မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကို စုံလင်တဲ့နှလုံးနဲ့ ဆက်အမှုဆောင်ပါ

ယေဟောဝါကို စုံလင်တဲ့နှလုံးနဲ့ ဆက်အမှုဆောင်ပါ

ယေဟောဝါကို စုံလင်တဲ့နှလုံးနဲ့ ဆက်အမှုဆောင်ပါ

‘ငါ့သား၊ သင့်အဘ၏ ဘုရားသခင်ကို သိလော့။ စုံလင်သောနှလုံးနှင့် ဝတ်ပြုလော့။’ —၅ ရာ. ၂၈:၉

အောက်ပါမေးခွန်းတွေရဲ့ အဖြေကိုရှာပါ–

ပုံဆောင်နှလုံးဆိုတာ ဘာလဲ။

ကျွန်ုပ်တို့ရဲ့နှလုံးကို စစ်ဆေးနိုင်တဲ့နည်းတစ်နည်းက ဘာလဲ။

ယေဟောဝါရဲ့အမှုတော်ကို စုံလင်တဲ့နှလုံးနဲ့ ဘယ်လိုထမ်းဆောင်နိုင်သလဲ။

၁၊ ၂။ (က) သမ္မာကျမ်းစာမှာ လူ့ကိုယ်ခန္ဓာရဲ့ ဘယ်အစိတ်အပိုင်းကို တခြားအစိတ်အပိုင်းတွေထက် ပိုဖော်ပြလေ့ရှိသလဲ။ (ခ) ပုံဆောင်နှလုံးရဲ့အဓိပ္ပာယ်ကို နားလည်ဖို့ ဘာကြောင့်အရေးကြီးသလဲ။

သမ္မာကျမ်းစာမှာ အကြောင်းအရာတစ်ခုခုကို ဖော်ပြတဲ့အခါ လူ့ခန္ဓာကိုယ်ရဲ့အင်္ဂါအစိတ်အပိုင်းတွေနဲ့ တင်စားဖော်ပြလေ့ရှိတယ်။ ဥပမာ၊ ယောဘက “ငါ့လက်၌ မတရားသောအမှုမရှိ” ဆိုပြီး ဖော်ပြခဲ့တယ်။ ဘုရင်ရှောလမုန်က “ကောင်းသောသတင်းစကားသည်လည်း အရိုးတို့ကို ခြင်ဆီနှင့်ပြည့်ဝစေတတ်၏” လို့ ပြောခဲ့တယ်။ ယေဟောဝါက ကျမ်းရေးသူ ယေဇကျေလကို ဒီလိုပြောခဲ့တယ်– ‘သင်၏နဖူးကို ကျောက်ထက်မက သာ၍ခိုင်မာစေပြီ။’ လူတချို့က ပေါလုကို ‘သင်သည် ငါတို့ [နား] အတွက် ထူးဆန်းသောအကြောင်းအရာများကို ကြားပြော၏’ လို့ ပြောခဲ့တယ်။—ယောဘ ၁၆:၁၇; သု. ၁၅:၃၀; ယေဇ. ၃:၉; တ. ၁၇:၂၀

အဲဒီလိုတင်စားဖော်ပြရာမှာ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုကိုတော့ တခြားအင်္ဂါအစိတ်အပိုင်းတွေထက် အကြိမ်အရေအတွက်ပိုပြီး ဖော်ပြထားတယ်။ အဲဒါက နှလုံးဖြစ်တယ်။ သစ္စာရှိတဲ့ဟန္နက သူ့ဆုတောင်းချက်ထဲမှာ နှလုံးအကြောင်း ထည့်ပြောခဲ့တယ်။ သူ ဒီလိုပြောခဲ့တယ်– “ယေဟောဝါကြောင့် ငါ့စိတ်နှလုံး ရွှင်လန်းပြီ။” (၁ ရာ. ၂:၁ကဘ) ကျမ်းရေးသူတွေက နှလုံးအကြောင်း အကြိမ်တစ်ထောင်နီးပါး ဖော်ပြခဲ့ပြီး အဲဒီထဲကအများစုဟာ တင်စားဖော်ပြချက်ဖြစ်တယ်။ ပုံဆောင်နှလုံးရဲ့ အဓိပ္ပာယ်ကိုနားလည်ဖို့ အရမ်းအရေးကြီးတယ်၊ အကြောင်းကတော့ အဲဒီပုံဆောင်နှလုံးကို ကျွန်ုပ်တို့ကာကွယ်ဖို့ လိုတယ်လို့ ကျမ်းစာကပြောထားလို့ပဲ။—သုတ္တံ ၄:၂၃ ကိုဖတ်ပါ။

ပုံဆောင်နှလုံးဆိုတာ ဘာလဲ

၃။ သမ္မာကျမ်းစာမှာပါတဲ့ ပုံဆောင်နှလုံးရဲ့အဓိပ္ပာယ်ကို ကျွန်ုပ်တို့ ဘယ်လိုသိနိုင်သလဲ။ ဥပမာပေးပါ။

သမ္မာကျမ်းစာမှာ ပုံဆောင်နှလုံးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မဖော်ပြထားပေမဲ့ ဒါက ဘာကိုဆိုလိုသလဲဆိုတာ ကျွန်ုပ်တို့ သိနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ဥပမာ၊ သေးငယ်တဲ့ကျောက်အများကြီးနဲ့ စီခြယ်ထားတဲ့ အရမ်းလှတဲ့ ကျောက်စီပန်းချီကားတစ်ချပ်ကို စဉ်းစားကြည့်ပါ။ ကျောက်တွေအများကြီးနဲ့စီခြယ်ထားတဲ့ပန်းချီကားက ဘာပုံလဲဆိုတာသိဖို့ဆိုရင် နောက်ကိုခြေလှမ်းဆုတ်ပြီး ကြည့်ရမှာဖြစ်တယ်။ အလားတူပဲ၊ ကျမ်းစာမှာ “နှလုံး” ဆိုတဲ့စကားလုံးပါတဲ့ ကျမ်းချက်အတော်များများကို ကြည့်ဖို့လိုတယ်၊ ဒါမှ နှလုံးရဲ့အဓိပ္ပာယ်ကို နားလည်နိုင်မှာဖြစ်တယ်။ ဒါဆို ပုံဆောင်နှလုံးဆိုတာ ဘာလဲ။

၄။ (က) သမ္မာကျမ်းစာမှာပါတဲ့ “နှလုံး” ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်က ဘာလဲ။ (ခ) မဿဲ ၂၂:၃၇ ပါ ယေရှုရဲ့စကားတွေက ဘာအဓိပ္ပာယ်ရှိသလဲ။

ကျမ်းရေးသူတွေက လူတစ်ဦးရဲ့ အတွင်းသဘောကိုဖော်ပြဖို့ “နှလုံး” ဆိုတဲ့စကားလုံးကို အသုံးပြုကြတယ်။ အဲဒီအထဲမှာ ကျွန်ုပ်တို့ရဲ့လိုအင်ဆန္ဒ၊ အတွေးအခေါ်၊ ကိုယ်ရည်ကိုယ်သွေး၊ သဘောထား၊ အရည်အချင်း၊ ခံစားချက်နဲ့ ရည်မှန်းချက်တွေပါဝင်တယ်။ (တရားဟောရာ ၁၅:၇; သုတ္တံ ၁၆:၉; တမန်တော် ၂:၂၆ တို့ကိုဖတ်ပါ။) ဒါပေမဲ့ “နှလုံး” ဆိုတဲ့စကားလုံးကို အဲဒီအရာတွေကိုမရည်ညွှန်းဘဲ အသုံးပြုထားတာမျိုးလည်း ရှိတယ်။ ဥပမာ၊ ယေရှု ဒီလိုပြောခဲ့တယ်– “သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံးချစ်လော့။” (မ. ၂၂:၃၇) ဒီကျမ်းချက်မှာဖော်ပြထားတဲ့ “နှလုံး” က လူတစ်ဦးရဲ့ စိတ်လှုပ်ရှားမှုတွေ၊ လိုအင်ဆန္ဒတွေနဲ့ ခံစားချက်တွေကို ရည်ညွှန်းတယ်။ ယေရှုက စိတ်နှလုံးနဲ့ ဉာဏ်စွမ်းကို သီးခြားဖော်ပြခဲ့တယ်၊ အကြောင်းကတော့ ဘုရားသခင်ကိုချစ်တဲ့မေတ္တာကို ကျွန်ုပ်တို့ရဲ့ ခံစားချက်တွေနဲ့ရော၊ အသက်ရှင်နေထိုင်ပုံ၊ တွေးတောဆင်ခြင်ပုံနဲ့ပါ တင်ပြရမယ်ဆိုတဲ့အချက်ကို ယေရှု အလေးပေးချင်တဲ့အတွက် ဖြစ်တယ်။ (ယော. ၁၇:၃; ဧ. ၆:၆) ဒါပေမဲ့ “နှလုံး” ဆိုတဲ့စကားလုံးတစ်ခုတည်းကိုပဲ ဖော်ပြတဲ့အခါမှာ ဒါက လူတစ်ဦးရဲ့ အတွင်းသဘောတစ်ခုလုံးကို ရည်ညွှန်းခြင်းဖြစ်တယ်။

ကျွန်ုပ်တို့ရဲ့နှလုံးကို ဘာကြောင့်ကာကွယ်ဖို့လို

၅။ စုံလင်တဲ့နှလုံးနဲ့ ယေဟောဝါကိုအမှုဆောင်ဖို့ ကျွန်ုပ်တို့ ဘာကြောင့် အစွမ်းကုန်ကြိုးစားချင်တာလဲ။

ဘုရင်ဒါဝိဒ်က ရှောလမုန်ကို ဒီလိုသတိပေးခဲ့တယ်– ‘ငါ့သား၊ သင့်အဘ၏ဘုရားသခင်ကို သိလော့။ စုံလင်သောနှလုံး၊ ကြည်ညိုသောစိတ်သဘောနှင့် ဝတ်ပြုလော့။ ယေဟောဝါသည် ခပ်သိမ်းသောစိတ်နှလုံးတို့ကိုစစ်၍ အကြံအစည်ရှိလေသမျှတို့ကို သိတော်မူ၏။’ (၅ ရာ. ၂၈:၉) ယေဟောဝါက ကျွန်ုပ်တို့ရဲ့နှလုံးအပါအဝင် လူသားအားလုံးရဲ့ နှလုံးကို စစ်ဆေးတယ်။ (သု. ၁၇:၃; ၂၁:၂) ယေဟောဝါစစ်ဆေးတဲ့အခါ ကျွန်ုပ်တို့ရဲ့နှလုံးထဲမှာ ကိုယ်တော်နှစ်သက်တဲ့အရာရှိမှသာ ယေဟောဝါရဲ့မိတ်ဆွေဖြစ်နိုင်ပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ “စုံလင်သောနှလုံး” နဲ့၊ ဆိုလိုတာက နှလုံးအပြည့်နဲ့ ယေဟောဝါကိုအမှုဆောင်ဖို့ အစွမ်းကုန်ကြိုးစားခြင်းအားဖြင့် ဒါဝိဒ်ရဲ့အကြံပေးချက်ကို လိုက်လျှောက်လိုကြတယ်။

၆။ ယေဟောဝါကိုအမှုဆောင်မယ်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဘာကိုသိထားသင့်သလဲ။

ကျွန်ုပ်တို့က ယေဟောဝါသက်သေတွေအနေနဲ့ ဇွဲထက်သန်စွာ အမှုဆောင်ခြင်းအားဖြင့် ဘုရားသခင်ကို စုံလင်တဲ့နှလုံးနဲ့ အမှုဆောင်လိုကြောင်း တင်ပြကြတယ်။ ဒါပေမဲ့ စာတန်ရဲ့ဆိုးညစ်တဲ့လောကနဲ့ ကျွန်ုပ်တို့ရဲ့ အပြစ်ပြုလိုတဲ့သဘောထားတွေက ကျွန်ုပ်တို့အပေါ် အကြီးအကျယ် ဩဇာလွှမ်းမိုးနိုင်စွမ်းရှိပြီး ယေဟောဝါကို နှလုံးအပြည့်နဲ့အမှုဆောင်မယ်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ဆုံးဖြတ်ချက်ကို အားလျော့သွားစေနိုင်တယ်။ (ယေ. ၁၇:၉; ဧ. ၂:၂) အဲဒီလိုမဖြစ်ဖို့ ကျွန်ုပ်တို့ရဲ့နှလုံးကို ပုံမှန်စစ်ဆေးရမယ်။ ဘယ်လိုစစ်ဆေးနိုင်သလဲ။

၇။ ကျွန်ုပ်တို့ရဲ့နှလုံးထဲ အမှန်တကယ်ရှိတဲ့အရာကို ဘာက ဖော်ပြသလဲ။

သစ်ပင်တစ်ပင်ရဲ့ အတွင်းပိုင်း ဒါမှမဟုတ် အလယ်အူတိုင်ကို ဘယ်သူမှ မမြင်နိုင်သလိုပဲ ကျွန်ုပ်တို့ရဲ့အတွင်းစိတ်ကို လူတွေ မသိမမြင်နိုင်ဘူး။ ဒါပေမဲ့ တောင်ပေါ်တရားတော်မှာ ယေရှုပြောခဲ့တဲ့အတိုင်း အပင်ကောင်း မကောင်းဆိုတာ အသီးကဖော်ပြနိုင်သလို ကျွန်ုပ်တို့နှလုံးထဲမှာ အမှန်တကယ်ဘာရှိသလဲဆိုတာ ကျွန်ုပ်တို့ရဲ့လုပ်ရပ်တွေက ဖော်ပြတယ်။ (မ. ၇:၁၇-၂၀) အဲဒီလုပ်ရပ်တွေထဲက တစ်ခုအကြောင်း သုံးသပ်ကြည့်ကြစို့။

ကျွန်ုပ်တို့ရဲ့နှလုံးကို စစ်ဆေးနိုင်တဲ့နည်းတစ်နည်း

၈။ မဿဲ ၆:၃၃ ပါ ယေရှုရဲ့စကားအရ ကျွန်ုပ်တို့နှလုံးထဲမှာ ရှိတဲ့အရာကို ကျွန်ုပ်တို့ ဘယ်လိုဖော်ပြကြသလဲ။

တောင်ပေါ်တရားတော်မှာ ယေရှုက နားထောင်နေတဲ့ပရိသတ်ကို ယေဟောဝါကိုနှလုံးအပြည့်နဲ့ အမှုဆောင်လိုတဲ့ဆန္ဒကိုဖော်ပြရာမှာ သူတို့ လုပ်ဆောင်သင့်တဲ့အရာကိုလည်း ပြောခဲ့တယ်။ ကိုယ်တော် ဒီလိုပြောခဲ့တယ်– “သို့ဖြစ်၍ ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစွာ ရှာလျက်နေကြလော့။ နောက်မှ ထိုအရာအားလုံးကို ထပ်၍ပေးတော်မူမည်။” (မ. ၆:၃၃) ကျွန်ုပ်တို့ရဲ့နှလုံးထဲမှာ ဘာတွေ လိုလားတောင့်တနေတယ်၊ ဘာတွေစဉ်းစားနေတယ်၊ ဘာတွေကို ကြိုတင်စီစဉ်နေတယ်ဆိုတာကို ကျွန်ုပ်တို့ဘဝရဲ့ ပထမနေရာမှာထားတဲ့အရာက ဖော်ပြတယ်။ ဒါကြောင့် ယေဟောဝါကို ကျွန်ုပ်တို့ရဲ့နှလုံးအပြည့်နဲ့ အမှုဆောင်နေမနေဆိုတဲ့အချက်ကို သိနိုင်တဲ့နည်းတစ်နည်းက ကျွန်ုပ်တို့ဘဝရဲ့အရေးကြီးဆုံးအရာက ဘာလဲဆိုတာကို အသေအချာသုံးသပ်ခြင်းဖြစ်တယ်။

၉။ ယေရှုက လူတချို့ကို ဘာလုပ်ဖို့ဖိတ်ခေါ်ခဲ့သလဲ။ သူတို့ရဲ့တုံ့ပြန်ပုံက ဘာကို ဖော်ပြသလဲ။

နောက်လိုက်တွေကို ဘုရားသခင့်နိုင်ငံတော်ကို ဦးစွာရှာဖို့ ယေရှုပြောပြီးတဲ့နောက် သိပ်မကြာခင်မှာ ဖြစ်ပျက်ခဲ့တဲ့အခြေအနေတစ်ခုကို သုံးသပ်ကြည့်ကြစို့။ ဘဝရဲ့ ပထမနေရာမှာထားတဲ့အရာကို ကြည့်ခြင်းအားဖြင့် လူတစ်ဦးရဲ့နှလုံးအခြေအနေကို သိနိုင်ကြောင်း ဒီအဖြစ်အပျက်က ဖော်ပြတယ်။ ဂျေရုဆလင်ကိုသွားမယ်ဆိုရင် ဘာတွေကြုံရမယ်ဆိုတာ သိလျက်နဲ့ အဲဒီကိုသွားဖို့ ယေရှု အခိုင်အမာ စိတ်ပိုင်းဖြတ်ခဲ့တယ်လို့ လုကာ ရေးခဲ့တယ်။ ယေရှုက တမန်တော်တွေနဲ့ ဂျေရုဆလင်မြို့ကိုသွားနေရင်း လမ်းမှာ လူတချို့ကိုတွေ့ဆုံခဲ့ပြီး သူတို့ကို မိမိနောက်လိုက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ အဲဒီလူတွေက ဖိတ်ခေါ်ချက်ကို လက်ခံလိုစိတ်ရှိပေမဲ့ တခြားအရာတွေကို အရင်လုပ်လိုကြတယ်။ လူတစ်ဦးက “ကျွန်ုပ်၏အဖကို ဦးစွာ သွား၍ သင်္ဂြိုဟ်ခွင့်ပေးတော်မူပါ” လို့ ပြန်ပြောခဲ့တယ်။ နောက်တစ်ဦးကျတော့ ဒီလိုပြောပြန်တယ်– “သခင်၊ နောက်တော်သို့ ကျွန်ုပ်လိုက်ပါမည်။ သို့သော် ကျွန်ုပ်၏အိမ်သူအိမ်သားတို့ကို အလျင်သွား၍ နှုတ်ဆက်ပါရစေ။” (လု. ၉:၅၁၊ ၅၇-၆၁) ဒီလူတွေရဲ့ မပြတ်သားတဲ့တုံ့ပြန်မှုနဲ့ ဘုရားသခင့်အလိုတော်ကို နှလုံးအပြည့်နဲ့ထမ်းဆောင်မယ်ဆိုတဲ့ ယေရှုရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်က ဘယ်လောက်ထိကွာခြားသလဲဆိုတာ ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါတယ်။ သူတို့က သူတို့ရဲ့ဆန္ဒတွေကို ရှေ့တန်းတင်ခဲ့ကြတယ်၊ ဒါက သူတို့မှာ ဘုရားသခင်ကို နှလုံးအကြွင်းမဲ့ အမှုဆောင်လိုစိတ်မရှိကြောင်း ဖော်ပြတယ်။

၁၀။ (က) ငါ့နောက်လိုက်ပါဆိုတဲ့ ယေရှုရဲ့ဖိတ်ခေါ်ချက်ကို ကျွန်ုပ်တို့ ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။ (ခ) ယေရှု ဘယ်ဥပမာ ပေးခဲ့သလဲ။

၁၀ ကျွန်ုပ်တို့က အဲဒီလူတွေနဲ့မတူဘဲ ယေရှုနောက်လိုက်ပါဆိုတဲ့ ဖိတ်ခေါ်ချက်ကို ပညာရှိရှိလက်ခံပြီး နေ့တိုင်း ယေဟောဝါကို အမှုဆောင်နေကြတယ်။ ဒီနည်းအားဖြင့် ကျွန်ုပ်တို့ရဲ့နှလုံးထဲမှာ ယေဟောဝါနဲ့ပတ်သက်ပြီး ဘယ်လိုခံစားချက်ရှိတယ်ဆိုတာ ဖော်ပြကြတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့က ယေဟောဝါကိုအမှုဆောင်ခြင်းမှာ အလုပ်များနေတယ်ဆိုရင်တောင် ကျွန်ုပ်တို့ရဲ့နှလုံးမှာ အန္တရာယ်ရှိနိုင်သေးတယ်ဆိုတဲ့အချက်ကို သတိရဖို့လိုတယ်။ ဘာအန္တရာယ်လဲ။ သူဖိတ်ခေါ်ခဲ့တဲ့သူတွေကို ယေရှုပြောခဲ့တဲ့စကားကနေ အဖြေကိုသိရတယ်။ သူတို့ကို ဒီလိုသတိပေးခဲ့တယ်– “ထွန်ကိုင်းကိုကိုင်လျက် နောက်သို့လှည့်ကြည့်သောသူသည် ဘုရားသခင်၏နိုင်ငံတော်နှင့် မထိုက်မတန်။” (လု. ၉:၆၂) ဒီဥပမာကနေ ဘာသင်ခန်းစာရသလဲ။

“ကောင်းသောအရာကို မှီဝဲဆည်းကပ်” နေသလား

၁၁။ ယေရှုရဲ့ပုံဥပမာမှာပါတဲ့ လယ်ထွန်နေတဲ့လယ်သမား ဘာဖြစ်သွားသလဲ၊ ဘာကြောင့်လဲ။

၁၁ ယေရှုရဲ့ဥပမာမှာပါတဲ့ သင်ခန်းစာကို ပိုနားလည်သဘောပေါက်နိုင်ဖို့ ဥပမာကို နည်းနည်းထပ်ဖြည့်ပြီး ကြည့်ကြစို့။ လယ်သမားတစ်ယောက် လယ်ထွန်နေတယ်။ ဒါပေမဲ့ သူက လယ်ထွန်နေရင်းနဲ့ အိမ်ကိုပဲ စိတ်ရောက်နေတယ်။ အိမ်ပြန်မယ်ဆိုရင် သူ့မိသားစု၊ မိတ်ဆွေတွေနဲ့အတူ နေနိုင်တယ်၊ အစားအစာ၊ တေးဂီတ၊ ရယ်မောသံတွေနဲ့အတူ အမိုးအကာအောက်မှာ သက်သောင့်သက်သာနေလို့ရတယ်။ အဲဒီအရာတွေကို သူ အရမ်းလိုချင်တောင့်တလာတယ်။ ခဏတစ်ဖြုတ် လယ်ထွန်ပြီးတဲ့နောက် ဘဝရဲ့သာယာပျော်ရွှင်မှုတွေကို ခံစားချင်တဲ့ဆန္ဒ အရမ်းပြင်းပြလာတဲ့အတွက် သူက ယေရှုရဲ့ ဥပမာထဲကအတိုင်း နောက်ကို “လှည့်ကြည့်” လိုက်တယ်။ လယ်စိုက်နိုင်ဖို့ဆိုရင် လုပ်စရာအလုပ်တွေ အများကြီးကျန်နေသေးပေမဲ့ ဒီလယ်သမားဟာ အာရုံပျံ့လွင့်နေတာကြောင့် အလုပ်ကို ထိခိုက်လာတော့တယ်။ လယ်သမားက အလုပ်ကို စွဲစွဲမြဲမြဲမလုပ်တဲ့အတွက် အလုပ်ရှင်က သူ့ကိုစိတ်ပျက်ခဲ့တယ်။

၁၂။ ဒီနေ့အချိန်မှာရှိတဲ့ ခရစ်ယာန်တစ်ဦးက ဘယ်လိုနည်းနဲ့ ယေရှုရဲ့ပုံဥပမာထဲမှာပါတဲ့ အလုပ်သမားနဲ့ တူသွားနိုင်သလဲ။

၁၂ ဒီနေ့အချိန်မှာလည်း ဘယ်လိုနည်းနဲ့ အလားတူအဖြစ်အပျက်မျိုး ဖြစ်နိုင်တယ်ဆိုတာ သုံးသပ်ကြည့်ကြစို့။ အမှုဆောင်ခြင်းမှာ ကောင်းကောင်းပါဝင်နေပုံရပေမဲ့ နှလုံးကတော့ အန္တရာယ်ကျရောက်နေတဲ့ ခရစ်ယာန်တွေဟာ အဲဒီပုံဥပမာမှာပါတဲ့ အလုပ်သမားနဲ့တူတယ်။ ဥပမာ၊ အစည်းအဝေးတွေတက်၊ အမှုဆောင်ထွက်နေတဲ့ ညီအစ်ကိုတစ်ဦးကို မြင်ယောင်ကြည့်ပါ။ ဒါပေမဲ့ တစ်ချိန်တည်းမှာ သူဟာ ဒီလောကမှာရှိတဲ့ သူနှစ်သက်တဲ့အရာတချို့အပေါ် တစ်ချိန်လုံးစိတ်ရောက်နေတယ်။ သူ့နှလုံးထဲမှာ အဲဒါတွေကိုပဲ အလွန်အမင်း လိုချင်တောင့်တနေတယ်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား အမှုဆောင်ပြီးတဲ့နောက်မှာတော့ ဒီလောကမှာရှိတဲ့အရာတချို့ကိုလိုချင်တဲ့ ဒီညီအစ်ကိုရဲ့ဆန္ဒက အရမ်းပြင်းပြလာတဲ့အတွက် သူက ယေရှုရဲ့ဥပမာထဲကအတိုင်း နောက်မှာရှိတဲ့အရာတွေကို “လှည့်ကြည့်” လိုက်တယ်။ အမှုဆောင်ခြင်းမှာ လုပ်စရာများစွာရှိနေသေးပေမဲ့ သူက အာရုံပျံ့လွင့်ပြီး အရင်ကလို ဘုရားသခင့်အမှုတော်ကို ကောင်းကောင်းမလုပ်ဆောင်တော့ဘူး။ (ဖိ. ၂:၁၆) “စပါးရှင်” ယေဟောဝါက သူ့အလုပ်သမားတွေထဲက တစ်ယောက်ယောက် လက်လျှော့သွားတာကို တွေ့တဲ့အခါ ဝမ်းနည်းတယ်။—လု. ၁၀:၂

၁၃။ ယေဟောဝါကို နှလုံးအပြည့်နဲ့အမှုဆောင်တယ်ဆိုတာ ဘာကိုဆိုလိုသလဲ။

၁၃ ကျွန်ုပ်တို့အတွက် သင်ခန်းစာကတော့ ရှင်းပါတယ်။ ယေဟောဝါကို နှလုံးအပြည့်နဲ့အမှုဆောင်ခြင်းဆိုတာ အသင်းတော်အစည်းအဝေးတွေ ပုံမှန်တက်တာ၊ အမှုဆောင်လုပ်ငန်းမှာ ပုံမှန်ပါဝင်တာထက်မကဘူး။ (၆ ရာ. ၂၅:၁၊ ၂၊ ၂၇) ခရစ်ယာန်တစ်ဦးရဲ့နှလုံးထဲမှာ နောက်မှာရှိတဲ့အရာတွေ၊ ဆိုလိုတာက လောကရဲ့ဘဝပုံစံတွေထဲက အရာတွေကို ဆက်ချစ်နေမယ်ဆိုရင် ယေဟောဝါနဲ့ သူ့ရဲ့ဆက်ဆံရေးက အန္တရာယ်ရှိနေပြီဖြစ်တယ်။ ဒါကြောင့် ဘုရားသခင်ကို နှလုံးအပြည့်နဲ့အမှုဆောင်ဖို့ ကျွန်ုပ်တို့ဟာ “ဆိုးညစ်သောအရာကို စက်ဆုပ်ရွံရှာ” ပြီး “ကောင်းသောအရာကို မှီဝဲဆည်းကပ်” ကြရမယ်။ (ရော. ၁၂:၉; လု. ၉:၆၂) စာတန့်လောကမှာရှိတဲ့ တချို့အရာတွေက အသုံးတည့်ပုံ ဒါမှမဟုတ် နှစ်သက်စရာကောင်းပုံ ပေါက်နေရင်တောင်မှ အဲဒီအရာတွေကြောင့် ဘုရားသခင်ကို နှလုံးအကြွင်းမဲ့နဲ့ အမှုမဆောင်တော့တာမျိုး အဖြစ်မခံရဘူး။—၂ ကော. ၁၁:၁၄; ဖိလိပ္ပိ ၃:၁၃၊ ၁၄ ကိုဖတ်ပါ။

သတိရှိကြပါ

၁၄၊ ၁၅။ (က) ယေဟောဝါရဲ့အမှုတော်မှာပါဝင်နေတဲ့ ကျွန်ုပ်တို့ရဲ့ဇွဲလျော့နည်းသွားဖို့ စာတန် ဘယ်လိုကြိုးစားနေသလဲ။ (ခ) စာတန် ကျွန်ုပ်တို့ကို လှည့်စားဖို့ကြိုးစားပုံကို ဥပမာပေးပါ။

၁၄ ယေဟောဝါကိုချစ်တဲ့မေတ္တာက ကျွန်ုပ်တို့ရဲ့အသက်တာကို ကိုယ်တော့်ထံအပ်နှံဖို့ လှုံ့ဆော်ခဲ့တယ်။ ကျွန်ုပ်တို့အများစုဟာ အဲဒီအချိန်ကနေစပြီး ယေဟောဝါကို နှလုံးအပြည့်နဲ့အမှုဆောင်ဖို့ ဆုံးဖြတ်ထားတယ်ဆိုတာကို အချိန်အတော်ကြာ သက်သေပြခဲ့ကြတယ်။ ဒါပေမဲ့ စာတန်က ကျွန်ုပ်တို့ကို လွှမ်းမိုးချုပ်ကိုင်ဖို့ ဆက်ကြိုးစားနေတုန်းပဲ။ ကျွန်ုပ်တို့ရဲ့နှလုံးကလည်း သူ့ရဲ့ပစ်မှတ်ဖြစ်နေဆဲပဲ။ (ဧ. ၆:၁၂) ကျွန်ုပ်တို့က ယေဟောဝါကိုဝတ်ပြုတာကို ချက်ချင်းရပ်ပစ်လိုက်မှာ မဟုတ်ဘူးဆိုတာ စာတန်သိတယ်။ ဒါကြောင့် စာတန်က “ဤလောကစနစ်” ကို သုံးပြီး ကျွန်ုပ်တို့ရဲ့ဇွဲ တဖြည်းဖြည်း လျော့နည်းသွားအောင် လှည့်စားဖို့ ကြိုးစားတယ်။ (မာကု ၄:၁၈၊ ၁၉ ကိုဖတ်ပါ။) ဒီလှည့်စားနည်းက ဘာကြောင့် ဒီလောက်ထိအောင်မြင်ရတာလဲ။

၁၅ ဥပမာတစ်ခုကနေ ဒီမေးခွန်းရဲ့အဖြေကို သိနိုင်ပါတယ်။ သင်ဟာ အလင်းအားကောင်းတဲ့ မီးအိမ်တစ်ခုကိုသုံးပြီး စာဖတ်နေတယ်လို့ မြင်ယောင်ကြည့်ပါ၊ ဒါပေမဲ့ မီးသီးကျွမ်းသွားတယ်။ အခန်းက လုံးလုံးအမှောင်ကျသွားတဲ့အတွက် ဘာဖြစ်သွားတယ်ဆိုတာကို သင်ချက်ချင်းသိလိုက်တယ်။ ကျွမ်းသွားတဲ့မီးသီးကို မီးသီးအသစ်နဲ့ လဲလိုက်တဲ့အခါ အခန်းက အရင်လိုပြန်လင်းထိန်လာတယ်။ နောက်တစ်ညနေမှာ သင်က အဲဒီမီးအိမ်ကိုပဲသုံးပြီး စာဖတ်တယ်။ ဒါပေမဲ့ သင်မသိလိုက်တဲ့အချက်က တစ်စုံတစ်ယောက်ဟာ သင့်ရဲ့မီးသီးအသစ်ကို နည်းနည်းအားနည်းနေတဲ့ မီးသီးတစ်လုံးနဲ့ လဲသွားတယ်ဆိုတာပဲ။ အလင်းအားချင်း သိပ်မကွာတဲ့အတွက် သင်သတိထားမိမှာမဟုတ်ဘူး။ ဒီလိုနဲ့ပဲ နောက်တစ်နေ့မှာလည်း တစ်ယောက်ယောက်က နည်းနည်းပိုအားနည်းတဲ့ မီးသီးနဲ့ ထပ်လဲလိုက်တယ်ဆိုရင်ကော၊ ဒါကို သင်သတိထားမိချင်မှထားမိမယ်။ ဘာကြောင့် သတိမထားမိတာလဲ။ မီးသီးရဲ့အလင်းက မသိမသာလေးပဲမှိန်သွားလို့ သတိမထားမိတာဖြစ်တယ်။ အလားတူပဲ စာတန့်လောကရဲ့သြဇာလွှမ်းမိုးမှုကလည်း ယေဟောဝါရဲ့အမှုတော်မှာပါဝင်နေတဲ့ ကျွန်ုပ်တို့ရဲ့ ဇွဲကို မသိမသာနဲ့ ဖြည်းဖြည်းချင်း လျော့နည်းသွားစေနိုင်တယ်။ ခရစ်ယာန်တစ်ဦးက သတိရှိမနေဘူးဆိုရင် သူတဖြည်းဖြည်း ပြောင်းလဲနေတယ်ဆိုတာကို သတိထားမိမှာ မဟုတ်ဘူး၊ ဒါနဲ့ပဲ သူ့ကို စာတန်အနိုင်ယူသွားပါလိမ့်မယ်။—မ. ၂၄:၄၂; ၁ ပေ. ၅:၈

ဆုတောင်းရမယ်

၁၆။ စာတန့်ရန်ကနေ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်နိုင်သလဲ။

၁၆ ကျွန်ုပ်တို့က ဘယ်လိုနည်းနဲ့ စာတန်ကိုဆန့်ကျင်ပြီး ယေဟောဝါကို နှလုံးအပြည့်နဲ့ ဆက်အမှုဆောင်နိုင်ပါသလဲ။ (၂ ကော. ၂:၁၁) ကျွန်ုပ်တို့ ဆုတောင်းရမှာဖြစ်တယ်။ ပေါလုက ခရစ်ယာန်တွေကို ‘စာတန်၏စဉ်းလဲသည့် ပရိယာယ်များကို ခုခံ၍ အခိုင်အမာရပ်တည်’ ဖို့ အားပေးပြီးတဲ့နောက် “အချိန်အခါတိုင်း” မှာ “ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်း အမျိုးမျိုးတို့နှင့်” ဆုတောင်းကြဖို့ ပြောခဲ့တယ်။—ဧ. ၆:၁၁၊ ၁၈; ၁ ပေ. ၄:၇

၁၇။ ယေရှုရဲ့ဆုတောင်းချက်တွေကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

၁၇ ကျွန်ုပ်တို့ ဆက်သစ္စာရှိနိုင်ဖို့ ယေရှုကိုရော နှလုံးအပြည့်နဲ့ ယေဟောဝါကိုအမှုဆောင်လိုတဲ့ ယေရှုရဲ့စိတ်ဓာတ်ကိုပါ တုပဖို့လိုတယ်။ ယေရှုမသေဆုံးခင်ညမှာ ဆုတောင်းပုံနဲ့ပတ်သက်ပြီး လုကာ ဒီလိုမှတ်တမ်းတင်ထားတယ်– “ပြင်းပြသောဝေဒနာကို ခံစားရ၍ စိတ်အားကြီးစွာ ဆုတောင်းတော်မူ၏။” (လု. ၂၂:၄၄) ယေရှု စိတ်အားထက်သန်စွာ ဆုတောင်းခဲ့တယ်။ ဒါက ဦးဆုံးအကြိမ်မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီတစ်ကြိမ်က သူ မြေကြီးပေါ်မှာ အခက်ခဲဆုံးနဲ့ အပြင်းထန်ဆုံးစမ်းသပ်မှုကို ခံရတော့မယ့်အချိန်ဖြစ်တယ်။ ဒီအတွက်ကြောင့် ယေရှု အခါတိုင်းထက်ပိုပြီး စိတ်အားထက်သန်စွာ ဆုတောင်းခဲ့တယ်၊ သူ့ဆုတောင်းချက် ဖြေကြားခံခဲ့ရတယ်။ တချို့ဆုတောင်းချက်တွေကို တခြားဆုတောင်းချက်တွေထက် ပိုပြီးစိတ်အားထက်သန်စွာ တောင်းလျှောက်နိုင်တယ်ဆိုတာကို ယေရှုရဲ့ပုံနမူနာက ဖော်ပြတယ်။ ဒါကြောင့် စမ်းသပ်မှုတွေ ပိုပြင်းထန်တဲ့အခါ၊ စာတန်ရဲ့သြဇာလွှမ်းမိုးမှု ပိုပြင်းထန်တဲ့အခါ ယေဟောဝါရဲ့ ကာကွယ်မှုအတွက် ပိုပြီးစိတ်အားထက်သန်စွာ ဆုတောင်းသင့်တယ်။

၁၈။ (က) ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ဘာမေးသင့်သလဲ။ ဘာကြောင့်လဲ။ (ခ) ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးအပေါ် အကျိုးသက်ရောက်နိုင်တဲ့ အရာတချို့က ဘာတွေလဲ။ ဘယ်လိုနည်းအားဖြင့်လဲ။ (စာမျက်နှာ ၁၆ မှာပါတဲ့ လေးထောင့်ကွက်ကို ကြည့်ပါ။)

၁၈ စိတ်အားထက်သန်စွာဆုတောင်းခြင်းကြောင့် ဘာအကျိုးရလဒ်ရမလဲ။ ပေါလု ဒီလိုပြောတယ်– ‘အရာရာတွင် ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် သင်တို့၏စိတ်နှလုံးကို စောင့်ရှောက်လိမ့်မည်။’ (ဖိ. ၄:၆၊ ၇) ကျွန်ုပ်တို့က ယေဟောဝါကို နှလုံးအပြည့်နဲ့အမှုဆောင်ချင်တယ်ဆိုရင် စိတ်အားထက်သန်စွာ မကြာခဏ ဆုတောင်းရမှာဖြစ်တယ်။ (လု. ၆:၁၂) ဒါကြောင့် မိမိကိုယ်ကို ဒီလိုမေးပါ– ‘ငါ့ရဲ့ဆုတောင်းချက်တွေက ဘယ်လောက်ထိ စိတ်အားထက်သန်မှုရှိသလဲ။ ငါ မကြာခဏ ဆုတောင်းသလား။’ (မ. ၇:၇; ရော. ၁၂:၁၂) သင့်အဖြေက ဘုရားသခင်ကိုအမှုဆောင်လိုတဲ့ သင့်ဆန္ဒ ဘယ်လောက်ထိပြင်းပြသလဲဆိုတာကို ဖော်ပြတယ်။

၁၉။ ယေဟောဝါကို နှလုံးအပြည့်နဲ့ဆက်အမှုဆောင်ဖို့ ဘာလုပ်ရမလဲ။

၁၉ ကျွန်ုပ်တို့ လေ့လာခဲ့တဲ့အချက်တွေအရ ကျွန်ုပ်တို့ရဲ့ဘဝမှာ ဦးစားထားတဲ့အရာတွေက ကျွန်ုပ်တို့ရဲ့နှလုံးအခြေအနေအကြောင်း များစွာဖော်ပြပေးတယ်။ နောက်မှာချန်ထားရစ်ခဲ့တဲ့ အရာတွေကြောင့်ပဲဖြစ်ဖြစ်၊ စာတန်အသုံးပြုနေတဲ့ ဩဇာလွှမ်းမိုးမှုတွေကြောင့်ပဲဖြစ်ဖြစ် ယေဟောဝါအတွက် နှလုံးအကြွင်းမဲ့အမှုဆောင်မယ်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကို အားနည်းသွားစေဖို့ ဘယ်အရာကိုမှ ကျွန်ုပ်တို့ ခွင့်ပြုလိုကြမှာမဟုတ်ဘူး။ (လုကာ ၂၁:၁၉ ၃၄-၃၆ ကိုဖတ်ပါ။) “ကျွန်တော့်စိတ်နှလုံးကို စုစည်းပေးပါ” လို့ တောင်းလျှောက်ခဲ့တဲ့ ဒါဝိဒ်လို ကျွန်ုပ်တို့လည်း ယေဟောဝါထံ ဆက်တောင်းလျှောက်ကြတယ်။—ဆာ. ၈၆:၁၁ကဘ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်]

ကျွန်ုပ်တို့ရဲ့နှလုံးအပေါ် အကျိုးသက်ရောက်တဲ့ အချက်သုံးချက်

ပကတိနှလုံးကျန်းမာဖို့ ဂရုစိုက်ပေးရသလိုပဲ ပုံဆောင်နှလုံးကျန်းမာနေဖို့ ဒီအချက်တွေကို လုပ်ဆောင်ရမယ်။ အရေးကြီးတဲ့ ဒီအချက်သုံးချက်ကို သုံးသပ်ကြည့်ပါ–

၁ အာဟာရ– ကျွန်ုပ်တို့ရဲ့ ပကတိနှလုံးက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရကို လုံလောက်စွာရရှိနေဖို့လိုတယ်။ အလားတူပဲ၊ ပုံဆောင်နှလုံးကျန်းမာနေဖို့ ကိုယ်ပိုင်လေ့လာမှု ပုံမှန်လုပ်ပြီး တွေးတောဆင်ခြင်ခြင်း၊ အစည်းအဝေးတွေကို ပုံမှန်တက်ရောက်ခြင်းအားဖြင့် အကျိုးပြုတဲ့ပုံဆောင်အစားအစာကို လုံလုံလောက်လောက်စားသုံးနေကြောင်း သေချာစေဖို့လိုတယ်။—ဆာ. ၁:၁၊ ၂; သု. ၁၅:၂၈; ဟေဗြဲ ၁၀:၂၄၊ ၂၅

၂ လေ့ကျင့်ခန်း– ကျန်းမာသန်စွမ်းနေဖို့ ကျွန်ုပ်တို့ရဲ့ပကတိနှလုံးက အားစိုက်ပြီး သွေးညှစ်ထုတ်ရတယ်။ အလားတူပဲ၊ အမှုဆောင်ခြင်းလုပ်ငန်းမှာ ဇွဲထက်သန်စွာပါဝင်ခြင်း၊ ဆိုလိုတာက ဖြစ်နိုင်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့လုပ်ဆောင်မှုတွေမှာ ပိုပါဝင်ဖို့ ကြိုးစားအားထုတ်ခြင်းအားဖြင့် ပုံဆောင်နှလုံးကို ကျန်းမာနေစေရမှာဖြစ်တယ်။—လု. ၁၃:၂၄; ဖိ. ၃:၁၂

၃ ပတ်ဝန်းကျင်– ဘာသာတရားမဲ့နေတဲ့ ဝန်းကျင်မှာ ကျွန်ုပ်တို့လုပ်ကိုင်စားသောက်၊ အသက်ရှင်ရခြင်းက ကျွန်ုပ်တို့ရဲ့ ပကတိနှလုံးကိုရော၊ ပုံဆောင်နှလုံးကိုပါ ဖိစီးမှုဖြစ်စေနိုင်တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ကို တကယ်ဂရုစိုက်ပြီး ဘုရားသခင်ကိုနှလုံးအပြည့်နဲ့ချစ်တဲ့ ယုံကြည်သူချင်းတွေနဲ့ မကြာခဏပေါင်းသင်းခြင်းက ဖိစီးမှုကို လျော့နည်းစေနိုင်ပါတယ်။—ဆာ. ၁၁၉:၆၃; သု. ၁၃:၂၀