေဆုတ်ယုတ်လာပြီး အဆစ်တွေတစ်ခုပြီးတစ်ခု ပျက်စီးလာတယ်။ အဆစ်တွေအရမ်းရောင်ကိုင်းနေချိန်ဆိုရင် သာမန်အလုပ်လေးတွေကိုတောင် မလုပ်နိုင်ဘူး။ ဒါကြောင့် ကျွန်တော် အရမ်းစိတ်ဓာတ်ကျတယ်။”

လွန်ခဲ့တဲ့နှစ်တွေတုန်းက ဘာဘရာဟာ သူ့မှာ ဦးနှောက်အကျိတ်ရောင်ရောဂါရှိတယ်ဆိုတာ သိလိုက်ရတယ်။ “ကျွန်မရဲ့ခန္ဓာကိုယ်မှာ ရုတ်တရက် အပြောင်းအလဲတွေဖြစ်လာတယ်။ နုန်းချည့်လာတယ်လို့ခံစားရပြီး မကြာမကြာ ခေါင်းကိုက်တယ်၊ ပြီးတော့ အာရုံမစိုက်နိုင်ဘူး။ အခု ဒီလိုဖြစ်လာတော့ ကျွန်မ အရင်ကလုပ်နိုင်ခဲ့ရာတွေကို အခု လုပ်နိုင်မနိုင်၊ ဘယ်လိုလုပ်နိုင်မယ်ဆိုတာ ပြန်သုံးသပ်ခဲ့ရတယ်” လို့ သူပြောတယ်။

သူတို့တွေအားလုံးက ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူတွေဖြစ်တယ်။ ကိုယ်တော့်အလိုတော်ဆောင်ခြင်းက သူတို့ရဲ့အဓိကဦးစားထားရာ ဖြစ်တယ်။ သူတို့ဟာ ဘုရားသခင်ကို အကြွင်းမဲ့ယုံကြည်ကိုးစားကြပြီး ကိုယ်တော့်ရဲ့ကူညီထောက်မမှုကနေ အကျိုးခံစားကြရတယ်။—သု. ၃:၅၊ ၆

ယေဟောဝါကူညီပေးပုံ

ဘုရားသခင့်မျက်နှာသာမခံစားရလို့ ဒီလိုရောဂါတွေဖြစ်နေတယ်ဆိုပြီး မတွေးသင့်ဘူး။ (မြည်တမ်း. ၃:၃၃) ‘အပြစ်ကင်းပြီး ရိုးဖြောင့်’ တဲ့ယောဘ ခံစားခဲ့ရတာတွေကို စဉ်းစားကြည့်ပါ။ (ယောဘ ၁:၈ကဘ) ဘုရားသခင်က ဘယ်သူ့ကိုမှ မကောင်းတဲ့အရာနဲ့မစမ်းသပ်ဘူး။ (ယာ. ၁:၁၃) နာတာရှည်ရောဂါဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာရောဂါဖြစ်စေ ဒါတွေအားလုံးက ကနဦးမိဘ အာဒံနဲ့ဧဝဆီကနေရခဲ့တဲ့ အမွေဆိုးဖြစ်တယ်။—ရော. ၅:၁၂

ဒါပေမဲ့ ယေဟောဝါနဲ့ယေရှုက ဖြောင့်မတ်သူတွေကို အကူအညီမပေးဘဲ ပစ်မထားဘူး။ (ဆာ. ၃၄:၁၅) အထူးသဖြင့် ကျွန်ုပ်တို့ဘဝရဲ့အခက်ခဲဆုံးအချိန်တွေမှာ ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ ‘ခိုလှုံရာ၊ ရဲတိုက်’ ဖြစ်တဲ့အတွက် ကျေးဇူးတင်လေးမြတ်ကြတယ်။ (ဆာ. ၉၁:၂ကဘ) ဒီလိုဆိုရင် အလွယ်တကူမဖြေရှင်းနိုင်တဲ့ အခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ ရွှင်လန်းမှုကိုဆက်ထိန်းထားဖို့ ဘာကကူညီပေးမလဲ။

ဆုတောင်းပါ– ဘုရားသခင့်သစ္စာရှိကျေးကျွန်တွေလိုပဲ သင့်ဝန်တွေကို ကောင်းကင်ခမည်းတော်ထံ ဆုတောင်းပြီးအပ်နှံနိုင်တယ်။ (ဆာ. ၅၅:၂၂) ဒီလိုလုပ်ခြင်းအားဖြင့် သင်ဟာ “စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ငြိမ်သက်ခြင်း” ကို ခံစားရနိုင်တယ်။ ဒီငြိမ်သက်ခြင်းက သင့် “စိတ်နှလုံးနှင့်ဉာဏ်တို့ကို စောင့်ရှောက်” ပေးပါလိမ့်မယ်။ (ဖိ. ၄:၆၊ ၇) ဆုတောင်းပြီး ဘုရားသခင်ကိုမှီခိုအားကိုးခြင်းအားဖြင့် မက်ဒါလင်းနာက အင်အားဆုတ်ယုတ်စေတဲ့ရောဂါကို ရင်ဆိုင်ဖြေရှင်းခဲ့တယ်။ သူ ဒီလိုပြောတယ်– “စိတ်ထဲမှာရှိရှိသမျှ ယေဟောဝါကို ရင်ဖွင့်ဆုတောင်းလိုက်တဲ့အခါ စိတ်သက်သာမှုနဲ့ ရွှင်လန်းမှုပြန်ခံစားရတယ်။ တစ်ရက်ပြီးတစ်ရက် ဘုရားသခင်ကိုယုံကြည်ကိုးစားတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ကျွန်မ အခုနားလည်လာပြီ။”—၂ ကော. ၁:၃၊ ၄

သင့်ဆုတောင်းချက်တွေကို ယေဟောဝါက သန့်ရှင်းသောစွမ်းအားတော်၊ သမ္မာကျမ်းစာနဲ့ ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းကနေတစ်ဆင့် ဖြေကြားပေးနိုင်တယ်။ အံ့ဖွယ်နည်းနဲ့ သင့်ရောဂါကိုဖယ်ရှားပေးဖို့တော့ မမျှော်လင့်နိုင်ဘူး။ ဒါပေမဲ့ နေ့စဉ် ဒီရောဂါကိုတိုက်လှန်ရာမှာလိုအပ်တဲ့ ဉာဏ်ပညာနဲ့ခွန်အားရဖို့ ကိုယ်တော့်ကို ယုံကြည်ကိုးစားနိုင်ပါတယ်။ (သု. ၂:၇) “သာမန်ထက်ထူးကဲသော တန်ခိုးတော်” ပေးခြင်းအားဖြင့် သင့်ကိုခွန်အားရှိစေနိုင်ပါတယ်။—၂ ကော. ၄:၇

မိသားစု– မိသားစုရဲ့မေတ္တာနဲ့ထောက်ထားစာနာမှုက ဖျားနာမှုကို ရင်ဆိုင်ခံရပ်စေနိုင်ပါတယ်။ ဒါပေမဲ့ သင်ချစ်ရတဲ့သူတွေလည်း သောကတွေခံစားနေရတယ်ဆိုတာ သိထားပါ။ သူတို့လည်း သင့်လိုပဲ အားကိုးရာမဲ့နေတယ်လို့ ခံစားနေရနိုင်တယ်။ ဒါပေမဲ့ သူတို့ဟာ ခက်ခဲဒုက္ခရောက်ချိန်မှာတောင် သင့်ဘက်မှာ မားမားမတ်မတ်ရှိနေကြတယ်။ အတူတကွဆုတောင်းခြင်းက စိတ်ငြိမ်သက်မှု ခံစားရစေပါလိမ့်မယ်။—သု. ၁၄:၃၀

ဘာဘရာက သူ့သမီး၊ အသင်းတော်မှာရှိတဲ့ ညီအစ်မငယ်လေးတွေနဲ့ပတ်သက်ပြီး ဒီလိုပြောပြတယ်– ‘သူတို့က ဟောပြောခြင်းလုပ်ငန်းမှာပါဝင်နိုင်အောင် ကျွန်မကို ကူညီပေးကြတယ်။ သူတို့ရဲ့ထက်သန်မှုက ကျွန်မကို ပျော်ရွှင်စေပြီး အားရှိစေတယ်။’ ယွစ်ညက်အတွက် သူ့ဇနီးရဲ့ထောက်မမှုက အများကြီးအကူအညီဖြစ်ခဲ့တယ်။ “အိမ်မှုကိစ္စအတော်များများကို သူလုပ်တယ်။ ပြီးတော့ ကျွန်တော့်ကို အဝတ်အစားလဲပေးတယ်။ အစည်းအဝေးသွားတဲ့အခါ၊ အမှုဆောင်သွားတဲ့အခါတွေမှာ ကျွန်တော့်အိတ်ကိုကိုင်ပေးတယ်” လို့ပြောတယ်။

ယုံကြည်သူချင်းများ– ယုံကြည်သူချင်းတွေနဲ့အတူ ရှိနေတဲ့အချိန်မှာ အားပေးမှုနဲ့နှစ်သိမ့်မှု ခံစားရတယ်။ ဒါပေမဲ့ ဖျားနာနေလို့ အစည်းအဝေးတွေ မတက်နိုင်ဘူးဆိုရင်ကော။ မက်ဒါလင်းနာ ဒီလိုပြောတယ်– “အစည်းအဝေးတွေမှာဟောတာကို ညီအစ်ကိုတွေ အသံသွင်းပေးထားလို့ ကျွန်မနားထောင်ရတယ်။ ယုံကြည်သူချင်းတွေက ဘာလုပ်စရာရှိသလဲလို့ ဖုန်းနဲ့လှမ်းမေးတတ်ကြတယ်။ အားပေးစာတွေလည်း ရေးပို့ကြတယ်။ သူတို့ ကျွန်မကို သတိရနေတယ်၊ ကျွန်မအတွက် စိတ်ပူပေးနေတယ်ဆိုတာ သိရတဲ့အတွက် ကျွန်မခံနိုင်ရည်ရှိတယ်။”

စိတ်ကျဝေဒနာခံစားနေရတဲ့ အစ္စဘဲလာက ဒီလိုပြောတယ်– “အသင်းတော်မှာ ကျွန်မပြောတာကိုနားထောင်ပေးပြီး ကျွန်မကိုနားလည်ပေးတဲ့ အဖေတွေ၊ အမေတွေ အများကြီးရှိတယ်။ အသင်းတော်က ကျွန်မရဲ့မိသားစုပဲ၊ ဒီနေရာမှာ ကျွန်မ ငြိမ်သက်မှုနဲ့ ရွှင်လန်းမှုခံစားရတယ်။”

အခက်အခဲအမျိုးမျိုး ကြုံတွေ့ခံစားနေရသူတွေဟာ တစ်ယောက်တည်း သီးသန့်မနေကြဘူး။ အဲဒီအစား အသင်းတော်နဲ့ပေါင်းသင်းရတာကို တန်ဖိုးထားတယ်။ (သု. ၁၈:၁ကဘ) သူတို့ကြောင့် တခြားသူတွေ အားရှိနိုင်တယ်။ အစပိုင်းမှာ သင်အကူအညီတောင်းဖို့ တွန့်ဆုတ်နေနိုင်တယ်။ ဒါပေမဲ့ သင် ပွင့်ပွင့်လင်းလင်းပြောတာကို သူတို့နှစ်သက်မှာဖြစ်တယ်။ ဒါက အသင်းတော်ကညီအစ်ကိုတွေအတွက် “ဟန်ဆောင်မှုမရှိဘဲ ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်စုံမက်ခြင်း” တင်ပြဖို့ အခွင့်အရေးရစေတယ်။ (၁ ပေ. ၁:၂၂) အစည်းအဝေးတက်ဖို့ အကူအညီလိုနေတယ်၊ ခရစ်ယာန်ဓမ္မအမှုမှာပါဝင်ချင်တယ်၊ ဒါမှမဟုတ် စကားပြောချင်တယ်ဆိုတဲ့အကြောင်း သူတို့ကိုပြောပြပါ။ ဒါပေမဲ့ အတင်းအဓမ္မ မတောင်းဆိုဘဲ သူတို့ရဲ့အကူအညီကို တန်ဖိုးထားလေးမြတ်ပါ။

အပြုသဘောရှိပါ– ရွှင်လန်းမှုမပျောက်ဆုံးစေဘဲ နာတာရှည်ရောဂါကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ဆိုတာ အဓိကကတော့ သင့်အပေါ်မှာမူတည်တယ်။ စိတ်ညစ်ပြီးမှိုင်တွေနေမယ်ဆိုရင် အပျက်သဘောတွေဝင်လာနိုင်တယ်။ သမ္မာကျမ်းစာက ဒီလိုပြောတယ်– “စိတ်မာတဲ့သူက ရောဂါဝေဒနာကို ကြံ့ကြံ့ခံနိုင်တယ်။ ကြေကွဲတဲ့စိတ်ကိုတော့ ဘယ်သူခံရပ်နိုင်မှာလဲ။”—သု. ၁၈:၁၄ကဘ။

မက်ဒါလင်းနာ ဒီလိုပြောတယ်– “ကျွန်မက အခက်အခဲတွေကိုပဲ အာရုံစိုက်မနေဘူး။ နေသာထိုင်သာရှိတဲ့နေ့တွေမှာ ပျော်ပျော်ရွှင်ရွှင်နေဖို့ ကြိုးစားတယ်။ နာတာရှည်ရောဂါတွေနဲ့ နပန်းလုံးပြီး ဆက်သစ္စာရှိခဲ့သူတွေရဲ့ ဘဝအတ္ထုပ္ပတ္တိတွေ ဖတ်တာက ကျွန်မကို အားရှိစေတယ်။” ယေဟောဝါ သူ့ကိုချစ်ပြီး တန်ဖိုးထားတယ်လို့ စဉ်းစားခြင်းက အစ္စဘဲလာကို အားရှိစေတယ်။ သူဒီလိုပြောတယ်– “ငါဟာ အသုံးဝင်တဲ့သူဖြစ်တယ်၊ ယေဟောဝါအတွက် ငါအသက်ရှင်ရမယ်လို့ ကျွန်မ ခံစားရတယ်။ ပြီးတော့ ကျွန်မမှာ အရမ်းကောင်းတဲ့ အနာဂတ်မျှော်လင့်ချက်ရှိတယ်။”

ယွစ်ညက် ဒီလိုပြောတယ်– “ကျွန်တော့်ရောဂါက ကျွန်တော့်ကို နှိမ့်ချဖို့၊ နာခံဖို့ သင်ပေးတယ်။ ထိုးထွင်းသိမြင်တတ်ဖို့၊ ကောင်းစွာဝေဖန်ပိုင်းခြားတတ်ဖို့နဲ့ လိုလိုလားလားခွင့်လွှတ်တတ်ဖို့လည်း သင်ပေးတယ်။ ကိုယ့်ကိုယ်ကိုယ်သနားမနေဘဲ ယေဟောဝါရဲ့အမှုတော်ဆောင်ခြင်းကနေ ရွှင်လန်းမှုခံစားရဖို့ သင်ယူခဲ့တယ်။ ဒါတင်မကသေးဘူး၊ ယေဟောဝါအမှုဆောင်ရာမှာ ဆက်တိုးတက်နေဖို့ လှုံ့ဆော်ခံရတယ်။”

သင့်ခံနိုင်ရည်ကို ယေဟောဝါ ကောင်းကောင်းသိတယ်ဆိုတာ သတိရပါ။ ကိုယ်တော် သင့်ကို ကိုယ်ချင်းစာပြီး ဂရုစိုက်တော်မူတယ်။ ကိုယ်တော်က “သင်တို့၏လုပ်ရပ်များနှင့် နာမတော်အတွက် သင်တို့ပြသောမေတ္တာကို မေ့လျော့” မှာမဟုတ်ဘူး။ (ဟေဗြဲ ၆:၁၀) ကိုယ်တော့်ကို ကြောက်ရွံ့သူအားလုံးကိုပေးခဲ့တဲ့ ဒီကတိတော်ကို နှလုံးသွင်းပါ– “ငါသည် သင့်ကို အလျှင်းမစွန့်၊ အလျှင်းပစ်၍မထား။”

သင်စိတ်ဓာတ်ကျတဲ့အခါ ကမ္ဘာသစ်မှာအသက်ရှင်ရမယ့် အံ့ဖွယ်မျှော်လင့်ချက်ကို အာရုံစိုက်ပါ။ မြေကြီးပေါ်မှာ ဘုရားသခင့်နိုင်ငံတော်ကောင်းချီးတွေကို သင်မြင်တွေ့ရမယ့်အချိန် အရမ်းနီးနေပါပြီ။

[စာမျက်နှာ ၂၈၊ ၂၉ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

နာတာရှည်ရောဂါ ခံစားနေရပေမဲ့ ဆက်ဟောပြောနေကြ

“ကျွန်တော့်ဘာသာကျွန်တော် လမ်းမလျှောက်နိုင်ဘူး။ ဒါကြောင့် အမှုဆောင်သွားတဲ့အခါ ကျွန်တော့်ဇနီး ဒါမှမဟုတ် တချို့ညီအစ်ကို၊ ညီအစ်မတွေက ကျွန်တော့်ကိုတွဲပေးတယ်။ တင်ဆက်နည်းတွေနဲ့ ကျမ်းချက်တွေကို ကျွန်တော် အလွတ်မှတ်ထားတယ်။”—ဂျာဆီ၊ အမြင်အာရုံချို့တဲ့သူ။

“တယ်လီဖုန်းနဲ့သက်သေခံတာအပြင် ကျွန်မစာရေးပြီး စိတ်ဝင်စားသူအနည်းငယ်နဲ့ မှန်မှန်ဆက်သွယ်တယ်။ ဆေးရုံတက်နေတဲ့ အချိန်မှာ ကျွန်မရဲ့အိပ်ရာဘေးမှာ ကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေ အမြဲထားတယ်။ ဒါက စကားစမြည်စပြောဖို့ အထောက်အကူ ပြုတယ်။”—မက်ဒါလင်းနာ၊ အသားအရေရောင်ရမ်းတဲ့ရောဂါ ခံစားနေရသူ။

“တစ်အိမ်မှတစ်အိမ်ဟောပြောရတာကို ကျွန်မကြိုက်တယ်။ ဒါပေမဲ့ ကျွန်မ သိပ်နေမကောင်းလို့ မသွားနိုင်ဘူးဆိုရင် တယ်လီဖုန်းနဲ့သက်သေခံတယ်။”—အစ္စဘဲလာ၊ စိတ်ကျရောဂါရှိသူ။

“ပြန်လည်ပတ်မှုသွားရတာ၊ ကျမ်းစာသင်အံမှုတွေမှာ ကူညီပေးရတာကို ကျွန်မပျော်တယ်။ ကျွန်မနေသာထိုင်သာရှိတဲ့နေ့တွေဆိုရင် တစ်အိမ်မှတစ်အိမ်သက်သေခံရတာကို ကြိုက်တယ်။”—ဘာဘရာ၊ ဦးနှောက်အကျိတ်ရောဂါရှိသူ။

“ကျွန်တော့်အိတ်ထဲမှာ မဂ္ဂဇင်းနည်းနည်းပဲ ထည့်တယ်။ ကိုက်ခဲနေတဲ့ ကျွန်တော်အဆစ်တွေ ခံနိုင်သလောက် ကျွန်တော်သွားတယ်။”—ယွစ်ညက်၊ အဆစ်ရောင်ရောဂါရှိသူ။

[စာမျက်နှာ ၃၀ ပါရုပ်ပုံ]

လူကြီးလူငယ်အားလုံး အားပေးနိုင်ကြ