မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသင်းတော်မှာရှိတဲ့ အပြုသဘောစိတ်ဓာတ်ကို ဆက်ထိန်းထားပါ

အသင်းတော်မှာရှိတဲ့ အပြုသဘောစိတ်ဓာတ်ကို ဆက်ထိန်းထားပါ

အသင်းတော်မှာရှိတဲ့ အပြုသဘောစိတ်ဓာတ်ကို ဆက်ထိန်းထားပါ

‘ငါတို့သခင် ယေရှုခရစ်၏ မဟာကြင်နာမှုသည် သင်တို့၏စိတ်နှလုံး၌ ရှိပါစေ။’—ဖိ. ၄:၂၃

အောက်ပါကဏ္ဍတွေမှာ အသင်းတော်ရဲ့အပြုသဘော စိတ်ဓာတ် တိုးများလာအောင် ကျွန်ုပ်တို့ ဘယ်လိုလုပ်နိုင်သလဲ . . .

ညီအစ်ကို၊ ညီအစ်မတွေနဲ့ ပေါင်းသင်းတဲ့အခါ၊

လယ်ကွင်းလုပ်ငန်းမှာ ကျွန်ုပ်တို့ ဇွဲထက်သန်မှုပြတဲ့အခါ၊

ကြီးလေးတဲ့အမှားတွေကို အကြီးအကဲတွေကို ပြောပြတဲ့အခါ၊

၁။ ဖိလိပ္ပိ​နဲ့ သွာတိရမြို့မှာရှိတဲ့ အသင်းတော်တွေကို ပေါလု ဘာကြောင့်ချီးမွမ်းခဲ့တာလဲ။

ထမရာစုအချိန်က ဖိလိပ္ပိမြို့မှာရှိတဲ့ ခရစ်ယာန်တွေဟာ ဆင်းရဲချို့ငဲ့သူတွေဖြစ်တယ်။ ဒါပေမဲ့ သူတို့တွေဟာ ညီအစ်ကိုညီအစ်မတွေကို နက်နက်ရှိုင်းရှိုင်းချစ်ပြီး ရက်ရောကြတယ်။ (ဖိ. ၁:၃-၅၊ ၉; ၄:၁၅၊ ၁၆) ဒါကြောင့် သူတို့ကို ပေါလု ဒီလိုစာရေးခဲ့တယ်– ‘ငါတို့သခင်ယေရှုခရစ်၏ မဟာကြင်နာမှုသည် သင်တို့၏စိတ်နှလုံး၌ ရှိပါစေ။’ (ဖိ. ၄:၂၃) သွာတိရမြို့မှာရှိတဲ့ ခရစ်ယာန်တွေလည်း အလားတူစိတ်ဓာတ်မျိုးတင်ပြခဲ့ကြလို့ သူတို့ကို ခရစ်တော်ယေရှု ဒီလိုပြောခဲ့တယ်– ‘သင်၏အကျင့်များ၊ သင်၏မေတ္တာ၊ ယုံကြည်ခြင်း၊ အမှုဆောင်ခြင်းနှင့် ခံနိုင်ရည်တို့ကို ငါသိ၏။ မကြာသေးမီက သင်ကျင့်သောအကျင့်များသည် ယခင်ကထက် သာ၍များကြောင်းကိုလည်း ငါသိ၏။’—ဗျာ. ၂:၁၉

၂။ ကျွန်ုပ်တို့ရဲ့သဘောထားက အသင်းတော်ရဲ့စိတ်ဓာတ်ကို ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲ။

မျက်မှောက်ခေတ် ယေဟောဝါသက်သေတွေရဲ့ အသင်းတော်တစ်ခုစီက စိတ်ဓာတ်တစ်မျိုးမျိုးမှာတော့ အားသာကြတယ်။ တချို့အသင်းတော်တွေက ချစ်ခင်ကြင်နာမှုပြတဲ့နေရာမှာ လူသိများတယ်။ တချို့ကျတော့ ဟောပြောခြင်းနဲ့ အချိန်ပြည့်လုပ်ငန်းကို ထောက်ခံအားပေးရာမှာ ဇွဲထက်သန်ကြတယ်။ ကျွန်ုပ်တို့အားလုံး အပြုသဘောစိတ်ဓာတ်ရှိဖို့ ကြိုးစားအားထုတ်ခြင်းက အသင်းတော်ကို စည်းလုံးစေပြီး အသင်းတော်ရဲ့ ကောင်းတဲ့စိတ်ဓာတ်ကို ဆက်ထိန်းသိမ်းဖို့ ဝိုင်းဝန်းကူညီပေးရာရောက်တယ်။ (၁ ကော. ၁:၁၀) ဒါပေမဲ့ ကျွန်ုပ်တို့မှာ မကောင်းတဲ့စိတ်ဓာတ်ရှိမယ်ဆိုရင် ဒီစိတ်ဓာတ်က အသင်းတော်မှာရှိတဲ့တခြားသူတွေအပေါ် လွှမ်းမိုးနိုင်တယ်၊ အဲဒီစိတ်ဓာတ်က အမှုဆောင်ရာမှာ အားနည်းသွားစေ၊ ဇွဲလျော့နည်းသွားစေပြီး ကြီးလေးတဲ့အပြစ်တွေကိုတောင် သည်းခံခွင့်ပြုတဲ့အထိ ဖြစ်စေတယ်။ (၁ ကော. ၅:၁; ဗျာ. ၃:၁၅၊ ၁၆) သင့်အသင်းတော်က ဘယ်စိတ်ဓာတ်မျိုး တင်ပြနေသလဲ။ အသင်းတော်မှာ အပြုသဘောစိတ်ဓာတ် တိုးများလာအောင် သင် ဘယ်လိုလုပ်ဆောင်နိုင်သလဲ။

အသင်းတော်မှာ အပြုသဘောစိတ်ဓာတ်ရှိဖို့ အားပေးပါ

၃၊ ၄။ အသင်းတော်အစည်းအဝေးတွေမှာ ယေဟောဝါကို ကျွန်ုပ်တို့ ဘယ်လိုချီးမွမ်းနိုင်သလဲ။

“ကျေးဇူးတော်ကြီးလှပါ၏ဟု မဟာပရိသတ်အလယ်မှာ အကျွန်ုပ်ဝန်ခံပါမည်။ များစွာသောလူစုတွင် ကိုယ်တော်ကို ချီးမွမ်းပါမည်” လို့ ဒါဝိဒ် သီဆိုခဲ့တယ်။ (ဆာ. ၃၅:၁၈) ဒါဝိဒ်က ဘုရားသခင်ရဲ့တခြားကျေးကျွန်တွေနဲ့အတူ ရှိနေချိန်မှာ ယေဟောဝါကို ချီးမွမ်းခဲ့တယ်။ ကင်းမျှော်စင်သင်တန်းလိုမျိုး ပတ်စဉ်အသင်းတော်အစည်းအဝေးတွေမှာ မှတ်ချက်ပေးခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ဇွဲနဲ့ ယုံကြည်ခြင်းကို ဖော်ပြဖို့ အခွင့်အရေးရကြတယ်။ ကျွန်ုပ်တို့အားလုံး ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးသင့်ပါတယ်– အစည်းအဝေးတွေမှာ အတတ်နိုင်ဆုံး မှတ်ချက်ပေးဖို့ ကြိုးစားသလား။ မှတ်ချက်ကောင်းတွေပေးဖို့ ကောင်းကောင်းပြင်ဆင်သလား။ အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ သားသမီးတွေ အစည်းအဝေးမှာ မှတ်ချက်ပေးနိုင်ဖို့၊ သူတို့ရဲ့ကိုယ်ပိုင်စကားနဲ့ ဖြေဆိုနိုင်ဖို့ ကြိုတင်ပြင်ဆင်ပေးသလား။

ကျွန်ုပ်တို့မှာ တည်ကြည်မြဲမြံ တဲ့စိတ်နှလုံးရှိကြောင်း၊ ဆိုလိုတာက မှန်ရာကိုပြုလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အစည်းအဝေးတွေမှာ သီချင်းဆိုခြင်းအားဖြင့် ဖော်ပြနိုင်တယ်။ ဒါဝိဒ် ဒီလိုပြောခဲ့တယ်– “အို ဘုရားသခင်၊ ကျွန်တော့်စိတ်နှလုံးက တည်ကြည်မြဲမြံ ပါတယ်။ ကျွန်တော့်စိတ်နှလုံးက တည်ကြည်မြဲမြံ ပါတယ်။ ကိုယ်တော့်အတွက် ကျွန်တော်တေးသီကျူးပြီး ချီးမွမ်းသီချင်းဆိုပါ့မယ်။” (ဆာ. ၅၇:၇ကဘ) အစည်းအဝေးတွေမှာ သီဆိုတဲ့သီချင်းတွေက ယေဟောဝါကို တည်ကြည်မြဲမြံ တဲ့စိတ်နှလုံးနဲ့ “တေးသီကျူးပြီး ချီးမွမ်းသီချင်းဆို” ဖို့ အခွင့်အရေးရစေတယ်။ သီချင်းတချို့ကို ကောင်းကောင်းမရသေးဘူးဆိုရင် မိသားစုဝတ်ပြုမှုမှာ လေ့ကျင့်နိုင်တယ်။ “ယေဟောဝါအတွက် ငါ တစ်သက်လုံး သီချင်းဆိုပါ့မယ်။ ငါ အသက်ရှင်နေသရွေ့ ငါ့ဘုရားသခင်ကို ချီးမွမ်းသီချင်းဆိုပါ့မယ်” လို့ပြောခဲ့တဲ့ ဒါဝိဒ်နဲ့ ကျွန်ုပ်တို့ တူချင်ကြမှာဖြစ်တယ်။—ဆာ. ၁၀၄:၃၃ကဘ။

၅၊ ၆။ တခြားသူတွေကို ဧည့်ဝတ်ကျေပွန်ပြီး ရက်ရောကြောင်း ဘယ်လိုတင်ပြနိုင်သလဲ။ ဒီလိုလုပ်ဆောင်ခြင်းက အသင်းတော်အပေါ် ဘယ်လို အကျိုးသက်ရောက်စေသလဲ။

ကျွန်ုပ်တို့ရဲ့ ညီအစ်ကို၊ ညီအစ်မတွေကို ဧည့်ဝတ်ပြုခြင်းကလည်း အသင်းတော်မှာရှိတဲ့ မေတ္တာကို တိုးပွားစေတယ်။ ဟေဗြဲအသင်းတော်ကို ပေါလုရေးတဲ့စာရဲ့ နောက်ဆုံးအခန်းကြီးမှာ ဒီလိုဖော်ပြထားတယ်– “သင်တို့၏ ညီရင်းအစ်ကိုကဲ့သို့ချစ်ခြင်းကို ဆက်တင်ပြကြလော့။ ဧည့်ဝတ်ပြုခြင်းအမှုကို မမေ့လျော့ကြနှင့်။” (ဟေဗြဲ ၁၃:၁၊ ၂) ဧည့်ဝတ်ကျေပွန်ကြောင်းတင်ပြနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုက နယ်လှည့်ကြီးကြပ်မှူးနဲ့ဇနီး၊ ဒါမှမဟုတ် အသင်းတော်မှာရှိတဲ့ အချိန်ပြည့်အမှုဆောင်တွေကို ဖိတ်ခေါ်ကျွေးမွေးခြင်း ဖြစ်တယ်။ တစ်ခါတလေ မုဆိုးဖို၊ မုဆိုးမတွေ၊ ကြင်ဖော်မဲ့မိဘတွေ၊ တခြားသူတွေကို ဖိတ်ခေါ်ကျွေးမွေးတာ၊ ကျွန်ုပ်တို့ရဲ့ မိသားစုဝတ်ပြုမှုမှာ ပါဝင်ဖို့ဖိတ်ခေါ်တာတွေ လုပ်နိုင်တယ်။

တိမောသေကို ပေါလု ဒီလိုပြောခဲ့တယ်– “ကောင်းမှုပြုခြင်း၊ မွန်မြတ်သောအကျင့်၌ ကြွယ်ဝခြင်း၊ ရက်ရောစွာ ပေးကမ်းခြင်း၊ သူတစ်ပါးကို ဝေမျှရန် အသင့်ရှိခြင်း၊ အနာဂတ်အတွက် အုတ်မြစ်ကောင်းဖြစ်သော ဘဏ္ဍာကို မိမိတို့အတွက် သိမ်းဆည်းခြင်းတို့ကို ပြုကြရန်လည်း မိန့်မှာလော့။ သို့ဖြင့် မှန်သောအသက်ကို ခိုင်မြဲစွာ ကိုင်စွဲထားနိုင်ကြမည်။” (၁ တိ. ၆:၁၇-၁၉) ရက်ရောခြင်းကိုသင်ယူဖို့ ညီအစ်ကို၊ ညီအစ်မတွေကို ပေါလု အားပေးနေတာ ဖြစ်တယ်။ စီးပွားရေးအခြေအနေ သိပ်မကောင်းရင်တောင် ကျွန်ုပ်တို့ ရက်ရောနိုင်ပါတယ်။ ဥပမာ၊ သင့်မှာ ကား ဒါမှမဟုတ် မော်တော်ဆိုင်ကယ် ရှိမယ်ဆိုရင် အမှုဆောင်ထွက်တဲ့အခါ၊ အစည်းအဝေးသွားတဲ့အခါ တခြားသူတွေကို ခေါ်သွားနိုင်တယ်။ ဒါမှမဟုတ် တခြားသူတွေအတွက် ဘတ်စကားခ ရှင်းပေးနိုင်တယ်။ ကူညီခံရတဲ့ ညီအစ်ကို၊ ညီအစ်မတွေကလည်း ကျေးဇူးတင်ကြောင်း ဖော်ပြဖို့၊ အသင်းတော်ရဲ့ အပြုသဘောစိတ်ဓာတ် တိုးများလာစေဖို့ ဘယ်လိုလုပ်နိုင်သလဲ။ ဓာတ်ဆီဖိုးနဲ့ ကား၊ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းစရိတ်တွေ ကာမိစေဖို့ တတ်နိုင်သလောက် ပြန်ပေးနိုင်ပါတယ်။ ညီအစ်ကို၊ ညီအစ်မတွေကို ကျွန်ုပ်တို့လိုအပ်တယ်၊ ချစ်တယ်လို့ သူတို့ကိုခံစားရစေတဲ့ နောက်နည်းလမ်းတစ်ခုကတော့ သူတို့နဲ့အချိန်ပေးပေါင်းသင်းခြင်း ဖြစ်တယ်။ “ယုံကြည်ခြင်း၌ ဆွေမျိုးတော်သူတို့ကို” ကောင်းမှုပြုခြင်း၊ သူတို့ကိုကူညီဖို့ ကျွန်ုပ်တို့ရဲ့အချိန်နဲ့ ရုပ်ပစ္စည်းတွေကို အသုံးပြုဖို့ တလိုတလားရှိခြင်းက သူတို့အပေါ်ထားရှိတဲ့ ကျွန်ုပ်တို့ရဲ့မေတ္တာကို တိုးများစေတယ်၊ အသင်းတော်မှာရှိတဲ့ တခြားသူတွေမှာလည်း အပြုသဘောစိတ်ဓာတ် ရှိလာစေတယ်။—ဂလ. ၆:၁၀

၇။ တခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို လျှို့ဝှက်ထားခြင်းက အသင်းတော်မှာ အပြုသဘောစိတ်ဓာတ်ရှိဖို့ ဘယ်လိုကူညီပေးသလဲ။

ရင်းနှီးမှုနဲ့ နှုတ်လုံခြင်းကလည်း ညီအစ်ကို၊ ညီအစ်မတွေကြားမှာရှိတဲ့ မေတ္တာကို ခိုင်ခံ့စေတယ်။ (သု. ၁၈:၂၄ ကိုဖတ်ပါ။) မိတ်ဆွေတစ်ယောက်က သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို ပြောပြတဲ့အခါ ကျွန်ုပ်တို့က မိတ်ဆွေစစ်ဖြစ်မယ်ဆိုရင် တခြားသူတွေကို ပြန်ပြီးဖောက်သည်ချ ပြောပြမှာမဟုတ်ဘူး။ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို လျှို့ဝှက်ပေးထားမှာဖြစ်တယ်။ ကျွန်ုပ်တို့က တခြားသူကို ပြန်ပြောပြမှာမဟုတ်ဘူးဆိုတာ သူယုံကြည်လို့ သူ့ရဲ့ထင်မြင်ချက်တွေ၊ ခံစားချက်တွေကို ပြောပြနေခြင်းဖြစ်တယ်၊ ဒါက ကျွန်ုပ်တို့ကြားမှာ ရှိနှင့်ပြီးသားဖြစ်တဲ့ မေတ္တာကို ပိုတိုးများစေတယ်။ တခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို လျှို့ဝှက်ပေးထားခြင်းအားဖြင့် ကျွန်ုပ်တို့က မိတ်ဆွေစစ်ဖြစ်ကြောင်း၊ အသင်းတော်ကို မေတ္တာလွှမ်းခြုံတဲ့ မိသားစုဖြစ်အောင် ကူညီပေးနေကြောင်း တင်ပြကြစို့။—သု. ၂၀:၁၉

အမှုဆောင်ရာမှာ စိတ်အားထက်သန်ပါ

၈။ လောဒိကိမြို့မှာရှိတဲ့ ခရစ်ယာန်တွေကို ယေရှု ဘာပြောခဲ့သလဲ။ ဘာကြောင့်လဲ။

လောဒိကိမြို့မှာရှိတဲ့ အသင်းတော်ကို ယေရှုဒီလိုပြောခဲ့တယ်– “သင်၏အကျင့်များကိုလည်းကောင်း၊ သင်သည် အပူလည်းမဟုတ်၊ အအေးလည်းမဟုတ်ကြောင်းကိုလည်းကောင်း ငါသိ၏။ အေးလျှင်အေး၊ ပူလျှင်ပူရန် ငါအလိုရှိ၏။ သင်သည် မပူမအေး နွေးရုံသာရှိသောကြောင့် သင့်ကို ငါ၏ခံတွင်းထဲမှ ထွေးထုတ်တော့မည်။” (ဗျာ. ၃:၁၅၊ ၁၆) လောဒိကိမြို့သားတွေက ဟောပြောခြင်းလုပ်ငန်းကို ဝတ်ကျေတမ်းကျေသဘောမျိုးနဲ့ လုပ်ဆောင်နေကြတယ်။ ဒါက အသင်းတော်မှာရှိသူတွေရဲ့ ဆက်ဆံရေးကို ထိခိုက်ခဲ့တာဖြစ်နိုင်တယ်။ ဒါကြောင့် ယေရှုက သူတို့ကို မေတ္တာပါပါ ဒီလိုပြောခဲ့တယ်– “ငါသည် ချစ်ခင်သောသူအပေါင်းကို ပြစ်တင်ဆုံးမ၍ ပဲ့ပြင်ပေးတတ်၏။ ထို့ကြောင့် စိတ်အားထက်သန်လော့။ နောင်တရလော့။”—ဗျာ. ၃:၁၉

၉။ လယ်ကွင်းလုပ်ငန်းမှာ ထက်သန်စွာပါဝင်ခြင်းက အသင်းတော်အပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ။

အသင်းတော်မှာ အပြုသဘောစိတ်ဓာတ်ရှိစေချင်တယ်ဆိုရင် ကျွန်ုပ်တို့က လယ်ကွင်းလုပ်ငန်းမှာ ဇွဲထက်သန်စွာ လုပ်ဆောင်ရမယ်။ အသင်းတော်ရဲ့ ရည်ရွယ်ချက်တစ်ခုက ရပ်ကွက်မှာရှိတဲ့ စိတ်နှလုံးရိုးဖြောင့်သူတွေကိုရှာပြီး သူတို့ကို အမှန်တရားသင်ပေးဖို့ဖြစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့က ယေရှုကိုတုပပြီး တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ဇွဲနဲ့ပါဝင်ဖို့လိုတယ်။ (မ. ၂၈:၁၉၊ ၂၀; လု. ၄:၄၃) လယ်ကွင်းလုပ်ငန်းမှာ ဇွဲထက်သန်လေ၊ ကျွန်ုပ်တို့ဟာ “ဘုရားသခင်၏ လုပ်ဖော်ဆောင်ဖက်” တွေအနေနဲ့ ပိုပြီးစည်းလုံးနိုင်လေ ဖြစ်တယ်။ (၁ ကော. ၃:၉) ဟောပြောခြင်းလုပ်ငန်းမှာ တခြားသူတွေနဲ့တွဲအမှုဆောင်တဲ့အခါ ယုံကြည်ခြင်းကို သူတို့ကာကွယ်ပြောဆိုတာနဲ့ ယေဟောဝါနဲ့ အမှန်တရားကိုချစ်တဲ့ သူတို့ရဲ့မေတ္တာကို ကျွန်ုပ်တို့ တွေ့မြင်ကြရတယ်၊ အဲဒီအခါ သူတို့ကို ကျွန်ုပ်တို့ ပိုချစ်ခင်လေးစားလာတယ်။ အမှုဆောင်လုပ်ငန်းမှာ “တညီတညွတ်တည်းဆောင်ရွက်” ခြင်းကလည်း အသင်းတော်ကို ပိုပြီးစည်းလုံးစေတယ်။—ဇေဖနိ ၃:၉ ကိုဖတ်ပါ။

၁၀။ ကျွန်ုပ်တို့ရဲ့ ဟောပြောခြင်းစွမ်းရည်တိုးတက်အောင် ကြိုးစားခြင်းက အသင်းတော်မှာရှိတဲ့သူတွေအပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။

၁၀ အမှုဆောင်လုပ်ငန်းမှာ ကျွန်ုပ်တို့ရဲ့ဟောပြောခြင်းအရည်အသွေး တိုးတက်အောင်ကြိုးစားခြင်းက တခြားသူတွေအပေါ် ကောင်းတဲ့အကျိုးသက်ရောက်တယ်။ လယ်ကွင်းလုပ်ငန်းမှာ ဆုံတွေ့သူတွေကို စိတ်ဝင်စားမှုပိုပြပြီး သူတို့ရဲ့နှလုံးကိုထိမိဖို့ ကြိုးစားမယ်ဆိုရင် အမှုဆောင်လုပ်ငန်းမှာ ကျွန်ုပ်တို့ ပိုပြီးထက်သန်လာမှာဖြစ်တယ်။ (မ. ၉:၃၆၊ ၃၇) ကျွန်ုပ်တို့ရဲ့ စိတ်အားထက်သန်မှုက တခြားသူတွေကို ကူးစက်နိုင်တယ်။ ဟောပြောဖို့ တပည့်တွေကို ယေရှုစေလွှတ်တဲ့အခါ တစ်ဦးစီမဟုတ်ဘဲ နှစ်ယောက်တစ်တွဲ စေလွှတ်ခဲ့တယ်။ (လု. ၁၀:၁) ဒါက သူတို့ကို အားပေးဖို့၊ လေ့ကျင့်ပေးဖို့သာမကဘဲ အမှုဆောင်လုပ်ငန်းမှာ ပိုပြီးစိတ်အားထက်သန်လာစေဖို့ ဖြစ်တယ်။ စိတ်အားထက်သန်တဲ့ ကြေညာသူတွေနဲ့ တွဲအမှုဆောင်ရတာကို ကျွန်ုပ်တို့ တကယ်နှစ်သက်ကြတယ်။ သူတို့ရဲ့စိတ်အားထက်သန်မှုက ကျွန်ုပ်တို့အတွက် အားပေးမှုဖြစ်စေပြီး ဟောပြောခြင်းလုပ်ငန်းကို ဆက်လုပ်ဆောင်ဖို့ ကူညီပေးတယ်။—ရော. ၁:၁၂

မညည်းညူပါနဲ့၊ ကြီးလေးတဲ့အပြစ်တွေကို မဖုံးထားပါနဲ့

၁၁။ မောရှေအချိန်က အစ္စရေးလူတချို့မှာ ဘယ်သဘောထားရှိခဲ့ကြသလဲ။ အဲဒါကြောင့် သူတို့ ဘယ်လိုဖြစ်ခဲ့ကြသလဲ။

၁၁ အစ္စရေးလူတွေကို ယေဟောဝါ လူမျိုးတစ်မျိုးအနေနဲ့ ဖွဲ့စည်းပေးပြီး သီတင်းပတ်အနည်းငယ်အကြာမှာ သူတို့ဟာ စတင်ညည်းညူ၊ ပြစ်တင်လာကြတယ်။ ဒါက ယေဟောဝါနဲ့ ကိုယ်တော့်ကိုယ်စားလှယ်တွေဖြစ်တဲ့ မောရှေနဲ့အာရုန်ကို ဆန့်ကျင်ပုန်ကန်နေခြင်း ဖြစ်တယ်။ (ထွ. ၁၆:၁၊ ၂) အီဂျစ်ပြည်ကနေထွက်လာတဲ့ အစ္စရေးလူတွေထဲက လူနည်းစုပဲ ကတိထားရာပြည်ထဲ ဝင်ခွင့်ရခဲ့တယ်။ အစ္စရေးလူတွေရဲ့ အပျက်သဘောထားကို မောရှေတုံ့ပြန်ခဲ့ပုံကြောင့် သူ ပြည်တော်ထဲဝင်ခွင့်မရခဲ့ဘူး။ (တရား. ၃၂:၄၈-၅၂) ဒီနေ့အချိန်မှာကော အပျက်သဘောထားမဝင်လာဖို့ ကျွန်ုပ်တို့ ဘယ်လိုလုပ်နိုင်သလဲ။

၁၂။ ညည်းညူပြစ်တင်တဲ့သဘောထား မဝင်လာအောင် ကျွန်ုပ်တို့ကို ဘာကကူညီပေးနိုင်သလဲ။

၁၂ ညည်းညူတဲ့သဘောထားမဝင်လာအောင် ဂရုစိုက်ဖို့လိုတယ်။ နှိမ့်ချမှုနဲ့ အခွင့်အာဏာကို လေးစားခြင်းက ဒီသဘောထားမဝင်လာဖို့ ကူညီပေးပါလိမ့်မယ်။ ကျွန်ုပ်တို့ကို ကူညီပေးနိုင်တဲ့အရာနောက်တစ်ခုက အပေါင်းအသင်းကို ဂရုစိုက်ရွေးချယ်ခြင်းဖြစ်တယ်။ မကောင်းတဲ့ဖျော်ဖြေရေးကို ရွေးချယ်မယ်ဆိုရင် ဒါမှမဟုတ် အလုပ်၊ ကျောင်းမှာရှိတဲ့ ယေဟောဝါကိုမနာခံသူတွေနဲ့ အချိန်အများကြီးပေးပြီး ပေါင်းသင်းမယ်ဆိုရင် ဆိုးကျိုးတွေ ခံစားရပါလိမ့်မယ်။ ညည်းညူပြစ်တင်တဲ့ သဘောထားရှိသူတွေ ဒါမှမဟုတ် လွတ်လပ်လိုတဲ့ သဘောထားရှိသူတွေနဲ့ မပေါင်းသင်းခြင်းက ပညာရှိရာရောက်တယ်။—သု. ၁၃:၂၀

၁၃။ ညည်းညူပြစ်တင်တဲ့သဘောထားက အသင်းတော်တစ်ခုကို ဘယ်လိုထိခိုက်စေနိုင်သလဲ။

၁၃ အသင်းတော်မှာရှိသူတွေ ညည်းညူလာတဲ့အခါ ဒါက တဖြည်းဖြည်းနဲ့ ယေဟောဝါနဲ့ သူတို့ရဲ့ဆက်ဆံရေးကို ထိခိုက်စေတဲ့ အပြုအမူတွေကို လုပ်မိစေတယ်။ ဥပမာ၊ ညည်းညူခြင်းက အသင်းတော်ရဲ့ငြိမ်သက်မှုနဲ့ စည်းလုံးမှုကို ပျက်စီးစေနိုင်တယ်။ ယုံကြည်သူချင်းတွေကို ပြစ်တင်ပြောဆိုတာက သူတို့ကို စိတ်နာစေရုံသာမက အသရေဖျက်၊ ပုတ်ခတ်ပြောဆိုတဲ့အပြစ်အထိ ဖြစ်သွားနိုင်တယ်။ (ဝတ်. ၁၉:၁၆; ၁ ကော. ၅:၁၁) ပထမရာစုအသင်းတော်မှာရှိတဲ့ ညည်းညူပြစ်တင်သူတချို့က ‘အခွင့်အာဏာရှိသူတို့ကို မထီမဲ့မြင်ပြုတတ်ကြပြီး ဘုန်းကြီးသောသူတို့ကိုလည်း ရင့်သီးစွာပြောဆိုတတ်’ ကြတယ်။ (ယု. ၈၊ ၁၆) အသင်းတော်မှာရှိတဲ့ တာဝန်ရှိအမျိုးသားတွေကို ဒီလိုပြစ်တင်ပြောဆိုတာကို ဘုရားသခင် မနှစ်သက်ဘူး။

၁၄၊ ၁၅။ (က) ကြီးလေးတဲ့အပြစ်ကို သည်းခံခွင့်ပြုထားမယ်ဆိုရင် အသင်းတော် ဘာဖြစ်သွားနိုင်သလဲ။ (ခ) တစ်စုံတစ်ဦးက တိတ်တဆိတ်အပြစ်လုပ်ထားတာကို ကျွန်ုပ်တို့သိတယ်ဆိုရင် ဘာလုပ်သင့်သလဲ။

၁၄ တစ်စုံတစ်ဦးက သောက်ကြူးတာ၊ ညစ်ညမ်းရုပ်ပုံစာပေတွေကို ကြည့်တာ၊ ကိုယ်ကျင့်တရားပျက်ပြားတာစတဲ့ ကြီးလေးတဲ့အပြစ်တစ်ခုကို ကျူးလွန်ပြီး ဖုံးကွယ်ထားတယ်ဆိုတာ သင်သိတယ်ဆိုပါစို့။ သင် ဘာလုပ်မလဲ။ (ဧ. ၅:၁၁၊ ၁၂) ဒါကို ကျွန်ုပ်တို့က မသိသလိုလုပ်နေမယ်ဆိုရင် ယေဟောဝါက မိမိရဲ့သန့်ရှင်းသောစွမ်းအားတော်ကို အသင်းတော်ကနေ ရုပ်သိမ်းလိုက်နိုင်တယ်။ ဒါက အသင်းတော်တစ်ခုလုံးရဲ့ ငြိမ်သက်မှုကို ပျက်ပြားသွားစေနိုင်တယ်။ (ဂလ. ၅:၁၉-၂၃) “တဆေးဟောင်းကို ပယ်ရှားကြ” ဖို့ ကောရိန္သုမြို့က ခရစ်ယာန်တွေကို ပေါလု ပြောခဲ့တယ်။ ဒီနေ့လည်းပဲ အသင်းတော်ရဲ့ အပြုသဘောစိတ်ဓာတ်ကို ကာကွယ်ဖို့အတွက် ဆိုးညစ်မှုတွေကို ဖယ်ရှားရမှာဖြစ်တယ်။ အသင်းတော်မှာ ငြိမ်သက်မှုဆက်ရှိနေဖို့ သင် ဘာလုပ်နိုင်သလဲ။

၁၅ အစပိုင်းမှာဖော်ပြခဲ့သလို တခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ အထူးသဖြင့် ကိုယ့်ကိုယုံကြည်စိတ်ချလို့ ပြောပြတဲ့ တခြားသူတွေရဲ့ ခံစားချက်၊ ထင်မြင်ချက်တွေကို လျှို့ဝှက်ပေးထားဖို့ အရေးကြီးတယ်။ တခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ပြန်ဖောက်သည်ချ ပြောပြတာက မလုပ်သင့်တဲ့အရာဖြစ်ပြီး မစာနာရာကျတယ်။ ဒါပေမဲ့ တစ်စုံတစ်ဦးက ကြီးလေးတဲ့အပြစ်တစ်ခု ကျူးလွန်ထားတယ်ဆိုရင်တော့ အသင်းတော်အကြီးအကဲတွေ သိဖို့လိုတယ်။ အကြီးအကဲတွေမှာ ဒီကိစ္စကိုကိုင်တွယ်ဖြေရှင်းရမယ့် ကျမ်းပေးတာဝန်ရှိတယ်။ (ဝတ်ပြုရာ ၅:၁ ကိုဖတ်ပါ။) ညီအစ်ကို၊ ညီအစ်မတစ်ဦးဦး ကြီးလေးတဲ့အပြစ်ကျူးလွန်ထားတာကို ကျွန်ုပ်တို့သိတယ်ဆိုရင် အကြီးအကဲတွေကို ပြောပြဖို့၊ အကူအညီတောင်းခံဖို့ အပြစ်ကျူးလွန်သူကို ပြောသင့်တယ်။ (ယာ. ၅:၁၃-၁၅) ဒါပေမဲ့ သူက အချိန်အတိုင်းအတာတစ်ခုအတွင်း အကြီးအကဲတွေကို မပြောပြဘူးဆိုရင် ကျွန်ုပ်တို့ကိုယ်တိုင် ပြောပြသင့်တယ်။

၁၆။ တစ်ယောက်ယောက်က ကြီးလေးတဲ့အပြစ်ပြုထားတာကို ကျွန်ုပ်တို့သိတယ်ဆိုရင် အကြီးအကဲတွေကိုပြောပြခြင်းအားဖြင့် အသင်းတော်ကို ဘယ်လိုကာကွယ်နိုင်သလဲ။

၁၆ ခရစ်ယာန်အသင်းတော်ဟာ လုံခြုံတဲ့နေရာတစ်ခုဖြစ်တယ်လို့ လူတွေ ခံစားရသင့်တယ်၊ ဒါကြောင့် တစ်ယောက်ယောက်က ကြီးလေးတဲ့အပြစ် ကျူးလွန်တဲ့အခါ အကြီးအကဲတွေကို ပြောပြခြင်းအားဖြင့် ဒီနေရာကို ကာကွယ်ရမယ်။ အကြီးအကဲတွေက အပြစ်ပြုသူကို သူကျူးလွန်တဲ့အပြစ်ရဲ့ ကြီးလေးမှုကို နားလည်စေပြီး နောင်တယူဖို့၊ ဆုံးမမှုကိုလက်ခံဖို့ ကူညီပေးမယ်ဆိုရင် အသင်းတော်ရဲ့အပြုသဘောစိတ်ဓာတ်ကို ထိခိုက်တော့မှာမဟုတ်ဘူး။ ဒါပေမဲ့ အပြစ်ပြုသူက နောင်တမရ၊ အကြီးအကဲတွေရဲ့ မေတ္တာပါအကူအညီကို လက်မခံဘူးဆိုရင်ကော။ သူ့ကို နှင်ထုတ်ရမှာဖြစ်တယ်။ ဒီနည်းအားဖြင့် အကြီးအကဲတွေက အပျက်သြဇာကိုဖယ်ရှားပစ်လိုက်ပြီး အသင်းတော်ရဲ့အပြုသဘောစိတ်ဓာတ်ကို ကာကွယ်ကြတယ်။ (၁ ကောရိန္သု ၅:၅ ကိုဖတ်ပါ။) ဒါကြောင့် တစ်ယောက်ယောက်က ကြီးလေးတဲ့အပြစ်ပြုထားတာကို ကျွန်ုပ်တို့သိတယ်ဆိုရင် အကြီးအကဲတွေကိုပြောပြပြီး သူတို့ရဲ့လမ်းညွှန်ချက်ကို လိုက်နာဖို့ ကျွန်ုပ်တို့အားလုံးမှာ တာဝန်ရှိတယ်။ ကျွန်ုပ်တို့ရဲ့ညီအစ်ကို၊ ညီအစ်မတွေအတွက် အကောင်းဆုံးအရာကိုလုပ်ဆောင်ပြီး အသင်းတော်ကို ကာကွယ်ကြစို့။

“တစ်လုံးတစ်ဝတည်း” ဖြစ်ဖို့ အားပေးပါ

၁၇၊ ၁၈။ အသင်းတော်ဆက်စည်းလုံးစေဖို့ ဘာက ကျွန်ုပ်တို့ကို ကူညီပေးမလဲ။

၁၇ ယေရှုရဲ့ အစောပိုင်းနောက်လိုက်တွေက “တမန်တော်တို့၏သွန်သင်ချက်ကို ခံယူခြင်း” အားဖြင့် အသင်းတော်စည်းလုံးဖို့ လုပ်ဆောင်ခဲ့ကြတယ်။ (တ. ၂:၄၂) အသက်ကြီးသူတွေရဲ့ ကျမ်းစာအခြေခံတဲ့ လမ်းညွှန်ချက်ကို သူတို့ တန်ဖိုးထားခဲ့ကြတယ်။ အလားတူပဲ၊ ဒီနေ့အချိန်မှာလည်း အကြီးအကဲတွေက သတိပညာရှိကျေးကျွန်ရဲ့ လမ်းညွှန်ချက်တွေအတိုင်း လုပ်ဆောင်ကြတဲ့အတွက် အသင်းတော်က စည်းလုံးဖို့လိုအပ်တဲ့ အကူအညီနဲ့ အားပေးမှုကို ရရှိထားတယ်။ (၁ ကော. ၁:၁၀) ယေဟောဝါရဲ့အဖွဲ့အစည်းကပေးတဲ့ ကျမ်းစာအခြေခံညွှန်ကြားချက်တွေကို နာခံပြီး အကြီးအကဲတွေရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်လျှောက်တယ်ဆိုရင် ကျွန်ုပ်တို့က “ငြိမ်သက်ခြင်း အနှောင်အဖွဲ့အားဖြင့် ဘုရားသခင့် စွမ်းအားတော်ကြောင့်ရသော တစ်လုံးတစ်ဝတည်းအဖြစ်ကို ကြိုးစားအားထုတ်၍ စောင့်ရှောက်” နေခြင်း ဖြစ်တယ်။—ဧ. ၄:၃

၁၈ အသင်းတော်မှာ အပြုသဘောစိတ်ဓာတ်ရှိပြီး ဒီစိတ်ဓာတ်ကို ဆက်ထိန်းထားနိုင်ဖို့ ကျွန်ုပ်တို့ အစွမ်းကုန်လုပ်ဆောင်ကြစို့။ အဲဒီလိုလုပ်ဆောင်တယ်ဆိုရင် ‘ယေရှုခရစ်၏ မဟာကြင်နာမှု’ က ကျွန်ုပ်တို့ပြတဲ့စိတ်ဓာတ်နဲ့အတူ ရှိမယ်ဆိုတာ သေချာပါတယ်။—ဖိ. ၄:၂၃

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၉ ပါရုပ်ပုံ]

အဓိပ္ပာယ်ရှိတဲ့မှတ်ချက်တွေကို ပြင်ဆင်ခြင်းအားဖြင့် အသင်းတော်မှာ အပြုသဘောစိတ်ဓာတ်ရှိအောင် သင် လုပ်ဆောင်နေသလား

[စာမျက်နှာ ၂၀ ပါရုပ်ပုံ]

သီချင်းတွေနဲ့ အကျွမ်းတဝင်ရှိခြင်းက အသင်းတော်မှာ အပြုသဘောစိတ်ဓာတ်ရှိစေနိုင်