မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့ရဲ့စိတ်ကို အဆိပ်သင့်စေနိုင်တဲ့ သဘောထားတစ်ခု မနာလိုမှု

ကျွန်ုပ်တို့ရဲ့စိတ်ကို အဆိပ်သင့်စေနိုင်တဲ့ သဘောထားတစ်ခု မနာလိုမှု

ကျွန်ုပ်တို့ရဲ့စိတ်ကို အဆိပ်သင့်စေနိုင်တဲ့ သဘောထားတစ်ခု မနာလိုမှု

နပိုလီယံ ဘိုနာပတ်မှာ ရှိခဲ့တယ်။ ဂျူးလီယက်စ် ဆီဇာမှာလည်း ရှိခဲ့တယ်။ မဟာအလက်ဇန္ဒြားမှာလည်း ရှိခဲ့တယ်။ ဩဇာအာဏာ၊ ဂုဏ်သတင်းကျော်စောမှုတွေကို သူတို့ပိုင်ဆိုင်ခဲ့ပေမဲ့ ဒီလူတွေရဲ့စိတ်ထဲမှာ အဆိပ်သင့်စေတဲ့သဘောထားတစ်ခု ကိန်းအောင်းခဲ့တယ်။ သူတို့သုံးဦးစလုံးက တခြားတစ်ယောက်ယောက်ကို မနာလိုဖြစ်ခဲ့ကြတယ်။

“နပိုလီယံ ဘိုနာပတ်က ဆီဇာကို မနာလိုဖြစ်ခဲ့တယ်၊ ဆီဇာက [မဟာ] အလက်ဇန္ဒြားကို မနာလိုဖြစ်ခဲ့တယ်၊ အလက်ဇန္ဒြားကလည်း တကယ်မရှိတဲ့ ဟာကျူလီကို မနာလိုဖြစ်ခဲ့မယ်ဆိုတာ ကျွန်တော်ပြောရဲတယ်” ဆိုပြီး အင်္ဂလိပ်အတွေးအခေါ်ပညာရှင် ဘာထရန်ဒ် ရပ်ဆဲလ် ရေးခဲ့တယ်။ ဘယ်လောက်ပဲ ကျိကျိတက်ချမ်းသာနေပါစေ၊ ဘယ်လောက်ပဲ အစွမ်းအစတွေရှိနေပါစေ၊ ဘယ်လောက်ပဲ အောင်မြင်ကျော်ကြားနေပါစေ လူတိုင်းမှာ မနာလိုဖြစ်တဲ့သဘောရှိနိုင်တယ်။

မနာလိုမှုဆိုတာက တခြားသူတွေရဲ့ပိုင်ဆိုင်ရာ၊ ကြီးပွားမှု၊ အကျိုးအမြတ် စတဲ့အရာတွေကြောင့် မကျေမချမ်းဖြစ်ခြင်း ဖြစ်တယ်။ ကျမ်းအကိုးအကားတစ်ခုက မနာလိုမှုနဲ့ပတ်သက်ပြီး ဒီလိုရှင်းပြတယ်– မနာလိုမှုဆိုတာက တခြားသူတွေမှာရှိသလို ကိုယ်လည်းရှိချင်တဲ့ဆန္ဒဖြစ်ပြီး တခြားသူတွေရဲ့ပိုင်ဆိုင်မှုအပေါ် မရှုဆိတ်တဲ့သဘောဖြစ်တယ်။ တစ်ခါတလေ တခြားသူတွေရဲ့ပိုင်ဆိုင်ရာကို မနာလိုအားကျရုံသာမဟုတ်ဘဲ အဲဒါတွေကို သူတို့ဆီကနေ ယူလိုက်ချင်တဲ့စိတ်ရှိတယ်။

ကျွန်ုပ်တို့အထဲမှာ မနာလိုမှု ဘယ်လိုစတင်ဖြစ်ပေါ်နိုင်ပြီး မနာလိုမှုရဲ့အကျိုးဆက်တွေက ဘာတွေလဲဆိုတာသုံးသပ်ခြင်းက ပညာရှိရာရောက်တယ်။ အထူးသဖြင့် မနာလိုမှုရဲ့ကြိုးကိုင်မှုအောက် မကျရောက်သွားဖို့ ဘာတွေလုပ်ဆောင်နိုင်တယ်ဆိုတာ သိထားဖို့လိုတယ်။

မနာလိုမှုကို မီးထိုးယပ်ခတ်ပေးတဲ့ စိတ်ဓာတ်

မစုံလင်တဲ့လူသားတွေမှာ “ငြူစူစိတ်” ဒါမှမဟုတ် မနာလိုစိတ်ရှိပြီး အကြောင်းရင်းအမျိုးမျိုးက ဒီသဘောထားကို ပြင်းထန်လာအောင် ပြုလုပ်နိုင်တယ်။ (ယာ. ၄:၅) တမန်တော်ပေါလုက အဲဒီအကြောင်းရင်းတွေထဲကတစ်ခုအကြောင်း ဒီလိုရေးသားခဲ့တယ်– ‘တစ်ကိုယ်ကောင်းဆန်ခြင်း၊ အချင်းချင်း ပြိုင်ဆိုင်ခြင်း၊ အချင်းချင်း မနာလိုငြူစူခြင်း မပြုဘဲနေကြစို့။’ (ဂလ. ၅:၂၆) အပြိုင်အဆိုင်စိတ်ဓာတ်က မစုံလင်သူတွေမှာရှိတဲ့ မနာလိုတဲ့သဘောကို ပိုဆိုးစေနိုင်တယ်။ ခိုင်ခိုင်နဲ့ အောင်နိုင် *ဆိုတဲ့ ခရစ်ယာန်နှစ်ဦးက ဒီအချက်မှန်ကန်တယ်ဆိုတာ တွေ့ရှိခဲ့တယ်။

မှန်မှန်ရှေ့ဆောင်တစ်ဦးဖြစ်တဲ့ ခိုင်ခိုင် ဒီလိုပြောတယ်– “ကျွန်မ တစ်ခါတလေ တခြားသူတွေကိုကြည့်ပြီး မနာလိုဖြစ်မိတယ်။ သူတို့မှာရှိတာ ငါ့မှာမရှိပါလားဆိုပြီး နှိုင်းယှဉ်မိတယ်။” တစ်ခါတုန်းက ခိုင်ခိုင်ဟာ နယ်လှည့်လုပ်ငန်းမှာပါဝင်နေတဲ့ မောင်နှံစုံနဲ့ အတူစားသောက်နေတယ်။ ခိုင်ခိုင်နဲ့ သူ့ခင်ပွန်း ကိုကျော်ဦးတို့ဟာ နယ်လှည့်ကြီးကြပ်မှူးဇနီးမောင်နှံနဲ့ သက်တူရွယ်တူဖြစ်ပြီး တစ်ချိန်တုန်းက အသင်းတော်မှာ တာဝန်အတူတူရခဲ့တာကို ခိုင်ခိုင် သတိထားမိတယ်၊ ဒါနဲ့ သူဒီလိုပြောလိုက်တယ်– “ကျွန်မရဲ့ခင်ပွန်းလည်း အကြီးအကဲပဲ၊ ရှင်တို့ကျတော့ နယ်လှည့်လုပ်ငန်းမှာပါဝင်ခွင့်ရပြီး ကျွန်မတို့ကျတော့ ဘာကြောင့် ပါဝင်ခွင့်မရတာလဲ။” မနာလိုမှုမီးတောက်ကို အပြိုင်အဆိုင်စိတ်ဓာတ်က မီးထိုးယပ်ခတ်ပေးလိုက်တယ်၊ ဒါနဲ့ ခိုင်ခိုင်က သူနဲ့သူ့ခင်ပွန်းလုပ်ဆောင်နေတဲ့ အလုပ်မွန်တွေကိုတောင် မမြင်နိုင်တော့ဘဲ ကိုယ့်ဘဝကိုယ် မကျေမနပ်ဖြစ်လာတယ်။

အောင်နိုင်က ခရစ်ယာန်ဓမ္မအမှုထမ်း ဖြစ်ချင်တယ်။ သူခန့်အပ်မခံရတဲ့အခါ ခန့်အပ်ခံရသူတွေကို မနာလိုဖြစ်ပြီး အကြီးအကဲအဖွဲ့ရဲ့ညှိ နှိုင်းရေးမှူးအပေါ် အမြင်စောင်းလာတယ်။ “မနာလိုမှုကြောင့် အဲဒီညီအစ်ကိုကို ကျွန်တော် မျက်မုန်းကျိုးလာပြီး သူ့ရဲ့စေတနာကို အထင်လွဲခဲ့တယ်” လို့ အောင်နိုင်ဝန်ခံခဲ့တယ်။ “မနာလိုမှုက သင့်ဘဝကိုကြိုးကိုင်လာတဲ့အခါ သင်ဟာ ကိုယ့်အရေးကိုပဲ အာရုံစိုက်လာပြီး ကိစ္စရပ်တွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ဘူး” လို့ အောင်နိုင်ကပြောတယ်။

ကျမ်းစာပါပုံနမူနာတွေက သင်ပေးရာများ

သမ္မာကျမ်းစာမှာ သတိပေးပုံနမူနာ အများကြီးပါတယ်။ (၁ ကော. ၁၀:၁၁) အဲဒီအထဲကတချို့ပုံနမူနာတွေက မနာလိုမှု ဘယ်လို ကြီးထွားလာတယ်ဆိုတာ ဖော်ပြရုံသာမက မနာလိုမှုရဲ့ထိန်းချုပ်ခြင်းကို ခံလိုက်သူတွေရဲ့ဘဝမှာ ဒါက ဘယ်လိုအဆိပ်သင့်စေခဲ့တယ်ဆိုတာကိုပါ ဖော်ပြတယ်။

ဥပမာ၊ အာဒံနဲ့ဧဝတို့ရဲ့သားဦး ကာဣနက သူ့ရဲ့ယဇ်ကို ယေဟောဝါလက်မခံဘဲ ညီအာဗေလရဲ့ယဇ်ကို လက်ခံတဲ့အခါ အမျက်ထွက်ခဲ့တယ်။ ကာဣနက သူ့အမှားကို အချိန်မီပြုပြင်လိုက်လို့ရပေမဲ့ မနာလိုမှုကြောင့် ဘာကိုမှမမြင်တော့ဘဲ ညီဖြစ်သူကို သတ်ပစ်လိုက်တယ်။ (က. ၄:၄-၈) ဒါကြောင့် သမ္မာကျမ်းစာမှာ ကာဣနကို “ဆိုးညစ်သူ” စာတန်နဲ့စပ်ဆိုင်သူအဖြစ် ဖော်ပြထားတာ အံ့ဩစရာမဟုတ်ဘူး။—၁ ယော. ၃:၁၂

ယောသပ်ရဲ့အစ်ကိုဆယ်ဦးက သူတို့ဖခင်နဲ့ယောသပ်အကြားမှာရှိတဲ့ အထူးဆက်ဆံရေးကြောင့် ယောသပ်ကို မနာလိုဖြစ်ခဲ့ကြတယ်။ ယောသပ်က သူ့ရဲ့ပရောဖက်ပြုချက်အိပ်မက်တွေအကြောင်း အစ်ကိုတွေကိုပြောပြတဲ့အခါ သူတို့ရဲ့မုန်းတီးစိတ်က ပိုပြင်းထန်လာတယ်။ ယောသပ်ကို သတ်ပစ်ချင်တဲ့အထိ ဖြစ်လာတယ်။ နောက်ဆုံးမှာ ယောသပ်ကို ကျွန်အဖြစ်ရောင်းစားလိုက်ပြီး ယောသပ်သေသွားပြီလို့ ဖခင်ကို ကလိမ်ဉာဏ်ဆင်၊ အယုံသွင်းပြောဆိုခဲ့ကြတယ်။ (က. ၃၇:၄-၁၁၊ ၂၃-၂၈၊ ၃၁-၃၃) နှစ်များစွာကြာပြီးတဲ့နောက် သူတို့အချင်းချင်း ဒီလိုပြောပြီး သူတို့ရဲ့အပြစ်ကို ဝန်ခံခဲ့ကြတယ်– “ငါတို့သည် ညီ၏အမှု၌ အပြစ်ကြီးကြ၏။ သူသည် ငါတို့ကိုတောင်းပန်သောအခါ သူ့စိတ်ဆင်းရဲခြင်းကို ငါတို့သည်မြင်လျက်နှင့် နားမထောင်ဘဲနေကြ၏။”—က. ၄၂:၂၁; ၅၀:၁၅-၁၉

ကောရ၊ ဒါသန်နဲ့ အဘိရံတို့ဟာ မိမိတို့ရထားတဲ့ အခွင့်အရေးကို မောရှေနဲ့အာရုန်ရထားတဲ့ အခွင့်အရေးနဲ့ နှိုင်းယှဉ်တဲ့အခါ မနာလိုစိတ်ဝင်လာတယ်။ သူတို့တွေက မောရှေကို တခြားသူတွေရဲ့အထက်မှာ ကိုယ့်ကိုယ်ကိုယ်ချီးမြှောက်၊ “မင်း” လုပ်နေတယ်ဆိုပြီး စွပ်စွဲပြောဆိုခဲ့တယ်။ (တော. ၁၆:၁၃) ဒီလိုစွပ်စွဲတာ မှားတယ်။ (တော. ၁၁:၁၄၊ ၁၅) မောရှေကို ယေဟောဝါကိုယ်တိုင် ခန့်အပ်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ဒီပုန်ကန်သူတွေက မောရှေရဲ့အခွင့်အရာကို မနာလိုဖြစ်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့ သူတို့ရဲ့မနာလိုမှုကြောင့် ယေဟောဝါရဲ့လက်တော်မှာ မရှုမလှဇာတ်သိမ်းခဲ့ရတယ်။—ဆာ. ၁၀၆:၁၆၊ ၁၇

မနာလိုမှုက ဘယ်အတိုင်းအတာအထိ ဖြစ်သွားနိုင်တယ်ဆိုတာကို ဘုရင်ရှောလမုန် ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်။ အမျိုးသမီးတစ်ယောက်က သေနေတဲ့ သူ့ရဲ့မွေးကင်းစကလေးဟာ တခြားတစ်ယောက်ရဲ့ကလေးပါလို့ လိမ်ညာဖို့ကြိုးစားခဲ့တယ်။ ဒီအမှုကို ရှောလမုန်စစ်ဆေးတဲ့အခါ အသက်ရှင်နေတဲ့ကလေးကို သတ်ပစ်လိုက်မယ်ဆိုတဲ့ စီရင်ချက်ကိုတောင် လိမ်ညာတဲ့အမျိုးသမီးက သဘောတူခဲ့တယ်။ ဒါပေမဲ့ ရှောလမုန်က အဖြစ်မှန်ကိုသိမြင်ခဲ့ပြီး ကလေးကို မိခင်ရင်းထံပြန်ပေးခဲ့တယ်။—၃ ရာ. ၃:၁၆-၂၇

မနာလိုမှုက ဆိုးကျိုးတွေကို ခံစားရစေနိုင်တယ်။ အထက်ပါကျမ်းစာပုံနမူနာတွေက ဖော်ပြတဲ့အတိုင်း မနာလိုမှုက မုန်းတီးမှု၊ မတရားမှုနဲ့ လူသတ်မှုတွေ ဖြစ်စေနိုင်တယ်။ ဒါ့အပြင် အထက်ပါအခြေအနေတစ်ခုစီကိုပြန်ကြည့်ရင် မနာလိုဖြစ်ခံရသူတွေဟာ မကောင်းတာ ဘာမှမလုပ်ခဲ့ဘူး။ ကျွန်ုပ်တို့ရဲ့ဘဝမှာ မနာလိုမှုရဲ့ထိန်းချုပ်ခြင်းမခံရအောင် ဘာလုပ်နိုင်သလဲ။ မနာလိုမှုကိုဖျောက်ဖျက်ဖို့ ဘာတွေလုပ်ဆောင်နိုင်သလဲ။

အစွမ်းထက်တဲ့ ဖြေဆေးတွေ

မေတ္တာနဲ့ ညီရင်းအစ်ကိုချစ်ခင်စုံမက်မှုကို မွေးမြူပါ။ တမန်တော်ပေါလုက ခရစ်ယာန်တွေကို ဒီလိုတိုက်တွန်းခဲ့တယ်– “ယခု သင်တို့သည် ဟန်ဆောင်မှုမရှိဘဲ ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်စုံမက်ခြင်းနှင့်တကွ အမှန်တရားကို နာခံခြင်းဖြင့် သင်တို့ကိုယ်ကို စင်ကြယ်စေပြီဖြစ်ရာ အချင်းချင်း စိတ်နှလုံးထဲမှ နက်ရှိုင်းစွာ ချစ်ကြလော့။” (၁ ပေ. ၁:၂၂) မေတ္တာဆိုတာ ဘာကိုပြောတာလဲ။ တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– “မေတ္တာသည် စိတ်ရှည်တတ်၏၊ ကြင်နာတတ်၏။ မေတ္တာသည် မနာလိုခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။ မလျောက်ပတ်စွာ မကျင့်တတ်။ ကိုယ့်အကျိုးကို မရှာတတ်။” (၁ ကော. ၁၃:၄၊ ၅) ကျွန်ုပ်တို့က တခြားသူတွေကို ဒီလိုမေတ္တာမျိုးနဲ့ချစ်မယ်ဆိုရင် မနာလိုတဲ့သဘောကို ထိန်းချုပ်နိုင်ပါလိမ့်မယ်။ (၁ ပေ. ၂:၁) ယောနသန်က ဒါဝိဒ်ကို မနာလိုဖြစ်မယ့်အစား ‘ကိုယ့်ကိုယ်ကိုယ်ချစ်သလိုချစ်’ ခဲ့တယ်။—၁ ရာ. ၁၈:၁

ဘုရားသခင်ကိုကြောက်ရွံ့သူတွေနဲ့ ပေါင်းသင်းပါ။ ဆာလံ ၇၃ ကိုရေးစပ်ခဲ့သူက ဘဝမှာအပူအပင်မရှိ ဇိမ်ကျနေတဲ့လူဆိုးတွေကိုကြည့်ပြီး မနာလိုဖြစ်ခဲ့တယ်။ ဒါပေမဲ့ “ဘုရားသခင်၏သန့်ရှင်းရာဌာနထဲ” သွားလိုက်တဲ့အခါ သူ့ရဲ့မနာလိုစိတ်ကို ဖျောက်ဖျက်နိုင်ခဲ့တယ်။ (ဆာ. ၇၃:၃-၅၊ ၁၇) ဆာလံကျမ်းကိုစပ်ဆိုသူဟာ ယုံကြည်သူချင်းတွေနဲ့ပေါင်းသင်းတဲ့အခါ “ဘုရားသခင့်ထံတော်သို့ချဉ်းကပ်” ခြင်းကနေရရှိတဲ့ ကောင်းချီးတွေကို သိမြင်လာတယ်။ (ဆာ. ၇၃:၂၈) ခရစ်ယာန်အစည်းအဝေးတွေမှာ ယုံကြည်သူချင်းတွေနဲ့ ပုံမှန်ပေါင်းသင်းမယ်ဆိုရင် ကျွန်ုပ်တို့လည်း အလားတူဖြစ်နိုင်ပါတယ်။

ကောင်းတာကိုလုပ်ပါ။ ကာဣနရဲ့စိတ်ထဲမှာ မနာလိုမှုနဲ့ မုန်းတီးမှု ကြီးထွားနေတာကို ဘုရားသခင်တွေ့မြင်တဲ့အခါ “ကောင်းတာလုပ်” ပါဆိုပြီး သူ့ကိုပြောခဲ့တယ်။ (က. ၄:၇ကဘ) ခရစ်ယာန်တွေအဖို့ “ကောင်းတာလုပ်” ခြင်းမှာ ဘာပါဝင်သလဲ။ ‘ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံး ချစ်ပါ။ လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်ပါ’ လို့ ကျွန်ုပ်တို့ကို ယေရှုပြောခဲ့တယ်။ (မ. ၂၂:၃၇-၃၉) ယေဟောဝါနဲ့ တခြားသူတွေအတွက် အမှုဆောင်တာက ကျွန်ုပ်တို့ဘဝရဲ့ အရေးအကြီးဆုံးအလုပ်ဖြစ်မယ်ဆိုရင် ကျေနပ်မှုခံစားရမှာဖြစ်တယ်၊ ဒီကျေနပ်မှုက မနာလိုမှုကိုဖျောက်ဖျက်ဖို့အတွက် အစွမ်းထက်တဲ့ ဖြေဆေးတစ်လက်ပဲ။ သတင်းကောင်းဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ အဓိပ္ပာယ်ရှိရှိပါဝင်ခြင်းက ဘုရားသခင်နဲ့ လူသားချင်းအတွက် အမှုဆောင်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်တယ်၊ ဒါက “ယေဟောဝါရဲ့ကောင်းချီး” ကို ခံစားရစေတယ်။—သု. ၁၀:၂၂ကဘ။

“ဝမ်းမြောက်သောသူတို့နှင့်အတူ ဝမ်းမြောက်ကြလော့။” (ရော. ၁၂:၁၅) တပည့်တွေရဲ့အောင်မြင်မှုအတွက် ယေရှု ဝမ်းမြောက်ခဲ့တယ်၊ ဟောပြောခြင်းလုပ်ငန်းမှာ ကိုယ်တော်လုပ်ဆောင်နိုင်တာထက် သူတို့က ပိုပြီးတော့တောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ပြောခဲ့တယ်။ (လု. ၁၀:၁၇၊ ၂၁; ယော. ၁၄:၁၂) ယေဟောဝါရဲ့ကျေးကျွန်တွေအဖြစ်စည်းလုံးနေတဲ့ ကျွန်ုပ်တို့ဟာ တစ်ဦးတစ်ယောက်အောင်မြင်တဲ့အခါ အားလုံး ထပ်တူထပ်မျှဝမ်းမြောက်ကြတယ်။ (၁ ကော. ၁၂:၂၅၊ ၂၆) တခြားသူတွေ ကြီးလေးတဲ့တာဝန်ရရှိတဲ့အခါ ကျွန်ုပ်တို့က မနာလိုဖြစ်မယ့်အစား ဝမ်းမြောက်သင့်တယ်မဟုတ်လား။

လွယ်တော့မလွယ်ဘူး

မနာလိုမှုကို တိုက်ထုတ်ဖို့ အချိန်အတော်ကြာနိုင်တယ်။ ခိုင်ခိုင် ဒီလိုဝန်ခံခဲ့တယ်– “ကျွန်မမှာ မနာလိုတဲ့သဘောထား ရှိနေသေးတယ်။ ကျွန်မ ဒီသဘောထားကို မုန်းပေမဲ့ ဆက်ရှိနေသေးတဲ့အတွက် ဒါကိုမပြတ်တွန်းလှန်နေရတယ်။” အောင်နိုင်လည်း အလားတူတွန်းလှန်ခဲ့ရတယ်။ သူ ဒီလိုပြောပြတယ်– “အကြီးအကဲအဖွဲ့ရဲ့ညှိ နှိုင်းရေးမှူးမှာရှိတဲ့ အရည်အသွေးကောင်းတွေကို တန်ဖိုးထားလေးမြတ်တတ်လာအောင် ယေဟောဝါ ကျွန်တော့်ကို ကူညီပေးခဲ့တယ်။ ယေဟောဝါနဲ့ဆက်ဆံရေးကောင်းရှိခြင်းက တန်ဖိုးမဖြတ်နိုင်တဲ့အရာပဲ။”

“လူ့ဇာတိနှင့်ဆိုင်သောအကျင့်များ” ထဲကတစ်ခုဖြစ်တဲ့ မနာလိုမှုက ခရစ်ယာန်တိုင်း တိုက်ထုတ်ရမယ့်အရာဖြစ်တယ်။ (ဂလ. ၅:၁၉-၂၁) မနာလိုမှုရဲ့ကြိုးကိုင်ထိန်းချုပ်မှုမခံခြင်းအားဖြင့် ကျွန်ုပ်တို့ဘဝမှာ ပိုပျော်ရွှင်နိုင်ပြီး ကောင်းကင်ခမည်းတော်ယေဟောဝါရဲ့ မျက်နှာသာကို ရရှိစေနိုင်တယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 အမည်များကိုပြောင်းထား။

[စာမျက်နှာ ၁၇ ပါလေးထောင့်ကွက်နှင့် ရုပ်ပုံ]

“ဝမ်းမြောက်သောသူတို့နှင့်အတူ ဝမ်းမြောက်ကြလော့။”