ခရစ်ယာန်စစ်များ သမ္မာကျမ်းစာကို လေးမြတ်တန်ဖိုးထားကြ
“ကိုယ်တော်၏တရားစကားတော်သည် အမှန်တရားဖြစ်ပါ၏။”—ယော. ၁၇:၁၇။
၁။ ယေဟောဝါသက်သေတွေနဲ့ ဦးဆုံးအကြိမ်စကားပြောတဲ့အခါ သင်သတိပြုမိတဲ့ ထူးခြားတဲ့အချက်တစ်ချက်က ဘာလဲ။
ယေဟောဝါသက်သေတစ်ယောက်နဲ့ သင် ဦးဆုံးအကြိမ် စကားပြောခဲ့ချိန်ကို ပြန်စဉ်းစားကြည့်ပါ။ ဘာမှတ်မိသလဲ။ မေးခွန်းအားလုံးကို ကျမ်းစာသုံးပြီး ပြန်ဖြေတာကို မှတ်မိတယ်လို့ အများစုက ဖြေကြပါလိမ့်မယ်။ ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်၊ လူသေတွေရဲ့အခြေအနေ၊ ချစ်မြတ်နိုးရတဲ့ကွယ်လွန်သွားသူတွေအတွက် မျှော်လင့်ချက် စတာတွေကို သိလာတဲ့အခါ ကျွန်ုပ်တို့ အရမ်းဝမ်းသာခဲ့ကြတယ်။
၂။ သမ္မာကျမ်းစာကို သင် တန်ဖိုးထားရတဲ့အကြောင်းရင်းတချို့က ဘာလဲ။
၂ ကျမ်းစာကိုဆက်လေ့လာတာနဲ့အမျှ ဘဝ၊ သေခြင်း၊ အနာဂတ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေကို သိရှိရုံသာမကဘူး၊ ကျမ်းစာကနေ အများကြီးသင်ယူနိုင်တယ်ဆိုတာ သိလာခဲ့ကြတယ်။ သမ္မာကျမ်းစာက ကမ္ဘာပေါ်မှာ အကျိုးအပြုဆုံးစာအုပ်ဖြစ်တဲ့အတွက် အဲဒါကို ကျွန်ုပ်တို့ တန်ဖိုးထားကြတယ်။ ကျမ်းစာအကြံပြုချက်တွေက လူတွေကို အမြဲအကျိုးပြုတယ်။ ကျမ်းစာအတိုင်းလိုက်လျှောက်သူတွေက ဘဝမှာ ပျော်ရွှင်၊ အောင်မြင်ကြတယ်။ (ဆာလံ ၁:၁-၃ ကိုဖတ်ပါ။) ခရစ်ယာန်စစ်တွေက သမ္မာကျမ်းစာကို “လူ၏စကားကဲ့သို့မခံယူဘဲ ဘုရားသခင်၏တရားစကားတော်ဖြစ်သည်ဟု အဖြစ်မှန်အတိုင်း” အမြဲခံယူခဲ့ကြတယ်။ (၁ သက်. ၂:၁၃) သမ္မာကျမ်းစာကိုအသုံးပြုခဲ့ကြတဲ့ ဒါမှမဟုတ် လျစ်လျူရှုခဲ့ကြတဲ့ အတိတ်ကလူတွေအကြောင်း အကျဉ်းချုပ်သုံးသပ်ကြည့်တဲ့အခါ သမ္မာကျမ်းစာကို တကယ်လေးစားသူတွေနဲ့ မလေးစားသူတွေရဲ့ ကွာခြားချက်ကို တွေ့ရပါလိမ့်မယ်။
ခက်ခဲတဲ့ပြဿနာတစ်ခုကို ဖြေရှင်းခဲ့
၃။ ခရစ်ယာန်အသင်းတော်ရဲ့စည်းလုံးမှုကို ပြိုပျက်စေနိုင်တဲ့ ဘယ်ပြဿနာပေါ်လာသလဲ။ ဒီပြဿနာက ဘာကြောင့် ဖြေရှင်းဖို့ခက်ခဲတာလဲ။
၃ အရေဖျားမလှီးတဲ့လူမျိုးခြားတွေထဲမှာ ကောင်းကင်အတန်းအစားအဖြစ် ဦးဆုံး ရွေးချယ်ခံခဲ့ရသူက ကော်နေလိဖြစ်တယ်၊ သူ့ကိုရွေးပြီးနောက် ၁၃ နှစ်အတွင်းမှာ လူမျိုးခြားများစွာဟာ ခရစ်ယာန်ဖြစ်လာခဲ့ကြတယ်။ ဒီအတောအတွင်း ခရစ်ယာန်အသင်းတော်စည်းလုံးမှုကို ပြိုပျက်စေနိုင်တဲ့ ပြဿနာတစ်ခုပေါ်လာခဲ့တယ်။ လူမျိုးခြားအမျိုးသားတွေဟာ နှစ်ခြင်းမခံခင် ဂျူးထုံးစံအရ အရေဖျားလှီးဖို့လိုသလား။ ဒီမေးခွန်းက ဂျူးလူမျိုးတစ်ယောက်အဖို့ ဖြေရခက်တဲ့ဂလ. ၂:၁၁-၁၄။
မေးခွန်းဖြစ်တယ်။ ပညတ်တရားအတိုင်းလိုက်လျှောက်တဲ့ ဂျူးတွေက လူမျိုးခြားတွေရဲ့အိမ်ထဲ မဝင်ကြဘူး။ သူတို့ရဲ့အိမ်ထဲကိုတောင်မဝင်ဘူးဆိုရင် သူတို့ကို ညီအစ်ကိုလို ဘယ်တော့မှဆက်ဆံမှာမဟုတ်ဘူးဆိုတာ သေချာတယ်။ ဂျူးခရစ်ယာန်တွေက ဂျူးဘာသာကိုစွန့်ခဲ့တဲ့အတွက် အပြင်းအထန်နှိပ်စက်ညှဉ်းပန်း ခံနေကြရတယ်။ အခု သူတို့က အရေဖျားမလှီးတဲ့လူမျိုးခြားတွေကို ညီအစ်ကိုလိုဆက်ဆံမယ်ဆိုရင် ခရစ်ယာန်တွေ ပိုပြီးနှိပ်စက်ညှဉ်းပန်းခံရတော့မယ်။ ဒါက ခရစ်ယာန်တွေနဲ့ ဂျူးဘာသာဝင်တွေကြားမှာရှိတဲ့ အခြေအနေကို ပိုပြီး ဆိုးဝါးစေမှာဖြစ်တယ်။—၄။ ပြဿနာကိုဖြေရှင်းဖို့ ဘယ်သူတွေ စုဝေးခဲ့ကြသလဲ။ ဒါနဲ့ပတ်သက်ပြီး ဘယ်မေးခွန်းတွေပေါ်လာနိုင်သလဲ။
၄ စီအီး ၄၉ မှာ အရေဖျားလှီးတဲ့ဂျူးတွေဖြစ်တဲ့ တမန်တော်တွေ၊ ဂျေရုဆလင်မြို့က အသက်ကြီးသူတွေဟာ အဲဒီ “အမှုကိုသုံးသပ်ရန် စုဝေး” ခဲ့ကြတယ်။ (တ. ၁၅:၆) သူတို့ရဲ့အစည်းအဝေးက အရေးမပါတာတွေကို ပုံကြီးချဲ့ပြီး အချေအတင်ငြင်းခုံကြတဲ့ ချာ့ခ်ျခေါင်းဆောင်တွေလုပ်တဲ့ အစည်းအဝေးတွေလိုမဟုတ်ဘူး၊ သမ္မာကျမ်းစာသွန်သင်ချက်ကို အားတက်သရောဆွေးနွေးတဲ့ အစည်းအဝေးဖြစ်တယ်။ ယောက်တိုင်းက သူတို့ရဲ့သဘောထားတွေကို ပါဝင်ပြောဆိုဆွေးနွေးကြတယ်။ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။ တစ်ယောက်ယောက်ရဲ့အကြိုက်ကိုလိုက်ပြီး ဆုံးဖြတ်မလား၊ ဒါမှမဟုတ် ဘက်လိုက်ပြီး ဆုံးဖြတ်ကြမလား။ တာဝန်ရှိအသက်ကြီးသူတွေက အစ္စရေးနယ်မှာ ခရစ်ယာန်တွေရဲ့အခြေအနေ တိုးတက်ကောင်းမွန်တဲ့အထိစောင့်ပြီးမှ ဆုံးဖြတ်ချက်ချမှာလား။ ဒါမှမဟုတ် အပြီးသတ်ဆုံးဖြတ်ချက်ချနိုင်ဖို့ သူတို့ကိုယ်တိုင် တကယ်လက်မခံနိုင်တဲ့အချက်ကို သဘောတူလိုက်ရမှာလား။
၅။ စီအီး ၄၉၊ ဂျေရုဆလင်မှာကျင်းပတဲ့ အစည်းအဝေးက ချာ့ခ်ျခေါင်းဆောင်တွေကျင်းပတဲ့ အစည်းအဝေးနဲ့ ဘယ်လိုကွာခြားသလဲ။
၅ ချာ့ခ်ျခေါင်းဆောင်တွေကျင်းပတဲ့ အစည်းအဝေးတွေမှာ များသောအားဖြင့် အပြီးသတ်ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် သူတို့ကိုယ်တိုင် တကယ်သဘောမတူတာကို လက်ခံလိုက်တာမျိုးက ဖြစ်နေကျပဲ။ တချို့ခေါင်းဆောင်တွေက သူတို့ရဲ့အယူအဆတွေကိုထောက်ခံဖို့ တခြားသူတွေကို စည်းရုံးတာမျိုး လုပ်လေ့ရှိတယ်။ ဒါပေမဲ့ ဂျေရုဆလင်မှာပြုလုပ်ခဲ့တဲ့ အစည်းအဝေးကတော့ အဲဒီလိုမဟုတ်ဘူး။ အစည်းအဝေးတက်ရောက်သူအားလုံး တညီတညွတ်တည်း သဘောတူတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့ကြတယ်။ ဘယ်လိုလုပ်ပြီး ဆုံးဖြတ်နိုင်ခဲ့တာလဲ။ သူတို့ရဲ့သဘောထားတွေက မတူညီကြပေမဲ့ အားလုံးက ဘုရားသခင့်တရားစကားတော်ကို လေးမြတ်တန်ဖိုးထားခဲ့ကြပြီး ပြဿနာဖြေရှင်းရာမှာ သမ္မာကျမ်းစာကို သုံးခဲ့ကြလို့ပဲ။—ဆာလံ ၁၁၉:၉၇-၁၀၁ ကိုဖတ်ပါ။
၆၊ ၇။ တမန်တော်တွေနဲ့ အသက်ကြီးသူတွေက အရေဖျားလှီးခြင်းပြဿနာကို ကျမ်းစာသုံးပြီး ဘယ်လိုဖြေရှင်းခဲ့ကြသလဲ။
၆ ပြဿနာဖြေရှင်းရာမှာ အထောက်အကူပြုခဲ့တဲ့အချက်က အာမုတ် ၉:၁၁၊ ၁၂ မှာ ပါတဲ့စကားတွေဖြစ်တယ်။ အဲဒီစကားတွေကို တမန်တော် ၁၅:၁၆၊ ၁၇ မှာ ဒီလိုကိုးကားဖော်ပြထားတယ်– ‘ငါပြန်လာ၍ ပြိုလဲလျက်ရှိသော ဒါဝိဒ်၏တဲကို ပြန်တည်ဆောက်မည်။ ထိုတဲ၏ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင် ပြန်လည်တည့်မတ်စေမည်။ ငါ၏နာမဖြင့်သမုတ်သော လူမျိုးခြားအပေါင်းနှင့်အတူ ကျန်ကြွင်းသောသူတို့သည် ယေဟောဝါဘုရားသခင်ကို အားထုတ်ရှာဖွေမည့်အကြောင်းဖြစ်၏ဟု ဤအမှုကို စီရင်တော်မူသော ယေဟောဝါ မိန့်တော်မူ၏။’
၇ ဒါပေမဲ့ ဒီကျမ်းချက်က ခရစ်ယာန်ဖြစ်လာတဲ့လူမျိုးခြားတွေ အရေဖျားလှီးဖို့မလိုဘူးဆိုတဲ့အချက်ကို မဖော်ပြဘူးလို့ တချို့သူတွေ ပြောကောင်းပြောပါလိမ့်မယ်။ ဒီလိုပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ဂျူးခရစ်ယာန်တွေက ဒီကျမ်းချက်ကို နားလည်ခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ ဂျူးခရစ်ယာန်တွေက အရေဖျားလှီးတဲ့လူမျိုးခြားတွေကို ‘လူမျိုးခြား’ အနေနဲ့မဟုတ်ဘဲ ညီအစ်ကိုတွေအဖြစ် လက်ခံကြတယ်။ (ထွ. ၁၂:၄၈၊ ၄၉) ဥပမာ၊ ဘာ့ဂ်စတားရဲ့ စက်ပ်တွားဂျင့်ဘာသာပြန်ကျမ်းမှာ ဧသတာ ၈:၁၇ ကို ဒီလိုပြန်ဆိုထားတယ်– “လူမျိုးခြားများစွာက အရေဖျားလှီးခြင်းကိုခံပြီး ဂျူးတွေဖြစ်လာကြတယ်။” ဒါကြောင့် ကျန်ကြွင်းသောသူတို့ (ဂျူးတွေနဲ့ အရေဖျားလှီးတဲ့ ဂျူးဘာသာပြောင်းဝင်လာသူတွေ) က “လူမျိုးခြားအပေါင်း” (အရေဖျားမလှီးတဲ့လူမျိုးခြားတွေ) နဲ့အတူ ဘုရားသခင့်နာမနဲ့သမုတ်တဲ့ လူမျိုးတစ်မျိုးဖြစ်လာမယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ ကျမ်းစာအဖြေက ရှင်းပါတယ်။ ခရစ်ယာန်ဖြစ်လိုတဲ့လူမျိုးခြားတွေက အရေဖျားလှီးဖို့မလိုဘူး။
၈။ ဂျူးခရစ်ယာန်တွေ ဆုံးဖြတ်ချက်အတိုင်းလုပ်ဆောင်ဖို့ ဘာကြောင့် သတ္တိရှိဖို့လိုသလဲ။
၈ ဆုံးဖြတ်ချက်ကိုလက်ခံဖို့ ဘုရားသခင့်တရားစကားတော်နဲ့ ကိုယ်တော့်စွမ်းအားတော်က စိတ်ရိုးမှန်တဲ့ခရစ်ယာန်တွေကို ကူညီပေးခဲ့တယ်။ (တ. ၁၅:၂၅) ဒီဆုံးဖြတ်ချက်ကြောင့် ဂျူးခရစ်ယာန်တွေ ပိုပြီးနှိပ်စက်ညှဉ်းပန်းခံရနိုင်ဖွယ်ရှိပေမဲ့ ကျမ်းစာအခြေပြုတဲ့ ဆုံးဖြတ်ချက်အတိုင်း တည်ကြည်စွာ သတ္တိရှိရှိလုပ်ဆောင်ခဲ့ကြတယ်။—တ. ၁၆:၄၊ ၅။
ကွာခြားချက် သိသာထင်ရှားလာ
၉။ စစ်မှန်တဲ့ဝတ်ပြုရေးမှာ အယူမှားသွန်သင်ချက်တွေဝင်လာရတဲ့ အရေးကြီးတဲ့အကြောင်းရင်းတစ်ခုက ဘာလဲ။ ဘယ်အရေးကြီးတဲ့ ခရစ်ယာန်သွန်သင်ချက် လွဲမှားသွားခဲ့သလဲ။
၉ တမန်တော်တွေသေဆုံးပြီးနောက် စစ်မှန်တဲ့ဝတ်ပြုရေးမှာ မှားယွင်းတဲ့သွန်သင်ချက်တွေ ဝင်လာမယ်လို့ တမန်တော်ပေါလု ကြိုဟောခဲ့တယ်။ (၂ သက်သာလောနိတ် ၂:၃၊ ၇ ကိုဖတ်ပါ။) အသင်းတော်မှာ တာဝန်ရှိအနေအထားရှိသူတချို့ကတောင် စစ်မှန်တဲ့သွန်သင်ချက်တွေကို ငြင်းပယ်ကြမယ်။ (၂ တိ. ၄:၃) သူ့အချိန်မှာရှိတဲ့ အကြီးအကဲတွေကို ပေါလု ဒီလိုသတိပေးခဲ့တယ်– ‘တပည့်တို့ကို မိမိတို့နောက် ဆွဲဆောင်ရန် မှားယွင်းသောသွန်သင်ချက်များကို ဟောပြောသူများလည်း သင်တို့အထဲမှ ပေါ်လာလိမ့်မည်။” (တ. ၂၀:၃၀) မှားယွင်းတဲ့သွန်သင်ချက်တွေကို လက်ခံတဲ့အဓိကအကြောင်းရင်းတစ်ခုကို ဗြိတိန်နီကာစွယ်စုံကျမ်းသစ်မှာ ဖော်ပြထားတယ်။ ဂရိအတွေးအခေါ်တွေကို လေ့လာသင်ယူနေတဲ့ ခရစ်ယာန်တချို့က ခရစ်ယာန်ယုံကြည်ချက်တွေကို အဲဒီအတွေးအခေါ်တွေသုံးပြီး ရှင်းပြလာကြတယ်။ သူတို့ရဲ့အသိပညာအတွက် သူတို့ဂုဏ်ယူကြပြီး ဒီလိုလုပ်တာက ပညာတတ်အယူမှားဝတ်ပြုသူတွေ ခရစ်ယာန်ဖြစ်လာအောင် ကူညီပေးရာရောက်တယ်လို့ သူတို့ယူမှတ်ခဲ့ကြတယ်။ မှားယွင်းတဲ့အယူအဆကြောင့် လွဲမှားသွားတဲ့ အရေးကြီးတဲ့ခရစ်ယာန်ယုံကြည်ချက်တစ်ခုကို ဥပမာပြရမယ်ဆိုရင် ယေရှုခရစ်နဲ့ပတ်သက်တဲ့ အယူဝါဒ၊ သွန်သင်ချက်ဖြစ်တယ်။ သမ္မာကျမ်းစာက ယေရှုကို ဘုရားသခင့်သားတော်လို့ခေါ်ပေမဲ့ ဂရိအတွေးအခေါ်ပညာကိုနှစ်သက်သူတွေက ယေရှုဟာ ဘုရားသခင်ဖြစ်တယ်လို့ သွန်သင်ကြတယ်။
၁၀။ ယေရှုခရစ် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ပတ်သက်တဲ့ အဖြေကို ချာ့ခ်ျခေါင်းဆောင်တွေ ဘယ်နေရာမှာ ရှာတွေ့နိုင်သလဲ။
၁၀ နောက်ပိုင်း ချာ့ခ်ျခေါင်းဆောင်တွေပြုလုပ်တဲ့ အစည်းအဝေးတွေမှာ ဒီသွန်သင်ချက်နဲ့ပတ်သက်ပြီး အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြတယ်။ ယေရှုခရစ် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ပတ်သက်တဲ့ အဖြေကို ကျမ်းစာမှာ အလွယ်တကူရှာတွေ့နိုင်ပေမဲ့ သူတို့အများစုက ကျမ်းစာဖော်ပြချက်ကို အလေးမထားခဲ့ကြဘူး။ တကယ်ဆိုရင် သူတို့အများစုက အစည်းအဝေးမလုပ်ခင်ကတည်းက ဆုံးဖြတ်ချက်ချပြီးသားဖြစ်တယ်၊ သူတို့ရဲ့သဘောထားကို ဘယ်အရာကမှ မပြောင်းလဲနိုင်ခဲ့ဘူး။ ဒီအစည်းအဝေးတွေမှာချတဲ့ ဆုံးဖြတ်ချက်တွေက သမ္မာကျမ်းစာကိုအခြေခံတယ်ဆိုတာ မရှိသလောက်ပဲ။
၁၁။ ချာ့ခ်ျခေါင်းဆောင်တွေက ဘယ်အရာပေါ်အခြေခံပြီး ဆုံးဖြတ်ချက်ချခဲ့ကြသလဲ။ သူတို့ ဘာကြောင့်ဒီလိုလုပ်တာလဲ။
၁၁ ချာ့ခ်ျခေါင်းဆောင်တွေက ဆုံးဖြတ်ချက်ချတဲ့အခါ သမ္မာကျမ်းစာကို ဘာကြောင့် အသုံးမပြုခဲ့ကြတာလဲ။ ယေရှုက ဘုရားသခင်ဖြစ်တယ်ဆိုတဲ့ သူတို့ရဲ့ယုံကြည်ချက်က သမ္မာကျမ်းစာနဲ့ ဆန့်ကျင်နေတဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုပြီး သမိုင်းပညာရှင် ချားလ် ဖရီးမန်းက ရှင်းပြတယ်။ ဘုရားသခင်က ယေရှုထက်ကြီးမြတ်တယ်ဆိုတာကို ယေရှုရဲ့စကားတွေကိုယ်နှိုက်က ဖော်ပြတယ်။ ယေရှုရဲ့ဒီစကားတွေ မှန်ကန်တယ်ဆိုတာကို ချာ့ခ်ျခေါင်းဆောင်တွေ မငြင်းနိုင်ကြဘူး။ ဒါကြောင့် သူတို့လက်ခံထားတဲ့အယူဝါဒက ကျမ်းစာနဲ့မညီဘူးဆိုတာသိလို့ သူတို့ဆုံးဖြတ်ချက်ချတဲ့အခါ သမ္မာကျမ်းစာအစား ချာ့ခ်ျရဲ့ဓလေ့ထုံးစံတွေ၊ လူတွေရဲ့သဘောထားတွေကို အသုံးပြုကြတယ်။ ဒီနေ့အချိန်မှာတောင် ချာ့ခ်ျဖခင်လို့ သူတို့ခေါ်တဲ့သူတွေရဲ့စကားကို သမ္မာကျမ်းစာထက် ပိုအလေးပေးဖို့လိုတယ်လို့ ချာ့ခ်ျခေါင်းဆောင်တွေ ခံယူထားကြတယ်။ ကျမ်းစာကျောင်းတက်သူနဲ့ သုံးပါးပေါင်းတစ်ဆူအယူအဆကို ဆွေးနွေးဖူးတယ်ဆိုရင် ဒီအချက်ကို သင်တွေ့ရမှာဖြစ်တယ်။
၁၂။ ရောမအုပ်စိုးရှင်က ဘယ်အရာတွေအပေါ် ဩဇာလွှမ်းမိုးခဲ့သလဲ။
၁၂ ချာ့ခ်ျခေါင်းဆောင်တွေပြုလုပ်တဲ့ အစည်းအဝေးတွေမှာ ရောမအုပ်စိုးရှင်တွေရဲ့သြဇာ လွှမ်းမိုးခဲ့တယ်။ ဥပမာ၊ ပါမောက္ခ ရစ်ချက် အီး ရူဘင်စတိန်းက နိုင်စီယာအစည်းအဝေးမှာ ဖြစ်ပျက်ခဲ့ရာတွေအကြောင်း ရေးသားခဲ့တယ်။ အုပ်စိုးရှင်အသစ်ဖြစ်တဲ့ ကွန်စတင်တိုင်းက ခရစ်ယာန်ဂိုဏ်းအုပ်တွေကို စည်းစိမ်ယစ်တဲ့ဘဝနဲ့နေနိုင်အောင် လုပ်ပေးခဲ့တယ်။ သူ့ရဲ့အုပ်ချုပ်မှု တစ်နှစ်တောင်မပြည့်တဲ့အချိန်အတွင်းမှာ သူတို့ဆီက သိမ်းယူထားတဲ့ ချာ့ခ်ျတွေ၊ အလုပ်အကိုင်တွေ၊ ဘွဲ့ထူးဂုဏ်ထူးတွေကို ပြန်ပေးခဲ့တယ်။ ရောမအယူမှားဝတ်ပြုရေးခေါင်းဆောင်တွေကို အရင်ကပေးခဲ့သလို ခရစ်ယာန်ဂိုဏ်းအုပ်တွေကို အထူးအခွင့်အရေးတွေ ပေးခဲ့တယ်။ ဒါကြောင့် ကွန်စတင်တိုင်းဟာ နိုင်စီယာအစည်းအဝေးမှာချမှတ်တဲ့ ဆုံးဖြတ်ချက်တွေအပေါ် ကောင်းကောင်းလွှမ်းမိုးခဲ့ပြီး ဆုံးဖြတ်ချက်တွေကို ပြောင်းလဲနိုင်တဲ့အထိတောင် ဩဇာရှိခဲ့တယ်။ အဲဒီအစည်းအဝေးပြီးနောက် ကွန်စတင်တိုင်းဟာ ချာ့ခ်ျအပေါ် ပိုသြဇာညောင်းလာတယ်လို့ ချားလ် ဖရီးမန်းက ရေးသားခဲ့တယ်။ ကွန်စတင်တိုင်းက ချာ့ခ်ျကို အခွင့်အာဏာပေးပြီး ချာ့ခ်ျသွန်သင်ချက်တွေမှာလည်း ဩဇာလွှမ်းမိုးလာခဲ့တယ်။—ယာကုပ် ၄:၄ ကိုဖတ်ပါ။
၁၃။ ချာ့ခ်ျခေါင်းဆောင်တွေ သမ္မာကျမ်းစာပါ ရှင်းလင်းတဲ့အမှန်တရားကို လက်မခံခဲ့ကြတာ ဘာကြောင့်လဲ။
၁၃ ယေရှုခရစ်က
ဘုရားသခင့်သားတော်ဖြစ်တယ်ဆိုတာကို ချာ့ခ်ျခေါင်းဆောင်တွေ လက်မခံပေမဲ့ သာမန်လူတန်းစားတွေကတော့ လက်ခံခဲ့ကြတယ်။ အကြောင်းကတော့ သာမန်လူတန်းစားတွေဟာ ကျမ်းစာကနေ သူတို့ဖတ်ရှုခဲ့ရာကို ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်ပြီး လက်ခံခဲ့ကြလို့ပဲ။ ဒါပေမဲ့ ချာ့ခ်ျခေါင်းဆောင်တွေကတော့ အုပ်စိုးရှင် သူတို့ကိုပေးမယ့် ငွေနဲ့ အခွင့်အာဏာကို မက်မောတဲ့အတွက် သမ္မာကျမ်းစာကို လျစ်လျူရှုခဲ့ကြတယ်။ အဲဒီအချိန်မှာရှိခဲ့တဲ့ အဝတ်အထည်ရောင်းသူတွေ၊ ငွေလဲလှယ်သူတွေ၊ ကုန်ခြောက်ရောင်းသူတွေ၊ ကျွန်တွေ စတဲ့သာမန်လူတန်းစားတွေ ကျမ်းစာအကြောင်းပြောတာကို နစ်စာမြို့သား ဂရယ်ဂရီက ပြစ်တင်ဝေဖန်ခဲ့တယ်။ ဂရယ်ဂရီဟာ အဲဒီအချိန်တုန်းက ဝတ်ပြုရေးခေါင်းဆောင်တစ်ဦးဖြစ်တယ်။ သားနဲ့ဖခင်က တစ်ဦးတည်းမဟုတ်ဘူး၊ ဖခင်က သားထက်ကြီးမြတ်တယ်၊ သားက ဖန်ဆင်းခံရသူဖြစ်တယ်ဆိုတဲ့ သာမန်လူတွေရဲ့ရှင်းပြချက်တွေကို ဂရယ်ဂရီ မကြိုက်ဘူး။ ဒီအမှန်တရားတွေကို သာမန်လူတန်းစားတွေက သမ္မာကျမ်းစာသုံးပြီး ရှင်းပြနိုင်ခဲ့ကြတယ်။ နစ်စာမြို့သားဂရယ်ဂရီနဲ့ ချာ့ခ်ျခေါင်းဆောင်တွေကတော့ အဲဒီလို မလုပ်ခဲ့ကြဘူး။ သာမန်လူတန်းစားတွေရဲ့စကားကို သူတို့ နားထောင်သင့်တယ်။“စပါးပင်” နဲ့ “ပေါင်းပင်” အတူရှင်သန်ကြီးထွား
၁၄။ ပထမရာစုအချိန်ကစပြီး ကောင်းကင်အတန်းအစားခရစ်ယာန်တချို့ မြေကြီးပေါ်မှာ မပြတ်ရှိနေမယ်ဆိုတာ ဘယ်လိုသိရသလဲ။
၁၄ ယေရှုပြောခဲ့တဲ့ ဥပမာတစ်ခုမှာ ပထမရာစုကစပြီး ကောင်းကင်အတန်းအစားခရစ်ယာန်တွေဟာ မြေကြီးပေါ်မှာ မပြတ်ရှိနေမယ်လို့ ဖော်ပြထားတယ်။ ကိုယ်တော်က သူတို့ကို “ပေါင်းပင်” တွေနဲ့အတူ ရှင်သန်ကြီးထွားနေတဲ့ “စပါးပင်” တွေအဖြစ် နှိုင်းယှဉ်ခဲ့တယ်။ (မ. ၁၃:၃၀) ဘယ်သူတွေ၊ ဘယ်အုပ်စုတွေက ကောင်းကင်အတန်းအစားဖြစ်တယ်ဆိုတာ အတိအကျမသိခဲ့ရဘူး။ ဒါပေမဲ့ ခေတ်ကာလတစ်လျှောက်မှာ သမ္မာကျမ်းစာဘက်ကနေ သတ္တိရှိရှိ ခုခံကာကွယ်ခဲ့သူတွေ၊ ချာ့ခ်ျရဲ့ အယူမှားသွန်သင်ချက်တွေကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်ပြောဆိုသူတချို့ အမြဲရှိခဲ့တယ်ဆိုတာကိုတော့ သိထားကြတယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ကြစို့။
၁၅၊ ၁၆။ သမ္မာကျမ်းစာဘက်ကနေ ခုခံကာကွယ်ခဲ့သူတွေထဲက တချို့က ဘယ်သူတွေလဲ။
၁၅ ပြင်သစ်နိုင်ငံ၊ လီယွန်မြို့သား ခရစ်ယာန်ဂိုဏ်းချုပ်ဘုန်းတော်ကြီး အဂိုဘာ့ဒ်က စီအီး ၇၇၉-၈၄၀ အတွင်း အသက်ရှင်ခဲ့သူဖြစ်တယ်၊ သူက ဝတ်ပြုရေးမှာ အရုပ်သုံးတာ၊ ချာ့ခ်ျက သူတော်စင်တွေကို အလွန်အမင်းအလေးအမြတ်ထားတာ၊ ချာ့ခ်ျဓလေ့ထုံးစံတွေနဲ့ ဝတ်ပြုပုံဝတ်ပြုနည်း စတာတွေကို ဆန့်ကျင်ပြောဆိုခဲ့တယ်။ ဂိုဏ်းချုပ် အဂိုဘာ့ဒ်နဲ့ တစ်ခေတ်တည်းသားဖြစ်တဲ့ ဂိုဏ်းအုပ် ကလောဒီးယပ်စ်ကလည်း ချာ့ခ်ျဓလေ့ထုံးစံတွေကို ငြင်းပယ်ပြီး သူတော်စင်တွေထံ ဆုတောင်းတာနဲ့ အရာဝတ္ထုတွေကိုဝတ်ပြုတာကို လက်မခံခဲ့ဘူး။ ၁၁ ရာစုမှာ ပြင်သစ်နိုင်ငံ ထိုးရ်မြို့က ဂိုဏ်းထောက် ဘီရန်ဂေရီယပ်စ်ဟာ ပွဲတော်မုန့်နဲ့စပျစ်ရည်က ခရစ်တော်ရဲ့ ပကတိအသွေးအသားအဖြစ် ပြောင်းလဲသွားတယ်ဆိုတဲ့ သွန်သင်ချက်ကို ဆန့်ကျင်ပြောဆိုခဲ့လို့ ချာ့ခ်ျကနေ နှင်ထုတ်ခံခဲ့ရတယ်။ ဒါ့အပြင် ချာ့ခ်ျရဲ့ ဓလေ့ထုံးစံတွေအစား သမ္မာကျမ်းစာအတိုင်း လုပ်ဆောင်သင့်တယ်လို့ သူသွန်သင်ခဲ့တယ်။
၁၆ ဘရိုင်မြို့က ပီတာနဲ့ လောင်စန်းမြို့က ဟင်နရီတို့ဟာ ၁၂ ရာစုမှာ အသက်ရှင်ခဲ့ကြပြီး သမ္မာကျမ်းစာအမှန်တရားကို ချစ်မြတ်နိုးသူတွေဖြစ်တယ်။ ဘရိုင်မြို့က ပီတာဟာ ခရစ်ယာန်ဘုန်းကြီးအဖြစ်ကနေ နုတ်ထွက်ခဲ့တယ်၊ အကြောင်းကတော့ မွေးကင်းစကလေးကို နှစ်ခြင်းပေးတာ၊ ပွဲတော်
မုန့်နဲ့ စပျစ်ရည်က ခရစ်တော်ရဲ့ ပကတိအသွေးအသားအဖြစ် ပြောင်းလဲသွားတယ်ဆိုတဲ့ သွန်သင်ချက်၊ လူသေတွေအတွက် ဆုတောင်းပေးတာ၊ လက်ဝါးကားတိုင်ကိုးကွယ်တာစတဲ့ သွန်သင်ချက်တွေက သမ္မာကျမ်းစာနဲ့ မညီဘူးလို့ ယုံကြည်တဲ့အတွက်ဖြစ်တယ်။ ၁၁၄၀ ခုနှစ်မှာ ပီတာဟာ သူ့ရဲ့ယုံကြည်ချက်တွေကြောင့် မီးရှို့သတ်ခံခဲ့ရတယ်။ ခရစ်ယာန်ဘုန်းကြီးတစ်ဦးဖြစ်တဲ့ ဟင်နရီက ချာ့ခ်ျရဲ့ အကျင့်ပျက်မှုတွေ၊ မှားယွင်းတဲ့ဝတ်ပြုမှုတွေနဲ့ပတ်သက်ပြီး ဆန့်ကျင်ပြောဆိုခဲ့တယ်။ ၁၁၄၈ ခုနှစ်မှာ အဖမ်းခံခဲ့ရပြီး တစ်သက်လုံးထောင်ထဲမှာပဲ နေခဲ့ရတယ်။၁၇။ ဝါလ်ဒိုနဲ့ သူ့ရဲ့နောက်လိုက်တွေက အရေးကြီးတဲ့ ဘယ်အရာတွေကို လုပ်ဆောင်ခဲ့ကြသလဲ။
၁၇ ဘရိုင်မြို့ကပီတာ အသတ်ခံရတဲ့အချိန်လောက်မှာ သမ္မာကျမ်းစာအမှန်တရားကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေမယ့်သူတစ်ယောက် မွေးဖွားလာတယ်။ သူ့ရဲ့မျိုးရိုးနာမည်က ဗာလ်ဒီဇ် ဒါမှမဟုတ် ဝါလ်ဒို ဖြစ်တယ်။ သူက ဘရိုင်မြို့က ပီတာနဲ့ လောင်စန်းမြို့က ဟင်နရီတို့လို ခရစ်ယာန်ဘုန်းကြီးတစ်ဦးတော့မဟုတ်ဘူး။ သမ္မာကျမ်းစာကို ချစ်မြတ်နိုးတဲ့အတွက် သူ့မှာရှိတဲ့ပစ္စည်းဥစ္စာတွေကို အသုံးပြုပြီး ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်းသားအများစုသုံးတဲ့စကားနဲ့ ကျမ်းစာအပိုင်းတွေကို ဘာသာပြန်ခဲ့တယ်။ သမ္မာကျမ်းစာသတင်းတရားကို မိခင်ဘာသာစကားနဲ့ နားထောင်ရတာကို နှစ်သက်သူတချို့က မိမိတို့ရဲ့အသက်တာ၊ ပစ္စည်းဥစ္စာတွေကိုသုံးပြီး တခြားသူတွေကို ကျမ်းစာအမှန်တရားအကြောင်း ပြောပြခဲ့ကြတယ်။ ဒါကို ချာ့ခ်ျခေါင်းဆောင်တွေ လုံးဝမကြိုက်ဘူး။ နောက်ပိုင်း ဝါလ်ဒိုရဲ့နောက်လိုက်တွေလို့ အခေါ်ခံရတဲ့ ဒီဇွဲထက်သန်တဲ့ အမျိုးသားအမျိုးသမီးတွေကို ၁၁၈၄ ခုနှစ်မှာ ပုပ်ရဟန်းမင်းက ချာ့ခ်ျကနေနှင်ထုတ်လိုက်ပြီး ဂိုဏ်းအုပ်ကလည်း သူတို့ကို နယ်နှင်လိုက်တယ်။ ဒါကြောင့် ကျမ်းစာသတင်းစကားက တခြားဒေသတွေကို ပျံ့နှံ့သွားခဲ့တယ်။ နောက်ပိုင်း ဥရောပဒေသအတော်များများမှာ ဝါလ်ဒို၊ ဘရိုင်မြို့ကပီတာ၊ လောင်စန်းမြို့က ဟင်နရီတို့ရဲ့ နောက်လိုက်တွေအပြင် တခြားသူတွေဟာ ချာ့ခ်ျကနေ သီးခြားခွဲထွက်ခဲ့ကြတယ်။ နောက်ပိုင်းရာစုနှစ်တွေမှာ သမ္မာကျမ်းစာအမှန်တရားကို ခုခံကာကွယ်ပြောဆိုခဲ့ကြသူတွေက ဂျွန် ဝိကလိဖ် (၁၃၃၀-၁၃၈၄ ခန့်)၊ ဝီလျံ တင်ဒေးလ် (၁၄၉၄-၁၅၃၆ ခန့်)၊ ဟင်နရီ ဂရူး (၁၇၈၁-၁၈၆၂)၊ ဂျော့ခ်ျ စတောစ် (၁၇၉၆-၁၈၇၉) တို့ဖြစ်တယ်။
“ဘုရားသခင်၏တရားစကားတော်မူကား ချုပ်နှောင်ခံရခြင်းမရှိ”
၁၈။ ၁၉ ရာစုမှာ စိတ်ရင်းမှန်တဲ့ ကျမ်းစာကျောင်းသားတွေက သမ္မာကျမ်းစာကို ဘယ်လို လေ့လာခဲ့ကြသလဲ။ ဒီလေ့လာနည်းက ဘာကြောင့်ကောင်းတာလဲ။
၁၈ သမ္မာကျမ်းစာကို ဆန့်ကျင်သူတွေဟာ ကျမ်းစာအမှန်တရား မပြန့်ပွားအောင် မတားဆီးနိုင်ခဲ့ကြဘူး။ “ဘုရားသခင်၏တရားစကားတော်မူကား ချုပ်နှောင်ခံရခြင်းမရှိ” လို့ ၂ တိမောသေ ၂:၉ မှာ ဖတ်ရတယ်။ ၁၈၇၀ ခုနှစ်မှာ စိတ်ရင်းမှန်တဲ့ ကျမ်းစာကျောင်းသားအုပ်စုတစ်စုက အမှန်တရားကို စတင်ရှာဖွေခဲ့ကြတယ်။ သူတို့ဘယ်လို လေ့လာခဲ့ကြသလဲ။ ဦးဆုံး အကြောင်းအရာတစ်ခုနဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခုကို တစ်ယောက်က မေးတယ်။ အဲဒီနောက် သူတို့က ဒီအကြောင်းအရာကို ဆွေးနွေးကြတယ်။ ပြီးတဲ့နောက် အဲဒီအကြောင်းအရာနဲ့သက်ဆိုင်တဲ့ ကျမ်းချက်အားလုံးကို ဖတ်ကြတယ်။ ကျမ်းချက်တွေ တစ်ချက်နဲ့တစ်ချက်သက်ဆိုင်ပုံကို အားလုံးသဘောတူတဲ့အခါ အဖြေကိုဆုံးဖြတ်ပြီး ရေးမှတ်ထားကြတယ်။ ဒါက တကယ်ကောင်းတဲ့ လေ့လာနည်းဖြစ်တယ်၊ အကြောင်းကတော့ ပထမရာစုက တမန်တော်တွေ၊ အသက်ကြီးသူတွေ လုပ်ခဲ့တဲ့နည်းဖြစ်လို့ပဲ။ မျက်မှောက်ခေတ် ယေဟောဝါသက်သေများရဲ့သမိုင်းအစမှာ အသက်ရှင်ခဲ့တဲ့ ဒီတည်ကြည်တဲ့အမျိုးသားတွေက သူတို့ရဲ့ယုံကြည်ချက်တွေဟာ သမ္မာကျမ်းစာပေါ် လုံးလုံးအခြေပြုကြောင်း သေချာအောင်လုပ်ဆောင်ခဲ့ကြတယ်ဆိုတာ သိရခြင်းက အားရှိစရာပါပဲ။
၁၉။ ၂၀၁၂ နှစ်ချုပ်ကျမ်းချက်က ဘာလဲ၊ ဒီကျမ်းချက်က ဘာကြောင့်သင့်လျော်တာလဲ။
၁၉ မျက်မှောက်ခေတ် ကျွန်ုပ်တို့ရဲ့ ယုံကြည်ချက်တွေက သမ္မာကျမ်းစာပေါ် အခြေပြုတယ်။ ဒါကြောင့် ယေဟောဝါသက်သေ အုပ်ချုပ်ရေးအဖွဲ့က “ကိုယ်တော်၏တရားစကားတော်သည် အမှန်တရားဖြစ်ပါ၏” ဆိုတဲ့ ယောဟန် ၁၇:၁၇ ပါယေရှုရဲ့စကားတွေကို ၂၀၁၂ ခုနှစ် နှစ်ချုပ်ကျမ်းချက်အဖြစ် ရွေးချယ်လိုက်တယ်။ ဘုရားသခင့်မျက်နှာသာရလိုသူတိုင်းက အမှန်တရားနဲ့အညီ အသက်ရှင်ရမှာဖြစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့အားလုံး သမ္မာကျမ်းစာရဲ့လမ်းညွှန်မှုအတိုင်း အစွမ်းကုန်ကြိုးစား အသက်ရှင်သင့်ပါတယ်။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၇ ပါအကျဉ်းဖော်ပြချက်]
၂၀၁၂ ခုနှစ် နှစ်ချုပ်ကျမ်းချက်– “ကိုယ်တော်၏တရားစကားတော်သည် အမှန်တရားဖြစ်ပါ၏။”—ယောဟန် ၁၇:၁၇။
[စာမျက်နှာ ၇ ပါရုပ်ပုံ]
ဝါလ်ဒို
ဝိကလိဖ်
တင်ဒေးလ်
ဂရူး
စတောစ်