ဂျူးလူမျိုးတစ်ယောက်ရဲ့ အဝတ်ကို အနှစ်ခုနစ်ဆယ်ကျော် ဆွဲကိုင်ခဲ့
ဘဝအတ္ထုပ္ပတ္တိ
ဂျူးလူမျိုးတစ်ယောက်ရဲ့ အဝတ်ကို အနှစ်ခုနစ်ဆယ်ကျော် ဆွဲကိုင်ခဲ့
လဲန်နာ့ဒ် စမစ် ပြောပြတယ်
ကျွန်တော့်အသက် ဆယ်နှစ်ကျော်ကျော်ပဲ ရှိသေးတဲ့အချိန်မှာ ကျမ်းချက်နှစ်ချက်က ကျွန်တော့်ရဲ့စိတ်ကို ထိမိခဲ့တယ်။ အခု အသက် ၇၀ ကျော်ပြီးတဲ့နောက်မှာတောင် ဇာခရိ ၈:၂၃ (ကဘ) ကို ကောင်းကောင်းနားလည်ခဲ့တဲ့အချိန်ကို သတိရနေတုန်းပဲ၊ အဲဒီကျမ်းချက်မှာ “လူဆယ်ယောက်” က “ဂျူးလူမျိုးတစ်ယောက်ရဲ့အဝတ်ကို ကိုင်” တယ်လို့ဖော်ပြထားတယ်။ လူဆယ်ယောက်က ဂျူးလူမျိုးကို “သင်တို့နဲ့အတူ ဘုရားသခင် ရှိတယ်ဆိုတာ ငါတို့ကြားတဲ့အတွက် သင်တို့နဲ့အတူ ငါတို့လိုက်မယ်” လို့ပြောတယ်။
ဂျူးလူမျိုးတစ်ယောက်က ကောင်းကင်အတန်းအစားခရစ်ယာန်တွေကို ပုံဆောင်ပြီး “လူဆယ်ယောက်” က “အခြားသိုး” ဒါမှမဟုတ် အဲဒီခေတ်တုန်းက “ယောနဒပ်” လို့သိထားတဲ့အတန်းအစားကို ပုံဆောင်တယ်။ * (ယော. ၁၀:၁၆) ကျွန်တော် အဲဒီအမှန်တရားအကြောင်း နားလည်လာတဲ့အခါ မြေကြီးပေါ် ထာဝစဉ်အသက်ရှင်မယ့် ကျွန်တော့်မျှော်လင့်ချက်ပြည့်မပြည့် ဆိုတာက ကောင်းကင်အတန်းအစားတွေကို သစ္စာရှိရှိ ထောက်ခံခြင်းအပေါ် မူတည်တယ်ဆိုတာ သိလာတယ်။
မဿဲ ၂၅:၃၁-၄၆ မှာပါတဲ့ ယေရှုရဲ့ “သိုး” နဲ့ “ဆိတ်” ပုံဥပမာကလည်း ကျွန်တော့်ရဲ့စိတ်ကို နက်နက်ရှိုင်းရှိုင်း ထိမိခဲ့တယ်။ “သိုး” ဆိုတာက ဆုံးခန်းကာလအတွင်းမှာ ဘုရားသခင့်မျက်နှာသာရ စီရင်ချက်ရရှိမယ့်သူတွေဖြစ်တယ်၊ သူတို့က မြေကြီးပေါ်မှာရှိနေသေးတဲ့ ခရစ်တော်ရဲ့ညီတွေကို ကောင်းမှုပြုတဲ့အတွက်ဖြစ်တယ်။ လူငယ်ယောနဒပ်တစ်ဦးအနေနဲ့ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ဒီလိုပြောခဲ့တယ်– ‘လဲန်း၊ မင်းက ခရစ်တော်ရဲ့အမြင်မှာ သိုးအဖြစ် ရှုမြင်ခံချင်တယ်ဆိုရင် သူ့ရဲ့ညီတွေကို ကူညီထောက်မရမယ်၊ သူတို့ရဲ့ဦးဆောင်မှုကို လိုက်နာရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်က သူတို့နဲ့အတူ ရှိနေလို့ပဲ။’ ဒီနားလည်မှုက ကျွန်တော့်ကို အနှစ်ခုနစ်ဆယ်ကျော် ဦးဆောင်လမ်းပြခဲ့တယ်။
‘ငါ့နေရာ ဘယ်မှာလဲ’
၁၉၂၅ ခုနှစ်မှာ ကျွန်တော့်အမေက ဗေသလမှာရှိတဲ့ အစည်းအဝေးခန်းမမှာ နှစ်ခြင်းခံခဲ့တယ်။ အဲဒီခန်းမကို လန်ဒန်တဲတော်လို့ခေါ်ပြီး အဲဒီဒေသမှာရှိတဲ့ညီအစ်ကိုညီအစ်မတွေက သုံးကြတယ်။ ကျွန်တော့်ကို ၁၉၂၆၊ အောက်တိုဘာ ၁၅ ရက်မှာမွေးတယ်။ ၁၉၄၀၊ မတ်လမှာ အင်္ဂလန်ကမ်းရိုးတန်း ဒိုဗာမှာကျင်းပတဲ့ စည်းဝေးပွဲတစ်ခုမှာ ကျွန်တော်နှစ်ခြင်းခံခဲ့တယ်။ ကျွန်တော် သမ္မာကျမ်းစာအမှန်တရားကို ပိုပိုပြီး ချစ်မြတ်နိုးလာတယ်။ အမေက ကောင်းကင်အတန်းအစားဖြစ်လို့ ကျွန်တော် ဦးဆုံးကိုင်မိတဲ့ “ဂျူးလူမျိုးတစ်ယောက်ရဲ့အဝတ်” က ပုံဆောင်သဘောအရ ကျွန်တော့်အမေရဲ့အဝတ် ဖြစ်နေတယ်။ အဲဒီအချိန်တုန်းက ကျွန်တော့်အဖေနဲ့ အစ်မက ယေဟောဝါကို ဝတ်မပြုသေးဘူး။ ကျွန်တော်နဲ့ ကျွန်တော့်အမေက အင်္ဂလန်အရှေ့တောင်ပိုင်းမှာရှိတဲ့ ဂျေလင်ဂန်အသင်းတော်ကဖြစ်တယ်၊ အဲဒီအသင်းတော်မှာရှိတဲ့အများစုက ကောင်းကင်အတန်းအစားခရစ်ယာန်တွေ ဖြစ်တယ်။ အမေက ဟောပြောခြင်းလုပ်ငန်းမှာ ဇွဲထက်သန်တဲ့ပုံသက်သေကို ပြခဲ့တယ်။
၁၉၄၁၊ စက်တင်ဘာမှာ လက်စတာမြို့မှာကျင်းပတဲ့ စည်းဝေးကြီးတစ်ခုမှာ ဘုရားသခင့်အုပ်ချုပ်ပိုင်ခွင့်အကြောင်း ဆင်ခြင်သုံးသပ်ထားတဲ့ “တည်ကြည်မှု” ဆိုတဲ့ ဟောပြောချက်ကို ဟောတယ်။ အဲဒီဟောပြောချက်ကြောင့် ယေဟောဝါနဲ့စာတန်အကြားမှာပေါ်ပေါက်ခဲ့တဲ့ အရေးကိစ္စမှာ ကျွန်တော်တို့လည်း ပါဝင်ပတ်သက်တယ်ဆိုတာ ဦးဆုံးအကြိမ် နားလည်ခဲ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့က ယေဟောဝါဘက်မှာရပ်တည်ပြီး ကိုယ်တော့်ကို အကြွင်းမဲ့အုပ်ချုပ်ပိုင်ခွင့်ရှိသူအဖြစ် ဆက်တည်ကြည်ဖို့လိုတယ်။
အဲဒီစည်းဝေးကြီးမှာ ရှေ့ဆောင်လုပ်ငန်းအကြောင်း အလေးပေးဟောပြောခဲ့ပြီး ရှေ့ဆောင်ပန်းတိုင်ထားဖို့ လူငယ်တွေကို အားပေးခဲ့တယ်။ “အဖွဲ့အစည်းမှာ ရှေ့ဆောင်ရဲ့နေရာ” ဆိုတဲ့ဟောပြောချက်ကြောင့် ‘ငါ့နေရာ ဘယ်မှာလဲ’ လို့ ကျွန်တော်စဉ်းစားမိတယ်။ ဟောပြောခြင်းလုပ်ငန်းမှာ အစွမ်းခွန်အားရှိသမျှနဲ့ ကောင်းကင်အတန်းအစားတွေကို ကူညီရမှာက ယောနဒပ်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်တာဝန်ဆိုတာ ဒီစည်းဝေးကြီးမှာ သိလာတယ်။ အဲဒီစည်းဝေးကြီးမှာပဲ ကျွန်တော်လျှောက်လွှာဖြည့်လိုက်ပြီး ရှေ့ဆောင်တစ်ယောက်ဖြစ်လာတယ်။
စစ်အတွင်းမှာ ရှေ့ဆောင်လုပ်ငန်း
ကျွန်တော့်အသက် ၁၅ နှစ်ဖြစ်တဲ့ ၁၉၄၁၊ ဒီဇင်ဘာ ၁ ရက်မှာ ကျွန်တော် အထူးရှေ့ဆောင်အဖြစ် ခန့်အပ်ခံရတယ်။ အမေက ကျွန်တော်ရဲ့ ပထမဆုံးရှေ့ဆောင်တွဲဖက်ဖြစ်တယ်၊ ဒါပေမဲ့ တစ်နှစ်လောက်ကြာတဲ့အခါမှာ အမေက ကျန်းမာရေးကြောင့် ရှေ့ဆောင်လုပ်ငန်းကနေ နားလိုက်ရတယ်။ လန်ဒန်ဌာနခွဲရုံးက ကျွန်တော့်ကို ရွန် ပါကင်နဲ့ တွဲပေးတယ်၊ သူ အခု ပွာတိုရီကို ဌာနခွဲကော်မတီမှာ အမှုဆောင်နေတယ်။
ကျွန်တော်တို့ကို ကဲန့်ခရိုင်မှာရှိတဲ့ ကမ်းရိုးတန်းမြို့တွေဖြစ်တဲ့ ဘရော့စတဲစ်နဲ့ ရမ်စဂိတ်ကို ပို့လိုက်တယ်၊ အဲဒီမှာ ကျွန်တော်တို့ အိမ်ငှားနေကြတယ်။ အထူးရှေ့ဆောင်တွေရဲ့ထောက်ပံ့ကြေးက ၄၀ ရှီလင် (အဲဒီအချိန်တုန်းက အမေရိကန်ဒေါ်လာ ၈ ဒေါ်လာ) ဖြစ်တယ်။ ဒါကြောင့် အိမ်ငှားခပေးပြီးတဲ့အခါမှာ လက်ကျန်ငွေနည်းနည်းပဲရှိတဲ့အတွက် နောက်တစ်နပ်စာကို ဘယ်ကရမလဲဆိုတာ မသိဘူး။ ဒါပေမဲ့ ယေဟောဝါက တစ်နည်းနည်းနဲ့ ကျွန်တော်တို့လိုအပ်ရာတွေကို အမြဲထောက်ပံ့ပေးခဲ့တယ်။
ကျွန်တော်တို့ စက်ဘီးစီးခဲ့ကြတယ်၊ စက်ဘီးပေါ်မှာ ပစ္စည်းအလေးကြီးတွေကိုတင်၊ မြောက်ပိုင်းပင်လယ်ကလာတဲ့ ပြင်းထန်တဲ့လေကိုဆန်ပြီး စက်ဘီးစီးခဲ့ကြတယ်။ ဒါ့အပြင် လန်ဒန်ကိုဗုံးကြဲဖို့ ကဲန့်ခရိုင်ပေါ်မှာ နိမ့်နိမ့်လေး ပျံသန်းနေတဲ့ ဂျာမန် ဗုံးကြဲလေယာဉ်တွေကိုလည်း ရှောင်ရသေးတယ်။ တစ်ခါတုန်းက ဗုံးတစ်လုံးက ကျွန်တော့်ခေါင်းပေါ်ကနေကျော်ပြီး အနားက မြေကွက်လပ်မှာ ပေါက်ကွဲသွားတယ်၊ ကျွန်တော်က စက်ဘီးကိုပစ်ချ၊ မြောင်းတစ်ခုထဲခုန်ချပြီး ပုန်းခိုခဲ့ရတယ်။ အဲဒီလိုဖြစ်ခဲ့ပေမဲ့ ကဲန့်ခရိုင်မှာ ရှေ့ဆောင်လုပ်ခဲ့တဲ့နှစ်တွေက ပျော်စရာအချိန်တွေဖြစ်ခဲ့တယ်။
ကျွန်တော် “ဗေသလကောင်လေး” ဖြစ်လာ
ကျွန်တော့်အမေက ဗေသလအကြောင်းကို အမြဲ အမြတ်တနိုးပြောတတ်တယ်။ “သားက ဗေသလကောင်လေးဖြစ်လာရင် အရမ်းကောင်းမှာပဲ” လို့ အမေ ပြောလေ့ရှိတယ်။ ဒါကြောင့် ၁၉၄၆၊ ဇန်နဝါရီမှာ လန်ဒန်ဗေသလမှာ သုံးပတ်ကူညီပေးဖို့ ဖိတ်ခေါ်စာရတဲ့အခါ ကျွန်တော် ဘယ်လောက်ပျော်ပြီး အံ့သြခဲ့မယ်ဆိုတာ စဉ်းစားကြည့်ပါ။ သုံးပတ်ပြည့်သွားတဲ့အခါ ဌာနခွဲအမှုထမ်းဖြစ်တဲ့ ပရိုက်စ် ဟယူးဇ်က ဗေသလမှာဆက်နေဖို့ ကျွန်တော့်ကိုပြောတယ်။ အဲဒီမှာရတဲ့ လေ့ကျင့်မှုက ကျွန်တော့်ရဲ့အသက်တာတစ်ခုလုံးကို ပုံသွင်းပေးခဲ့တယ်။
အဲဒီအချိန်တုန်းက လန်ဒန်ဗေသလမှာ မိသားစုဝင် ၃၀ လောက်ရှိပြီး အများစုက တစ်ကိုယ်ရေလူငယ်ညီအစ်ကိုတွေဖြစ်တယ်၊ အဲဒီထဲမှာ ပရိုက်စ် ဟယူးဇ်၊ အက်ဒ်ဂါ ကလေးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်လာတဲ့ ဂျက် ဘားတို့လို ကောင်းကင်အတန်းအစားညီအစ်ကိုတွေလည်း ပါတယ်။ ဒီလို “အမာခံပုဂ္ဂိုလ်” တွေရဲ့ ကြည့်ရှုစောင့်ရှောက်မှုအောက်မှာ ကျွန်တော်ဟာ လူငယ်တစ်ဦးအနေနဲ့ ခရစ်တော်ရဲ့ညီတွေကို ကူညီပေးရတာက တကယ့်အခွင့်ထူးပါပဲ။—ဂလ. ၂:၉။
တစ်နေ့ ဗေသလမှာ ညီအစ်ကိုတစ်ယောက်က ကျွန်တော့်ကိုတွေ့ချင်တဲ့ ညီအစ်မတစ်ယောက် ရှေ့တံခါးမှာရောက်နေတယ်လို့ လာပြောတယ်။ အထုပ်တစ်ထုပ်ကို ချိုင်းကြားမှာညှပ်ထားတဲ့ ကျွန်တော့်အမေကို တွေ့လိုက်လို့ ကျွန်တော် အရမ်းအံ့သြသွားတယ်။ ကျွန်တော်အလုပ်လုပ်တာကို အနှောင့်အယှက်မပေးချင်လို့ အထဲမဝင်တော့ဘူးလို့ပြောပြီး ကျွန်တော့်ကို အထုပ်ပေးပြီး ထွက်သွားတယ်။ အဲဒီအထဲမှာ အနွေးထည်တစ်ထည်ပါတယ်။ အမေ့ရဲ့မေတ္တာပါတဲ့လုပ်ရပ်က တဲတော်မှာအမှုဆောင်နေတဲ့ ရှမွေလအတွက် အင်္ကျီယူလာပေးတဲ့ ဟန္နကို သတိရစေတယ်။—၁ ရာ. ၂:၁၈၊ ၁၉။
ဂိလဒ်—မမေ့နိုင်တဲ့အတွေ့အကြုံတစ်ခု
၁၉၄၇ ခုနှစ်မှာ ဗေသလမှာအမှုဆောင်နေတဲ့ ကျွန်တော်တို့ငါးယောက်က အမေရိကန်နိုင်ငံမှာ ဂိလဒ်ကျောင်းတက်ဖို့ ဖိတ်ခေါ်ခံရတယ်၊ နောက်တစ်နှစ်မှာပဲ ၁၁ ကြိမ်
မြောက်ဂိလဒ်သင်တန်းကို တက်ခဲ့ကြတယ်။ ကျွန်တော်တို့ ဂိလဒ်ကျောင်းရှိတဲ့ နယူးယောက်အထက်ပိုင်းကိုရောက်သွားချိန်မှာ အဲဒီမှာအသည်းခိုက်အောင် အေးတယ်။ အမေပေးလိုက်တဲ့အနွေးထည်ရှိလို့ ဘယ်လောက်ကောင်းလိုက်သလဲ။ဂိလဒ်ကျောင်းတက်ခဲ့ရတဲ့ ခြောက်လကတော့ အမှတ်တရပါပဲ။ ၁၆ နိုင်ငံကလာတဲ့ သင်တန်းသားတွေနဲ့ ပေါင်းသင်းရလို့ ကျွန်တော်အမြင်ကျယ်လာတယ်။ ပြီးတော့ ယေဟောဝါနဲ့ ကျွန်တော့်ရဲ့ဆက်ဆံရေးလည်း ပိုခိုင်မြဲလာတဲ့အပြင် ရင့်ကျက်တဲ့ခရစ်ယာန်တွေနဲ့ ပေါင်းသင်းခြင်းကနေ အကျိုးရခဲ့တယ်။ ကျွန်တော်နဲ့အတူ သင်တန်းတက်ခဲ့တဲ့ လွိုက် ဘယ်ရီ၊ သင်တန်းပို့ချသူတွေထဲကတစ်ဦးဖြစ်တဲ့ အဲလ်ဘတ် ရှရိုးဒါးနဲ့ နိုင်ငံတော်ခြံ (ဂိလဒ်ကျောင်းရှိတဲ့နေရာ) ရဲ့ကြီးကြပ်ရေးမှူး ဂျွန် ဘုသ်တို့ဟာ နောက်ပိုင်းမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဖြစ်လာတယ်။ ဒီညီအစ်ကိုတွေပေးတဲ့ မေတ္တာပါသွန်သင်ချက်နဲ့ ယေဟောဝါနဲ့ ကိုယ်တော့်အဖွဲ့အစည်းပေါ်မှာ သစ္စာရှိတဲ့ သူတို့ရဲ့ပုံသက်သေကောင်းကို ကျွန်တော်တန်ဖိုးထားတယ်။
တိုက်နယ်လုပ်ငန်းနဲ့ ဗေသလလုပ်ငန်း
ဂိလဒ်ကျောင်းပြီးသွားတဲ့နောက်မှာ ကျွန်တော်ဟာ အမေရိကန်နိုင်ငံ၊ အိုဟိုင်အိုပြည်နယ်မှာ တိုက်နယ်လုပ်ဖို့ တာဝန်ပေးခံရတယ်။ အဲဒီတုန်းက ကျွန်တော့်အသက် ၂၁ နှစ်ပဲရှိသေးတယ်၊ ဒါပေမဲ့ ညီအစ်ကိုတွေက ငယ်ရွယ်တဲ့ ကျွန်တော့်ရဲ့ စိတ်အားထက်သန်မှုကို ဝမ်းသာအားရ လက်ခံခဲ့ကြတယ်။ အဲဒီတိုက်နယ်အတွင်းမှာ အတွေ့အကြုံရှိတဲ့ လူကြီးတွေဆီကနေ ကျွန်တော်အများကြီး သင်ယူခဲ့ရတယ်။
လအနည်းငယ်ကြာပြီးနောက်မှာ ထပ်ဆင့်လေ့ကျင့်မှုအတွက် ဘရွတ်ကလင်ဗေသလကို ပြန်သွားဖို့ ဖိတ်ခေါ်ခံရတယ်။ အဲဒီအချိန်တုန်းက အမာခံတွေဖြစ်တဲ့ မီလ်တန် ဟင်ရှယ်လ်၊ ကားကလိန်း၊ နေသန် နော၊ တီ. ဂျေ. (ဘတ်) ဆလီဗန်၊ လိုင်မဲန် စွင်ဂယ်လ်တို့နဲ့ သိကျွမ်းခဲ့ရပြီး သူတို့တွေက တစ်ခါက အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ဖြစ်ခဲ့ကြတယ်။ သူတို့အလုပ်လုပ်တာနဲ့ သူတို့ရဲ့ခရစ်ယာန်လမ်းစဉ်တွေကို မြင်တွေ့ရလို့ ကျွန်တော်ပညာအများကြီးရခဲ့တယ်။ ယေဟောဝါရဲ့အဖွဲ့အစည်းအပေါ် ကျွန်တော့်ရဲ့ယုံကြည်စိတ်ချမှုက ပိုခိုင်မာလာတယ်။ အဲဒီနောက်မှာ ဥရောပမှာ ဆက်အမှုဆောင်ဖို့ တာဝန်ရခဲ့တယ်။
ကျွန်တော့်အမေက ၁၉၅၀၊ ဖေဖော်ဝါရီမှာ ဆုံးသွားတယ်။ စျာပနကိစ္စတွေပြီးတော့ ကျွန်တော်က အဖေ၊ အစ်မဒိုရာတို့နဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့တယ်။ အခု အမေလည်းမရှိတော့ဘူး၊ ကျွန်တော်လည်း အိမ်ကနေထွက်သွားရတော့မယ်ဆိုတော့ သမ္မာကျမ်းစာအမှန်တရားနဲ့ပတ်သက်ပြီး ဘယ်လိုစဉ်းစားထားသလဲလို့ သူတို့ကို ကျွန်တော်မေးခဲ့တယ်။ သူတို့က ကောင်းကင်အတန်းအစားတစ်ဦးဖြစ်တဲ့ သက်ကြီးညီအစ်ကို ဟယ်ရီ ဘရောင်နင်းနဲ့ ရင်းနှီးပြီး သူ့ကိုလည်း လေးစားတယ်၊ ဒါနဲ့ သူနဲ့ ကျမ်းစာအမှန်တရားအကြောင်း ဆွေးနွေးမယ်လို့ သဘောတူခဲ့တယ်။ တစ်နှစ်အတွင်းမှာပဲ အဖေနဲ့အစ်မ နှစ်ခြင်းခံလိုက်တယ်။ နောက်ပိုင်းမှာ အဖေက ဂျေလင်ဂန်အသင်းတော်ရဲ့ အမှုထမ်းတစ်ဦး ဖြစ်လာတယ်။ အဖေဆုံးပြီးတဲ့နောက်ပိုင်း အစ်မက သစ္စာရှိတဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ ရွိုင် မိုတန်နဲ့ လက်ထပ်လိုက်ပြီး သူဆုံးတဲ့ ၂၀၁၀ ခုနှစ်အထိ ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုခဲ့တယ်။
ပြင်သစ်မှာကူညီပေး
ကျောင်းမှာတုန်းက ကျွန်တော် ပြင်သစ်၊ ဂျာမန်နဲ့ လက်တင်စကားသင်ယူဖူးတယ်၊ အဲဒီသုံးမျိုးထဲမှာ ကျွန်တော့်အတွက် အခက်ဆုံးက ပြင်သစ်စကားပဲ။ ဒါကြောင့် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကဗေသလမှာ ကူညီပေးဖို့ တောင်းဆိုခံရတဲ့အခါ ကျွန်တော် ဝမ်းလည်းသာတယ်၊ စိတ်လည်းပူတယ်။ အဲဒီမှာ ကျွန်တော်က ဌာနခွဲအမှုထမ်းဖြစ်တဲ့ ကောင်းကင်အတန်းအစားညီအစ်ကို အန်ရီ ဂျီဂျေးနဲ့အတူ အလုပ်လုပ်ခွင့်ရခဲ့တယ်။ ဒီတာဝန်က အမြဲမလွယ်ကူခဲ့ဘူး၊ ကျွန်တော်အမှားအများကြီးလုပ်ခဲ့မယ်ဆိုတာ သေချာတယ်၊ ဒါပေမဲ့ လူတွေနဲ့ အသင့်အတင့်ဖြစ်အောင် ဘယ်လိုပေါင်းသင်းရမယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိခဲ့ရတယ်။
ဒါ့အပြင် ၁၉၅၁ ခုနှစ်မှာ စစ်ပြီးနောက် ပထမဆုံး အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးတစ်ခုကို ပဲရစ်မြို့မှာကျင်းပဖို့ စီစဉ်ခဲ့ကြတယ်၊ အဲဒီမှာ ကျွန်တော်လည်း တာဝန်ရခဲ့တယ်။ လူငယ် နယ်လှည့်ကြီးကြပ်မှူးတစ်ဦးဖြစ်တဲ့ လီယိုပိုလ်ဒ် ဇော်န်တာက ကျွန်တော့်ကိုကူညီဖို့ ဗေသလကိုရောက်လာတယ်။ နောက်ပိုင်းမှာ လီယိုပိုလ်ဒ်က ဌာနခွဲကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံရတယ်။ စည်းဝေးကြီးကို အီဖယ်မျှော်စင်အနားမှာရှိတဲ့ ပါလာ ဒီ စပေါအားကစားကွင်းမှာ ပြုလုပ်ခဲ့တယ်။ ၂၈ နိုင်ငံက စည်းဝေးကြီးကိုယ်စားလှယ်တွေ လာကြတယ်။ နောက်ဆုံးနေ့မှာ တက်ရောက်သူ ၁၀,၄၅၆ ယောက်ရှိခဲ့လို့ ပြင်သစ်မှာရှိတဲ့ သက်သေခံ ၆,၀၀၀ က အရမ်းပျော်ခဲ့ကြတယ်။
ကျွန်တော် ပထမဆုံး ပြင်သစ်ကိုရောက်တော့ ကျွန်တော့်ပြင်သစ်စကားက အတော့်ကို အခြေအနေဆိုးတယ်။ ကျွန်တော့်ရဲ့တိုးတက်မှုကို နှောင့်နှေးစေတဲ့အရာကတော့ ကျွန်တော့်ရဲ့ပြင်သစ်စကား မှန်တယ်ဆိုတာသေချာတဲ့အခါကျမှ ပြောခြင်းဖြစ်တယ်။ ဒါပေမဲ့ အမှားမလုပ်ဘူးဆိုရင် ဘယ်တော့မှ အမှန်ပြင်လို့ရမှာမဟုတ်သလို တိုးတက်လာမှာလည်းမဟုတ်ဘူး။
ဒါကြောင့် ဒီအခြေအနေကနေ တိုးတက်လာဖို့အတွက် နိုင်ငံခြားသားတွေကို ပြင်သစ်စကားသင်ပေးတဲ့ သင်တန်းတက်ဖို့ ကျွန်တော် စာရင်းသွင်းလိုက်တယ်။ အစည်းအဝေးတွေမရှိတဲ့ ညနေခင်းတွေမှာ ကျွန်တော်သင်တန်းတက်တယ်။ နှစ်တွေကြာလာတဲ့အခါ ကျွန်တော်ပြင်သစ်စကားကို တဖြည်းဖြည်းနှစ်သက်လာတယ်။ ပြင်သစ်ဌာနခွဲရဲ့ ဘာသာပြန်လုပ်ငန်းမှာ ကျွန်တော်ကူညီပေးနိုင်ခဲ့လို့ ဒီလိုသင်ယူခဲ့တာက အထောက်အကူပြုတယ်ဆိုတာ ထင်ရှားတယ်။ နောက်ပိုင်းမှာ ကျွန်တော်ဟာ အင်္ဂလိပ်ကနေ ပြင်သစ်ကို ဘာသာပြန်ရတဲ့ ဘာသာပြန်တစ်ဦးဖြစ်လာတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ပြင်သစ်စကားပြောညီအစ်ကိုတွေအတွက် ကျွန်အတန်းအစားကပြင်ဆင်ပေးတဲ့ စာပေတွေကို ဘာသာပြန်ပေးရတာက အခွင့်ထူးတစ်ခုဖြစ်တယ်။—မ. ၂၄:၄၅-၄၇။
လက်ထပ်ပြီး ထပ်ဆင့်အခွင့်အရေးများ
၁၉၅၆ ခုနှစ်မှာ ကျွန်တော်ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က တွေ့ခဲ့တဲ့ ဆွစ်ရှေ့ဆောင်တစ်ဦးဖြစ်တဲ့ အက်စတာနဲ့ လက်ထပ်ခဲ့တယ်။ လန်ဒန်ဗေသလ (ကျွန်တော့်အမေ နှစ်ခြင်းခံခဲ့တဲ့ လန်ဒန် တဲတော်) နဲ့ကပ်လျက်မှာရှိတဲ့ ဝတ်ပြုရာခန်းမမှာ ကျွန်တော်တို့ မင်္ဂလာဆောင်ခဲ့ကြတယ်။ ညီအစ်ကို ဟယူးဇ်က မင်္ဂလာဆောင်ဟောပြောချက် ပေးခဲ့တယ်။ အက်စတာရဲ့အမေက မင်္ဂလာအခမ်းအနား လာတက်တယ်၊ သူလည်းပဲ ကောင်းကင်အတန်းအစားတစ်ယောက် ဖြစ်တယ်။ ကျွန်တော်လက်ထပ်လိုက်တဲ့အတွက် ချစ်စရာကောင်းပြီး သစ္စာရှိတဲ့အိမ်ထောင်ဖက်ကိုသာမက သဘောထားပြည့်ဝပြီး ဘုရားသခင်ကိုချစ်တဲ့ ယောက္ခမလည်း ရခဲ့တယ်။ ၂၀၀၀ ပြည့်နှစ်မှာ သူ့မြေကြီးအသက်တာကုန်ဆုံးသွားတဲ့အထိ သူနဲ့ အချိန်တော်ကြာ ရင်းရင်းနှီးနှီးပေါင်းသင်းခဲ့တယ်။
ကျွန်တော်တို့လက်ထပ်ပြီးနောက် ဗေသလမှာ မနေတော့ဘူး။ ကျွန်တော်က ဗေသလအတွက် ဆက်ဘာသာပြန်တယ်၊ အက်စတာက ပဲရစ်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ အထူးရှေ့ဆောင်လုပ်တယ်။ လူအတော်များများကို ယေဟောဝါကိုဝတ်ပြုလာအောင် သူကူညီပေးနိုင်ခဲ့တယ်။ ၁၉၆၄ ခုနှစ်မှာ ဗေသလမှာနေဖို့ ကျွန်တော်တို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ ၁၉၇၆ ခုနှစ်မှာ ဦးဆုံး ဌာနခွဲကော်မတီဖွဲ့တော့ ကျွန်တော်က အဖွဲ့ဝင်တစ်ဦးအဖြစ် ခန့်အပ်ခံရတယ်။ နှစ်တွေတစ်လျှောက်မှာ အက်စတာက ကျွန်တော့်ကို အမြဲပဲ မေတ္တာပါပါ ထောက်မခဲ့တယ်။
“သင်တို့နှင့်အတူ အစဉ်ရှိမည်မဟုတ်”
ကျွန်တော်ဟာ အခါအားလျော်စွာ နယူးယောက်မှာရှိတဲ့ ကမ္ဘာ့ဌာနချုပ်ကို သွားရတယ်။ အဲဒီလိုသွားတဲ့အခါတွေမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးစီထံက အကြံဉာဏ်ကောင်းတွေရတယ်။ ဥပမာ၊ တစ်ခါက အလုပ်တွေကို ပေးထားတဲ့အချိန်အတွင်း အချိန်မီလုပ်နိုင်ပါ့မလားဆိုတာနဲ့ပတ်သက်ပြီး စိုးရိမ်တဲ့အကြောင်း ညီအစ်ကို နောရ်ကို ပြောပြတယ်၊ သူက ပြုံးပြီး “ဘာမှမစိုးရိမ်နဲ့၊ လုပ်သာလုပ်” လို့ပြန်ပြောတယ်။ အဲဒီကတည်းကစပြီး တာဝန်တွေ ပုံလာတဲ့အခါ စိုးရိမ်မယ့်အစား အလုပ်တစ်ခုပြီးတစ်ခု စလုပ်လိုက်တယ်၊ အများအားဖြင့် အချိန်မီ ပြီးသွားတယ်။
ယေရှုက သူမသေဆုံးခင်လေးမှာ တပည့်တွေကို “ငါမူကား သင်တို့နှင့်အတူ အစဉ်ရှိမည်မဟုတ်” လို့ပြောခဲ့တယ်။ (မ. ၂၆:၁၁) ခရစ်တော်ရဲ့ညီတွေဖြစ်တဲ့ ကောင်းကင်အတန်းအစားခရစ်ယာန်တွေက ကျွန်တော်တို့လို အခြားသိုးတွေနဲ့လည်း အမြဲ အတူရှိမှာမဟုတ်ဘူး။ ဒါကြောင့် ကောင်းကင်အတန်းအစားများစွာနဲ့ အနှစ် ၇၀ ကျော် အနီးကပ်ပေါင်းသင်းပြီး ဂျူးလူမျိုးတစ်ဦးရဲ့အဝတ်ကို ကိုင်ခွင့်ရတာက တကယ့်အခွင့်ထူးဖြစ်တယ်လို့ ကျွန်တော်စဉ်းစားမိတယ်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 5 “ယောနဒပ်” ဆိုတဲ့အသုံးအနှုန်းရဲ့ ရှင်းပြချက်ကို ယေဟောဝါသက်သေများ—ဘုရားသခင့် နိုင်ငံတော်ကြွေးကြော်သူများ (Jehovah’s Witnesses—Proclaimers of God’s Kingdom) စာအုပ်၊ စာမျက်နှာ ၈၃၊ ၁၆၅၊ ၁၆၆ မှာ ကြည့်ပါ။
[စာမျက်နှာ ၂၁ ပါ အကျဉ်းဖော်ပြချက်]
ညီအစ်ကိုနောရ်က ပြုံးပြီး “ဘာမှမစိုးရိမ်နဲ့၊ လုပ်သာလုပ်” လို့ပြောတယ်
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံများ]
(ဘယ်) ကျွန်တော့်အမေနဲ့အဖေ
(ညာ) ၁၉၄၈ ခုနှစ်၊ အမေပေးထားတဲ့ အနွေးထည်နဲ့ ဂိလဒ်ကျောင်းဝင်းထဲမှာ
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
၁၉၉၇ ခုနှစ်၊ ပြင်သစ်ဌာနခွဲအပ်နှံပွဲမှာ ညီအစ်ကို လွိုက်ဘယ်ရီအတွက် ဘာသာပြန်ပေးနေ
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံများ]
(ဘယ်) ကျွန်တော်တို့လက်ထပ်တဲ့နေ့က အက်စတာနဲ့အတူ (ညာ) ဟောပြောခြင်းလုပ်ငန်းမှာအတူ