မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကာလအချိန်ဥတုများ” ရဲ့ဘုရားသခင် ယေဟောဝါကို ယုံကြည်ကိုးစားပါ

“ကာလအချိန်ဥတုများ” ရဲ့ဘုရားသခင် ယေဟောဝါကို ယုံကြည်ကိုးစားပါ

“ကာလအချိန်ဥတုများ” ရဲ့ဘုရားသခင် ယေဟောဝါကို ယုံကြည်ကိုးစားပါ

“ကာလအချိန်ဥတုများကို ပြောင်းလဲစေတော်မူ၏။ ရှင်ဘုရင်တို့ကိုလည်း နှိမ့်ချချီးမြှောက်တော်မူ၏။” —ဒံ. ၂:၂၁

သင် ဘယ်လိုဖြေမလဲ

ယေဟောဝါက မဟာအချိန်ထိန်းရှင်ဖြစ်ကြောင်း ဖန်ဆင်းခြင်းနဲ့ ပြည့်စုံခဲ့ပြီးတဲ့ ပရောဖက်ပြုချက်တွေက ဘယ်လိုဖော်ပြသလဲ။

ယေဟောဝါက “ကာလအချိန်ဥတုများ” ရဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာ သိထားတဲ့အတွက် ကျွန်ုပ်တို့ ဘာလုပ်ဖို့ လှုံ့ဆော်ခံရသလဲ။

ယေဟောဝါရဲ့ရည်ရွယ်ချက်ပြည့်စုံဖို့ သတ်မှတ်ထားတဲ့အချိန်ကို ကမ္ဘာ့အခြေအနေတွေနဲ့ လူတွေရဲ့ကြိုးပမ်းမှုတွေက ဘာကြောင့်မပြောင်းလဲနိုင်တာလဲ။

၁၊ ၂။ ယေဟောဝါက အချိန်အကြောင်းကို အပြည့်အဝနားလည်တယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။

ယေဟောဝါဘုရားသခင်က လူကိုမဖန်ဆင်းခင် ကြာမြင့်စွာကတည်းက အချိန်ကို ပိုင်းခြားသတ်မှတ်နိုင်ဖို့ ပြုလုပ်ပေးခဲ့တယ်။ ဖန်ဆင်းရာလေးရက်မြောက်နေ့မှာ ဘုရားသခင်က “နေ့နှင့်ညကိုပိုင်းခြား” ဖို့နဲ့ “နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက်အပိုင်းအခြား၊ နှစ်အပိုင်းအခြား” ဖြစ်ဖို့ အလင်းအိမ်တွေဟာ ကောင်းကင်မှာရှိသင့်တယ်လို့ ပြောခဲ့တယ်။ (က. ၁:၁၄၊ ၁၉၊ ၂၆) ယေဟောဝါရဲ့အလိုတော်အတိုင်း အဲဒီလို အတိအကျဖြစ်ခဲ့တယ်။

အချိန်ဆိုတာ ဘာလဲဆိုတာကို သိပ္ပံပညာရှင်တွေ ခုချိန်ထိ မရှင်းပြနိုင်သေးဘူး။ စွယ်စုံကျမ်းတစ်အုပ်က ဒီလိုဖော်ပြတယ်– “အချိန်ဆိုတာ ဘာလဲဆိုတာကို ဘယ်သူမှ အတိအကျမပြောနိုင်ဘူး။” ဒါပေမဲ့ ယေဟောဝါက အချိန်အကြောင်း အပြည့်အဝ နားလည်တယ်။ ကိုယ်တော်က “မိုးကောင်းကင်ကိုဖန်ဆင်း” တဲ့အရှင်၊ “မြေကြီးကိုပြုပြင်ဖန်ဆင်း” တဲ့အရှင်ဖြစ်တယ်။ ရှေ့အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာကို ယေဟောဝါ သိနိုင်တယ်။ ကိုယ်တော်ဟာ “အဦးမှစ၍ အဆုံးတိုင်အောင်လည်းကောင်း၊ ရှေးကာလမှစ၍ မဖြစ်သေးသော အမှုအရာတို့ကိုလည်းကောင်းဖော်ပြ” တယ်လို့ သမ္မာကျမ်းစာကပြောတယ်။ (ဟေရှာ. ၄၅:၁၈; ၄၆:၁၀) ယေဟောဝါနဲ့ သမ္မာကျမ်းစာအပေါ် ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေတဲ့ အရာနှစ်ခုအကြောင်း အခုသုံးသပ်ကြည့်ကြစို့။ ဒီအချက်တွေက ယေဟောဝါဟာ မဟာအချိန်ထိန်းရှင်ဖြစ်ကြောင်း၊ ဆိုလိုတာက ကိုယ်တော်သတ်မှတ်ထားချိန်မှာ ကိုယ်တော့်ရည်ရွယ်ချက်ကို အမြဲပြည့်စုံစေကြောင်း သက်သေပြပါလိမ့်မယ်။ အဲဒီအချက်တွေက (၁) ယေဟောဝါဖန်ဆင်းထားတဲ့ အရာတွေနဲ့ (၂) ပြည့်စုံခဲ့တဲ့ ပရောဖက်ပြုချက်တွေ ဖြစ်တယ်။

ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေတဲ့ ဖန်ဆင်းရာများ

၃။ အချိန်ကိုထိန်းတဲ့နေရာမှာ အရမ်းတိကျတဲ့အရာတွေထဲက တချို့က ဘာတွေလဲ။

ယေဟောဝါဖန်ဆင်းထားတဲ့ ကြီးမားတဲ့အရာတွေဖြစ်စေ၊ သေးငယ်တဲ့အရာတွေဖြစ်စေ အတော်များများက အချိန်ကိုထိန်းတဲ့နေရာမှာ အရမ်းတိကျတယ်။ ဥပမာ၊ ဖန်ဆင်းရာတွေထဲက အသေးငယ်ဆုံးအရာတစ်ခုဖြစ်တဲ့ အက်တမ်တွေဟာ ဘယ်တော့မှမပြောင်းလဲတဲ့နှုန်းနဲ့ စည်းချက်ညီညီ တုန်ခါနေကြတယ်။ အချိန်ကိုတိုင်းတာသတ်မှတ်ဖို့အတွက် အက်တမ်အမှုန်တွေကိုသုံးထားတဲ့ အထူးနာရီတွေဟာ ဘယ်လောက်အထိ တိကျသလဲဆိုရင် နှစ်သန်းပေါင်း ၈၀ အတွင်းမှာတောင် တစ်စက္ကန့်နောက်ကျသွားတယ်ဆိုတာ မရှိဘူး။ ဂြိုဟ်တွေနဲ့ ကြယ်တွေဟာ တိတိကျကျလည်ပတ်နေတဲ့အတွက် ကောင်းကင်မှာရှိတဲ့ သူတို့ရဲ့ တည်နေရာအတိအကျကို ကျွန်ုပ်တို့ ကြိုတင်သိနိုင်တယ်။ သူတို့ရဲ့တည်နေရာ အနေအထားတွေကြောင့် လူတွေဟာ ရာသီဥတုတွေကိုသိနိုင်ပြီး ရေကြောင်း၊ လေကြောင်း ခရီးသွားတဲ့အခါ လမ်းကြောင်းအမှန်ကို ရှာတွေ့နိုင်ကြတယ်။ အက်တမ်တွေနဲ့ ကြယ်တွေကို ပြုလုပ်ခဲ့တဲ့ ယေဟောဝါဟာ “တန်ခိုးနှင့်ပြည့်စုံ” ပြီး ကျွန်ုပ်တို့ရဲ့ချီးမွမ်းမှုကို ရထိုက်ပါတယ်။—ဟေရှာယ ၄၀:၂၆ ကိုဖတ်ပါ။

၄။ သက်ရှိတွေကို အချိန်ကထိန်းချုပ်ထားတယ်ဆိုတဲ့အချက်က ယေဟောဝါ ပညာရှိကြောင်း ဘယ်လိုဖော်ပြသလဲ။

သက်ရှိတွေဟာ အချိန်ရဲ့ထိန်းချုပ်မှုကို ခံကြရတယ်။ အပင်တွေနဲ့ တိရစ္ဆာန်တွေလည်းပဲ သူတို့ရဲ့အတွင်းမှာရှိတဲ့ ဇီဝနာရီအတိုင်း လုပ်ဆောင်နေကြပုံရတယ်။ ဒါကြောင့် ငှက်အတော်များများက ရာသီအလိုက် တစ်နေရာကနေ နောက်တစ်နေရာကို ဘယ်အချိန်မှာ ပြောင်းရွှေ့ရမယ်ဆိုတာ အလိုအလျောက်သိကြတယ်။ (ယေ. ၈:၇) လူသားတွေလည်း အချိန်ရဲ့ထိန်းချုပ်မှုကို ခံကြရတယ်။ ဥပမာ၊ ဘယ်အချိန်ဟာ နေ့၊ ဘယ်အချိန်ဟာ ညဖြစ်တယ်ဆိုတာကို ခန္ဓာကိုယ်က အချက်ပေးတယ်။ ကျွန်ုပ်တို့က အချိန်အပိုင်းအခြားမတူတဲ့ ကမ္ဘာ့နေရာဒေသတွေကို လေယာဉ်နဲ့ခရီးသွားမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်က အချိန်အသစ်နဲ့နေသားကျဖို့ ရက်အနည်းငယ် အချိန်ပေးရတယ်။ ဒါကြောင့် ယေဟောဝါဖန်ဆင်းထားတဲ့ အရာအတော်များများက ကိုယ်တော်ဟာ “ကာလအချိန်ဥတုများ” ရဲ့ ဘုရားသခင်ဖြစ်တယ်၊ တကယ့်ကိုတန်ခိုးကြီးပြီး ပညာရှိတယ်ဆိုတာ အထင်အရှားဖော်ပြတယ်။ (ဆာလံ ၁၀၄:၂၄ ကိုဖတ်ပါ။) ယေဟောဝါမှာ အဆုံးမဲ့ဉာဏ်ပညာနဲ့ အတိုင်းအဆမဲ့တန်ခိုးရှိတဲ့အတွက် ကိုယ်တော့်ရည်ရွယ်ချက်အတိုင်း ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်တယ်ဆိုတာကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါတယ်။

အချိန်ကိုက်ပြည့်စုံတဲ့ ပရောဖက်ပြုချက်တွေက ယုံကြည်ခြင်းကိုခိုင်ခံ့စေ

၅။ (က) လူသားတွေရဲ့ အနာဂတ်အကြောင်း ကျွန်ုပ်တို့သိနိုင်တဲ့ တစ်ခုတည်းသောနည်းက ဘာလဲ။ (ခ) ဘာတွေဖြစ်မလဲ၊ ဘယ်တော့လဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ကို ယေဟောဝါ ဘာကြောင့်ပြောနိုင်တာလဲ။

ယေဟောဝါဖန်ဆင်းထားတဲ့အရာတွေက ကိုယ်တော်ရဲ့ ‘မျက်မြင်မရသော ဂုဏ်ရည်တော်များ’ အကြောင်း များစွာသင်ပေးတယ်၊ ဒါပေမဲ့ လူသားတွေရဲ့အနာဂတ် ဘယ်လိုရှိမလဲဆိုတဲ့ မေးခွန်းလိုမျိုး အရေးကြီးတဲ့မေးခွန်းတွေကိုတော့ မဖြေပေးဘူး။ (ရော. ၁:၂၀) အဖြေရနိုင်တဲ့ တစ်ခုတည်းသောနည်းက သမ္မာကျမ်းစာထဲမှာ ဘုရားသခင်ပြောထားတဲ့အရာတွေကို လေ့လာခြင်းဖြစ်တယ်။ ကျမ်းစာထဲမှာ အချိန်ကိုက်ပြည့်စုံခဲ့တဲ့ ပရောဖက်ပြုချက်အတော်များများ ရှိတယ်။ ယေဟောဝါက အနာဂတ်ကိုသိနိုင်တဲ့အတွက် ဘာတွေဖြစ်တော့မယ်ဆိုတာကို ကျွန်ုပ်တို့ကို ပြောပြနိုင်တယ်။ ကျမ်းစာပရောဖက်ပြုချက်တွေ အမြဲတမ်း အချိန်ကိုက်ပြည့်စုံရတဲ့အကြောင်းကတော့ ယေဟောဝါဟာ ကိုယ်တော့်ရည်ရွယ်ချက်တွေကို ကိုယ်တော်သတ်မှတ်ထားတဲ့အချိန်မှာ ဖြစ်ပျက်စေနိုင်တဲ့အတွက်ကြောင့်ပဲ။

၆။ ယေဟောဝါက ကျွန်ုပ်တို့ကို ကျမ်းစာပရောဖက်ပြုချက်တွေအကြောင်း နားလည်စေလိုတယ်ဆိုတာ ဘယ်လိုသိရသလဲ။

အချိန်နဲ့ပတ်သက်ပြီး ကျွန်ုပ်တို့သတ်မှတ်သလို ယေဟောဝါမသတ်မှတ်ပေမဲ့ အချိန်တစ်ချိန်မှာ တစ်စုံတစ်ခုဖြစ်ပျက်တော့မယ်ဆိုတဲ့အကြောင်း ကျွန်ုပ်တို့ကိုပြောတဲ့အခါ ကျွန်ုပ်တို့နားလည်နိုင်တဲ့ အသုံးအနှုန်းကိုသုံးပြီး ဖော်ပြပေးတယ်။ (ဆာလံ ၉၀:၄ ကိုဖတ်ပါ။) ဥပမာ၊ ဗျာဒိတ်.ကျမ်းမှာ “နှစ်၊ လ၊ ရက်၊ အချိန်နာရီ” တွေအတွက် အသင့်ပြင်ဆင်ထားခြင်းခံရတဲ့ “ကောင်းကင်တမန်လေးပါး” အကြောင်း ဖော်ပြထားတယ်။ လူသားတွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ နာရီ၊ နေ့၊ လ၊ နှစ်က ဘာလဲဆိုတာ နားလည်နိုင်တယ်။ (ဗျာ. ၉:၁၄၊ ၁၅) ပရောဖက်ပြုချက်တွေက ဘုရားသခင်ပြောတဲ့အတိုင်း အချိန်ကိုက်ပြည့်စုံလာတယ်ဆိုတာ နားလည်တဲ့အခါ “ကာလအချိန်ဥတုများ” ရဲ့ ဘုရားသခင်အပေါ် ကျွန်ုပ်တို့ရဲ့ယုံကြည်စိတ်ချမှုက ပိုခိုင်ခံ့လာတယ်။ သမ္မာကျမ်းစာကိုလည်း ပိုယုံကြည်လာတယ်။ အခု ဥပမာတချို့ကို သုံးသပ်ကြည့်ကြစို့။

၇။ ဂျေရုဆလင်မြို့နဲ့ ယုဒလူတွေနဲ့ပတ်သက်တဲ့ ယေရမိရဲ့ပရောဖက်ပြုချက်က ယေဟောဝါဟာ သတ်မှတ်ထားချိန်မှာ ရည်ရွယ်ချက်ကို အမြဲပြည့်စုံစေကြောင်း ဘယ်လိုဖော်ပြသလဲ။

ဦးဆုံး၊ ဘီစီ ခုနစ်ရာစုမှာ ဖြစ်ပျက်ခဲ့ရာကို သုံးသပ်ကြည့်ကြစို့။ “ယုဒရှင်ဘုရင်ယောရှိမင်းကြီးသား ယောယကိမ်နန်းစံစတုတ္ထနှစ်” မှာ ယေဟောဝါက ယေရမိကို ယုဒလူတွေအကြောင်း ပြောခဲ့တယ်။ (ယေ. ၂၅:၁) ဗာဗုလုန်လူမျိုးက ဂျေရုဆလင်မြို့ကိုဖျက်ဆီးပြီး ဂျူးတွေကို ယုဒပြည်ကနေ ဗာဗုလုန်ကိုခေါ်ဆောင်သွားလိမ့်မယ်လို့ ယေဟောဝါပြောခဲ့တယ်။ အဲဒီမှာ ဂျူးတွေက “အနှစ်ခုနစ်ဆယ်ပတ်လုံး ဗာဗုလုန်ရှင်ဘုရင်၏အမှုကို ဆောင်ရွက်ရကြလိမ့်” မယ်။ ဘီစီ ၆၀၇ မှာ ဗာဗုလုန်စစ်တပ်တွေက ဂျေရုဆလင်မြို့ကို ဖျက်ဆီးပြီး ဂျူးတွေကို ယုဒပြည်ကနေ ဗာဗုလုန်ကိုခေါ်ဆောင်သွားခဲ့တယ်။ ဒါပေမဲ့ အနှစ် ၇၀ ပြည့်တဲ့အခါ ဘာဖြစ်လာမယ်လို့ ယေဟောဝါ ပြောခဲ့သလဲ။ ယေဟောဝါက သူ့လူမျိုးကို “ဗာဗုလုန်မြို့၌ အနှစ်ခုနစ်ဆယ်” စေ့ချိန်မှာ သူတို့ရဲ့နေရင်းပြည်ကို ပြန်ခေါ်မယ်ဆိုတဲ့ ကိုယ်တော့်ကတိအတိုင်း လုပ်ဆောင်မယ်လို့ ပြောခဲ့တယ်။ (ယေ. ၂၅:၁၁၊ ၁၂; ၂၉:၁၀) ဒီပရောဖက်ပြုချက်က အချိန်အတိအကျ ပြည့်စုံခဲ့တယ်။ မေဒိလူမျိုးနဲ့ ပါရှန်းလူမျိုးတွေက ဂျူးတွေကို ဗာဗုလုန်ကနေ လွှတ်ပေးပြီးတဲ့နောက် ဘီစီ ၅၃၇ မှာ ဂျူးတွေပြည်တော်ပြန်ခဲ့ကြတယ်။

၈၊ ၉။ ယေဟောဝါက “ကာလအချိန်ဥတုများ” ရဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာကို ဒံယေလရဲ့ပရောဖက်ပြုချက်တွေက ဘယ်လိုဖော်ပြသလဲ။

ဂျူးတွေ ဗာဗုလုန်ကနေ မထွက်လာခင် နှစ်နှစ်ခန့်အလိုမှာ သူတို့နဲ့သက်ဆိုင်တဲ့ နောက်ထပ်ပရောဖက်ပြုချက်ကို ဒံယေလရေးသားခဲ့တယ်။ အဲဒီပရောဖက်ပြုချက်မှာ ဘုရားသခင်က ဂျေရုဆလင်မြို့ကိုပြန်ဆောက်ဖို့ အမိန့်ရတဲ့နေ့ကနေစပြီး ၄၈၃ နှစ်ကြာတဲ့အချိန်မှာ မေရှိယပေါ်ထွန်းမယ်လို့ ပြောခဲ့တယ်။ မေဒိနဲ့ ပါရှန်းလူမျိုးတွေရဲ့ဘုရင်က ဘီစီ ၄၅၅ မှာ အဲဒီအမိန့်ကိုထုတ်ဆင့်ခဲ့တယ်။ ၄၈၃ နှစ် အတိအကျကြာပြီးတဲ့နောက် အေဒီ ၂၉ မှာ နာဇရက်မြို့သားယေရှုဟာ နှစ်ခြင်းခံချိန်မှာ သန့်ရှင်းသောစွမ်းအားတော်နဲ့ ဘိသိက်ပေးခံခဲ့ရတယ်၊ ဒါကြောင့် ယေရှုဟာ မေရှိယဖြစ်လာတယ်။ *နေ. ၂:၁၊ ၅-၈; ဒံ. ၉:၂၄၊ ၂၅; လု. ၃:၁၊ ၂၊ ၂၁၊ ၂၂

ဘုရားသခင့်နိုင်ငံတော်နဲ့ပတ်သက်ပြီး ကျမ်းစာကြိုဟောထားရာကို စဉ်းစားကြည့်ပါ။ ၁၉၁၄ ခုနှစ်မှာ ခရစ်တော်က ကောင်းကင်မှာ ဘုရင်ဖြစ်လာမယ်လို့ ဖော်ပြခဲ့တယ်။ ဥပမာ၊ သမ္မာကျမ်းစာက ယေရှုရောက်ရှိနေခြင်းရဲ့ “နိမိတ်” ကိုဖော်ပြပြီး စာတန်ဟာ ကောင်းကင်ကနေပစ်ချခံရတဲ့အတွက် အဲဒီအချိန်မှာ မြေကြီးပေါ် ကြီးစွာသောဒုက္ခတွေ ဖြစ်ပေါ်လာမယ်လို့ ပြောထားတယ်။ (မ. ၂၄:၃-၁၄; ဗျာ. ၁၂:၉၊ ၁၂) သမ္မာကျမ်းစာမှာပါတဲ့ တခြားပရောဖက်ပြုချက်တွေက ‘လူမျိုးခြားတို့၏အချိန်ကာလ’ ကုန်ဆုံးမယ့်အချိန်နဲ့ ကောင်းကင်မှာခရစ်တော် ဘုရင်ဖြစ်လာမယ့်အချိန် အတိအကျကိုသိဖို့ ကူညီပေးတယ်။ ဒါက ၁၉၁၄ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တယ်။—လု. ၂၁:၂၄; ဒံ. ၄:၁၀-၁၇ *

၁၀။ ဘယ်အဖြစ်အပျက်တွေ အချိန်ကိုက်ဖြစ်လာမလဲ။

၁၀ မကြာခင်မှာ ယေရှုကြိုဟောထားတဲ့ “ကြီးစွာသောဒုက္ခ” ရောက်လာပါတော့မယ်။ အဲဒီနောက် ယေရှုက အနှစ်တစ်ထောင် အုပ်ချုပ်ပါလိမ့်မယ်။ ဒီအဖြစ်အပျက်အားလုံးက အချိန်အတိအကျပြည့်စုံလာမယ်ဆိုတာ သေချာတယ်။ ယေရှုမြေကြီးပေါ်ရှိနေချိန်ကတည်းက ယေဟောဝါက အဲဒီအဖြစ်အပျက်တွေဖြစ်ပျက်ရမယ့် “နေ့ရက်နှင့် အချိန်နာရီ” ကို သတ်မှတ်ပြီးသားဖြစ်တယ်။—မ. ၂၄:၂၁၊ ၃၆; ဗျာ. ၂၀:၆

သင့်အချိန်ကို ပညာရှိရှိအသုံးပြုပါ

၁၁။ ကျွန်ုပ်တို့က အဆုံးပိုင်းကာလမှာ အသက်ရှင်နေကြတယ်ဆိုတာကို ယုံကြည်တယ်ဆိုရင် ဘာလုပ်သင့်သလဲ။

၁၁ ခရစ်တော် ဘုရင်ဖြစ်နေပြီ၊ ကျွန်ုပ်တို့က “အဆုံးပိုင်းကာလ” မှာ အသက်ရှင်နေရတယ်ဆိုတဲ့အချက်တွေကို သိရတဲ့အတွက် ကျွန်ုပ်တို့ ဘာလုပ်သင့်သလဲ။ (ဒံ. ၁၂:၄ကဘ) ကမ္ဘာ့ပြဿနာတွေက တစ်နေ့တခြား ပိုပိုဆိုးလာတယ်ဆိုတာကို လူအတော်များများ သတိပြုမိကြပေမဲ့ ဒီအခြေအနေက နောက်ဆုံးသောနေ့ရက်တွေနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာကြိုဟောထားတဲ့အတိုင်း တစ်ထပ်တည်းဖြစ်နေတယ်ဆိုတာကိုတော့ သူတို့နားမလည်ကြဘူး။ တချို့က ဒီပြဿနာတွေဟာ လုံးလုံးထိန်းမနိုင်သိမ်းမရ ဖြစ်သွားမယ်လို့ ထင်ထားကြတယ်။ တခြားသူတွေကတော့ လူတွေရဲ့လုပ်ဆောင်မှုကြောင့် “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့အခြေအနေရောက်လာမယ်လို့ ယုံကြည်ကြတယ်။ (၁ သက်. ၅:၃) ကျွန်ုပ်တို့က စာတန့်လောက ကုန်ဆုံးခါနီးအချိန်မှာ အသက်ရှင်နေရတယ်ဆိုတာကို ယုံကြည်ပါသလား။ ယုံကြည်တယ်ဆိုရင် ကျွန်ုပ်တို့ရဲ့အချိန်ကို ယေဟောဝါကိုအမှုဆောင်ရာမှာ၊ တခြားသူတွေ ကိုယ်တော့်အကြောင်းသိလာအောင် ကူညီပေးရာမှာ အသုံးပြုမှာဖြစ်တယ်။ (၂ တိ. ၃:၁) ကျွန်ုပ်တို့က အချိန်အသုံးပြုပုံနဲ့ပတ်သက်ပြီး ပညာရှိဆုံးဖြတ်ချက်တွေချခြင်းအားဖြင့် အခွင့်သာတဲ့အချိန်ကို ဝယ်ယူရမယ်။—ဧဖက် ၅:၁၅-၁၇ ကိုဖတ်ပါ။

၁၂။ နောဧလက်ထက်နဲ့ပတ်သက်ပြီး ယေရှုပြောခဲ့ရာကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

၁၂ ဒီလောကမှာ ကျွန်ုပ်တို့ကို အာရုံပျံ့လွင့်စေနိုင်တဲ့ အရာများစွာရှိတဲ့အတွက် ကျွန်ုပ်တို့ရဲ့အချိန်ကို ပညာရှိရှိအသုံးပြုဖို့ဆိုတာ မလွယ်ဘူး။ ယေရှုက “နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားရောက်ရှိနေချိန်တွင် ဖြစ်လိမ့်မည်” လို့သတိပေးခဲ့တယ်။ နောဧလက်ထက်တုန်းက အခြေအနေဘယ်လိုရှိခဲ့သလဲ။ ဘုရားသခင်က နောဧကို သူ့အချိန်မှာရှိတဲ့ လောကရဲ့အဆုံးရောက်တော့မယ်လို့ ပြောခဲ့တယ်။ ကမ္ဘာချီရေလွှမ်းမိုးဘေးမှာ လူဆိုးတွေ နစ်မြုပ်ကွယ်ပျောက်သွားမှာဖြစ်တယ်။ နောဧက “ဖြောင့်မတ်ခြင်းတရားဟောပြောသူ” ဖြစ်တယ်။ သူက သူ့အချိန်မှာအသက်ရှင်နေတဲ့လူတွေကို ဘုရားသခင့်သတင်းတရားအကြောင်း သစ္စာရှိရှိဟောပြောခဲ့တယ်။ (မ. ၂၄:၃၇; ၂ ပေ. ၂:၅) ဒါပေမဲ့ လူတွေက “စားသောက်လျက်၊ ထိမ်းမြားပေးစားလျက်” နေပြီး “ရေလွှမ်းမိုးဘေးရောက်၍ လူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေ” ခဲ့ကြတယ်။ ဒါကြောင့် ယေရှု ဒီလိုသတိပေးခဲ့တယ်– “သင်တို့သည်လည်း အသင့်ရှိနေကြလော့။ အကြောင်းမူကား သင်တို့မထင်မမှတ်သောအချိန်နာရီတွင် လူသားသည် ကြွလာလိမ့်မည်။” (မ. ၂၄:၃၈၊ ၃၉၊ ၄၄) ကျွန်ုပ်တို့က နောဧအချိန်မှာ အသက်ရှင်ခဲ့သူတွေနဲ့မတူဘဲ နောဧနဲ့တူရမယ်။ ကျွန်ုပ်တို့ အသင့်ရှိနေဖို့ ဘာကကူညီပေးမလဲ။

၁၃၊ ၁၄။ လူသားကြွလာမယ့်အချိန်ကို စောင့်ဆိုင်းနေရင်း ယေဟောဝါကိုဆက်အမှုဆောင်နိုင်ဖို့ ကျွန်ုပ်တို့ ဘာကိုသတိရရမလဲ။

၁၃ ကျွန်ုပ်တို့မထင်မှတ်တဲ့အချိန်မှာ လူသား ကြွလာမယ်ဆိုပေမဲ့ ယေဟောဝါက မိမိရဲ့ရည်ရွယ်ချက်ကို သတ်မှတ်ထားတဲ့အချိန်မှာ အမြဲပြည့်စုံစေတယ်ဆိုတဲ့အချက်ကို သတိရဖို့လိုတယ်။ ကမ္ဘာမှာ ဘာတွေပဲဖြစ်ပျက်နေပါစေ ဒါမှမဟုတ် လူသားတွေ ဘာတွေကိုပဲကြံရွယ်၊ လုပ်ဆောင်နေကြပါစေ ယေဟောဝါက သူ့ရည်ရွယ်ချက်ကို ဘယ်အချိန်မှာဖြစ်ပျက်စေမယ်၊ ဘယ်လိုရလဒ်တွေ ပေါ်ထွက်လာစေမယ်ဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။ (ဒံယေလ ၂:၂၁ ကိုဖတ်ပါ။) သုတ္တံ ၂၁:၁ (ကဘ) က ကျွန်ုပ်တို့ကို ဒီလိုပြောတယ်– “ဘုရင်ရဲ့စိတ်နှလုံးက ယေဟောဝါလက်ထဲမှာရှိတဲ့ ရေသွယ်မြောင်းတွေနဲ့တူတယ်။ ကိုယ်တော်က သူအလိုရှိတဲ့ဘက်ကို စီးဆင်းစေတယ်။”

၁၄ ယေဟောဝါက မိမိရဲ့ရည်ရွယ်ချက် အချိန်ကိုက်ပြည့်စုံဖို့ အဖြစ်အပျက်တွေကို ထိန်းချုပ်နိုင်ပါတယ်။ ကမ္ဘာပေါ်မှာဖြစ်ပျက်နေတဲ့ ကြီးမားတဲ့အပြောင်းအလဲတွေက ကျမ်းစာပရောဖက်ပြုချက်တွေကို ပြည့်စုံစေတယ်၊ အထူးသဖြင့် ကမ္ဘာမြေကြီးပေါ် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းနဲ့ သက်ဆိုင်တဲ့ ပရောဖက်ပြုချက်တွေဖြစ်တယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးတဲ့နောက် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို စဉ်းစားကြည့်ပါ။ ဒီလိုကြီးမားတဲ့အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန် ဖြစ်ပျက်လာနိုင်တယ်ဆိုတာကို လူအနည်းငယ်ကပဲ မျှော်လင့်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီအပြောင်းအလဲတွေကြောင့် အရင်က သတင်းကောင်းဟောပြောခြင်းလုပ်ငန်း ပိတ်ပင်ခံထားရတဲ့နိုင်ငံအတော်များများမှာ သတင်းကောင်းဟောပြောနိုင်ခဲ့တယ်။ ဒါကြောင့် “ကာလအချိန်ဥတုများ” ရဲ့ ဘုရားသခင် ယေဟောဝါကိုဆက်အမှုဆောင်ရာမှာ ကျွန်ုပ်တို့ရဲ့အချိန်ကို ပညာရှိရှိအသုံးပြုနေကြောင်း သေချာစေကြစို့။

ယေဟောဝါရဲ့ အချိန်ကိုက်လုပ်ဆောင်မှုကို ယုံကြည်ကြောင်းတင်ပြပါ

၁၅။ ယေဟောဝါရဲ့အဖွဲ့အစည်းမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့အခါ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို ဘယ်လိုဖော်ပြနိုင်သလဲ။

၁၅ ဒီနောက်ဆုံးသောနေ့ရက်တွေမှာ ကျွန်ုပ်တို့ဆက်ဟောပြောနိုင်ဖို့အတွက် ယေဟောဝါက သူ့ရဲ့ရည်ရွယ်ချက်ပြည့်စုံဖို့ အချိန်ကိုက်လုပ်ဆောင်တယ်ဆိုတဲ့အချက်ကို ယုံကြည်စိတ်ချဖို့လိုတယ်။ ကမ္ဘာ့အခြေအနေတွေက ပြောင်းလဲနေတဲ့အတွက် တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့ရဲ့ဟောပြောပုံနည်းလမ်းကို ပြောင်းလဲဖို့လိုနိုင်တယ်။ ယေဟောဝါရဲ့အဖွဲ့အစည်းက ကျွန်ုပ်တို့ သတင်းကောင်းကို အထိရောက်ဆုံးနည်းနဲ့ဟောပြောနိုင်အောင် ကူညီပေးဖို့ ပြုပြင်ပြောင်းလဲတာတွေ ရှိနိုင်တယ်။ ကျွန်ုပ်တို့က ဒီအပြောင်းအလဲတွေအတိုင်း အပြည့်အဝပူးပေါင်းလုပ်ဆောင်ပြီး “အသင်းတော်၏ဦးခေါင်း” ဖြစ်တဲ့ ကိုယ်တော့်သားတော်ရဲ့လက်အောက်မှာ သစ္စာရှိရှိအမှုဆောင်ခြင်းအားဖြင့် “ကာလအချိန်ဥတုများ” ရဲ့ဘုရားသခင်ကို ယုံကြည်စိတ်ချကြောင်း တင်ပြကြတယ်။—ဧ. ၅:၂၃

၁၆။ ယေဟောဝါက ကျွန်ုပ်တို့အကူအညီလိုအပ်နေချိန်မှာ ကူညီပေးမယ်ဆိုတာ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

၁၆ ယေဟောဝါက ကျွန်ုပ်တို့ကို အချိန်မရွေး ကိုယ်တော့်ထံ ယုံကြည်ခြင်းအပြည့်နဲ့ ဆုတောင်းစေချင်တယ်၊ ဒါမှ ကျွန်ုပ်တို့ “အကူအညီလိုအပ်ချိန်” မှာ ကိုယ်တော်ကူညီပေးမှာဖြစ်တယ်။ (ဟေဗြဲ ၄:၁၆) ဒါက ကျွန်ုပ်တို့ကို ကိုယ်တော် ဘယ်လောက်ထိချစ်တယ်၊ တစ်ဦးစီကို ဘယ်လောက်ထိ ဂရုစိုက်တယ်ဆိုတာ ဖော်ပြတယ်။ (မ. ၆:၈; ၁၀:၂၉-၃၁) ကျွန်ုပ်တို့က အကူအညီအတွက် ဘုရားသခင်ထံဆက်ဆုတောင်းပြီး ကိုယ်တော့်လမ်းညွှန်ချက်အတိုင်း လိုက်လျှောက်ခြင်းအားဖြင့် ယေဟောဝါဘုရားသခင်ကို ယုံကြည်ကြောင်းတင်ပြကြတယ်။ ကျွန်ုပ်တို့ရဲ့ ညီအစ်ကို၊ ညီအစ်မတွေအတွက်လည်း ဆုတောင်းပေးဖို့ သတိရပါ။

၁၇၊ ၁၈။ (က) ယေဟောဝါက သူ့ရဲ့ရန်သူတွေကို မကြာခင်မှာ ဘာလုပ်တော့မလဲ။ (ခ) ဘယ်အန္တရာယ်ကို ကျွန်ုပ်တို့ ရှောင်ရမလဲ။

၁၇ အခုအချိန်က ယုံကြည်ခြင်းအားနည်းနေရမယ့်အချိန် မဟုတ်ဘူး။ ခိုင်ခံ့တဲ့ယုံကြည်ခြင်းရှိရမယ့် အချိန်ဖြစ်တယ်၊ ဒါမှ ဘုရားသခင့်အလိုတော်ကို ထမ်းဆောင်ဖို့ သတ္တိရှိမှာဖြစ်တယ်။ (ရော. ၄:၂၀) စာတန်နဲ့ သူ့ရဲ့ဩဇာအောက်မှာရှိသူတွေက ကျွန်ုပ်တို့ကို ယေရှု ခိုင်းထားတဲ့အလုပ် ရပ်တန့်သွားစေဖို့ ကြိုးစားနေကြတယ်။ (မ. ၂၈:၁၉၊ ၂၀) စာတန်က ကျွန်ုပ်တို့ကို တိုက်ခိုက်ပေမဲ့ ယေဟောဝါက “လူအမျိုးမျိုးတို့၏ကယ်တင်ရှင်၊ အထူးသဖြင့် သစ္စာရှိသူတို့၏ကယ်တင်ရှင်ဖြစ်သော အသက်ရှင်တော်မူသည့် ဘုရားသခင်” ဖြစ်တယ်ဆိုတာကို ကျွန်ုပ်တို့ သိထားကြတယ်။ ကိုယ်တော်က ဘုရားသခင့်တရားတော်ကို လိုက်နာကျင့်သုံးသူများကို “စုံစမ်းနှောင့်ယှက်ခြင်းထဲမှ မည်သို့ကယ်နုတ်ရမည်ကိုသိ” တယ်။—၁ တိ. ၄:၁၀; ၂ ပေ. ၂:၉

၁၈ မကြာခင်မှာ ယေဟောဝါက ဒီဆိုးညစ်တဲ့လောကစနစ်ကို ဖျက်ဆီးပါတော့မယ်။ အဲဒါက ဘယ်အချိန်မှာ ဘယ်လိုဖြစ်ပျက်လာမယ်ဆိုတာကို ကျွန်ုပ်တို့အတိအကျမသိဘူး၊ ဒါပေမဲ့ ခရစ်တော်က ဘုရားသခင့်ရန်သူတွေကို သတ်မှတ်ထားချိန်မှာ အချိန်ကိုက်ဖျက်ဆီးမယ်ဆိုတာကိုတော့ သိထားကြတယ်။ အဲဒီနောက် ယေဟောဝါက စကြဝဠာကို အုပ်ချုပ်ပိုင်ခွင့်ရှိသူဖြစ်တယ်ဆိုတာ လူသားအားလုံး သိရပါလိမ့်မယ်။ ဒါကြောင့် ကျွန်ုပ်တို့အသက်ရှင်နေရတဲ့ “ကာလအချိန်ဥတုများ” ရဲ့အဓိပ္ပာယ်ကို မေ့လျော့ခြင်းက အရမ်းကိုအန္တရာယ်များလွန်းပါတယ်။ “အရာခပ်သိမ်းသည် ဖန်ဆင်းစကကဲ့သို့ ဖြစ်မြဲဖြစ်နေ၏” ဆိုတဲ့ အတွေးမျိုး ဘယ်တော့မှမတွေးမိဖို့ ဂရုပြုရမယ်။—၁ သက်. ၅:၁; ၂ ပေ. ၃:၃၊ ၄

“စိတ်ရှည်ရှည်နဲ့စောင့်နေ” ပါ

၁၉၊ ၂၀။ ယေဟောဝါကို စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းတတ်တဲ့ သဘောထားကို ကျွန်ုပ်တို့ ဘာကြောင့်တင်ပြသင့်သလဲ။

၁၉ ယေဟောဝါက လူသားတွေကို ထာဝစဉ်အသက်ရှင်နေထိုင်သွားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်ဆင်းခဲ့တယ်၊ ဒါမှ သူတို့တွေဟာ ကိုယ်တော့်အကြောင်းနဲ့ ကိုယ်တော်ဖန်ဆင်းထားတဲ့ လှပတဲ့အရာတွေအကြောင်း ဆက်လေ့လာသင်ယူနိုင်ကြမှာဖြစ်တယ်။ ဒေသနာ ၃:၁၁ (ကဘ) က ယေဟောဝါနဲ့ပတ်သက်ပြီး ဒီလိုဖော်ပြတယ်– ‘ကိုယ်တော်က အရာအားလုံးကို သူ့အချိန်နဲ့သူ လှပစွာလုပ်ဆောင်ထားတယ်။ စစ်မှန်တဲ့ဘုရားသခင်က လူသားတွေရဲ့စိတ်နှလုံးထဲမှာ ထာဝစဉ်အသက်ရှင်ချင်စိတ်ကို ထည့်သွင်းထားပေမဲ့ လူတွေက ကိုယ်တော်ရဲ့လုပ်ဆောင်မှုတွေကို အစကနေအဆုံးအထိ အပြည့်အဝ သိနားလည်နိုင်မှာမဟုတ်ဘူး။’

၂၀ ယေဟောဝါက လူသားတွေနဲ့ပတ်သက်တဲ့ မိမိရဲ့ရည်ရွယ်ချက်ကို ဘယ်တော့မှမပြောင်းလဲတဲ့အတွက် ကျွန်ုပ်တို့ အလွန်ဝမ်းသာကြပါတယ်။ (မာလ. ၃:၆) ဘုရားသခင်နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက “ရွှေ့ပြောင်းတတ်သောအရိပ်ကဲ့သို့ ကိုယ်တော်၌ ပြောင်းလဲခြင်းမရှိ” လို့ ဖော်ပြထားတယ်။ (ယာ. ၁:၁၇) ကမ္ဘာကြီးလည်ပတ်နေတဲ့အတွက် အရိပ်တွေက အမြဲရွှေ့ပြောင်းနေတယ်၊ ဒါပေမဲ့ ယေဟောဝါကတော့ အချိန်တွေပြောင်းလဲသွားပေမဲ့ မပြောင်းလဲဘူး။ ကိုယ်တော်က “ထာဝရဘုရင်” ပဲ။ (၁ တိ. ၁:၁၇) ဒါကြောင့် ယေဟောဝါကို “စိတ်ရှည်ရှည်နဲ့စောင့်” နေကြစို့။ (မိ. ၇:၇ကဘ) သမ္မာကျမ်းစာမှာပြောထားတဲ့အတိုင်း “ယေဟောဝါကို စောင့်မျှော်နေသူအပေါင်းတို့၊ သတ္တိရှိပြီး သင်တို့စိတ်နှလုံး ခိုင်ခံ့မြဲမြံကြပါ။”—ဆာ. ၃၁:၂၄ကဘ။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 8 ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့စာအုပ်၊ စာမျက်နှာ ၁၈၆-၁၉၅ ကို ကြည့်ပါ။

^ အပိုဒ်၊ 9 ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့စာအုပ်၊ စာမျက်နှာ ၉၄-၉၇ ကိုကြည့်ပါ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ဒံယေလက ဘုရားသခင်ဖော်ပြတဲ့ ပရောဖက်ပြုချက် ပြည့်စုံမယ်ဆိုတာကို ယုံကြည်စိတ်ချခဲ့

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ယေဟောဝါရဲ့အလိုတော်ကို ထမ်းဆောင်ဖို့ သင့်အချိန်ကို ကောင်းစွာအသုံးပြုနေသလား