မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အရေးတကြီး သဘောထားကို ဆက်ထိန်းထားပါ

အရေးတကြီး သဘောထားကို ဆက်ထိန်းထားပါ

အရေးတကြီး သဘောထားကို ဆက်ထိန်းထားပါ

‘တရားစကားတော်ကို ဟောပြောလော့။ အရေးတကြီးသဘောထားဖြင့် ဆောင်ရွက်လော့။’— ၂ တိ. ၄:၂

သင် ရှင်းပြနိုင်သလား

ပထမရာစုခရစ်ယာန်တွေ ဘာကြောင့် အရေးတကြီးသဘောထားနဲ့ ဟောပြောခဲ့ကြသလဲ။

ကျွန်ုပ်တို့ရဲ့ အရေးတကြီးသဘောထားကို ဘယ်လိုနည်းနဲ့ ဆက်ထိန်းထားနိုင်သလဲ။

ကျွန်ုပ်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းက ဘာကြောင့် အရင်ကထက် ပိုအရေးကြီးသလဲ။

၁၊ ၂။ အရေးတကြီးသဘောထားနဲ့ဟောပြောတာနဲ့ပတ်သက်ပြီး ဘယ်မေးခွန်းတွေ ပေါ်လာသလဲ။

သက်ကယ်လုပ်ငန်းလုပ်တဲ့သူတွေက အရေးတကြီးသဘောထားနဲ့ အလုပ်လုပ်လေ့ရှိတယ်။ ဥပမာ၊ မီးသတ်သမားတွေက မီးသတ်အချက်ပေးဥသြသံ ကြားတာနဲ့ ချက်ချင်းပြေးသွားကြတယ်၊ အကြောင်းကတော့ လူတွေမှာ အသက်အန္တရာယ်ရှိနေတယ်ဆိုတာ သိလို့ပဲ။

ယေဟောဝါသက်သေတွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ လူတွေကယ်တင်ခံရဖို့ ကူညီပေးချင်ကြတယ်။ ဒါကြောင့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းနဲ့ သွန်သင်ခြင်းလုပ်ငန်းက ကျွန်ုပ်တို့အတွက် အရမ်းအရေးကြီးတယ်။ ကျွန်ုပ်တို့ရဲ့အလုပ်က အရေးတကြီးဖြစ်နေပေမဲ့ ကျွန်ုပ်တို့ဟာ မစဉ်းစားမဆင်ခြင်ဘဲ လျှောက်ပြေးမနေဘူး။ ဒါဆို ‘တရားစကားတော်ကို ဟောပြောလော့။ အရေးတကြီးသဘောထားဖြင့် ဆောင်ရွက်လော့’ ဆိုတဲ့စကားကို တမန်တော်ပေါလု ဘာအဓိပ္ပာယ်နဲ့ပြောတာလဲ။ (၂ တိ. ၄:၂) အရေးတကြီးသဘောထားနဲ့ ဘယ်လို ဟောပြောနိုင်သလဲ။ ကျွန်ုပ်တို့ရဲ့အလုပ်က ဘာကြောင့် အရမ်းအရေးကြီးတာလဲ။

ဟောပြောခြင်းလုပ်ငန်း ဘာကြောင့်အရေးကြီး

၃။ လူတွေ သတင်းကောင်းကိုလက်ခံတယ်ဆိုရင် ဘာဖြစ်နိုင်သလဲ၊ လက်မခံဘူးဆိုရင်ကော ဘာဖြစ်နိုင်သလဲ။

ကျွန်ုပ်တို့ရဲ့ ဟောပြောခြင်းလုပ်ငန်းက ဘယ်ပုံဘယ်နည်းနဲ့ အသက်တွေကိုကယ်တင်နိုင်တယ်ဆိုတာ သင်စဉ်းစားမိတဲ့အခါ တခြားသူတွေကို သတင်းကောင်းဟောပြောဖို့ အရေးကြီးတယ်လို့ သင်ခံစားရနိုင်တယ်။ (ရော. ၁၀:၁၃၊ ၁၄) သမ္မာကျမ်းစာမှာ ဒီလိုပြောတယ်– ‘ဆိုးသောသူအား “သင်သည် စင်စစ်အသေခံရလိမ့်မည်” ဟု ငါဆိုသော်လည်း ထိုသူသည် မိမိမကောင်းမှုကိုရှောင်၍ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကိုပြု . . . လျှင် အသေမခံရဘဲ စင်စစ်အသက်ရှင်ရလိမ့်မည်။ ပြုမိသောမကောင်းမှုအပြစ် တစ်စုံတစ်ခုကိုမျှ သူ၌မတင်။’ (ယေဇ. ၃၃:၁၄-၁၆) သမ္မာကျမ်းစာက သတင်းကောင်းဟောပြောသူတွေကို ဒီလိုပြောတယ်– “ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူကိုလည်းကောင်း ကယ်တင်လိမ့်မည်။”—၁ တိ. ၄:၁၆; ယေဇ. ၃:၁၇-၂၁

၄။ ပထမရာစုမှာ ဘာကြောင့် သတင်းကောင်းကို အရေးတကြီး ဟောပြောဖို့ လိုအပ်ခဲ့သလဲ။

ပေါလုက တိမောသေကို ဘာကြောင့် အရေးတကြီးသဘောထားနဲ့ဟောဖို့ တိုက်တွန်းသလဲဆိုတာသိဖို့အတွက် အဓိကကျမ်းချက်နဲ့ အထက်အောက်စကားကို ဖတ်ဖို့လိုတယ်– “တရားစကားတော်ကို ဟောပြောလော့။ အခြေအနေကောင်းသည့်အခါ၌ဖြစ်စေ၊ မကောင်းသည့်အခါ၌ဖြစ်စေ ထိုအမှုကို အရေးတကြီးသဘောထားဖြင့် ဆောင်ရွက်လော့။ အစွမ်းကုန် စိတ်ရှည်ခြင်းဖြင့်လည်းကောင်း၊ သွန်သင်ခြင်းနည်းပညာဖြင့်လည်းကောင်း ပဲ့ပြင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းတို့ကို ပြုလော့။ အကြောင်းမူကား လူတို့သည် အကျိုးဖြစ်ထွန်းသော သွန်သင်ချက်ကို နားမထောင်လိုတော့ဘဲ မိမိတို့ကြားလိုရာများ ပြောပေးမည့်ဆရာတို့ကို ရှာဖွေကြမည့်အချိန်ကာလ ရောက်လာလိမ့်မည်။ သူတို့သည် အမှန်တရားကို နားမထောင်” ကြ။ (၂ တိ. ၄:၂-၄) အယူဖောက်ပြန်သူတွေ ပေါ်လာမယ်လို့ ယေရှုကြိုပြောခဲ့တယ်။ (မ. ၁၃:၂၄၊ ၂၅၊ ၃၈) ဒါကြောင့် တိမောသေက “တရားစကားတော်ကို” အသင်းတော်ထဲမှာတောင် အရေးတကြီးဟောပြောခဲ့တယ်၊ ဒါမှ အယူဖောက်ပြန်သူတွေက ခရစ်ယာန်တွေကို မသွေးဆောင်နိုင်၊ မှားယွင်းတဲ့သွန်သင်ချက်တွေနဲ့ မလှည့်ဖြားနိုင်မှာဖြစ်တယ်။ သူတို့မှာ အသက်အန္တရာယ်ရှိခဲ့တယ်။ ဒီနေ့ကော။

၅၊ ၆။ ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်ုပ်တို့ဆုံတွေ့ရသူတွေက ဘယ်သွန်သင်ချက်တွေကို ယုံကြည်ကြသလဲ။

စစ်မှန်တဲ့ဝတ်ပြုရေးကနေ ပေါ်လာတဲ့ ဒီအယူဖောက်ပြန်မှုက ကြီးထွားလာပြီး နေရာအတော်များများကို ပျံ့သွားတယ်။ (၂ သက်. ၂:၃၊) ဒီနေ့ ဘယ်အယူမှားသွန်သင်ချက်တွေကို လူတွေအကြိုက်တွေ့နေကြသလဲ။ ဥပမာ၊ နေရာအတော်တော်များများမှာ ဆင့်ကဲအယူဝါဒကို ဘာသာတရားတစ်ခုလို အလေးအနက်ထား လေ့လာသင်ယူနေကြတယ်။ ဆင့်ကဲအယူဝါဒဆိုတာက သိပ္ပံပညာအသုံးအနှုန်းဖြစ်ပေမဲ့ ဒီအယူဝါဒက ဘုရားသခင်မရှိတဲ့ ဘာသာတရားတစ်ခုလိုဖြစ်နေပြီ။ ဒါက ဘုရားသခင်နဲ့ လူလူချင်းအပေါ်ထားရှိတဲ့ လူတွေရဲ့အမြင်ကို ထိခိုက်တယ်။ လူကြိုက်များတဲ့ နောက်ထပ်သွန်သင်ချက်တစ်ခုက ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို စိတ်မဝင်စားတဲ့အတွက် ကျွန်ုပ်တို့ကလည်း ဘုရားသခင်ကို စိတ်ဝင်စားစရာမလိုဘူး ဆိုတဲ့အချက်ဖြစ်တယ်။ သန်းနဲ့ချီတဲ့လူတွေ ဘာကြောင့် ဒီသွန်သင်ချက်တွေကိုအကြိုက်တွေ့ပြီး ပုံဆောင်သဘောအရ အိပ်ပျော်နေကြတာလဲ။ ဒီသွန်သင်ချက်နှစ်ခုစလုံးရဲ့ အခြေခံသဘောတရားက ‘သင့်စိတ်ကြိုက်၊ သင့်သဘောအတိုင်း လုပ်ချင်တာလုပ်လို့ရတယ်၊ သင် ဖြေရှင်းချက်ပေးရမယ့်သူ မရှိဘူး’ ဆိုတာပဲ။ ဒါက လူတွေ တကယ် ကြားချင်၊ ယုံကြည်လက်ခံချင်တဲ့စကားဖြစ်တယ်။—ဆာလံ ၁၀:၄ ကိုဖတ်ပါ။

လူတွေယုံကြည်တဲ့ တခြားသွန်သင်ချက်တွေလည်း ရှိသေးတယ်။ တချို့လူတွေကျတော့ သူတို့ ဘာပဲလုပ်လုပ် ရတယ်၊ ဘုရားသခင် သူတို့ကို ချစ်နေဆဲပဲဆိုတဲ့စကားကြားချင်လို့ ချာ့ခ်ျသွားကြတယ်။ တချို့ကတော့ ဘာသာရေးအခမ်းအနား၊ မစ္ဆားပွဲ၊ ဘာသာရေးပွဲနေ့တွေနဲ့ ရုပ်ပုံတွေက သူတို့ကို ဘုရားသခင့်ကောင်းချီးရဖို့ ကူညီပေးနိုင်တယ်လို့ ခရစ်ယာန်ဘုန်းကြီးတွေ၊ ခရစ်ယာန်ဓမ္မဆရာတွေပြောတာကို ကြားချင်ကြတယ်။ ဒီလူတွေက အန္တရာယ်ကျရောက်နေတဲ့ သူတို့ရဲ့အခြေအနေကို မသိကြဘူး။ (ဆာ. ၁၁၅:၄-၈) ဒါပေမဲ့ ကျွန်ုပ်တို့က သူတို့ကို ပုံဆောင်အိပ်ပျော်ရာကနေနှိုးပြီး သမ္မာကျမ်းစာအမှန်တရားအကြောင်း နားလည်လာအောင် ကူညီပေးမယ်ဆိုရင် သူတို့တွေဟာ ဘုရားသခင့်နိုင်ငံတော်ကနေ အကျိုးခံစားရနိုင်ပါတယ်။

အရေးတကြီးသဘောထားနဲ့ ဟောပြောခြင်းရဲ့အဓိပ္ပာယ်

၇။ ကျွန်ုပ်တို့ရဲ့အရေးတကြီးသဘောထားကို ဘယ်လိုပြနိုင်သလဲ။

ခွဲစိတ်ဆရာဝန်တစ်ယောက်က သူခွဲစိတ်နေတဲ့အခါ အပြည့်အဝအာရုံစိုက်မှာဖြစ်တယ်၊ အကြောင်းကတော့ လူနာရဲ့သေရေးရှင်ရေးက သူ့အပေါ် မူတည်နေလို့ပဲ။ ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့ရဲ့ ဟောပြောခြင်းလုပ်ငန်းကို အပြည့်အဝအာရုံစိုက်ခြင်းအားဖြင့် အရေးတကြီးသဘောထား တင်ပြနိုင်ကြတယ်။ ကျွန်ုပ်တို့တွေ့တဲ့သူတွေက ဘယ်အကြောင်းအရာ၊ ဘယ်မေးခွန်း၊ ဘယ်အချက်အလက်တွေကို စိတ်ဝင်စားနိုင်တယ်ဆိုတာ သေချာစဉ်းစားနိုင်တယ်။ ဒါ့အပြင် ဒီအလုပ်က ဘယ်လောက်ထိအရေးကြီးတယ်ဆိုတာ ကျွန်ုပ်တို့သိထားတယ်၊ ဒါကြောင့် လူတွေ သတင်းကောင်းကို စိတ်ဝင်တစားနားထောင်နိုင်မယ့်အချိန်ပေါ် မူတည်ပြီး ကျွန်ုပ်တို့ရဲ့အချိန်ဇယားကို ပြောင်းလဲကြမှာဖြစ်တယ်။—ရော. ၁:၁၅၊ ၁၆; ၁ တိ. ၄:၁၆

၈။ အရေးတကြီးသဘောထားရှိတယ်ဆိုတာ ဘာကိုဆိုလိုသလဲ။

အရေးတကြီးသဘောထားဆိုတာက အရေးအကြီးဆုံးအလုပ်ကို ဦးစားပေးလုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်လည်းရတယ်။ (ကမ္ဘာဦး ၁၉:၁၅ ကိုဖတ်ပါ။) ဥပမာ၊ သင် ဆေးစစ်ထားတဲ့အဖြေရပြီး ဆရာဝန်က သူ့ရုံးခန်းကို ခဏလာပါလို့ ပြောတယ်ဆိုပါစို့။ ပြီးတော့ ဆရာဝန်က ဒီလိုပြောတယ်– “ခင်ဗျားရဲ့ရောဂါအခြေအနေက အရေးပေါ်ဖြစ်နေပြီ။ ခင်ဗျားရောဂါနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ဖို့အတွက် အချိန် တစ်လလောက်ပဲရတော့မယ်။” သင် ဘာလုပ်မလဲ။ တစ်ခုခုလုပ်ဖို့ သူ့ရုံးခန်းထဲကနေ ချက်ချင်း ထပြေးထွက်သွားမှာမဟုတ်ဘူး။ သင် လုပ်သင့်တာတွေနဲ့ပတ်သက်ပြီး ဆရာဝန်ပြောတာကို သေချာနားထောင်မယ်၊ အိမ်ပြန်ပြီး သင် ဘာလုပ်သင့်သလဲဆိုတာကို စဉ်းစားဆုံးဖြတ်မှာဖြစ်တယ်။

၉။ ဧဖက်မြို့မှာ ပေါလု အရေးတကြီးသဘောထားနဲ့ ဟောပြောခဲ့တယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။

ပေါလုဟာ အာရှနယ်မှာ သူ သတင်းကောင်းဟောပြောတာနဲ့ပတ်သက်ပြီး ဧဖက်အသင်းတော်က အကြီးအကဲတွေကို ပြောပြခဲ့တယ်၊ အဲဒီမှာ သူ့ရဲ့အရေးတကြီးသဘောထားကို တွေ့နိုင်တယ်။ (တမန်တော် ၂၀:၁၈-၂၁ ကိုဖတ်ပါ။) သူအဲဒီကိုရောက်တဲ့နေ့ကစပြီး တစ်အိမ်မှတစ်အိမ် သတင်းကောင်းဟောပြောခြင်းလုပ်ငန်းမှာ အလုပ်များခဲ့တယ်။ နှစ်နှစ်လုံးလုံး ‘တုရန္နုရဲ့ကျောင်းခန်းမမှာ နေ့စဉ်ဟောပြော’ ခဲ့တယ်။ (တ. ၁၉:၁၊ ၈-၁၀) ပေါလုရဲ့ အရေးတကြီးသဘောထားက သူ့ရဲ့လုပ်ရိုးလုပ်စဉ်တွေအပေါ် အကျိုးသက်ရောက်ခဲ့တယ်။ အရေးတကြီးသဘောထားနဲ့ဟောပါဆိုတဲ့ ညွှန်ကြားချက်က ကျွန်ုပ်တို့ကို မနိုင်ဝန်တွေနဲ့ပိနေစေဖို့ မရည်ရွယ်ဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့အသက်တာမှာ ဟောပြောခြင်းလုပ်ငန်းက အရေးကြီးဆုံးဖြစ်သင့်တယ်။

၁၀။ ကျမ်းစာကျောင်းသားတွေ အရေးတကြီးသဘောထားနဲ့ ဟောပြောခဲ့တာကို ကျွန်ုပ်တို့ ဘာကြောင့် ဝမ်းမြောက်နိုင်သလဲ။

၁၀ ၁၉၁၄ ခုနှစ်မတိုင်မီက ကျမ်းစာကျောင်းသားအုပ်စုငယ်လေးဟာ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းကို အစပြုခဲ့တယ်။ သူတို့ရဲ့ပုံနမူနာက အရေးတကြီးသဘောထားရှိခြင်းရဲ့အဓိပ္ပာယ်ကို ဖော်ပြတယ်။ အဲဒီအချိန်တုန်းက သူတို့ရဲ့အရေအတွက်ဟာ ထောင်ဂဏန်းလောက်သာရှိပေမဲ့ သူတို့က အရေးကြီးတဲ့အချိန်မှာ အသက်ရှင်နေတယ်ဆိုတာ နားလည်သဘောပေါက်ပြီး ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ဇွဲထက်သန်စွာ စဟောခဲ့ကြတယ်။ ဟောပြောချက်တွေကို သတင်းစာ ၂,၀၀၀ ကျော်မှာ ပုံနှိပ်ဖော်ပြခဲ့တယ်၊ ရောင်စုံဓာတ်ပုံဆလိုက်တွေ၊ “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” လို့ခေါ်တဲ့ရုပ်ရှင်တွေ ပြခဲ့တယ်။ ဒီနည်းတွေကြောင့် သန်းနဲ့ချီတဲ့သူတွေ သတင်းကောင်းကြားခဲ့ရတယ်။ ကျမ်းစာကျောင်းသားတွေမှာ အရေးတကြီးသဘောထားရှိခဲ့လို့ ယနေ့ ကျွန်ုပ်တို့ ဘုရားသခင့်နိုင်ငံတော်သတင်းကို ကြားခွင့်ရခဲ့ကြတယ်။—ဆာလံ ၁၁၉:၆၀ ကိုဖတ်ပါ။

သင့် အရေးတကြီးသဘောထားကို ထိန်းသိမ်းထားပါ

၁၁။ လူတချို့ရဲ့ အရေးတကြီးသဘောထား ဘာကြောင့် ပျောက်ဆုံးသွားနိုင်သလဲ။

၁၁ လူတစ်ယောက်က အာရုံထွေပြားနေတယ်ဆိုရင် ဟောပြောခြင်းလုပ်ငန်းက ဘယ်လောက်အရေးကြီးတယ်ဆိုတာ မစဉ်းစားနိုင်တော့ဘူး။ စာတန်က ဒီလောကစနစ်ကိုသုံးပြီး ကျွန်ုပ်တို့ကို ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ အရေးမကြီးတဲ့အလုပ်တွေနဲ့ အလုပ်များနေအောင်၊ ယေဟောဝါရဲ့လုပ်ငန်းကနေ အာရုံလွဲသွားအောင် လုပ်တယ်။ (၁ ပေ. ၅:၈; ၁ ယော. ၂:၁၅-၁၇) တစ်ချိန်တုန်းက မိမိတို့ရဲ့ဘဝမှာ ယေဟောဝါရဲ့လုပ်ငန်းတော်ကို အဓိကဦးစားထားခဲ့သူတချို့ဟာ အရေးတကြီးသဘောထား ပျောက်ဆုံးသွားကြတယ်။ ဥပမာ၊ ပထမရာစုခရစ်ယာန်တစ်ယောက်ဖြစ်တဲ့ ဒေမဟာ တမန်တော်ပေါလုရဲ့ လုပ်ဖော်ဆောင်ဖက်ဖြစ်ခဲ့တယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ လောကကြောင့် အာရုံထွေပြားခဲ့တယ်။ ပေါလု အခက်အခဲဒုက္ခရောက်ချိန်မှာ ဆက်အားပေးမယ့်အစား ပေါလုကို စွန့်ခွာသွားခဲ့တယ်။—၂ တိ. ၄:၁၀; ဖိလေ. ၂၃၊ ၂၄

၁၂။ အခုအချိန်မှာ ကျွန်ုပ်တို့ ဘယ်အခွင့်အရေးရထားသလဲ။ အနာဂတ်မှာ ဘယ်အခွင့်အရေးတွေ ရဦးမလဲ။

၁၂ ကျွန်ုပ်တို့ရဲ့ အရေးတကြီးသဘောထားကို ဆက်ထိန်းထားချင်တယ်ဆိုရင် ဟောပြောခြင်းလုပ်ငန်းကနေ အာရုံလွဲသွားစေတဲ့အရာတွေရဲ့ သွေးဆောင်မှုကို တွန်းလှန်ရမှာဖြစ်တယ်။ “မှန်သောအသက်ကို ခိုင်မြဲစွာကိုင်စွဲထား” ဖို့ ကြိုးစားအားထုတ်သင့်တယ်။ (၁ တိ. ၆:၁၈၊ ၁၉) ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက် မြေကြီးပေါ် ထာဝစဉ်အသက်ရှင်တဲ့အခါ စိတ်ဝင်စားစရာတွေနဲ့ ပျော်မွေ့ရမယ့် မကုန်ဆုံးနိုင်တဲ့ အခွင့်အရေးတွေရမယ်ဆိုတာ သင် ယုံကြည်မှာသေချာတယ်။ ဒါပေမဲ့ အာမဂေဒုန်မှာ လူတွေကပ်ကျော်ဖို့ အခု ကူညီပေးရတဲ့အခွင့်အရေးကိုတော့ နောက်ဘယ်တော့မှ ပြန်မရနိုင်ဘူး။

၁၃။ ကျွန်ုပ်တို့ရဲ့ အရေးတကြီးသဘောထားကို ဆက်ထိန်းထားဖို့ ဘာက ကူညီပေးနိုင်သလဲ။

၁၃ လောကမှာရှိတဲ့လူအများစုက ယေဟောဝါကို မသိကြဘူး။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ အရေးတကြီးသဘောထားကို ဆက်ထိန်းထားဖို့ ဘာလုပ်နိုင်သလဲ။ တစ်ချိန်တုန်းက ကျွန်ုပ်တို့ဟာ ဘုရားသခင်ကို မသိခဲ့၊ အနာဂတ်မျှော်လင့်ချက်လည်း မရှိခဲ့ဘူးဆိုတဲ့အချက်ကို သတိရဖို့လိုတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့က ယေဟောဝါနဲ့ ယေရှုအကြောင်း လေ့လာသင်ယူခဲ့လို့ အခုဆိုရင် တခြားသူတွေကို အမှန်တရားအကြောင်း သင်ပေးနိုင်တဲ့ အခွင့်အရေးရရှိထားကြတယ်။ (ဧဖက် ၅:၁၄ ကိုဖတ်ပါ။) ပေါလု ဒီလိုရေးခဲ့တယ်– “သင်တို့၏ကျင့်ကြံပြုမူပုံသည် ပညာမဲ့ကဲ့သို့မဟုတ်ဘဲ ပညာရှိကဲ့သို့ဖြစ်စေရန် ကြပ်ကြပ်သတိပြုလျက်နေကြလော့။ ယခုနေ့ရက်ကာလသည် ဆိုးညစ်သောကြောင့် အခွင့်သာသောအချိန်ကို ဝယ်ယူကြလော့။” (ဧ. ၅:၁၅၊ ၁၆) ဆိုးညစ်တဲ့ဒီလောကမှာ ကျွန်ုပ်တို့ကို ယေဟောဝါနဲ့နီးကပ်စေတဲ့လုပ်ဆောင်မှုတွေမှာ ပါဝင်ဖို့ အချိန်ဝယ်ယူကြစို့။

အရမ်းအရေးကြီးတဲ့အချိန်ကာလမှာ ကျွန်ုပ်တို့အသက်ရှင်နေ

၁၄-၁၆။ ဟောပြောခြင်းလုပ်ငန်းက ဘာကြောင့် အရင်ကထက် ပိုအရေးကြီးနေသလဲ။

၁၄ ကျွန်ုပ်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းက အချိန်တိုင်းအရေးကြီးတယ်။ ဒါပေမဲ့ အခုအချိန်က အရင်ကထက် ပိုအရေးကြီးတယ်။ သမ္မာကျမ်းစာထဲမှာ ကြိုဟောထားတဲ့ အဖြစ်အပျက်မြောက်မြားစွာဟာ ၁၉၁၄ ခုနှစ်ကစပြီး မြေကြီးပေါ်မှာ အတိအကျပြည့်စုံနေတာကို ကျွန်ုပ်တို့ မြင်တွေ့နေရတယ်။ (မ. ၂၄:၃-၅၁) အရင်ကနဲ့မတူတဲ့ ဖျက်ဆီးခြင်းဘေးက လူသားတွေကို ခြိမ်းခြောက်နေတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ငြိမ်းချမ်းရေးအတွက် သဘောတူညီချက်တွေ လုပ်ထားတယ်၊ ဒါပေမဲ့ ကမ္ဘာ့ဘယ်နေရာကိုမဆိုပစ်နိုင်တဲ့ နျူကလီးယားထိပ်ဖူး ၂,၀၀၀ ခန့်က ချိန်ရွယ်ထားပြီးသားဖြစ်တယ်။ ရာနဲ့ချီတဲ့ နျူကလီးယားလက်နက်တွေ ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်တယ်။ ဒီလက်နက်တွေထဲကတချို့က အကြမ်းဖက်သမားတွေရဲ့လက်ထဲ ရောက်နေသလား။ အကြမ်းဖက်သမားတစ်ဦး အစပြုလိုက်တဲ့စစ်ပွဲတစ်ခုကြောင့် ကမ္ဘာကြီးတစ်ခုလုံး လွယ်လွယ်နဲ့ ပျက်စီးသွားနိုင်တယ်လို့ လူတချို့ကပြောကြတယ်။ ဒါပေမဲ့ လူသားတွေရဲ့ရှင်သန်ရေးကို ခြိမ်းခြောက်နေတာက စစ်တစ်ခုတည်းမဟုတ်ဘူး။

၁၅ ဂျာနယ်တစ်စောင် (The Lancet) နဲ့ လန်ဒန် တက္ကသိုလ်ကောလိပ်ရဲ့ ၂၀၀၉ ခုနှစ်ထုတ်ပြန်ချက်မှာ ကျွန်ုပ်တို့ခေတ်နဲ့ပတ်သက်ပြီး ဒီလိုပြောတယ်– “ကမ္ဘာ့ကျန်းမာရေးကို အကြီးမားဆုံး ခြိမ်းခြောက်နေတာက ရာသီဥတုအပြောင်းအလဲ ဖြစ်တယ်။” ရာသီဥတုအပြောင်းအလဲရဲ့ အကျိုးဆက်တွေက လူတွေရဲ့ကျန်းမာရေးကို ထိခိုက်နိုင်ပြီး သန်းထောင်နဲ့ချီတဲ့လူတွေကို အသက်အန္တရာယ် ကျရောက်စေနိုင်တယ်လို့ ဖော်ပြထားတယ်။ ပင်လယ်ရေ မျက်နှာပြင်မြင့်တက်မှု၊ မိုးခေါင်မှု၊ ရေကြီးမှု၊ ကူးစက်ရောဂါ၊ ဟာရီကိန်းမုန်တိုင်းနဲ့ စစ်ပွဲတွေကြောင့် ကမ္ဘာကြီးကိုထောက်ပံ့နေတဲ့အရင်းအမြစ်တွေ ပျက်စီးဆုံးရှုံးပြီး နေရာဒေသအတော်များများ ပျက်စီးသွားနိုင်တယ်။ စစ်ပွဲတွေနဲ့ ဘေးဒုက္ခတွေက လူသားတွေရဲ့ရှင်သန်ရေးကို ခြိမ်းခြောက်နေတယ်။

၁၆ နျူကလီးယားစစ်ပွဲရဲ့အန္တရာယ်ကနေ အစပြုပြီး နောက်ဆုံးကာလနဲ့ပတ်သက်တဲ့ ယေရှုရဲ့ပရောဖက်ပြုချက်တွေကို ပြည့်စုံစေမယ့် အဖြစ်အပျက်တွေဆီ ဦးတည်သွားနိုင်တယ်လို့ တချို့ကပြောကြမယ်။ ဒါပေမဲ့ လူအများစုက ယေရှုရဲ့ ပရောဖက်ပြုချက်တွေရဲ့အဓိပ္ပာယ်မှန်ကို နားမလည်ကြဘူး။ ခရစ်တော် အမှန်တကယ်ရောက်ရှိနေပြီ၊ ဒီလောကစနစ်ရဲ့အဆုံး နီးကပ်နေပြီဆိုတဲ့အဖြစ်အပျက်တွေကို နှစ်တွေတစ်လျှောက်မှာ ကျွန်ုပ်တို့ မြင်တွေ့ခဲ့ကြရတယ်။ (မ. ၂၄:၃) ယေရှုကြိုဟောထားတဲ့အဖြစ်အပျက်တွေ ပြည့်စုံလာတာကို တစ်ခါနဲ့မှမတူအောင် ရှင်းရှင်းလင်းလင်း မြင်တွေ့နေရတယ်။ အခုအချိန်က လူတွေ ပုံဆောင်အိပ်ပျော်နေရာကနေ နိုးထရမယ့်အချိန်ဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းက သူတို့ကို နိုးထလာအောင် ကူညီပေးနိုင်တယ်။

၁၇၊ ၁၈။ (က) နောက်ဆုံးကာလမှာ အသက်ရှင်နေတာက ကျွန်ုပ်တို့အပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ။ (ခ) ဘယ်အကြောင်းတွေကြောင့် လူတွေ ဘုရားသခင့်နိုင်ငံတော်သတင်းကို စိတ်ဝင်စားလာနိုင်သလဲ။

၁၇ ယေဟောဝါကို ကျွန်ုပ်တို့ တကယ်ချစ်ကြောင်း သက်သေပြဖို့နဲ့ နောက်ဆုံးကာလမှာလုပ်ဖို့ တာဝန်ရထားတဲ့ ဟောပြောခြင်းလုပ်ငန်းကို အပြီးသတ်ဖို့ အချိန်နည်းနည်းပဲ ကျန်တော့တယ်။ ရောမမြို့မှာရှိတဲ့ခရစ်ယာန်တွေကိုပြောခဲ့တဲ့ ပေါလုရဲ့ ဒီစကားတွေက ကျွန်ုပ်တို့အချိန်မှာ ပိုအရေးကြီးတယ်– “သင်တို့သည် အိပ်ပျော်ရာမှ နိုးချိန်တန်သော ယခုအချိန်ကာလကို သိသောကြောင့် ထိုသို့ပြုနေကြလော့။ အကြောင်းမူကား ကယ်တင်ခြင်းသည် ငါတို့ယုံကြည်သူများ ဖြစ်လာချိန်ကထက် ယခုသာ၍နီးနေပြီ။”—ရော. ၁၃:၁၁

၁၈ နောက်ဆုံးကာလနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေက ပုံဆောင်သဘောအရ နိုးနေဖို့လိုကြောင်း လူတွေကို နားလည်စေနိုင်တယ်။ တချို့လူတွေက လူ့အုပ်ချုပ်ရေးတွေရဲ့ မအောင်မြင်မှုကိုကြည့်ပြီး ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို စိတ်ဝင်စားလာကြတယ်။ လူ့အုပ်ချုပ်ရေးတွေက စီးပွားရေးပြဿနာတွေ၊ နျူကလီးယားခြိမ်းခြောက်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ ကမ္ဘာမြေကြီးကို ဖျက်ဆီးနေတာတွေကို မဖြေရှင်းပေးနိုင်ဘူး။ တချို့ကျတော့ ကျန်းမာရေးပြဿနာ၊ ကွာရှင်းမှု ဒါမှမဟုတ် ချစ်မြတ်နိုးရသူတစ်ဦး ဆုံးပါးသွားခြင်းစတဲ့ မိသားစုပြဿနာတွေကြောင့် ဘုရားသခင့်နိုင်ငံတော်သတင်းကို စိတ်ဝင်စားလာကြတယ်။ ဒါကြောင့် ဟောပြောခြင်းလုပ်ငန်းမှာပါဝင်တဲ့အခါ ဒီစိတ်ဝင်စားသူတွေကို ကျွန်ုပ်တို့ ကူညီပေးနိုင်တယ်။

အရေးတကြီးသဘောထားက လှုံ့ဆော်

၁၉၊ ၂၀။ ခရစ်ယာန်တချို့ရဲ့ အရေးတကြီးသဘောထားက သူတို့ရဲ့ဘဝပုံစံကို ဘယ်လိုပြောင်းလဲစေခဲ့သလဲ။

၁၉ ခရစ်ယာန်များစွာဟာ အရေးတကြီးသဘောထားကြောင့် ဟောပြောခြင်းလုပ်ငန်းမှာ ပိုပါဝင်ဖို့ လှုံ့ဆော်ခံခဲ့ကြရတယ်။ ဥပမာ၊ အီကွေဒေါက လူငယ်မောင်နှံဟာ “သင့်မျက်စိကို ရိုးရှင်းစွာထားလော့” ဆိုတဲ့ ၂၀၀၆ ခုနှစ်၊ အထူးအစည်းအဝေးပွဲနေ့ကိုတက်ပြီးတဲ့နောက် သူတို့ရဲ့ဘဝကို ရိုးရှင်းအောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့မလိုအပ်တဲ့ပစ္စည်းတွေကို စာရင်းလုပ်ပြီး သုံးလအတွင်းမှာ အိပ်ခန်းသုံးခန်းပါတဲ့ တိုက်ခန်းကနေ အိပ်ခန်းတစ်ခန်းပါတဲ့တိုက်ခန်းကို ပြောင်းရွှေ့ခဲ့ကြတယ်၊ တချို့ပစ္စည်းတွေကိုရောင်းပြီး အကြွေးအားလုံးဆပ်လိုက်တယ်။ မကြာခင်မှာပဲ အရန်ရှေ့ဆောင်စလုပ်ပြီး တိုက်နယ်ကြီးကြပ်မှူးရဲ့အကြံပြုချက်အရ သာ၍လိုအပ်တဲ့အသင်းတော်တစ်ခုမှာ အမှုဆောင်ခဲ့တယ်။

၂၀ အမေရိကန်နိုင်ငံက ညီအစ်ကိုတစ်ဦး ဒီလိုရေးခဲ့တယ်– “ကျွန်တော်နဲ့ ကျွန်တော့်ဇနီး ၂၀၀၆ ခုနှစ်၊ တိုက်နယ်စည်းဝေးတက်တုန်းက ကျွန်တော်တို့ နှစ်ခြင်းခံပြီးတာ အနှစ် ၃၀ ရှိပြီ။ အစည်းအဝေးပြီးလို့ အိမ်အပြန် ကားမောင်းနေရင်းနဲ့ ဘဝကို ရိုးရှင်းစေပါဆိုတဲ့အကြံပြုချက်ကို ကျွန်တော်တို့ ဘယ်လိုလက်တွေ့ကျင့်သုံးနိုင်မလဲဆိုတာ ဆွေးနွေးခဲ့ကြတယ်။” (မ. ၆:၁၉-၂၂) သူတို့မှာ အိမ်သုံးလုံး၊ မြေကွက်၊ တန်ဖိုးကြီးတဲ့ကားတွေ၊ မော်တော်ဘုတ်တစ်စင်းနဲ့ မော်တော်ကားအိမ်တစ်လုံးရှိတယ်။ သူတို့က ရုပ်ပစ္စည်းတွေအတွက် သူတို့ရဲ့အချိန်နဲ့ခွန်အားတွေကို ဖြုန်းတီးနေတယ်လို့ ခံစားရလို့ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ဖို့ ပန်းတိုင်ထားလိုက်ကြတယ်။ ၂၀၀၈ ခုနှစ်မှာ သူတို့ရဲ့သမီးနဲ့အတူ မှန်မှန်ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်ခဲ့ကြတယ်။ သမ္မာကျမ်းစာအမှန်တရားကို ကြားပြီး နားလည်လာတဲ့အခါ လူတွေ ဘယ်လောက်ပျော်ရွှင်တယ်ဆိုတာကို မြင်တွေ့ရလို့ သူတို့ ပျော်ရွှင်ကျေနပ်ခဲ့ကြတယ်။ ညီအစ်ကိုက ဒီလိုဆက်ပြောတယ်– “ညီအစ်ကိုတွေနဲ့အတူတွဲပြီး အမှုဆောင်ရတာ ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်သလဲ။ သာ၍လိုအပ်တဲ့နေရာမှာ ကျွန်တော်တို့ အမှုဆောင်နိုင်ကြတယ်။ ဒါ့အပြင် ယေဟောဝါရဲ့လုပ်ငန်းမှာ များများပါဝင်လေ ကိုယ်တော်နဲ့ ပိုရင်းနှီးလေပဲလို့ ခံစားရတယ်။”

၂၁။ ဘယ်အသိပညာက အရေးတကြီးသဘောထားနဲ့ ဟောပြောစေသလဲ။

၂၁ ဘုရားသခင်ကိုမကြောက်သူတွေကို ဖျက်ဆီးမယ့် တရားစီရင်ရာနေ့က ဒီဆိုးညစ်တဲ့လောကကို မကြာခင် အဆုံးသတ်တော့မယ်ဆိုတာ ကျွန်ုပ်တို့သိကြတယ်။ (၂ ပေ. ၃:၇) ကျွန်ုပ်တို့မှာ သမ္မာကျမ်းစာအသိပညာရှိတဲ့အတွက် ရောက်လာတော့မယ့် ကြီးစွာသောဖျက်ဆီးခြင်းဘေးနဲ့ ကမ္ဘာသစ်အကြောင်း ထက်ထက်သန်သန် ဟောပြောကြတယ်။ စစ်မှန်တဲ့ အနာဂတ်မျှော်လင့်ချက်အကြောင်း တခြားသူတွေကို ဟောပြောဖို့ အရေးတကြီးသဘောထားကို အလေးအနက် ဆက်ထိန်းထားကြတယ်။ ဒီအရေးကြီးတဲ့လုပ်ငန်းမှာ အတတ်နိုင်ဆုံး အစွမ်းကုန်ပါဝင်ခြင်းအားဖြင့် ဘုရားသခင်နဲ့ လူတွေကိုချစ်ကြောင်း တင်ပြကြတယ်။

[လေ့လာရန်မေးခွန်းများ]