မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ပေးတဲ့ အိမ်ထောင်မင်္ဂလာ ဆုကျေးဇူးကို သင် တကယ်လေးမြတ်သလား

ဘုရားသခင်ပေးတဲ့ အိမ်ထောင်မင်္ဂလာ ဆုကျေးဇူးကို သင် တကယ်လေးမြတ်သလား

ဘုရားသခင်ပေးတဲ့ အိမ်ထောင်မင်္ဂလာ ဆုကျေးဇူးကို သင် တကယ်လေးမြတ်သလား

‘သင်တို့နှစ်ယောက်သည် နောက်ရသောလင်အိမ်၌ ချမ်းသာစွာနေရမည်အကြောင်း ယေဟောဝါ ကယ်မသနား [“ဆုချ၊” ကဘ] တော်မူပါစေသော။’—ရု. ၁:၉

အဖြေတွေကို ရှာကြည့်ပါ–

အတိတ်က ဘုရားသခင့်ကျေးကျွန်တွေဟာ အိမ်ထောင်မင်္ဂလာဆုကျေးဇူးကို တန်ဖိုးထားလေးမြတ်တယ်လို့ ကျွန်ုပ်တို့ ဘာကြောင့်ပြောနိုင်သလဲ။

ကျွန်ုပ်တို့ အိမ်ထောင်ဖက်ရွေးချယ်ခြင်းက ယေဟောဝါအတွက် အရေးကြီးကြောင်း ဘယ်လိုသိရသလဲ။

အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်ပြီး ဘယ်ကျမ်းစာမူကို သင် ကျင့်သုံးဖို့ ကြံရွယ်ထားသလဲ။

၁။ ဇနီးတစ်ဦးရတဲ့အခါ အာဒံ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

“ဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကို လူမိန်းမဟုခေါ်ဝေါ်အပ်သည်။” (က. ၂:၂၃) ဒီစကားတွေက ပထမဦးဆုံးလူယောက်ျားဖြစ်သူ အာဒံ ပြောခဲ့တဲ့စကားတွေပဲ။ ယေဟောဝါက သူ့အတွက် လှပတဲ့ဇနီးတစ်ဦး ဖန်ဆင်းပေးခဲ့လို့ သူပျော်ရွှင်ခဲ့တယ်။ ဘုရားသခင်က အာဒံကို နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျအောင်လုပ်လိုက်တယ်၊ အဲဒီနောက် သူ့ရဲ့နံရိုးတစ်ချောင်းကိုထုတ်ပြီး အဲဒီနံရိုးနဲ့ အမျိုးသမီးတစ်ဦးကို ဖန်ဆင်းခဲ့တယ်။ နောက်ပိုင်းမှာ အာဒံက အဲဒီအမျိုးသမီးကို ဧဝလို့နာမည်ပေးခဲ့တယ်။ ဘုရားသခင်က သူတို့နှစ်ဦးကို အကြင်လင်မယားအဖြစ် ပေါင်းဖက်ပေးခဲ့တယ်။ ယေဟောဝါက အာဒံရဲ့နံရိုးကိုသုံးပြီး ဧဝကိုဖန်ဆင်းခဲ့လို့ သူတို့နှစ်ဦးဟာ ယနေ့ရှိရှိသမျှ ဇနီးမောင်နှံတွေထက် ပိုရင်းနှီးခဲ့ကြတယ်။

၂။ အမျိုးသားနဲ့အမျိုးသမီးတွေက ချစ်ခြင်းမေတ္တာကို ဘာကြောင့် သိမြင်ခံစားနိုင်ကြတာလဲ။

ယေဟောဝါက လူသားတွေကို သွေးသားမတော်စပ်တဲ့ ယောက်ျားနဲ့မိန်းမ အပြန်အလှန်ချစ်တဲ့မေတ္တာကို သိမြင်ခံစားနိုင်တဲ့အစွမ်းထည့်ပြီး ဖန်ဆင်းပေးခဲ့တယ်။ အဲဒီချစ်ခြင်းမေတ္တာက ခင်ပွန်းသည်နဲ့ ဇနီးသည်ကို ပေါင်းစည်းပေးတယ်။ ဒါကြောင့် လူအများစုက သူတို့လက်ထပ်တဲ့အခါ သူတို့ရဲ့မေတ္တာကို ထာဝရတည်တံ့သွားဖို့ မျှော်လင့်ကြတယ်။

အိမ်ထောင်မင်္ဂလာဆုကျေးဇူးကို သူတို့လေးမြတ်ခဲ့ကြ

၃။ ဣဇာက်အတွက် ဇနီးတစ်ဦးရှာတွေ့ဖို့ အာဗြဟံဘာလုပ်ခဲ့သလဲ။

သစ္စာရှိတဲ့အာဗြဟံက အိမ်ထောင်မင်္ဂလာနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့စံနှုန်းတွေကို အလေးအနက်ထားခဲ့တယ်။ ဒါကြောင့် သားဖြစ်သူဣဇာက်အတွက် မိန်းမရှာဖို့ သူ့ကျွန်တွေထဲက အသက်အကြီးဆုံးသူကို မက်ဆိုပိုတေးမီးယားကို စေလွှတ်ခဲ့တယ်။ အဲဒီကျွန်က အကူအညီရဖို့ ယေဟောဝါထံဆုတောင်းခဲ့တာကြောင့် ရလဒ်ကောင်းတွေရရှိခဲ့တယ်။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့အမျိုးသမီး ရေဗက္ကကို ရှာတွေ့ခဲ့ပြီး ရေဗက္ကဟာ ဣဇာက်ရဲ့ဇနီးဖြစ်လာတယ်။ သူဟာ အာဗြဟံရဲ့အမျိုးအနွယ် ဆက်တည်ရှိမယ်ဆိုတဲ့ ယေဟောဝါရဲ့ကတိတော်ပြည့်စုံမှုမှာ ပါဝင်ခွင့်ရခဲ့တယ်။ (က. ၂၂:၁၈; ၂၄:၁၂-၁၄၊ ၆၇) ဒီနေ့ လူအတော်များများက အိမ်ထောင်ဖက်ကို ကိုယ့်စိတ်ကြိုက်ရွေးချယ်ကြတယ်။ တစ်ခါတလေ လူတွေက အောင်သွယ်တော်လုပ်ပြီး တခြားသူတွေ အိမ်ထောင်ဖက်ရှာတွေ့ဖို့ ကူညီပေးချင်ကြတယ်။ ဒါပေမဲ့ တစ်ဖက်သားက အိမ်ထောင်ဖက်ရှာပေးဖို့ အကူအညီမတောင်းဘူးဆိုရင် အဲဒီလိုမလုပ်သင့်ဘူး။ ဘုရားသခင်တောင်မှ ဘယ်သူက ဘယ်သူနဲ့ အိမ်ထောင်ပြုရမယ်ဆိုပြီး မရွေးချယ်ပေးဘူး။ ဒါပေမဲ့ ခရစ်ယာန်တွေအိမ်ထောင်ပြုဖို့ စဉ်းစားတဲ့အခါ လမ်းညွှန်မှုရဖို့ ဆုတောင်းမယ်၊ စွမ်းအားတော်ရဲ့လမ်းညွှန်မှုခံယူမယ်ဆိုရင် ဘုရားသခင်က ဒီကိစ္စမှာရော ဘဝရဲ့တခြားကဏ္ဍတွေမှာပါ ကူညီပေးနိုင်ပါတယ်။—ဂလ. ၅:၁၈၊ ၂၅

၄၊ ၅။ ရှုလမိတ်နဲ့ သိုးကျောင်းသားတို့ တစ်ဦးကိုတစ်ဦး နှစ်နှစ်ကာကာ ချစ်ခဲ့ကြတယ်ဆိုတာ သင်ဘယ်လိုသိရသလဲ။

ရှေးအစ္စရေးအချိန်တုန်းက ချောမောလှပတဲ့ ရှုလမိတ်မိန်းမပျိုတစ်ဦးဟာ ဘုရင်ရှောလမုန်ရဲ့ မိဖုရားတစ်ပါးဖြစ်ဖို့ သူ့ကို အတင်းဖိအားမပေးကြဖို့ သူငယ်ချင်းတွေကို ဒီလိုပြောခဲ့တယ်– “အို ဂျေရုဆလင်မြို့ရဲ့သမီးပျိုတို့၊ ကျွန်မရဲ့အချစ်စိတ်တွေ အလိုလိုမနိုးကြွခင် နှိုးဆွဖို့ သင်တို့မကြိုးစားပါဘူးလို့ ကျိန်ဆိုကြပါ။” (သီချင်း. ၈:၄၊ ကဘ) ရှုလမိတ်ဟာ သိုးကျောင်းသားနဲ့ ချစ်ကြိုက်နေပြီးသားဖြစ်တယ်။ နှိမ့်ချမှုရှိတဲ့သူမက သူ့ချစ်သူကို “ကျွန်မက ကမ်းရိုးတန်းလွင်ပြင်မှာပေါက်တဲ့ တောပန်း၊ မြေနိမ့်လွင်ပြင်တွေမှာပေါက်တဲ့ နှင်းပန်းလေးပါ” ဆိုပြီး ပြောခဲ့တယ်။ သိုးကျောင်းသားကလည်း သူ့ကို ချစ်မြတ်နိုးတာကြောင့် “မိန်းမပျိုတွေထဲက ငါ့အချစ်လေးဟာ ဆူးပင်တွေထဲက နှင်းပန်းလေးလိုပဲ” ဆိုပြီး ပြန်ပြောခဲ့တယ်။ (သီချင်း. ၂:၁၊ ၂၊ ကဘ) သူတို့နှစ်ဦးဟာ တစ်ဦးကိုတစ်ဦး နှစ်နှစ်ကာကာ ချစ်ခဲ့ကြတယ်။

ရှုလမိတ်နဲ့ သိုးကျောင်းသားဟာ တစ်ဦးကိုတစ်ဦးချစ်တာထက် ဘုရားသခင်ကိုပိုချစ်တာကြောင့် သူတို့ရဲ့အိမ်ထောင်ရေးက ခိုင်မြဲပါလိမ့်မယ်။ ရှုလမိတ်က သူချစ်မြတ်နိုးရတဲ့ သိုးကျောင်းသားကို ဒီလိုတောင် ပြောခဲ့တယ်– “ကျွန်မကို ရှင့်နှလုံးသားပေါ်မှာ တံဆိပ်ခတ်ပါ။ ရှင့်လက်မောင်းပေါ်မှာ တံဆိပ်ခတ်ပါ။ ဘာကြောင့်လဲဆိုတော့ ချစ်ခြင်းမေတ္တာက သေခြင်းလိုခိုင်မာပြီး အကြွင်းမဲ့ဆည်းကပ်မြှုပ်နှံမှုကို တောင်းဆိုတဲ့နေရာမှာ သင်္ချိုင်းလို အလျှော့မပေးတတ်လို့ပဲ။ မေတ္တာရဲ့မီးတောက်တွေက မီးရဲ့မီးတောက်တွေဖြစ်ပြီး ‘ယ’ ရဲ့မီးလျှံဖြစ်တယ်။ ချစ်ခြင်းမေတ္တာကို ရေအများကြီးက မငြိမ်းသတ်နိုင်ဘူး။ မြစ်ချောင်းတွေကလည်း မျောပါသွားအောင်မလုပ်နိုင်ဘူး။ လူတစ်ယောက်က ချစ်ခြင်းမေတ္တာကိုရဖို့ သူ့အိမ်မှာရှိတဲ့ အဖိုးတန်ပစ္စည်းမှန်သမျှကို ပေးရင်တောင် လူတွေက အဲဒါတွေကို အရေးလုပ်မှာမဟုတ်ဘူး။” (သီချင်း. ၈:၆၊ ၇၊ ကဘ) ဘုရားသခင်ရဲ့ကျေးကျွန်တွေလည်း မိမိတို့ရဲ့အိမ်ထောင်ဖက်ဆီကနေ အလားတူ စံနှုန်းမျိုး၊ ကတိမျိုးရဖို့ မျှော်လင့်သင့်တယ်မဟုတ်လား။

သင့်ရွေးချယ်မှုက ဘုရားသခင်အတွက်အရေးပါ

၆၊ ၇။ ကျွန်ုပ်တို့ အိမ်ထောင်ဖက်ရွေးချယ်ခြင်းက ဘုရားသခင်အတွက်အရေးကြီးကြောင်း ဘယ်လိုသိရသလဲ။

သင် ဘယ်သူ့ကိုလက်ထပ်မယ်ဆိုတာက ယေဟောဝါအတွက် အရေးကြီးပါတယ်။ ဥပမာ၊ ကိုယ်တော်က အစ္စရေးလူတွေကို ခါနာန်ပြည်သားတွေနဲ့ပတ်သက်ပြီး သတိပေးခဲ့တယ်။ အစ္စရေးလူမျိုးကို ယေဟောဝါ ဒီလိုမိန့်မှာခဲ့တယ်– ‘သူတို့နှင့်စုံဖက်ခြင်းကိုမပြုရ။ သင်၏သမီးကို သူ၏သားနှင့်လည်းကောင်း၊ သင်၏သားကို သူ၏သမီးနှင့်လည်းကောင်း ထိမ်းမြားပေးစားခြင်းကိုမပြုရ။ အကြောင်းမူကား သူတို့သည် သင်၏သားကို ငါ၌မဆည်းမကပ်စေဘဲ အခြားတစ်ပါးသောဘုရားသခင်အား ဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက်ထွက်၍ သင်တို့ကို ချက်ချင်းဖျက်ဆီးတော်မူလိမ့်မည်။’ (တရား. ၇:၃၊ ၄) နှစ်ရာနဲ့ချီကြာပြီးတဲ့နောက်မှာ ယဇ်ပုရောဟိတ် ဧဇရက “သင်တို့သည် ပြစ်မှားကြပြီ။ ဣသရေလအမျိုး၌ အပြစ်လေးစေခြင်းငှာ တစ်ပါးအမျိုးသားမိန်းမတို့နှင့် စုံဖက်ကြပြီတကား” ဆိုပြီး ပြောခဲ့တယ်။ (ဧဇ. ၁၀:၁၀) တမန်တော်ပေါလုကလည်း ခရစ်ယာန်တွေကို ဒီလိုပြောခဲ့တယ်– “ဇနီးသည် ခင်ပွန်းအသက်ရှင်နေသရွေ့ ကာလပတ်လုံး ချည်နှောင်လျက်ရှိ၏။ ခင်ပွန်းသေဆုံးလျှင်မူကား မိမိအလိုရှိသောသူနှင့် ထိမ်းမြားခွင့်ရှိ၏။ သို့သော် သခင်၌ရှိသောသူကိုသာ ထိမ်းမြားရမည်။”—၁ ကော. ၇:၃၉

ယေဟောဝါထံအပ်နှံထားတဲ့ ကျေးကျွန်တွေက နှစ်ခြင်းမခံရသေးသူနဲ့ လက်ထပ်တယ်ဆိုရင် ဒါက ဘုရားသခင်ကို မနာခံခြင်းဖြစ်တယ်။ ဧဇရအချိန်မှာအသက်ရှင်ခဲ့တဲ့ အစ္စရေးလူတွေက တစ်ပါးအမျိုးသားမိန်းမတွေနဲ့လက်ထပ်ခြင်းအားဖြင့် ဘုရားသခင်ကို မနာခံခဲ့ကြဘူး။ ခရစ်ယာန်တစ်ယောက်ဟာ ဘယ်လိုလူကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြပြီးသားပဲ။ ဘုရားသခင့်တောင်းဆိုချက်တွေကို မလိုက်နာဖို့ အကြောင်းပြချက်ရှာတာက မှားတယ်။ (ဧဇ. ၁၀:၁၀; ၂ ကော. ၆:၁၄၊ ၁၅) ဒါကြောင့် နှစ်ခြင်းခံပြီးသားခရစ်ယာန်တစ်ဦးက နှစ်ခြင်းမခံရသေးသူတစ်ဦးနဲ့ လက်ထပ်တာဟာ အိမ်ထောင်မင်္ဂလာနဲ့ပတ်သက်တဲ့ ဘုရားသခင့်တောင်းဆိုချက်တွေကို မလိုက်နာခြင်းဖြစ်တယ်၊ ဒါကြောင့် အသင်းတော်မှာ သူရရှိထားတဲ့တာဝန်တွေကို လက်လွတ်ဆုံးရှုံးသွားနိုင်တယ်။ တစ်ချိန်တည်းမှာ “ယေဟောဝါ၊ ကျွန်တော်/ကျွန်မကတော့ ကိုယ်တော့်စကားနားမထောင်ဖို့ တမင်တကာရွေးချယ်လိုက်ပြီ။ ဒါပေမဲ့ ကျွန်တော်/ကျွန်မကို တစ်နည်းနည်းနဲ့ ကောင်းချီးပေးပါ” လို့ ဆုတောင်းပြီး ကောင်းချီးရဖို့ မျှော်လင့်တာက ရှေ့နောက်မညီတဲ့လုပ်ရပ်ပဲ။

အကောင်းဆုံးကို ကောင်းကင်ခမည်းတော်သိ

၈။ အိမ်ထောင်မင်္ဂလာနဲ့ပတ်သက်တဲ့ ဘုရားသခင့်လမ်းညွှန်ချက်တွေကို ဘာကြောင့် လိုက်နာသင့်သလဲ။

စက်တစ်ခုကို တီထွင်တဲ့သူက အဲဒီစက်ရဲ့လုပ်ဆောင်ပုံကို သိတယ်။ စက်ကိုနည်းမှန်လမ်းကျ ဘယ်လိုတပ်ဆင်ရမယ်ဆိုတာ တခြားသူတွေကို သူ လမ်းညွှန်နိုင်တယ်။ ကျွန်ုပ်တို့က လမ်းညွှန်ကိုမကြည့်ဘဲ ကိုယ်ကြိုက်သလို တပ်ဆင်မယ်ဆိုရင် ဘာဖြစ်သွားမလဲ။ ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့က ပျော်ရွှင်ချမ်းမြေ့တဲ့အိမ်ထောင်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အိမ်ထောင်မင်္ဂလာကိုအစပြုရှင် ယေဟောဝါပေးတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာရမယ်။

၉။ ယေဟောဝါက အိမ်ထောင်မင်္ဂလာဆုကျေးဇူးကို ဘာကြောင့်ပေးခဲ့တာလဲ။

လူသားတွေအကြောင်း၊ အိမ်ထောင်မင်္ဂလာအကြောင်း ယေဟောဝါ ဂဃနဏသိတယ်။ ကိုယ်တော်က လူသားတွေကို “များပြားစွာမွေးဖွား” စေလိုတဲ့အတွက် လိင်ဆက်ဆံဖို့လိုအပ်ချက်ကို ထည့်သွင်းပေးခဲ့တယ်။ (က. ၁:၂၈) ယေဟောဝါက ဧဝကိုမဖန်ဆင်းခင်မှာ “ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း၊ သူနှင့်တော်သောအထောက်အမကို သူ့ဖို့ငါလုပ်ဦးမည်” လို့ပြောခဲ့တယ်။ (က. ၂:၁၈) ယေဟောဝါက အိမ်ထောင်သည်တွေကို ပျော်ရွှင်စေချင်တယ်။—သုတ္တံ ၅:၁၅-၁၈ ကိုဖတ်ပါ။

၁၀။ အိမ်ထောင်သည်မောင်နှံစုံတွေက သူတို့နှစ်ဦးတည်းနဲ့ပဲသက်ဆိုင်တဲ့ အရင်းနှီးဆုံး အရေးကိစ္စမှာတောင် ယေဟောဝါစိတ်တော်နဲ့တွေ့ဖို့ ဘယ်လိုလုပ်ဆောင်နိုင်သလဲ။

၁၀ လူတိုင်းက အပြစ်နဲ့မစုံလင်မှုကို အမွေခံထားရလို့ ဘယ်အိမ်ထောင်ကမှ ပြီးပြည့်စုံတဲ့အိမ်ထောင် မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့ကျေးကျွန်တွေက သူတို့ရဲ့ဘဝကဏ္ဍတိုင်းမှာ ဘုရားသခင့်တရားစကားတော်အတိုင်း လိုက်လျှောက်မယ်ဆိုရင် စစ်မှန်တဲ့ပျော်ရွှင်မှုကို ရရှိနိုင်ပါတယ်။ ဥပမာ၊ ပေါလုက အိမ်ထောင်မှာ လိင်ဆက်ဆံခြင်းနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့ညွှန်ကြားချက် ပေးခဲ့တယ်။ (၁ ကောရိန္သု ၇:၁-၅ ကိုဖတ်ပါ။) အိမ်ထောင်သည်တွေ လိင်ဆက်ဆံကြတာက သားသမီးရဖို့အတွက်ပဲလို့ ကျမ်းစာကမပြောဘူး။ ဒီရင်းနှီးမှုက သူတို့ရဲ့ စိတ်လှုပ်ရှားမှုနဲ့ ကိုယ်ကာယပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို တော်မှန်စွာ ဖြည့်ဆည်းပေးတယ်။ ဒါပေမဲ့ သဘာဝနဲ့ဆန့်ကျင်တဲ့ အမူအကျင့်တွေကိုတော့ ဘုရားသခင်မနှစ်သက်ဘူး။ သူတို့ဘဝရဲ့အရေးကြီးတဲ့ ဒီကဏ္ဍမှာ ခရစ်ယာန်ခင်ပွန်းသည်တွေနဲ့ ဇနီးသည်တွေဟာ တစ်ဦးကိုတစ်ဦး နူးညံ့သိမ်မွေ့စွာ ပြုမူဆက်ဆံခြင်းအားဖြင့် မေတ္တာစစ် ပြသရမယ်။

၁၁။ ယေဟောဝါအပေါ် သစ္စာရှိတဲ့အတွက် ရုသ ဘယ်လိုကောင်းချီးခံစားခဲ့ရသလဲ။

၁၁ အိမ်ထောင်က ပျော်ရွှင်ကြည်နူးမှုတွေနဲ့ လွှမ်းခြုံနေသင့်တယ်။ ခရစ်ယာန်အိမ်ထောင်တစ်ခုက ငြိမ်သက်အေးချမ်းတဲ့နားခိုရာတစ်ခု ဖြစ်သင့်တယ်။ လွန်ခဲ့တဲ့ နှစ် ၃,၀၀၀ ခန့်က ဖြစ်ပျက်ခဲ့ရာကို စဉ်းစားကြည့်ပါ။ သက်ကြီးအမျိုးသမီး နောမိနဲ့ သူ့ရဲ့ချွေးမတွေဖြစ်တဲ့ ဩရပနဲ့ရုသတို့ဟာ မုဆိုးမတွေဖြစ်တယ်။ မောဘပြည်ကနေ ယုဒပြည်ကိုသွားတဲ့ အပြန်လမ်းမှာ နောမိက ငယ်ရွယ်တဲ့အမျိုးသမီးနှစ်ဦးကို သူတို့ရဲ့လူမျိုးထံပြန်ကြဖို့ ပြောခဲ့တယ်။ ဒါပေမဲ့ ရုသက နောမိကိုထားရစ်ပြီး မောဘပြည်ကိုပြန်မယ့်အစား နောမိနဲ့အတူနေပြီး စစ်မှန်တဲ့ဘုရားသခင်ကို သစ္စာရှိရှိဆက်ဝတ်ပြုခဲ့တယ်။ သက်ကြီးအမျိုးသားဗောဇလည်းပဲ ယေဟောဝါကို သစ္စာရှိရှိဝတ်ပြုသူတစ်ဦးဖြစ်တယ်။ ဗောဇက ရုသကို “သင့်လုပ်ရပ်ကို ယေဟောဝါဆုချပါစေ။ အစ္စရေးလူမျိုးရဲ့ဘုရားသခင် ယေဟောဝါရဲ့အတောင်အောက်မှာ ခိုလှုံရာရှာတဲ့အတွက် သင့်ကို ပြည့်ဝစုံလင်တဲ့ဆု ပေးပါစေ” လို့ ပြောခဲ့တယ်။ (ရု. ၁:၉; ၂:၁၂ကဘ) ရုသက ဘုရားသခင်ပေးတဲ့ အိမ်ထောင်ဆုကျေးဇူးကို ကျေးဇူးတင်လေးမြတ်ကြောင်းဖော်ပြပြီး ဗောဇနဲ့လက်ထပ်ခဲ့တယ်။ ကမ္ဘာသစ်မှာ ရုသ ရှင်ပြန်ထမြောက်လာတဲ့အခါ ယေရှုခရစ်ရဲ့ဆွေစဉ်မျိုးဆက်ထဲမှာ သူပါဝင်ခွင့်ရခဲ့တယ်ဆိုတဲ့အကြောင်း သိရလို့ အရမ်းပျော်မှာပဲ။ (မ. ၁:၁၊ ၅၊ ၆; လု. ၃:၂၃၊ ၃၂) ရုသဟာ ယေဟောဝါအပေါ် သစ္စာရှိခဲ့တဲ့အတွက် ကြွယ်ဝတဲ့ကောင်းချီးတွေကို ရရှိခဲ့တယ်။

အောင်မြင်တဲ့အိမ်ထောင်အတွက် အကြံဉာဏ်ကောင်း

၁၂။ အိမ်ထောင်နဲ့ပတ်သက်တဲ့ အကြံဉာဏ်ကောင်းတွေကို ဘယ်နေရာမှာ ရှာတွေ့နိုင်သလဲ။

၁၂ အောင်မြင်တဲ့အိမ်ထောင်ဖြစ်ဖို့ ကျွန်ုပ်တို့သိထားရမယ့်အချက်တွေကို ဘုရားသခင်ပြောပြတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကိုယ်တော့်လောက် ဘယ်လူသားကမှ မသိနိုင်ဘူး။ သမ္မာကျမ်းစာတစ်ခုတည်းကသာ အိမ်ထောင်နဲ့ပတ်သက်ပြီး အမြဲတမ်းမှန်ကန်တဲ့ အကြံပြုချက်ကောင်းတွေကို ပေးနိုင်တယ်။ ဒါကြောင့် အကြံပေးသူတိုင်းက သူတို့ရဲ့အကြံဉာဏ်ကို သမ္မာကျမ်းစာရဲ့စံနှုန်းတွေအပေါ် အခြေခံရမယ်။ ဥပမာ၊ တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– “သင်တို့အသီးသီးသည် ကိုယ့်ကိုယ်ကိုယ် ချစ်သကဲ့သို့ ကိုယ့်ဇနီးကို ချစ်ကြလော့။ ဇနီးသည်လည်း မိမိ၏ခင်ပွန်းကို အလွန်ရိုသေသင့်၏။” (ဧ. ၅:၃၃) ရင့်ကျက်တဲ့ခရစ်ယာန်တွေဟာ သမ္မာကျမ်းစာမှာပါတဲ့ ဒီရှင်းလင်းတဲ့ညွှန်ကြားချက်ကို နားလည်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ ဒါကို လက်တွေ့ကျင့်သုံးကြမလား။ သူတို့က ဘုရားသခင်ပေးတဲ့ အိမ်ထောင်မင်္ဂလာဆုကျေးဇူးကို အမှန်ကျေးဇူးတင်လေးမြတ်ပြီး တန်ဖိုးထားတယ်ဆိုရင် အဲဒီအတိုင်း လုပ်ဆောင်ပါလိမ့်မယ်။ *

၁၃။ ခင်ပွန်းသည်က ၁ ပေတရု ၃:၇ မှာပါတဲ့ သွန်သင်ချက်ကို မလိုက်လျှောက်ဘူးဆိုရင် ဘာဖြစ်နိုင်သလဲ။

၁၃ ခရစ်ယာန်ခင်ပွန်းသည်က သူ့ရဲ့ဇနီးသည်ကို မေတ္တာပါပါပြုမူဆက်ဆံတယ်။ တမန်တော်ပေတရု ဒီလိုရေးခဲ့တယ်– “ခင်ပွန်းတို့ သင်တို့သည် မဟာကျေးဇူးတော်ကြောင့် ရရှိမည့်အသက်တာကို ဇနီးများနှင့်အတူ အမွေခံရမည်ဖြစ်၍ သာ၍အားနွဲ့သောတန်ဆာအဖြစ် သူတို့ကို ဂုဏ်တင်ကာ အသိပညာနှင့်အညီ အတူနေထိုင်ကြလော့။ သို့မှသာ သင်တို့၏ဆုတောင်းချက်များသည် အတားအဆီးရှိမည်မဟုတ်။” (၁ ပေ. ၃:၇) ခင်ပွန်းသည်က ဘုရားသခင့်လမ်းညွှန်ချက်ကို မလိုက်နာဘူးဆိုရင် သူ့ရဲ့ဆုတောင်းချက်တွေကို ယေဟောဝါနားထောင်မှာ မဟုတ်ဘူး။ အိမ်ထောင်ဖက်နှစ်ဦးစလုံးနဲ့ ယေဟောဝါကြားမှာရှိတဲ့ ဆက်ဆံရေးကို ထိခိုက်သွားနိုင်တယ်။ ဒါက သူတို့နှစ်ဦးကို အကြီးအကျယ် စိတ်ဖိစီးမှုဖြစ်စေနိုင်တယ်၊ အကြီးအကျယ်စကားများပြီး တစ်ဦးကိုတစ်ဦး ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတဲ့အထိ ဖြစ်စေနိုင်တယ်။

၁၄။ မေတ္တာပြည့်ဝတဲ့ ဇနီးသည်တစ်ဦးက သူ့ရဲ့အိမ်ထောင်အတွက် ကောင်းတဲ့ဘယ်အရာတွေကို လုပ်ဆောင်နိုင်သလဲ။

၁၄ ကျမ်းစာအကြံဉာဏ်အတိုင်း လိုက်လျှောက်ပြီး ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်ရဲ့ လမ်းညွှန်မှုကိုခံယူတဲ့ ဇနီးသည်တစ်ဦးဟာ သူ့ရဲ့အိမ်ထောင်မှာ ငြိမ်သက်အေးချမ်းပြီး ပျော်ရွှင်မှုရှိဖို့ များစွာလုပ်ဆောင်နိုင်ပါတယ်။ ခရစ်ယာန်ခင်ပွန်းတစ်ဦးဟာ သူ့ရဲ့ဇနီးကိုချစ်မြတ်နိုးပြီး ကာကွယ်ပေးလိုတာက သဘာဝကျပါတယ်။ ခရစ်ယာန်ဇနီးသည်ကလည်း ချစ်ခင်ယုယမှု ခံယူချင်တဲ့အတွက် သူ့ခင်ပွန်း သူ့ကိုပိုချစ်ခင်တွယ်တာစေမယ့် အရည်အသွေးတွေကို တင်ပြတယ်။ “ပညာရှိသောမိန်းမသည် မိမိအိမ်ကိုတည်ဆောက်တတ်၏။ မိုက်သောမိန်းမမူကား ကိုယ်လက်နှင့်ဖြိုဖျက်တတ်၏” လို့ သုတ္တံ ၁၄:၁ မှာဖော်ပြထားတယ်။ ပညာရှိပြီး မေတ္တာပြည့်ဝတဲ့ ဇနီးသည်ဟာ သူ့မိသားစုအောင်မြင်ဖို့၊ ပျော်ရွှင်ဖို့အတွက် များစွာလုပ်ဆောင်တယ်။ သူဟာ ဘုရားသခင်ပေးတဲ့ အိမ်ထောင်မင်္ဂလာဆုကျေးဇူးကို တကယ်ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြတယ်။

၁၅။ ဧဖက် ၅:၂၂-၂၅ မှာ ဘယ်သွန်သင်ချက်ကို တွေ့ရသလဲ။

၁၅ ခင်ပွန်းသည်တွေနဲ့ ဇနီးသည်တွေဟာ အသင်းတော်ကို ယေရှုဆက်ဆံပုံကို တုပခြင်းအားဖြင့် ဘုရားသခင်ပေးတဲ့ အိမ်ထောင်မင်္ဂလာဆုကျေးဇူးကို တန်ဖိုးထားကြောင်း တင်ပြကြတယ်။ သူတို့က တစ်ဦးကိုတစ်ဦးချစ်ပြီး လေးစားကြောင်း ဖော်ပြကြတယ်။ (ဧဖက် ၅:၂၂-၂၅ ကိုဖတ်ပါ။) တစ်ဦးကိုတစ်ဦး နှစ်နှစ်ကာကာချစ်တဲ့ အိမ်ထောင်သည်တွေဟာ နှိမ့်ချမှုရှိပြီး သူတို့ရဲ့အိမ်ထောင်ကို ထိခိုက်စေနိုင်တဲ့အရာတွေဖြစ်တဲ့ တစ်ယောက်ကိုတစ်ယောက် မခေါ်မပြောဘဲနေတာ ဒါမှမဟုတ် မကောင်းတဲ့တခြားအကျင့်တွေ ကျင့်ကြံပြုမူတာမျိုး မလုပ်ကြဘူး။ အဲဒီလိုမျိုး ဇနီးမောင်နှံတွေကို ယေဟောဝါ ကောင်းချီးပေးတယ်။

သူတို့ကို မည်သူမျှမခွဲမခွာစေနှင့်

၁၆။ ခရစ်ယာန်တချို့ ဘာကြောင့် တစ်ကိုယ်ရေဘဝနဲ့ နေကြသလဲ။

၁၆ လူအများစုမှာ တစ်နေ့ကျရင် အိမ်ထောင်ပြုမယ်ဆိုတဲ့ စိတ်ကူးရှိကြတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ကျေးကျွန်တချို့က ယေဟောဝါနှစ်သက်တဲ့ အိမ်ထောင်ဖက်ကို ရှာမတွေ့လို့ ဒါမှမဟုတ် အကြိုက်မတွေ့လို့ တစ်ကိုယ်ရေဘဝနဲ့ နေကြတယ်။ အိမ်ထောင်ပြုဖို့မလိုဘူးလို့ ယူဆတဲ့သူတွေလည်း ရှိတယ်။ တစ်ကိုယ်ရေခရစ်ယာန်တွေက ယေဟောဝါရဲ့လုပ်ငန်းတော်မှာ အချိန်များစွာပိုပါဝင်နိုင်ပြီး တစ်ကိုယ်ရေဘဝရဲ့ ကျေနပ်ပျော်ရွှင်မှုတွေကို ခံစားရနိုင်ပါတယ်။—မ. ၁၉:၁၀-၁၂; ၁ ကော. ၇:၁၊ ၆၊ ၇၊ ၁၇

၁၇။ (က) အိမ်ထောင်မင်္ဂလာနဲ့ပတ်သက်ပြီး ယေရှု ဘာပြောခဲ့သလဲ။ (ခ) ခရစ်ယာန်တစ်ဦးက တခြားသူရဲ့အိမ်ထောင်ဖက်ကို စပြီး စွဲလမ်းတပ်မက်လာပြီဆိုရင် ချက်ချင်း ဘာလုပ်သင့်သလဲ။

၁၇ တစ်ကိုယ်ရေဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ ကျွန်ုပ်တို့အားလုံးက ယေရှုပြောခဲ့တာကို သတိရဖို့လိုတယ်– “အစအဦး၌ ဖန်ဆင်းတော်မူသောအရှင်သည် ယောက်ျားနှင့် မိန်းမကို ဖန်ဆင်းတော်မူကြောင်း သင်တို့ မဖတ်ဖူးသလော။ ‘ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကိုစွန့်ခွာ၍ မယားနှင့်စုံဖက်သဖြင့် ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်’ ဟုမိန့်တော်မူကြောင်းကိုလည်း မဖတ်ဖူးသလော။ သို့ဖြစ်၍ သူတို့သည် နှစ်ဦးမဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်းဖြစ်ကြ၏။ ထို့ကြောင့် ဘုရားသခင်တွဲဖက်ထားသူတို့ကို မည်သူမျှ မခွဲမခွာစေနှင့်။” (မ. ၁၉:၄-၆) တခြားသူရဲ့အိမ်ထောင်ဖက်ကို စွဲလမ်းတပ်မက်တာက အပြစ်ဖြစ်တယ်။ (တရား. ၅:၂၁) ခရစ်ယာန်တစ်ဦးမှာ အဲဒီလိုစိတ်ဆန္ဒ စပေါ်လာပြီဆိုရင် သူ ဒါမှမဟုတ် သူမဟာ အဲဒီမသန့်ရှင်းတဲ့ဆန္ဒကို စိတ်ထဲကနေ အမြစ်ပါမကျန် ချက်ချင်းဖျောက်ဖျက်သင့်တယ်။ အကယ်၍ ခရစ်ယာန်တစ်ဦးမှာ ဒီအတ္တဆန်တဲ့စိတ်ဆန္ဒ ပြင်းပြလာတဲ့အတွက် ဒါကိုဖျောက်ဖျက်ဖို့ နာကျင်ကြေကွဲရတယ်ဆိုရင်တောင် အဲဒီလိုလုပ်ရမယ်။ (မ. ၅:၂၇-၃၀) ဒီအတွေးအခေါ်ကို ပြုပြင်ဖို့နဲ့ အပြစ်ရှိတဲ့ဆန္ဒကို ဖျောက်ဖျက်ပစ်ဖို့ အရမ်းအရေးကြီးပါတယ်။—ယေ. ၁၇:၉

၁၈။ ဘုရားသခင်ပေးတဲ့ အိမ်ထောင်မင်္ဂလာဆုကျေးဇူးကို ဘယ်လိုယူမှတ်သင့်သလဲ။

၁၈ ယေဟောဝါဘုရားသခင်နဲ့ ကိုယ်တော်ပေးတဲ့ အိမ်ထောင်မင်္ဂလာဆုကျေးဇူးအကြောင်း နည်းနည်းပဲသိထားသူ ဒါမှမဟုတ် နည်းနည်းမှမသိတဲ့သူတွေတောင် အိမ်ထောင်ကို အတော်အတန် တန်ဖိုးထားကြတယ်။ ကျွန်ုပ်တို့ကော။ “ပျော်ရွှင်သောဘုရားသခင်” ယေဟောဝါကို အပ်နှံထားတဲ့ကျေးကျွန်တွေအနေနဲ့ ကျွန်ုပ်တို့ရဲ့အသက်ရှင်နေထိုင်ပုံအားဖြင့် ဘုရားသခင်ပေးတဲ့ အိမ်ထောင်မင်္ဂလာဆုကျေးဇူးကို အမှန်တကယ် တန်ဖိုးထားလေးမြတ်ကြောင်း ဝမ်းမြောက်ဝမ်းသာ ဖော်ပြကြတယ်။—၁ တိ. ၁:၁၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 အိမ်ထောင်နဲ့ပတ်သက်တဲ့ ထပ်ဆင့်အချက်အလက်တွေကို “ဘုရားသခင့်မေတ္တာတော်၌ တည်နေလော့” စာအုပ်ရဲ့ အခန်း ၁၀ နဲ့ ၁၁ ကိုကြည့်ပါ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

အောင်မြင်တဲ့အိမ်ထောင်က ယေဟောဝါကို ဂုဏ်တင်ပြီး မိသားစုကို အလွန်ပျော်ရွှင်စေ

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ဘုရားသခင်ပေးတဲ့ အိမ်ထောင်မင်္ဂလာဆုကျေးဇူးကို တန်ဖိုးထားလေးမြတ်ကြောင်း ရုသ တင်ပြခဲ့

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေဟောဝါပေးသနားတဲ့ အိမ်ထောင်မင်္ဂလာဆုကျေးဇူးကို အမှန်တန်ဖိုးထားလေးမြတ်ကြောင်း သင် ဖော်ပြသလား