ဟုတ်ပါတယ်၊ ဒါက လေ့လာရန်စာစောင်ပါ
ဟုတ်ပါတယ်၊ ဒါက လေ့လာရန်စာစောင်ပါ
လေ့လာရန်စာစောင်ကို ပိုပြီးစွဲမှတ်စရာဖြစ်စေဖို့နဲ့ ယေဟောဝါထံကရတဲ့ အဖိုးတန် ကျမ်းစာအမှန်တရားကို လေ့လာရာမှာ အထောက်အကူဖြစ်စေဖို့အတွက် ဒီစာစောင်ကို အသွင်သစ်နဲ့ ထုတ်ဝေလိုက်ပါတယ်။—ဆာ. ၁:၂; ၁၁၉:၉၇။
လွန်ခဲ့တဲ့လေးနှစ်ကစပြီး ကင်းမျှော်စင်ကို လူထုအတွက်စာစောင်၊ ယေဟောဝါသက်သေတွေနဲ့ တိုးတက်နေတဲ့ကျမ်းစာသင်သားတွေလေ့လာဖို့ လေ့လာရန်စာစောင် ဆိုပြီး နှစ်မျိုးထုတ်ဝေခဲ့တယ်။
လေ့လာရန်စာစောင်နဲ့ပတ်သက်ပြီး သက်တမ်းကြာယေဟောဝါသက်သေတစ်ဦး ဒီလိုရေးခဲ့တယ်– “ပထမဦးဆုံးလေ့လာရန်စာစောင်က အရမ်းကောင်းပြီး ကျွန်တော့်အတွက် တကယ့်ကိုအကျိုးရှိခဲ့တယ်။ သမ္မာကျမ်းစာပါ နက်နဲတဲ့အမှန်တရားတွေနဲ့ပတ်သက်ပြီး အသေးစိတ်ရှင်းပြချက်တွေက ကျွန်တော့်စိတ်နှလုံးကိုထိမိခဲ့တယ်။ အရမ်းကောင်းတဲ့ဒီစာစောင်အသစ်အတွက် တကယ်ကျေးဇူးတင်ပါတယ်။” နောက်ညီအစ်ကိုတစ်ဦးကလည်း ဒီလိုရေးခဲ့တယ်– “အပြန်အလှန်အညွှန်းပါတဲ့ကျမ်းစာသုံးပြီး လေ့လာရန်စာစောင်ကို ဖတ်ရမယ့်အချိန်ကိုပဲ မျှော်နေမိတယ်။” သင်လည်း အလားတူခံစားရမယ်ဆိုတာ သေချာတယ်။
ညီအစ်ကို၊ ညီအစ်မတို့သိတဲ့အတိုင်း ၁၈၇၉ ခုနှစ်ကစပြီး ကင်းမျှော်စင်စာစောင်ကို စဉ်ဆက်မပြတ်ထုတ်ဝေနိုင်ခဲ့တာက ယေဟောဝါရဲ့စွမ်းအားတော်နဲ့ ကောင်းချီးကြောင့်သာဖြစ်တယ်။ (ဇာ. ၄:၆) ဒီ ၁၃၃ နှစ်တာကာလအတွင်းမှာ မဂ္ဂဇင်းမျက်နှာဖုံးကို အကြိမ်ကြိမ်ပြုပြင်ပြောင်းလဲခဲ့တယ်။ ၂၀၁၂ ခုနှစ်မှာတော့ လေ့လာရန်စာစောင်တိုင်းရဲ့ မျက်နှာဖုံးမှာ သတင်းကောင်းဟောပြောနေပုံ ရောင်စုံဓာတ်ပုံပန်းချီကို မြင်တွေ့ရမှာဖြစ်တယ်။ ဒီရုပ်ပုံက ယေဟောဝါရဲ့နိုင်ငံတော်အကြောင်း စေ့စေ့စပ်စပ်သက်သေခံပါဆိုတဲ့ ဘုရားသခင်ပေးအပ်ထားတဲ့တာဝန်ကို သတိရစေတယ်။ (တ. ၂၈:၂၃) အဖုံးရဲ့အတွင်းဘက် စာမျက်နှာ ၂ မှာ မျက်နှာဖုံးမှာပါတဲ့ပန်းချီရဲ့ မူရင်းဓာတ်ပုံနဲ့ နေရာ၊ အဖြစ်အပျက်ကိုဖော်ပြတဲ့ အတိုချုပ်ရှင်းပြချက်ကို တွေ့ရမှာဖြစ်တယ်။ နှစ်တစ်လျှောက်လုံးမှာ ဒီရုပ်ပုံတွေက ယေဟောဝါရဲ့လူမျိုးဟာ “လူနေရာမြေတစ်ပြင်လုံးမှာ” သတင်းကောင်းဟောပြောနေကြတယ်ဆိုတာကို သတိရစေမှာဖြစ်တယ်။—မ. ၂၄:၁၄။
ဒီမဂ္ဂဇင်းမှာ တခြားဘာအပြောင်းအလဲတွေ ရှိသေးသလဲ။ သင်တန်းဆောင်းပါးတိုင်းရဲ့အစမှာ ပြန်လည်သုံးသပ်တဲ့ လေးထောင့်ကွက်ကို တွေ့ရမှာဖြစ်တယ်။ ဒီလေးထောင့်ကွက်က ဆောင်းပါးကိုဖတ်ပြီး လေ့လာနေချိန်မှာ သင်ရှာဖွေရမယ့် အဓိကအချက်တွေကို သိမြင်စေပါလိမ့်မယ်။ ကင်းမျှော်စင်သင်တန်းကိုင်တဲ့သူတွေက ဆောင်းပါးရဲ့နိဂုံးပိုင်းမှာ ဒီမေးခွန်းတွေကိုသုံးပြီး ဆောင်းပါးကို ပြန်လည်သုံးသပ်မှာဖြစ်တယ်။ မဂ္ဂဇင်းဘေးမျဉ်းကွက်လပ် အနည်းငယ်ပိုကျယ်လာပြီး စာမျက်နှာနဲ့ စာပိုဒ်နံပါတ်တွေကလည်း ပိုထင်ရှားလာတယ်ဆိုတာ သင်တို့သတိပြုမိပါလိမ့်မယ်။
ဒီလထုတ်စာစောင်မှာ ရှင်းပြထားတဲ့အတိုင်း “ကျွန်ုပ်တို့၏မော်ကွန်းတိုက်မှ” ဆိုတဲ့အသွင်သစ်က မျက်မှောက်ခေတ် ယေဟောဝါသက်သေတွေရဲ့ တိုးတက်မှုသမိုင်းကြောင်းကို ထပ်ဆောင်းဖော်ပြသွားမှာဖြစ်တယ်။ “မိမိတို့ကိုယ်ကို တလိုတလားပေးဆက်ကြသူများ” ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဖြစ်ရပ်မှန်တွေ့ကြုံမှုတွေကို အခါအခွင့်သင့်သလို ဖော်ပြပေးသွားမှာဖြစ်တယ်။ ဒီဆောင်းပါးတွေမှာ သတင်းကောင်းကြေညာသူ သာ၍လိုအပ်တဲ့ဒေသတွေမှာ အမှုဆောင်နေတဲ့ ညီအစ်ကိုညီအစ်မတွေ ခံစားရတဲ့ ရွှင်လန်းမှု၊ ကျေနပ်မှုနဲ့ ပျော်ရွှင်မှုတွေကို ကွင်းကွင်းကွက်ကွက် ဖော်ပြမှာဖြစ်တယ်။
ဒီမဂ္ဂဇင်းကိုသုံးပြီး သမ္မာကျမ်းစာလေ့လာရတာကို သင်နှစ်သက်ပျော်မွေ့နိုင်ပါစေ။
ထုတ်ဝေသူများ
[စာမျက်နှာ ၃ ပါရုပ်ပုံ]
၁၈၇၉
[စာမျက်နှာ ၃ ပါရုပ်ပုံ]
၁၈၉၅
[စာမျက်နှာ ၃ ပါရုပ်ပုံ]
၁၉၃၁
[စာမျက်နှာ ၃ ပါရုပ်ပုံ]
၁၉၅၀
[စာမျက်နှာ ၃ ပါရုပ်ပုံ]
၁၉၇၄
[စာမျက်နှာ ၃ ပါရုပ်ပုံ]
၂၀၀၈