မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘အမှန်တရား၏ အသွင်အပြင်’ ကနေသင်ယူပါ

‘အမှန်တရား၏ အသွင်အပြင်’ ကနေသင်ယူပါ

‘[သင်တို့သည်] ပညတ်တရား၌ပါသော အသိပညာနှင့် အမှန်တရားတို့၏ အသွင်အပြင်ကိုနားလည်၏။’—ရော. ၂:၂၀

၁။ မောရှေပညတ်နဲ့ပတ်သက်တဲ့ ပေါလုရဲ့ရှင်းပြချက်ကို နားလည်သဘောပေါက်ဖို့ ဘာကြောင့်အရေးကြီးသလဲ။

မ္မာကျမ်းစာမှာဖော်ပြထားတဲ့ တမန်တော်ပေါလုရဲ့ရေးသားချက်တွေက မောရှေပညတ်ပါ အကြောင်းအရာအတော်များများရဲ့ အရေးကြီးမှုကို နားလည်စေတယ်။ ဥပမာ၊ ဟေဗြဲခရစ်ယာန်တွေထံရေးတဲ့စာမှာ ပေါလုက ယေရှုကို ပူဇော်ရာယဇ်ကို တစ်ကြိမ်တည်းနဲ့အပြီးပေးဆက်ခဲ့တဲ့ ‘တည်ကြည်တဲ့ယဇ်ပုရောဟိတ်မင်း’ အဖြစ် ဖော်ပြခဲ့တယ်။ ဒီပူဇော်ရာယဇ်ကို ယုံကြည်သူတွေဟာ ဘုရားသခင်နဲ့သင့်မြတ်ပြီး “ထာဝရကယ်နုတ်ခြင်း” ခံရမှာဖြစ်တယ်။ (ဟေဗြဲ ၂:၁၇; ၉:၁၁၊ ၁၂) တဲတော်ဟာ “ကောင်းကင်အရာတို့၏ပုံရိပ်” သာဖြစ်ကြောင်းကိုလည်း ပေါလု ရှင်းပြခဲ့တယ်။ ယေရှုဟာ မောရှေပညတ်ထက် ပိုသာလွန်ကောင်းမြတ်တဲ့ ပဋိညာဉ်ရဲ့ ဖျန်ဖြေသူဖြစ်တယ်။ (ဟေဗြဲ ၇:၂၂; ၈:၁-၅) မောရှေပညတ်မှာပါတဲ့အပိုင်းတချို့ရဲ့ ပုံဆောင်ချက်အကြောင်း ပေါလုရဲ့ရှင်းပြချက်က သူ့အချိန်မှာအသက်ရှင်ခဲ့တဲ့ ခရစ်ယာန်တွေအတွက် များစွာအထောက်အကူဖြစ်ခဲ့တယ်။ သူ့ရဲ့ရှင်းပြချက်က ဘုရားသခင်လုပ်ဆောင်ပေးရာအားလုံးအတွက် ပိုကျေးဇူးတင်လေးမြတ်ဖို့ ကျွန်ုပ်တို့ကိုလည်း ကူညီပေးတယ်။

၂။ ဘုရားသခင်အကြောင်း၊ ပညတ်တရားပေးရတဲ့အကြောင်းရင်းတွေကို လူမျိုးခြားတွေထက် ဂျူးခရစ်ယာန်တွေက ဘာကြောင့်ပိုသိနားလည်ခဲ့ကြသလဲ။

ရောမမြို့မှာရှိတဲ့ ခရစ်ယာန်တွေထံ ပေါလုရေးသားခဲ့တဲ့အထဲက တချို့သောအကြောင်းအရာတွေဟာ ရောမမှာနေထိုင်တဲ့ ဂျူးခရစ်ယာန်တွေအတွက်ဖြစ်တယ်၊ သူတို့က မောရှေပညတ်ကို သင်ကြားခံရသူတွေဖြစ်တယ်။ သူတို့တွေဟာ ပညတ်တရားကိုသိထားတဲ့အတွက် ယေဟောဝါနဲ့ပတ်သက်တဲ့ “အသိပညာနှင့် အမှန်တရားတို့၏ အသွင်အပြင်” ကိုနားလည်ပြီး ကိုယ်တော်ပညတ်ပေးရတဲ့ တော်မှန်တဲ့အကြောင်းရင်းတွေကိုပါ သိရှိပြီးသားဖြစ်တယ်လို့ ပေါလု သူတို့ကိုပြောခဲ့တယ်။ သူတို့တွေဟာ ပညတ်တရားပါအခြေခံအမှန်တရားကို သိရှိနားလည်ပြီး နှစ်သက်မြတ်နိုးခဲ့ကြတယ်။ ဒါကြောင့် သူတို့ဟာ သူတို့မတိုင်မီကအသက်ရှင်ခဲ့ကြတဲ့ တည်ကြည်တဲ့ဂျူးတွေလိုပဲ တခြားသူတွေကို ယေဟောဝါနဲ့ပတ်သက်တဲ့ အခြေခံအမှန်တရားအကြောင်း သင်ပေးနိုင်ခဲ့ကြတယ်။—ရောမ ၂:၁၇-၂၀ ကိုဖတ်ပါ။

ယေရှုပူဇော်ရာယဇ်ရဲ့ ပုံရိပ်များ

၃။ ဂျူးလူမျိုးတွေပူဇော်တဲ့ ပူဇော်ရာယဇ်အကြောင်းလေ့လာခြင်းကနေ ကျွန်ုပ်တို့ ဘယ်လိုအကျိုးရနိုင်သလဲ။

မောရှေပညတ်မှာတွေ့ရတဲ့ အခြေခံအမှန်တရားကို ပေါလုက အမှန်တရားရဲ့အသွင်အပြင်လို့ဖော်ပြခဲ့ပြီး ဒါက ယေဟောဝါရဲ့ရည်ရွယ်ချက်တွေကို နားလည်စေတယ်။ ပညတ်တရားအားဖြင့် မိမိလူမျိုးကို ယေဟောဝါသင်ပေးခဲ့တဲ့ သင်ခန်းစာတွေက အရေးပါနေဆဲဖြစ်တယ်။ ဒါကြောင့် အခု ပညတ်တရားကတောင်းဆိုထားတဲ့ ယဇ်ကောင်တွေ၊ ပူဇော်ရာယဇ်တွေအကြောင်း သုံးသပ်ကြည့်ကြစို့။ ဒီပူဇော်ရာယဇ်တွေက နှိမ့်ချတဲ့ဂျူးတွေကို ခရစ်တော်ထံပို့ဆောင်ပေးပြီး သူတို့ထံက ဘုရားသခင့်တောင်းဆိုရာတွေကို နားလည်သဘောပေါက်စေတယ်။ ဒါ့အပြင် မျက်မှောက်ခေတ်ကျေးကျွန်တွေထံကနေ ယေဟောဝါ တောင်းဆိုတာတွေနဲ့ အစ္စရေးလူမျိုးထံကနေ တောင်းဆိုတာတွေက အခြေခံချင်းတူတယ်၊ ဒါကြောင့် အစ္စရေးလူမျိုး ပူဇော်ရတဲ့ယဇ်တွေကိုလေ့လာခြင်းက ဘုရားသခင်ကို ကျွန်ုပ်တို့ ဘယ်လိုအမှုဆောင်နေသလဲဆိုတာ ပြန်ဆန်းစစ်စေတယ်။—မာလ. ၃:၆

၄၊ ၅။ (က) မောရှေပညတ်က ဂျူးတွေကို ဘယ်အချက်ကို သတိရစေသလဲ။ (ခ) ပူဇော်ရာယဇ်တွေက ဘယ်အရာရဲ့ “ပုံရိပ်” ဖြစ်သလဲ။

မောရှေပညတ်ပါအကြောင်းအရာအတော်များများက မိမိတို့ဟာအပြစ်သားဖြစ်တယ်ဆိုတာ ဂျူးတွေကို အမှတ်ရစေတယ်။ ဥပမာ၊ လူသေအလောင်းကိုထိမိတဲ့သူက မိမိကိုယ်ကိုစင်ကြယ်သန့်ရှင်းဖို့ လုပ်ဆောင်ရတယ်။ ဒီလိုလုပ်ဆောင်ရာမှာ အနာရောဂါကင်းတဲ့နွားမအနီတစ်ကောင်ကို ပူဇော်ရတယ်။ ယဇ်ပုရောဟိတ်က နွားကိုသတ်၊ မီးရှို့ပြီး ရလာတဲ့ပြာနဲ့ “စင်ကြယ်စေသောရေ” ကိုဖော်စပ်တယ်။ မသန့်ရှင်းတဲ့နေ့ကစပြီး သုံးရက်မြောက်နဲ့ ခုနစ်ရက်မြောက်နေ့မှာ အဲဒီရေနဲ့ပက်ဖျန်းပေးခြင်းအားဖြင့် သူ့ကိုသန့်ရှင်းစင်ကြယ်စေတယ်။ (တော. ၁၉:၁-၁၃) ကလေးမွေးတဲ့အမျိုးသမီးဟာ မီးဖွားပြီးရက်အတော်ကြာအထိ မသန့်ရှင်းတဲ့အတွက် မီးဖွားပြီးနောက် အပြစ်ဖြေလွှတ်ရာယဇ်ကို ပူဇော်ရတယ်။ ဒါက လူတွေဟာ မစုံလင်မှုနဲ့ အပြစ်တရားကိုအမွေခံပြီး မွေးဖွားလာတယ်ဆိုတဲ့အချက်ကို ဂျူးတွေကိုသတိရစေတယ်။—ဝတ်. ၁၂:၁-၈

တခြားသောအခြေအနေတွေမှာလည်း ဂျူးတွေဟာ အပြစ်ဖြေလွှတ်ခံရဖို့အတွက် တိရစ္ဆာန်ယဇ်တွေကို ပူဇော်ခဲ့ကြရတယ်။ သူတို့သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ တဲတော်နဲ့ နောက်ပိုင်း ဝတ်ပြုရာအိမ်တော်မှာ ပူဇော်တဲ့ယဇ်တွေဟာ ယေရှုရဲ့စုံလင်တဲ့ပူဇော်ရာယဇ်ရဲ့ “ပုံရိပ်” ဖြစ်တယ်။—ဟေဗြဲ ၁၀:၁-၁၀

ပူဇော်ရာယဇ်တွေနဲ့ပတ်သက်ပြီး တော်မှန်တဲ့သဘောထား

၆၊ ၇။ (က) အစ္စရေးလူမျိုးက ပူဇော်ရာယဇ်ရွေးချယ်တဲ့အခါ ဘယ်အချက်ကို သတိရဖို့လိုသလဲ။ လက်ခံနိုင်ဖွယ်ဖြစ်တဲ့ပူဇော်ရာယဇ်က ဘာကိုပုံဆောင်သလဲ။ (ခ) မိမိကိုယ်ကို ဘယ်မေးခွန်းတွေမေးနိုင်သလဲ။

တိရစ္ဆာန်ယဇ်ပူဇော်တဲ့အခါ မကျိုး၊ မကန်း၊ မနာတဲ့တိရစ္ဆာန်တွေကိုသာပူဇော်ဖို့ အစ္စရေးလူမျိုးကို ယေဟောဝါတောင်းဆိုတယ်။ (ဝတ်. ၂၂:၂၀-၂၂) ယေဟောဝါထံ ကောက်ပဲသီးနှံတွေပူဇော်တဲ့အခါ ရိတ်သိမ်းထားတဲ့အထဲက “ဦးဆုံး” နဲ့ “အကောင်းဆုံး” သီးနှံကိုသာ ပူဇော်ရတယ်။ (တော. ၁၈:၁၂၊ ၂၉ကဘ) အကောင်းဆုံးမဟုတ်ဘူးဆိုရင် ယေဟောဝါလက်မခံဘူး။ အကောင်းဆုံးတိရစ္ဆာန်တွေကို အစ္စရေးလူမျိုးပူဇော်တဲ့အခါ ဒါက ယေရှုရဲ့ပူဇော်ရာယဇ်ဟာ အပြစ်အနာအဆာ၊ အစွန်းအထင်းရှိမှာမဟုတ်ကြောင်း ပုံဆောင်ခြင်းဖြစ်တယ်။ လူသားတွေကို အပြစ်နဲ့သေခြင်းကနေကယ်တင်ဖို့ ယေဟောဝါက မိမိရဲ့အကောင်းဆုံးနဲ့ တန်ဖိုးအရှိဆုံးအရာကို ပူဇော်မှာဖြစ်တယ်။—၁ ပေ. ၁:၁၈၊ ၁၉

လူတစ်ဦးက ယေဟောဝါရဲ့ကောင်းမြတ်မှုတွေအတွက် တကယ်ကျေးဇူးတင်ကြောင်းဖော်ပြဖို့ ယဇ်ပူဇော်တယ်ဆိုရင် သူ့မှာရှိတဲ့အထဲကအကောင်းဆုံးကို ရွေးချယ်မှာဖြစ်တယ်။ သူ့မှာရှိတဲ့အကောင်းဆုံးအရာကို ပေးမယ်၊ မပေးဘူးဆိုတာ ကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်။ ဒါပေမဲ့ အကောင်းဆုံးကို မပေးဘူးဆိုရင် ဒီယဇ်ကို ယေဟောဝါနှစ်သက်မှာမဟုတ်ဘူးဆိုတာ သူသိတယ်။ အကယ်၍ အပြစ်အနာအဆာပါတာကို ပူဇော်တယ်ဆိုရင် ဒါက ယဇ်ပူဇော်ခြင်းကို အရေးမကြီးတဲ့အရာအဖြစ်ယူဆကြောင်း ဒါမှမဟုတ် ယေဟောဝါက တရားလွန်တောင်းဆိုတယ်လို့ ခံစားရကြောင်း ဖော်ပြခြင်းဖြစ်တယ်။ (မာလခိ ၁:၆-၈၊ ၁၃ ကိုဖတ်ပါ။) ဒီဥပမာက ဘုရားသခင်ကို ကျွန်ုပ်တို့ ဘယ်လိုအမှုဆောင်နေသလဲဆိုတာကို ပြန်ဆန်းစစ်စေတယ်။ မိမိကိုယ်ကို ဒီလိုမေးနိုင်တယ်– ငါ ဘာကြောင့် ယေဟောဝါအတွက် အမှုဆောင်နေတာလဲ။ ငါ့ရဲ့အမှုဆောင်ပုံကို ပြုပြင်ပြောင်းလဲဖို့လိုသလား။ ငါ့မှာရှိတဲ့အကောင်းဆုံးကို ပေးဆက်နေသလား။

၈၊ ၉။ အစ္စရေးလူမျိုး ယဇ်ပူဇော်နေတဲ့အချိန်မှာ ခံစားရတဲ့ခံစားချက်ကနေ ဘာသင်ယူနိုင်သလဲ။

အစ္စရေးလူတစ်ဦးဟာ ယေဟောဝါကို ကျေးဇူးတင်ကြောင်းဖော်ပြဖို့အတွက် စေတနာအလျောက်ပူဇော်တဲ့ယဇ်ကို ပူဇော်နိုင်တယ်။ ဒါမှမဟုတ် မီးရှို့ရာယဇ်ကို စေတနာအလျောက်ပူဇော်ခြင်းအားဖြင့် ဘုရားသခင့်မျက်နှာသာရဖို့ တောင်းခံနိုင်တယ်။ ဒီလိုအခြေအနေမျိုးမှာ အကောင်းဆုံးတိရစ္ဆာန်ကိုရွေးဖို့ သူ့အတွက် လွယ်ကောင်းလွယ်ပါလိမ့်မယ်။ ယေဟောဝါကို ဒီတိရစ္ဆာန်ပေးရတဲ့အတွက်လည်း သူပျော်ရွှင်မှာဖြစ်တယ်။ ဒီနေ့အချိန်မှာ မောရှေပညတ်မှာဖော်ပြထားတဲ့ ပူဇော်ရာယဇ်တွေကို ပူဇော်ဖို့မလိုတော့ဘူး၊ ဒါပေမဲ့ တခြားယဇ်တွေကိုတော့ ကျွန်ုပ်တို့ ပူဇော်နေကြတယ်။ ကျွန်ုပ်တို့ရဲ့ အချိန်၊ ခွန်အား၊ ငွေကြေးဥစ္စာတွေသုံးပြီး ယေဟောဝါရဲ့အမှုတော်မှာ ပါဝင်ကြတယ်။ ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်အကြောင်း “ကြေညာခြင်း” နဲ့ “ကောင်းမှုပြုခြင်း၊ သူတစ်ပါးအားဥစ္စာဝေမျှခြင်း” တို့ကို ဘုရားသခင်နှစ်သက်တဲ့ပူဇော်ရာယဇ်တွေအဖြစ် တမန်တော်ပေါလု ဖော်ပြခဲ့တယ်။ (ဟေဗြဲ ၁၃:၁၅၊ ၁၆) ယေဟောဝါရဲ့အမှုတော်မှာ ပါဝင်အမှုဆောင်ခြင်းနဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့သဘောထား ဒါမှမဟုတ် ခံစားချက်က ကျွန်ုပ်တို့အတွက် ကိုယ်တော်ပေးထားရာအားလုံးအပေါ် ဘယ်လောက်ထိကျေးဇူးတင်လေးမြတ်တယ်ဆိုတာ ဖော်ပြတယ်။ ဒါကြောင့် အစ္စရေးလူမျိုးလိုပဲ ဘုရားသခင့်အမှုတော်ကို ကျွန်ုပ်တို့ ဘယ်လိုခံစားချက်နဲ့ လုပ်ဆောင်နေသလဲ၊ ဘာကြောင့်အမှုဆောင်သလဲ ဆိုတာကို ပြန်ဆန်းစစ်ဖို့လိုတယ်။

တချို့အခြေအနေတွေမှာ မောရှေပညတ်က အမှားကျူးလွန်တဲ့ အစ္စရေးလူတစ်ဦးကို အပြစ်ဖြေရာယဇ် ဒါမှမဟုတ် ကျူးလွန်မှုဖြေရာယဇ်ပူဇော်ဖို့ တောင်းဆိုတယ်။ ဒါက တောင်းဆိုတာဖြစ်တဲ့အတွက် တလိုတလားပူဇော်ဖို့ အစ္စရေးလူတစ်ဦးအတွက် ခက်ခဲမယ်လို့ထင်သလား။ (ဝတ်. ၄:၂၇၊ ၂၈) ယေဟောဝါနဲ့ကောင်းတဲ့ဆက်ဆံရေး ဆက်ရှိချင်တယ်ဆိုရင် ခက်မှာမဟုတ်ဘူး။

၁၀။ အမှားတစ်ခုခုလုပ်ခဲ့တယ်ဆိုရင် ဘယ်ပူဇော်ရာယဇ်တွေကို ပူဇော်ဖို့လိုသလဲ။

၁၀ ဒီနေ့အချိန်မှာ ကျွန်ုပ်တို့ဟာ မရည်ရွယ်ဘဲဖြစ်စေ၊ မစဉ်းစားမဆင်ခြင်ဘဲ စကားပြောမိလို့ဖြစ်စေ ညီအစ်ကိုတစ်ဦးကို စိတ်ထိခိုက်စေနိုင်တယ်။ ဒါမှမဟုတ် ကျွန်ုပ်တို့အမှားလုပ်လိုက်ပြီလို့ ကိုယ်ကိုယ်ကိုယ်သိတဲ့စိတ်က ပြောတာလည်း ဖြစ်နိုင်တယ်။ ကျွန်ုပ်တို့က ယေဟောဝါရဲ့မျက်နှာသာရချင်တယ်ဆိုရင် လုပ်ခဲ့တဲ့အမှားအတွက် တတ်နိုင်ရာမှန်သမျှကို လုပ်ဆောင်မှာဖြစ်တယ်။ စိတ်ထိခိုက်သွားတဲ့ညီအစ်ကိုကို စိတ်ရင်းမှန်နဲ့ တောင်းပန်တာဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကြီးလေးတဲ့အမှားကျူးလွန်ခဲ့မိတယ်ဆိုရင် အကြီးအကဲတွေထံ အကူအညီတောင်းခံသင့်တယ်။ (မ. ၅:၂၃၊ ၂၄; ယာ. ၅:၁၄၊ ၁၅) ညီအစ်ကိုကို ပြစ်မှားတာပဲဖြစ်စေ၊ ဘုရားသခင်ကိုပြစ်မှားတာပဲဖြစ်စေ ကျွန်ုပ်တို့ဘက်ကအစပြုလုပ်ဆောင်ဖို့ လိုတယ်။ ဒါက ယဇ်ပူဇော်တာနဲ့တူတယ်။ ကျွန်ုပ်တို့ဘက်က တလိုတလားလုပ်ဆောင်တဲ့အခါ ယေဟောဝါနဲ့ရော ညီအစ်ကိုနဲ့ပါ ဆက်ဆံရေးပြန်ကောင်းနိုင်ပြီး ကိုယ်ကိုယ်ကိုယ်သိတဲ့စိတ်လည်း ကြည်လင်လာမှာဖြစ်တယ်။ ဒီလိုရလဒ်ကောင်းတွေက ယေဟောဝါဟာ ကျွန်ုပ်တို့အတွက် အကောင်းဆုံးကိုသိတယ်ဆိုတဲ့အချက်ကို အခိုင်အမာယုံကြည်စိတ်ချစေတယ်။

၁၁၊ ၁၂။ (က) သင့်မြတ်ပြေငြိမ်းရာယဇ်ဆိုတာ ဘာလဲ။ (ခ) သင့်မြတ်ပြေငြိမ်းရာယဇ်ပူဇော်ခြင်းကနေ ဘာသင်ယူနိုင်သလဲ။

၁၁ မောရှေပညတ်မှာဖော်ပြထားတဲ့ တခြားယဇ်တွေကတော့ သင့်မြတ်ပြေငြိမ်းရာယဇ်တွေဖြစ်တယ်။ ဒီယဇ်တွေက လူတစ်ဦးဟာ ယေဟောဝါနဲ့ သင့်မြတ်တဲ့ဆက်ဆံရေးရှိကြောင်း ဖော်ပြတယ်။ ဒီယဇ်ကိုပူဇော်သူနဲ့ သူ့မိသားစုဟာ ယဇ်ကောင်ရဲ့အသားကို စားကြမှာဖြစ်တယ်၊ ဝတ်ပြုရာအိမ်တော်ရဲ့ စားသောက်ခန်းတွေထဲကတစ်ခန်းမှာ စားကြတာဖြစ်နိုင်တယ်။ အဲဒီတိရစ္ဆာန်ကိုပူဇော်ပေးတဲ့ ယဇ်ပုရောဟိတ်အပြင် ဝတ်ပြုရာအိမ်တော်မှာအမှုဆောင်နေတဲ့ တခြားယဇ်ပုရောဟိတ်တွေလည်း ဝေစုရကြတယ်။ (ဝတ်. ၃:၁ကဘ; ၇:၃၁-၃၃၊ ကဘ) ဒီယဇ်ကိုပူဇော်ရတဲ့အကြောင်းရင်းက ဘုရားသခင်နဲ့ကောင်းတဲ့ဆက်ဆံရေးရှိလိုတဲ့အတွက် ဖြစ်တယ်။ ဒါက ယဇ်ပူဇော်သူ၊ သူ့မိသားစု၊ ယဇ်ပုရောဟိတ်တွေနဲ့ ယေဟောဝါကိုယ်တိုင် ပျော်ရွှင်ငြိမ်သက်စွာ အတူတကွ စားသောက်တဲ့သဘောဖြစ်တယ်။

၁၂ ဒါကြောင့် သင့်မြတ်ပြေငြိမ်းရာယဇ်ပူဇော်တာက စားသောက်ဖို့ ယေဟောဝါကို ဖိတ်ခေါ်တာနဲ့တူတယ်။ ဒီဖိတ်ခေါ်ချက်ကို ယေဟောဝါလက်ခံတယ်ဆိုရင် ဒါက အစ္စရေးလူတစ်ဦးအတွက် တကယ်ဂုဏ်ယူစရာဖြစ်တယ်။ သူဟာ ယေဟောဝါကို အကောင်းတကာ့အကောင်းဆုံး ပူဇော်ချင်မှာသေချာတယ်။ သင့်မြတ်ပြေငြိမ်းရာယဇ်က မောရှေပညတ်မှာတွေ့ရတဲ့ အမှန်တရားရဲ့အသွင်အပြင်တစ်ရပ်ဖြစ်တယ်၊ ဒါက ဖန်ဆင်းရှင်နဲ့ သင့်မြတ်တဲ့ဆက်ဆံရေးရှိလိုသူအားလုံးဟာ ယေရှုရဲ့ကြီးမြတ်တဲ့ပူဇော်ရာယဇ်အားဖြင့် ရရှိနိုင်တယ်ဆိုတာ ဖော်ပြတယ်။ ဒီနေ့အချိန်မှာ ကျွန်ုပ်တို့ဘုရားသခင့်အမှုဆောင်တဲ့အခါ ကျွန်ုပ်တို့ရဲ့ပိုင်ဆိုင်ရာတွေ၊ ခွန်အားတွေကို တလိုတလားအသုံးပြုမယ်ဆိုရင် ယေဟောဝါရဲ့မိတ်ဆွေတွေဖြစ်နိုင်တယ်။

ဘုရားသခင်လက်မခံတဲ့ ပူဇော်ရာယဇ်တွေ

၁၃၊ ၁၄။ ဘုရင်ရှောလု ပူဇော်ချင်တဲ့ယဇ်တွေကို ယေဟောဝါ ဘာကြောင့်လက်မခံခဲ့တာလဲ။

၁၃ လူတစ်ဦးက တော်မှန်တဲ့သဘောထားနဲ့ ယဇ်ပူဇော်မှသာ ဒါကို ယေဟောဝါလက်ခံတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာမှာ ဘုရားသခင်လက်မခံတဲ့ ပူဇော်ရာယဇ်တွေအကြောင်းလည်း ဖော်ပြထားတယ်။ ဒီယဇ်တွေကို ကိုယ်တော်ဘာကြောင့် မနှစ်သက်တာလဲ။ အခြေအနေနှစ်ခုကို သုံးသပ်ကြည့်ကြစို့။

၁၄ အာမလက်လူတွေကို ယေဟောဝါ ဖျက်ဆီးမယ့်အချိန်ရောက်လာမယ့်အကြောင်း ဘုရင်ရှောလုကို ပရောဖက်ရှမွေလ ပြောခဲ့တယ်။ လူနဲ့တိရစ္ဆာန်တွေအားလုံးကို သတ်ပစ်ဖို့ ရှောလုကိုပြောခဲ့တယ်။ ဒါပေမဲ့ ရှောလုစစ်ပွဲမှာအနိုင်ရသွားတဲ့အခါ အာမလက်ဘုရင် အာဂတ်ကို အသက်ချမ်းသာပေးခဲ့တယ်။ ယေဟောဝါကို ယဇ်ပူဇော်ဖို့ဆိုပြီး အကောင်းဆုံးတိရစ္ဆာန်တွေကိုလည်း ချန်ထားခဲ့တယ်။ (၁ ရာ. ၁၅:၂၊ ၃၊ ၂၁) ယေဟောဝါ ဘာလုပ်ခဲ့သလဲ။ ရှောလုရဲ့မနာခံမှုကြောင့် အစ္စရေးလူမျိုးရဲ့ဘုရင်အဖြစ်ကနေ ရှောလုကို ဖယ်ရှားပစ်လိုက်တယ်။ (၁ ရာ. ၁၅:၂၂၊ ၂၃ ကိုဖတ်ပါ။) ဒီအဖြစ်အပျက်ကနေ ကျွန်ုပ်တို့ ဘာသိရသလဲ။ ဘုရားသခင့်ပညတ်ကိုနာခံမှသာ ကျွန်ုပ်တို့ရဲ့ပူဇော်ရာယဇ်တွေကို ကိုယ်တော်လက်ခံမယ်ဆိုတဲ့အချက် ဖြစ်တယ်။

၁၅။ အစ္စရေးလူမျိုးဟာ မကောင်းမှုတွေကျူးလွန်နေရင်း ယဇ်ပူဇော်ခြင်းက ဘာကိုဖော်ပြနေခြင်းဖြစ်သလဲ။

၁၅ နောက်ဥပမာတစ်ခုကို ဟေရှာယကျမ်းမှာ တွေ့ရတယ်။ ဟေရှာယအချိန်မှာရှိတဲ့ အစ္စရေးလူမျိုးဟာ အပြစ်ခွင့်လွှတ်ခံရဖို့ ယေဟောဝါထံ ယဇ်ပူဇော်ခဲ့ကြတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာ မကောင်းမှုများစွာကိုလည်း သူတို့ ဆက်ကျူးလွန်ခဲ့ကြတယ်။ ဒီအချက်က သူတို့တွေဟာ အယောင်ဆောင်သမားတွေဖြစ်ကြောင်း ဖော်ပြတယ်။ ယေဟောဝါက သူတို့ကို “သင်တို့ပူဇော်တဲ့ယဇ်ကောင်အများကြီးက ငါ့အတွက် ဘာအကျိုးရှိမှာလဲ” လို့မေးခဲ့တယ်။ ကိုယ်တော် သူတို့ကို ဒီလိုပြောတယ်– “သိုးထီးတွေကိုတစ်ကောင်လုံးမီးရှို့တဲ့ ပူဇော်သကာတွေ၊ ဆူဖြိုးတဲ့တိရစ္ဆာန်အဆီတွေနဲ့ ငါဝနေပြီ။ နွားထီးပျိုတွေ၊ သိုးသငယ်အထီးတွေနဲ့ ဆိတ်ထီးတွေရဲ့အသွေးကိုလည်း ငါမကြိုက်ဘူး။” ဒီလိုလည်း ဆက်ပြောပြန်တယ်– “တန်ဖိုးမရှိတဲ့ကောက်နှံပူဇော်သကာတွေကို မယူလာနဲ့တော့။ နံ့သာပေါင်းကို ငါရွံရှာတယ်။” ကိုယ်တော် ဘာကြောင့်သူတို့ရဲ့ပူဇော်ရာယဇ်တွေကို လက်မခံခဲ့တာလဲ။ ဘုရားသခင်ဒီလိုပြောတယ်– “သင်တို့ အကြိမ်ကြိမ်ဆုတောင်းပေမဲ့ ငါနားမထောင်ဘူး။ သင်တို့လက်တွေက သွေးသွန်းမှုတွေနဲ့ပြည့်နေတယ်။ ကိုယ့်ကိုယ်ကိုယ် ဆေးကြောပါ။ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းစေပါ။ သင်တို့ပြုကျင့်နေတဲ့မကောင်းမှုတွေကို ငါ့မျက်စိရှေ့ကနေ ဖယ်ရှားပါ။ မကောင်းတာတွေကို မလုပ်နဲ့တော့။”—ဟေရှာ. ၁:၁၁-၁၆ကဘ။

၁၆။ ဘယ်ပူဇော်ရာယဇ်တွေကို ဘုရားသခင်လက်ခံသလဲ။

၁၆ မကောင်းမှုကို ဆက်ကျူးလွန်နေသူတွေရဲ့ ပူဇော်ရာယဇ်ကို ယေဟောဝါ လက်မခံခဲ့ဘူး။ ဒါပေမဲ့ ကိုယ်တော့်ပညတ်တွေကိုနာခံဖို့ အတတ်နိုင်ဆုံးလုပ်ဆောင်သူတွေရဲ့ ဆုတောင်းချက်နဲ့ ပူဇော်ရာယဇ်တွေကိုတော့ ကိုယ်တော်လက်ခံတယ်။ မောရှေပညတ်မှာပါတဲ့ အမှန်တရားရဲ့အသွင်အပြင်က သူတို့တွေဟာ အပြစ်ရှိကြောင်း၊ ယေဟောဝါရဲ့ ခွင့်လွှတ်မှုခံရဖို့လိုကြောင်း သင်ပေးတယ်။ (ဂလ. ၃:၁၉) ပညတ်တရားကသင်ပေးတာကို အစ္စရေးလူတစ်ဦး နားလည်သဘောပေါက်လာတဲ့အခါ သူ့အပြစ်တွေအတွက် ဝမ်းနည်းကြေကွဲပြီး ယေဟောဝါရဲ့ခွင့်လွှတ်မှုကို ရလိုမှာဖြစ်တယ်။ ဒီနေ့အချိန်မှာလည်း ခရစ်တော်ရဲ့ပူဇော်ရာယဇ်အားဖြင့်သာ ကျွန်ုပ်တို့ရဲ့အပြစ်တွေကို ယေဟောဝါ ခွင့်လွှတ်ပေးနိုင်တယ်ဆိုတဲ့အချက်ကို သတိရဖို့လိုတယ်။ ခရစ်တော်ရဲ့ ပူဇော်ရာယဇ်ရဲ့အရေးပါမှုကို နားလည်သဘောပေါက်ပြီး အဲဒီအတွက် တကယ်ကျေးဇူးတင်လေးမြတ်တယ်ဆိုရင် ယေဟောဝါရဲ့အမှုတော်ဆောင်ရာမှာ ကျွန်ုပ်တို့လုပ်ဆောင်လေသမျှကို ကိုယ်တော်နှစ်သက်မှာဖြစ်တယ်။—ဆာလံ ၅၁:၁၇၊ ၁၉ ကိုဖတ်ပါ။

ယေရှုရဲ့ပူဇော်ရာယဇ်ကို ယုံကြည်ကြောင်းတင်ပြပါ

၁၇-၁၉။ (က) ယေရှုရဲ့ရွေးနုတ်ဖိုးပူဇော်ရာယဇ်အတွက် ယေဟောဝါကို ကျေးဇူးတင်ကြောင်း ကျွန်ုပ်တို့ ဘယ်လိုဖော်ပြနိုင်သလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာအကြောင်းလေ့လာကြမလဲ။

၁၇ အစ္စရေးလူမျိုးဟာ ဘုရားသခင့်ရည်ရွယ်ချက်ရဲ့ “ပုံရိပ်” ကိုသာ မြင်တွေ့ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ကတော့ အစစ်အမှန်ကို မြင်တွေ့ရတယ်။ (ဟေဗြဲ ၁၀:၁) ပူဇော်ရာယဇ်တွေနဲ့ပတ်သက်တဲ့ ပညတ်တွေက အစ္စရေးလူမျိုး ဘုရားသခင်နဲ့ကောင်းတဲ့ဆက်ဆံရေးရှိဖို့ ဘာလုပ်ရမယ်ဆိုတာ သင်ပေးခဲ့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်လေးမြတ်ကြောင်းတင်ပြဖို့၊ သူတို့မှာရှိတဲ့ အကောင်းဆုံးအရာတွေကို ပေးလိုတဲ့ဆန္ဒရှိဖို့နဲ့ ကိုယ်တော့်ခွင့်လွှတ်မှုကို သူတို့လိုအပ်ကြောင်း နားလည်ဖို့လိုတယ်။ ယနေ့ ယေရှုရဲ့ရွေးနုတ်ဖိုးပူဇော်ရာယဇ်အားဖြင့် ယေဟောဝါက အပြစ်နဲ့သေခြင်းကို ထာဝစဉ်ဖယ်ရှားမှာဖြစ်ကြောင်း ခရစ်ယာန်ဂရိကျမ်းစောင်တွေအားဖြင့် ကျွန်ုပ်တို့ သိရတယ်။ ရွေးနုတ်ဖိုးအားဖြင့် ကျွန်ုပ်တို့ရဲ့အပြစ်တွေကို ကိုယ်တော်ခွင့်လွှတ်ပေးနိုင်တယ်၊ ဒါကြောင့် အခုအချိန်မှာတောင် ကြည်လင်တဲ့ကိုယ်ကိုယ်ကိုယ်သိတဲ့စိတ်ကို ရရှိနိုင်တယ်။ ရွေးနုတ်ဖိုးက ယေဟောဝါထံကရတဲ့ အံ့ဖွယ်ဆုကျေးဇူးတစ်ခုဖြစ်တယ်။—ဂလ. ၃:၁၃; ဟေဗြဲ ၉:၉၊ ၁၄

၁၈ ရွေးနုတ်ဖိုးကနေ အကျိုးခံစားရဖို့ ရွေးနုတ်ဖိုးရဲ့အဓိပ္ပာယ်ကို နားလည်ရုံထက်မက လိုအပ်တယ်။ ပေါလု ဒီလိုရေးခဲ့တယ်– “ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေမည်အကြောင်း ပညတ်တရားသည် ငါတို့ကို ခရစ်တော်ထံ ပို့ဆောင်ပေးသော ငါတို့၏အထိန်း ဖြစ်လာပြီ။” (ဂလ. ၃:၂၄) ကျွန်ုပ်တို့က ယုံကြည်ခြင်းကို လုပ်ရပ်နဲ့တင်ပြရမှာဖြစ်တယ်။ (ယာ. ၂:၂၆) ပထမရာစုအချိန်က ဂျူးခရစ်ယာန်တွေဟာ မောရှေရဲ့ပညတ်ကိုသိထားလို့ အမှန်တရားရဲ့အသွင်အပြင်ကို နားလည်ခဲ့ကြတယ်။ ပညတ်တရားကနေ သင်ယူသိရှိခဲ့တဲ့အတိုင်း လုပ်ဆောင်ဖို့ သူတို့ကို ပေါလုအားပေးခဲ့တယ်။ ဒီလိုနည်းနဲ့ သူတို့ဟာ တခြားသူတွေကို သူတို့သင်ပေးတဲ့ အမှန်တရားအတိုင်း အသက်ရှင်နေထိုင်နိုင်ကြမှာဖြစ်တယ်။—ရောမ ၂:၂၁-၂၃ ကိုဖတ်ပါ။

၁၉ မောရှေရဲ့ပညတ်ကို ကျွန်ုပ်တို့စောင့်ထိန်းဖို့ မလိုအပ်တော့ပေမဲ့ ယေဟောဝါနှစ်သက်တဲ့ယဇ်တွေကိုတော့ ပူဇော်နေရဆဲဖြစ်တယ်။ ဘယ်လိုပူဇော်နိုင်တယ်ဆိုတာကို နောက်ဆောင်းပါးမှာ လေ့လာကြမယ်။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၇ ပါအကျဉ်းဖော်ပြချက်]

မိမိလူမျိုးထံကနေ ယေဟောဝါတောင်းဆိုတဲ့ အခြေခံတောင်းဆိုချက်တွေက ဘယ်တော့မှမပြောင်းလဲ

[စာမျက်နှာ ၁၈ ပါရုပ်ပုံ]

ဘယ်အကောင်ကို သင် ပူဇော်မလဲ

[စာမျက်နှာ ၁၉ ပါရုပ်ပုံ]

ယေဟောဝါလက်ခံတဲ့ယဇ်တွေကို ပူဇော်သူတွေက ကိုယ်တော့်မျက်နှာသာရ