မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ဘုရားသခင်အပေါ် သစ္စာရှိသူတွေရဲ့သေခြင်းက ဘယ်လိုနည်းနဲ့ ‘ယေဟောဝါရှေ့တော်မှာ တန်ဖိုးကြီး’ သလဲ။

▪ ဆာလံဆရာဒါဝိဒ်က စွမ်းအားတော်တိုက်တွန်းမှုနဲ့ ‘ထာဝရဘုရားသခင်ရှေ့တော်၌ မိမိသန့်ရှင်းသူတို့၏သေခြင်းအရာသည် အဖိုးကြီးလှ၏’ လို့ရေးခဲ့တယ်။ (ဆာ. ၁၁၆:၁၅) ယေဟောဝါကို သစ္စာရှိရှိဝတ်ပြုသူ ယောက်တိုင်းရဲ့အသက်က ကိုယ်တော့်အတွက် အရမ်းတန်ဖိုးကြီးတယ်။ ဒါပေမဲ့ ဆာလံ ၁၁၆ ပါစကားတွေက တစ်ဦးတစ်ယောက်ရဲ့သေခြင်းအကြောင်း ဖော်ပြခြင်းထက်မက အဓိပ္ပာယ်ရှိပါတယ်။

သေဆုံးသွားတဲ့ ခရစ်ယာန်တစ်ဦးအတွက် ဟောပြောချက်ပေးတဲ့အခါမှာ၊ သူက ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန်တစ်ဦးအနေနဲ့ သေဆုံးသွားတယ်ဆိုရင်တောင် သူနဲ့ပတ်သက်ပြီး ဆာလံ ၁၁၆:၁၅ ကိုထည့်ဟောတာက မသင့်တော်ဘူး။ ဘာကြောင့်လဲ။ ဆာလံဆရာရဲ့ဖော်ပြချက်က အဲဒီထက်မက အဓိပ္ပာယ်ပိုကျယ်ပြန့်တယ်။ ဒီကျမ်းချက်ရဲ့အဓိပ္ပာယ်က ယေဟောဝါဟာ မိမိရဲ့သစ္စာရှိသူတွေ အုပ်စုလိုက်သေဆုံးတာကို ခွင့်ပြုမှာမဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ ကိုယ်တော်က သူတို့ကို အဖိုးတန်သူတွေအဖြစ် သတ်မှတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။—ဆာလံ ၇၂:၁၄; ၁၁၆:၈ တို့ကိုကြည့်ပါ။

ယေဟောဝါဟာ မိမိရဲ့သစ္စာရှိကျေးကျွန်တွေ ကမ္ဘာမြေကြီးပေါ်ကနေ အုပ်စုလိုက် ပျောက်ကွယ်သွားဖို့ ခွင့်ပြုမှာမဟုတ်ဘူးဆိုတာကို ဆာလံ ၁၁၆:၁၅ က ကျွန်ုပ်တို့ကို စိတ်ချစေတယ်။ တကယ်တော့ ကျွန်ုပ်တို့က ပြင်းထန်တဲ့စမ်းသပ်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို ခံခဲ့ရပြီးသားဖြစ်တယ်ဆိုတာ ကျွန်ုပ်တို့ရဲ့ မျက်မှောက်ခေတ်သမိုင်းက ဖော်ပြတယ်၊ ဒါက ကျွန်ုပ်တို့ အစတုံးပျောက်ကွယ်သွားဖို့ ဘုရားသခင် ဘယ်တော့မှခွင့်ပြုမှာမဟုတ်ဘူးဆိုတဲ့ ထင်ရှားတဲ့ အထောက်အထားဖြစ်တယ်။

ယေဟောဝါမှာ အတိုင်းအဆမဲ့တန်ခိုးနဲ့ အမှန်တကယ်ပြည့်စုံလာမယ့် ရည်ရွယ်ချက်ရှိတယ်၊ ဒါကြောင့် ကျွန်ုပ်တို့ အုပ်စုလိုက်ဖျက်ဆီးခံရဖို့ ကိုယ်တော်ခွင့်ပြုမှာမဟုတ်ဘူး။ အဲဒီလိုဖြစ်ဖို့ ဘုရားသခင် ခွင့်ပြုလိုက်မယ်ဆိုရင် ကိုယ်တော့်ရန်သူတွေက ကိုယ်တော့်ထက် ပိုတန်ခိုးကြီးတဲ့ပုံပေါက်သွားပါလိမ့်မယ်။ အဲဒါက လုံးဝမဖြစ်နိုင်တဲ့အရာပဲ။ အဲဒီလိုသာဖြစ်မယ်ဆိုရင် ကမ္ဘာပေါ်မှာ ကိုယ်တော့်ကိုသစ္စာရှိရှိဝတ်ပြုသူတွေနဲ့ ပြည့်နေဖို့ဆိုတဲ့ ယေဟောဝါရဲ့ရည်ရွယ်ချက်က ပြည့်စုံတော့မှာမဟုတ်ဘူး။ (ဟေရှာ. ၄၅:၁၈; ၅၅:၁၀၊ ၁၁) သာ၍ကြီးမြတ်တဲ့ပုံဆောင်ဗိမာန်တော်ရဲ့ မြေကြီးရင်ပြင်မှာ ယေဟောဝါကို ဝတ်ပြုတဲ့သူမရှိဘူးဆိုရင် ကမ္ဘာပေါ်မှာ ကိုယ်တော့်မြင့်မြတ်ဝတ်ကို ထမ်းဆောင်ခြင်းလည်း ရှိတော့မှာမဟုတ်ဘူး။ အဲဒီလိုသာဆိုရင် “မြေကြီးသစ်” ရဲ့အဖွဲ့ဝင်တွေလည်း ရှိတော့မှာမဟုတ်ဘူး၊ မြေကြီးသစ်ဆိုတာက “ကောင်းကင်သစ်” ရဲ့အုပ်ချုပ်မှုအောက် ကမ္ဘာပေါ်မှာအသက်ရှင်မယ့် ဖြောင့်မတ်တဲ့လူ့အဖွဲ့အစည်းဖြစ်တယ်။ (ဗျာ. ၂၁:၁) လက်အောက်ခံမယ့်သူတွေမရှိရင် ခရစ်တော်ရဲ့အနှစ်တစ်ထောင်အုပ်ချုပ်ရေးလည်း တကယ်ဖြစ်လာနိုင်မှာမဟုတ်ဘူး။—ဗျာ. ၂၀:၄၊ ၅

ဘုရားသခင့်လူမျိုးတွေ မြေကြီးပေါ်ကနေ အုပ်စုလိုက်ကွယ်ပျောက်သွားဖို့ ဘုရားသခင် ခွင့်ပြုလိုက်မယ်ဆိုရင် ကိုယ်တော့်ရာထူးနဲ့ ဂုဏ်သတင်းအပေါ် သံသယဝင်ကြမှာဖြစ်တယ်။ ဒီလိုသာဖြစ်သွားမယ်ဆိုရင် စကြဝဠာအုပ်စိုးရှင်ဆိုတဲ့ ယေဟောဝါရဲ့ရာထူးလည်း ရှုတ်ချကဲ့ရဲ့ခံရမှာဖြစ်တယ်။ ဒါ့အပြင် ယေဟောဝါက မိမိကိုယ်ကိုနဲ့ မိမိရဲ့သန့်ရှင်းတဲ့နာမည်ကို လေးစားတဲ့အတွက် သစ္စာရှိသူတွေအုပ်စုလိုက် ပျောက်ကွယ်သွားဖို့ ကိုယ်တော်ခွင့်ပြုမှာမဟုတ်ဘူး။ ဒီအချက်ကိုလည်း ထည့်စဉ်းစားပါ– ဘုရားသခင်က တရားမျှတတဲ့အတွက် သူ့ကို သစ္စာရှိရှိဝတ်ပြုနေတဲ့လူသားတွေကို အုပ်စုလိုက်အနေနဲ့ ဆက်တည်ရှိနေဖို့ အမြဲကာကွယ်ပေးမှာဖြစ်တယ်။ (တရား. ၃၂:၄; က. ၁၈:၂၅) ဒါ့အပြင် ကိုယ်တော့်ကျေးကျွန်တွေ အုပ်စုလိုက် အစတုံးပျောက်ကွယ်သွားဖို့ ခွင့်ပြုလိုက်မယ်ဆိုရင် ‘ယေဟောဝါက သူ့ရဲ့ကြီးမြတ်တဲ့နာမည်ကိုထောက်ပြီး သူ့လူမျိုးကို စွန့်ပစ်မှာမဟုတ်ဘူး’ ဆိုတဲ့ ဘုရားသခင့်နှုတ်ထွက်စကားနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားပါလိမ့်မယ်။ (၁ ရာ. ၁၂:၂၂ကဘ) “ယေဟောဝါက သူ့လူတွေကို ပစ်ထားမှာမဟုတ်ဘူး။ သူ့အမွေကို စွန့်ပစ်မှာမဟုတ်ဘူး။”—ဆာ. ၉၄:၁၄ကဘ။

ယေဟောဝါရဲ့လူတွေ မြေကြီးပေါ်ကနေ ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ဘူးဆိုတာ သိရတဲ့အတွက် တကယ့်ကိုစိတ်သက်သာရာ ရပါတယ်။ ဒါကြောင့် ဘုရားသခင်ကို သစ္စာရှိကြောင်း အမြဲတင်ပြပြီး ကိုယ်တော်ပေးထားတဲ့ ဒီကတိကို ယုံကြည်စိတ်ချကြစို့– “သင့်ကို တိုက်ခိုက်ဖို့လုပ်တဲ့ ဘယ်လက်နက်မှ အောင်မြင်မှာမဟုတ်ဘူး။ တရားရင်ဆိုင်တဲ့အခါ သင့်ကို ဆန့်ကျင်ပြောဆိုဖို့ထတဲ့သူ မှန်သမျှ သင် ပြစ်တင်စီရင်လိမ့်မယ်။ ဒါက ယေဟောဝါရဲ့ကျွန်တွေ ပိုင်ဆိုင်ရမယ့်အမွေဖြစ်တယ်။ သူတို့ရဲ့ဖြောင့်မတ်ခြင်းက ငါ့ဆီက ရလာတယ်။”—ဟေရှာ. ၅၄:၁၇ကဘ။

[စာမျက်နှာ ၂၂ ပါ အကျဉ်းဖော်ပြချက်]

မိမိရဲ့လူမျိုး အစတုံးပျောက်ကွယ်သွားဖို့ ဘုရားသခင် ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး