မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကျွန်မ တစ်ရက်ပြီးတစ်ရက် ကော်လ်ပေါ်တာအလုပ်ကို ပိုပိုကြိုက်လာတယ်”

“ကျွန်မ တစ်ရက်ပြီးတစ်ရက် ကော်လ်ပေါ်တာအလုပ်ကို ပိုပိုကြိုက်လာတယ်”

ကျွန်ုပ်တို့၏မော်ကွန်းတိုက်မှ

“ကျွန်မ တစ်ရက်ပြီးတစ်ရက် ကော်လ်ပေါ်တာအလုပ်ကို ပိုပိုကြိုက်လာတယ်”

၁၈၈၆ ခုနှစ်မှာ အနှစ်တစ်ထောင် အရုဏ်ဦး၊ အတွဲ ၁ စာအုပ် အုပ်ရေတစ်ရာကို အမေရိကန်နိုင်ငံ၊ ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ အလက်ဂနီမြို့မှာတည်ရှိတဲ့ သမ္မာကျမ်းစာအိမ်တော်ကနေပြီး အီလီနွိုက်ပြည်နယ်၊ ချီကာဂိုမြို့ကို ပို့လိုက်တယ်။ ချားလ်စ် တေ့စ် ရပ်စယ်လ်က ဒီစာအုပ်တွေကို စာအုပ်ဆိုင်တွေမှာ ဖြန့်ချင်တယ်။ ဘာသာရေးစာပေတွေဖြန့်ချိတဲ့ အမေရိကန်နိုင်ငံရဲ့ အကြီးဆုံးစာပေတိုက်တွေထဲက တစ်ခုက အနှစ်တစ်ထောင်အရုဏ်ဦးစာအုပ်ကို ဖြန့်ပေးဖို့ သဘောတူခဲ့တယ်။ ဒါပေမဲ့ နောက်နှစ်ပတ်အကြာမှာ စာအုပ်တိုက်ကိုပို့လိုက်တဲ့စာအုပ်တွေအားလုံး သမ္မာကျမ်းစာအိမ်တော်ကို ပြန်ရောက်လာတယ်။

နာမည်ကြီး ခရစ်ယာန်တရားဟောဆရာတစ်ယောက်က အနှစ်တစ်ထောင်အရုဏ်ဦးစာအုပ်ကို သူ့စာအုပ်တွေနဲ့အတူ တွဲပြီးတင်ထားတာကိုမြင်ပြီး ဒေါသထွက်ခဲ့တယ်။ ဒီစာအုပ်တွေသာ စာအုပ်စင်မှာဆက်ရှိနေမယ်ဆိုရင် သူနဲ့ သူ့ရဲ့မိတ်ဆွေတွေဖြစ်တဲ့ နာမည်ကျော်တရားဟောဆရာတွေက သူတို့ရဲ့စာအုပ်တွေကို တခြားစာအုပ်တိုက်ကို ပြောင်းတင်မယ်လို့ ဒေါသတကြီးပြောခဲ့တယ်။ ဒါနဲ့ စာအုပ်ဖြန့်ချိသူက မတတ်သာတဲ့အဆုံး အရုဏ်ဦးစာအုပ်တွေကို ပြန်ပို့ပေးခဲ့တယ်။ ဒါ့အပြင် သတင်းစာတွေထဲမှာလည်း ကြော်ငြာတွေထည့်ပြီးပြီ။ ဒါပေမဲ့ ဆန့်ကျင်သူတွေက ကြော်ငြာအတွက် ချုပ်ထားတဲ့စာချုပ်တွေကို ပျက်အောင်ဖျက်ခဲ့ကြတယ်။ ဒီလိုသာဆိုရင် အမှန်တရားကိုရှာနေသူတွေလက်ထဲ ဒီစာအုပ်အသစ်က ဘယ်လိုရောက်နိုင်တော့မလဲ။

အဲဒီအချိန်တုန်းက ကော်လ်ပေါ်တာလို့ခေါ်တဲ့သူတွေက အဓိကကဏ္ဍမှာ ပါဝင်ခဲ့တယ်။ * ၁၈၈၁ ခုနှစ်မှာ ဇိအုန်ကင်းမျှော်စင်က သမ္မာကျမ်းစာစာပေတွေကို အချိန်ပြည့်ဖြန့်ဝေနိုင်တဲ့ ဟောပြောသူ ၁,၀၀၀ ကိုဖိတ်ခေါ်ခဲ့တယ်။ ကော်လ်ပေါ်တာအရေအတွက်က ရာဂဏန်းလောက်ပဲရှိပေမဲ့ သူတို့က ပုံနှိပ်ထားတဲ့ အမှန်တရားမျိုးစေ့ကို နေရာအနှံ့မှာ ဖြန့်ဝေခဲ့ကြတယ်။ ၁၈၉၇ ခုနှစ်ရောက်တဲ့အခါ အရုဏ်ဦးစာအုပ် တစ်သန်းနီးပါး ဖြန့်ဝေခဲ့ပြီး အများစုက ကော်လ်ပေါ်တာတွေ ဖြန့်ဝေခဲ့တာဖြစ်တယ်။ သူတို့အများစုက ကင်းမျှော်စင် နှစ်စဉ်ကြေးတွေ၊ စာအုပ်ဝေငှလို့ရတဲ့ ငွေကြေးအနည်းငယ်နဲ့ပဲ ရပ်တည်ခဲ့ကြတယ်။

ရဲစွမ်းသတ္တိရှိတဲ့ ကော်လ်ပေါ်တာတွေက ဘယ်သူတွေလဲ။ တချို့က ဆယ်ကျော်သက်အရွယ်မှာ ဒီအလုပ်ကို စလုပ်ခဲ့ပြီး တချို့ကျတော့ လူကြီးတွေဖြစ်တယ်။ အများစုကတော့ တစ်ကိုယ်ရေသမား ဒါမှမဟုတ် သားသမီးမရှိတဲ့ အိမ်ထောင်သည်တွေဖြစ်တယ်၊ ဒါပေမဲ့ မိသားစုတချို့လည်း ဒီလုပ်ငန်းမှာ ပါဝင်ခဲ့ကြတယ်။ မှန်မှန်ကော်လ်ပေါ်တာတွေက တစ်နေကုန်အလုပ်လုပ်ပြီး အရန် ကော်လ်ပေါ်တာတွေက တစ်ရက်ကို တစ်နာရီ၊ နှစ်နာရီ အလုပ်လုပ်တယ်။ လူတိုင်းကတော့ ကော်လ်ပေါ်တာလုပ်နိုင်လောက်တဲ့ ကျန်းမာရေးနဲ့ အခြေအနေတွေ မရှိကြဘူး။ ဒါပေမဲ့ ၁၉၀၆ ခုနှစ်မှာကျင်းပတဲ့ စည်းဝေးကြီးတစ်ခုမှာ ကော်လ်ပေါ်တာလုပ်နိုင်ဖို့ “ပညာအများကြီးတတ်ဖို့မလိုဘူး၊ အရမ်းတော်ဖို့မလိုဘူး၊ ကောင်းကင်တမန်ဘာသာစကားတတ်ဖို့ မလိုဘူး” ဆိုတာ ကြားခဲ့ရတယ်။

ကမ္ဘာ့တိုက်ကြီး အားလုံးနီးပါးမှာ သာမန်လူတွေက အထူးအလုပ်တာဝန်ကို ပြီးမြောက်အောင် လုပ်ခဲ့ကြတယ်။ ညီအစ်ကိုတစ်ယောက်ဆိုရင် ခုနစ်နှစ်အတွင်းမှာ အုပ်ရေ ၁၅,၀၀၀ ဝေငှခဲ့တယ်။ သူက “ကျွန်တော် စာအုပ်ရောင်းဖို့ ကော်လ်ပေါ်တာလုပ်တာမဟုတ်ဘူး၊ ယေဟောဝါနဲ့ အမှန်တရားအတွက် သက်သေဖြစ်ဖို့လုပ်တာ” လို့ပြောခဲ့တယ်။ ကော်လ်ပေါ်တာတွေ ရောက်တဲ့နေရာတိုင်းမှာ အမှန်တရားမျိုးစေ့တွေ အမြစ်တွယ်ပြီး ကျမ်းစာကျောင်းသားအုပ်စုတွေ တိုးများလာတယ်။

ခရစ်ယာန်ဘုန်းကြီးတွေက ကော်လ်ပေါ်တာတွေကို စာအုပ်လိုက်ရောင်းတဲ့သူတွေလို့ခေါ်ပြီး အထင်သေး ရှုတ်ချခဲ့ကြတယ်။ ၁၈၉၂ ခုနှစ်မှာ ကင်းမျှော်စင်က ဒီလိုမှတ်ချက်ချခဲ့တယ်– “လူအနည်းငယ်လောက်ကပဲ [သူတို့ကို] သခင့်ရဲ့ တကယ့်ကိုယ်စားလှယ်တွေအဖြစ် သိခဲ့ကြတယ်၊ ဒါမှမဟုတ် သူတို့ရဲ့ နှိမ့်ချမှုနဲ့ ကိုယ်ကျိုးစွန့်မှုကြောင့် သခင်က သူတို့ကို ဂုဏ်သိက္ခာရှိသူတွေအဖြစ် ရှုမြင်တယ်ဆိုတာကို အသိအမှတ်ပြုခဲ့ကြတယ်။” ကော်လ်ပေါ်တာတစ်ယောက် ရေးခဲ့သလိုပဲ သူတို့ရဲ့ဘဝက “ပန်းမွေ့ရာ” မဟုတ်ခဲ့ဘူး။ အကြမ်းခံတဲ့ဖိနပ်တွေနဲ့ စက်ဘီးတွေက သူတို့ရဲ့အဓိက သယ်ယူပို့ဆောင်ရေးကိရိယာဖြစ်တယ်။ ကော်လ်ပေါ်တာတွေမှာ ပိုက်ဆံရှားပါးလွန်းလို့ စာအုပ်တွေကို အစားအစာနဲ့လဲခဲ့ကြတယ်။ ဟောပြောသူတွေဟာ တစ်နေကုန် လယ်ကွင်းလုပ်ငန်းမှာ ပါဝင်ပြီးတဲ့နောက် မောပန်းနေပေမဲ့ တဲတွေ၊ ငှားထားတဲ့အခန်းတွေဆီ ပျော်ပျော်ရွှင်ရွှင် ပြန်လာခဲ့ကြတယ်။ အဲဒီနောက် ကော်လ်ပေါ်တာယာဉ်ပေါ်လာတယ်၊ ဒီယာဉ်က အချိန်နဲ့ငွေကို အများကြီးသက်သာစေတဲ့ ကိုယ်တိုင်လုပ်ထားတဲ့ယာဉ်ဖြစ်တယ်။ *

၁၈၉၃ ခုနှစ်မှာ ချီကာဂိုမှာကျင်းပတဲ့ စည်းဝေးကြီးကစပြီး အထူးကော်လ်ပေါ်တာအကြောင်း အစီအစဉ်ပါလာတယ်။ ဒီအစီအစဉ်တွေမှာ တွေ့ကြုံမှုတွေ၊ အကြံပြုထားတဲ့ ဟောပြောနည်းတွေနဲ့ လက်တွေ့ကျအကြံပြုချက်တွေကို အားတက်သရော အပြန်အလှန် ဖလှယ်ကြတယ်။ တစ်ခါမှာ ညီအစ်ကိုရပ်စယ်လ်က အလုပ်ကြိုးစားတဲ့ ဟောပြောသူတွေကို နံနက်စာ ကောင်းကောင်းစားဖို့၊ နို့တစ်ခွက်သောက်ဖို့နဲ့ ပူအိုက်တဲ့နေ့မှာ အိုက်စကရင်ဆိုဒါသောက်ဖို့ အားပေးခဲ့တယ်။

တွဲဖက်လုပ်ဆောင်မယ့်သူ ဒါမှမဟုတ် တွဲဖက်ဟောပြောမယ့်သူရှာနေတဲ့ ကော်လ်ပေါ်တာတွေဟာ ဖဲကြိုးဝါ စည်းထားကြတယ်။ ကော်လ်ပေါ်တာအသစ်တွေက အတွေ့အကြုံပိုရှိတဲ့သူတွေနဲ့ တွဲကြတယ်။ ဒီလိုလေ့ကျင့်မှုက တကယ်လိုအပ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကော်လ်ပေါ်တာအသစ်တစ်ယောက်က ကြောက်ကြောက်လန့်လန့်နဲ့ “ခင်ဗျား ဒါတွေကို မဖတ်ချင်ဘူးမဟုတ်လား” လို့ပြောပြီး စာအုပ်ဝေခဲ့တယ်။ ဝမ်းသာစရာက အိမ်ရှင်ဟာ စာအုပ်ကိုလက်ခံလိုက်ပြီး နောက်ပိုင်းမှာ ယုံကြည်သူညီအစ်မတစ်ယောက် ဖြစ်လာတယ်။

ညီအစ်ကိုတစ်ယောက်က “ဝင်ငွေကောင်းတဲ့ ငါ့ရဲ့ လက်ရှိအခြေအနေအတိုင်း ဆက်သွားပြီး ကော်လ်ပေါ်တာလုပ်ငန်းအတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁,၀၀၀ အလှူငွေထည့်မလား၊ ဒါမှမဟုတ် ဒီလုပ်ငန်းမှာ ငါကိုယ်တိုင်ပါဝင်သင့်သလား” ဆိုပြီးစဉ်းစားခဲ့တယ်။ ဘယ်လိုပဲလုပ်လုပ် သခင်ကတော့ နှစ်သက်မှာပဲ၊ ဒါပေမဲ့ သူ့ရဲ့အချိန်ကို သခင့်အတွက် တိုက်ရိုက်ပေးဆက်တာက ပိုပြီးကောင်းချီးခံစားရစေတယ်လို့ သိခဲ့ရတယ်။ “ကော်လ်ပေါ်တာအလုပ်က လူအများကြီးကို အကောင်းဆုံး ကောင်းမှုပြုနိုင်တဲ့ အကောင်းဆုံးနည်းဖြစ်တယ်” ဆိုတာ မေရီ ဟင့်စ် သိရှိခဲ့တယ်။ ကြောက်တတ်တဲ့ အယ်လ်ဘာတာ ခရော့ဘီက “ကျွန်မ တစ်ရက်ပြီးတစ်ရက် ကော်လ်ပေါ်တာအလုပ်ကို ပိုပိုကြိုက်လာတယ်” လို့ပြောခဲ့တယ်။

ယနေ့အချိန်မှာ ဇွဲရှိတဲ့ကော်လ်ပေါ်တာတွေရဲ့ သွေးသားရင်းချာတွေရော၊ သူတို့ ကျမ်းစာအမှန်တရားအကြောင်း သင်ပေးခဲ့တဲ့သူတွေပါ သူတို့ရဲ့ အမွေကို ဆက်ခံနေကြတုန်းပဲ။ သင့်မိသားစုမှာ ကော်လ်ပေါ်တာ ဒါမှမဟုတ် ရှေ့ဆောင်တစ်ယောက်မှ မရှိသေးဘူးဆိုရင် သင့်မိသားစုဝင်တွေ ဒီအလုပ်ကိုလုပ်ကြည့်ပါ။ သင်လည်းပဲ အချိန်ပြည့်ဟောပြောတဲ့အလုပ်ကို တစ်ရက်ပြီးတစ်ရက် ပိုပိုပြီး ကြိုက်နှစ်သက်လာမှာဖြစ်တယ်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 5 ၁၉၃၁ ခုနှစ်နောက်ပိုင်းမှာ “ကော်လ်ပေါ်တာ” ဆိုတဲ့အသုံးအနှုန်းကို “ရှေ့ဆောင်” လို့ပြောင်းလိုက်တယ်။

^ အပိုဒ်၊ 8 နောက်ပိုင်းလထုတ်တစ်စောင်မှာ အဲဒီယာဉ်တွေအကြောင်း အသေးစိတ်ပါလာမှာဖြစ်တယ်။

[စာမျက်နှာ ၃၂ ပါ အကျဉ်းဖော်ပြချက်]

သူတို့တွေက “ပညာအများကြီးတတ်ဖို့မလိုဘူး၊ အရမ်းတော်ဖို့မလိုဘူး၊ ကောင်းကင်တမန် ဘာသာစကားတတ်ဖို့ မလိုဘူး”

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ဂါနာနိုင်ငံက ကော်လ်ပေါ်တာ အေ. ဒဗလျူ. အို စေး၊ ၁၉၃၀ ခန့်

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

အပေါ်ပုံ– အင်္ဂလန်နိုင်ငံက ကော်လ်ပေါ်တာ အိဒက် ကီးန် နဲ့ ဂါးထရုဒ် မော်ရစ်၊ ၁၉၁၈ ခန့်၊ အောက်ပုံ– အမေရိကန်နိုင်ငံက စတန်းလေ ကော့ဆာဘွန်း နဲ့ ဟင်နရီ နွံကီစ်၊ ဝေငှပြီးသားစာအုပ်တွေရဲ့ ပုံးခွံအလွတ်တွေနဲ့အတူ