မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့် စွမ်းအားတော် လမ်းညွှန်မှုကို ဘာကြောင့်ခံယူဖို့လို

ဘုရားသခင့် စွမ်းအားတော် လမ်းညွှန်မှုကို ဘာကြောင့်ခံယူဖို့လို

ဘုရားသခင့် စွမ်းအားတော် လမ်းညွှန်မှုကို ဘာကြောင့်ခံယူဖို့လို

‘ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏။ ကောင်းမြတ်သောစွမ်းအားတော်သည် ဖြောင့်သောလမ်း၌ အကျွန်ုပ်ကို သွေးဆောင်တော်မူပါစေသော။’—ဆာ. ၁၄၃:၁၀

၁။ မမြင်နိုင်တဲ့စွမ်းအားက လူတစ်ဦးကို ဘယ်လိုလမ်းပြပေးနိုင်တယ်ဆိုတာ ရှင်းပြပါ။

သင် သံလိုက်အိမ်မြှောင်သုံးဖူးသလား။ သံလိုက်အိမ်မြှောင်ဆိုတာ ရိုးရှင်းတဲ့ကိရိယာတစ်ခုဖြစ်ပြီး လူတစ်ဦးကို ဘယ်လမ်းသွားရမယ်ဆိုတာသိဖို့ ကူညီပေးတယ်။ ဒီကိရိယာမှာ မြောက်အရပ်ကိုညွှန်ပြနေတဲ့ သံလိုက်လက်တံတစ်ခုပါတယ်။ သံလိုက်စွမ်းအားလို့ခေါ်တဲ့ မမြင်နိုင်တဲ့စွမ်းအားတစ်ခုက လက်တံကိုရွေ့လျားစေတယ်။ ကုန်းလမ်းရေလမ်းခရီးသွားသူတွေဟာ သူတို့သွားရမယ့်လမ်းကိုသိဖို့အတွက် သံလိုက်အိမ်မြှောင်ကိုအသုံးပြုခဲ့ကြတာ ရာစုနှစ်နဲ့ချီရှိနေပြီ။

၂၊ ၃။ (က) အတိုင်းမသိကြာရှည်တဲ့ ရှေးအချိန်ကာလတုန်းက ယေဟောဝါ ဘယ်တန်ခိုးကြီးစွမ်းအားကို အသုံးပြုခဲ့သလဲ။ (ခ) ဘုရားသခင့်စွမ်းအားတော်က ယနေ့ ကျွန်ုပ်တို့ရဲ့အသက်တာကို လမ်းညွှန်ပေးနိုင်ကြောင်း ဘယ်လိုသိရသလဲ။

ကျွန်ုပ်တို့ကိုလမ်းညွှန်ပေးနိုင်တဲ့ ပိုအရေးကြီးတဲ့ မမြင်နိုင်တဲ့စွမ်းအားနောက်တစ်မျိုးရှိသေးတယ်။ အဲဒါ ဘာဖြစ်မလဲ။ သမ္မာကျမ်းစာရဲ့ဦးဆုံးအခန်းငယ်နှစ်ခုမှာ ဒီစွမ်းအားအကြောင်း ကျွန်ုပ်တို့ဖတ်ရတယ်။ အတိုင်းမသိကြာရှည်တဲ့ ရှေးအချိန်ကာလတုန်းက ယေဟောဝါလုပ်ဆောင်ခဲ့ရာတွေနဲ့ပတ်သက်ပြီး “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏” လို့ ကမ္ဘာဦးကျမ်းမှာ ဖော်ပြတယ်။ အရာဝတ္ထုတွေကို ဖန်ဆင်းရာမှာ တန်ခိုးကြီးစွမ်းအားတစ်ခုကို ကိုယ်တော် အသုံးပြုခဲ့တယ်ဆိုတာ ကျွန်ုပ်တို့သိတယ်။ ကျမ်းစာမှာ ဒီလိုဆက်ဖော်ပြတယ်– ‘ဘုရားသခင်၏စွမ်းအားတော်သည် လှုပ်ရှားတော်မူ၏။’ (က. ၁:၁၊ ၂) ဘယ်စွမ်းအားကို ဘုရားသခင်အသုံးပြုခဲ့တာလဲ။ အင်အားကြီးမားတဲ့အစွမ်းတန်ခိုး၊ ကိုယ်တော့်သန့်ရှင်းသောစွမ်းအားတော် ဖြစ်တယ်။ ကျွန်ုပ်တို့နဲ့ တခြားအရာတွေ တည်ရှိနေတာက ယေဟောဝါ ဒီစွမ်းအားကိုအသုံးပြုခဲ့တဲ့အတွက်ဖြစ်တယ်။—ယောဘ ၃၃:၄; ဆာ. ၁၀၄:၃၀

ယေဟောဝါ ကျွန်ုပ်တို့ကိုဖန်ဆင်းရာမှာ သန့်ရှင်းသောစွမ်းအားတော်ကိုအသုံးပြုခဲ့တယ်ဆိုတာ ကျွန်ုပ်တို့သိထားကြတယ်၊ ဒါပေမဲ့ ဒီစွမ်းအားက ကျွန်ုပ်တို့ဘဝအပေါ် တခြားနည်းနဲ့လွှမ်းမိုးနိုင်သေးသလား။ တပည့်တွေကို ဘုရားသခင့်သားတော်ပြောခဲ့တဲ့စကားအရ လွှမ်းမိုးနိုင်တယ်ဆိုတာ သိရတယ်။ သန့်ရှင်းသောစွမ်းအားတော်က တပည့်တွေ ‘အမှန်တရားကို အပြည့်အဝနားလည်စေရန် သွန်သင်ပြသ’ လိမ့်မယ်ဆိုပြီး ကိုယ်တော်ပြောခဲ့တယ်။ (ယော. ၁၆:၁၃) ဒီစွမ်းအားက ဘာလဲ။ ဒီစွမ်းအားရဲ့လမ်းညွှန်မှုကို ကျွန်ုပ်တို့ ဘာကြောင့်ခံယူလိုစိတ်ရှိသင့်သလဲ။

သန့်ရှင်းသောစွမ်းအားတော်ဆိုတာ

၄၊ ၅။ (က) တချို့သူတွေက သန့်ရှင်းသောစွမ်းအားတော်နဲ့ပတ်သက်ပြီး ဘယ်လို မှားယွင်းစွာလက်ခံထားကြသလဲ။ (ခ) သန့်ရှင်းသောစွမ်းအားတော်က ဘာလဲဆိုတာကို သင် ဘယ်လိုရှင်းပြမလဲ။

ဟောပြောခြင်းလုပ်ငန်းမှာ သင်ဆုံတွေ့ရသူတချို့ဟာ သန့်ရှင်းသောစွမ်းအားတော်နဲ့ပတ်သက်ပြီး ကျမ်းစာနဲ့မညီတဲ့အမြင်မျိုး ရှိနေသူတွေဖြစ်နိုင်တယ်။ သန့်ရှင်းသောစွမ်းအားတော်ဟာ ပုဂ္ဂိုလ်ဖြစ်ပြီး ခမည်းတော်ဘုရားသခင်နဲ့ တန်းတူဖြစ်တယ်ဆိုတဲ့ယုံကြည်ချက်ကို မှားယွင်းစွာလက်ခံထားကြတယ်။ (၁ ကော. ၈:၆) ဒါပေမဲ့ ဒီယုံကြည်ချက်က သမ္မာကျမ်းစာနဲ့မကိုက်ညီဘူးဆိုတာ အလွယ်တကူသိနိုင်တယ်။

ဒီလိုဆိုရင် သန့်ရှင်းသောစွမ်းအားတော်ဆိုတာ ဘာလဲ။ ကမ္ဘာဦး ၁:၂ မှာ “စွမ်းအား” လို့ပြန်ဆိုတဲ့ ဟေဗြဲစကားလုံးကို “လေ” လို့လည်း ပြန်ဆိုတယ်။ (ကမ္ဘာဦး ၈:၁ နဲ့နှိုင်းယှဉ်ပါ။) လေကိုမမြင်ရပေမဲ့ လေမှာအစွမ်းသက်ရောက်မှုရှိတယ်။ ဒီလိုပဲ အကောင်အထည်မရှိ၊ ပုဂ္ဂိုလ်မဟုတ်တဲ့ သန့်ရှင်းသောစွမ်းအားတော်ကို မမြင်ရပေမဲ့ သူ့မှာ အကျိုးသက်ရောက်မှုရှိတယ်။ သန့်ရှင်းသောစွမ်းအားတော်ဆိုတာ ဘုရားသခင်ထံကလာတဲ့ စွမ်းအားဖြစ်ပြီး ကိုယ်တော့်အလိုတော်ပြည့်စုံဖို့အတွက် လူတွေ၊ အရာဝတ္ထုတွေပေါ် အကျိုးသက်ရောက်တဲ့ အစွမ်းတန်ခိုးဖြစ်တယ်။ ဒီလောက်အံ့ဖွယ်ကောင်းတဲ့တန်ခိုးက အတိုင်းအဆမဲ့ဘုရားသခင်ထံကနေ လာတယ်ဆိုတာ ယုံဖို့ခက်သလား။ မခက်ပါဘူး။—ရောမ ၁:၂၀ ကိုဖတ်ပါ။

၆။ ယေဟောဝါထံ ဒါဝိဒ် ဘာတောင်းလျှောက်ခဲ့သလဲ။

ကျွန်ုပ်တို့ရဲ့အသက်တာကို လမ်းညွှန်ပေးဖို့ ဒီစွမ်းအားတော်ကို ယေဟောဝါဆက်အသုံးပြုနေသလား။ “သင့်ကို ငါသွန်သင်မည်။ သင်သွားရမည်လမ်းကို ပြညွှန်မည်” လို့ ဒါဝိဒ်ကို ကိုယ်တော်ကတိပြုခဲ့တယ်။ (ဆာ. ၃၂:၈) ဒါဝိဒ်ဟာ ဘုရားသခင့်လမ်းညွှန်မှုကို ခံလိုခဲ့သလား။ ‘အလိုတော်သို့လိုက်စေမည်အကြောင်း သွန်သင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏။ ကောင်းမြတ်သောစွမ်းအားတော်သည် ဖြောင့်သောလမ်း၌ အကျွန်ုပ်ကိုသွေးဆောင်တော်မူပါစေသော’ လို့ ယေဟောဝါထံ သူဆုတောင်းခဲ့တယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် စွမ်းအားတော်ရဲ့လမ်းညွှန်မှုကို ဒါဝိဒ်ခံယူလိုတယ်ဆိုတာ သိရတယ်။ (ဆာ. ၁၄၃:၁၀) ကျွန်ုပ်တို့လည်း ဘုရားသခင့်စွမ်းအားတော်ရဲ့လမ်းညွှန်မှုကို ခံယူချင်စိတ်ရှိသင့်တယ်။ ဘာကြောင့်လဲ။ အကြောင်းရင်းလေးခုကို သုံးသပ်ကြမယ်။

ကိုယ့်ကိုယ်ကိုယ် လမ်းညွှန်နိုင်စွမ်းမရှိ

၇၊ ၈။ (က) ကျွန်ုပ်တို့မှာ ဘာကြောင့် မိမိကိုယ်ကို လမ်းညွှန်နိုင်စွမ်း မရှိတာလဲ။ (ခ) ဒီဆိုးညစ်တဲ့လောကမှာ ဘုရားသခင့်လမ်းညွှန်မှုလိုအပ်တယ်ဆိုတာကို နားလည်ဖို့ ဘယ်ဥပမာက အကူအညီပေးသလဲ။

ဘုရားသခင့်စွမ်းအားတော် လမ်းညွှန်မှုကို ခံယူလိုစိတ်ရှိသင့်တဲ့ ပထမအကြောင်းရင်းက ကျွန်ုပ်တို့မှာ ကိုယ့်ကိုယ်ကိုယ် လမ်းညွှန်နိုင်စွမ်း မရှိလို့ပဲ။ တစ်ယောက်ယောက်ကို လမ်းညွှန်တယ်ဆိုတာက သူသွားရမယ့်လမ်းမှန်ကို ညွှန်ပြပေးတာကို ဆိုလိုတယ်။ ယေဟောဝါက ကျွန်ုပ်တို့ကို ကိုယ့်ကိုယ်ကိုယ် လမ်းညွှန်နိုင်တဲ့အစွမ်း မပေးခဲ့ဘူး။ ကျွန်ုပ်တို့ကမစုံလင်တဲ့အတွက် ကိုယ့်လမ်းကိုယ်လျှောက်ဖို့ကြိုးစားတဲ့အခါ အမှားအများကြီးလုပ်မိကြတယ်။ ‘အို ယေဟောဝါဘုရားသခင် လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏’ လို့ ပရောဖက်ယေရမိ ရေးခဲ့တယ်။ (ယေ. ၁၀:၂၃) ဘာကြောင့်လဲ။ အကြောင်းရင်းကို ယေရမိကတစ်ဆင့် ယေဟောဝါ ဒီလိုမိန့်တော်မူခဲ့တယ်– “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။”—ယေ. ၁၇:၉; မ. ၁၅:၁၉

လမ်းမကျွမ်းကျင်တဲ့သူတစ်ယောက်က သံလိုက်အိမ်မြှောင်မပါဘဲ ဒါမှမဟုတ် လမ်းပြတစ်ယောက်မပါဘဲ တောနက်ထဲသွားတာဟာ မိုက်ရူးရဲဆန်တဲ့လုပ်ရပ် ဖြစ်တယ်။ ဒီတောနက်ထဲမှာ မျက်စိမလည် လမ်းမမှားအောင် ဘယ်လိုသွားလာရမယ်၊ အန္တရာယ်ကို ဘယ်လိုရှောင်ရမယ်ဆိုတာမသိရင် အသက်အန္တရာယ် တွေ့မှာဖြစ်တယ်။ ဒီလိုပဲ လူတစ်ဦးဟာ ဒီဆိုးညစ်တဲ့လောကမှာ ကိုယ့်လမ်းကိုယ်လျှောက်နိုင်တယ်လို့ထင်ပြီး ဘုရားသခင့်လမ်းညွှန်မှုကိုလက်မခံရင် အသက်အန္တရာယ်ရှိတယ်။ ဒါကြောင့် ကျွန်ုပ်တို့က ဒါဝိဒ်လိုပဲ ယေဟောဝါရဲ့အကူအညီ တောင်းလျှောက်သင့်တယ်။ သူဒီလို ဆုတောင်းခဲ့တယ်– “လမ်းခရီးတော်၌ အကျွန်ုပ်သွားစဉ်တွင် ခြေမချော်စေခြင်းငှာ ထောက်မတော်မူပါ။” (ဆာ. ၁၇:၅; ၂၃:၃) ဘယ်လိုနည်းနဲ့ အဲဒီလမ်းညွှန်မှုကို ရနိုင်မလဲ။

၉။ စာမျက်နှာ ၁၇ မှာပါတဲ့ပုံအရ သန့်ရှင်းသောစွမ်းအားတော်က ဘယ်လိုနည်းနဲ့ ကျွန်ုပ်တို့ကို လမ်းညွှန်ပေးနိုင်သလဲ။

ကျွန်ုပ်တို့က နှိမ့်ချပြီး ယေဟောဝါကို မှီခိုလိုစိတ်ရှိမယ်ဆိုရင် ကျွန်ုပ်တို့ကိုလမ်းညွှန်ပေးဖို့ သန့်ရှင်းသောစွမ်းအားတော်ကို ကိုယ်တော် ပေးပါလိမ့်မယ်။ ဒီစွမ်းအားတော်က ကျွန်ုပ်တို့ကို ဘယ်လိုကူညီပေးမလဲ။ ယေရှုက တပည့်တွေကို ဒီလိုပြောခဲ့တယ်– “ခမည်းတော်သည် ငါ၏နာမ၌ စေလွှတ်တော်မူသော ကူညီမစသူဖြစ်သည့် သန့်ရှင်းသောစွမ်းအားတော်သည် သင်တို့အား ခပ်သိမ်းသောအရာများကို သွန်သင်တော်မူမည်။ ငါပြောခဲ့သမျှကိုလည်း မှတ်မိစေတော်မူမည်။” (ယော. ၁၄:၂၆) ခရစ်တော်ရဲ့သွန်သင်ချက်တွေအပါအဝင် ဘုရားသခင့်တရားစကားကို မှန်မှန် ဆုတောင်းလေ့လာမယ်ဆိုရင် ယေဟောဝါရဲ့နက်နဲတဲ့ ဉာဏ်ပညာကိုနားလည်ဖို့ သန့်ရှင်းသောစွမ်းအားတော်က ကျွန်ုပ်တို့ကို ကူညီပေးမှာဖြစ်တယ်၊ ဒါမှသာ ကိုယ်တော့်ကို ကျွန်ုပ်တို့နာခံနိုင်မှာဖြစ်တယ်။ (၁ ကော. ၂:၁၀) ကျွန်ုပ်တို့ဘဝမှာ မထင်မှတ်တာတွေဖြစ်လာတဲ့အခါ ဘုရားသခင့်စွမ်းအားတော်က ဘာလုပ်ရမယ်ဆိုတာသိအောင် ကူညီပေးတယ်။ စွမ်းအားတော်က ကျွန်ုပ်တို့လေ့လာထားတဲ့ ကျမ်းစာမူတွေကို ပြန်သတိရစေပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်အောင် ကူညီပေးပါလိမ့်မယ်။

ဘုရားသခင့်စွမ်းအားတော် လမ်းညွှန်မှုကို ယေရှုခံယူခဲ့

၁၀၊ ၁၁။ သန့်ရှင်းသောစွမ်းအားတော်နဲ့ပတ်သက်ပြီး ဘုရားသခင့်တစ်ပါးတည်းသောသားတော် ဘာသိခဲ့သလဲ၊ ကိုယ်တော် ဘယ်လိုအကူအညီရခဲ့သလဲ။

၁၀ ဘုရားသခင့်စွမ်းအားတော် လမ်းညွှန်မှုကို ခံယူလိုစိတ်ရှိသင့်တဲ့ ဒုတိယအကြောင်းရင်းက ဘုရားသခင့်သားတော်ရင်းကိုယ်တိုင် စွမ်းအားတော်လမ်းညွှန်မှုကို ခံယူခဲ့လို့ပဲ။ ယေရှု ကမ္ဘာမြေကြီးပေါ်ရောက်လာတဲ့အခါ သန့်ရှင်းသောစွမ်းအားတော်ရမယ်ဆိုတာ ကိုယ်တော်သိခဲ့တယ်။ အကြောင်းကတော့ ဒီပရောဖက်ပြုချက်ကို ကိုယ်တော် သိထားလို့ပဲ– ‘ယေဟောဝါ၏စွမ်းအားတော်တည်းဟူသော ဉာဏ်ပညာကိုပေးသောစွမ်းအား၊ ကြံစည်တတ်စွမ်းနိုင်သော သတ္တိကိုပေးသောစွမ်းအား၊ ယေဟောဝါကိုသိ၍ ကြောက်ရွံ့သောသဘောကိုပေးသောစွမ်းအားတော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်။’ (ဟေရှာ. ၁၁:၂) မြေကြီးပေါ်မှာအသက်ရှင်နေထိုင်ဖို့ဆိုတာ ယေရှုအတွက် လွယ်ကူမှာမဟုတ်ဘူး။ ဒါကြောင့် ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်အကူအညီကို ကိုယ်တော် ဘယ်လောက်တောင်လိုချင်ခဲ့မလဲဆိုတာ စဉ်းစားကြည့်ပါ။

၁၁ ယေဟောဝါရဲ့စကားအတိုင်း ဖြစ်လာခဲ့တယ်။ ယေရှုနှစ်ခြင်းခံခဲ့ပြီးနောက် ဖြစ်ပျက်ခဲ့တဲ့အကြောင်းကို လုကာခရစ်ဝင်ကျမ်းမှာ ဒီလိုဖော်ပြထားတယ်– “ယေရှုသည် သန့်ရှင်းသောစွမ်းအားတော်နှင့်ပြည့်လျက် ဂျော်ဒန်မြစ်မှ ပြန်ကြွတော်မူလျှင် စွမ်းအားတော်သည် တောသို့ ပို့ဆောင်တော်မူ၏။” (လု. ၄:၁) အဲဒီမှာ ယေရှု အစာရှောင်ဆုတောင်းပြီး တွေးတောဆင်ခြင်တဲ့အခါ ယေဟောဝါက ရှေ့မှာကြုံတွေ့ရမယ့်အရာတွေအတွက် ယေရှုကို ညွှန်ကြားချက်ပေး၊ ပြင်ဆင်ပေးခဲ့ပုံရတယ်။ ဘုရားသခင့်စွမ်းအားတော်က ယေရှုရဲ့စိတ်နှလုံးမှာ လွှမ်းမိုးခဲ့ပြီး ကိုယ်တော့်စဉ်းစားတွေးခေါ်ပုံနဲ့ ဆုံးဖြတ်ချက်တွေကို လမ်းညွှန်ခဲ့တယ်။ ဒါကြောင့် ယေရှုက ခမည်းတော်လုပ်ဆောင်စေလိုရာကို သိရှိပြီး အဲဒီအတိုင်း တစ်သဝေမတိမ်း လုပ်ဆောင်ခဲ့တယ်။

၁၂။ ကျွန်ုပ်တို့ ဘုရားသခင့်စွမ်းအားတော်လမ်းညွှန်မှု တောင်းခံဖို့ ဘာကြောင့်လိုအပ်သလဲ။

၁၂ ယေရှုက မိမိရဲ့အသက်တာမှာ ဘုရားသခင့်စွမ်းအားတော်ရဲ့ အရေးပါမှုကို သိထားတဲ့အတွက် တပည့်တွေကို စွမ်းအားတော်တောင်းခံဖို့နဲ့ ဘဝမှာ စွမ်းအားတော်ရဲ့လမ်းညွှန်မှုကိုခံယူဖို့ အလေးပေးပြောခဲ့တယ်။ (လုကာ ၁၁:၉-၁၃ ကိုဖတ်ပါ။) ကျွန်ုပ်တို့လည်း စွမ်းအားတော်လမ်းညွှန်မှု တောင်းခံဖို့ ဘာကြောင့်လိုအပ်သလဲ။ အကြောင်းကတော့ စွမ်းအားတော်က ကျွန်ုပ်တို့ရဲ့ အတွေးအခေါ်ကို ပြောင်းလဲစေနိုင်ပြီး ခရစ်တော်ရဲ့စိတ်သဘောထားမျိုး ရှိစေလို့ပဲ။ (ရော. ၁၂:၂; ၁ ကော. ၂:၁၆) ကျွန်ုပ်တို့ရဲ့အသက်တာမှာ ဘုရားသခင့်စွမ်းအားတော်လမ်းညွှန်ဖို့ ခွင့်ပြုခြင်းအားဖြင့် ခရစ်တော်လို စဉ်းစားတွေးခေါ်လာပြီး ကိုယ်တော့်စံနမူနာကို တုပနိုင်မှာဖြစ်တယ်။—၁ ပေ. ၂:၂၁

လောကစိတ်ဓာတ်က လမ်းမှားရောက်စေ

၁၃။ မသန့်ရှင်းသောစွမ်းအားဖြစ်တဲ့ လောကစိတ်ဓာတ်ဆိုတာ ဘာလဲ၊ ဒါက လူတွေကို ဘာလုပ်စေသလဲ။

၁၃ ဘုရားသခင့်စွမ်းအားတော် လမ်းညွှန်မှုကို ခံယူလိုစိတ်ရှိသင့်တဲ့ တတိယအကြောင်းရင်းက သန့်ရှင်းသောစွမ်းအားတော်ရဲ့ လမ်းညွှန်မှုကိုမခံယူရင် လောကစိတ်ဓာတ်က ကျွန်ုပ်တို့ကို လမ်းမှားရောက်အောင် တွန်းပို့မှာဖြစ်လို့ပဲ။ ဒီနေ့ လူအများစုက အဲဒီမသန့်ရှင်းတဲ့စွမ်းအားရဲ့ လွှမ်းမိုးမှုကို ခံနေကြတယ်။ ဒီစွမ်းအားက သန့်ရှင်းသောစွမ်းအားတော် လုပ်ဆောင်စေလိုတဲ့အရာနဲ့ လုံးလုံးဆန့်ကျင်တဲ့အရာကို လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတဲ့ အစွမ်းထက်တဲ့ စွမ်းအားဖြစ်တယ်။ လူတွေကို ခရစ်တော်ရဲ့စိတ်သဘောထားမျိုးရှိစေဖို့ ကူညီပေးမယ့်အစား လောကအုပ်စိုးရှင် စာတန်လို တွေးတောပြုမူစေတယ်။ (ဧဖက် ၂:၁-၃; တိတု ၃:၃ တို့ကိုဖတ်ပါ။) လူတစ်ဦးက လောကစိတ်ဓာတ်ရဲ့ ထိန်းချုပ်မှုကိုခံယူပြီး လူ့ဇာတိနဲ့ဆိုင်တဲ့ အကျင့်တွေကို ကျင့်မယ်ဆိုရင် ကြေကွဲဖွယ်အဖြစ်ဆိုးတွေကို ခံစားရမှာဖြစ်ပြီး ဘုရားသခင့်နိုင်ငံတော်ကို အမွေခံရတော့မှာမဟုတ်ဘူး။—ဂလ. ၅:၁၉-၂၁

၁၄၊ ၁၅။ လောကစိတ်ဓာတ်ကို ကျွန်ုပ်တို့ ဘယ်လိုအောင်မြင်စွာ ခုခံတွန်းလှန်နိုင်သလဲ။

၁၄ လောကစိတ်ဓာတ်ကို ခုခံတွန်းလှန်နိုင်ဖို့ ယေဟောဝါက ကျွန်ုပ်တို့ကို ကူညီပေးတယ်။ တမန်တော်ပေါလု ဒီလိုပြောခဲ့တယ်– “သခင်ထံတော်မှ တန်ခိုးတော်ကို ခံယူလျက် အစွမ်းခွန်အား တိုးပွားနေကြလော့။ . . . သို့ဖြင့် သင်တို့သည် ဆိုးညစ်သောနေ့ရက်တွင် ခုခံတွန်းလှန်နိုင်ပြီး အမှုကိစ္စအလုံးစုံကိုပြီးစီး၍ အခိုင်အမာ ရပ်တည်နိုင်ကြမည်။” (ဧ. ၆:၁၀၊ ၁၃) လမ်းမှားရောက်စေတဲ့ စာတန့်ကြိုးစားအားထုတ်မှုကို ခုခံတွန်းလှန်ဖို့ ယေဟောဝါက ကိုယ်တော့်စွမ်းအားတော်အားဖြင့် ကျွန်ုပ်တို့ကို ခွန်အားပေးတယ်။ (ဗျာ. ၁၂:၉) လောကစိတ်ဓာတ်က အစွမ်းတန်ခိုးကြီးတယ်၊ အဲဒါကို ကျွန်ုပ်တို့ လုံးလုံးရှောင်လွဲလို့မရနိုင်ဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့ တွန်းလှန်နိုင်ပါတယ်။ သန့်ရှင်းသောစွမ်းအားတော်က ပိုတန်ခိုးကြီးတယ်၊ အဲဒါက ကျွန်ုပ်တို့ကို ကူညီပေးပါလိမ့်မယ်။

၁၅ ပထမရာစုတုန်းက အမှန်တရားကို စွန့်ခွာသွားတဲ့သူတွေအကြောင်း တမန်တော်ပေတရု ဒီလိုပြောတယ်– “ဖြောင့်သောလမ်းကိုစွန့်၍ လမ်းလွဲသွားလေပြီ။” (၂ ပေ. ၂:၁၅) ကျွန်ုပ်တို့က ‘လောကစိတ်ဓာတ်ကို မခံယူဘဲ ဘုရားသခင်ထံမှ စွမ်းအားတော်ကို ခံယူ’ နိုင်တဲ့အတွက် ဘယ်လောက်တောင် ကျေးဇူးတင်ဖို့ကောင်းလိုက်သလဲ။ (၁ ကော. ၂:၁၂) သန့်ရှင်းသောစွမ်းအားတော်ရဲ့ လမ်းပြမှုကိုခံယူ၊ ဘုရားသခင်ပြင်ဆင်ပေးရာတွေကနေ အကျိုးအပြည့်အဝရယူပြီး ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ခိုင်မြဲအောင်လုပ်မယ်ဆိုရင် ဆိုးညစ်တဲ့လောကရဲ့ စိတ်ဓာတ်ကို အောင်မြင်စွာ တွန်းလှန်နိုင်မှာဖြစ်တယ်။—ဂလ. ၅:၁၆

သန့်ရှင်းသောစွမ်းအားတော်က အရည်အသွေးကောင်းများကို မွေးမြူစေ

၁၆။ သန့်ရှင်းသောစွမ်းအားတော်ကြောင့် ဘယ်အရည်အသွေးတွေကို တင်ပြနိုင်သလဲ။

၁၆ ဘုရားသခင့်စွမ်းအားတော် လမ်းညွှန်မှုကို ခံယူလိုစိတ်ရှိသင့်တဲ့ စတုတ္ထအကြောင်းရင်းက စွမ်းအားတော်ရဲ့ ဦးဆောင်မှုကို ခံယူသူတွေရဲ့ ဘဝမှာ စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ အရည်အသွေးကောင်းတွေကိုမွေးမြူပြီး တင်ပြစေလို့ပဲ။ (ဂလာတိ ၅:၂၂၊ ၂၃ ကိုဖတ်ပါ။) ကျွန်ုပ်တို့အားလုံးက ပိုပြီး ချစ်ခင်၊ ပျော်ရွှင်၊ ငြိမ်သက်ချင်ကြတယ်မဟုတ်လား။ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်းအရည်အသွေးကို ကျွန်ုပ်တို့အားလုံး တင်ပြချင်ကြတယ်မဟုတ်လား။ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းတင်ပြခြင်းကနေ အကျိုးခံစားချင်ကြတယ်မဟုတ်လား။ ဒီအရည်အသွေးကောင်းတွေက ကျွန်ုပ်တို့ကိုယ်တိုင်ကိုရော၊ ကျွန်ုပ်တို့ရဲ့မိသားစုနဲ့ အသင်းတော်ကိုပါ အကျိုးခံစားရစေတယ်။ ဘယ်အရည်အသွေးလောက်ပဲ လိုအပ်တယ်၊ ဘယ်လောက်အထိပဲ တင်ပြရမယ်ဆိုတဲ့ ကန့်သတ်ချက်မရှိလို့ ဒီအရည်အသွေးတွေကို မပြတ်တမ်းတင်ပြဖို့ ကြိုးစားအားထုတ်နေရမှာဖြစ်တယ်။

၁၇။ စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့အရည်အသွေးတွေကိုတင်ပြဖို့ ဘယ်လိုကြိုးစားနိုင်သလဲ။

၁၇ စွမ်းအားတော်ရဲ့လမ်းညွှန်မှုကိုခံယူပြီး စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့အရည်အသွေးတွေကို တင်ပြနေကြောင်း သေချာစေဖို့ ကျွန်ုပ်တို့ရဲ့အပြောအဆိုနဲ့ လုပ်ရပ်တွေကို ဆန်းစစ်ခြင်းက ပညာရှိရာရောက်တယ်။ (၂ ကော. ၁၃:၅က; ဂလ. ၅:၂၅) ကျွန်ုပ်တို့မှာ စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့အရည်အသွေးတချို့ တင်ပြဖို့လိုအပ်နေတယ်ဆိုတာ သတိပြုမိရင် ဒီအရည်အသွေးတွေတင်ပြရာမှာ စွမ်းအားတော်လမ်းညွှန်မှုကိုခံယူဖို့ ပိုကြိုးစားအားထုတ်ရမှာဖြစ်တယ်။ သမ္မာကျမ်းစာနဲ့ ခရစ်ယာန်စာပေတွေကို သုံးပြီး ကျွန်ုပ်တို့တင်ပြဖို့လိုအပ်တဲ့ အရည်အသွေးတစ်ခုချင်းစီကို လေ့လာကြတယ်။ ဒါမှ ကျွန်ုပ်တို့ရဲ့နေ့စဉ်ဘဝအသက်တာမှာ စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ ဒီအရည်အသွေးတွေကို ဘယ်လိုတင်ပြနိုင်တယ်ဆိုတာ သိမြင်ပြီး အတတ်နိုင်ဆုံး ကြိုးစားတင်ပြနိုင်မှာဖြစ်တယ်။ * ကျွန်ုပ်တို့ရဲ့အသက်တာနဲ့ ယုံကြည်သူချင်းတွေရဲ့အသက်တာမှာ ဘုရားသခင့်စွမ်းအားတော် အကျိုးသက်ရောက်တာကို မြင်ရတဲ့အခါ စွမ်းအားတော်လမ်းညွှန်မှုကို ဘာကြောင့်ခံယူဖို့လိုတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိလာမှာဖြစ်တယ်။

ဘုရားသခင့်စွမ်းအားတော်လမ်းညွှန်မှုကို သင်ခံယူနေသလား

၁၈။ ဘုရားသခင့်စွမ်းအားတော်လမ်းညွှန်မှုကို ခံယူခဲ့တဲ့ ယေရှုရဲ့ ပုံနမူနာကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

၁၈ စကြဝဠာကိုဖန်ဆင်းရာမှာ ယေရှုက “ကျွမ်းကျင်လုပ်သား” အဖြစ်လုပ်ဆောင်ခဲ့တဲ့အတွက် လူတွေကိုလမ်းပြရာမှာ အထောက်အကူပြုတဲ့ ကမ္ဘာ့သံလိုက်စက်ကွင်းအကြောင်း ကောင်းကောင်းသိတယ်။ (သု. ၈:၃၀ကဘ; ယော. ၁:၃) ယေရှု မြေကြီးပေါ်အသက်ရှင်စဉ်က လမ်းသိဖို့အတွက် အဲဒီသံလိုက်စွမ်းအားကို အသုံးပြုခဲ့တယ်လို့ ကျမ်းစာမှာမဖော်ပြထားဘူး။ လူသားဘဝမှာ ဘုရားသခင့်စွမ်းအားတော် အကူအညီရခဲ့တယ်လို့ပဲ ဖော်ပြထားတယ်။ ကိုယ်တော်က ဒီစွမ်းအားတော်ရဲ့လွှမ်းမိုးမှုကို ခံယူလိုခဲ့ပြီး စွမ်းအားတော်လမ်းညွှန်တဲ့အခါ အဲဒီအတိုင်း လုပ်ဆောင်ခဲ့တယ်။ (မာ. ၁:၁၂၊ ၁၃; လု. ၄:၁၄) သင်လည်း အဲဒီလိုပဲလား။

၁၉။ သန့်ရှင်းသောစွမ်းအားတော် ကျွန်ုပ်တို့ကိုလမ်းညွှန်ဖို့ ဘာလုပ်ရမလဲ။

၁၉ ယနေ့ ဘုရားသခင့်စွမ်းအားတော်လမ်းညွှန်မှုကို ခံယူလိုသူတွေကို စွမ်းအားတော်က ဆက်လမ်းညွှန်နေတုန်းပဲ။ လမ်းမှန်မှာ သင့်ကိုဆက်လမ်းညွှန်နေဖို့ သင် ဘယ်လိုလုပ်နိုင်သလဲ။ ဘုရားသခင့်စွမ်းအားတော်ရဖို့နဲ့ လမ်းညွှန်မှုကို လက်ခံလိုတဲ့စိတ်ရှိဖို့ အမြဲမပြတ်ဆုတောင်းပါ။ (ဧဖက် ၃:၁၄-၁၆ ကိုဖတ်ပါ။) သန့်ရှင်းသောစွမ်းအားတော်တိုက်တွန်းမှုနဲ့ ရေးသားထားတဲ့ သမ္မာကျမ်းစာကို လေ့လာခြင်းအားဖြင့် ဘုရားသခင့်စွမ်းအားတော်ရဲ့ လမ်းညွှန်မှုကို ခံယူလိုကြောင်းပြပါ။ (၂ တိ. ၃:၁၆၊ ၁၇) စွမ်းအားတော်ရဲ့ ပညာရှိလမ်းညွှန်ချက်တွေကို နာခံပြီး လမ်းညွှန်မှုအတိုင်း လိုက်လျှောက်ပါ။ ဒီလိုလုပ်ခြင်းက ဒီဆိုးညစ်တဲ့လောကမှာ အကောင်းဆုံးလမ်းကို ညွှန်ပြပေးနိုင်တဲ့ ယေဟောဝါရဲ့အစွမ်းကို သင်ယုံကြည်ကြောင်း တင်ပြနေခြင်းဖြစ်တယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 17 အရည်အသွေးတစ်ခုချင်းစီအကြောင်း ဆွေးနွေးမှုကို က၀၇ ၇/၁၅ ၂၄-၂၅; က၀၃ ၁/၁၅ ၁၁; က၀၂ ၁/၁၅ ၁၇; က၉၅ ၁/၁၅ ၁၆; က၀၁ ၁၁/၁ ၁၄-၁၅; က၀၃ ၇/၁ ၆; က၀၁ ၁/၁ ၂၂; က၀၃ ၄/၁ ၁၅၊ ၁၉-၂၀; က၀၃ ၁၀/၁၅ ၁၄ တို့မှာကြည့်ပါ။

အဓိကအချက်ကို သင်သဘောပေါက်သလား

• သန့်ရှင်းသောစွမ်းအားတော်က ကျွန်ုပ်တို့အသက်တာမှာ ဘယ်လိုကူညီပေးနိုင်သလဲ။

• ဘုရားသခင့်စွမ်းအားတော် လမ်းညွှန်မှုကိုခံယူလိုစိတ်ရှိသင့်တဲ့ အကြောင်းရင်းလေးခုကဘာလဲ။

• သန့်ရှင်းသောစွမ်းအားတော်ရဲ့ လမ်းညွှန်မှုကနေ အကျိုးအပြည့်အဝရရှိဖို့ ကျွန်ုပ်တို့ ဘာလုပ်နိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါရုပ်ပုံ]

ယေရှုရဲ့အသက်တာအပေါ် ဘုရားသခင့်စွမ်းအားတော် သက်ရောက်

[စာမျက်နှာ ၁၇ ပါရုပ်ပုံ]

ဘုရားသခင့်စွမ်းအားတော်က စိတ်နှလုံးကိုလှုံ့ဆော်ပြီး လမ်းညွှန်