မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခမည်းတော် အကြောင်း သားတော်ဖော်ပြလို

ခမည်းတော် အကြောင်း သားတော်ဖော်ပြလို

ခမည်းတော် အကြောင်း သားတော်ဖော်ပြလို

‘ခမည်းတော်ကား မည်သူဖြစ်တော်မူသည်ကို သားတော်နှင့် သားတော်ဖော်ပြလိုသူမှတစ်ပါး မည်သူမျှမသိ။’ —လု. ၁၀:၂၂

သင် ဘယ်လိုဖြေမလဲ

ယေရှုက ဘာကြောင့် ခမည်းတော်အကြောင်းကို အထူးနည်းလမ်းနဲ့ ဖော်ပြနိုင်သလဲ။

ယေရှု တခြားသူတွေကို ခမည်းတော်အကြောင်း ဘယ်လိုဖော်ပြခဲ့သလဲ။

တခြားသူတွေကို ခမည်းတော်အကြောင်း ဖော်ပြရာမှာ ယေရှုရဲ့ ဘယ်နည်းလမ်းတွေကို သင်တုပနိုင်သလဲ။

၁၊ ၂။ ဘယ်မေးခွန်းကို လူတွေ ဖြေဖို့ခက်နေသလဲ။ ဘာကြောင့်လဲ။

‘ဘုရားသခင်က ဘယ်သူလဲ။’ ဒီမေးခွန်းက လူများစွာအတွက် ဖြေဖို့အရမ်းခက်တဲ့မေးခွန်းဖြစ်တယ်။ ဥပမာ၊ ခရစ်ယာန်လို့အမည်ခံသူအများစုက ဘုရားသခင်ဟာ သုံးပါးပေါင်းတစ်ဆူဖြစ်တယ်လို့ ယုံကြည်ကြပြီး ဒီအယူဝါဒက နားလည်ဖို့ခက်တယ်လို့ ပြောကြတယ်။ သုံးပါးပေါင်းတစ်ဆူအယူဝါဒကို ရှင်းပြဖို့ဆိုတာမဖြစ်နိုင်ဘူး၊ အကြောင်းကတော့ လူတွေနားမလည်နိုင်တဲ့ အကြောင်းအရာတချို့ရှိနေတယ်လို့ စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ခရစ်ယာန်ဘုန်းကြီးတစ်ဦးက ရေးခဲ့တယ်။ တချို့ကျတော့ ဆင့်ကဲအယူဝါဒကို လက်ခံကြတယ်။ ဘုရားသခင်ဆိုတာမရှိဘူး၊ ကျွန်ုပ်တို့မြင်တွေ့နေရတဲ့ အံ့ဩစရာကောင်းတဲ့ ဖန်ဆင်းခြင်းလက်ရာတွေက မတော်တဆဖြစ်လာတာလို့ သူတို့ ပြောကြတယ်။ ချားလ်စ် ဒါဝင်က ဘုရားသခင်ရှိတယ်ဆိုတာကို မငြင်းခဲ့ဘူး။ လူသားတွေမှာ ဘုရားသခင်အကြောင်း အပြည့်အဝနားလည်နိုင်တဲ့ ဉာဏ်စွမ်းမရှိဘူးလို့ သူ ပြောခဲ့တယ်။

သူတို့ ဘာကိုပဲ ယုံကြည်ကြပါစေ၊ လူအများစုမှာတော့ ဘုရားသခင်နဲ့ပတ်သက်တဲ့ မေးခွန်းတွေရှိနေတယ်။ ဒါပေမဲ့ သူတို့ရတဲ့အဖြေတွေက သူတို့ကို စိတ်ကျေနပ်မှုမပေးတဲ့အတွက် လူတွေက ဘုရားသခင်ကို ဆက်မရှာကြတော့ဘူး။ စာတန်က “မယုံကြည်သူတို့၏ ဉာဏ်မျက်စိကိုကွယ်” ထားတယ်။ (၂ ကော. ၄:၄) ဒါကြောင့် စကြဝဠာကိုဖန်ဆင်းတဲ့အရှင်၊ ဘုရားသခင်နဲ့ပတ်သက်ပြီး လူတွေ အယူအဆရှုပ်ထွေးနေတာ၊ ဘုရားသခင်နဲ့ပတ်သက်တဲ့အမှန်တရားအကြောင်း မသိတာက အံ့ဩစရာမဟုတ်ဘူး။—ဟေရှာ. ၄၅:၁၈

၃။ (က) ဘယ်သူက ကျွန်ုပ်တို့ကို ခမည်းတော်အကြောင်း ဖော်ပြခဲ့သလဲ။ (ခ) ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

ဘုရားသခင်နဲ့ပတ်သက်တဲ့အမှန်တရားအကြောင်း လူတွေသင်ယူဖို့ အရမ်းအရေးကြီးတယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ ‘ယေဟောဝါ၏နာမည်ကို ခေါ်’ တဲ့သူတွေပဲ ကယ်တင်ခံရမှာဖြစ်လို့ပဲ။ (ရော. ၁၀:၁၃) ဘုရားသခင့်နာမည်ကိုခေါ်တယ်ဆိုတာက ဘုရားသခင်က ဘယ်သူလဲ၊ ကိုယ်တော်က ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ သိရမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဒီအရေးကြီးတဲ့အမှန်တရားတွေကို ယေရှုခရစ်က သူ့ရဲ့တပည့်တွေကို သင်ပေးခဲ့တယ်။ ယေရှုက သူတို့ကို ခမည်းတော်အကြောင်း ဖော်ပြခဲ့တယ်။ (လုကာ ၁၀:၂၂ ကိုဖတ်ပါ။) ဒီဆောင်းပါးမှာ အောက်ပါမေးခွန်းတွေကို ဖြေဆိုပေးမှာဖြစ်တယ်– ယေရှုက တခြားဘယ်သူမှ မဖော်ပြနိုင်တဲ့နည်းနဲ့ ခမည်းတော်အကြောင်း ဘာကြောင့် ဖော်ပြနိုင်ခဲ့တာလဲ။ ယေရှု ဘယ်လို ဖော်ပြခဲ့သလဲ။ တခြားသူတွေကို ခမည်းတော်အကြောင်းဖော်ပြ ဒါမှမဟုတ် ပြောပြခြင်းအားဖြင့် ယေရှုကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။

ခမည်းတော်အကြောင်းကို ယေရှု အထူးနည်းလမ်းနဲ့ ဖော်ပြနိုင်ခဲ့

၄၊ ၅။ ယေရှုက ဘာကြောင့် ခမည်းတော်အကြောင်းကို အထူးနည်းလမ်းနဲ့ ဖော်ပြနိုင်ခဲ့သလဲ။

ခမည်းတော်အကြောင်းသိအောင် တခြားသူတွေကို ကူညီပေးရာမှာ ယေရှုက အတော်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ တခြားသက်ရှိတွေကို မဖန်ဆင်းခင်ကတည်းက ယေရှုဟာ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ကောင်းကင်မှာ အသက်ရှင်ခဲ့သူဖြစ်တယ်။ သူက “ဘုရားသခင့်တစ်ပါးတည်းသောသားတော်” ဖြစ်တယ်။ (ယော. ၁:၁၄; ၃:၁၈) ဘယ်အရာကိုမှ မဖန်ဆင်းခင်တုန်းက ယေရှုတစ်ဦးတည်းပဲ ခမည်းတော်နဲ့အတူရှိခဲ့ပြီး ခမည်းတော်က သူ့ကို အပြည့်အဝ ဂရုစိုက်နိုင်ခဲ့တယ်။ သူတို့နှစ်ဦးတည်းပဲ ပေါင်းသင်းဆက်ဆံခဲ့တဲ့ အတိုင်းမသိကြာရှည်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်းမှာ ယေရှုဟာ ခမည်းတော်အကြောင်းနဲ့ ခမည်းတော်ရဲ့အရည်အသွေးတွေကို သင်ယူခဲ့တယ်။ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးက ပိုခိုင်မြဲလာလေ၊ တစ်ဦးအပေါ်တစ်ဦးထားတဲ့ သူတို့ရဲ့မေတ္တာနဲ့ ချစ်ခင်မြတ်နိုးမှုကလည်း ပိုတိုးများလာလေဖြစ်တယ်။ (ယော. ၅:၂၀; ၁၄:၃၁) ခမည်းတော်ရဲ့ စိတ်နေသဘောထားအကြောင်း ယေရှု ဘယ်လောက်အထိ သင်ယူခဲ့သလဲဆိုတာ စဉ်းစားကြည့်ပါ။—ကောလောသဲ ၁:၁၅-၁၇ ကိုဖတ်ပါ။

ခမည်းတော်က သားတော်ကိုရွေးချယ်ပြီး မိမိရဲ့ကိုယ်စားလှယ်၊ မိမိကိုယ်စား စကားပြောဆိုပေးမယ့်သူအဖြစ် ခန့်အပ်ခဲ့တယ်။ (ဗျာ. ၁၉:၁၃) တခြားသူတွေကို ခမည်းတော်အကြောင်းဖော်ပြပေးရမယ့် အထူးတာဝန်ကို ယေရှုတစ်ဦးတည်းပဲ ရရှိထားတယ်။ ဒါကြောင့် ယေရှုဟာ “ခမည်းတော်၏ရင်ခွင်၌ရှိ” တယ်လို့ ယောဟန်က ရေးခဲ့တယ်။ (ယော. ၁:၁၊ ၁၈) ယောဟန်က အစာစားချိန်မှာရှိတတ်တဲ့ ဓလေ့ထုံးစံတစ်ခုကို စဉ်းစားမိတာဖြစ်နိုင်တယ်။ ဧည့်သည်တစ်ယောက်ကို တခြားဧည့်သည်တစ်ယောက်နဲ့ နီးနီးကပ်ကပ် နေရာပေးခြင်းအားဖြင့် သူတို့တွေ အလွယ်တကူ စကားပြောဆိုနိုင်ကြတယ်။ အဲဒီလိုပဲ သားတော်က “ခမည်းတော်၏ရင်ခွင်၌ရှိ” တဲ့အတွက် သူတို့နှစ်ဦး ရင်းရင်းနှီးနှီး စကားပြောနိုင်ခဲ့ကြတယ်။

၆၊ ၇။ ယေဟောဝါနဲ့ ယေရှုကြားမှာရှိတဲ့ဆက်ဆံရေးက ဘယ်လိုနည်းနဲ့ ပိုခိုင်မြဲလာသလဲ။

သားတော်ကို ဘုရားသခင်က “တစ်နေ့ပြီးတစ်နေ့ သိပ်ချစ်မြတ်နိုးလာ” တယ်။ (သုတ္တံ ၈:၂၂၊ ၂၃၊ ၃၀၊ ၃၁ ကိုဖတ်ပါ။ *) ခမည်းတော်နဲ့ သားတော်ကြားမှာရှိတဲ့ ဆက်ဆံရေးက ပိုပိုပြီး ခိုင်မြဲလာတယ်။ သူတို့အတူတူ အလုပ်လုပ်ခဲ့ကြပြီး ယေရှုက ခမည်းတော်ရဲ့အရည်အသွေးတွေကို တုပဖို့ သင်ယူခဲ့တယ်။ တခြား အသိဉာဏ်ရှိသတ္တဝါတွေကို ဖန်ဆင်းတဲ့အခါမှာ သူတို့တစ်ဦးချင်းစီကို ခမည်းတော် ဘယ်လိုဆက်ဆံတယ်ဆိုတာ သားတော်မြင်တွေ့ခဲ့ပြီး ခမည်းတော်ကို ပိုပြီးချစ်ခင်လေးစားလာတယ်။

ယေဟောဝါရဲ့အုပ်ချုပ်ပိုင်ခွင့်ကို စာတန် ဆန့်ကျင်ပုန်ကန်တဲ့အခါမှာတောင် ယေဟောဝါက ရှုပ်ထွေးတဲ့အခြေအနေတစ်ခုကို မေတ္တာ၊ တရားမျှတမှု၊ ဉာဏ်ပညာ၊ တန်ခိုးနဲ့ ဘယ်လိုကိုင်တွယ်တယ်ဆိုတာကို ယေရှု သင်ယူနိုင်ခဲ့တယ်။ ဒါကြောင့် မြေကြီးပေါ်မှာအမှုဆောင်တဲ့အခါ ကြုံတွေ့ရမယ့်အခက်အခဲတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ယေရှု သိရှိခဲ့တယ်။—ယော. ၅:၁၉

၈။ ခမည်းတော်ရဲ့အရည်အသွေးတွေကို လေ့လာရာမှာ ယေရှုအကြောင်းဖော်ပြတဲ့မှတ်တမ်းတွေက ဘာကြောင့် အထောက်အကူဖြစ်သလဲ။

ယေရှုက ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တဲ့အတွက် ဘယ်သူ့ထက်မဆို ခမည်းတော်အကြောင်းကို ပိုအသေးစိတ်ကျကျ ဖော်ပြနိုင်ခဲ့တယ်။ ခမည်းတော်အကြောင်း သင်ယူနိုင်တဲ့အကောင်းဆုံးနည်းက တစ်ပါးတည်းသောသားတော် သွန်သင်ပေးခဲ့တာတွေနဲ့ လုပ်ဆောင်ခဲ့တာတွေကို လေ့လာခြင်းဖြစ်တယ်။ ဥပမာ၊ ကျွန်ုပ်တို့က အဘိဓာန်မှာပါတဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့စကားလုံးရဲ့ ရှင်းပြချက်ကိုဖတ်ရုံနဲ့ ချစ်ခြင်းမေတ္တာအကြောင်း အပြည့်အဝနားလည်နိုင်ပါ့မလား။ နားလည်ဖို့ခက်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်ုပ်တို့က သမ္မာကျမ်းစာမှာပါတဲ့ ယေရှုရဲ့အမှုဆောင်မှတ်တမ်းတွေကို ဆင်ခြင်သုံးသပ်တဲ့အခါ တခြားသူတွေကို ယေရှု ဘယ်လိုဂရုစိုက်တယ်ဆိုတာ သိမြင်လာမယ်၊ အဲဒီအခါ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကို နားလည်လာနိုင်တယ်။ (၁ ယော. ၄:၈၊ ၁၆) တပည့်တွေကို ယေရှုဖော်ပြခဲ့တဲ့ အရည်အသွေးက ချစ်ခြင်းမေတ္တာတစ်ခုတည်း မဟုတ်ဘူး။ ယေရှု မြေကြီးပေါ်မှာအသက်ရှင်စဉ်က ဘုရားသခင်မှာရှိတဲ့ တခြားအရည်အသွေးတွေကို ဖော်ပြခဲ့တယ်။

ခမည်းတော်အကြောင်းကို ယေရှု ဖော်ပြပုံ

၉။ (က) ယေရှုက ခမည်းတော်အကြောင်းကို ဘယ်နည်းနှစ်နည်းနဲ့ ဖော်ပြခဲ့သလဲ။ (ခ) ခမည်းတော်အကြောင်းဖော်ပြရာမှာ ယေရှုသုံးခဲ့တဲ့ဥပမာတစ်ခုကို ပြောပြပါ။

ယေရှုက သူ့ရဲ့တပည့်တွေနဲ့ နောက်ပိုင်းမှာ တပည့်ဖြစ်လာမယ့်သူတွေကို ခမည်းတော်အကြောင်း ဘယ်လိုနည်းနဲ့ ဖော်ပြခဲ့သလဲ။ သွန်သင်ချက်နဲ့ အမူအကျင့်ဆိုတဲ့ နည်းနှစ်နည်းနဲ့ ဖော်ပြခဲ့တယ်။ ဦးဆုံး ယေရှုရဲ့ သွန်သင်ချက်တွေကို လေ့လာကြမယ်။ ယေရှု သူ့ရဲ့နောက်လိုက်တွေကို သွန်သင်ပေးတာတွေကနေ ခမည်းတော်ရဲ့နည်းလမ်း၊ စဉ်းစားတွေးတောပုံနဲ့ ခံစားချက်တွေကို ကျွန်ုပ်တို့ သိရှိရတယ်။ ဥပမာ၊ ယေရှုက သူ့ရဲ့ခမည်းတော်ကို သိုးတစ်အုပ်ပိုင်တဲ့သူနဲ့ ခိုင်းနှိုင်းခဲ့တယ်။ သိုးအုပ်ထဲက သိုးတစ်ကောင် ပျောက်သွားတယ်။ သိုးရှင်က သိုးတစ်ကောင်ချင်းစီကိုချစ်တဲ့အတွက် သိုးအုပ်ကိုထားပြီး ပျောက်သွားတဲ့သိုးကို လိုက်ရှာတယ်။ သိုးရှင်က ပျောက်သွားတဲ့သိုးကိုတွေ့တဲ့အခါ “လမ်းမလွဲသော ကိုးဆယ့်ကိုးကောင်အတွက် ဝမ်းမြောက်သည်ထက် ထိုတစ်ကောင်အတွက် သာ၍ဝမ်းမြောက်” တယ်လို့ ယေရှုပြောခဲ့တယ်။ ယေရှု ဘာကြောင့် ဒီပုံဥပမာကို သုံးတာလဲ။ ယေရှုက “ကောင်းကင်ဘုံရှိ ငါ့အဖသည် ဤသူငယ်တစ်ဦးကိုမျှ ပျက်စီးစေရန် အလိုတော်မရှိ” လို့ပြောခဲ့တယ်။ (မ. ၁၈:၁၂-၁၄) ဒီပုံဥပမာကနေ ယေဟောဝါအကြောင်း သင် ဘာသင်ယူနိုင်သလဲ။ တစ်ခါတလေမှာ သင်ဟာ တန်ဖိုးမရှိဘူး၊ မေ့ထားခံရတယ်လို့ ခံစားမိနိုင်တယ်။ ဒါပေမဲ့ ကောင်းကင်မှာရှိတဲ့ သင့်ဖခင်က သင့်ကို စိတ်ဝင်စားတယ်၊ ဂရုစိုက်တယ်ဆိုတာ သတိရပါ။ ကိုယ်တော်က သင့်ကို “ဤသူငယ်တစ်ဦး” အဖြစ် သတ်မှတ်တယ်။

၁၀။ ယေရှုက ခမည်းတော်အကြောင်းကို မိမိရဲ့အမူအကျင့်အားဖြင့် ဘယ်လိုဖော်ပြခဲ့သလဲ။

၁၀ ခမည်းတော်အကြောင်း ယေရှု ဖော်ပြတဲ့ဒုတိယနည်းက သူ့ရဲ့အမူအကျင့်အားဖြင့်ဖြစ်တယ်။ ဒါကြောင့် တမန်တော် ဖိလိပ္ပုက “ခမည်းတော်ကို ကျွန်ုပ်တို့အားပြ” ပါလို့ ပြောတဲ့အခါ ယေရှုက “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုလည်းမြင်ပြီ” လို့ပြန်ပြောနိုင်ခဲ့တယ်။ (ယော. ၁၄:၈၊ ၉) ခမည်းတော်ရဲ့အရည်အသွေးတွေကို ယေရှုပြသခဲ့တဲ့ နမူနာတချို့ရှိတယ်။ အနူရောဂါစွဲကပ်နေတဲ့လူတစ်ယောက်က ကုသပေးဖို့ ယေရှုကို တောင်းဆိုတဲ့အခါ ယေရှုက “တစ်ကိုယ်လုံးနူနာစွဲ” နေတဲ့သူကို တို့ထိပြီး “ငါအလိုရှိ၏၊ သန့်ရှင်းခြင်းသို့ရောက်စေ” ဆိုပြီးပြန်ပြောခဲ့တယ်။ ရောဂါပျောက်သွားတဲ့အခါ ယေရှုကို ကုသနိုင်တဲ့တန်ခိုးပေးတဲ့သူက ယေဟောဝါဖြစ်တယ်ဆိုတာ အဲဒီလူသိခဲ့တယ်။ (လု. ၅:၁၂၊ ၁၃) လာဇရုသေဆုံးသွားတုန်းကလည်း ယေရှု ‘အလွန်စိတ်ညှိုးငယ်၊ စိတ်ပူပန်’ ပြီး “မျက်ရည်ကျ” ခဲ့တယ်၊ အဲဒီအချိန်မှာ တပည့်တွေဟာ ခမည်းတော်ရဲ့ သနားကြင်နာမှုကို ခံစားမိခဲ့ကြမှာဖြစ်တယ်။ ယေရှုဟာ လာဇရုကို ထမြောက်ပေးမှာမှန်ပေမဲ့ လာဇရုရဲ့မိသားစုနဲ့ မိတ်ဆွေတွေခံစားခဲ့ရသလို သူကိုယ်တိုင်ခံစားခဲ့ရတယ်။ (ယော. ၁၁:၃၂-၃၅၊ ၄၀-၄၃) ခမည်းတော်ရဲ့ကြင်နာမှုအကြောင်း သင့်ကိုသိမြင်စေတဲ့ ယေရှုနဲ့ပတ်သက်တဲ့ သင်အကြိုက်ဆုံးကျမ်းစာမှတ်တမ်းတွေ သင့်မှာရှိနိုင်ပါတယ်။

၁၁။ (က) ဝတ်ပြုရာအိမ်တော်ကို ယေရှုရှင်းလင်းရေးလုပ်တဲ့မှတ်တမ်းက ခမည်းတော်နဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ကို ဘာသိစေသလဲ။ (ခ) ဒါက ဘာကြောင့် ကျွန်ုပ်တို့အတွက် နှစ်သိမ့်မှုဖြစ်သလဲ။

၁၁ ယေရှု ဂျေရုဆလင်မှာရှိတဲ့ ဝတ်ပြုရာအိမ်တော်ကိုသွားပြီး ရှင်းလင်းရေးလုပ်တဲ့အကြောင်း ဖတ်တဲ့အခါ သင်ဘာသိရသလဲ။ အဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ– ယေရှုက ကြိုးနဲ့ နှင်တံတစ်ချောင်းလုပ်ပြီး ဝတ်ပြုရာအိမ်တော်မှာ သိုး၊ နွားရောင်းတဲ့သူတွေကို မောင်းထုတ်လိုက်တယ်။ ပြီးတဲ့နောက် ငွေလဲလှယ်နေတဲ့သူတွေဆီသွားပြီး ငွေတွေကိုသွန်ချ၊ စားပွဲတွေကို မှောက်လှန်ပစ်လိုက်တယ်။ (ယော. ၂:၁၃-၁၇) ခိုင်မာပြတ်သားတဲ့ဒီလုပ်ရပ်ကိုကြည့်ပြီး တပည့်တွေဟာ ဘုရင်ဒါဝိဒ်ရေးခဲ့တဲ့ “ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို စားပါ၏” ဆိုတဲ့စကားကို ပြန်သတိရခဲ့ကြတယ်။ (ဆာ. ၆၉:၉) ယေရှုရဲ့ ခိုင်မာပြတ်သားတဲ့လုပ်ဆောင်ပုံက စစ်မှန်တဲ့ဝတ်ပြုရေးကို တကယ် ကာကွယ်ပေးချင်တယ်ဆိုတာ ဖော်ပြတယ်။ ဒီအကြောင်းကို သင်ဖတ်တဲ့အခါ ယေရှုမှာရှိတဲ့ ယေဟောဝါရဲ့အရည်အသွေးကို သင်မြင်တွေ့ရသလား။ ဘုရားသခင်ဆီမှာ ဆိုးသွမ်းမှုတွေကို မြေကြီးပေါ်ကနေ ဖယ်ရှားနိုင်တဲ့ တန်ခိုးရှိရုံမက တကယ် ဖယ်ရှားပေးချင်တဲ့ဆန္ဒရှိတယ်ဆိုတာ ကျွန်ုပ်တို့ကို သတိရစေတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဆိုးသွမ်းမှုတွေကို ကိုယ်တော်မြင်တွေ့တဲ့အခါ ဘယ်လိုခံစားရမလဲဆိုတာ စဉ်းစားကြည့်ပါ။ ဆိုးသွမ်းမှုတွေနဲ့ပတ်သက်တဲ့ ယေဟောဝါနဲ့ယေရှုရဲ့ ခံစားချက်က ကျွန်ုပ်တို့ မတရားမှုတွေခံစားရတဲ့အခါ နှစ်သိမ့်မှုရရှိစေတယ်။

၁၂၊ ၁၃။ ယေရှု တပည့်တွေနဲ့ဆက်ဆံပုံကနေ ယေဟောဝါအကြောင်း ကျွန်ုပ်တို့ ဘာသိရသလဲ။

၁၂ ခမည်းတော်အကြောင်း ယေရှုဖော်ပြတဲ့ နောက်နည်းတစ်နည်းက တပည့်တွေနဲ့ ယေရှုဆက်ဆံပုံဖြစ်တယ်။ တပည့်တွေက ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုတာကို ငြင်းခုံနေကြတယ်။ (မာ. ၉:၃၃-၃၅; ၁၀:၄၃; လု. ၉:၄၆) ယေရှုက ယေဟောဝါနဲ့ အချိန်အကြာကြီး အတူနေခဲ့တဲ့အတွက် မာနကြီးတာကို ခမည်းတော် ဘယ်လိုယူမှတ်တယ်ဆိုတာကို သိတယ်။ (၂ ရာ. ၂၂:၂၈; ဆာ. ၁၃၈:၆) စာတန်ရဲ့ မာနကြီးတဲ့စိတ်သဘောထားကိုလည်း ယေရှု မြင်တွေ့ခဲ့ဖူးတယ်။ စာတန်ဟာ သူ့ရဲ့ထင်ပေါ်ကျော်ကြားမှုနဲ့ အခွင့်အာဏာကိုပဲ အဓိကထားတဲ့ တစ်ကိုယ်ကောင်းဆန်သူဖြစ်တယ်။ ဒါကြောင့် သူ သွန်သင်လေ့ကျင့်ပေးခဲ့တဲ့ တပည့်တွေမှာ မာနကြီးတဲ့စိတ်သဘောရှိနေတာကို တွေ့တဲ့အခါ ယေရှု အရမ်းစိတ်မကောင်းဖြစ်ခဲ့မှာပဲ။ သူတို့က သူတို့ရဲ့ ထင်ပေါ်ကျော်ကြားမှုကိုပဲ စိတ်ဝင်စားကြတယ်။ တမန်တော်တွေအဖြစ် ရွေးချယ်ထားတဲ့သူတွေမှာတောင် ဒီစိတ်ထားရှိတာကို ယေရှု မြင်တွေ့ခဲ့ရတယ်။ သူတို့က ယေရှုရဲ့မြေကြီးအသက်တာနောက်ဆုံးနေ့အထိ မာနကြီးတဲ့စိတ်သဘောထားကို ပြခဲ့ကြတယ်။ (လု. ၂၂:၂၄-၂၇) ဒါပေမဲ့ ယေရှုက သူတို့ကို ကြင်နာစွာနဲ့ ဆက်ပြီး ပဲ့ပြင်ပေးခဲ့တယ်။ တစ်နေ့ကျရင် တပည့်တွေလည်း သူ့လိုပဲ နှိမ့်ချတဲ့သဘော တင်ပြကြမယ်ဆိုတဲ့ မျှော်လင့်ချက်ကို ယေရှု မစွန့်လွှတ်ခဲ့ဘူး။—ဖိ. ၂:၅-၈

၁၃ ခမည်းတော်ကိုတုပပြီး တပည့်တွေရဲ့ လွဲမှားနေတဲ့စိတ်သဘောထားကို ယေရှု စိတ်ရှည်စွာ ပဲ့ပြင်ပေးရာမှာ ယေဟောဝါရဲ့ စိတ်သဘောထားကို သင်မြင်တွေ့ရသလား။ ယေရှု ပြောဆိုခဲ့တာ၊ လုပ်ဆောင်ခဲ့တာတွေကနေ ခမည်းတော်အကြောင်း သင် သင်ယူသလား။ ခမည်းတော်ဟာ မိမိရဲ့လူမျိုး မကြာခဏအမှားလုပ်ပေမဲ့ မစွန့်ပစ်ဘူး။ ဘုရားသခင်ရဲ့ ဒီစိတ်သဘောထားကို သိထားတဲ့အတွက် ကျွန်ုပ်တို့အမှားလုပ်မိတဲ့အခါ နောင်တယူဖို့နဲ့ ခွင့်လွှတ်ခံရဖို့ ယေဟောဝါဆီ ဆုတောင်းဖို့ အားပေးမှုဖြစ်စေပါတယ်။

ခမည်းတော်အကြောင်း သားတော် ဖော်ပြလို

၁၄။ တခြားသူတွေကို ခမည်းတော်အကြောင်း ဖော်ပြချင်တယ်ဆိုတာကို ယေရှု ဘယ်လိုပြခဲ့သလဲ။

၁၄ အုပ်စိုးရှင်များစွာက လူတွေ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို ပေးမသိခြင်းအားဖြင့် သူတို့ကို ထိန်းချုပ်ဖို့ကြိုးစားကြတယ်။ ယေရှုကတော့ အဲဒီလို မဟုတ်ဘူး။ ယေရှုက သူ့ခမည်းတော်အကြောင်း လူတွေကိုသိစေချင်တဲ့အတွက် ယေဟောဝါနဲ့ပတ်သက်ပြီး သူတို့သိဖို့လိုတဲ့အရာမှန်သမျှကို ဖော်ပြပေးတယ်။ (မဿဲ ၁၁:၂၇ ကိုဖတ်ပါ။) ဒါ့အပြင် ယေရှုက တပည့်တွေကို စစ်မှန်တဲ့အရှင် ယေဟောဝါဘုရားသခင်ကို ‘သိကျွမ်းစေဖို့ ဉာဏ်စွမ်းပေးထား’ တယ်။ (၁ ယော. ၅:၂၀) ဒါက ဘာကိုဆိုလိုတာလဲ။ ခမည်းတော်နဲ့ပတ်သက်ပြီး မိမိသွန်သင်ပေးတာတွေကို တပည့်တွေ နားလည်စေဖို့ ယေရှုကူညီပေးခဲ့တယ်။ ခမည်းတော်ကို လူတွေမသိနိုင်အောင် သုံးပါးပေါင်းတစ်ဆူလိုမျိုး ဘယ်သူမှနားမလည်နိုင်တဲ့ ထူးဆန်းတဲ့သွန်သင်ချက်တွေ မသင်ပေးဘူး။

၁၅။ ယေရှုက ခမည်းတော်နဲ့ပတ်သက်ပြီး သူသိထားတဲ့အကြောင်းအရာအားလုံးကို ဘာကြောင့် တပည့်တွေကို မပြောပြခဲ့သလဲ။

၁၅ ယေရှုက ခမည်းတော်နဲ့ပတ်သက်ပြီး သူသိထားတဲ့အကြောင်းအရာအားလုံးကို အိတ်သွန်ဖာမှောက် ဖော်ပြခဲ့သလား။ မဖော်ပြခဲ့ဘူး၊ တပည့်တွေကို အကုန်လုံး မပြောပြခြင်းအားဖြင့် မိမိမှာ ဉာဏ်ပညာရှိကြောင်း ယေရှုပြသခဲ့တယ်။ (ယောဟန် ၁၆:၁၂ ကိုဖတ်ပါ။) ဘာကြောင့်လဲ။ အကြောင်းကတော့ အဲဒီအချိန်တုန်းက သူ့ရဲ့တပည့်တွေဟာ အကြောင်းအရာအားလုံးကို “မခံယူနိုင်ကြ” လို့ဖြစ်တယ်။ ဒါပေမဲ့ “ကူညီမစသူ” ရောက်လာတဲ့အခါ အသိပညာတွေပိုပြီး ရရှိလာမယ်လို့ ယေရှုရှင်းပြခဲ့တယ်။ ကူညီမစသူက သန့်ရှင်းသောစွမ်းအားတော်ဖြစ်တယ်၊ သန့်ရှင်းသောစွမ်းအားတော်က ‘အမှန်တရားကို အပြည့်အဝ နားလည်စေရန် သွန်သင်ပြသ’ မှာဖြစ်တယ်။ (ယော. ၁၆:၇၊ ၁၃) ပညာရှိတဲ့မိဘတွေက သူတို့ရဲ့ကလေးတွေ ကောင်းကောင်းနားလည်နိုင်တဲ့အရွယ် မရောက်မချင်း အကြောင်းအရာအားလုံးကို ပြောပြမှာမဟုတ်ဘူး။ ပညာရှိတဲ့မိဘလိုပဲ ယေရှုလည်း ခမည်းတော်အကြောင်း တပည့်တွေ ပိုနားလည်နိုင်တဲ့အချိန်အထိ စောင့်ခဲ့တယ်။ ယေရှုက ကြင်နာမှုရှိတယ်၊ တပည့်တွေမှာ နားလည်နိုင်တဲ့ဉာဏ်စွမ်း အကန့်အသတ်ပဲရှိတယ်ဆိုတာ သူသိတယ်။

ယေရှုကိုတုပပြီး တခြားသူတွေကို ယေဟောဝါအကြောင်းသိအောင် ကူညီပေးပါ

၁၆၊ ၁၇။ သင် ဘာကြောင့် တခြားသူတွေကို ယေဟောဝါအကြောင်း သင်ပေးနိုင်သလဲ။

၁၆ သင်က တစ်ယောက်ယောက်အကြောင်းကို ကောင်းကောင်းသိလာပြီး သူ့မှာ နှစ်သက်စရာကောင်းတဲ့ စိတ်သဘောထားတစ်ခုရှိတယ်ဆိုတာ သိရင် တခြားသူတွေကို သူ့အကြောင်း ပြောပြချင်တယ်မဟုတ်လား။ ယေရှု ကမ္ဘာပေါ်မှာရှိတုန်းက ခမည်းတော်အကြောင်း ပြောပြခဲ့တယ်။ (ယော. ၁၇:၂၅၊ ၂၆) ကျွန်ုပ်တို့လည်း တခြားသူတွေကို ယေဟောဝါအကြောင်း ပြောပြနိုင်ပါတယ်။

၁၇ ကျွန်ုပ်တို့ လေ့လာသိရှိခဲ့တဲ့အတိုင်း ယေရှုမှာ တခြားသူတွေအားလုံးထက် ခမည်းတော်နဲ့ပတ်သက်တဲ့ အသိပညာ အများကြီးရှိတယ်။ သူက သူသိထားတဲ့အချက်တချို့ကို သင်ပေးချင်တယ်၊ ခမည်းတော်ရဲ့အရည်အသွေးတွေနဲ့ပတ်သက်တဲ့ ပိုနက်နဲတဲ့အကြောင်းအရာတွေကို တပည့်တွေနားလည်နိုင်ဖို့ ဉာဏ်စွမ်းလည်းပေးတယ်။ ယနေ့လူအများစု နားမလည်တဲ့နည်းနဲ့ ခမည်းတော်အကြောင်း ကျွန်ုပ်တို့ နားလည်အောင် ယေရှု ကူညီပေးတယ်။ ယေရှုက မိမိရဲ့ သွန်သင်ချက်တွေနဲ့ အမူအကျင့်အားဖြင့် ကျွန်ုပ်တို့ကို ခမည်းတော်အကြောင်း ဖော်ပြပေးတဲ့အတွက် ကျွန်ုပ်တို့ အလွန်ကျေးဇူးတင်ကြပါတယ်။ ယေဟောဝါအကြောင်းသိခွင့်ရလို့ ကျွန်ုပ်တို့ ဂုဏ်ယူမဆုံးဖြစ်ကြရတယ်။ (ယေ. ၉:၂၄; ၁ ကော. ၁:၃၁) ကျွန်ုပ်တို့က ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိအောင် ကြိုးစားလုပ်ဆောင်ခဲ့တဲ့အတွက် ကိုယ်တော်က ကျွန်ုပ်တို့နဲ့ ပိုပြီးနီးကပ်လာတယ်။ ဒါကြောင့် အခုဆိုရင် ယေဟောဝါနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့သိထားတဲ့အကြောင်းအရာတွေကို တခြားသူတွေကို သင်ပေးနိုင်ကြပြီ။ ဘယ်လို သင်ပေးကြမလဲ။

၁၈၊ ၁၉။ တခြားသူတွေကို ခမည်းတော်အကြောင်း ဖော်ပြရာမှာ ဘယ်နည်းတွေသုံးနိုင်သလဲ၊ ရှင်းပြပါ။

၁၈ ကျွန်ုပ်တို့ရဲ့ အပြောအဆို၊ အပြုအမူတွေက ယေရှုကိုတုပတယ်ဆိုရင် ကျွန်ုပ်တို့က တခြားသူတွေကို ခမည်းတော်အကြောင်း ဖော်ပြနေတာဖြစ်တယ်။ ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်ုပ်တို့ တွေ့ဆုံရသူများစွာက ဘုရားသခင် ဘယ်သူလဲဆိုတာ မသိကြဘူး။ သူတို့တွေက မှားယွင်းတဲ့အရာတွေကို သွန်သင်ခံထားရတဲ့အတွက် ဘုရားသခင်နဲ့ပတ်သက်ပြီး လွဲမှားတဲ့အယူအဆတွေ ရှိနေနိုင်တယ်။ ကျွန်ုပ်တို့က သမ္မာကျမ်းစာသုံးပြီး ဘုရားသခင့်နာမည်က ဘာလဲ၊ လူသားတွေအတွက် ဘုရားသခင့်ရည်ရွယ်ချက်က ဘာလဲ၊ ကိုယ်တော်က ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ သူတို့ကို သင်ပေးနိုင်တယ်။ ဒါ့အပြင် တချို့ကျမ်းစာမှတ်တမ်းတွေက အရင်က ကျွန်ုပ်တို့နားမလည်ခဲ့တဲ့ နည်းလမ်းအသစ်နဲ့ ဘုရားသခင့်အရည်အသွေးတွေကို နားလည်ဖို့ကူညီပေးတယ်။ ကျွန်ုပ်တို့ လေ့လာသိရှိထားတာတွေကို အသင်းတော်မှာရှိတဲ့ တခြားသူတွေကို ပြောပြနိုင်တယ်၊ ဒါဆိုရင် သူတို့လည်း အားရှိမှာဖြစ်တယ်။

၁၉ ကျွန်ုပ်တို့က ယေရှုကိုတုပပြီး ကျွန်ုပ်တို့ရဲ့အမူအကျင့်အားဖြင့် ခမည်းတော်ကို ဖော်ပြသင့်တယ်။ လူတွေက ကျွန်ုပ်တို့ရဲ့အပြုအမူမှာ ခရစ်တော်ရဲ့မေတ္တာကို မြင်တွေ့တဲ့အခါ သူတို့လည်းပဲ ယေရှုနဲ့ ကိုယ်တော့်ခမည်းတော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိချင်လာမှာဖြစ်တယ်။ (ဧ. ၅:၁၊ ၂) တမန်တော်ပေါလုက “ငါသည် ခရစ်တော်ကို အတုယူသကဲ့သို့ သင်တို့လည်း ငါ့ကို အတုယူကြလော့” လို့ပြောခဲ့တယ်။ (၁ ကော. ၁၁:၁) ယေဟောဝါက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ လူတွေသိအောင် ကျွန်ုပ်တို့ရဲ့အမူအကျင့်နဲ့ ကူညီပေးနိုင်တဲ့အတွက် ကျွန်ုပ်တို့ ဂုဏ်ယူကြတယ်။ တခြားသူတွေကို ခမည်းတော်အကြောင်း ဖော်ပြခြင်းအားဖြင့် ယေရှုကို ဆက်တုပကြပါစို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 သုတ္တံ ၈:၂၂၊ ၂၃၊ ၃၀၊ ၃၁ (ကဘ)– “ယေဟောဝါကိုယ်တိုင် ငါ့ကိုဖြစ်ပေါ်စေတယ်။ ငါက သူ့ဖန်ဆင်းခြင်းရဲ့ မူလအစ၊ ရှေးအချိန်က ကိုယ်တော့်အောင်မြင်ပြီးမြောက်မှုတွေရဲ့ အဦးအဖျားပဲ။ ရှေးကာလအဆက်ဆက်ကတည်းက၊ အစအဦးကတည်းက၊ မြေကြီးမတည်ရှိခင်ကတည်းက ငါ့ကိုတည်ရှိစေတယ်။ ငါက ကိုယ်တော့်ဘေးမှာ ကျွမ်းကျင်လုပ်သားအဖြစ် ရှိနေခဲ့တယ်။ ကိုယ်တော်က ငါ့ကို တစ်နေ့ပြီးတစ်နေ့ သိပ်ချစ်မြတ်နိုးလာတယ်။ ငါကလည်း ကိုယ်တော့်ရှေ့မှာ အမြဲဝမ်းသာနေတယ်။ ကိုယ်တော်ရဲ့မြေကြီးကြောင့် ငါ သိပ်ဝမ်းသာပြီး လူသားတွေနဲ့ပတ်သက်တဲ့အရာတွေကို ငါချစ်မြတ်နိုးတယ်။”

[လေ့လာရန်မေးခွန်းများ]