မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူက သင့်အတွက် စံနမူနာလား၊ သတိပေးချက်လား

သူက သင့်အတွက် စံနမူနာလား၊ သတိပေးချက်လား

သူက သင့်အတွက် စံနမူနာလား၊ သတိပေးချက်လား

‘ယာကုပ်ရဲ့ဘုရားသခင်က သူ့နည်းလမ်းတွေအကြောင်း ငါတို့ကို သွန်သင်ပေးလိမ့်မယ်။ ကိုယ်တော့်လမ်းစဉ်တွေမှာ ငါတို့လျှောက်လှမ်းကြမယ်။’—ဟေရှာ. ၂:၃၊ ကဘ။

၁၊ ၂။ ဘယ်လိုနည်းတွေနဲ့ ကျမ်းစာပုံနမူနာတွေကနေ အကျိုးရရှိနိုင်သလဲ။

သမ္မာကျမ်းစာမှာပါတဲ့အကြောင်းအရာတွေကနေ အကျိုးရရှိနိုင်တယ်ဆိုတဲ့အချက်ကို သင် သဘောတူတယ်မဟုတ်လား။ အဲဒီထဲမှာ တုပသင့်တဲ့ သစ္စာရှိအမျိုးသား၊ အမျိုးသမီးတွေရဲ့ ဘဝလမ်းစဉ်၊ သူတို့မှာရှိတဲ့ အရည်အသွေးတွေကို တွေ့နိုင်တယ်။ (ဟေဗြဲ ၁၁:၃၂-၃၄) ဒါပေမဲ့ မတုပသင့်တဲ့ အမျိုးသား၊ အမျိုးသမီးတွေရဲ့ လုပ်ရပ်၊ သဘောထားတွေနဲ့ပတ်သက်တဲ့ သတိပေးပုံနမူနာတွေလည်းပါတယ်။

အဲဒီထဲကလူတချို့မှာတော့ တုပသင့်တဲ့အချက်တွေရော၊ မတုပသင့်တဲ့အချက်တွေပါ ရှိတယ်။ နှိမ့်ချတဲ့သိုးထိန်းတစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာ တန်ခိုးအာဏာရှိတဲ့ဘုရင်ဖြစ်လာတဲ့ ဒါဝိဒ်အကြောင်း စဉ်းစားကြည့်ပါ။ သူဟာ အမှန်တရားကိုချစ်ပြီး ယေဟောဝါကို ယုံကြည်ကိုးစားသူဖြစ်တယ်ဆိုတာ တွေ့ရတယ်။ ဒါပေမဲ့ ဒါဝိဒ်ဟာ ဗာသရှေဘနဲ့အိမ်ထောင်ရေးဖောက်ပြန်၊ ဥရိယကိုလုပ်ကြံသတ်ဖြတ်၊ ပညာမဲ့စွာလူတွေကိုရေတွက် စတဲ့ကြီးလေးတဲ့အမှားတွေကို ကျူးလွန်ခဲ့တယ်။ ဒီဆောင်းပါးမှာတော့ ဒါဝိဒ်ရဲ့သားတော်ဖြစ်ပြီး ဘုရင်လည်းဖြစ်၊ ကျမ်းရေးသူလည်းဖြစ်တဲ့ ရှောလမုန်အကြောင်း လေ့လာမှာဖြစ်တယ်။ ဦးဆုံး ရှောလမုန်ထံကနေ ကျွန်ုပ်တို့အတွက်စံနမူနာဖြစ်တဲ့ အချက်နှစ်ချက်ကို လေ့လာကြမယ်။

“ရှောလမုန်မင်းကြီး၏ ပညာရှိစကား”

၃။ ရှောလမုန်မှာ ကျွန်ုပ်တို့တုပသင့်တဲ့အချက်ရှိတယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။

ရှောလမုန်ထက်သာ၍ကြီးမြတ်တဲ့ ယေရှုခရစ်က ရှောလမုန်မှာရှိတဲ့ ကျွန်ုပ်တို့တုပသင့်တဲ့အချက်တစ်ချက်အကြောင်း ပြောခဲ့တယ်။ သံသယဝင်နေတဲ့ဂျူးတွေကို ယေရှု ဒီလိုပြောခဲ့တယ်– “တရားစီရင်ရာအချိန်တွင် တောင်ပြည်၏ဘုရင်မသည် ဤလူမျိုးဆက်နှင့်အတူထ၍ သူတို့ကို အပြစ်စီရင်လိမ့်မည်။ အကြောင်းမူကား ထိုဘုရင်မသည် ရှောလမုန်မင်းကြီး၏ပညာရှိစကားကို ကြားနာရန် မြေကြီးစွန်းမှလာ၏။ ဤနေရာတွင်ကား ရှောလမုန်ထက် သာ၍ကြီးမြတ်သူရှိ၏။” (မ. ၁၂:၄၂) ရှောလမုန်ဟာ ဉာဏ်ပညာအရာမှာ တကယ့်ကိုဂုဏ်သတင်းကျော်စောသူဖြစ်ခဲ့ပြီး ကျွန်ုပ်တို့ကိုလည်း ဉာဏ်ပညာဆည်းပူးဖို့ တိုက်တွန်းခဲ့တယ်။

၄၊ ၅။ ရှောလမုန်ဟာ ဘယ်လိုနည်းနဲ့ ဉာဏ်ပညာရရှိခဲ့သလဲ၊ ဒါပေမဲ့ ကျွန်ုပ်တို့ကျတော့ ဘယ်လိုနည်းနဲ့ရနိုင်သလဲ။

ရှောလမုန်နန်းတက်စအချိန်မှာ ဘုရားသခင်က သူ့ကို အိပ်မက်အားဖြင့် အလိုရှိရာကိုတောင်းဖို့ ပြောခဲ့တယ်။ ဘုရင်ဟာ အတွေ့အကြုံနည်းသူဖြစ်လို့ ဉာဏ်ပညာပေးဖို့ တောင်းလျှောက်ခဲ့တယ်။ (၃ ရာ. ၃:၅-၉ ကိုဖတ်ပါ။) ဘုရင်က စည်းစိမ်ချမ်းသာနဲ့ တန်ခိုးအာဏာကို တောင်းမယ့်အစား ဉာဏ်ပညာတောင်းခဲ့တဲ့အတွက် သူ့ရဲ့တောင်းလျှောက်မှုကို ဘုရားသခင်နှစ်သက်ခဲ့တယ်။ ဘုရားသခင်က သူ့ကို “ဉာဏ်ပညာနှင့်ပြည့်စုံသောစိတ်” အပြင် စည်းစိမ်ချမ်းသာတွေကိုပါ ပေးခဲ့တယ်။ (၃ ရာ. ၃:၁၀-၁၄) ယေရှုပြောခဲ့သလိုပဲ ရှောလမုန်ရဲ့ဉာဏ်ပညာကြွယ်ဝမှုသတင်းဟာ ကျော်စောလွန်းလို့ ရှေဘပြည်ရဲ့ဘုရင်မက ဝေးလံတဲ့ခရီးကိုနှင်ပြီး သူ့စကားကိုလာနားထောင်ရတဲ့အထိ ဖြစ်ခဲ့တယ်။—၃ ရာ. ၁၀:၁၊ ၄-၉

ကျွန်ုပ်တို့ကတော့ အံ့ဖွယ်နည်းနဲ့ ဉာဏ်ပညာရဖို့ မမျှော်လင့်ကြဘူး။ ရှောလမုန်က ‘ယေဟောဝါကိုယ်တိုင် ဉာဏ်ပညာကိုပေး’ တယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ “သင့်နားက ဉာဏ်ပညာကို အာရုံစိုက်နားထောင်ပြီး သင့်စိတ်နှလုံးက ပိုင်းခြားသိမြင်မှုဘက် တိမ်းညွတ်မယ်ဆိုရင်” ဆိုတဲ့ ရှောလမုန်ရဲ့စကားအရ ဘုရားသခင်ပေးတဲ့ဉာဏ်ပညာရဖို့ ကြိုးစားအားထုတ်ရမှာဖြစ်တယ်။ ဉာဏ်ပညာရဖို့ကြိုးစားအားထုတ်ခြင်းအကြောင်း ပြောဆိုရာမှာ “အော်ခေါ်၊” “ရှာ၊” “တူးဖော်ရှာဖွေ” ဆိုတဲ့ အသုံးအနှုန်းတွေကို သုံးခဲ့တယ်။ (သု. ၂:၁-၆ကဘ) ဒါကြောင့် ကျွန်ုပ်တို့ ဉာဏ်ပညာရနိုင်တယ်ဆိုတာ သိရတယ်။

၆။ ဘုရားသခင်ပေးတဲ့ဉာဏ်ပညာနဲ့ပတ်သက်ပြီး ရှောလမုန်ရဲ့ပုံသက်သေကို ကျွန်ုပ်တို့ဘယ်လိုတုပနိုင်သလဲ။

ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးသင့်တယ်– ‘ဘုရားသခင်ပေးတဲ့ဉာဏ်ပညာကို ရှောလမုန်လိုပဲ ငါတန်ဖိုးထားသလား။’ စီးပွားရေးမတည်ငြိမ်မှုကြောင့် လူများစွာက အလုပ်အကိုင်နဲ့ ငွေပေါ်မှာပဲ အာရုံရောက်နေကြတယ်၊ ဒါမှမဟုတ် ဘယ်ပညာရေးကိုဆည်းပူးမယ်၊ ဘယ်အတိုင်းအတာအထိ သင်ယူမယ်ဆိုတာနဲ့ပဲ လုံးပန်းနေကြတယ်။ သင်နဲ့သင့်မိသားစုကော။ ဘုရားသခင်ပေးတဲ့ဉာဏ်ပညာကို တန်ဖိုးထားပြီး ရှာဖွေလိုက်စားနေကြောင်း သင်တို့ရဲ့ရွေးချယ်မှုတွေက ဖော်ပြသလား။ ဘုရားသခင်ပေးတဲ့ဉာဏ်ပညာကို ပိုပြီးဆည်းပူးနိုင်ဖို့ သင့်ဦးစားထားရာ၊ ပန်းတိုင်တွေကို ပြုပြင်ချိန်ညှိနိုင်မလား။ ဉာဏ်ပညာဆည်းပူးပြီး လက်တွေ့ကျင့်သုံးခြင်းက ရေရှည်တည်မြဲတဲ့အကျိုး ခံစားရစေတယ်။ ရှောလမုန် ဒီလိုရေးခဲ့တယ်– “အဲဒီအခါ ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း၊ ဖြောင့်မှန်ခြင်းနဲ့ ကောင်းတဲ့လမ်းစဉ်မှန်သမျှကို သင် နားလည်လာလိမ့်မယ်။”—သု. ၂:၉ကဘ။

စစ်မှန်တဲ့ဝတ်ပြုရေးကိုဦးစားထားခြင်းက ငြိမ်သက်မှုရှိစေ

၇။ ဘုရားသခင်အတွက် ခမ်းနားကြီးကျယ်တဲ့အဆောက်အဦ ဘယ်လိုဖြစ်ပေါ်လာသလဲ။

ရှောလမုန်နန်းတက်ပြီးသိပ်မကြာမီမှာ မောရှေအချိန်ကတည်းကအသုံးပြုခဲ့တဲ့ ဝတ်ပြုရာတဲတော်နေရာမှာ ခမ်းနားကြီးကျယ်တဲ့ အဆောက်အဦတစ်ခုနဲ့အစားထိုးဖို့ လုပ်ဆောင်ခဲ့တယ်။ (၃ ရာ. ၆:၁) ဒါကို ရှောလမုန်ရဲ့ဝတ်ပြုရာအိမ်တော်လို့ခေါ်ပေမဲ့ ဒါက သူ့ရဲ့စိတ်ကူးမဟုတ်ဘူး၊ ဦးဆုံးစိတ်ကူးရခဲ့သူက ဒါဝိဒ်ဖြစ်တယ်။ ပြီးတော့ အဆောက်အဦနဲ့ အတွင်းပိုင်းမှာအသုံးပြုရမယ့်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို ဘုရားသခင်က ဒါဝိဒ်ကိုပေးခဲ့တယ်။ ဒါဝိဒ်က ဒီအဆောက်အဦအတွက် အများကြီးလှူဒါန်းခဲ့တယ်။ (၂ ရာ. ၇:၂၊ ၁၂၊ ၁၃; ၅ ရာ. ၂၂:၁၄-၁၆) ဒါပေမဲ့ ခုနစ်နှစ်ခွဲကြာဆောက်လုပ်ခဲ့ရတဲ့ ဒီအဆောက်အဦ ပြီးစီးတဲ့အထိ ရှောလမုန်တာဝန်ယူဆောက်လုပ်ခဲ့တယ်။—၃ ရာ. ၆:၃၇၊ ၃၈; ၇:၅၁

၈၊ ၉။ (က) အလုပ်ကို စွဲစွဲမြဲမြဲလုပ်ဆောင်တဲ့ ရှောလမုန်ရဲ့ဘယ်ပုံနမူနာကို တွေ့ရသလဲ။ (ခ) ရှောလမုန်က စစ်မှန်တဲ့ဝတ်ပြုရေးကို ပထမနေရာထားတဲ့အခါ ဘာအကျိုးရခဲ့သလဲ။

ရှောလမုန်က ကောင်းမြတ်တဲ့အလုပ်ကို စွဲစွဲမြဲမြဲလုပ်ဆောင်ရာမှာ၊ အရေးအကြီးဆုံးအလုပ်ကို ဦးစားထားလုပ်ဆောင်ရာမှာ စံနမူနာကောင်းဖြစ်ခဲ့တယ်။ ဝတ်ပြုရာအိမ်တော်ကိုလက်စသတ်ပြီး ပဋိညာဉ်သေတ္တာကို အိမ်တော်ထဲသွင်းပြီးတဲ့အခါ ရှောလမုန်က လူပရိသတ်ရှေ့မှာ ဆုတောင်းခဲ့တယ်။ ယေဟောဝါထံ သူဆုတောင်းတဲ့အထဲမှာ ဒီအချက်လည်းပါတယ်– “ဤမည်သောအရပ်၌ ငါ့နာမတည်ရမည်ဟု မိန့်တော်မူသည်အတိုင်း ဤအရပ်ဌာနနှင့် ဤအိမ်တော်ကိုနေ့ညမပြတ်ကြည့်ရှု၍ ကိုယ်တော်ကျွန်သည် ဤအရပ်ဌာန၌ ဆုတောင်းသောစကားကို နားထောင်တော်မူပါ။” (၃ ရာ. ၈:၆၊ ၂၉) ဘုရားသခင့်နာမနဲ့တည်ထားတဲ့ ဒီအဆောက်အဦဘက်ကို မျက်နှာမူပြီး အစ္စရေးလူမျိုးရော လူမျိုးခြားတွေပါ ဆုတောင်းနိုင်ကြတယ်။—၃ ရာ. ၈:၃၀၊ ၄၁-၄၃၊ ၆၀

ရှောလမုန်က စစ်မှန်တဲ့ဝတ်ပြုရေးကို ပထမနေရာမှာထားတဲ့အခါ ဘာအကျိုးရခဲ့သလဲ။ ဝတ်ပြုရာအိမ်တော်ကို အပ်နှံတဲ့ပွဲ ကျင်းပပြီးတဲ့နောက် လူတွေဟာ ‘ရှင်ဘုရင်ကိုကောင်းချီးပေးလျက် ယေဟောဝါသည် မိမိကျွန်ဒါဝိဒ်နှင့် မိမိလူအစ္စရေးအမျိုးသားတို့၌ ပြုတော်မူသမျှသောကျေးဇူးတော်ကြောင့် ဝမ်းမြောက်ရွှင်လန်းလျက် မိမိတို့နေရာသို့ပြန်သွားကြ’ တယ်။ (၃ ရာ. ၈:၆၅၊ ၆၆) ရှောလမုန်အုပ်ချုပ်တဲ့ အနှစ် ၄၀ အတွင်းမှာ ပြည်သူတွေဟာ ချမ်းသာကြွယ်ဝပြီး ငြိမ်သက်အေးချမ်းစွာ နေထိုင်ခဲ့ကြတယ်။ (၃ ရာ. ၄:၂၀၊ ၂၁၊ ၂၅ ကိုဖတ်ပါ။) ဆာလံ ၇၂ က အဲဒီအချိန်ကအခြေအနေနဲ့ ရှောလမုန်ထက်သာ၍ကြီးမြတ်သောသူ ယေရှုခရစ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ကျွန်ုပ်တို့ခံစားရမယ့် ကောင်းချီးတွေကို သိမြင်စေပါတယ်။—ဆာ. ၇၂:၆-၈၊ ၁၆

ရှောလမုန်ရဲ့ သတိပေးပုံနမူနာ

၁၀။ ရှောလမုန်ရဲ့ ဘယ်ကြီးလေးတဲ့အပြစ်ကို သင် စဉ်းစားမိနိုင်သလဲ။

၁၀ ရှောလမုန်ရဲ့ အသက်တာလမ်းစဉ်က သတိပေးနမူနာလည်းဖြစ်တယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။ ဦးဆုံး ရှောလမုန်ရဲ့ လူမျိုးခြားမိဖုရားတွေနဲ့ မောင်းမမိဿံတွေအကြောင်း သင်စဉ်းစားမိနိုင်တယ်။ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ဒီလိုဖတ်ရတယ်– ‘ရှောလမုန်သည် အသက်ကြီးသောအခါ မိန်းမများတို့သည် စိတ်နှလုံးတော်ကို အခြားတစ်ပါးသောဘုရားသခင်နောက်သို့ လွဲစေသဖြင့် စိတ်နှလုံးတော်သည် ခမည်းတော်ဒါဝိဒ်၏စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင်ယေဟောဝါရှေ့တော်၌ စုံလင်ခြင်းမရှိ။’ (၃ ရာ. ၁၁:၁-၆) ရှောလမုန်ရဲ့ ဒီမိုက်မဲတဲ့လုပ်ရပ်ကိုတော့ သင် တုပလိုမှာမဟုတ်ဘူး။ ဒါပေမဲ့ ရှောလမုန်ရဲ့ဘဝအသက်တာကနေ သင် သင်ခန်းစာယူနိုင်တဲ့ သတိပေးချက်က ဒီတစ်ချက်ပဲလား။ ကျွန်ုပ်တို့ အမှုမဲ့အမှတ်မဲ့ဖြစ်နေနိုင်တဲ့ တခြားအချက်တွေကိုလည်း သုံးသပ်ကြည့်ကြစို့။

၁၁။ ရှောလမုန်ရဲ့ ပထမဆုံးအိမ်ထောင်နဲ့ပတ်သက်ပြီး ဘာသိရှိရသလဲ။

၁၁ ရှောလမုန်ဟာ အနှစ် ၄၀ အုပ်ချုပ်ခဲ့တယ်။ (၆ ရာ. ၉:၃၀) ဒါပေမဲ့ ၃ ရာ. ၁၄:၂၁ (ဖတ်ပါ။) ကနေ ဘာသိရသလဲ။ ဒီအခန်းငယ်အရ ရှောလမုန်သေဆုံးသွားတဲ့အခါ အသက် ၄၁ နှစ်ရှိတဲ့ သူ့ရဲ့သား ရောဗောင် ဘုရင်ဖြစ်လာတယ်၊ သူ့မိခင်က “အမ္မုန်အမျိုးသား နေမ” ဖြစ်တယ်။ ဒီအချက်က ရှောလမုန်ဟာ ဘုရင် မဖြစ်ခင်ကတည်းက အစ္စရေးလူမျိုးရဲ့ရန်သူလူမျိုး၊ ယေဟောဝါကိုမကိုးကွယ်တဲ့ လူမျိုးခြားအမျိုးသမီးနဲ့ လက်ထပ်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ (သူကြီး. ၁၀:၆; ၂ ရာ. ၁၀:၆) သူမက အယူမှားဝတ်ပြုရေးကိုပဲ ဆက်ကိုးကွယ်ခဲ့သူလား၊ ရာခပ်နဲ့ရုသတို့လို စစ်မှန်တဲ့ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်သူ ဖြစ်ခဲ့သလားဆိုတာကိုတော့ ကျွန်ုပ်တို့ မသိရဘူး။ (ရုသ ၁:၁၆; ၄:၁၃-၁၇; မ. ၁:၅၊ ၆) ဘယ်လိုပဲဖြစ်ပါစေ ရှောလမုန်က ယေဟောဝါကိုမကိုးကွယ်တဲ့ အမ္မုန်အမျိုး ယောက္ခမတွေ၊ ဆွေမျိုးတွေနဲ့ ပတ်သက်ခဲ့ရဖွယ်ရှိတယ်။

၁၂၊ ၁၃။ ရှောလမုန်နန်းတက်စမှာ ဘယ်ကြီးလေးတဲ့အမှား လုပ်ခဲ့သလဲ။ သူဘယ်လို ဆင်ခြေပေးနိုင်သလဲ။

၁၂ ရှောလမုန်ဘုရင်ဖြစ်လာတဲ့အခါ အခြေအနေက ပိုဆိုးလာတယ်။ ရှောလမုန်ဟာ ‘အဲဂုတ္တုဖာရောဘုရင်နဲ့ မိတ်ဆွေဖွဲ့၊ သမီးတော်နှင့်စုံဖက်ပြီး ဒါဝိဒ်မြို့မှာ နေရာပေး’ ခဲ့တယ်။ (၃ ရာ. ၃:၁) ဒီအီဂျစ်အမျိုးသမီးက ရုသလို ယေဟောဝါကို ဝတ်ပြုသူဖြစ်လာခဲ့သလား။ အဲဒီလိုဖြစ်လာတယ်လို့ ကျမ်းစာမှာ မဖော်ပြထားဘူး။ အဲဒီအစား ရှောလမုန်က အီဂျစ်မင်းသမီးနဲ့ အီဂျစ်လူမျိုးအစေခံမလေးတွေဖြစ်နိုင်တဲ့သူတွေအတွက် ဒါဝိဒ်မြို့ပြင်မှာ နန်းတော်တစ်ဆောင် ဆောက်ပေးခဲ့တယ်။ အကြောင်းကတော့ အယူမှားဝတ်ပြုသူတစ်ဦးဟာ ပဋိညာဉ်သေတ္တာထားရာအရပ်မှာ မနေသင့်တဲ့အတွက်ကြောင့်လို့ ကျမ်းစာမှာဖော်ပြထားတယ်။—၆ ရာ. ၈:၁၁

၁၃ အစ္စရေးလူမျိုးနဲ့ အီဂျစ်လူမျိုး မဟာမိတ်ဖွဲ့ဖို့အတွက် အီဂျစ်မင်းသမီးကို လက်ထပ်ခဲ့တာပါလို့ ရှောလမုန် စဉ်းစားမိနိုင်တယ်၊ ဒါပေမဲ့ ဒီလို အကြောင်းပြလို့ရမလား။ ရှေးကတည်းက ဘုရားသခင်ဟာ အယူမှားခါနနိလူမျိုးအပါအဝင် လူမျိုးတချို့ရဲ့စာရင်းကိုဖော်ပြပြီး သူတို့နဲ့ ထိမ်းမြားပေးစားခြင်းမပြုဖို့ မိန့်မှာခဲ့တယ်။ (ထွ. ၃၄:၁၁-၁၆) အီဂျစ်လူမျိုးက အဲဒီစာရင်းမှာမပါဘူးလို့ ရှောလမုန် ဆင်ခြေပေးခဲ့သလား။ သူ အဲဒီလိုဆင်ခြေပေးခဲ့တယ်ဆိုရင်တောင် ဘုရားသခင်လက်ခံပါ့မလား။ တကယ်တော့ ရှောလမုန်ရဲ့လုပ်ရပ်က မှန်သောဝတ်ပြုရေးကနေ လမ်းလွဲသွားနိုင်တဲ့ အန္တရာယ်နဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ရှင်းလင်းတဲ့ သတိပေးချက်ကို လျစ်လျူရှုခဲ့ခြင်းဖြစ်တယ်။—တရားဟောရာ ၇:၁-၄ ကိုဖတ်ပါ။

၁၄။ ရှောလမုန်ရဲ့ သတိပေးပုံနမူနာကို သတိရမယ်ဆိုရင် ဘာအကျိုးရနိုင်သလဲ။

၁၄ ကျွန်ုပ်တို့က ရှောလမုန်ကို သတိပေးပုံနမူနာအဖြစ် လက်ခံကြမလား။ ညီအစ်မတစ်ဦးက “သခင်၌ရှိသောသူကိုသာ” လက်ထပ်ရမယ်ဆိုတဲ့ ယေဟောဝါရဲ့ပညတ်ကို လျစ်လျူရှုပြီး ဆင်ခြေပေးနိုင်တယ်။ (၁ ကော. ၇:၃၉) ဒါမှမဟုတ် တခြားကိစ္စတွေမှာလည်း ကျွန်ုပ်တို့ ဆင်ခြေတွေပေးမိနိုင်တယ်။ ဥပမာ၊ ကျောင်းစာနဲ့မသက်ဆိုင်တဲ့ အားကစား ဒါမှမဟုတ် အသင်းတစ်ခုခုမှာပါဝင်တာ၊ စာရင်းလိမ်ပြီးအခွန်ဆောင်တာ၊ ကိုယ်အရှက်ရနိုင်တဲ့အကြောင်း မေးမြန်းခံရတဲ့အခါ လိမ်ညာပြောဆိုတာတွေ ဖြစ်နိုင်တယ်။ ရှောလမုန်လိုပဲ ကျွန်ုပ်တို့လည်း ဘုရားသခင့်စကားကိုနားမထောင်ဘဲ ဆင်ခြေပေးတဲ့အန္တရာယ်ထဲ ကျရောက်နိုင်တယ်ဆိုတာကို သတိရဖို့အရေးကြီးတယ်။

၁၅။ ရှောလမုန်အပေါ် ယေဟောဝါ ဘယ်လိုကြင်နာမှုပြခဲ့သလဲ၊ ဒါပေမဲ့ ကျွန်ုပ်တို့ ဘယ်အချက်ကို သတိရသင့်သလဲ။

၁၅ စိတ်ဝင်စားစရာက တိုင်းတစ်ပါးမင်းသမီးတွေနဲ့ ရှောလမုန်လက်ထပ်ထိမ်းမြားခဲ့ပေမဲ့ ဘုရားသခင်က သူတောင်းခဲ့တဲ့ ဉာဏ်ပညာအပြင် စည်းစိမ်ဥစ္စာတွေကိုပါ ပေးခဲ့တယ်။ (၃ ရာ. ၃:၁၀-၁၃) ဘုရားသခင့်ညွှန်ကြားချက်ကို ရှောလမုန်လျစ်လျူရှုခဲ့ပေမဲ့ ယေဟောဝါ သူ့ကို ချက်ချင်းနန်းချလိုက်တယ် ဒါမှမဟုတ် သူ့ကို ပြင်းပြင်းထန်ထန် ဆုံးမခဲ့တယ်လို့ ကျမ်းစာမှာ မဖော်ပြထားဘူး။ ကျွန်ုပ်တို့ဟာ မြေမှုန့်နဲ့ပြုလုပ်ထားတဲ့ မစုံလင်သူတွေဖြစ်တယ်ဆိုတာ ယေဟောဝါသိတဲ့အကြောင်း ဒီအချက်က ဖော်ပြတယ်။ (ဆာ. ၁၀၃:၁၀၊ ၁၃၊ ၁၄) ဒါပေမဲ့ ကျွန်ုပ်တို့လုပ်ရပ်ရဲ့ အကျိုးဆက်ကို အခု ဒါမှမဟုတ် နောင်တစ်ချိန်ချိန်မှာ ပြန်ခံစားရနိုင်တယ် ဆိုတဲ့အချက်ကို သတိရပါ။

များလိုက်တဲ့မိန်းမ

၁၆။ မိန်းမအများကြီးယူခြင်းအားဖြင့် ရှောလမုန် ဘယ်ပညတ်ကို လျစ်လျူရှုခဲ့သလဲ။

၁၆ ရှောလမုန်သီချင်းမှာ ရှောလမုန်ဘုရင်က မိဖုရား ၆၀၊ မောင်းမမိဿံ ၈၀ ထက်သာတယ်ဆိုပြီး အပျိုစင်တစ်ဦးရဲ့အလှကို ချီးမွမ်းဖွဲ့ဆိုထားတယ်။ (သီချင်း. ၆:၁၈-၁၀) ဒီအရေအတွက်က အဲဒီအချိန်တုန်းက သူ့မှာရှိခဲ့တဲ့ မိန်းမအရေအတွက် ဖြစ်နိုင်တယ်။ သူတို့ထဲက အများစု ဒါမှမဟုတ် အားလုံးက စစ်မှန်တဲ့ဘုရားသခင်ကိုဝတ်ပြုသူတွေ ဖြစ်တယ်ဆိုရင်တောင် ဒါက ဘုရားသခင့်ပညတ်ကို ချိုးဖောက်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ဟာ မောရှေကတစ်ဆင့် အစ္စရေးဘုရင်တွေကို ဒီလိုမိန့်မှာခဲ့တယ်– “စိတ်နှလုံး လမ်းလွဲမသွားစေဖို့ မိန်းမအများကြီး မယူရဘူး။” (တရား. ၁၇:၁၇ကဘ) ဒါပေမဲ့ ဒီနေရာမှာလည်း ရှောလမုန်ကို ယေဟောဝါ မပစ်ပယ်ခဲ့ဘူး။ ဘုရားသခင်က ရှောလမုန်ကို ကောင်းချီးပေးနေဆဲဖြစ်ပြီး ရှောလမုန်သီချင်းကျမ်းစောင်ကို ရေးဖို့တောင် အသုံးပြုခဲ့တယ်။

၁၇။ ဘယ်အဖြစ်မှန်ကို ကျွန်ုပ်တို့ မမေ့သင့်သလဲ။

၁၇ ဒီအချက်က ရှောလမုန်ဟာ ဘုရားသခင့်လမ်းညွှန်ချက်တွေကို လျစ်လျူရှုခဲ့ပေမဲ့ ပြစ်ဒဏ်မခံရတော့ဘူး ဒါမှမဟုတ် ကျွန်ုပ်တို့လည်း ဘုရားသခင့်စကားနားမထောင်ပေမဲ့ အပြစ်မခံရဘူးဆိုတဲ့ အဓိပ္ပာယ်လား။ မဟုတ်ဘူး။ ဘုရားသခင်ဟာ အချိန်အတိုင်းအတာတစ်ခုအထိ သည်းခံတယ်ဆိုတာ ဖော်ပြခြင်းဖြစ်တယ်။ ဘုရားသခင့်ကျေးကျွန်တစ်ဦးက ကိုယ်တော့်လမ်းညွှန်ချက်ကို လျစ်လျူရှုပြီး ချက်ချင်း ဆိုးကျိုးမခံစားရတဲ့အတွက် သူဘယ်တော့မှ ဆိုးကျိုးမခံစားရတော့ဘူးလို့ မဆိုလိုဘူး။ ရှောလမုန်ရေးခဲ့တာကို သတိရပါ– “မကောင်းတဲ့လုပ်ရပ်ကို ချက်ချင်းပြစ်ဒဏ်မပေးတဲ့အတွက် လူသားတွေရဲ့စိတ်နှလုံးက မကောင်းတာလုပ်ဖို့ ပိုပြီး စိတ်ပိုင်းဖြတ်လာကြတယ်။” “စစ်မှန်တဲ့ဘုရားသခင်ကိုကြောက်ရွံ့သူတွေက ကိုယ်တော့်ကိုကြောက်ရွံ့တဲ့အတွက် ကောင်းစားလိမ့်မယ်ဆိုတာကိုလည်း ငါသိတယ်” လို့လည်း သူဆက်ပြောခဲ့တယ်။—ဒေ. ၈:၁၁၊ ၁၂ကဘ။

၁၈။ ဂလာတိ ၆:၇ မှာပါတဲ့အချက်မှန်ကန်ကြောင်း ရှောလမုန်ရဲ့နမူနာက ဘယ်လိုဖော်ပြသလဲ။

၁၈ ဝမ်းနည်းစရာက ဒီအမှန်တရားကို ရှောလမုန် သတိမပြုမိခဲ့ဘူး။ သူ ကောင်းမှုတွေအများကြီးလုပ်ခဲ့ပြီး ယေဟောဝါထံက ကောင်းချီးများစွာ ခံစားခဲ့ရတယ်။ ဒါပေမဲ့ အချိန်ကုန်လွန်လာတာနဲ့အမျှ သူဟာ အမှားတစ်ခုပြီးတစ်ခုကျူးလွန်ပြီး ယေဟောဝါရဲ့ပညတ်တော်တွေကို မနာခံတဲ့ အကျင့်ဆိုးရသွားခဲ့တယ်။ ဒါက တမန်တော်ပေါလု ရေးခဲ့အတိုင်းဖြစ်တယ်– “လှည့်ဖြားခြင်းကို မခံကြနှင့်။ ဘုရားသခင်သည် ပြက်ရယ်ပြုခြင်းကို ခံတော်မူသည်မဟုတ်။ အကြောင်းမူကား လူသည် မျိုးစေ့ကြဲသည့်အတိုင်းပင် ရိတ်သိမ်းရလိမ့်မည်။” (ဂလ. ၆:၇) ရှောလမုန်ရဲ့နောက်ပိုင်းအသက်တာမှာ ဘုရားသခင်ကိုမနာခံခဲ့တဲ့ ဝမ်းနည်းဖွယ်အကျိုးဆက်တွေကို ခံစားခဲ့ရတယ်။ ကျမ်းစာက ဒီလိုပြောတယ်– ‘ရှောလမုန်မင်းကြီးသည် ဖာရောဘုရင်၏သမီးမှတစ်ပါး အစ္စရေးအမျိုးသားမဟုတ်သော မောဘအမျိုး၊ အမ္မုန်အမျိုး၊ ဧဒုံအမျိုး၊ ဇိဒုန်အမျိုး၊ ဟိတ္တိအမျိုးသားမိန်းမအများတို့ကို ချစ်တတ်၏။’ (၃ ရာ. ၁၁:၁) ဒီအမျိုးသမီးတွေထဲက အများစုဟာ သူတို့ရဲ့အယူမှားဝတ်ပြုရေးကို ဆက်ကိုးကွယ်ခဲ့ကြဖွယ်ရှိပြီး ရှောလမုန်ရဲ့စိတ်နှလုံးကိုလည်း လမ်းလွဲစေခဲ့ကြတယ်။ သူ ဘုရားသခင်နဲ့ ဝေးကွာသွားပြီး စိတ်ရှည်တဲ့ဘုရားသခင်ရဲ့ မျက်နှာသာကို ဆုံးရှုံးခဲ့ရတယ်။—၃ ရာ. ၁၁:၄-၈ ကိုဖတ်ပါ။

ရှောလမုန်ထံက သင်ခန်းစာယူပါ

၁၉။ သမ္မာကျမ်းစာမှာ ဘယ်စံနမူနာကောင်းတွေ ပါသလဲ။

၁၉ ယေဟောဝါက ပေါလုကို ဒီလိုရေးဖို့ စွမ်းအားတော်နဲ့တိုက်တွန်းခဲ့တယ်– “ကျမ်းစာတွင် ရေးထားနှင့်သမျှသည် ငါတို့ကို ဆုံးမသွန်သင်ရန်ဖြစ်၏။ ငါတို့သည် ကျမ်းစာမှရရှိသော ခံနိုင်ရည်၊ နှစ်သိမ့်ခြင်းတို့အားဖြင့် မျှော်လင့်ခွင့်ရရှိစေရန် ထိုသို့ရေးထားရခြင်းဖြစ်၏။” (ရော. ၁၅:၄) ဒီရေးထားသမျှထဲမှာ တည်ကြည်တဲ့ အမျိုးသားအမျိုးသမီးတွေရဲ့ စံနမူနာကောင်းတွေပါတယ်။ ပေါလုဒီလိုပြောခဲ့တယ်– “ငါသည် အဘယ်အရာ ထပ်ပြောစရာရှိသေးသနည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလနှင့် အခြားပရောဖက်တို့အကြောင်းကို ဆက်ပြောရလျှင် ငါ့အတွက် အချိန်လောက်မည်မဟုတ်။ သူတို့သည် ယုံကြည်ခြင်းအားဖြင့် တိုင်းနိုင်ငံများကို တိုက်ခိုက်အနိုင်ယူ၏၊ ဖြောင့်မတ်ခြင်းတရားကို ကျင့်သုံး၏၊ ကတိတော်များကို ရရှိ၏၊ ခြင်္သေ့နှုတ်ကို ပိတ်၏။ မီးအရှိန်ကို ငြိမ်းစေ၏၊ ဓားဘေးမှလွတ်မြောက်၏၊ အားနည်းရာမှ အားကြီးလာ၏။” (ဟေဗြဲ ၁၁:၃၂-၃၄) ကျွန်ုပ်တို့က သမ္မာကျမ်းစာမှာပါတဲ့ စံနမူနာကောင်းတွေကို လေ့လာပြီး တုပသင့်တယ်။

၂၀၊ ၂၁။ သမ္မာကျမ်းစာမှာပါတဲ့ သတိပေးပုံနမူနာတွေကနေ အကျိုးရရှိဖို့ သင်ဘာကြောင့် ဆုံးဖြတ်ထားသလဲ။

၂၀ ဒါပေမဲ့ တချို့ကျမ်းစာနမူနာတွေက ကျွန်ုပ်တို့အတွက် သတိပေးချက်ဖြစ်တယ်။ သူတို့ထဲက အမျိုးသားအမျိုးသမီးတချို့ဟာ တစ်ချိန်တုန်းက ဘုရားသခင်ကိုဝတ်ပြုပြီး ကိုယ်တော့်မျက်နှာသာ ရဖူးသူတွေဖြစ်တယ်။ ကျွန်ုပ်တို့ကျမ်းစာဖတ်တဲ့အခါ သူတို့တွေ ဘယ်လိုအခြေအနေမှာ ဘာအမှားလုပ်ခဲ့တယ်ဆိုတာလေ့လာနိုင်တယ်၊ ဒါမှ သူတို့လိုအမှားမျိုး ကျွန်ုပ်တို့ မလုပ်မိမှာဖြစ်တယ်။ တချို့သူတွေက တဖြည်းဖြည်းနဲ့ မှားယွင်းတဲ့သဘောထားတွေဝင်လာပြီး ဆိုးကျိုးတွေခံစားရစေတဲ့ ဆုံးဖြတ်ချက်တွေချခဲ့ကြတယ်ဆိုတာ ကျွန်ုပ်တို့သိရတယ်။ ဒီနမူနာတွေကနေသင်ယူဖို့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးခွန်းတွေမေးနိုင်တယ်– ‘ဒီလူ ဘာကြောင့် ဒီမှားယွင်းတဲ့အတွေးမျိုး စတွေးတာလဲ။ ငါကော ဒီလိုဖြစ်နေသလား။ ဒီလိုအမှားမျိုးကို ငါမကျူးလွန်မိဖို့ ဒီပုံနမူနာကနေ ဘာသင်ယူနိုင်သလဲ။’

၂၁ ဒီနမူနာတွေကို ကျွန်ုပ်တို့ အလေးအနက်ထား လေ့လာသင့်တယ်။ အကြောင်းကတော့ “ထိုအကြောင်းအရာများသည် ပုံနမူနာအဖြစ် ထိုသူတို့၌ ဖြစ်ပျက်၏။ ခေတ်စနစ်များအဆုံးတွင်ရှိသော ငါတို့ကို သတိပေးရန် ကျမ်းစာ၌ ရေးထား၏” လို့ ပေါလုပြောခဲ့လို့ပဲ။—၁ ကော. ၁၀:၁၁

သင် ဘာသင်ယူခဲ့သလဲ

• သမ္မာကျမ်းစာထဲမှာ ကောင်းတဲ့ပုံနမူနာရော၊ သတိပေး ပုံနမူနာပါ ဘာကြောင့်ပါရှိသလဲ။

• ရှောလမုန် ဘာကြောင့် အမှားတစ်ခုပြီးတစ်ခု ကျူးလွန်ခဲ့သလဲ။

• ရှောလမုန်ရဲ့အမှားကနေ သင် ဘာသင်ယူနိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၉ ပါရုပ်ပုံ]

ဘုရားသခင်ပေးတဲ့ဉာဏ်ပညာကို ရှောလမုန်ကျင့်သုံးခဲ့

[စာမျက်နှာ ၁၂ ပါရုပ်ပုံ]

ရှောလမုန်ရဲ့သတိပေးပုံနမူနာကနေ သင်အကျိုးခံစားနေရသလား