မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့် တရားစကားကို သူတို့ ရဲစွမ်းသတ္တိရှိရှိ ဟောပြောခဲ့ကြ

ဘုရားသခင့် တရားစကားကို သူတို့ ရဲစွမ်းသတ္တိရှိရှိ ဟောပြောခဲ့ကြ

ဘုရားသခင့် တရားစကားကို သူတို့ ရဲစွမ်းသတ္တိရှိရှိ ဟောပြောခဲ့ကြ

ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ရဲစွမ်းသတ္တိရှိဖို့လိုတယ်။ ဘုရားသခင်၏နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ်သက်သေခံလော့’ စာအုပ်နဲ့ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ စာအုပ်မှာ ဖော်ပြထားတဲ့အတိုင်း စစ်မှန်တဲ့ခရစ်ယာန်တွေဟာ ဒီအရည်အသွေးကို တင်ပြခဲ့ကြတယ်။ ပထမရာစုက ယုံကြည်သူချင်းတွေလိုပဲ ကျွန်ုပ်တို့ဟာ ကိုယ်တော့်စွမ်းအားတော်ရဖို့နဲ့ ကိုယ်တော့်တရားစကားကို ရဲရဲရင့်ရင့်ဟောပြောနိုင်ဖို့ ဆုတောင်းကြတယ်။—တ. ၄:၂၃-၃၁

ပထမကမ္ဘာစစ်အတွင်း ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး ညီအစ်ကိုတစ်ဦး ဒီလိုရေးခဲ့တယ်– “ဘုရားသခင့်ကျေးကျွန်တွေဟာ ကျမ်းစာမှလေ့လာစရာများ စာအုပ်တွဲထဲက ခုနစ်အုပ်မြောက်ဖြစ်တဲ့ ပြီးဆုံးလေသောနက်နဲရာဆိုတဲ့စာအုပ်ကို အားတက်သရော ဝေငှခဲ့ကြတယ်။ အဲဒီအချိန်တုန်းက ထုတ်ဝေခဲ့တဲ့စာအုပ်တွေထဲမှာ စောင်ရေအများဆုံးဖြစ်တယ်။ နိုင်ငံတော်သတင်း နံပါတ် ၁ ကို ၁၉၁၈ ခုနှစ်မှာ ထုတ်ဝေခဲ့တယ်။ အဲဒီနောက် ပြီးဆုံးလေသောနက်နဲရာ စာအုပ်ကို အာဏာပိုင်တွေ ဘာကြောင့်ပိတ်ပင်တယ်ဆိုတာ ရှင်းပြတဲ့ နိုင်ငံတော်သတင်း နံပါတ် ၂ ကိုထုတ်ဝေခဲ့တယ်။ အဲဒီနောက် နိုင်ငံတော်သတင်း နံပါတ် ၃ ကို ဆက်ထုတ်ဝေခဲ့တယ်။ ဒီစာပေတွေကို တည်ကြည်တဲ့ကျေးကျွန်အတန်းအစားက ကျယ်ကျယ်ပြန့်ပြန့် ဝေငှခဲ့တယ်။ နိုင်ငံတော်သတင်းတွေကို ဝေငှဖို့ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ လိုအပ်ခဲ့တယ်။

ယနေ့ ကြေညာသူအသစ်တွေဟာ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ဖို့ လေ့ကျင့်ခံရလေ့ရှိတယ်၊ ဒါပေမဲ့ အရင်တုန်းက အဲဒီလိုမဟုတ်ခဲ့ဘူး။ ၁၉၂၂ ခုနှစ်မှာ ပထမဆုံး လယ်ကွင်းလုပ်ငန်းမှာပါဝင်ခဲ့တဲ့ အတွေ့အကြုံနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံက ပိုလန်လူမျိုးညီအစ်ကိုတစ်ဦး ဒီလိုရေးခဲ့တယ်– “စာပေတွေကို ဘယ်လို ဝေငှရမယ်ဆိုတာ မသိသလို အင်္ဂလိပ်စကားလည်း ကောင်းကောင်းမပြောတတ်တဲ့ ကျွန်တော် တစ်ယောက်တည်း ဆေးခန်းတစ်ခုရှေ့မှာရပ်ပြီး တံခါးခေါက်လိုက်တယ်။ သူနာပြုဆရာမက တံခါးလာဖွင့်ပေးတယ်။ ကျွန်တော်အရမ်းစိတ်လှုပ်ရှားပြီး ကြောက်နေတယ်၊ ဒီအတွေ့အကြုံကို ကျွန်တော် ဘယ်တော့မှမေ့မှာမဟုတ်ဘူး။ ကျွန်တော်လက်ဆွဲအိတ်ကို ဖွင့်လိုက်တဲ့အခါ စာအုပ်တွေအားလုံး ထွက်ကျပြီး သူနာပြုဆရာမရှေ့မှာ ပြန့်ကျဲကုန်တယ်။ ကျွန်တော် ဘာပြောလိုက်သလဲဆိုတာ မသိဘူး၊ ဒါပေမဲ့ သူ့ကို ကျွန်တော်စာအုပ်တစ်အုပ်ဝေလိုက်တယ်။ အဲဒီအချိန်ကစပြီး ကျွန်တော် သတ္တိရှိလာတယ်၊ ယေဟောဝါကောင်းချီးပေးတယ်လို့ ကျွန်တော်ခံစားရတယ်။ အဲဒီနေ့က စီးပွားရေးရပ်ကွက်ရဲ့လမ်းပေါ်မှာ ကျွန်တော် စာအုပ်ငယ်အများကြီး ဝေငှခဲ့တယ်။”

“၁၉၃၃ ခုနှစ်လောက်က ညီအစ်ကိုတွေဟာ အသံချဲ့စက်ပါတဲ့ကားတွေကိုသုံးပြီး ဘုရားသခင့်နိုင်ငံတော်သတင်းကို ပျံ့နှံ့စေခဲ့ကြတယ်” လို့ ညီအစ်မတစ်ဦးက ပြောပြတယ်။ တစ်ခါက ဒီညီအစ်မနဲ့ သက်သေခံမောင်နှံတစ်စုံက အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ တောင်တန်းဒေသတွေမှာ ဟောပြောခဲ့ကြတယ်။ အဲဒီညီအစ်မက ဒီလိုပြောပြခဲ့တယ်– “ညီအစ်ကိုက အသံချဲ့စက်ပါတဲ့ကားကို တောင်ခပ်မြင့်မြင့်နေရာကို မောင်းသွားပြီး ကျွန်မတို့က မြို့ထဲမှာနေခဲ့တယ်။ ညီအစ်ကိုက အသံချဲ့စက်ကိုဖွင့်လိုက်တဲ့အခါ အသံက ကောင်းကင်ကလာသလိုဖြစ်နေတယ်။ မြို့ထဲကလူတွေက ညီအစ်ကိုကိုလိုက်ရှာကြတယ်၊ ဒါပေမဲ့ မတွေ့ဘူး။ အသံချဲ့စက်ပိတ်သွားတဲ့အခါ ကျွန်မတို့က လူတွေထံချဉ်းကပ်ပြီး သက်သေခံခဲ့ကြတယ်။ အသံချဲ့စက်ပါတဲ့ နောက်ထပ်ကားနှစ်စီးနဲ့ ကျွန်မလိုက်ပြီး ဟောပြောခဲ့တယ်၊ သိတဲ့အတိုင်းပဲ လူအများစုက နားမထောင်ချင်ကြဘူး။ ဒါပေမဲ့ အသံချဲ့စက်ကဖွင့်တဲ့ သတင်းကောင်းကို သူတို့အိမ်တွေထဲကနေ အတိုင်းသားကြားနေရတော့ သူတို့နားမထောင်ချင်လည်း မရဘူး။ ယေဟောဝါက သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့နည်းကိုသုံးတယ်ဆိုတာ ကျွန်မတို့ အမြဲမြင်တွေ့ခဲ့ရတယ်။ ဒီနည်းလမ်းအားလုံးကိုသုံးဖို့ ကျွန်မတို့ ရဲစွမ်းသတ္တိလိုအပ်ခဲ့တယ်၊ ဒါပေမဲ့ အမြဲအောင်မြင်ပြီး ယေဟောဝါရဲ့နာမည် ထင်ရှားခဲ့တယ်။”

၁၉၃၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၄၀ ပြည့်လွန်နှစ်တွေ အစောပိုင်းမှာ ဓာတ်ပြားစက်တွေနဲ့ အသံသွင်းထားတဲ့ ကျမ်းစာဟောပြောချက်တွေကို အမှုဆောင်လုပ်ငန်းမှာ အသုံးပြုခဲ့တယ်။ ခရစ်ယာန်အမျိုးသမီးတစ်ဦး ဒီလိုပြန်ပြောပြတယ်– “ညီအစ်မငယ်တစ်ယောက်က ဓာတ်ပြားစက်ကိုသယ်ပြီး တစ်အိမ်တက်ဆင်းသွားတယ်။ အိမ်တစ်အိမ်ရဲ့တံခါးဝမှာ သူဓာတ်ပြားစက်ကိုစဖွင့်လိုက်တာနဲ့ အိမ်ရှင်အမျိုးသားက ဒေါသထွက်လာပြီး ဓာတ်ပြားစက်ကို ကန်ထုတ်ပစ်လိုက်တယ်။ ဓာတ်ပြားတစ်ပြားမှ မပျက်စီးခဲ့ဘူး။ ရပ်ထားတဲ့ထရပ်ကားပေါ်မှာ နေ့လယ်စာစားနေတဲ့ လူသုံးယောက်က အဖြစ်အပျက်ကိုတွေ့သွားတယ်၊ သူတို့က ညီအစ်မကိုခေါ်ပြီး ဓာတ်စက်ဖွင့်ပြဖို့ပြောပြီး စာပေတွေ ယူထားလိုက်တယ်။ တော်သေးတာပေါ့။” ဒီလိုအခက်အခဲတွေကိုခံရပ်နိုင်ဖို့ ရဲစွမ်းသတ္တိလိုတယ်။

အဲဒီညီအစ်မကပဲ ဒီလိုဆက်ပြောတယ်– “၁၉၄၀ ခုနှစ်တုန်းက ကျွန်မတို့ လမ်းပေါ်မှာ မဂ္ဂဇင်းတွေစဝေတာကို ပြန်သတိရတယ်။ အစောပိုင်းတုန်းက ကြော်ငြာချီတက်ပွဲတွေ လုပ်ခဲ့တယ်။ “ဝတ်ပြုရေးသည် ထောင်ချောက်နှင့် မသမာနည်းဖြင့် စီးပွားရှာမှုတစ်ခုဖြစ်သည်” နဲ့ “ဘုရားသခင်နဲ့ ခရစ်တော်ဘုရင်ထံ အမှုဆောင်ကြ” ဆိုတဲ့ဆိုင်းဘုတ်တွေကို ကိုင်ပြီး တန်းစီလျှောက်ခဲ့ကြတယ်။ တစ်ချိန်တည်းမှာ လူတွေကို ဝေစာတွေ အခမဲ့ဝေငှခဲ့ကြတယ်။ ဒီလုပ်ငန်းမှာပါဝင်ဖို့ ရဲစွမ်းသတ္တိလိုတယ်၊ ဒါပေမဲ့ ယေဟောဝါရဲ့နာမနဲ့ ကိုယ်တော့်လူတွေအကြောင်း လူတွေသိဖို့ဆိုတဲ့ ရည်ရွယ်ချက်အထမြောက်အောင် လုပ်ဆောင်ခဲ့ကြတယ်။”

နောက်ညီအစ်မတစ်ယောက်က ဒီလိုပြောတယ်– “မြို့ငယ်လေးတွေရဲ့ လမ်းထောင့်တွေမှာ မဂ္ဂဇင်းဝေရတာ အရမ်းခက်တယ်။ သက်သေခံတွေကို အပြင်းအထန် ဆန့်ကျင်တဲ့အခါတွေမှာဖြစ်တယ်။ . . . မဂ္ဂဇင်းတွေကိုင်၊ လမ်းထောင့်မှာရပ်ပြီး ကျွန်မတို့ရဲ့ဆောင်ပုဒ်တွေကို အော်ဆိုဖို့ဆိုတာ တကယ်ရဲစွမ်းသတ္တိရှိဖို့လိုတယ်။ ဒါပေမဲ့ စနေနေ့တွေမှာ အမှုဆောင်ပျက်တယ်ဆိုတာ ရှားတယ်။ တစ်ခါတလေ လူတွေက ဖော်ဖော်ရွေရွေဆက်ဆံတယ်။ တစ်ခါတလေကျတော့ ဒေါသထွက်နေတဲ့လူအုပ်က ကျွန်မတို့ကိုဝိုင်းလာတယ်၊ အဲဒီအခါမျိုးမှာ လူအုပ်ရဲ့ရမ်းကားမှုကို မခံရဖို့ ကျွန်မတို့ အမြန်ရှောင်ထွက်သွားရတယ်။”

ဒုတိယကမ္ဘာစစ်အတွင်းမှာ ညှဉ်းပန်းနှိပ်စက်မှုတွေကြုံရပေမဲ့ ယေဟောဝါသက်သေတွေဟာ သူတို့ရဲ့အမှုဆောင်လုပ်ငန်းကို ရဲစွမ်းသတ္တိရှိရှိ လုပ်ဆောင်ခဲ့ကြတယ်။ ၁၉၄၀၊ ဒီဇင်ဘာ ၁ ကနေ ၁၉၄၁၊ ဇန်နဝါရီ ၁၂ အထိ ၄၃ ရက်ကြာတဲ့ကင်ပိန်းတစ်ခုမှာ ကြေညာသူ ၅၀,၀၀၀ ဟာ အမေရိကန်နိုင်ငံမှာ စာအုပ်ငယ် ရှစ်သန်းခန့် ဝေငှနိုင်ခဲ့တယ်။ ဒီကင်ပိန်းကာလကို “ရဲစွမ်းသတ္တိ” ပြရတဲ့ကာလလို့ ခေါ်ခဲ့ကြတယ်။

ဘုရားသခင့်အဖွဲ့အစည်းမှာရှိတဲ့ သက်ကြီးရွယ်အိုတွေဟာ သတ္တိမွေးဖို့လိုတဲ့ အဲဒီအချိန်က အခက်အခဲတွေအကြောင်း ကောင်းကောင်း အမှတ်ရနေတုန်းပဲ။ ရန်သူတွေကို ဂိတ်တံခါးတိုင်အောင် တိုက်ထုတ်ကြလို့ သူတို့ မကြာခဏပြောတတ်တဲ့စကားမှာ ရဲစွမ်းသတ္တိ ထင်ရှားနေတာကို တချို့သူတွေ နှစ်တွေတစ်လျှောက် အမှတ်ရနေကြတယ်။ ဆိုးညစ်တဲ့လက်ရှိလောကစနစ် မပျက်စီးခင် ဘုရားသခင့်သတင်းစကားကို ကျွန်ုပ်တို့ ဘယ်လိုပုံစံနဲ့ ဆက်ဟောပြောရဦးမလဲ။ ဘယ်လိုပုံစံပဲဖြစ်ပါစေ၊ ယေဟောဝါရဲ့အကူအညီနဲ့ ကိုယ်တော့်တရားစကားကို ယုံကြည်ခြင်း၊ ရဲစွမ်းသတ္တိ​နဲ့ ကျွန်ုပ်တို့ ဆက်ဟောပြောသွားကြမှာဖြစ်တယ်။

[စာမျက်နှာ ၇ ပါအကျဉ်းဖော်ပြချက်]

သတင်းကောင်း ဟောပြောရာမှာ ရဲစွမ်းသတ္တိရှိဖို့ အမြဲလိုအပ်