မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကြံဉာဏ် ဘယ်လို ပေးသလဲ

အကြံဉာဏ် ဘယ်လို ပေးသလဲ

အကြံဉာဏ် ဘယ်လို ပေးသလဲ

တခြားသူတွေကို အကြံဉာဏ်ပေးဖို့ သင်တောင်းဆိုခံရဖူးသလား။ ဥပမာ၊ သင် ဒီလိုမေးခွန်းတွေ မေးခံရဖူးသလား– ‘ကျွန်တော် ဘာလုပ်သင့်သလဲ။ ဒီမိတ်ဆုံပွဲကို ကျွန်တော် သွားသင့်သလား။ ဒီအလုပ်ကို ကျွန်တော် လုပ်သင့်သလား။ ဒီလူကို လက်ထပ်ဖို့ရည်ရွယ်ချက်နဲ့ ကျွန်တော် တွဲသင့်သလား။’

တစ်စုံတစ်ယောက်က ဆုံးဖြတ်ချက်တွေချဖို့ သင့်ထံ အကူအညီတောင်းနိုင်တယ်၊ အဲဒီဆုံးဖြတ်ချက်တွေက သူ့ရဲ့မိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ ဆက်ဆံရေးကိုသာမက ယေဟောဝါနဲ့ သူ့ရဲ့ဆက်ဆံရေးအပေါ်မှာပါ အကျိုးသက်ရောက်နိုင်ပါတယ်။ သင့်အကြံပြုချက်ကို သင့်ကိုယ်ပိုင်အမြင် ဒါမှမဟုတ် သမ္မာကျမ်းစာအပေါ် အခြေခံမလား။ တခြားသူတွေကို အကြံဉာဏ်ပေးရာမှာ သင် ဘယ်လိုလုပ်လေ့လုပ်ထရှိသလဲ။ သင့်ကိုအကူအညီတောင်းသူရဲ့ပြဿနာက အရေးကြီးသည်ဖြစ်စေ၊ အရေးမကြီးသည်ဖြစ်စေ “ဖြောင့်မတ်သောသူသည် အဘယ်သို့ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏” လို့ သုတ္တံ ၁၅:၂၈ ကပြောတယ်။ တခြားသူတွေကို အကြံဉာဏ်ပေးတဲ့အခါ အောက်မှာဖော်ပြထားတဲ့ ကျမ်းစာမူငါးခုက ကျွန်ုပ်တို့ကို ဘယ်လိုကူညီပေးနိုင်သလဲဆိုတာ လေ့လာကြည့်ကြစို့။

၁ အခြေအနေမှန်ကိုပိုင်းခြားသိမြင်ခြင်း

အခြေအနေမှန်ကို ကောင်းကောင်းသိအောင်လုပ်ပါ။ “အကျိုးအကြောင်းကိုမစစ်မီ အမှုစီရင်သောသူသည် မိုက်သောအပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။” သု. ၁၈:၁၃

အကြံဉာဏ်ကောင်းပေးနိုင်ဖို့ဆိုရင် အကြံဉာဏ်တောင်းသူရဲ့ရှုမြင်ချက်နဲ့ အခြေအနေကို သိရမှာဖြစ်တယ်။ ဥပမာအနေနဲ့ သင့်အိမ်ကို ဘယ်လမ်းကလာရမလဲလို့ တစ်ယောက်ယောက်က ဖုန်းဆက်ပြီးမေးတယ်ဆိုပါစို့၊ သူ့ကို ကူညီနိုင်ဖို့ သင်ဘာသိထားရမလဲ။ သူ ဘယ်မှာရှိသလဲဆိုတာကို သင်သိဖို့လိုပါလိမ့်မယ်၊ ဒါမှ သင့်အိမ်ကိုလာဖို့ သင့်တော်တဲ့လမ်းကို ညွှန်ပြနိုင်မှာဖြစ်တယ်။ အဲဒီလိုပဲ သင်က သင့်တော်တဲ့အကြံဉာဏ်ပေးချင်တယ်ဆိုရင် အကြံဉာဏ်တောင်းသူရဲ့ အခြေအနေနဲ့ ရှုမြင်ပုံကို သိဖို့လိုတယ်။ သင့်ရဲ့အကြံပြုချက်အပေါ် အကျိုးသက်ရောက်နိုင်တဲ့၊ သင်မသိတဲ့ အကြောင်းတွေရှိနေမလား။ အကြံဉာဏ်တောင်းသူရဲ့ အခြေအနေမှန်ကိုမသိဘဲ အကြံဉာဏ်ပေးလိုက်မယ်ဆိုရင် သူ့ကို ပိုပြီး ခေါင်းရှုပ်သွားစေနိုင်တယ်။—လု. ၆:၃၉

အကြံဉာဏ်တောင်းသူ ဘယ်လောက်အထိ ရှာဖွေလေ့လာထားသလဲဆိုတာ ပိုင်းဖြတ်ပါ။ အကြံဉာဏ်တောင်းသူကို ဒီမေးခွန်းတွေ မေးတာက ပညာရှိရာကျတယ်– “ခင်ဗျား ဆုံးဖြတ်ချက်ချတဲ့အခါ ဘယ်ကျမ်းစာမူတွေက အထောက်အကူပြုမယ်လို့ ထင်သလဲ။” “သင် ရွေးချယ်နိုင်တဲ့နည်းလမ်းတစ်ခုစီရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးက ဘာတွေဖြစ်မလဲ။” “သင် ဘာတွေကို ရှာဖွေလေ့လာထားပြီးပြီလဲ။” “အသင်းတော်အကြီးအကဲတွေ၊ သင့်မိဘတွေ ဒါမှမဟုတ် သင့်ကိုကျမ်းစာသင်ပေးသူဆီက သင် ဘာအကူအညီ ရရှိထားသလဲ။”

ဒီမေးခွန်းတွေရဲ့အဖြေက ဆုံးဖြတ်ချက်ချဖို့ သူ့ဘက်က ဘယ်လောက်ကြိုးစားအားထုတ်ထားသလဲ၊ တခြားသူတွေဆီမှာ အကြံဉာဏ်တောင်းပြီးပြီလားဆိုတာသိဖို့ အထောက်အကူပေးပါလိမ့်မယ်။ အကြံဉာဏ်တောင်းသူက သူကြားချင်တဲ့အကြံဉာဏ်မျိုး ကျွန်ုပ်တို့ကို ပြောစေချင်သလားဆိုတာကိုလည်း သိရမှာဖြစ်တယ်။—၂ တိ. ၄:၃

၂ အလျင်စလို အကြံဉာဏ်ပေးတာကိုရှောင်ပါ။

‘လူတိုင်းသည် နားထောင်ခြင်း၌ လျင်မြန်ရမည်။ စကားပြောခြင်း၌ နှေးရမည်။’ —ယာ. ၁:၁၉

အလျင်စလို တုံ့ပြန်လိုက်တာက အကြံဉာဏ်တောင်းသူအတွက် အထောက်အကူဖြစ်တယ်လို့ ကျွန်ုပ်တို့ ယူဆမိနိုင်တယ်။ ဒါပေမဲ့ ဒီလိုတုံ့ပြန်လိုက်တာက ပညာရှိရာမရောက်ဘူး၊ အထူးသဖြင့် ကျွန်ုပ်တို့ပြောနေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး အသေအချာ မလေ့လာရသေးတဲ့အခါမျိုးမှာဖြစ်တယ်။ သုတ္တံ ၂၉:၂၀ (ကဘ) မှာ ဒီလိုပြောတယ်– “စကားကို လွှတ်ခနဲပြောတတ်သူကို မြင်ဖူးလား။ သူ့ထက် လူမိုက်ကို ပိုပြီးမျှော်လင့်နိုင်တယ်။”

သင်ပေးတဲ့အကြံဉာဏ်က ဘုရားသခင့်ဉာဏ်ပညာအပေါ် အခြေခံကြောင်း သေချာစေပါ။ သင့်ကိုယ်သင် ဒီလိုမေးပါ– ‘လောကရဲ့ အတွေးအခေါ်နဲ့စိတ်ဓာတ်က ငါ့ရဲ့အတွေးအခေါ်ကို လွှမ်းမိုးနေသလား။’ (၁ ကော. ၂:၁၂၊ ၁၃) တမန်တော်ပေတရုက ယေရှုရင်ဆိုင်ရမယ့် ခက်ခဲတဲ့အခြေအနေကိုသိပြီး “ကိုယ့်ကိုယ်ကိုယ် သနားပါ သခင်။ ထိုအဖြစ်မျိုးကို ကိုယ်တော် လုံးဝမကြုံရပါ” ဆိုပြီး ယေရှုကို အကြံပေးခဲ့တယ်။ ပေတရုရဲ့တုံ့ပြန်ပုံကနေ ကျွန်ုပ်တို့ ဘာသိရသလဲ။ သတိမထားဘူးဆိုရင် ကျွန်ုပ်တို့ရဲ့အကြံဉာဏ်က “ဘုရားသခင်၏ရှုထောင့်မှ မစဉ်းစား၊ လူ့ရှုထောင့်ဖြင့်သာ စဉ်းစား” မိတဲ့အကြံဉာဏ်မျိုးဖြစ်သွားနိုင်တယ်။ (မ. ၁၆:၂၁-၂၃) ကူညီပေးတာက ကောင်းပါတယ်၊ ဒါပေမဲ့ ဘုရားသခင့်ဉာဏ်ပညာက ကျွန်ုပ်တို့ရဲ့ အတွေ့အကြုံထက် အများကြီး သာလွန်မြင့်မြတ်တယ်ဆိုတာ သတိရဖို့လိုတယ်။ ဒါကြောင့် စကားမပြောခင် အရင်စဉ်းစားဖို့ အရေးကြီးတယ်။—ယောဘ ၃၈:၁-၄; သု. ၁၁:၂

၃ ဘုရားသခင့်တရားစကားတော်ကို နှိမ့်ချစွာကျင့်သုံးပါ။

‘ငါသည် ကိုယ့်သဘောအတိုင်း အဘယ်အမှုကိုမျှမပြုဘဲ ငါ့ခမည်းတော်သည် ငါ့အား သွန်သင်တော်မူသည့်အတိုင်း ဟောပြောသည်။’—ယော. ၈:၂၈

“ကျွန်တော်သာ ခင်ဗျားနေရာမှာဆိုရင် . . . လုပ်မှာပဲ” လို့ ပြောမလား။ ဖြေရှင်းနည်းက လွယ်လွယ်လေးလို့ ထင်ရရင်တောင် ယေရှုပြခဲ့တဲ့ နှိမ့်ချမှု၊ ကျိုးနွံမှုပုံသက်သေကို လိုက်သင့်တယ်။ ကိုယ်တော်က ဘယ်လူသားထက်မဆို ဉာဏ်ပညာနဲ့အတွေ့အကြုံ ပိုများပါတယ်၊ ဒါပေမဲ့ ကိုယ်တော် ဒီလိုပြောခဲ့တယ်– “ငါသည် ကိုယ့်သဘောအတိုင်း ဟောပြောသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် မည်သို့ဟောပြောရမည်ကို ပညတ်ထားတော်မူပြီ။” (ယော. ၁၂:၄၉၊ ၅၀) ယေရှုရဲ့ သွန်သင်ချက်တွေနဲ့ အကြံဉာဏ်က အမြဲပဲ ခမည်းတော်ရဲ့အလိုတော်အပေါ် အခြေခံတယ်။

ဥပမာ၊ လုကာ ၂၂:၄၉ မှာဖတ်ရတဲ့အတိုင်း ယေရှုကိုဖမ်းဖို့လူတွေလာတဲ့အခါ တပည့်တွေက ပြန်ခုခံရမလားလို့ ယေရှုကိုမေးတယ်။ တပည့်တစ်ယောက်ဆိုရင် ဓားကိုတောင်သုံးပြီး ခုခံတယ်။ ဒီအဖြစ်အပျက်ကိုမှတ်တမ်းတင်ထားတဲ့ မဿဲ ၂၆:၅၂-၅၄ ကို ဖတ်ကြည့်ပါ၊ ဒီလိုအခြေအနေမျိုးမှာတောင် ယေရှုက အဲဒီတပည့်ကို ယေဟောဝါရဲ့အလိုတော်အကြောင်း အချိန်ယူရှင်းပြခဲ့တယ်။ ယေရှုဟာ ကမ္ဘာဦး ၉:၆ မှာပါတဲ့မူနဲ့ ဆာလံ ၂၂၊ ဟေရှာယ ၅၃ မှာပါတဲ့ ပရောဖက်ပြုချက်တွေကို သိထားတယ်၊ ဒါကြောင့် ကိုယ်တော်ဟာ အသက်ရစေတဲ့၊ ယေဟောဝါရဲ့စိတ်တော်ကို ပျော်ရွှင်စေတဲ့ ပညာရှိလမ်းညွှန်ချက်ကို ပေးနိုင်ခဲ့ခြင်းဖြစ်တယ်။

၄ အဖွဲ့အစည်းထုတ်စာပေတွေကို သုံးပါ။

“မိမိအိမ်သူအိမ်သားတို့အား အချိန်တန်အစာဝေပေးရန် သခင်ခန့်အပ်ထားသည့် သစ္စာနှင့်သတိပညာရှိသော ကျွန်ကား ဧကန်စင်စစ် မည်သူနည်း။” မ. ၂၄:၄၅

ကျမ်းစာစာပေတွေကို ထုတ်ဝေဖို့ ယေရှုက ယုံကြည်စိတ်ချရတဲ့ကျွန်ကို ခန့်ထားတယ်။ အရေးကြီးတဲ့ကိစ္စနဲ့ပတ်သက်ပြီး သင် အကြံဉာဏ်ပေးရတဲ့အခါမှာ ကျမ်းစာအခြေပြုစာပေတွေကို အသေအချာလေ့လာဖို့ အချိန်ယူပါ။

ကင်းမျှော်စင်စာပေများအညွှန်းနဲ့ ကင်းမျှော်စင်စာကြည့်တိုက် * မှာ အကြောင်းအရာတွေ အများကြီးပါတယ်။ ဒီကိရိယာတွေကို အသုံးပြုဖို့မမေ့ပါနဲ့။ အကြံဉာဏ်ရလိုသူတွေအတွက် ထောင်နဲ့ချီတဲ့အကြောင်းအရာတွေကို ဖော်ပြထားတဲ့ ဆောင်းပါးအများကြီးကို အဲဒီမှာ စာရင်းလုပ်ထားတယ်။ ကျမ်းစာမူတွေကို လေ့လာရာမှာ၊ ရှာဖွေ နှိုင်းယှဉ်ရာမှာ ဒီကိရိယာတွေကိုသုံးပြီး တခြားသူတွေ ဆုံးဖြတ်ချက်ကောင်းချဖို့ ကူညီပေးနိုင်မလား။ မြေပုံတစ်ခုက လူတစ်ယောက်ကို သူသွားချင်တဲ့နေရာရောက်အောင် လမ်းညွှန်ပေးတယ်၊ ဒီလိုပဲ အဖွဲ့အစည်းထုတ်စာပေတွေက လူတစ်ယောက်ကို ထာဝရအသက်ပန်းတိုင်ရောက်စေတဲ့ ဆုံးဖြတ်ချက်တွေချရာမှာ ကူညီပေးနိုင်တယ်။

အကြီးအကဲတွေက ကင်းမျှော်စင်စာပေများအညွှန်းနဲ့ ကင်းမျှော်စင်စာကြည့်တိုက်ကို အသုံးပြုတတ်ဖို့ ကြေညာသူတွေကို လေ့ကျင့်ပေးတယ်။ ဒါက ဆောင်းပါးတွေကို ရှာတွေ့နိုင်ဖို့ ကြေညာသူတွေအတွက် အထောက်အကူဖြစ်တယ်၊ ဒါမှ ဆုံးဖြတ်ချက်တွေချတဲ့အခါ သမ္မာကျမ်းစာကို လေ့လာ၊ နှိုင်းယှဉ်နိုင်မှာဖြစ်တယ်။ သူတို့ဟာ ပြဿနာတွေဖြေရှင်းတဲ့အခါမှာသာမဟုတ်ဘဲ နေ့စဉ်အသက်တာမှာလည်း ရှာဖွေလေ့လာပြီး ယေဟောဝါ ပြင်ဆင်ပေးထားရာတွေကို အားကိုးတတ်ဖို့ သင်ယူကြတယ်။ ဒီလိုနည်းအားဖြင့် သူတို့ဟာ “မိမိတို့၏သိနားလည်နိုင်စွမ်းကို အသုံးပြုခြင်းဖြင့် အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်ရန် လေ့ကျင့်ထား” သူများဖြစ်ကြတယ်။—ဟေဗြဲ ၅:၁၄

၅ တခြားသူတွေအတွက် ဆုံးဖြတ်ချက်ချပေးခြင်းကို ရှောင်ပါ။

“လူအသီးသီးသည် မိမိတို့၏ဝန်ကို ထမ်းရွက်ကြရမည်။”ဂလ. ၆:၅

အဆုံးမှာတော့ လူတိုင်းက ကိုယ် ဘယ်အကြံဉာဏ်ကိုလက်ခံမယ်ဆိုတာ ရွေးချယ်ရမှာဖြစ်တယ်။ ယေဟောဝါက ကျွန်ုပ်တို့အားလုံးကို ကိုယ်တော့်မူတွေအတိုင်း လိုက်နာမလား၊ မလိုက်နာဘူးလားဆိုတာ လွတ်လပ်စွာရွေးချယ်ခွင့်ပေးထားတယ်။ (တရား. ၃၀:၁၉၊ ၂၀) တချို့ကိစ္စတွေမှာ ကျမ်းစာမူ အမြောက်အမြား ပါဝင်ပတ်သက်တယ်၊ နောက်ဆုံးမှာတော့ အကြံဉာဏ်တောင်းသူကိုယ်တိုင် ဆုံးဖြတ်ရမှာဖြစ်တယ်။ ကိစ္စရပ် ဒါမှမဟုတ် အကြံဉာဏ်တောင်းသူရဲ့ အသက်အရွယ်အပေါ် အခြေခံပြီး ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးဖို့လိုတယ်– ‘ငါ ဒီကိစ္စကို ဖြေရှင်းပိုင်ခွင့်ရှိသလား။’ တချို့ကိစ္စတွေက အသင်းတော်အကြီးအကဲတွေကို ပြောပြတာ ဒါမှမဟုတ် အကြံဉာဏ်တောင်းသူက အသက်ငယ်ရွယ်သူဖြစ်တယ်ဆိုရင် သူ့မိဘတွေကို အသိပေးတာက အကောင်းဆုံးဖြစ်တယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 20 ကင်းမျှော်စင်စာကြည့်တိုက် စီဒီချပ်ကို လက်ရှိအချိန်မှာ ဘာသာစကား ၃၉ မျိုးနဲ့ ရနိုင်တယ်။ ကင်းမျှော်စင်စာပေများအညွှန်းကို လက်ရှိအချိန်မှာ ဘာသာစကား ၄၅ မျိုးထက်မကရနိုင်တယ်။

[စာမျက်နှာ ၈ မှ လေးထောင့်ကွက်နှင့်ရုပ်ပုံ]

မိသားစုလေ့လာမှုအစီအစဉ်

လေ့လာမှုအစီအစဉ်တစ်ခုမှာ သင် မကြာသေးခင်က အမေးခံခဲ့ရတဲ့မေးခွန်းတွေရဲ့အဖြေကို ရှာဖွေလေ့လာနိုင်ပါတယ်။ ဒီမေးခွန်းတွေမေးတဲ့သူတွေကို ကူညီပေးနိုင်ဖို့ ဘယ်ဆောင်းပါးတွေနဲ့ ကျမ်းစာမူတွေရှိမလဲ။ ဥပမာ၊ ညီအစ်ကို ဒါမှမဟုတ် ညီအစ်မတစ်ယောက်က တစ်စုံတစ်ယောက်ကို လက်ထပ်ဖို့ရည်ရွယ်ပြီး ပိုးပန်းတာနဲ့ပတ်သက်လို့ သင့်ကိုမေးတယ်ဆိုပါစို့။ အညွှန်း ဒါမှမဟုတ် ကင်းမျှော်စင်စာကြည့်တိုက် ကိုသုံးတဲ့အခါ ဦးဆုံး အဲဒီအကြောင်းနဲ့ပတ်သက်ပြီး တိုက်ရိုက်ဆွေးနွေးထားတဲ့ အကြောင်းအရာကိုကြည့်ပါ။ ဥပမာ၊ အညွှန်းမှာ “Dating” (ချိန်းတွေ့ခြင်း) ဒါမှမဟုတ် “Marriage” (အိမ်ထောင်ပြုခြင်း) ဆိုတာကိုကြည့်ပါ။ အဲဒီနောက် အဲဒီအကြောင်းနဲ့ဆက်နွှယ်နေတဲ့ ခေါင်းစဉ်ခွဲလေးတွေကို လေ့လာပါ။ အဓိကခေါင်းစဉ်တစ်ခုကို ကြည့်တဲ့အခါ “See also” (ကိုလည်းကြည့်) လို့ညွှန်းထားတာပါမပါ ကြည့်ပါ၊ အဲဒီအထဲကဆောင်းပါးတွေက သင်ရှာနေတဲ့အကြောင်းအရာနဲ့ ပိုတိုက်ရိုက်ပတ်သက်တာဖြစ်နိုင်တယ်။

[စာမျက်နှာ ၉ မှ လေးထောင့်ကွက်]

အကောင်းဆုံးအကြံဉာဏ်ရဖို့နဲ့ အကောင်းဆုံးအကြံဉာဏ်ပေးနိုင်ဖို့ အဖွဲ့အစည်းကတစ်ဆင့် ပြင်ဆင်ပေးထားရာတွေအတွက် ယေဟောဝါကို ကျေးဇူးတင်ပါတယ်။ ဒေသနာ ၁၂:၁၁ (ကဘ) မှာ ဒီလိုဖော်ပြထားတယ်– “ပညာရှိတွေရဲ့စကားတွေက နှင်တံနဲ့တူတယ်။ သိုးထိန်းတစ်ပါး အပ်နှင်းထားတဲ့ ပညာရှိစကားတွေကို စုဆောင်းဖို့ ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံထားသူတွေက အိမ်ရိုက်သံချောင်းတွေနဲ့တူတယ်။” ဝန်တင်တိရစ္ဆာန်တွေကို လမ်းပြရာမှာသုံးတဲ့ နှင်တံလိုပဲ မေတ္တာပါပြီး မှန်ကန်တဲ့အကြံဉာဏ်က စိတ်ရင်းမှန်သူတွေကို လမ်းမှန်ပြပေးတယ်။ အိမ်ရိုက်သံချောင်းတွေက အဆောက်အဦတွေကို ခိုင်ခံ့စေတယ်။ ဒီလိုပဲ အကြံဉာဏ်ကောင်းဝေမျှခြင်းက ရလဒ်ကောင်းတွေရစေနိုင်တယ်။ ပညာရှိသူတွေဟာ “သိုးထိန်းတစ်ပါး” ဖြစ်တဲ့ ယေဟောဝါထံကရရှိတဲ့ “ပညာရှိစကားတွေ” ဒါမှမဟုတ် ပညာရှိအကြံဉာဏ်ကို ဝမ်းမြောက်စွာလိုက်နာကြပါတယ်။

အကြံဉာဏ်တွေပေးတဲ့အခါ ကျွန်ုပ်တို့ရဲ့သိုးထိန်း ယေဟောဝါကို သတိရပါ။ နားထောင်တတ်တဲ့နားရှိသူကို အတတ်နိုင်ဆုံး အကြံဉာဏ်ကောင်းပေးရတာက အခွင့်အရေးဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့အကြံဉာဏ်က ကျမ်းစာမူတွေအပေါ် တကယ်အခြေခံတယ်ဆိုရင် အကြံဉာဏ်ကောင်းဖြစ်ပြီး နားထောင်သူအတွက် ထာဝရအကျိုးဖြစ်ထွန်းစေပါ လိမ့်မယ်။