မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ခရစ်ယာန်တစ်ယောက်ရဲ့ ညစ်ညမ်းရုပ်ပုံစာပေကြည့်တဲ့အကျင့်က အရမ်းဆိုးနေတယ်ဆိုရင် ခရစ်ယာန်အသင်းတော်ကနေ နှင်ထုတ်ခံရနိုင်သလား။

▪ နှင်ထုတ်ခံရနိုင်ပါတယ်။ ဒါကြောင့် ညစ်ညမ်းရုပ်ပုံစာပေအားလုံးကို လုံးလုံးကြဉ်ရှောင်ဖို့အရေးကြီးတယ်။ ညစ်ညမ်းရုပ်ပုံစာပေထဲမှာ စာအုပ်၊ မဂ္ဂဇင်း၊ ရုပ်ရှင်၊ ဗီဒီယို၊ အင်တာနက်ဆိုက်မှာပါတဲ့ ညစ်ညမ်းတဲ့စာပေအရေးအသားနဲ့ ရုပ်ပုံတွေပါတယ်။

ညစ်ညမ်းရုပ်ပုံစာပေတွေကို ကမ္ဘာ့နေရာအနှံ့မှာ တွေ့နိုင်တယ်။ အင်တာနက်ကနေ အလွယ်တကူကြည့်လို့ရတဲ့အတွက် ညစ်ညမ်းရုပ်ပုံစာပေ ကြည့်တဲ့သူတွေ ပိုများလာတယ်။ တချို့ ခရစ်ယာန်လူကြီးလူငယ်တွေက ညစ်ညမ်းရုပ်ပုံပါတဲ့ ဝက်ဘ်ဆိုက်တွေကို အမှတ်တမဲ့ဖွင့်မိနိုင်ပြီး တချို့ကျတော့ တမင်တကာ ဝင်ကြည့်တာဖြစ်နိုင်တယ်။ သူတို့တွေက ဒီစာပေရုပ်ပုံတွေကို ဘယ်သူမှမမြင်နိုင်ဘူးလို့ထင်တဲ့ ကိုယ့်အိမ်၊ ကိုယ့်ရုံးခန်းမှာပဲကြည့်လို့ စိတ်ထဲမှာ ဘယ်လိုမှမခံစားရဘူး။ ညစ်ညမ်းရုပ်ပုံစာပေက ခရစ်ယာန်တွေအတွက် ဘာကြောင့် အန္တရာယ်ရှိသလဲ။

ယေရှုရဲ့သတိပေးချက်မှာ အရေးကြီးတဲ့အကြောင်းရင်းကို တွေ့ရတယ်– “မိန်းမတစ်ဦးကို ဆက်ကြည့်နေ၍ တပ်မက်သောစိတ်ပေါ်လာလျှင် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ဖောက်ပြန်ပြီ။” (မ. ၅:၂၈) အိမ်ထောင်ရှင်တွေ လိင်ဆက်ဆံတာက သင့်တော်ပြီး အိမ်ထောင်ဖက်တွေကို အိမ်ထောင်ရေးသုခ ခံစားရစေတယ်ဆိုတာ မှန်ပါတယ်။ (သု. ၅:၁၅-၁၉; ၁ ကော. ၇:၂-၅) ဒါပေမဲ့ ညစ်ညမ်းရုပ်ပုံစာပေက လိင်အကျင့်ယိုယွင်းမှုကို ပြသထားပြီး ယေရှုသတိပေးခဲ့တဲ့ မှားယွင်းတဲ့အတွေးတွေဝင်လာအောင် နှိုးဆွပေးတယ်။ ဒါကြောင့် ညစ်ညမ်းရုပ်ပုံစာပေတွေကို ဖတ်တာ၊ ကြည့်တာက ဘုရားသခင့်ပညတ်နဲ့ ဆန့်ကျင်တယ်။ ဘုရားသခင် ဒီလိုပညတ်ထားတယ်– ‘ထို့ကြောင့် မတရားမေထုန်ပြုခြင်း၊ မသန့်ရှင်းခြင်း၊ သွေးသားဆန္ဒပြင်းပြခြင်း၊ မကောင်းသော တောင့်တခြင်း၊ ရုပ်ပုံကိုးကွယ်ခြင်းဖြစ်သော တပ်မက်ခြင်းနှင့်ဆိုင်သည့် မြေကြီးပေါ်ရှိ သင်တို့၏ကိုယ်အင်္ဂါများကို သေစေကြလော့။’—ကော. ၃:၅

ခရစ်ယာန်တစ်ဦးက ညစ်ညမ်းရုပ်ပုံစာပေတွေကို တစ်ခါ၊ နှစ်ခါ ကြည့်မိတယ်ဆိုရင်ကော။ သူ့အခြေအနေက အန္တရာယ်ရှိနေတယ်။ တစ်ခါတုန်းက အာသပ်လည်း အန္တရာယ်ရှိတဲ့အခြေအနေထဲ ကျရောက်ခဲ့ဖူးတယ်။ နောက်ပိုင်းမှာ သူက “ငါ့ခြေက လမ်းလွဲတော့မလို့။ ငါ့ခြေလှမ်းတွေက ချော်လဲလုနီးပါးပဲ” လို့ပြောခဲ့တယ်။ အဝတ်အစားမပါတဲ့ ယောက်ျားမိန်းမပုံတွေ ဒါမှမဟုတ် ယောက်ျားနဲ့မိန်းမ လိင်ဆက်ဆံနေတဲ့ပုံတွေကိုကြည့်တဲ့ ခရစ်ယာန်တစ်ဦးက ကြည်လင်တဲ့ ကိုယ်ကိုယ်ကိုယ်သိတဲ့စိတ်ရှိမှာမဟုတ်ဘူး၊ ဘုရားသခင်နဲ့ကောင်းတဲ့ဆက်ဆံရေးလည်း ရှိနိုင်မှာမဟုတ်ဘူး။ ဒီလိုပြောခဲ့တဲ့အာသပ်လို သူလည်း ခံစားရနိုင်တယ်– “ငါ တစ်နေ့လုံး ဒုက္ခတွေ ခံစားနေရတယ်။ မနက်တိုင်း တည့်မတ်ခံနေရတယ်” လို့ပြောခဲ့တယ်။—ဆာ. ၇၃:၂၊ ၁၄ကဘ။

ညစ်ညမ်းရုပ်ပုံစာပေတွေကို ကြည့်တဲ့အကျင့်ရှိသူ ခရစ်ယာန်တစ်ဦးဟာ မိမိရဲ့လုပ်ရပ်က ယေဟောဝါနဲ့ဆက်ဆံရေးကို ထိခိုက်စေတယ်၊ အကူအညီတောင်းခံဖို့လိုတယ်ဆိုတာ သိထားသင့်တယ်။ ဒီအကူအညီကို အသင်းတော်အကြီးအကဲတွေဆီက ရနိုင်တယ်– ‘လူသည် သတိမထားမိဘဲ ခြေလှမ်းမှားမိလျှင်ပင် သင်တို့သည် ကိုယ်ကိုမပြတ်သတိပြုလျက် ထိုသို့သောသူကို နူးညံ့သိမ်မွေ့သောစိတ်နှင့် တည့်မတ်ပေးကြလော့။’ (ဂလ. ၆:၁) ခရစ်ယာန်အကြီးအကဲတစ်ဦး ဒါမှမဟုတ် နှစ်ဦးက သူလိုအပ်တဲ့အကူအညီ ပေးနိုင်တယ်။ သူ့အတွက် ဆုတောင်းပေးနိုင်တယ်၊ “လူနာကိုကျန်းမာစေ” ပြီး “အပြစ်ပြုခဲ့လျှင် ခွင့်လွှတ်ခံရ” မယ်လို့ ယုံကြည်စိတ်ချနိုင်တယ်။ (ယာ. ၅:၁၃-၁၅) ဘုရားသခင်နဲ့အနီးကပ်ရှိခြင်းကနေ အာသပ် အကျိုးခံစားခဲ့ရတယ်။ ညစ်ညမ်းရုပ်ပုံစာပေကြည့်တဲ့သူတွေက ဆက်မကြည့်တော့ဖို့ အကူအညီကိုလက်ခံမယ်ဆိုရင် ယေဟောဝါနဲ့ သူ့ရဲ့ဆက်ဆံရေး ပိုကောင်းလာမှာဖြစ်လို့ အကျိုးခံစားရမှာဖြစ်တယ်။—ဆာ. ၇၃:၂၈

ဒါပေမဲ့ တမန်တော်ပေါလုက ‘မသန့်ရှင်းခြင်း၊ တရားမဝင်လိင်ဆက်ဆံခြင်း၊ အကျင့်ပျက်ခြင်း’ * အတွက် နောင်တမရတဲ့အပြစ်ပြုသူတချို့အကြောင်း ပြောခဲ့တယ်။ (၂ ကော. ၁၂:၂၁) “မသန့်ရှင်းခြင်း” လို့ပြန်ဆိုတဲ့ ဂရိစကားလုံးက ညစ်ညမ်းခြင်း၊ ရွံရှာဖွယ်ဖြစ်ခြင်း ဆိုတဲ့အဓိပ္ပာယ်ရှိတယ်လို့ ပရောဖက်ဆာ မာဗင် အာ ဗင်းဆင့်ကရေးခဲ့တယ်။ ညစ်ညမ်းတဲ့ညစ်ညမ်းရုပ်ပုံစာပေမှာ လိင်တူချင်းဆက်ဆံတာ၊ အုပ်စုဖွဲ့လိင်ဆက်ဆံတာ၊ တိရစ္ဆာန်နဲ့လိင်ဆက်ဆံတာ၊ ကလေးညစ်ညမ်းရုပ်ပုံ၊ အဖွဲ့လိုက် မုဒိမ်းကျင့်တာ၊ အမျိုးသမီးတွေကို နှိပ်စက်ညှဉ်းဆဲတာ၊ တခြားသူကို ချုပ်နှောင်၊ နှိပ်စက်ပြီး လိင်သာယာမှုခံစားတာတွေ ပါဝင်တယ်။ ပေါလုအချိန်က လူတချို့ဟာ “ဉာဏ်အလင်းကွယ်” ပြီး “အရှက်အကြောက်မရှိကြဘဲ မသန့်ရှင်းသောကျင့်အမျိုးမျိုးကို ငမ်းငမ်းတက်ကျင့်ရန် မိမိတို့ကိုယ်ကို အကျင့်ပျက်ခြင်းလက်သို့ အပ်” ခဲ့ကြတယ်။—ဧ. ၄:၁၈၊ ၁၉

ဂလာတိ ၅:၁၉ မှာလည်း ပေါလုက “မသန့်ရှင်းခြင်း” အကြောင်းဖော်ပြထားတယ်။ ဒါက သဘာဝနဲ့ဆန့်ကျင်တဲ့အရာတွေကို ငမ်းငမ်းတက်တပ်မက်တာကို ရည်ညွှန်းတာလို့ ဟေဗြဲကျမ်းပညာရှင်တစ်ဦးက ဖော်ပြတယ်။ ဒီဆောင်းပါးမှာဖော်ပြထားတဲ့အရာတွေက ညစ်ညမ်းတဲ့အရာတွေဖြစ်တယ်၊ လူတွေကို မတော်လျော်တဲ့ဆန္ဒတွေ ဖြစ်ပေါ်လာစေတယ်ဆိုတာ ခရစ်ယာန်အားလုံး သဘောတူကြမှာဖြစ်တယ်။ ဒီအရာတွေကိုပြုကျင့်သူတွေက “ဘုရားသခင့်နိုင်ငံတော်ကို အမွေမခံရ” ဘူးလို့ ဂလာတိ ၅:၂၁ မှာ ပေါလုပြောခဲ့တယ်။ တစ်စုံတစ်ယောက်က ရွံစရာကောင်းတဲ့၊ ယုတ်ညံ့တဲ့ ညစ်ညမ်းရုပ်ပုံစာပေတွေကို ကြည့်တဲ့အကျင့်စွဲနေပြီး အချိန်အတော်ကြာနေပြီဆိုရင်ကော။ နောင်တမရဘဲ ဆက်ကြည့်နေမယ်ဆိုရင် အသင်းတော်ကို ကာကွယ်ဖို့နဲ့ သန့်ရှင်းနေစေဖို့ သူ့ကို နှင်ထုတ်ရမှာဖြစ်တယ်။—၁ ကော. ၅:၅၊ ၁၁

ရွံရှာစရာကောင်းတဲ့ ညစ်ညမ်းရုပ်ပုံစာပေတွေကိုကြည့်ခဲ့ကြသူတချို့ဟာ အကြီးအကဲတွေဆီကနေ အကူအညီရယူပြီး လုံးဝပြုပြင်ပြောင်းလဲခဲ့ကြတယ်ဆိုတာ သိရတာက ဝမ်းသာဖို့ကောင်းတယ်။ ရှေးသာဒိအသင်းတော်ကလူတချို့ကို ယေရှု ဒီလိုပြောခဲ့တယ်– “သေလုဆဲဆဲအရာများကို ခွန်အားရှိစေလော့။ . . . သင်မည်သို့ခံယူခဲ့သည်၊ မည်သို့ ကြားနာခဲ့သည်ကိုအောက်မေ့၍ စောင့်ရှောက်နေလော့။ နောင်တရလော့၊ သင်မနိုးထလျှင် . . . ငါလာမည့်အချိန်နာရီကိုလည်း သင်လုံးဝသိရမည်မဟုတ်။” (ဗျာ. ၃:၂၊ ၃) နောင်တယူပြီး ညစ်ညမ်းရုပ်ပုံကြည့်တဲ့အန္တရာယ်ကနေ လွတ်မြောက်နိုင်ပါတယ်။—ယု. ၂၂၊ ၂၃

ညစ်ညမ်းရုပ်ပုံစာပေကြောင့် အန္တရာယ်ကျရောက်မခံတာ ပိုကောင်းပါတယ်။ ကျွန်ုပ်တို့အားလုံးက ညစ်ညမ်းရုပ်ပုံစာပေပုံစံအားလုံးကို ရှောင်ကြဉ်ဖို့ စိတ်ပိုင်းဖြတ်ထားသင့်တယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 “မသန့်ရှင်းခြင်း၊ တရားမဝင်လိင်ဆက်ဆံခြင်း၊ အကျင့်ပျက်ခြင်း” က တစ်ခုနဲ့တစ်ခု မတူဘူးဆိုတဲ့အကြောင်းကို ကင်းမျှော်စင် ဇူလိုင် ၁၅၊ ၂၀၀၆၊ စာမျက်နှာ ၂၉-၃၁ ကိုကြည့်ပါ။

[စာမျက်နှာ ၃၀ ပါ အကျဉ်းဖော်ပြချက်]

ညစ်ညမ်းရုပ်ပုံစာပေ တွေကိုကြည့်တဲ့ အကျင့်ရှိသူ ခရစ်ယာန်တစ်ဦးဟာ မိမိရဲ့လုပ်ရပ်က ယေဟောဝါနဲ့ဆက်ဆံရေးကို ထိခိုက်စေတယ်၊ အကူအညီတောင်းခံဖို့လိုတယ်ဆိုတာ သိထားသင့်တယ်