မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏မော်ကွန်းတိုက်မှ

ရှေးဟောင်းရတနာများကို ထိန်းသိမ်းစောင့်ရှောက်ထားပုံ

ရှေးဟောင်းရတနာများကို ထိန်းသိမ်းစောင့်ရှောက်ထားပုံ

ယေဟောဝါရဲ့လူမျိုးမှာ စိတ်ဝင်စားစရာကောင်းပြီး ရှည်လျားတဲ့ သမိုင်းကြောင်းရှိတယ်။ ဒီသမိုင်းမှတ်တမ်းကို ကျွန်ုပ်တို့ရဲ့စာပေတွေကနေပဲ သိရှိနိုင်တာမဟုတ်ဘူး၊ ဓာတ်ပုံတွေ၊ စာတွေ၊ ကိုယ်ပိုင်မှတ်တမ်းတွေအပြင် ဝတ်ပြုရေး၊ ဟောပြောခြင်းလုပ်ငန်း၊ သမိုင်းကြောင်းနဲ့ဆက်စပ်တဲ့ ပစ္စည်းအသုံးအဆောင်တွေကနေလည်း သိရှိနိုင်တယ်။ ဒီပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး အတိတ်အကြောင်းလေ့လာတာက ဘာအကျိုးရှိသလဲ။ ရှေးအစ္စရေးလူမျိုး အိမ်ထောင်ဦးစီးတွေက သူတို့ရဲ့သားသမီးတွေကို ယေဟောဝါရဲ့ပညတ်တွေနဲ့ အတိတ်ကအံ့ဖွယ်လုပ်ရပ်တွေအကြောင်း ပြောပြခဲ့ကြတယ်။ ဒါမှ သူတို့တွေ “ဘုရားသခင်ကို ယုံကြည်အားထားလာ” မှာဖြစ်တယ်။—ဆာ. ၇၈:၁-၇

ယေဟောဝါရဲ့ရည်ရွယ်ချက်နဲ့အညီ လုပ်ဆောင်ဖို့အတွက် သမိုင်းဝင်မှတ်တမ်းတွေကို လေ့လာဆန်းစစ်ခြင်းက ရှေးအချိန်ကတည်းက ရှိခဲ့တယ်။ ဥပမာ၊ ဆန့်ကျင်သူတွေက ဂျေရုဆလင်မှာရှိတဲ့ ဝတ်ပြုရာအိမ်တော်တည်ဆောက်ခြင်းလုပ်ငန်း ရပ်တန့်သွားအောင် ကြိုးစားတဲ့အခါမှာ မေဒိပြည်၊ အာခမေသမြို့က မော်ကွန်းတိုက်ကို ဘုရင့်အမိန့်နဲ့ ရှာဖွေကြတယ်၊ အဲဒီမှာ ဆောက်လုပ်ဖို့ခွင့်ပြုခဲ့တဲ့ ဘုရင်ကုရုရဲ့အမိန့်စာကို တွေ့ခဲ့တယ်။ (ဧဇ. ၆:၁-၄၊ ၁၂) အဲဒါနဲ့ ဝတ်ပြုရာအိမ်တော်ကို ဘုရားသခင့်အလိုတော်နဲ့အညီ ပြန်တည်ဆောက်ခဲ့ကြတယ်။ ခရစ်ဝင်ကျမ်းရေးသူလုကာက သမိုင်းဝင်မှတ်တမ်းမှတ်ရာတွေကို အသုံးပြုပြီး “အကြောင်းအရာအလုံးစုံကို အစမှ သေချာစွာလေ့လာစိစစ်” ခဲ့တယ်။—လု. ၁:၁-၄

အုပ်ချုပ်ရေးအဖွဲ့က မျက်မှောက်ခေတ် ဘုရားသခင့်လူမျိုးရဲ့သမိုင်းကြောင်းကို အထူးစိတ်ဝင်စားတယ်။ သမိုင်းဝင်အမွေအနှစ်တွေကို ထိန်းသိမ်း၊ မှတ်တမ်းပြုစုပြီး ဝေမျှပေးဖို့လိုကြောင်း အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဒီလိုပြောခဲ့တယ်– “ကျွန်တော်တို့ ဘယ်ကိုသွားနေတယ်ဆိုတာသိဖို့ ကျွန်တော်တို့ ဘယ်ကနေလာတယ်ဆိုတာကို သိဖို့လိုတယ်။” ဒီအတွက် နယူးယောက်၊ ဘရွတ်ကလင်မှာရှိတဲ့ ကမ္ဘာ့ဌာနချုပ်မှာ စာပေပြုစုရေးမော်ကွန်းတိုက်လို့ခေါ်တဲ့ဌာနတစ်ခုကို ဖွဲ့စည်းလိုက်တယ်၊ အဲဒါက စာပေပြုစုရေးကော်မတီရဲ့ လက်အောက်မှာရှိတယ်။

“မိသားစုဓာတ်ပုံစာအုပ်” နဲ့ “အမွေအနှစ်များ”

အတိတ်ကိုပြန်ပြောင်းကြည့်တဲ့အခါ ကျွန်ုပ်တို့အများစုဟာ ကိုယ်ပိုင်မိသားစုမှတ်တမ်းမှတ်ရာတွေ အခုထက်ပိုပြည့်ပြည့်စုံစုံရှိရင် ကောင်းမယ်ဆိုတဲ့ ဆန္ဒရှိကြတယ်။ အခု စာပေပြုစုရေးမော်ကွန်းတိုက်က တိုးများလာတဲ့ အဖိုးတန်အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်တာ၊ မှတ်တမ်းပြုစုတာကို အလေးပေးလုပ်ဆောင်နေတယ်။ မော်ကွန်းတိုက်မှာ အသေအချာသိမ်းဆည်းထားတဲ့ ဓာတ်ပုံတွေကို “မိသားစုဓာတ်ပုံစာအုပ်” အဖြစ် ယူမှတ်နိုင်တယ်။ မော်ကွန်းတိုက်မှာသိမ်းဆည်းထားတဲ့ ရတနာတွေထဲမှာ အစောပိုင်းတုန်းက ထုတ်ဝေခဲ့တဲ့စာပေတွေ၊ အားရှိစရာ ကိုယ်တွေ့ဖြစ်ရပ်မှတ်တမ်းတွေ၊ အဖိုးမဖြတ်နိုင်တဲ့ အမှတ်ရစရာပစ္စည်းတွေလည်း ပါတယ်။ အဲဒါတွေက “အမွေအနှစ်တွေ” ဖြစ်တယ်၊ ဒါတွေက ဘုရားသခင့်လူမျိုးရဲ့သမိုင်းကြောင်းကို ပိုနားလည်သိရှိစေပြီး အနာဂတ်ကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ ဆက်ချီတက်စေတယ်။

“ကျွန်ုပ်တို့၏မော်ကွန်းတိုက်မှ” ဆိုတဲ့ အသွင်သစ်ကနေ စာပေပြုစုရေးမော်ကွန်းတိုက်ကို စူးစမ်းလေ့လာဖို့ ဖိတ်ခေါ်ပါတယ်။ ဒါကို ကင်းမျှော်စင်လေ့လာရန်စာစောင်မှာ သုံးလတစ်ကြိမ် ပုံမှန်ဖော်ပြသွားပါမယ်။ ဥပမာ၊ နောက်တစ်ကြိမ်မှာ ဒီမေးခွန်းတွေရဲ့အဖြေကိုရရှိဖို့ ရုပ်ပုံတွေပါတဲ့အကြောင်းအရာတစ်ခုကို ထုတ်ဝေဖို့ စီစဉ်ထားတယ်– အရုဏ်ဦးယာဉ်ဆိုတာ ဘာလဲ၊ ဘယ်သူတွေ အသုံးပြုခဲ့တာလဲ၊ ဘယ်တုန်းက အသုံးပြုခဲ့တာလဲ၊ ဘာအတွက် အသုံးပြုခဲ့တာလဲ။

အမှတ်ရစရာတွေပါတဲ့ မိသားစုဓာတ်ပုံစာအုပ်လိုပဲ မော်ကွန်းတိုက်မှာ စုဆောင်းထားတဲ့အရာတွေကနေ ကျွန်ုပ်တို့အကြောင်းနဲ့ ကျွန်ုပ်တို့မတိုင်ခင် အသက်ရှင်ခဲ့ကြတဲ့ ရဲစွမ်းသတ္တိ​နဲ့ ယုံကြည်ခြင်းတင်ပြခဲ့သူတွေအကြောင်း၊ ယေဟောဝါရဲ့ အမှုဆောင်ခြင်းကနေရရှိတဲ့ ရွှင်လန်းမှုနဲ့ အခက်အခဲတွေအကြောင်း၊ ကိုယ်တော့်လူမျိုးကို ဘုရားသခင်ဦးဆောင်လမ်းပြပုံနဲ့ အစဉ်ထောက်မပေးပုံတွေအကြောင်း များစွာသိရှိရမယ်။ (တရား. ၃၃:၂၇) သမိုင်းဝင်စာပေတွေ၊ ပစ္စည်းအသုံးအဆောင်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကြိုးစားမှုအပေါ် ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ ကျွန်ုပ်တို့ ယုံကြည်စိတ်ချကြတယ်။ ဒါက ကိုယ်တော့်အလိုတော်ဆောင်ရာမှာ ကျွန်ုပ်တို့ကို ပိုစည်းလုံးစေပြီး ပိုခွန်အားရှိစေမှာဖြစ်တယ်။

[စာမျက်နှာ ၃၁ ပါ လေးထောင့်ကွက်နှင့် ရုပ်ပုံ]

အနီးကပ်ကြည့်ကြစို့

ခရစ်ယာန်စာပေတွေ၊ ဒီဗီဒီတွေနဲ့ တခြားကျမ်းစာအခြေပြုအကြောင်းအရာတွေကို ပြင်ဆင်ရာမှာ စာရေးသူတွေ၊ ပန်းချီဆရာတွေ၊ သုတေသနပြုသူတွေနဲ့ တခြားသူတွေဟာ သမိုင်းဝင်ပစ္စည်းတွေကို အသုံးပြုကြတယ်။ ဒါကြောင့် ဌာနခွဲရုံးတွေ၊ ဗေသလဌာနတွေ၊ အသင်းတော်တွေ၊ တစ်ဦးချင်းစီနဲ့ လောကအဖွဲ့အစည်းတွေကနေရရှိတဲ့ သမိုင်းဝင်ပစ္စည်းတွေကို စုဆောင်းပြီး ထိန်းသိမ်းစောင့်ရှောက်ရာမှာ စာပေပြုစုရေးမော်ကွန်းတိုက်က အသေအချာဂရုစိုက် လုပ်ဆောင်တယ်။ အောက်ဖော်ပြပါ လုပ်ဆောင်ပုံအကျဉ်းချုပ်ကို သုံးသပ်ကြည့်ပါ–

စုဆောင်းခြင်း၊ စိစစ်လေ့လာခြင်း– ရှားပါးပစ္စည်းတွေ မော်ကွန်းတိုက်စုဆောင်းရေးဌာနကို ထပ်ထပ်ပြီးရောက်ရှိလာတယ်။ ပစ္စည်းအတော်များများက ယေဟောဝါရဲ့အမှုတော်မှာ ဆယ်စုနှစ်နဲ့ချီ တည်ကြည်စွာအမှုဆောင်ခဲ့သူတွေရဲ့ မိသားစုဝင်တွေ လှူဒါန်းတဲ့၊ ငှားရမ်းပေးတဲ့ ပစ္စည်းတွေဖြစ်တယ်။ အဲဒီပစ္စည်းတွေကို စိစစ်လေ့လာခြင်း၊ နှိုင်းယှဉ်ကြည့်ခြင်းက သမိုင်းကြောင်းနဲ့ အဲဒီအချိန်မှာအသက်ရှင်ခဲ့သူတွေအကြောင်း ပိုသိရှိနားလည်စေတယ်။

စာရင်းပြုစုထား– စာပေပြုစုရေးမော်ကွန်းတိုက်မှာ စုဆောင်းထားတဲ့ပစ္စည်းတွေက ထောင်နဲ့ချီရှိပြီး တချို့ပစ္စည်းတွေက နှစ်တစ်ရာကျော်သက်တမ်းရှိပြီ။ ပုံသဏ္ဌာန်မျိုးစုံ၊ အရွယ်အစားမျိုးစုံရှိတဲ့အတွက် နောက်ပိုင်းအသုံးပြုတဲ့အခါ လွယ်ကူဖို့ စာရင်းပြုစုထားရတယ်။

ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း– ဟောင်းနွမ်းနေတဲ့စာအုပ်တွေ၊ ပစ္စည်းတွေကို အထူးပြုပြင်ထိန်းသိမ်းရေးနည်းကိုသုံးပြီး ပြန်ပြုပြင်၊ ထိန်းသိမ်းတယ်။ မှတ်တမ်းမှတ်ရာတွေ၊ ဓာတ်ပုံတွေ၊ သတင်းဖြတ်စတွေ၊ ရုပ်ရှင်တွေ၊ အသံသွင်းအခွေတွေကို ဒစ်ဂျစ်တယ်စနစ်သုံးပြီး ကွန်ပျူတာထဲမှာ သိမ်းဆည်းထားတယ်။ ဒါကြောင့် မူရင်းတွေ ဒါမှမဟုတ် တခြားသမိုင်းဝင်အဖိုးတန်ပစ္စည်းတွေကို ကိုင်တွယ်စရာမလိုဘဲ အချက်အလက်တွေကို ကွန်ပျူတာကနေ ရရှိနိုင်တယ်။

သိမ်းဆည်းထား၊ အသုံးလိုတဲ့အချိန်ပြန်ကြည့်– သမိုင်းဝင်ပစ္စည်းတွေ မပျောက်ဆုံးအောင်၊ အလင်းရောင်၊ အစိုဓာတ်ကြောင့် မပျက်စီးအောင် စနစ်တကျ အသေအချာ သိမ်းဆည်းထားတယ်။ အတိတ်ကအဖိုးတန်ရတနာတွေကို ကွန်ပျူတာမှာ သိမ်းဆည်းထားနိုင်ခြင်းက ဒါတွေကို ပြန်လေ့လာရာမှာ၊ အသုံးလိုတဲ့အချိန်ပြန်ကြည့်ရာမှာ များစွာအထောက်အကူပြုပါတယ်။

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

၁။ “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ပိုစတာ။ ၂။ နှစ်စဉ်ကြေးမှတ်တမ်းစာအုပ်။ ၃။ အသံချဲ့စက်ပါကား။ ၄။ ဧပြီ ၁၅၊ ၁၉၁၂ ကင်းမျှော်စင် မျက်နှာဖုံး။ ၅။ ဂျေ အက်ဖ် ရပ်သဖော့ရဲ့ ထောင်တွင်းမှတ်တမ်း။ ၆။ ဒဗ္ဗလျူဘီဘီအာ မိုက်ကရိုဖုန်း။ ၇။ ဓာတ်ပြားစက်။ ၈။ စာအုပ်သေတ္တာ။ ၉။ ကိုယ်ပိုင်မှတ်စုများ။ ၁၀။ ဂျေ အက်ဖ် ရပ်သဖော့ထံပို့တဲ့ကြေးနန်းစာ။