မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှေးခေတ်သစ္စာရှိသူများ ဘုရားသခင့် စွမ်းအားတော်လမ်းညွှန်မှုကိုခံယူခဲ့ကြ

ရှေးခေတ်သစ္စာရှိသူများ ဘုရားသခင့် စွမ်းအားတော်လမ်းညွှန်မှုကိုခံယူခဲ့ကြ

ရှေးခေတ်သစ္စာရှိသူများ ဘုရားသခင့် စွမ်းအားတော်လမ်းညွှန်မှုကိုခံယူခဲ့ကြ

‘ယေဟောဝါနှင့် စွမ်းအားတော်သည် ငါ့ကိုစေလွှတ်တော်မူ၏။’—ဟေရှာ. ၄၈:၁၆

၁၊ ၂။ ယုံကြည်ခြင်းရှိဖို့ ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။ ရှေးခေတ်သစ္စာရှိသူတွေအကြောင်း သုံးသပ်ခြင်းက ဘယ်လိုအားပေးမှုဖြစ်စေသလဲ။

အာဗေလအချိန်ကတည်းကစပြီး ယုံကြည်ခြင်းတင်ပြခဲ့တဲ့ သစ္စာရှိသူများစွာရှိခဲ့တယ်၊ ဒါပေမဲ့ “ယုံကြည်ခြင်းသည် လူခပ်သိမ်းပိုင်ဆိုင်ရာမဟုတ်” လို့ သမ္မာကျမ်းစာမှာဖော်ပြထားတယ်။ (၂ သက်. ၃:၂) ဒါဆို လူတစ်ဦးမှာ ဘာကြောင့် ဒီအရည်အသွေးရှိတာလဲ၊ ယုံကြည်ခြင်းဆက်တင်ပြဖို့ ဘာကကူညီပေးနိုင်သလဲ။ “ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏” လို့ သမ္မာကျမ်းစာကပြောတဲ့အတွက် ယုံကြည်ခြင်းရှိဖို့ သမ္မာကျမ်းစာအသိပညာ လိုအပ်တယ်။ (ရော. ၁၀:၁၇) ယုံကြည်ခြင်းဆိုတာ ဘုရားသခင့်စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ အရည်အသွေးတစ်ခုဖြစ်တယ်။ (ဂလ. ၅:၂၂၊ ၂၃) ဒါကြောင့် ခိုင်ခံ့တဲ့ယုံကြည်ခြင်းရှိဖို့ သန့်ရှင်းသောစွမ်းအားတော်လိုတယ်။

သစ္စာရှိအမျိုးသား၊ အမျိုးသမီးတွေ ယုံကြည်ခြင်းတင်ပြနိုင်တာက သူတို့ရဲ့မွေးရာပါအစွမ်းအစကြောင့်မဟုတ်ဘူး။ ဒီသစ္စာရှိကျေးကျွန်တွေဟာ “ငါတို့ကဲ့သို့ပင် ခံစားချက်ရှိသောသူ” တွေဖြစ်တယ်။ (ယာ. ၅:၁၇) သူတို့မှာ သံသယတွေ၊ အရည်အချင်းမရှိဘူးဆိုတဲ့ ခံစားချက်တွေ၊ အားနည်းချက်တွေရှိတယ်၊ ဒါပေမဲ့ ဘုရားသခင်ပေးတဲ့အစွမ်းတန်ခိုးနဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းခဲ့ကြတယ်။ (ဟေဗြဲ ၁၁:၃၄) ယေဟောဝါရဲ့စွမ်းအားတော် သူတို့ကို ဘယ်လိုကူညီပေးတယ်ဆိုတာ သုံးသပ်ခြင်းက ဘုရားသခင်ကို သစ္စာရှိရှိဆက်အမှုဆောင်ဖို့ ကျွန်ုပ်တို့အတွက် အားပေးမှုဖြစ်စေတယ်။ အထူးသဖြင့် စမ်းသပ်မှုတွေများပြားလှတဲ့ ယနေ့အချိန်မှာဖြစ်တယ်။

ဘုရားသခင့်စွမ်းအားတော်က မောရှေကို အစွမ်းတန်ခိုးပေး

၃-၅။ (က) မောရှေရထားတဲ့တာဝန်ကို ထမ်းဆောင်နိုင်ဖို့ သန့်ရှင်းသောစွမ်းအားတော် ကူညီပေးတယ်ဆိုတာ ကျွန်ုပ်တို့ ဘယ်လိုသိရသလဲ။ (ခ) ယေဟောဝါ သန့်ရှင်းသောစွမ်းအားတော်ပေးပုံကို မောရှေရဲ့အဖြစ်ကနေ ဘယ်လိုသိရသလဲ။

ဘီစီအီး ၁၅၁၃ မှာ အသက်ရှင်ခဲ့တဲ့လူတွေထဲမှာ မောရှေဟာ “စိတ်အနူးညံ့ဆုံး” ဖြစ်တယ်။ (တော. ၁၂:၃ကဘ) ဒီနူးညံ့သိမ်မွေ့တဲ့ကျွန်ကို ယေဟောဝါက အစ္စရေးလူမျိုးကိုဦးဆောင်ရတဲ့တာဝန်ကြီး အပ်နှင်းခဲ့တယ်။ ဘုရားသခင့်စွမ်းအားတော်က မောရှေကို ပရောဖက်ပြုဖို့၊ တရားစီရင်ဖို့၊ ကျမ်းရေးဖို့၊ ဦးဆောင်ဖို့နဲ့ အံ့ဖွယ်အမှုတွေပြုလုပ်ဖို့ တန်ခိုးပေးခဲ့တယ်။ (ဟေရှာယ ၆၃:၁၁-၁၄ ကိုဖတ်ပါ။) ဒါပေမဲ့ တစ်ကြိမ်မှာ မောရှေဟာ သူရထားတဲ့တာဝန်က အရမ်းခက်ခဲတယ်လို့ ညည်းညူပြောဆိုခဲ့တယ်။ (တော. ၁၁:၁၄၊ ၁၅) ဒါကြောင့် ယေဟောဝါက မောရှေကိုပေးထားတဲ့စွမ်းအားတော်တချို့ကိုယူပြီး သူ့ကိုကူညီပေးမယ့် အမျိုးသား ၇၀ ကိုဝေမျှပေးခဲ့တယ်။ (တော. ၁၁:၁၆၊ ၁၇) မောရှေက ဒီတာဝန်ကြီးကို သူတစ်ယောက်တည်းထမ်းရတယ်လို့ထင်ခဲ့ပေမဲ့ တကယ်တော့ သူတစ်ယောက်တည်းထမ်းရတာမဟုတ်သလို သူရွေးထားတဲ့လူ ၇၀ ပဲ ထမ်းနေရတာလည်းမဟုတ်ဘူး။

မောရှေရထားတဲ့တာဝန်ကို ထမ်းဆောင်ဖို့ ယေဟောဝါ သူ့ကို သန့်ရှင်းသောစွမ်းအားတော် အလုံအလောက်ပေးထားတယ်။ လူ ၇၀ ကို သန့်ရှင်းသောစွမ်းအားတော် ဝေမျှပြီးတဲ့နောက်မှာတောင် သူလိုအပ်တဲ့စွမ်းအားတော် အလုံအလောက်ရှိနေဆဲဖြစ်တယ်။ မောရှေမှာ စွမ်းအားတော်မလျော့နည်းခဲ့သလို အသက်ကြီးသူ ၇၀ မှာလည်း မပိုခဲ့ဘူး။ ယေဟောဝါက ကျွန်ုပ်တို့ရဲ့အခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့စွမ်းအားတော်ကို ပေးတယ်။ “ကိုယ်တော်၏ပြည့်စုံခြင်းမှ” “စွမ်းအားတော်ကိုအတိုင်းအဆမရှိဘဲ ပေးတော်မူ” တယ်။—ယော. ၁:၁၆; ၃:၃၄

အခက်အခဲတွေကို သင် ရင်ဆိုင်ဖြေရှင်းနေရသလား။ တာဝန်တွေတိုးများလာလို့ အချိန်တွေပိုပေးနေရတယ်လို့ ခံစားနေရသလား။ အကုန်အကျတွေပိုများလာ ဒါမှမဟုတ် ကျန်းမာရေးချို့တဲ့လာနေတဲ့ကြားမှာ မိသားစုရဲ့ဝတ်ပြုရေး၊ စားဝတ်နေရေးကို ထောက်ပံ့ပေးဖို့ မနည်းကြိုးစားရုန်းကန်နေရသလား။ အသင်းတော်မှာ ကြီးလေးတဲ့တာဝန်တွေကို သင် ထမ်းဆောင်နေရသလား။ သင့်အခြေအနေ ဘယ်လိုပဲဖြစ်နေပါစေ ယေဟောဝါက ကိုယ်တော့်သန့်ရှင်းသောစွမ်းအားတော်အားဖြင့် သင်လိုအပ်တဲ့ခွန်အားကို ပေးနိုင်တယ်ဆိုတာ ယုံကြည်စိတ်ချပါ။—ရော. ၁၅:၁၃

သန့်ရှင်းသောစွမ်းအားတော်က ဗေဇလေလကို အရည်အချင်းပြည့်မီစေ

၆-၈။ (က) ဘုရားသခင့်စွမ်းအားတော်က ဗေဇလေလနဲ့ အဟောလျဘကို ဘယ်အရာလုပ်ဆောင်ဖို့ ကူညီပေးခဲ့သလဲ။ (ခ) ဗေဇလေလနဲ့ အဟောလျဘက ဘုရားသခင့်စွမ်းအားတော်ရဲ့ လမ်းညွှန်မှုကိုခံယူခဲ့ကြောင်း ဘာကဖော်ပြသလဲ။ (ဂ) ဗေဇလေလရဲ့ပုံနမူနာက ဘာကြောင့် ယနေ့ ကျွန်ုပ်တို့အတွက် အားရှိစရာဖြစ်သလဲ။

မောရှေနဲ့တစ်ခေတ်တည်းသားဖြစ်တဲ့ ဗေဇလေလလည်း ဘုရားသခင့်စွမ်းအားတော် အကူအညီရခဲ့သူတစ်ဦးဖြစ်တယ်။ သူ့ရဲ့အဖြစ်အပျက်က ကျွန်ုပ်တို့ကို ဘုရားသခင့်စွမ်းအားတော် လမ်းညွှန်ပေးတဲ့နည်းတစ်နည်းကို ဖော်ပြတယ်။ (ထွက်မြောက်ရာ ၃၅:၃၀-၃၅ ကိုဖတ်ပါ။) ဝတ်ပြုရာတဲတော်နဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေကို ပြုလုပ်ရာမှာဦးဆောင်ဖို့ ဗေဇလေလကို ယေဟောဝါ တာဝန်ပေးခဲ့တယ်။ ဒီတာဝန်ကိုမရခင်ကတည်းက လက်မှုအတတ်ပညာကို ဗေဇလေလ တတ်ကျွမ်းခဲ့သလား။ တတ်ကျွမ်းပြီးသားဖြစ်နိုင်တယ်။ ဒါပေမဲ့ သူနောက်ဆုံးလုပ်ခဲ့ရတဲ့အလုပ်က အီဂျစ်လူမျိုးတွေအတွက် အုတ်ဖုတ်တဲ့အလုပ်ဖြစ်တယ်။ (ထွ. ၁:၁၃၊ ၁၄) ဒါကြောင့် ခက်ခဲတဲ့ဒီတာဝန်ကို ဗေဇလေလ ဘယ်လိုလုပ်ဆောင်နိုင်မလဲ။ ယေဟောဝါက သူ့ကို ‘အမျိုးမျိုးသောအလုပ်ကို ထူးဆန်းစွာလုပ်တတ်မည်အကြောင်း ဉာဏ်ပညာနှင့်တကွ လက်မှုပညာအတတ်အမျိုးမျိုးကိုပေး၍၊ ဘုရားသခင်၏စွမ်းအားတော်နှင့် ပြည့်စုံစေတော်မူ’ ခဲ့တယ်။ ဘုရားသခင်က သန့်ရှင်းသောစွမ်းအားတော်ကိုသုံးပြီး ဗေဇလေလနဲ့ အဟောလျဘတို့မှာ ရှိနေနိုင်တဲ့ ပင်ကိုစွမ်းရည်ကို မြှင့်တင်ပေးခဲ့တယ်။ သူတို့ဟာ စွမ်းအားတော်ရဲ့လမ်းပြမှုကို ကောင်းကောင်းခံယူခဲ့ကြလို့ ရထားတဲ့တာဝန်ကိုပြီးအောင် လုပ်ဆောင်နိုင်ရုံသာမက တခြားသူတွေကိုပါ သင်ပေးနိုင်ခဲ့တယ်။

ဗေဇလေလနဲ့ အဟောလျဘတို့ ဘုရားသခင့်စွမ်းအားတော်လမ်းညွှန်မှု ခံခဲ့ရကြောင်းထင်ရှားတဲ့ နောက်အထောက်အထားတစ်ခုက သူတို့လုပ်တဲ့ပစ္စည်းတွေရဲ့ လက်ရာပြောင်မြောက်မှုနဲ့ တာရှည်ခံမှုတို့ဖြစ်တယ်။ နောက်ပိုင်း နှစ် ၅၀၀ နီးပါးအထိ အဲဒီပစ္စည်းတွေကို လူတွေ ဆက်အသုံးပြုနေတုန်းပဲ။ (၆ ရာ. ၁:၂-၆) ဗေဇလေလနဲ့ အဟောလျဘဟာ ယနေ့ခေတ်ကုန်ပစ္စည်းထုတ်လုပ်သူတွေလို သူတို့ထုတ်လုပ်တဲ့ပစ္စည်းတွေပေါ်မှာ လက်မှတ်၊ တံဆိပ်ထွင်းခဲ့တာမျိုးမရှိဘူး။ သူတို့ရဲ့လုပ်ဆောင်မှုမှန်သမျှဟာ ယေဟောဝါကို ဂုဏ်တင်ဖို့အတွက်ပဲဖြစ်တယ်။—ထွ. ၃၆:၁၊ ၂

ယနေ့ ကျွန်ုပ်တို့က ဆောက်လုပ်ရေး၊ ပုံနှိပ်အလုပ်၊ စည်းဝေးကြီးတွေကိုစီစဉ်ဖွဲ့စည်းတာ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းနဲ့ သွေးနဲ့ပတ်သက်တဲ့ ကျမ်းစာရပ်တည်ချက်ကို ဆရာဝန်တွေ၊ ဆေးရုံဝန်ထမ်းတွေနဲ့ ပြောဆိုဆက်သွယ်တာစတဲ့ အထူးကျွမ်းကျင်မှုလိုအပ်တဲ့ အလုပ်တွေကို လုပ်နေကြရတာ ဖြစ်နိုင်တယ်။ တစ်ခါတလေ ဒီအလုပ်တွေကို ကျွမ်းကျင်သူတွေက လုပ်ဆောင်ကြတယ်။ ဒါပေမဲ့ အများအားဖြင့်တော့ ဒီအလုပ်တွေနဲ့ပတ်သက်ပြီး အတွေ့အကြုံမရှိတဲ့ စေတနာ့၀န်ထမ်းတွေက လုပ်ဆောင်ကြတယ်။ ဘုရားသခင့်စွမ်းအားတော်က သူတို့ရဲ့ကြိုးစားလုပ်ဆောင်မှုတွေကို ကူညီထောက်မပေးတယ်။ တခြားသူတွေက ကိုယ့်ထက်ပိုတော်တယ်လို့ ခံစားရပြီး ယေဟောဝါရဲ့လုပ်ငန်းတော်မှာ တာ၀န်တစ်ခုကိုလက်ခံဖို့ သင် တွန့်ဆုတ်နေသလား။ ယေဟောဝါရဲ့စွမ်းအားတော်က သင့်မှာရှိတဲ့အသိပညာနဲ့ အစွမ်းအစကို မြှင့်တင်ပေးပြီး ကိုယ်တော်ပေးတဲ့ ဘယ်တာဝန်ကိုမဆို လုပ်ဆောင်နိုင်ဖို့ ကူညီပေးနိုင်တယ်ဆိုတာ သတိရပါ။

ဘုရားသခင့်စွမ်းအားတော်အကူအညီနဲ့ ယောရှုအောင်မြင်ခဲ့

၉။ အစ္စရေးလူမျိုး အီဂျစ်ပြည်ကနေထွက်လာပြီး သိပ်မကြာခင်မှာ ဘယ်လိုအခြေအနေနဲ့ ကြုံတွေ့ရသလဲ၊ ဘယ်မေးခွန်းပေါ်လာသလဲ။

ဘုရားသခင့်စွမ်းအားတော်က မောရှေ၊ ဗေဇလေလတို့နဲ့ တစ်ခေတ်တည်းသားဖြစ်သူတစ်ဦးကိုလည်း လမ်းညွှန်ပေးခဲ့တယ်။ အစ္စရေးလူမျိုး အီဂျစ်ပြည်ကနေထွက်လာပြီး မကြာမီမှာ အာမလက်လူတွေက ဘုရားသခင့်လူမျိုးကို တိုက်ခိုက်ခဲ့ကြတယ်။ အစ္စရေးလူမျိုးမှာ စစ်တိုက်တဲ့အတွေ့အကြုံမရှိဘူး။ လွတ်လပ်တဲ့လူမျိုးအနေနဲ့ အခု ပထမဆုံးစစ်ပွဲကို တိုက်ခိုက်ရတော့မယ်။ (ထွ. ၁၃:၁၇; ၁၇:၈) တစ်ယောက်ယောက်ကတော့ တိုက်ပွဲကို ဦးဆောင်ရမှာပဲ။ ဘယ်သူဖြစ်မလဲ။

၁၀။ ယောရှုနဲ့ အစ္စရေးလူမျိုးက ဘာကြောင့် တိုက်ပွဲမှာ အနိုင်ရခဲ့သလဲ။

၁၀ ယေဟောဝါက ယောရှုကို ရွေးချယ်ခဲ့တယ်။ သူ့မှာ စစ်တိုက်တဲ့အတွေ့အကြုံရှိလို့တော့ မဟုတ်ဘူး။ သူက အုတ်ဖုတ်တဲ့ကျွန်၊ မန္နမုန့် ကောက်သိမ်းခဲ့သူဖြစ်တယ်။ ယောရှုရဲ့အဘိုး ဧလိရှမာကတော့ အရေအတွက် ၁၀၈,၁၀၀ ရှိတဲ့ အစ္စရေးအနွယ်သုံးနွယ်ပါတဲ့ ဧဖရိမ်တပ်အလုံးအရင်းကို ဦးစီးရသူဖြစ်တယ်။ (တော. ၂:၁၈၊ ၂၄; ၅ ရာ. ၇:၂၆၊ ၂၇) ဒါပေမဲ့ ယေဟောဝါက ဧလိရှမာ ဒါမှမဟုတ် သူ့သား နုန်ကိုရွေးပါလို့မပြောဘဲ ရန်သူတွေကိုတိုက်ခိုက်ရာမှာဦးဆောင်ဖို့ ယောရှုကိုရွေးပါလို့ မောရှေကို ညွှန်ကြားခဲ့တယ်။ တိုက်ပွဲက တစ်နေ့လုံးနီးပါး ကြာခဲ့တယ်။ ယောရှုက ဘုရားသခင့်စကားကို အကြွင်းမဲ့နားထောင်ပြီး ကိုယ်တော့်သန့်ရှင်းသောစွမ်းအားတော် လမ်းညွှန်မှုကို လက်ခံခဲ့တဲ့အတွက် အနိုင်ရခဲ့တယ်။—ထွ. ၁၇:၉-၁၃

၁၁။ ယောရှုလိုပဲ ဘုရားသခင့်အမှုတော်ဆောင်ရာမှာ ကျွန်ုပ်တို့ ဘယ်လိုအောင်မြင်နိုင်သလဲ။

၁၁ “ဉာဏ်ပညာပေးတဲ့စွမ်းအားနဲ့ပြည့်ဝ” သူ ယောရှုက နောက်ပိုင်းမှာ မောရှေနေရာကို ဆက်ခံခဲ့တယ်။ (တရား. ၃၄:၉ကဘ) သန့်ရှင်းသောစွမ်းအားတော်က ယောရှုကို မောရှေလို ပရောဖက်ပြုဖို့၊ အံ့ဖွယ်အမှုတွေလုပ်ဖို့တော့ အစွမ်းတန်ခိုးမပေးခဲ့ဘူး။ ဒါပေမဲ့ ခါနာန်ပြည်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ အစ္စရေးလူမျိုးကို ဦးဆောင်ရာမှာ ယောရှုကို ကူညီခဲ့တယ်။ ယနေ့ ကျွန်ုပ်တို့လည်း ဘုရားသခင့်အမှုတော်မှာ တချို့တာဝန်တွေကို လုပ်ဆောင်ဖို့ အတွေ့အကြုံမရှိ၊ အရည်အချင်းမပြည့်မီဘူးလို့ ခံစားရနိုင်တယ်။ ဒါပေမဲ့ ယောရှုလိုပဲ ဘုရားသခင်ရဲ့ညွှန်ကြားချက်ကို အနီးကပ်လိုက်လျှောက်မယ်ဆိုရင် ကျွန်ုပ်တို့ အောင်မြင်မှာသေချာတယ်။—ယောရှု ၁:၇-၉

“ဂိဒေါင်အပေါ် ယေဟောဝါရဲ့ စွမ်းအားတော်သက်ရောက်”

၁၂-၁၄။ (က) မိဒျန်စစ်တပ်ကြီးကို အစ္စရေးလူ ၃၀၀ အနိုင်ရခြင်းကနေ ကျွန်ုပ်တို့ ဘာသိရသလဲ။ (ခ)  ဂိဒေါင်ရဲ့ယုံကြည်ခြင်းကို ယေဟောဝါ ဘယ်လိုခိုင်ခံ့စေခဲ့သလဲ။ (ဂ) ဒီနေ့အချိန်မှာ ကျွန်ုပ်တို့ကို ဘုရားသခင် ဘယ်လိုကူညီပေးနိုင်သလဲ။

၁၂ ယောရှုသေဆုံးပြီးနောက်မှာ ယေဟောဝါက ကိုယ်တော့်အပေါ်သစ္စာရှိသူတွေကို ခွန်အားပေးဖို့ စွမ်းအားတော်ကို ဆက်အသုံးပြုခဲ့တယ်။ တရားသူကြီးမှတ်စာမှာ “အားနည်းရာမှ အားကြီးလာ” တဲ့သူတွေအကြောင်း မှတ်တမ်းတင်ထားတယ်။ (ဟေဗြဲ ၁၁:၃၄) အစ္စရေးလူမျိုးအတွက် ဂိဒေါင်စစ်တိုက်ရာမှာ ဘုရားသခင်က သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ကူညီပေးခဲ့တယ်။ (သူကြီး. ၆:၃၄) ဂိဒေါင်ရဲ့စစ်တပ်က မိဒျန်စစ်တပ်နဲ့ နှိုင်းယှဉ်ရင် လေးယောက် တစ်ယောက်လောက်ပဲရှိပြီး လူအရမ်းနည်းတယ်။ လူနည်းနေတဲ့ အစ္စရေးစစ်တပ်က ယေဟောဝါရဲ့အမြင်မှာ များလွန်းနေသေးတယ်။ လူတွေကို အိမ်ပြန်ခိုင်းဖို့ ဂိဒေါင်ကို ယေဟောဝါ နှစ်ကြိမ်ပြောခဲ့တယ်။ နောက်ဆုံး အစ္စရေးစစ်သား ၁ ယောက်က မိဒျန်စစ်သား ၄၅၀ နဲ့ညီတဲ့ အရေအတွက်ပဲကျန်တော့တယ်။ (သူကြီး. ၇:၂-၈; ၈:၁၀) ဒီအရေအတွက်ကို ယေဟောဝါ လက်ခံခဲ့တယ်။ ဒီအရေအတွက်နဲ့ တိုက်ပွဲမှာအနိုင်ရခဲ့ရင် လူ့ကြိုးစားမှု၊ လူ့ဉာဏ်ပညာကြောင့်လို့ ဘယ်သူမှ ဂုဏ်ယူဝင့်ကြွားပြီး ပြောနိုင်မှာမဟုတ်ဘူး။

၁၃ ဂိဒေါင်နဲ့ သူ့စစ်တပ်က အဆင်သင့်ဖြစ်နေကြပြီ။ ဒီအုပ်စုလေးမှာ သင်ရှိနေမယ်ဆိုရင် သင့်အဖွဲ့သားတွေက ကြောက်တတ်တဲ့သူတွေမဟုတ်ဘူး၊ နိုးနိုးကြားကြားရှိတဲ့သူတွေဖြစ်တယ်ဆိုတာ သိထားတဲ့အတွက် သင်စိတ်ချလက်ချဖြစ်နေမလား။ ဒါမှမဟုတ် ဘယ်လိုများဖြစ်လာမလဲလို့ တွေးပြီး စိုးရိမ်နေမလား။ ဂိဒေါင်က ဘုရားသခင်ကို ယုံကြည်ကိုးစားခဲ့မယ်ဆိုတာ ကျွန်ုပ်တို့စိတ်ချနိုင်တယ်။ ဘုရားသခင်ပြောတဲ့အတိုင်း သူလုပ်ခဲ့တယ်။ (တရားသူကြီး ၇:၉-၁၄ ကိုဖတ်ပါ။) ဂိဒေါင်က ယေဟောဝါ သူ့ဘက်မှာရှိကြောင်း သေချာစေဖို့ နိမိတ်လက္ခဏာကိုတောင်းတဲ့အခါ ကိုယ်တော် သူ့ကိုစိတ်မဆိုးခဲ့ဘူး။ (သူကြီး. ၆:၃၆-၄၀) အဲဒီအစား ဘုရားသခင်က ဂိဒေါင်ရဲ့ ယုံကြည်ခြင်းကို ပိုခိုင်ခံ့စေခဲ့တယ်။

၁၄ ယေဟောဝါရဲ့ကယ်တင်နိုင်စွမ်းက အကန့်အသတ်မရှိဘူး။ အားနည်းတဲ့သူ ဒါမှမဟုတ် အစွမ်းခွန်အားမရှိသူကိုသုံးပြီးတော့တောင် ကိုယ်တော့်ရဲ့လူတွေကို ဘယ်လိုအခက်အခဲ အကျပ်အတည်းထဲကမဆို ကယ်တင်နိုင်တယ်။ တစ်ခါတလေ လူတွေအများကြီးက ကျွန်ုပ်တို့ကို ဆန့်ကျင်နေတယ် ဒါမှမဟုတ် ကျွန်ုပ်တို့ ကျဉ်းထဲကျပ်ထဲရောက်နေတယ်လို့ ခံစားရနိုင်တယ်။ ဂိဒေါင်လို အံ့သြဖွယ်နိမိတ်လက္ခဏာတွေကိုတော့ ကျွန်ုပ်တို့ မြင်ရမှာမဟုတ်ပေမဲ့ ဘုရားသခင်က ကျွန်ုပ်တို့ကို သမ္မာကျမ်းစာ၊ စွမ်းအားတော်ဦးဆောင်နေတဲ့ အသင်းတော်အားဖြင့် လမ်းညွှန်ပေး၊ နှစ်သိမ့်ပေးတယ်။ (ရော. ၈:၃၁၊ ၃၂) ယေဟောဝါရဲ့မေတ္တာပါ ကတိတော်တွေက ကိုယ်တော့်အပေါ် ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေပြီး ကိုယ်တော့်ကူညီနိုင်စွမ်းကို ယုံကြည်စိတ်ချစေတယ်။

“ယေဖသအပေါ် ယေဟောဝါရဲ့စွမ်းအားတော် သက်ရောက်”

၁၅၊ ၁၆။ ယေဖသရဲ့သမီးမှာ ဘာကြောင့် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိတာလဲ၊ ဒါက မိဘတွေအတွက် ဘယ်လို အားပေးမှုဖြစ်သလဲ။

၁၅ နောက်ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ အစ္စရေးလူတွေ အမ္မုန်လူတွေနဲ့ စစ်တိုက်တဲ့အခါ ယေဟောဝါရဲ့စွမ်းအားတော်က ‘ယေဖသအပေါ်မှာ သက်ရောက်’ ခဲ့တယ်။ ယေဟောဝါကို ချီးမွမ်းဂုဏ်တင်ဖို့ တိုက်ပွဲမှာ အနိုင်ရလိုစိတ် ပြင်းပြတဲ့အတွက် ယေဖသဟာ တန်ဖိုးကြီးမားတဲ့ကတိတစ်ခု ပြုခဲ့တယ်။ အမ္မုန်လူမျိုးကို သူ့လက်ထဲအပ်မယ်ဆိုရင် သူအိမ်ပြန်လာတဲ့အခါ သူ့ကိုဆီးကြိုဖို့ အိမ်ပေါက်ဝကနေ ဦးဆုံးထွက်လာသူကို ယေဟောဝါကိုပေးမယ်လို့ ကတိပြုခဲ့တယ်။ သူစစ်ပွဲမှာအောင်မြင်ပြီး ပြန်လာတဲ့အခါ သူ့ကိုဦးဆုံးထွက်ကြိုတဲ့သူက သူ့သမီးဖြစ်နေတယ်။ (သူကြီး. ၁၁:၂၉-၃၁၊ ၃၄) ဒါကိုယေဖသ အံ့သြသွားသလား။ အံ့သြမှာမဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ သူ့မှာ သမီးတစ်ယောက်ပဲရှိတယ်။ ယေဖသက သူ့ကတိအတိုင်းပဲ ရှိလောမှာရှိတဲ့ ယေဟောဝါရဲ့တဲတော်မှာ အမှုဆောင်ဖို့ သူ့သမီးကို ပေးအပ်ခဲ့တယ်။ ယေဖသရဲ့သမီးကလည်း ယေဟောဝါကို သစ္စာရှိရှိဝတ်ပြုသူတစ်ဦးဖြစ်လို့ သူ့ဖခင်ရဲ့ကတိအတိုင်း လုပ်သင့်တယ်လို့ယူမှတ်ခဲ့တယ်။ (တရားသူကြီး ၁၁:၃၆ ကိုဖတ်ပါ။) ယေဟောဝါရဲ့ စွမ်းအားတော်က သူတို့နှစ်ဦးလိုအပ်တဲ့ခွန်အားကို ပေးခဲ့တယ်။

၁၆ ယေဖသရဲ့သမီးမှာ ဘာကြောင့် ဒီလိုကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိတာလဲ။ ဇွဲရှိပြီး ဘုရားသခင်ကို သစ္စာရှိရှိကိုးကွယ်နေတဲ့ ဖခင်ရဲ့ပုံသက်သေက သူ့ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေခဲ့တာဖြစ်တယ်။ မိဘတို့၊ သင်တို့ရဲ့ပုံသက်သေကို သားသမီးတွေ မမြင်ဘဲမနေဘူး။ သင်တို့ပြောဆိုတဲ့အရာကို သင်တို့ယုံကြည်ကြောင်း သင်တို့ရဲ့ ဆုံးဖြတ်ချက်တွေက ဖော်ပြတယ်။ သင်တို့ရဲ့ကလေးတွေက သင်တို့ရဲ့စိတ်နှလုံးပါပါဆုတောင်းချက်ကိုကြားတယ်၊ ဒါ့အပြင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကိုးကွယ်ဖို့ သင်တို့သွန်သင်ပေးတာကို ဂရုပြုပြီး သင်တို့အပြောနဲ့အလုပ် ညီမညီဆိုတာကို သူတို့မြင်တယ်။ ဒါတွေအားလုံးက ယေဟောဝါကို ဝတ်ပြုလိုစိတ်ပြင်းပြလာအောင် သူတို့ကို လှုံ့ဆော်ပေးပုံရတယ်။ ဒါက သင်တို့ကို ပျော်ရွှင်စေပါလိမ့်မယ်။

ရှံဆုန်အပေါ် “ယေဟောဝါရဲ့စွမ်းအားတော် သက်ရောက်”

၁၇။ ဘုရားသခင့်စွမ်းအားတော်အားဖြင့် ရှံဆုန် ဘာလုပ်နိုင်ခဲ့သလဲ။

၁၇ နောက်ဥပမာတစ်ခုကိုလည်း သုံးသပ်ကြည့်ပါ။ အစ္စရေးလူတွေ ဖိလိတ္တိလူတွေလက်ထဲ ကျရောက်နေချိန်မှာ ယေဟောဝါရဲ့စွမ်းအားတော်က အစ္စရေးလူတွေကိုကယ်ဖို့ ရှံဆုန်ကို နှိုးဆော်ခဲ့တယ်။ (သူကြီး. ၁၃:၂၄၊ ၂၅) အံ့သြဖွယ်ကောင်းတဲ့အလုပ်တွေကို လုပ်နိုင်တဲ့၊ တခြားဘယ်သူ့မှာမှမရှိတဲ့ ခွန်အားမျိုး ရှံဆုန်ရရှိခဲ့တယ်။ ဖိလိတ္တိလူတွေက တခြားအစ္စရေးလူတွေကို သိမ်းသွင်းပြီး ရှံဆုန်ကိုဖမ်းခိုင်းတဲ့အခါ ‘ယေဟောဝါ၏စွမ်းအားတော်သည် သူ့အပေါ်မှာသက်ရောက်သဖြင့် သူ့လက်၌ချည်သောကြိုးတို့သည် မီးထိသောပိုက်ဆန်ကဲ့သို့ဖြစ်၍ အချည်အနှောင်ကျွတ်’ သွားတယ်။ (သူကြီး. ၁၅:၁၄) နောက်ပိုင်းမှာ ရှံဆုန်ဟာ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချမိပြီး ခွန်အားပျောက်ဆုံးသွားတယ်။ ဒါပေမဲ့ “ယုံကြည်ခြင်းအားဖြင့်” နောက်ဆုံးတစ်ကြိမ် ခွန်အားရခဲ့တယ်။ (ဟေဗြဲ ၁၁:၃၂-၃၄; သူကြီး. ၁၆:၁၈-၂၁၊ ၂၈-၃၀) တစ်မူထူးခြားတဲ့အခြေအနေတွေကြောင့် ယေဟောဝါရဲ့စွမ်းအားတော်က ရှံဆုန်အပေါ် ထူးခြားတဲ့နည်းနဲ့ သက်ရောက်ခဲ့တယ်။ ယေဟောဝါက ကျွန်ုပ်တို့ကို ရှံဆုန်လိုခွန်အားမျိုး ပေးမှာမဟုတ်ပေမဲ့ ရှံဆုန်ရဲ့ပုံနမူနာကနေ ကျွန်ုပ်တို့ ခွန်အားရရှိနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။

၁၈၊ ၁၉။ (က) ရှံဆုန်ရဲ့ ပုံနမူနာက ကျွန်ုပ်တို့အတွက် ဘယ်လိုအားပေးမှုဖြစ်စေသလဲ။ (ခ) ဒီဆောင်းပါးမှာပါတဲ့ သစ္စာရှိသူတွေရဲ့ ပုံနမူနာကို သုံးသပ်ခြင်းကနေ သင်ဘာအကျိုးရသလဲ။

၁၈ ရှံဆုန်အားကိုးခဲ့တဲ့ သန့်ရှင်းသောစွမ်းအားတော်ကိုပဲ ကျွန်ုပ်တို့ အားကိုးကြတယ်။ “လူတို့အားဟောပြော၍ စေ့စေ့စပ်စပ်သက်သေခံ” ဖို့ ယေရှုပေးခဲ့တဲ့တာဝန်ကို လုပ်ဆောင်ရာမှာ ကျွန်ုပ်တို့ကို သန့်ရှင်းသောစွမ်းအားတော် ကူညီမယ်ဆိုတာ ယုံကြည်ကြတယ်။ (တ. ၁၀:၄၂) ဒီတာဝန်က ကျွန်ုပ်တို့အတွက် ခက်ခဲနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါပေးအပ်ထားတဲ့ တာဝန်တွေကိုလုပ်ဆောင်ဖို့ လိုအပ်တဲ့စွမ်းအားတော် ရထားတဲ့အတွက် ကျွန်ုပ်တို့ ဝမ်းသာကြတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရထားတဲ့တာဝန်တွေကို ထမ်းဆောင်တဲ့အခါ ပရောဖက်ဟေရှာယပြောသလို ‘ယေဟောဝါနှင့် စွမ်းအားတော်သည် ငါ့ကိုစေလွှတ်တော်မူ၏’ လို့ ပြောနိုင်ကြပါတယ်။ (ဟေရှာ. ၄၈:၁၆) အမှန်ပါပဲ၊ ဘုရားသခင့်စွမ်းအားတော်က ကျွန်ုပ်တို့ကို စေလွှတ်တာဖြစ်တယ်။ မောရှေ၊ ဗေဇလေလနဲ့ ယောရှုတို့ကို ယေဟောဝါ ကူညီပေးခဲ့သလို ကျွန်ုပ်တို့ရဲ့အစွမ်းအစတွေကို တိုးတက်စေခြင်းအားဖြင့် ရရှိထားတဲ့တာဝန်ကို ဆက်လုပ်ဆောင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဂိဒေါင်၊ ယေဖသနဲ့ ရှံဆုန်ကို ကိုယ်တော်အစွမ်းတန်ခိုးပေးခဲ့သလို ကျွန်ုပ်တို့ကိုလည်းပေးမယ်ဆိုတဲ့ ယုံကြည်စိတ်ချမှုနဲ့ “ဘုရားသခင့်တရားစကားတည်းဟူသော စွမ်းအားတော်ဓားကို” ကျွန်ုပ်တို့ အသုံးပြုကြတယ်။ (ဧ. ၆:၁၇၊ ၁၈) ယေဟောဝါကို ယုံကြည်အားကိုးမယ်ဆိုရင် ရှံဆုန်ကို ကာယခွန်အားပေးခဲ့သလို ကျွန်ုပ်တို့ကိုလည်း ကိုယ်တော့်အမှုတော်ဆောင်ဖို့ ခွန်အားပေးမှာဖြစ်တယ်။

၁၉ စစ်မှန်တဲ့ဝတ်ပြုရေးဘက်မှာ ရဲရဲဝံ့ဝံ့ရပ်တည်သူတွေကို ယေဟောဝါကောင်းချီးပေးတယ်ဆိုတာ ထင်ရှားတယ်။ ဘုရားသခင့် သန့်ရှင်းသောစွမ်းအားတော်ရဲ့ လမ်းညွှန်မှုကို ခံယူတယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်း ပိုခိုင်ခံ့လာမယ်။ ဒါကြောင့် ခရစ်ယာန်ဂရိကျမ်းမှာပါတဲ့ ဘုရားသခင့်စွမ်းအားတော် လမ်းညွှန်မှုခံယူခဲ့သူတွေအကြောင်း လေ့လာရတာကို ကျွန်ုပ်တို့နှစ်သက်ကြပါလိမ့်မယ်။ စီအီး ၃၃၊ ပင်တေကုတ္တေပွဲမတိုင်မီနဲ့ပြီးနောက် ပထမရာစုသစ္စာရှိကျေးကျွန်တွေကို ယေဟောဝါရဲ့စွမ်းအားတော် ဘယ်လိုလမ်းညွှန်ခဲ့တယ်ဆိုတာ နောက်ဆောင်းပါးမှာ တွေ့ရပါလိမ့်မယ်။

အောက်ပါပုဂ္ဂိုလ်တွေကို ဘုရားသခင့်စွမ်းအားတော် ကူညီပေးပုံကို သိရခြင်းက သင့်ကိုဘာကြောင့်အားရှိစေသလဲ

• မောရှေ။

• ဗေဇလေလ။

• ယောရှု။

• ဂိဒေါင်။

• ယေဖသ။

• ရှံဆုန်။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၂ ပါ အကျဉ်းဖော်ပြချက်]

ဘုရားသခင့်စွမ်းအားတော်က ရှံဆုန်ကို ကာယခွန်အားပေးခဲ့သလို ကျွန်ုပ်တို့ကိုလည်း ဘုရားသခင့်အမှုတော်ဆောင်ဖို့ ခွန်အားပေးနိုင်

[စာမျက်နှာ ၂၁ ပါရုပ်ပုံ]

မိဘတို့၊ သင်တို့ရဲ့ပုံသက်သေက ကလေးတွေအပေါ် ဩဇာသက်ရောက်