ဉာဏ်ပညာရှိတဲ့ အသက်ကြီးသူတွေနဲ့ ခင်မင်ရင်းနှီးခွင့်ရခဲ့
ဘဝအတ္ထုပ္ပတ္တိ
ဉာဏ်ပညာရှိတဲ့ အသက်ကြီးသူတွေနဲ့ ခင်မင်ရင်းနှီးခွင့်ရခဲ့
အဲလ်ဗာ ဂျဲရ်ဒီး ပြောပြတယ်
လွန်ခဲ့တဲ့ အနှစ် ၇၀ လောက်တုန်းက ကျွန်မတို့အိမ်ကို လာလည်ပတ်ခဲ့တဲ့ ဧည့်သည်တစ်ယောက် ပြောလိုက်တဲ့စကားက ကျွန်မရဲ့အသက်တာကို လုံးလုံး ပြောင်းလဲစေခဲ့တယ်။ အဲဒီအရေးပါတဲ့နေ့ကစပြီး တခြားလူအတော်များများလည်း ကျွန်မရဲ့အသက်တာအပေါ် ဩဇာလွှမ်းမိုးခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျွန်မဟာ တခြားမိတ်ဖွဲ့မှုတွေအားလုံးထက် ပိုတန်ဖိုးရှိတဲ့မိတ်ဖွဲ့မှုတစ်ခု ရခဲ့တယ်။ ကျွန်မအကြောင်း ပြောပြပါရစေ။
ကျွန်မကို ၁၉၃၂ ခုနှစ်မှာ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ မွေးဖွားခဲ့တယ်၊ ကျွန်မရဲ့မိဘတွေက ဘုရားသခင်ကို ယုံကြည်ပေမဲ့ ချာ့ခ်ျမတတ်ကြဘူး။ အမှားလုပ်ရင် အပြစ်ပေးဖို့ ဘုရားသခင်က ကျွန်မကို အမြဲကြည့်နေတယ်လို့ အမေက သင်ပေးတယ်။ အဲဒါကြောင့် ကျွန်မ ဘုရားသခင်ကိုကြောက်တယ်။ ဒါပေမဲ့ သမ္မာကျမ်းစာကိုတော့ စိတ်ဝင်စားတယ်။ စနေ၊ တနင်္ဂနွေနေ့တွေမှာ ကျွန်မရဲ့အဒေါ်လာလည်တဲ့အခါ စိတ်ဝင်စားစရာကောင်းတဲ့ ကျမ်းစာဇာတ်လမ်းတွေကို ပြောပြတယ်။ ကျွန်မ သူလာလည်မယ့်အချိန်တွေကို အမြဲမျှော်နေခဲ့တယ်။
ကျွန်မ ဆယ်ကျော်သက်အရွယ်ရောက်တဲ့အခါ အဖေဟာ အသက်ကြီးကြီး ယေဟောဝါသက်သေ အမျိုးသမီးတစ်ယောက်ဆီက ကျွန်မအမေရခဲ့တဲ့ စာအုပ်တွဲတွေကို ဖတ်တယ်။ အဖေက အဲဒီခရစ်ယာန်စာပေတွေထဲက သိရတာတွေကို သဘောကျပြီး သက်သေခံတွေနဲ့ ကျမ်းစာလေ့လာဖို့ သဘောတူလိုက်တယ်။ တစ်ညနေမှာ အဖေကျမ်းစာသင်နေတာကို ကျွန်မချောင်းနားထောင်နေတာ အဖေသိသွားတယ်။ အဖေက ကျွန်မကို အိပ်ရာဝင်ဖို့ပြောတော့ ဧည့်သည်က “အဲလ်ဗာကိုလည်း ဝင်ထိုင်ခိုင်းလိုက်ပါလား” လို့ ပြောလိုက်တယ်။ အဲဒီလိုပြောလိုက်လို့ ကျွန်မဘဝပြောင်းလဲသွားပြီး စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါနဲ့ မိတ်ဖွဲ့မှုကို စတင်ခဲ့တယ်။
အဲဒီနောက် သိပ်မကြာခင်မှာ အဖေနဲ့ကျွန်မ ခရစ်ယာန်အစည်းအဝေးတွေကို စတက်ခဲ့တယ်။ အဖေ လေ့လာသိရှိခဲ့တာတွေက အဖေ့ဘဝကို ပြောင်းလဲပေးခဲ့တယ်။ ဒေါသလည်း သိပ်မထွက်တော့ဘူး။ ဒါကိုကြည့်ပြီး အမေနဲ့ ကျွန်မရဲ့အစ်ကို ဖရန့်လည်း အစည်းအဝေးတွေ စတက်လာတယ်။ * ကျွန်မတို့လေးယောက်စလုံး တိုးတက်လာပြီး နောက်ဆုံးမှာ ယေဟောဝါသက်သေတွေအဖြစ် နှစ်ခြင်းခံအပ်နှံလိုက်ကြတယ်။ အဲဒီကတည်းကစပြီး အသက်ကြီးသူများစွာက ကျွန်မဘဝရဲ့အခြေအနေအမျိုးမျိုးမှာ ကောင်းတဲ့သြဇာလွှမ်းမိုးခဲ့တယ်။
အသက်မွေးဝမ်းကြောင်း ရွေးချယ်တဲ့အခါ
ဆယ်ကျော်သက်ဖြစ်တဲ့ကျွန်မဟာ အသင်းတော်မှာရှိတဲ့ အသက်ကြီးသူတွေနဲ့ ခင်မင်ရင်းနှီးလာတယ်။ အဲဒီထဲကတစ်ယောက်က အဲလစ် ပလေ့စ်ဖြစ်ပြီး ကျွန်မတို့မိသားစုကို ဦးဆုံး သတင်းကောင်းလာဟောခဲ့တဲ့ အသက်ကြီးညီအစ်မဖြစ်တယ်။ သူက ကျွန်မအတွက် အဘွားတစ်ယောက်လိုဖြစ်လာတယ်။ အဲလစ်က ကျွန်မကို ဘယ်လိုဟောပြောရမယ်ဆိုတာ လေ့ကျင့်ပေးပြီး နှစ်ခြင်းခံဖို့ အားပေးတယ်။ ဒါနဲ့ ကျွန်မအသက် ၁၅ နှစ်မှာ နှစ်ခြင်းခံခဲ့တယ်။
သက်ကြီးဇနီးမောင်နှံဖြစ်တဲ့ ပါစီနဲ့ မက်ဂ်ျ ဒန်နမ်နဲ့လည်း ကျွန်မ ခင်မင်ရင်းနှီးခဲ့တယ်။ သူတို့က ကျွန်မအနာဂတ်အပေါ် အများကြီး ဩဇာလွှမ်းမိုးခဲ့တယ်။ ကျွန်မက သင်္ချာဘာသာရပ်ကိုကြိုက်လို့ သင်္ချာဆရာမ အရမ်းဖြစ်ချင်တာ။ ပါစီနဲ့ မက်ဂ်ျဟာ ဒုတိယကမ္ဘာစစ်မဖြစ်ခင်က လတ်ဗီးယားမှာ ခရစ်ယာန်သာသနာပြုတွေအဖြစ် အမှုဆောင်ခဲ့ကြတယ်။ ဒုတိယကမ္ဘာစစ်စဖြစ်တော့ သူတို့က ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာရှိတဲ့ ဗေသလမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ ပါစီနဲ့ မက်ဂ်ျက ကျွန်မအပေါ် တကယ်စိတ်ဝင်စားတယ်။ သူတို့ ခရစ်ယာန်
သာသနာပြုလုပ်ခဲ့တုန်းက ကြုံတွေ့ခဲ့တဲ့ တွေ့ကြုံမှုကောင်းတွေကို ပြန်ပြောပြတယ်။ သင်္ချာသင်ပေးတာထက် ကျမ်းစာသင်ပေးတာက ပိုပျော်ရွှင်ကျေနပ်ဖို့ကောင်းတယ်ဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်း သိမြင်လာတယ်။ ဒါနဲ့ ကျွန်မ ခရစ်ယာန်သာသနာပြုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ဒန်နမ်တို့ဇနီးမောင်နှံက ကျွန်မကို ခရစ်ယာန်သာသနာပြုအတွက် အရည်အချင်းပြည့်မီအောင် ရှေ့ဆောင်လုပ်ဖို့ အားပေးခဲ့တယ်။ ဒါကြောင့် ၁၉၄၈ ခုနှစ်၊ ကျွန်မအသက် ၁၆ နှစ်မှာ ကျွန်မရဲ့ မူလအသင်းတော်ဖြစ်တဲ့ ဆစ်ဒနီမြို့မှာရှိတဲ့ ဟတ်စ်ဗေးအသင်းတော်မှာ ပျော်ပျော်ရွှင်ရွှင် ရှေ့ဆောင်လုပ်နေတဲ့ တခြားလူငယ်ဆယ်ယောက်နဲ့အတူ ကျွန်မရှေ့ဆောင်လုပ်ခဲ့တယ်။
နောက်လေးနှစ်ကာလအတွင်းမှာ နယူးဆောက်ဝေးလ်နဲ့ ကွင်းစလန်မှာရှိတဲ့ တခြားမြို့လေးမြို့မှာ ကျွန်မ ရှေ့ဆောင်လုပ်ခဲ့တယ်။ ကျွန်မရဲ့ ပထမဆုံးကျမ်းစာသင်သားက ဘက်တီ လော (အခု ဘက်တီ ရမ်းပ်နတ်) ဖြစ်တယ်။ ဘက်တီက ကြင်နာတတ်တဲ့မိန်းကလေးဖြစ်ပြီး ကျွန်မထက် နှစ်နှစ်ကြီးတယ်။ နောက်ပိုင်းမှာ သူက ကျွန်မရဲ့ ရှေ့ဆောင်တွဲဖက်ဖြစ်လာတယ်၊ ကျွန်မတို့က ဆစ်ဒနီအနောက်ပိုင်း ၁၄၅ မိုင် (၂၃၀ ကီလိုမီတာ) အကွာမှာရှိတဲ့ ကောင်ရာမြို့မှာ အမှုဆောင်ခဲ့ကြတယ်။ ကျွန်မတို့ ခဏလေးပဲ အတူတွဲအမှုဆောင်ရပေမဲ့ ဒီနေ့အထိ ခင်မင်ရင်းနှီးနေတုန်းပဲ။
အထူးရှေ့ဆောင်တာဝန်ရလို့ ကောင်ရာမြို့ရဲ့ အနောက်တောင်ဘက် ၁၃၇ မိုင် (၂၂၀ ကီလိုမီတာ) အကွာမှာရှိတဲ့ နေရန်းဒရားမြို့ကို ကျွန်မ ပြောင်းသွားခဲ့တယ်။ ကျွန်မရဲ့တွဲဖက်အသစ်က ဂျွိုင်း လဲန်နော့စ် (အခု ဂျွိုင်း ဟန်တာ) ဖြစ်တယ်။ သူလည်းပဲ ကျွန်မထက်အသက်နှစ်နှစ်ကြီးပြီး ထက်သန်တဲ့ ရှေ့ဆောင်တစ်ယောက်ဖြစ်တယ်။ အဲဒီမြို့မှာ သက်သေခံဆိုလို့ ကျွန်မတို့နှစ်ယောက်ပဲရှိတယ်။ ဂျွိုင်းနဲ့ကျွန်မက ဧည့်ဝတ်ကျေတဲ့ဇနီးမောင်နှံဖြစ်တဲ့ ရေးနဲ့ အက်စတာ အိုင်ရင်းတို့အိမ်မှာ ငှားနေတယ်။ သူတို့မှာ သားတစ်ယောက်၊ သမီးသုံးယောက်ရှိပြီး မိသားစုအားလုံးက အမှန်တရားကို စိတ်ဝင်စားတယ်။ ရေးနဲ့ သူ့ရဲ့သားက သီတင်းပတ်ကြားရက်တွေမှာ သိုးခြံနဲ့ ဂျုံခင်းမှာ အလုပ်လုပ်တယ်၊ အက်စတာနဲ့ သမီးတွေက အိမ်မှာ အလုပ်သမားအဆောင်ဖွင့်တယ်။ တနင်္ဂနွေနေ့တိုင်း ဂျွိုင်းနဲ့ကျွန်မက အိုင်ရင်းတို့မိသားစုအတွက်ရော၊ အဆောင်မှာငှားနေတဲ့ လူ ၁၂ ယောက်စာအတွက်ပါ ညစာတစ်အိုးကြီးချက်ရတယ်။ ဒီအဆောင်မှာနေတဲ့သူတွေက တကယ်စားနိုင်တဲ့ သံလမ်းအလုပ်သမားတွေဖြစ်တယ်။ အိမ်ငှားခရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ အစားအသောက်တွေကို ကျွန်မတို့ချက်ပြုတ်ပေးခဲ့တယ်။ စားသောက်ပြီးလို့ ပန်းကန်တွေဆေးကြောပြီးတဲ့အခါ ကျွန်မတို့က အိုင်ရင်းတို့မိသားစုနဲ့အတူ ကင်းမျှော်စင်လေ့လာတယ်။ ရေး၊ အက်စတာနဲ့ သူတို့ရဲ့ကလေးလေးယောက်က အမှန်တရားသိလာပြီး နေရန်းဒရားအသင်းတော်ရဲ့ ပထမဆုံး အမာခံအသင်းသားတွေ ဖြစ်လာတယ်။
၁၉၅၁ ခုနှစ်မှာ ကျွန်မက ဆစ်ဒနီမြို့မှာကျင်းပတဲ့ ယေဟောဝါသက်သေတွေရဲ့ စည်းဝေးကြီးကို တက်ခဲ့တယ်။ အဲဒီမှာ ခရစ်ယာန်သာသနာပြုလုပ်ငန်းကို စိတ်ဝင်စားတဲ့ရှေ့ဆောင်တွေအတွက် အထူးစည်းဝေးပွဲတစ်ခု လုပ်တယ်။ ရွက်ဖျင်တဲကြီးတစ်ခုမှာ ကျင်းပတဲ့ အဲဒီစည်းဝေးမှာ လူ ၃၀၀ ကျော်တက်တယ်။ ဘရွတ်ကလင် ဗေသလကလာတဲ့ နေသန် နောရ်က ကမ္ဘာ့နေရာအနှံ့မှာ သတင်းကောင်းဟောပြောဖို့ အရေးတကြီးလိုအပ်နေတဲ့အကြောင်း ဟောပြောခဲ့တယ်။ သူပြောတဲ့စကားလုံးတိုင်းကို ကျွန်မတို့ အာရုံစိုက်နားထောင်ခဲ့ကြတယ်။ အဲဒီအစည်းအဝေးကိုတက်ခဲ့တဲ့ ရှေ့ဆောင်အတော်များများက နောက်ပိုင်းမှာ တောင်ပစိဖိတ်နဲ့ တခြားနေရာတွေမှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းကို အစပြုခဲ့ကြတယ်။ ကျွန်မက ဩစတြေးလျလူမျိုး ၁၆ ယောက်နဲ့အတူ ၁၉၅၂ ခုနှစ်မှာ ကျင်းပတဲ့ ၁၉ ကြိမ်မြောက် ဂိလဒ်ကျောင်းကို တက်ခွင့်ရခဲ့တယ်။ ကျွန်မအသက် ၂၀ ပဲရှိသေးတဲ့အချိန်မှာ ခရစ်ယာန်သာသနာပြုဖြစ်ဖို့ဆိုတဲ့ ကျွန်မရဲ့အိပ်မက် တကယ်ဖြစ်လာတယ်။
ပြုပြင်ဖို့လိုတဲ့အခါ
ဂိလဒ်ကျောင်းမှာရတဲ့ သွန်သင်ချက်နဲ့ ပေါင်းသင်းမှုက ကျွန်မရဲ့ ကျမ်းစာအသိပညာကိုတိုးတက်စေပြီး ယုံကြည်ခြင်းကို ခိုင်ခံ့စေရုံသာမကဘူး၊ ကျွန်မရဲ့ စိတ်နေသဘောထားအပေါ်လည်း အများကြီးအကျိုးသက်ရောက်ခဲ့တယ်။ ကျွန်မက ငယ်ရွယ်ပြီး အတွေးအခေါ်တွေက လက်တွေ့မကျဘူး။ ကိုယ့်ကိုယ်ကိုယ်ရော တခြားသူတွေဆီကပါ စုံလင်မှုကို မျှော်လင့်တယ်။ ကျွန်မရဲ့ရှုမြင်ပုံတချို့က အရမ်းကို တင်းကျပ်တယ်။ မှားတယ်လို့ ကျွန်မ ယူဆတဲ့အရာတွေက တကယ်တော့ မမှားဘူး။ ဥပမာ၊ ညီအစ်ကို နောရ်က ဗေသလက လူငယ်ညီအစ်ကိုတွေနဲ့ ဘေ့စ်ဘောကစားနေတာကို တွေ့လိုက်တဲ့အခါ ကျွန်မလန့်သွားတယ်။
နှစ်ပေါင်းများစွာ အတွေ့အကြုံရှိခဲ့တဲ့ ဂိလဒ်သင်တန်းပို့ချသူတွေက ကျွန်မရဲ့ပြဿနာကို မြင်မှာပဲ။ သူတို့က ကြင်နာပြီး ကျွန်မရဲ့အတွေးအခေါ်ကိုပြောင်းလဲဖို့ ကူညီပေးခဲ့ကြတယ်။ ယေဟောဝါက မေတ္တာရှိပြီး ကျွန်မတို့လုပ်တာတွေကို တန်ဖိုးထားလေးမြတ်တတ်တဲ့ ဘုရားသခင်ဖြစ်တယ်၊ ကိုယ်တော်က မတင်းကျပ်၊ မခက်ထန်ဘူးဆိုတာ ကျွန်မ တဖြည်းဖြည်းသိလာတယ်။ သင်တန်းသားတချို့ကလည်း ကျွန်မကို ကူညီပေးကြတယ်။ သူတို့ထဲကတစ်ယောက်က “အဲလ်ဗာ၊ ယေဟောဝါက ကျွန်မတို့ကို
ထိန်းချုပ်ဖို့ ကြာပွတ်မသုံးဘူး၊ ကိုယ့်ကိုယ်ကိုယ် အဲဒီလောက်အထိ မတင်းကျပ်ပါနဲ့” လို့ပြောခဲ့တာကို ပြန်သတိရတယ်။ သူ့ရဲ့ပွင့်လင်းတဲ့စကားတွေက ကျွန်မစိတ်ကို ထိမိခဲ့တယ်။ဂိလဒ်ကျောင်းဆင်းပြီးတဲ့နောက်မှာ ကျွန်မရဲ့အတန်းဖော်လေးယောက်က အာဖရိကမှာရှိတဲ့ နမီးဘီးယားမှာ တာဝန်ခန့်အပ်ခံရတယ်။ မကြာခင်မှာပဲ ကျွန်မတို့မှာ ကျမ်းစာသင်အံမှု ၈၀ ရှိလာတယ်။ ကျွန်မက နမီးဘီးယားနဲ့ ခရစ်ယာန်သာသနာပြုဘဝကို ကြိုက်တယ်၊ ဒါပေမဲ့ ဆွစ်ဇလန်နိုင်ငံမှာ တာဝန်ကျတဲ့ ဂိလဒ်အတန်းဖော်တစ်ယောက်နဲ့ ကျွန်မ မေတ္တာမျှခဲ့တယ်။ နမီးဘီးယားမှာ တစ်နှစ်နေပြီးတဲ့နောက် ကျွန်မခင်ပွန်းလောင်းရှိတဲ့ ဆွစ်ဇလန်ကို လိုက်သွားခဲ့တယ်။ ကျွန်မတို့လက်ထပ်ပြီးတဲ့နောက်မှာ ကျွန်မခင်ပွန်းရဲ့တိုက်နယ်လုပ်ငန်းမှာ အတူပါဝင်ခဲ့တယ်။
အခက်အခဲကြုံခဲ့ရ
ပျော်ရွှင်စွာနဲ့တိုက်နယ်လုပ်ငန်းမှာ ငါးနှစ်ပါဝင်ပြီးတဲ့နောက် ဆွစ်ဇလန်ဗေသလမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ ဗေသလမိသားစုဝင်ဖြစ်ရလို့ ကျွန်မအရမ်းပျော်ခဲ့တယ်၊ အဲဒီမှာဆိုရင် အတွေ့အကြုံရှိတဲ့ ညီအစ်ကိုညီအစ်မကြီးတွေ အများကြီးရှိတယ်။
သိပ်မကြာခင်မှာပဲ ထိတ်လန့်စရာ အဖြစ်အပျက်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။ ကျွန်မရဲ့ခင်ပွန်းက ကျွန်မကိုရော၊ ယေဟောဝါကိုပါ သစ္စာဖောက်ခဲ့တယ်။ အဲဒီနောက် သူကျွန်မကို စွန့်ပစ်ခဲ့လို့ ကျွန်မ အကြီးအကျယ် ယူကျုံးမရဖြစ်ခဲ့ရတယ်။ ဗေသလမှာရှိတဲ့ ညီအစ်ကိုညီအစ်မကြီးတွေရဲ့ မေတ္တာနဲ့ ထောက်မကူညီမှုသာမရှိရင် ဒီအခြေအနေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမယ်ဆိုတာ ကျွန်မသိမှာမဟုတ်ဘူး။ ကျွန်မစကားပြောချင်တဲ့အခါ သူတို့က နားထောင်ပေးပြီး ကျွန်မအနားယူဖို့လိုတဲ့အခါ ကျွန်မကို အနားပေးကြတယ်။ သူတို့ရဲ့ အားပေးနှစ်သိမ့်စကားတွေနဲ့ ကြင်နာတဲ့လုပ်ရပ်တွေက ကျွန်မ နာကျင်ခံစားနေရတဲ့အချိန်တွေမှာ ခံနိုင်ရည်ရှိစေခဲ့တယ်။ ယေဟောဝါနဲ့ ကျွန်မရဲ့ဆက်ဆံရေး ပိုခိုင်ခံ့လာတယ်။
အစောပိုင်းနှစ်တွေတုန်းက ကျွန်မရဲ့မိတ်ဆွေတွေပြောခဲ့တဲ့ စကားတွေကိုလည်း ပြန်သတိရတယ်။ ဒီပညာရှိအသက်ကြီးသူတွေက အခက်အခဲတွေကိုခံရပ်ပြီး အတွေ့အကြုံကောင်းတွေ ရယူခဲ့သူတွေဖြစ်တယ်။ အဲဒီထဲမှာ မက်ဂ်ျ ဒန်နမ် ပြောခဲ့တဲ့စကားလည်းပါတယ်။ တစ်ခါတုန်းက သူ ကျွန်မကို ဒီလိုပြောခဲ့တယ်– “အဲလ်ဗာ၊ ယေဟောဝါရဲ့လုပ်ငန်းတော်မှာပါဝင်တဲ့အခါ အခက်အခဲပြဿနာတွေ အများကြီးနဲ့ ကြုံတွေ့ရမှာဖြစ်တယ်။ ဒါပေမဲ့ အဆိုးဆုံးပြဿနာက အရင်းနှီးဆုံးလူဆီက လာလိမ့်မယ်။ ဒီလိုပြဿနာတွေ ကြုံတွေ့ရချိန်မှာ ယေဟောဝါနဲ့ ပိုရင်းနှီးအောင်လုပ်ပါ။ ညီအစ်မက ယေဟောဝါကို ဝတ်ပြုနေတာပါ၊ မစုံလင်တဲ့လူတွေကို ဝတ်ပြုနေတာမဟုတ်ဘူးဆိုတာ သတိရပါ။” ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့ အချိန်တွေမှာ မက်ဂ်ျရဲ့စကားတွေက ကျွန်မအတွက် အကူအညီဖြစ်ခဲ့တယ်။ ကျွန်မခင်ပွန်းရဲ့အမှားတွေကြောင့် ကျွန်မနဲ့ ယေဟောဝါရဲ့ ဆက်ဆံရေးကို ဘယ်တော့မှ အထိခိုက်မခံဖို့ ကျွန်မစိတ်ပိုင်းဖြတ်ခဲ့တယ်။
နောက်တော့ ကျွန်မက မိသားစုတွေနဲ့ နီးနီးနားနားမှာနေပြီး ရှေ့ဆောင်လုပ်ဖို့ ဩစတြေးလျကိုပြန်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ပင်လယ်ရေကြောင်းခရီးနဲ့ ပြန်လာတဲ့လမ်းတစ်လျှောက်မှာ တခြားခရီးသွားအုပ်စုတစ်စုနဲ့ ကျမ်းစာအကြောင်း ဆွေးနွေးခဲ့ကြတယ်။ အုပ်စုထဲမှာ အန်းနာ ဂျဲရ်ဒီး လို့ခေါ်တဲ့ အေးအေးဆေးဆေးနေတတ်တဲ့ နော်ဝေးလူမျိုး အမျိုးသားတစ်ယောက်ပါတယ်။ သူက ကြားရတာတွေကို သဘောကျသွားတယ်။ နောက်ပိုင်း အန်းနာက ဆစ်ဒနီမှာရှိတဲ့ ကျွန်မတို့ မိသားစုဆီ လာလည်တယ်။ သူက သူလေ့လာခဲ့တဲ့အကြောင်းအရာတွေကို လက်ခံပြီး နှစ်ခြင်းခံခဲ့တယ်။ ၁၉၆၃ ခုနှစ်မှာ အန်းနာနဲ့ကျွန်မ လက်ထပ်လိုက်ပြီး နောက်နှစ်နှစ်အကြာမှာ သား ဂယ်ရီကို မွေးခဲ့တယ်။
နောက်ထပ်ဆုံးရှုံးမှုတစ်ခု ကြုံတွေ့ရ
အန်းနာ၊ ဂယ်ရီနဲ့ ကျွန်မက တကယ်ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ခဲ့ကြတယ်။ သိပ်မကြာခင် အန်းနာက ကျွန်မရဲ့ အသက်ကြီးနေပြီဖြစ်တဲ့ မိဘတွေနဲ့အတူနေဖို့ ကျွန်မတို့အိမ်ကို ချဲ့လိုက်တယ်။ ဒါပေမဲ့ လက်ထပ်ပြီးလို့ ခြောက်နှစ်အကြာမှာ အန်းနာမှာ ဦးနှောက်ကင်ဆာဖြစ်နေတယ်ဆိုတာ သိလိုက်ရတယ်။ ဒီသတင်းကိုကြားလိုက်ရလို့ ကျွန်မတို့ ထိတ်လန့်တုန်လှုပ်သွားပြီး ပြင်းထန်တဲ့ရိုက်ချက်တစ်ခုကို ခံလိုက်ရသလိုဖြစ်သွားတယ်။ အန်းနာက ဓာတ်ရောင်ခြည်ကုသမှုခံယူဖို့ ဆေးရုံမှာ အကြာကြီးနေခဲ့ရတယ်။ ကျွန်မ သူ့ဆီ နေ့တိုင်းသွားခဲ့တယ်။ သူ ခဏလေးတော့ ပြန်ကောင်းလာတယ်လို့ ထင်ရပေမဲ့ အဲဒီနောက် အခြေအနေပြန်ဆိုးလာပြီး လေဖြတ်သွားတယ်။ သူအပတ်အနည်းငယ်လောက်ပဲ နေရတော့မယ်လို့ ကျွန်မကို ဆရာဝန်တွေကပြောတယ်။ ဒါပေမဲ့ အန်းနာ အချိန်အတော်ကြာ အသက်ဆက်ရှင်ခဲ့ပြီး နောက်တော့ သူ အိမ်ပြန်လာနိုင်ခဲ့တယ်။ ကျွန်မ သူ့ကို သေချာဂရုစိုက်ပြုစု
ခဲ့တယ်၊ သူပြန်ကောင်းလာတယ်။ နောက်ပိုင်းမှာ သူ လမ်းပြန်လျှောက်နိုင်ပြီး အသင်းတော်မှာ အကြီးအကဲတာဝန်တွေကို ပြန်လုပ်နိုင်ခဲ့တယ်။ သူက ပျော်ပျော်နေတတ်ပြီး ဟာသဉာဏ်ရှိတယ်။ ဒီအချက်တွေက သူပြန်ကျန်းမာလာဖို့ အထောက်အကူဖြစ်ခဲ့သလို ကျွန်မလည်း သူ့ကိုပြုစုရတာလွယ်တယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ၁၉၈၆ ခုနှစ်မှာ သူ့ရဲ့ကျန်းမာရေး အခြေအနေ ပြန်ဆိုးလာတယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့မိဘတွေ ကွယ်လွန်သွားတယ်၊ ဒါနဲ့ ကျွန်မတို့က ဆစ်ဒနီမြို့အပြင်ဘက်မှာရှိတဲ့ လှပတဲ့ ဘလူးမောင်းတိန်းကို ပြောင်းရွှေ့ခဲ့ကြတယ်၊ အဲဒီမှာက ကျွန်မတို့ရဲ့မိတ်ဆွေတွေနဲ့ နီးနီးနားနား နေရတယ်။ နောက်ပိုင်းမှာ ဂယ်ရီက ချစ်စရာကောင်းတဲ့ညီအစ်မ ကာရင်နဲ့လက်ထပ်လိုက်ပြီး သူတို့နှစ်ယောက်က ကျွန်မတို့ လေးယောက်အတူနေဖို့ အကြံပြုတယ်။ လအနည်းငယ်အတွင်းမှာပဲ ကျွန်မတို့အားလုံးက အန်းနာနဲ့ ကျွန်မနေခဲ့တဲ့နေရာနဲ့ လမ်းနည်းနည်းပဲခြားတဲ့ အိမ်တစ်လုံးကို ပြောင်းရွှေ့ခဲ့ကြတယ်။
အန်းနာဟာ သူ့ရဲ့နောက်ဆုံးအချိန် ၁၈ လလုံးလုံး အိပ်ရာထဲမှာလဲခဲ့ပြီး သူ့ကို မပြတ်ကြည့်ရှုပေးခဲ့ရတယ်။ အဲဒီအချိန်အတောအတွင်း ကျွန်မက အိမ်ထဲမှာပဲ အောင်းနေခဲ့ရတယ်၊ ကျမ်းစာလေ့လာဖို့နဲ့ အဖွဲ့အစည်းထုတ်စာပေတွေဖတ်ဖို့ နေ့တိုင်း အချိန်နှစ်နာရီယူတယ်။ အဲဒီလိုလေ့လာမှုလုပ်တဲ့အချိန်အတွင်းမှာ ကျွန်မရဲ့အခြေအနေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမယ်ဆိုတဲ့ ပညာရှိအကြံပြုချက်တွေရတယ်။ အသင်းတော်ကအသက်ကြီးသူတွေကလည်း ကျွန်မဆီ လာလည်ပတ်ကြတယ်၊ သူတို့ထဲကတချို့ဟာ အဲဒီလိုအခက်အခဲတွေကို ခံစားဖူးသူတွေဖြစ်တယ်။ သူတို့ရဲ့လည်ပတ်မှုကြောင့် ကျွန်မအရမ်းအားရှိခဲ့တယ်။ အန်းနာဟာ ၂၀၀၃ ခုနှစ်၊ ဧပြီလမှာ ဆုံးသွားတယ်၊ သူရှင်ပြန်ထမြောက်လာမယ်ဆိုတာကို သူနည်းနည်းမှ သံသယမဝင်ခဲ့ဘူး။
အကြီးမားဆုံးအထောက်အကူ
ကျွန်မငယ်ရွယ်စဉ်တုန်းကတော့ ကျွန်မရဲ့အတွေးအခေါ်တွေက လက်တွေ့မကျခဲ့ဘူး။ ဘာမဆို အကောင်းဆုံးဖြစ်ချင်ခဲ့တယ်။ ဒါပေမဲ့ ဘဝဆိုတာ မျှော်လင့်သလိုဖြစ်မလာဘူးဆိုတာ ကျွန်မသိခဲ့ရတယ်။ ကျွန်မ ရေတွက်လို့မကုန်တဲ့ ကောင်းချီးတွေခံစားခဲ့ရတယ်၊ ဒါပေမဲ့ အရမ်းစိတ်ထိခိုက်စရာကောင်းတဲ့ အခြေအနေနှစ်ခုကိုလည်း ရင်ဆိုင်ခဲ့ရတယ်။ ပထမအိမ်ထောင်ဖက်က ကျွန်မကို သစ္စာဖောက်သွားပြီး နောက်တစ်ယောက်ကျတော့ ဖျားနာပြီး ဆုံးပါးသွားတယ်။ ဒီအခက်အခဲတွေကြားမှာ ကျွန်မဟာ လမ်းညွှန်မှုနဲ့ နှစ်သိမ့်မှုတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ရရှိခဲ့တယ်။ ကျွန်မအတွက် အကြီးမားဆုံးအထောက်အကူက “အသက်ကြီးသောသူ” ယေဟောဝါဖြစ်နေဆဲပဲ။ (ဒံ. ၇:၉) ကိုယ်တော့်ရဲ့သွန်သင်ချက်တွေက ကျွန်မရဲ့စိတ်နေသဘောထားကို ပြောင်းလဲပေးခဲ့ပြီး ခရစ်ယာန်သာသနာပြုလုပ်ငန်းကနေ အတွေ့အကြုံကောင်းတွေကို ခံစားရစေတယ်။ ပြဿနာတွေပေါ်လာတဲ့အခါမှာ ကျွန်မကို ‘ယေဟောဝါရဲ့ အကြင်နာမေတ္တာက ကူညီဖေးမပေးပြီး ကိုယ်တော့်နှစ်သိမ့်မှုက ထွေးပိုက်ထား’ တယ်။ (ဆာ. ၉၄:၁၈၊ ၁၉၊ ကဘ) ဒါ့အပြင် ကျွန်မရဲ့မိသားစုနဲ့ ‘အခါခပ်သိမ်းချစ်တတ်ပြီး ဒုက္ခကာလအဖို့ မွေးဖွားလာ’ တဲ့မိတ်ဆွေတွေရဲ့ မေတ္တာနဲ့ထောက်မကူညီမှုကိုလည်း ခံစားရတယ်။ (သု. ၁၇:၁၇) သူတို့အများစုက ဉာဏ်ပညာကြွယ်ဝတဲ့ အသက်ကြီးသူတွေဖြစ်တယ်။
“အသက်ကြီးသူတွေမှာ ဉာဏ်ပညာရှိပြီး နှစ်ပေါင်းများစွာအသက်ရှင်တဲ့သူတွေမှာ သိနားလည်မှုရှိတယ်မဟုတ်လား” လို့ ယောဘမေးခဲ့တယ်။ (ယောဘ ၁၂:၁၂၊ ကဘ) ကျွန်မဘဝကို ပြန်ပြောင်းကြည့်လိုက်တဲ့အခါ အဖြေက ဟုတ်တယ်လို့ ကျွန်မပြောနိုင်တယ်။ ဉာဏ်ပညာရှိတဲ့အသက်ကြီးသူတွေရဲ့ အကြံဉာဏ်က ကျွန်မအတွက် အကူအညီဖြစ်ခဲ့တယ်၊ သူတို့ရဲ့နှစ်သိမ့်မှုက ကျွန်မအတွက် အထောက်အကူဖြစ်ခဲ့တယ်၊ သူတို့နဲ့ခင်မင်ရင်းနှီးရတာက ကျွန်မအသက်တာကို တိုးတက်ကောင်းမွန်စေတယ်။ သူတို့နဲ့ခင်မင်ရင်းနှီးခွင့်ရတာကို ကျွန်မ ကျေးဇူးတင်လေးမြတ်တယ်။
အခု ကျွန်မအသက် ၈၀ ရှိပြီဖြစ်လို့ ကျွန်မကိုယ်တိုင် အသက်ကြီးသူတစ်ဦးဖြစ်နေပြီ။ ကျွန်မဘဝရဲ့အတွေ့အကြုံတွေက တခြားအသက်ကြီးသူတွေရဲ့ လိုအပ်ရာတွေကို အထူးတလည် ကိုယ်ချင်းစာ နားလည်စေတယ်။ သူတို့တွေဆီလည်ပတ်ပြီး ကူညီပေးရတာကို ကျွန်မကြိုက်တယ်။ လူငယ်တွေနဲ့လည်း ကျွန်မ ပေါင်းသင်းပါတယ်။ သူတို့ရဲ့အားမာန်က စိတ်ဓာတ်တက်ကြွစေပြီး သူတို့ရဲ့စိတ်အားထက်သန်မှုက ကျွန်မကို အားရှိစေတယ်။ ဒီလူငယ်တွေက လမ်းညွှန်မှုနဲ့ ကူညီမှုအတွက် ကျွန်မဆီလာတဲ့အခါ သူတို့ကို ကူညီခွင့်ရတဲ့အတွက် ကျွန်မပျော်တယ်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 7 အဲလ်ဗာရဲ့အစ်ကို ဖရန့်လမ်းဘတ်ဟာ နောက်ပိုင်းမှာ ဩစတြေးလျနိုင်ငံရဲ့ အစွန်အဖျားဒေသမှာ ထက်သန်တဲ့ ရှေ့ဆောင်တစ်ဦးဖြစ်လာတယ်။
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
နေရန်းဒရားမြို့မှာ ဂျွိုင်း လဲန်နော့စ်နဲ့အတူ ရှေ့ဆောင်လုပ်တုန်းက
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
၁၉၆၀ ခုနှစ်မှာ ဆွစ်ဇလန်ဗေသလမိသားစုတွေနဲ့အတူ အဲလ်ဗာ
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
အန်းနာနေမကောင်းဖြစ်တုန်းက ပြုစုပေးနေ