မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အိပ်ပျော်ရာမှ နိုး” ဖို့ လူတွေကို ကူညီပေးပါ

“အိပ်ပျော်ရာမှ နိုး” ဖို့ လူတွေကို ကူညီပေးပါ

“အိပ်ပျော်ရာမှ နိုး” ဖို့ လူတွေကို ကူညီပေးပါ

“သင်တို့သည် အိပ်ပျော်ရာမှ နိုးချိန်တန်သော ယခုအချိန်ကာလကို သိသောကြောင့် ထိုသို့ပြုနေကြလော့။”—ရော. ၁၃:၁၁

သင်ရှင်းပြနိုင်သလား

ခရစ်ယာန်တွေ ပုံဆောင်သဘောအရနိုးနေဖို့ ဘာကြောင့် အရေးကြီးသလဲ

ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်ုပ်တို့ ဘာကြောင့် နိုးနိုးကြားကြားရှိပြီး နားထောင်ပေးသင့်သလဲ။

ဟောပြောခြင်းလုပ်ငန်းမှာ ဘာကြောင့် ကြင်နာမှုပြသင့်သလဲ။

၁၊ ၂။ လူတွေဟာ ဘယ်လိုသဘောနဲ့ နိုးနေဖို့လိုသလဲ။

နှစ်စဉ် ထောင်နဲ့ချီတဲ့သူတွေဟာ ကားမောင်းနေရင်း အိပ်ငိုက်လို့ ဒါမှမဟုတ် အိပ်ပျော်သွားလို့ အသက်ဆုံးကြရတယ်။ တခြားသူတွေကျတော့ အလုပ်သွားဖို့ အချိန်မီမနိုးလို့ ဒါမှမဟုတ် အလုပ်မှာအိပ်ပျော်သွားလို့ အလုပ်ပြုတ်သွားတယ်။ ဒါပေမဲ့ ပိုအန္တရာယ်ကြီးတဲ့အိပ်ပျော်ခြင်း နောက်တစ်မျိုးရှိသေးတယ်။ ဒါကတော့ ပုံဆောင်အိပ်ပျော်ခြင်းဖြစ်တယ်။ အဲဒီလိုအိပ်ပျော်ခြင်းနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ သတိပေးထားတယ်– ‘နိုးနိုးကြားကြားနေသူသည် ပျော်ရွှင်၏။’—ဗျာ. ၁၆:၁၄-၁၆

အာမဂေဒုန်နီးလာတာနဲ့အမျှ လူတွေဟာ ပုံဆောင်သဘောအရ အိပ်ပျော်နေကြတယ်။ ချာ့ခ်ျခေါင်းဆောင်တချို့ကတောင် သူတို့ရဲ့ အသင်းသားတွေ အိပ်ပျော်နေတယ်လို့ ပြောကြတယ်။ ပုံဆောင်အိပ်ပျော်ခြင်းဆိုတာ ဘာလဲ။ ခရစ်ယာန်စစ်တွေ နိုးနိုးကြားကြားရှိဖို့ ဘာကြောင့် အရေးကြီးသလဲ။ ပုံဆောင်သဘောအရ အိပ်ပျော်မနေအောင် လူတွေကို ကျွန်ုပ်တို့ ဘယ်လို ကူညီပေးနိုင်သလဲ။

ပုံဆောင်အိပ်ပျော်ခြင်းဆိုတာ ဘာလဲ

၃။ ပုံဆောင်သဘောအရ အိပ်ပျော်နေသူတစ်ဦးအကြောင်း သင် ဘယ်လိုရှင်းပြမလဲ။

အိပ်ပျော်နေတဲ့သူတွေဟာ လှုပ်လှုပ်ရှားရှားမရှိဘဲ ငြိမ်နေတတ်တယ်။ ပုံဆောင်သဘောအရ အိပ်ပျော်နေသူတွေကျတော့ အဲဒီလိုမဟုတ်ဘဲ အရမ်းအလုပ်များတယ်။ ဒါပေမဲ့ ဘုရားသခင့်မျက်နှာသာရစေတဲ့အရာတွေနဲ့ အလုပ်များနေတာတော့ မဟုတ်ဘူး။ ဘဝရဲ့နေ့စဉ်လိုအပ်ရာတွေနဲ့ပဲ လုံးပန်းနေကြတယ် ဒါမှမဟုတ် အပျော်အပါး၊ အောင်မြင်ကျော်ကြားမှုနဲ့ ငွေရဖို့ ဘာမဆိုလုပ်ကြတယ်။ ဒီအရာတွေနဲ့ပဲ အလုပ်များနေတဲ့အတွက် ဝတ်ပြုရေးနဲ့ဆိုင်တဲ့အရာတွေကို မစဉ်းစားနိုင်ကြဘူး။ ဒါပေမဲ့ ပုံဆောင်သဘောအရ နိုးနေတဲ့သူတွေကျတော့ ကျွန်ုပ်တို့ဟာ “နောက်ဆုံးသောနေ့ရက်များ” မှာ အသက်ရှင်နေကြတယ်ဆိုတာသိလို့ ဘုရားသခင့်အလိုတော်ဆောင်ရာမှာ အတတ်နိုင်ဆုံး တက်တက်ကြွကြွ ပါဝင်နေကြတယ်။—၂ ပေ. ၃:၃၊ ၄; လု. ၂၁:၃၄-၃၆

၄။ “အခြားသူများကဲ့သို့ အိပ်ပျော်လျက်မနေ” နဲ့လို့ပြောရာမှာ ပေါလု ဘာကိုဆိုလိုခဲ့သလဲ။

၁ သက်သာလောနိတ် ၅:၄-၈ ကိုဖတ်ပါ။ ဒီကျမ်းချက်မှာ တမန်တော်ပေါလုက ခရစ်ယာန်တွေကို “အခြားသူများကဲ့သို့ အိပ်ပျော်လျက်မနေ” ဖို့ပြောခဲ့တယ်။ သူ ဘာကိုဆိုလိုတာလဲ။ မှန်တယ်လို့ ယေဟောဝါ ပြောတဲ့အရာတွေကို မလုပ်ဘဲ မှားတယ်ဆိုတဲ့အရာတွေကို လုပ်တာက ကျွန်ုပ်တို့ “အိပ်ပျော်” နေတာနဲ့တူတယ်။ လူဆိုးတွေကို ယေဟောဝါဖျက်ဆီးဖို့ အဝေးကြီးလိုပါသေးတယ်ဆိုတဲ့ သဘောထားနဲ့ အသက်ရှင်တာကလည်း နောက်နည်းတစ်နည်းနဲ့ “အိပ်ပျော်” နေခြင်းဖြစ်တယ်။ ကျွန်ုပ်တို့က ဆိုးညစ်သူတွေရဲ့ အတွေးအခေါ်၊ လုပ်ရပ်တွေရဲ့ လွှမ်းမိုးမှုမခံရဖို့ သေချာစေရမှာဖြစ်တယ်။

၅။ ပုံဆောင်သဘောအရအိပ်ပျော်နေတဲ့သူတွေက ဘယ်လိုစဉ်းစားတွေးခေါ်ကြသလဲ။

တချို့သူတွေက သူတို့ရဲ့လုပ်ရပ်တွေအတွက် သူတို့ကိုတရားစီရင်မယ့် ဘုရားသခင်မရှိဘူးလို့ ယူဆကြတယ်။ (ဆာ. ၅၃:၁) တခြားသူတွေကျတော့ ဘုရားသခင်က ကျွန်ုပ်တို့ကို စိတ်မဝင်စားလို့ ကျွန်ုပ်တို့လည်း ဘုရားသခင်ကို စိတ်ဝင်စားစရာအကြောင်းမရှိဘူးလို့ ယူဆကြတယ်။ တချို့ကျတော့ ချာ့ခ်ျတစ်ခုရဲ့အသင်းသားဖြစ်မယ်ဆိုရင် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်တယ်လို့ ထင်ကြတယ်။ ဒီလို လွဲမှားတဲ့အတွေးအခေါ်ရှိတဲ့သူတွေအားလုံးက ပုံဆောင်သဘောအရအိပ်ပျော်နေကြတယ်။ သူတို့တွေ နိုးထလာဖို့လိုတယ်။ သူတို့ကို ကျွန်ုပ်တို့ ဘယ်လိုကူညီပေးနိုင်သလဲ။

ကိုယ်တိုင် နိုးနေဖို့လို

၆။ ကျွန်ုပ်တို့ ဘာကြောင့် နိုးကြားနေဖို့လိုသလဲ။

တခြားသူတွေကို နှိုးဖို့ဆိုရင် ကိုယ်တိုင် နိုးနေဖို့လိုတယ်။ ကျွန်ုပ်တို့ ဘယ်လိုနိုးနေနိုင်မလဲ။ ပုံဆောင်သဘောအရအိပ်ပျော်နေသူတွေရဲ့ အကျင့်အကြံကို ရှောင်ရမှာဖြစ်တယ်။ ပုံဆောင်သဘောအရအိပ်ပျော်နေသူတွေဟာ “မှောင်မိုက်နှင့်ဆိုင်သောအကျင့်များ” ကိုကျင့်သူတွေဖြစ်တယ်လို့ ကျမ်းစာကပြောတယ်။ ဒီအကျင့်တွေထဲမှာ ဆူဆူညံညံပွဲခံခြင်း၊ သောက်စားမူးယစ်ခြင်း၊ လိင်အကျင့်ယိုယွင်းခြင်း၊ အကျင့်ပျက်ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်းတွေပါတယ်။ (ရောမ ၁၃:၁၁-၁၄ ကိုဖတ်ပါ။) ကျွန်ုပ်တို့ဝန်းကျင်မှာရှိတဲ့သူတွေနဲ့မတူ တစ်မူထူးခြားနေဖို့ဆိုတာ အရမ်းခက်တယ်။ ကျွန်ုပ်တို့က နိုးနိုးကြားကြားရှိနေဖို့လိုတယ်။ ကားမောင်းနေသူတစ်ဦးက ကားမောင်းနေရင်း အိပ်ပျော်သွားရင် အသက်ဆုံးနိုင်တယ်ဆိုတာ သတိရ,ရမှာဖြစ်တယ်။ ပုံဆောင်သဘောအရအိပ်ပျော်ခြင်းက သေစေနိုင်တယ်ဆိုတာကို ခရစ်ယာန်တစ်ဦး ပိုပြီးသတိရသင့်တယ်။

၇။ ကျွန်ုပ်တို့ဒေသမှာရှိတဲ့သူတွေနဲ့ပတ်သက်ပြီး လွဲမှားတဲ့အမြင်ရှိတယ်ဆိုရင် ဘာဖြစ်သွားနိုင်သလဲ။

ကျွန်ုပ်တို့ဒေသမှာရှိတဲ့သူတိုင်းက သတင်းကောင်းကို လက်ခံမှာမဟုတ်ဘူး၊ ပြောင်းလဲမှာမဟုတ်ဘူးလို့ စ,စဉ်းစားမိနိုင်တယ်။ (သု. ၆:၁၀၊ ၁၁) ‘သတင်းကောင်းကိုလက်ခံမယ့်သူမရှိဘူးဆိုရင် လူတွေကိုကူညီဖို့ ကျွန်ုပ်တို့ ဘာကြောင့် ကြိုးစားနေမလဲ’ လို့ စဉ်းစားမိနိုင်တယ်။ အခုအချိန်မှာ လူတွေ သတင်းကောင်းကို နားမထောင်တာမှန်ပါတယ်၊ ဒါပေမဲ့ တစ်ချိန်ချိန်မှာ သူတို့ရဲ့ဘဝအခြေအနေ ပြောင်းလဲသွားတဲ့အခါ သူတို့ရဲ့အတွေးအခေါ်လည်း ပြောင်းလဲသွားနိုင်တယ်။ တချို့သူတွေက နိုးလာပြီး သတင်းကောင်းကို လက်ခံလာနိုင်တယ်။ ကျွန်ုပ်တို့ကိုယ်တိုင် နိုးနေမယ်ဆိုရင် သူတို့ကို ကူညီပေးနိုင်မှာဖြစ်တယ်။ ဘုရားသခင့်နိုင်ငံတော်သတင်းကို လူတွေစိတ်ဝင်စားမယ့်နည်းလမ်းသစ်တွေနဲ့ ဟောပြောဖို့ ကြိုးစားခြင်းအားဖြင့် ကူညီပေးနိုင်တယ်။ ကျွန်ုပ်တို့ကိုယ်တိုင် နိုးနေဖို့အတွက် ကျွန်ုပ်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းက ဘာကြောင့်အရေးကြီးတယ်ဆိုတာ သတိရဖို့လိုတယ်။

ဟောပြောခြင်းလုပ်ငန်း ဘာကြောင့် အလွန်အရေးကြီး

၈။ ကျွန်ုပ်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းက ဘာကြောင့် အရမ်းအရေးကြီးသလဲ။

လူတွေ နားမထောင်ဘူးဆိုရင်တောင် ကျွန်ုပ်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းက ယေဟောဝါကိုဂုဏ်တင်တယ်ဆိုတာ အမြဲသတိရပါ။ ဒါ့အပြင် ကိုယ်တော်က ဒီအရေးတကြီးဖြစ်နေတဲ့အချိန်မှာ မိမိရဲ့ရည်ရွယ်ချက် ပြည့်စုံစေဖို့ ဟောပြောခြင်းလုပ်ငန်းကို အသုံးပြုတယ်။ မကြာခင် ဘုရားသခင်က ဟောပြောခြင်းလုပ်ငန်းကို လူတွေတုံ့ပြန်ပုံပေါ်မူတည်ပြီး တရားစီရင်တော့မှာဖြစ်တယ်။ သတင်းကောင်းကိုလက်မခံသူတွေ ဖျက်ဆီးခံရမှာဖြစ်တယ်။ (၂ သက်. ၁:၈၊ ၉) “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့သည် ရှင်ပြန်ထမြောက်ကြ” မှာဖြစ်တဲ့အတွက် ဟောပြောခြင်းလုပ်ငန်းကို ကြိုးစားပမ်းစားလုပ်စရာမလိုဘူးလို့ ယူဆတာကလည်း မှားတယ်။ (တ. ၂၄:၁၅) “ဆိတ်” လို့သတ်မှတ်ခံရသူတွေ ထာဝရဖျက်ဆီးခံရမယ်ဆိုတာ ကျမ်းစာကနေ ကျွန်ုပ်တို့ သိရတယ်။ ကျွန်ုပ်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းက ဘုရားသခင် ကြင်နာမှုပြတဲ့နည်းလမ်းတစ်ခုဖြစ်တယ်၊ အကြောင်းကတော့ လူတွေကို ပြောင်းလဲခွင့်ရစေတယ်၊ ထာဝရအသက်ရစေတယ်။ (မ. ၂၅:၃၂၊ ၄၁၊ ၄၆; ရော. ၁၀:၁၃-၁၅) ကျွန်ုပ်တို့ မဟောဘူးဆိုရင် အသက်ကယ်သတင်းကို လူတွေ ဘယ်လိုလုပ်ပြီး ကြားနိုင်မလဲ။

၉။ ဟောပြောခြင်းလုပ်ငန်းကနေ သင်နဲ့ တခြားသူတွေ ဘယ်လိုအကျိုးခံစားရသလဲ။

သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းက ကျွန်ုပ်တို့ကိုလည်း အကျိုးပြုတယ်။ (၁ တိမောသေ ၄:၁၆ ကိုဖတ်ပါ။) ယေဟောဝါနဲ့ ဘုရားသခင့်နိုင်ငံတော်အကြောင်း ပြောတာက သင့်ယုံကြည်ခြင်းနဲ့ ဘုရားသခင်ကိုချစ်တဲ့မေတ္တာကို ခိုင်ခံ့စေတယ်ဆိုတာ သင်သဘောတူပါလိမ့်မယ်။ ဒါ့အပြင် သင့်ခရစ်ယာန်အရည်အသွေးတွေကိုလည်း ပိုတိုးတက်စေတယ်။ ဟောပြောခြင်းအားဖြင့် ဘုရားသခင်ကိုချစ်ကြောင်းဖော်ပြတဲ့အခါ သင် ပိုပျော်ရွှင်လာမှာဖြစ်တယ်။ တခြားသူတွေကို အမှန်တရားအကြောင်းသင်ပေးသူတွေက သူတို့ရဲ့ကျမ်းစာသင်သားတွေရဲ့ဘဝ ပိုကောင်းလာဖို့ ဘုရားသခင့်စွမ်းအားတော် ကူညီပေးတာကို မြင်တွေ့ရလို့ ပျော်ရွှင်ကြတယ်။

နိုးနိုးကြားကြားရှိပါ

၁၀၊ ၁၁။ (က) ယေရှုနဲ့ ပေါလုဟာ တခြားသူတွေရဲ့ လိုအပ်ရာနဲ့ပတ်သက်ပြီး ဘယ်လို နိုးနိုးကြားကြားရှိခဲ့သလဲ။ (ခ) ကျွန်ုပ်တို့ဟောပြောတဲ့အခါ ဘယ်လိုနည်းနဲ့ နိုးနိုးကြားကြားရှိနိုင်သလဲ။

၁၀ သတင်းကောင်းကို လူတွေစိတ်ဝင်စားလာအောင်လုပ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ ဒါကြောင့် ဟောပြောခြင်းလုပ်ငန်းမှာပါဝင်တဲ့အခါ နိုးနိုးကြားကြားရှိဖို့လိုတယ်။ ယေရှုက ကျွန်ုပ်တို့ရဲ့ စံနမူနာဖြစ်တယ်။ ကိုယ်တော်ဟာ စုံလင်သူဖြစ်တဲ့အတွက် ဖာရိရှဲတစ်ယောက် စိတ်ထဲမှာ ကြိတ်ပြီးဒေါသထွက်နေတာ၊ အပြစ်များတဲ့အမျိုးသမီး တကယ်နောင်တရတာ၊ မုဆိုးမတစ်ယောက်က သူ့မှာရှိသမျှပိုက်ဆံကို အလှူငွေထည့်လိုက်တာကို သိမြင်ခဲ့တယ်။ (လု. ၇:၃၇-၅၀; ၂၁:၁-၄) ယေရှုက လူတွေရဲ့လိုအပ်ရာတွေကိုသိလို့ ကူညီပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့က တခြားသူတွေ ဘာလိုအပ်တယ်ဆိုတာသိဖို့ စုံလင်စရာမလိုဘူး။ ဒီနေရာမှာ တမန်တော်ပေါလုက ပုံသက်သေဖြစ်တယ်။ လူအားလုံးကို ကူညီပေးနိုင်ဖို့ သူ နည်းအမျိုးမျိုးပြောင်းပြီး ဟောပြောခဲ့တယ်။—တ. ၁၇:၂၂၊ ၂၃၊ ၃၄; ၁ ကော. ၉:၁၉-၂၃

၁၁ ကျွန်ုပ်တို့လည်း ယေရှုနဲ့ပေါလုလို နိုးနိုးကြားကြားရှိပြီး လူတွေလိုအပ်နေတဲ့အရာတွေကို သိမြင်မယ်ဆိုရင် သူတို့စိတ်ဝင်စားလာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သိလာမှာဖြစ်တယ်။ ဥပမာ၊ တခြားသူတွေနဲ့စကားပြောတော့မယ်ဆိုရင် သူတို့ရဲ့ယဉ်ကျေးမှု၊ စိတ်ဝင်စားရာ ဒါမှမဟုတ် သူတို့က တစ်ကိုယ်ရေသမားလား၊ အိမ်ထောင်သည်လား၊ သားသမီးရှိသလားဆိုတာ သိနိုင်တဲ့ သဲလွန်စတွေကို အကဲခတ်ကြည့်ပါ။ သင်နဲ့စကားပြောနေချိန်မှာ သူတို့လုပ်နေတဲ့အရာကိုအခြေခံပြီး အဲဒီအကြောင်းကို ယဉ်ယဉ်ကျေးကျေးပြောဆိုခြင်းအားဖြင့် စကားစပါ။

၁၂။ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်နေတဲ့အခါ ကျွန်ုပ်တို့စကားပြောဆိုတာနဲ့ပတ်သက်ပြီး ဘာတွေကို သတိရသင့်သလဲ။

၁၂ ကျွန်ုပ်တို့က ဟောပြောခြင်းလုပ်ငန်းမှာ နိုးနိုးကြားကြားရှိမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့အာရုံကို တခြားရောက်သွားစေဖို့ ဘယ်အရာကိုမှ ခွင့်ပြုမှာမဟုတ်ဘူး။ ကျွန်ုပ်တို့တွဲတဲ့လူနဲ့ အားပေးစကားပြောနေတယ်ဆိုရင်တောင် ကျွန်ုပ်တို့ရဲ့ရည်ရွယ်ချက်က တခြားသူတွေကို ဟောပြောဖို့ဆိုတာ သတိရဖို့လိုတယ်။ (ဒေ. ၃:၁၊) ဒါကြောင့် ကျွန်ုပ်တို့ပြောတဲ့စကားကြောင့် ကျွန်ုပ်တို့ရဲ့ရည်ရွယ်ချက်ကို မမေ့သွားဖို့ ဂရုစိုက်သင့်တယ်။ ဟောပြောခြင်းကနေ အာရုံလွဲမသွားအောင် လုပ်နိုင်တဲ့နည်းလမ်းကောင်းက ကျွန်ုပ်တို့တွေ့တဲ့သူတွေကို ဘာအကြောင်းဟောမလဲဆိုတာ ပြောဆိုခြင်းဖြစ်တယ်။ ဒါ့အပြင် ဆဲလ်ဖုန်းက ကျွန်ုပ်တို့ရဲ့အမှုဆောင်လုပ်ငန်းအတွက် အသုံးဝင်နိုင်တယ်ဆိုပေမဲ့ ဖုန်းသံကြောင့် အိမ်ရှင်နဲ့စကားပြောတာကို အနှောင့်အယှက်မဖြစ်စေဖို့ ဂရုစိုက်သင့်တယ်။

ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ

၁၃၊ ၁၄။ (က) လူတစ်ယောက် ဘာစိတ်ဝင်စားသလဲဆိုတာ သိအောင် ကျွန်ုပ်တို့ ဘယ်လိုလုပ်နိုင်သလဲ။ (ခ) ဟောပြောခြင်းလုပ်ငန်းမှာ ဘယ်နည်းတွေနဲ့ စကားစမြည်စနိုင်သလဲ။

၁၃ ဟောပြောခြင်းလုပ်ငန်းမှာ သင်တွေ့ဆုံသူတွေ ပြောတဲ့စကားကို သေချာဂရုစိုက်နားထောင်ဖို့ အရေးကြီးတယ်။ သင့်ဒေသမှာရှိတဲ့သူတွေ စဉ်းစားနေတဲ့အကြောင်းတွေကိုသိဖို့ သူတို့ကို သင် ဘယ်မေးခွန်းတွေ မေးနိုင်သလဲ။ သူတို့က ဘာသာတွေ တိုးများလာတဲ့အတွက်၊ သင့်ဒေသမှာဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေအတွက် စိုးရိမ်နေကြသလား။ သက်ရှိတွေကို အံ့ဖွယ်နည်းနဲ့ ဖန်ဆင်းထားပုံ ဒါမှမဟုတ် သမ္မာကျမ်းစာအကြံပြုချက်တွေက အကျိုးရှိပုံကို ပြောပြခြင်းအားဖြင့် ဘုရားသခင်အကြောင်းသိအောင် တချို့သူတွေကို သင်ကူညီပေးနိုင်မလား။ ဘုရားသခင်မရှိဘူးလို့ ယူဆတဲ့သူတွေတောင် ဆုတောင်းကြတဲ့အတွက် ဆုတောင်းခြင်းက လူအများစိတ်ဝင်စားတဲ့အကြောင်းအရာ ဖြစ်တယ်။ လူများစွာက သူတို့ရဲ့ဆုတောင်းချက်တွေကို နားထောင်တဲ့ဘုရားသခင် ရှိမှရှိပါ့မလားလို့ သိချင်ကြတယ်။ တချို့ကျတော့ ဒီမေးခွန်းတွေကို စိတ်ဝင်စားနိုင်တယ်– ဆုတောင်းချက်အားလုံးကို ဘုရားသခင်နားထောင်သလား။ အားလုံးကိုနားမထောင်ဘူးဆိုရင် ကိုယ်တော်နားထောင်အောင် ဘာလုပ်သင့်သလဲ။

၁၄ ဟောပြောခြင်းလုပ်ငန်းမှာအတွေ့အကြုံရှိတဲ့သူတွေဆီကနေ စကားစမြည်စပြောပုံကို သင်ယူနိုင်တယ်။ လူတွေကို စိတ်ကသိကအောက်မဖြစ်စေဘဲ မေးခွန်းတွေကို သူတို့ ဘယ်လိုမေးသလဲ။ အိမ်ရှင်ရဲ့အမြင်ကို နားလည်ဖို့ကြိုးစားနေကြောင်း သူတို့ရဲ့လေသံနဲ့ မျက်နှာမှာ ဘယ်လိုပေါ်လွင်သလဲဆိုတာ လေ့လာပါ။—သု. ၁၅:၁၃

ကြင်နာပါ၊ လိမ္မာပါးနပ်ပါ

၁၅။ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်တဲ့အခါ ကျွန်ုပ်တို့ ဘာကြောင့် ကြင်နာမှုရှိသင့်သလဲ။

၁၅ ကျွန်ုပ်တို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေချိန်မှာ တစ်ယောက်ယောက်က လာနှိုးတာကို ကြိုက်သလား။ ရုတ်တရက်ကြီး လာနှိုးတာကို လူအများက မကြိုက်ကြဘူး။ ဖြည်းဖြည်းသက်သာနှိုးတာကိုပဲ ကြိုက်ကြတယ်။ ပုံဆောင်သဘောအရ အိပ်ပျော်နေသူကို နှိုးတာလည်း ဒီအတိုင်းပဲ။ ဥပမာ၊ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်တဲ့အခါ အိမ်ရှင်တစ်ယောက်ယောက်က ဒေါသထွက်လာတယ်ဆိုရင် သင် ဘယ်လိုလုပ်သင့်သလဲ။ ကြင်နာပါ၊ သူ့ခံစားချက်ကို သင်လေးစားကြောင်း ဖော်ပြပါ။ ပြီးတဲ့နောက် အေးအေးဆေးဆေး ထွက်သွားပါ။ (သု. ၁၅:၁; ၁၇:၁၄; ၂ တိ. ၂:၂၄) အခုအချိန်မှာ သင်က သူ့ကို ကြင်ကြင်နာနာဆက်ဆံလိုက်တယ်ဆိုရင် နောက်တစ်ကြိမ် သူ့ဆီ သက်သေခံတွေလာတဲ့အခါ သူ ပိုပြီး ကောင်းကောင်းဆက်ဆံလာနိုင်တယ်။

၁၆၊ ၁၇။ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်တဲ့အခါ ကြင်နာမှုနဲ့ လိမ္မာပါးနပ်မှုကို ဘယ်လိုတင်ပြနိုင်သလဲ။

၁၆ တစ်ခါတလေမှာ အိမ်ရှင်က စိတ်မဝင်စားဘူး၊ သူ့မှာ ကိုယ်ပိုင်ဘာသာရှိပြီးသားလို့ ပြောရင်တောင် စကားဆက်ပြောလို့ရနိုင်တယ်။ အလွယ်တကူ စကားဖြတ်ချင်လို့ သူ အဲဒီလိုပြောလိုက်တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သင်က လိမ္မာပါးနပ်စွာ၊ ကြင်နာစွာနဲ့ ထိရောက်တဲ့မေးခွန်း မေးခြင်းအားဖြင့် ကျမ်းစာသတင်းတရားကို အိမ်ရှင် စိတ်ဝင်စားလာအောင် ကူညီပေးနိုင်ပါလိမ့်မယ်။—ကောလောသဲ ၄:၆ ကိုဖတ်ပါ။

၁၇ တစ်ခါတလေကျတော့ အရမ်းအလုပ်များနေလို့ နားမထောင်အားဘူးလို့ပြောတဲ့ အိမ်ရှင်တွေနဲ့ တွေ့နိုင်တယ်၊ အဲဒီအခါမှာ တလေးတစားနဲ့ ထွက်သွားတာက အကောင်းဆုံးဖြစ်တယ်။ တချို့အချိန်တွေမှာတော့ တိုတိုတုတ်တုတ်နဲ့ ထိမိတဲ့အကြောင်းအရာတစ်ခုခုကို ပြောလို့ရမယ်လို့ သင်ယူဆနိုင်တယ်။ ဥပမာ၊ တချို့ညီအစ်ကိုတွေက တစ်မိနစ်အတွင်းမှာ ကျမ်းစာအကြောင်းအရာတစ်ခုကို ပြောနိုင်ကြတယ်။ ကျမ်းချက်တစ်ချက်ဖတ်လိုက်ပြီး ထွက်မလာခင်မှာ နောက်တစ်ကြိမ် ပြန်လာတဲ့အခါ ဖြေပေးမယ့် မေးခွန်းတစ်ခု အိမ်ရှင်ကို မေးခဲ့တယ်။ ဒီတိုတုတ်တဲ့တင်ဆက်နည်းက တစ်ခါတလေမှာ အောင်မြင်တယ်၊ စကားနည်းနည်းပြောဖို့ အချိန်မရတဲ့အထိ အလုပ်များလွန်းမနေဘူးဆိုတာ အိမ်ရှင် သိသွားတယ်။ နောက်တစ်ကြိမ် အခွင့်အရေးရတဲ့အခါ ဒီအတိုင်း စမ်းကြည့်နိုင်ပါတယ်။

၁၈။ အလွတ်သဘောသက်သေခံရာမှာ ပိုကျွမ်းကျင်လာအောင် ကျွန်ုပ်တို့ ဘာလုပ်နိုင်သလဲ။

၁၈ အလွတ်သဘောသက်သေခံဖို့ ပြင်ဆင်ထားတယ်ဆိုရင် ကျွန်ုပ်တို့နေ့စဉ် ဆုံတွေ့သူတွေ ဘုရားသခင်ကိုစိတ်ဝင်စားလာအောင် ကူညီပေးနိုင်တယ်။ ညီအစ်ကိုညီအစ်မများစွာက သူတို့ရဲ့အိတ်ကပ်ထဲမှာ ဒါမှမဟုတ် လက်ဆွဲအိတ်တွေထဲမှာ စာပေတွေထည့်ထားကြတယ်။ အခွင့်အရေးရတယ်ဆိုရင် ကျမ်းချက်တစ်ချက်ဖတ်ပြဖို့လည်း ပြင်ဆင်ထားကြတယ်။ အလွတ်သဘောသက်သေခံဖို့အတွက် ပြင်ဆင်ရာမှာ သင့်အသင်းတော်မှာရှိတဲ့ လုပ်ငန်းတော်ကြီးကြပ်မှူး ဒါမှမဟုတ် ရှေ့ဆောင်တွေကို အကူအညီတောင်းနိုင်ပါတယ်။

ဆွေမျိုးတွေကို ညင်ညင်သာသာနှိုးပါ

၁၉။ ဆွေမျိုးတွေကို ကူညီရာမှာ ကျွန်ုပ်တို့ ဘာကြောင့်လက်မလျှော့သင့်သလဲ။

၁၉ ကျွန်ုပ်တို့အားလုံးက ကိုယ့်ဆွေမျိုးတွေ သတင်းကောင်းလက်ခံလာအောင် ကူညီပေးချင်ကြတယ်။ (ယောရှု ၂:၁၃; တ. ၁၀:၂၄၊ ၄၈; ၁၆:၃၁၊ ၃၂) ဒါပေမဲ့ သူတို့ကို ကျွန်ုပ်တို့ ပထမအကြိမ် သတင်းကောင်းပြောပြတုန်းက သူတို့ နားမထောင်လို့ နောက်တစ်ခါ ထပ်ပြောပြဖို့ စိတ်သိပ်မပါတော့တာ ဖြစ်နိုင်တယ်။ ကျွန်ုပ်တို့ ဘာမှမတတ်နိုင်ဘူး ဒါမှမဟုတ် ဘာပဲပြောပြော ပြောင်းလဲမှာမဟုတ်ဘူးလို့ ယူဆမိနိုင်တယ်။ ဒါပေမဲ့ သင့်ဆွေမျိုးရဲ့အသက်တာ၊ ဒါမှမဟုတ် အတွေးအခေါ်ကို ပြောင်းလဲသွားစေတဲ့အဖြစ်အပျက်တွေ ဖြစ်ပျက်လာနိုင်တယ်။ ဒါမှမဟုတ် အမှန်တရားအကြောင်း သင် ပိုပြီး ကောင်းကောင်းရှင်းပြတတ်လာလို့ အခု ပိုကောင်းတဲ့ရလဒ်တွေ ရလာနိုင်တယ်။

၂၀။ ကျွန်ုပ်တို့ရဲ့ဆွေမျိုးတွေနဲ့စကားပြောတဲ့အခါ သူတို့ရဲ့ခံစားချက်ကို လေးစားကြောင်း ဘယ်လိုပြနိုင်သလဲ။

၂၀ ဆွေမျိုးတွေရဲ့ ခံစားချက်ကို ကျွန်ုပ်တို့ လေးစားသင့်တယ်။ (ရော. ၂:၄) ဟောပြောခြင်းလုပ်ငန်းမှာတွေ့ဆုံသူတွေနဲ့ စကားပြောသလို သူတို့ကို ကြင်နာစွာပြောဆိုပါ။ နူးညံ့သိမ်မွေ့ပြီး လေးစားမှုပြပါ။ သင့်ဆွေမျိုးတွေကို အမှန်တရားအကြောင်း တစ်ချိန်လုံး ပြောနေဖို့မလိုဘဲ အမှန်တရားက သင့်ကို ဘယ်လိုအကျိုးပြုတယ်ဆိုတာ အမူအကျင့်နဲ့ ပြနိုင်တယ်။ (ဧ. ၄:၂၃၊ ၂၄) ယေဟောဝါရဲ့ သွန်သင်မှုခံရတဲ့အတွက် သင့်အသက်တာပိုကောင်းလာတယ်ဆိုတာ သူတို့တွေကို မြင်သာစေပါ။ (ဟေရှာ. ၄၈:၁၇) ခရစ်ယာန်တစ်ဦး ဘယ်လိုအသက်ရှင်သင့်တယ်ဆိုတာ သင့်ပုံသက်သေနဲ့ပြပါ။

၂၁၊ ၂၂။ ကျွန်ုပ်တို့ရဲ့ဆွေမျိုးတွေကို ယေဟောဝါအကြောင်းသိလာအောင် ကူညီပေးရာမှာ ဆက်ကြိုးစားနေဖို့အရေးကြီးကြောင်း ဖော်ပြတဲ့ ဥပမာတစ်ခုပြောပြပါ။

၂၁ ညီအစ်မတစ်ယောက်က သူ့ရဲ့ညီအစ်ကိုမောင်နှမ ၁၃ ယောက်ကို အပြောနဲ့ရော အလုပ်နဲ့ပါ သက်သေခံဖို့ အမြဲကြိုးစားတယ်လို့ ရေးခဲ့တယ်။ သူတို့ တစ်ယောက်ချင်းစီကို နှစ်တိုင်းစာရေးသက်သေခံတယ်။ နှစ် ၃၀ ကြာအထိ သူ့ရဲ့မိသားစုမှာ သက်သေခံဆိုလို့ သူတစ်ယောက်ပဲ ရှိတယ်။

၂၂ တစ်နေ့မှာ ဒီညီအစ်မက အဝေးမှာနေတဲ့ သူ့ရဲ့ညီမတစ်ယောက်ဆီ ဖုန်းဆက်ခဲ့တယ်။ ညီမဖြစ်သူက သူ့ကိုကျမ်းစာသင်ပေးဖို့ သူ့ရဲ့တရားဟောဆရာကိုပြောပေမဲ့ မသင်ပေးတဲ့အကြောင်း သူ့ကိုပြောပြတယ်။ ဒါနဲ့ ကျွန်ုပ်တို့ရဲ့သက်သေခံညီအစ်မက ကျမ်းစာလေ့လာဖို့ သူကူညီပေးမယ်လို့ပြောလိုက်တယ်၊ သူ့ရဲ့ညီမဖြစ်သူက “ကောင်းပြီလေ၊ ဒါပေမဲ့ အခုကတည်းက ကြိုပြောထားမယ်၊ ကျွန်မ ဘယ်တော့မှ ယေဟောဝါသက်သေမလုပ်ဘူးနော်” လို့ပြန်ပြောတယ်။ သက်သေခံညီအစ်မက သူ့ညီမဆီ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းဆိုတဲ့စာအုပ် ပို့ပေးလိုက်ပြီး ရက်အနည်းငယ်ခြားခြားပြီး ဖုန်းဆက်ခဲ့တယ်။ ဒါပေမဲ့ ညီမဖြစ်သူက စာအုပ်ကို ဖွင့်တောင်မကြည့်ဘူး။ သက်သေခံညီအစ်မ ဒီလိုဆက်ပြောပြတယ်– “နောက်ဆုံး ကျွန်မက ဖုန်းထဲကနေပဲ သူ့ရဲ့စာအုပ်ကိုယူခိုင်းလိုက်တယ်၊ ၁၅ မိနစ်လောက် ကိုးကားထားတဲ့ကျမ်းချက်တချို့ကို ဖတ်ပြီး ဆွေးနွေးကြတယ်။ အကြိမ်အနည်းငယ်လောက် ဖုန်းဆက်ပြီးတဲ့နောက်မှာ သူက ၁၅ မိနစ်ထက်မက လေ့လာချင်တယ်။ အဲဒီနောက် သူက ကျမ်းစာလေ့လာဖို့ ကျွန်မကို အရင် စဖုန်းဆက်တယ်၊ တစ်ခါတလေဆိုရင် ကျွန်မ အိပ်ရာကတောင် မထသေးဘူး၊ တစ်ခါတလေ တစ်ရက်ကို နှစ်ခါ ဖုန်းဆက်တယ်။ နောက်တစ်နှစ်မှာ သူနှစ်ခြင်းခံလိုက်ပြီး နောက်တစ်နှစ်မှာ သူရှေ့ဆောင်စလုပ်တယ်။”

၂၃။ လူတွေကို ပုံဆောင်အိပ်ပျော်ရာကနေ နိုးသွားအောင် ကူညီပေးရာမှာ ကျွန်ုပ်တို့ ဘာကြောင့် ဆက်ကြိုးစားနေသင့်သလဲ။

၂၃ လူတွေကို ပုံဆောင်အိပ်ပျော်ရာကနေ နိုးသွားအောင် ကူညီပေးရာမှာ လိမ္မာပါးနပ်ဖို့နဲ့ ဆက်ကြိုးစားနေဖို့လိုတယ်။ လူများစွာက သတင်းကောင်းကို လက်ခံနေကြတုန်းပဲ။ ပျမ်းမျှအနေနဲ့ တစ်လကို လူ ၂၀,၀၀၀ ကျော် နှစ်ခြင်းခံတယ်။ ဒါကြောင့် အာခိပ္ပုကို တမန်တော်ပေါလုပေးခဲ့တဲ့ ဒီအကြံဉာဏ်ကို ကျွန်ုပ်တို့ လိုက်နာသင့်တယ်– “သင်သည် သခင်ထံမှ ခံယူထားသော အမှုတော်ကို ပြီးမြောက်အောင်ဆောင်ရွက်ရန် သတိပြုလျက်နေပါ။” (ကော. ၄:၁၇) အရေးတကြီးသဘောထားနဲ့ဟောပြောခြင်းရဲ့အဓိပ္ပာယ်ကို ကျွန်ုပ်တို့အားလုံးနားလည်အောင် နောက်ဆောင်းပါးက ကူညီပေးပါလိမ့်မယ်။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]

နိုးနေနိုင်ပုံ

▪ ဘုရားသခင့်အလိုတော်ဆောင်ရာမှာ အလုပ်များနေပါ

▪ မှောင်မိုက်နဲ့ဆိုင်တဲ့အကျင့်တွေကို ရှောင်ပါ

▪ ပုံဆောင်သဘောနဲ့အိပ်ပျော်နေခြင်းရဲ့ အန္တရာယ်ကို သတိပြုပါ

▪ သင့်ဒေသမှာရှိတဲ့လူတွေကို အကောင်းမြင်ပါ

▪ တခြားသူတွေကိုဟောပြောရာမှာ နည်းလမ်းသစ်တွေကို စမ်းကြည့်ပါ

▪ ဟောပြောခြင်းလုပ်ငန်းရဲ့ အရေးကြီးမှုကို သတိရပါ