မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့ ဘုန်းတော်ကို သင်ရောင်ပြန်ဟပ်နေသလား

ယေဟောဝါရဲ့ ဘုန်းတော်ကို သင်ရောင်ပြန်ဟပ်နေသလား

ယေဟောဝါရဲ့ ဘုန်းတော်ကို သင်ရောင်ပြန်ဟပ်နေသလား

‘ငါတို့ရှိသမျှသည် ကြေးမုံကဲ့သို့ ယေဟောဝါဘုရားသခင်၏ ဘုန်းတော်ကို ရောင်ပြန်ဟပ်ကြ၏။’—၂ ကော. ၃:၁၈

သင့်အဖြေက ဘာလဲ

ကျွန်ုပ်တို့က အပြစ်သားတွေဖြစ်နေပေမဲ့ ယေဟောဝါရဲ့ဘုန်းတော်ကို ဘာကြောင့် ရောင်ပြန်ဟပ်နိုင်ကြတာလဲ။

ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေနဲ့ အစည်းအဝေးတွေက ဘုရားသခင်ရဲ့ဘုန်းတော်ကို ရောင်ပြန်ဟပ်ဖို့ ဘယ်လိုကူညီပေးသလဲ။

ယေဟောဝါကို ကျွန်ုပ်တို့ ဘယ်လိုဆက်ပြီး ဂုဏ်တင်နိုင်သလဲ။

၁၊ ၂။ လူသားတွေက ယေဟောဝါရဲ့အရည်အသွေးတွေကို ဘာကြောင့် တုပနိုင်တာလဲ။

ကျွန်ုပ်တို့အားလုံးက တစ်နည်းမဟုတ်တစ်နည်းဆိုသလို မိဘတွေနဲ့ တူတတ်ကြပါတယ်။ ယောက်ျားလေးတစ်ယောက်ကို ‘မင်းအဖေနဲ့ချွတ်စွပ်ပဲ’ လို့ပြောတာ ဒါမှမဟုတ် မိန်းကလေးတစ်ယောက်ကို ‘အမေတူသမီးပဲ’ လို့ ပြောတာကို ကျွန်ုပ်တို့ ကြားဖူးပါလိမ့်မယ်။ ကလေးတွေက မိဘတွေလုပ်တဲ့အတိုင်း လိုက်လုပ်တတ်ကြတယ်။ ကျွန်ုပ်တို့ကော။ ကျွန်ုပ်တို့ရဲ့ကောင်းကင်ခမည်းတော် ယေဟောဝါကို တုပနိုင်သလား။ ယေဟောဝါကို ကျွန်ုပ်တို့ မမြင်ဖူးပေမဲ့ ကိုယ်တော်ဖန်ဆင်းထားရာတွေကိုကြည့်ပြီး ကိုယ်တော့် အံ့ဖွယ်အရည်အသွေးတွေအကြောင်း သင်ယူနိုင်ကြတယ်။ သမ္မာကျမ်းစာကိုလေ့လာခြင်း၊ ဖတ်ရှုခဲ့ရာတွေကို တွေးတောဆင်ခြင်ခြင်း၊ အထူးသဖြင့် ကိုယ်တော့်သားတော်ယေရှု ပြောခဲ့၊ လုပ်ခဲ့ရာတွေကို တွေးတောဆင်ခြင်ခြင်းအားဖြင့် ဘုရားသခင့်အရည်အသွေးတွေအကြောင်း သင်ယူနိုင်ပါတယ်။ (ယော. ၁:၁၈; ရော. ၁:၂၀) ဒါကြောင့် ကျွန်ုပ်တို့က ယေဟောဝါရဲ့အရည်အသွေးတွေကို တုပနိုင်ပြီး ဒီနည်းအားဖြင့် ကိုယ်တော့်ကို ရောင်ပြန်ဟပ်နိုင်ကြပါတယ်။

လူသားတွေကို မဖန်ဆင်းခင်ကတည်းက လူသားတွေဟာ ကိုယ်တော့်အလိုတော်ကို ထမ်းဆောင်နိုင်တယ်၊ ကိုယ်တော့်အရည်အသွေးတွေကို တုပနိုင်ပြီး ကိုယ်တော့်ဘုန်းတော်ကို ထင်ရှားစေနိုင်တယ်ဆိုတာ ဘုရားသခင်သိတယ်။ (ကမ္ဘာဦး ၁:၂၆၊ ၂၇ ကိုဖတ်ပါ။) ခရစ်ယာန်တွေအနေနဲ့ ကျွန်ုပ်တို့က ဘုရားသခင့်အရည်အသွေးတွေကို တုပလိုကြတယ်။ တုပတယ်ဆိုရင် ကျွန်ုပ်တို့မှာ ကိုယ်တော့်ဘုန်းတော်ကို ရောင်ပြန်ဟပ်နိုင်တဲ့ အခွင့်ထူးရရှိတယ်။ ကျွန်ုပ်တို့ရဲ့ ယဉ်ကျေးမှု၊ လူမျိုး၊ ပညာရေးနောက်ခံ ဘယ်လိုပဲရှိနေပါစေ ကျွန်ုပ်တို့က ဘုရားသခင့်ဘုန်းတော်ကို ရောင်ပြန်ဟပ်နိုင်ပါတယ်။ အကြောင်းကတော့ ‘ဘုရားသခင်သည် မျက်နှာလိုက်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ ဖြောင့်မတ်ခြင်းတရား ကျင့်သုံးသောသူကို နှစ်သက်လက်ခံတော်မူ၏။’—တ. ၁၀:၃၄၊ ၃၅

၃။ ကျွန်ုပ်တို့ ယေဟောဝါရဲ့အမှုတော်ဆောင်တဲ့အခါ ဘယ်လိုခံစားရသလဲ။

ဘိသိက်ခံခရစ်ယာန်တွေက ယေဟောဝါရဲ့ဘုန်းတော်ကို ရောင်ပြန်ဟပ်ကြတယ်။ ဘိသိက်ခံတစ်ဦးဖြစ်တဲ့ တမန်တော်ပေါလုက ‘ငါတို့ရှိသမျှသည် မျက်နှာကို မဖုံးအုပ်ထားဘဲ ကြေးမုံကဲ့သို့ ယေဟောဝါဘုရားသခင်၏ဘုန်းတော်ကို ရောင်ပြန်ဟပ်ကြ၏။ သို့ဖြင့် ငါတို့သည် ပုံသဏ္ဌာန်တော်နှင့်အညီ ဘုန်းအသရေတိုးပွားသည်ထက် တိုးပွားပြောင်းလဲ’ ကြတယ်လို့ ရေးခဲ့တယ်။ (၂ ကော. ၃:၁၈) ပညတ်တော်ဆယ်ပါးရေးထားတဲ့ ကျောက်ပြားတွေကိုကိုင်ပြီး သိနာတောင်ပေါ်ကနေ မောရှေ ဆင်းလာချိန်အကြောင်း ပေါလုပြောနေခြင်းဖြစ်တယ်။ ယေဟောဝါက မောရှေနဲ့စကားပြောခဲ့တဲ့အတွက် မောရှေရဲ့မျက်နှာကနေ အလင်းရောင်တွေ ဖြာထွက်နေတယ်။ (ထွ. ၃၄:၂၉၊ ၃၀) မောရှေကြုံခဲ့ရသလိုမျိုး ခရစ်ယာန်တွေ မကြုံဖူးကြဘူး၊ သူတို့ရဲ့မျက်နှာကို တခြားသူတွေကြည့်တဲ့အခါ အလင်းရောင်ဖြာထွက်နေတာကို မြင်ရမှာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့က ယေဟောဝါအကြောင်း၊ ကိုယ်တော့်အရည်အသွေးတွေအကြောင်းနဲ့ လူသားတွေအတွက် အံ့ဖွယ်ရည်ရွယ်ချက်အကြောင်းပြောတဲ့အခါ သူတို့ရဲ့မျက်နှာမှာ သူတို့ခံစားရတဲ့ ရွှင်လန်းမှုကို မြင်ရမှာဖြစ်တယ်။ ဒါကြောင့် ဘိသိက်ခံဖြစ်စေ၊ အခြားသိုးဖြစ်စေ သူတို့ရဲ့ဘဝအသက်တာနဲ့ အမှုဆောင်လုပ်ငန်းအားဖြင့် ကြေးမုံလိုပဲ ယေဟောဝါရဲ့ဘုန်းတော်ကို ရောင်ပြန်ဟပ်ကြတယ်။ (၂ ကော. ၄:၁) သင်ဟာ ကိုယ်တော်နှစ်သက်တဲ့နည်းအတိုင်း အသက်ရှင်ပြီး ဟောပြောခြင်းလုပ်ငန်းမှာ ပုံမှန်ပါဝင်ခြင်းအားဖြင့် ယေဟောဝါဘုန်းတော်ကို ရောင်ပြန်ဟပ်နေသလား။

ယေဟောဝါရဲ့ဘုန်းတော်ကို ရောင်ပြန်ဟပ်လိုကြ

၄၊ ၅။ (က) ပေါလုလိုပဲ ကျွန်ုပ်တို့လည်း ဘာကိုတွန်းလှန်နေရသလဲ။ (ခ) အပြစ်က လူသားတွေကို ဘယ်လိုထိခိုက်သလဲ။

ယေဟောဝါရဲ့ ကျေးကျွန်တွေအနေနဲ့ ကျွန်ုပ်တို့က လုပ်ကိုင်လေသမျှတိုင်းမှာ ကိုယ်တော့်ဘုန်းတော်ကို ရောင်ပြန်ဟပ်လိုကြတယ်။ ဒါပေမဲ့ တစ်ခါတလေ ကျွန်ုပ်တို့က မှန်ရာကိုလုပ်လိုစိတ်ရှိပေမဲ့ မှားတာကိုပဲ လုပ်မိတတ်ကြတယ်။ ပေါလုမှာလည်း အဲဒီပြဿနာရှိခဲ့တယ်။ (ရောမ ၇:၂၁-၂၅ ကိုဖတ်ပါ။) ကျွန်ုပ်တို့အားလုံး မှားယွင်းတဲ့အလိုဆန္ဒတွေကို တိုက်လှန်ရတဲ့အကြောင်း သူ ဒီလိုဖော်ပြခဲ့တယ်– “လူအပေါင်းတို့သည် ပြစ်မှား၍ ဘုရားသခင်၏ ဘုန်းတော်ကို မမီကြ။” (ရော. ၃:၂၃) အာဒံအပြစ်ပြုခဲ့တဲ့အတွက် လူသားအားလုံးက အပြစ်ရဲ့ကျေးကျွန်တွေအဖြစ် မွေးဖွားလာကြတယ်။ အဲဒီအပြစ်က လူသားတွေအပေါ် ရက်ရက်စက်စက်အုပ်ချုပ်နေတဲ့ အုပ်စိုးရှင်နဲ့တူတယ်။—ရော. ၅:၁၂; ၆:၁၂

အပြစ်ဆိုတာ ဘာလဲ။ ယေဟောဝါရဲ့အရည်အသွေးတွေ၊ ကိုယ်တော်နှစ်သက်ရာတွေ၊ ကျွန်ုပ်တို့ထံက ကိုယ်တော်တောင်းဆိုရာတွေနဲ့ ဆန့်ကျင်တဲ့အရာအားလုံးက အပြစ်ပဲ။ အပြစ်က လူတစ်ဦးနဲ့ဘုရားသခင်ကြားမှာရှိတဲ့ ဆက်ဆံရေးကို ထိခိုက်ပျက်စီးစေတယ်။ လေးသမားတစ်ဦးကို သူ့ရဲ့ပစ်မှတ်ကနေလွဲချော်သွားစေတဲ့ အရာတစ်ခုခုလိုပဲ အပြစ်က ဘုရားသခင့်ဘုန်းတော်ကို ရောင်ပြန်ဟပ်ရာမှာ အတားအဆီးဖြစ်စေတယ်။ တစ်ခါတလေ ကျွန်ုပ်တို့က တမင်တကာ အပြစ်လုပ်တတ်ကြတယ်။ မတော်တဆ အပြစ်လုပ်မိတဲ့ အချိန်တွေလည်းရှိတယ်။ (တော. ၁၅:၂၇-၃၁) အပြစ်က လူတွေအပေါ် အလွန်သြဇာလွှမ်းမိုးနိုင်စွမ်းရှိပြီး ဖန်ဆင်းရှင်ထံကနေ သူတို့ကို ဝေးကွာသွားစေနိုင်တယ်။ (ဆာ. ၅၁:၅; ဟေရှာ. ၅၉:၂; ကော. ၁:၂၁) လူအများစုက ဘုရားသခင်နဲ့ လုံးလုံးဝေးကွာတဲ့ ဘဝပုံစံနဲ့ အသက်ရှင်နေထိုင်ကြတယ်၊ ဒါကြောင့် ဘုရားသခင့်ဘုန်းတော်ကို ရောင်ပြန်ဟပ်နိုင်တဲ့ ထူးမြတ်တဲ့အခွင့်အရေးကို သူတို့ လက်လွတ်ဆုံးရှုံးကြရတယ်။ လူသားတွေကိုထိခိုက်တဲ့အရာတွေထဲမှာ အပြစ်ထက်ဆိုးတာ ဘာမှမရှိဘူး။

၆။ ကျွန်ုပ်တို့က အပြစ်သားတွေဖြစ်နေပေမဲ့ ဘုရားသခင့်ဘုန်းတော်ကို ဘာကြောင့် ရောင်ပြန်ဟပ်နိုင်သလဲ။

ကျွန်ုပ်တို့က အပြစ်ရှိအခြေအနေနဲ့ မွေးဖွားလာကြပေမဲ့ ယေဟောဝါက ကျွန်ုပ်တို့ကို မျှော်လင့်ချက်ပေးထားတယ်။ (ရော. ၁၅:၁၃) ယေဟောဝါက ယေရှုကို ရွေးနုတ်ဖိုးပူဇော်ရာယဇ်အဖြစ် ပေးခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်ကနေလွတ်အောင် လုပ်ပေးခဲ့တယ်။ အဲဒီပူဇော်ရာယဇ်ကို ယုံကြည်ကြောင်းတင်ပြခြင်းအားဖြင့် ကျွန်ုပ်တို့ဟာ ‘အပြစ်တရား၏အစေခံများ’ မဟုတ်တော့ဘဲ ယေဟောဝါရဲ့ဘုန်းတော်ကို ရောင်ပြန်ဟပ်နိုင်ပြီး ကိုယ်တော့်မိတ်ဆွေ ဖြစ်နိုင်ကြတယ်။ (ရော. ၅:၁၉; ၆:၆; ယော. ၃:၁၆) ကျွန်ုပ်တို့က ဘုရားသခင့်မိတ်ဆွေ ဆက်ဖြစ်သွားမယ်ဆိုရင် အခုအချိန်မှာ ယေဟောဝါရဲ့ကောင်းချီးတွေကို ခံစားရမယ်။ အနာဂတ်မှာလည်း စုံလင်မှုနဲ့အတူ ထာဝရအသက်ရရှိမယ်။ ကျွန်ုပ်တို့က အပြစ်သားတွေဖြစ်နေတာတောင်မှ ဘုရားသခင့်ဘုန်းတော်ကို ရောင်ပြန်ဟပ်နိုင်သူတွေအဖြစ် ကျွန်ုပ်တို့ကို ကိုယ်တော် ရှုမြင်တာက တကယ်ဂုဏ်ယူစရာပါပဲ။

ဘုရားသခင့်ဘုန်းတော်ကို ရောင်ပြန်ဟပ်ခြင်း

၇။ ကျွန်ုပ်တို့က ဘုရားသခင့်ဘုန်းတော်ကို ရောင်ပြန်ဟပ်ချင်တယ်ဆိုရင် ဘာလုပ်ဖို့လိုသလဲ။

အပြစ်သားတွေဖြစ်တဲ့ လူသားတွေအနေနဲ့ ကျွန်ုပ်တို့အားလုံးမှာ အားနည်းချက်ကိုယ်စီရှိကြတယ်။ ကျွန်ုပ်တို့က ဘုရားသခင့်ဘုန်းတော်ကို ရောင်ပြန်ဟပ်လိုတယ်ဆိုရင် ကျွန်ုပ်တို့တစ်ဦးစီက ကိုယ့်ရဲ့အားနည်းချက်ကို သိဖို့လိုတယ်။ (၆ ရာ. ၆:၃၆) ကျွန်ုပ်တို့မှာ အားနည်းချက်တွေရှိတယ်၊ ဘုရားသခင့်ဘုန်းတော်ကို ရောင်ပြန်ဟပ်နိုင်ဖို့အတွက် အဲဒီအားနည်းချက်တွေနဲ့ တိုက်လှန်နေရတယ်ဆိုတာ ဝန်ခံဖို့လိုတယ်။ ဥပမာ၊ ကျွန်ုပ်တို့က ညစ်ညမ်းရုပ်ပုံစာပေကိုကြည့်တဲ့ အပြစ်လုပ်မိတယ်ဆိုရင် အကြီးအကဲတွေထံ ဝန်ခံပြီး အကူအညီတောင်းရမယ်။ (ယာ. ၅:၁၄၊ ၁၅) ဘုရားသခင့်ဘုန်းတော်ကို အမှန်တကယ် ရောင်ပြန်ဟပ်ချင်တယ်ဆိုရင် ဒါက ကျွန်ုပ်တို့လုပ်သင့်တဲ့ ဦးဆုံးအရာဖြစ်တယ်။ ကျွန်ုပ်တို့က ယေဟောဝါတောင်းဆိုတဲ့နည်းအတိုင်း အသက်ရှင်နေထိုင်ကြောင်း အမြဲသေချာစေရမယ်။ (သု. ၂၈:၁၈; ၁ ကော. ၁၀:၁၂) ကျွန်ုပ်တို့ရဲ့အားနည်းချက်က ဘာပဲဖြစ်နေပါစေ အဲဒီအားနည်းချက်တွေကို တိုက်လှန်ဖို့ မပြတ်ကြိုးစားရမယ်၊ ဒါမှသာ ကျွန်ုပ်တို့က ဘုရားသခင့်ဘုန်းတော်ကို ရောင်ပြန်ဟပ်နိုင်မယ်။

၈။ ကျွန်ုပ်တို့က မစုံလင်ကြပေမဲ့ ဘာလုပ်သင့်သလဲ။

ယေရှုက ဘုရားသခင်နှစ်သက်ရာကို အမြဲလုပ်ပြီး ဘုရားသခင့်ဘုန်းတော်ကို အပြည့်အဝရောင်ပြန်ဟပ်ခဲ့တဲ့ တစ်ဦးတည်းသောလူသားဖြစ်တယ်။ ကျွန်ုပ်တို့က ယေရှုလို စုံလင်သူမဟုတ်ပေမဲ့ ကိုယ်တော့်ပုံသက်သေကိုတုပဖို့ ကြိုးစားသင့်တယ်။ (၁ ပေ. ၂:၂၁) ယေဟောဝါဘုန်းတော်ကို ရောင်ပြန်ဟပ်ဖို့ကြိုးစားရာမှာ ကျွန်ုပ်တို့ရဲ့တိုးတက်မှုတွေကိုသာမက ကြိုးစားအားထုတ်မှုတွေကိုပါ ကိုယ်တော်မြင်တယ်၊ အဲဒီလိုကြိုးစားတာကို ကိုယ်တော်ကောင်းချီးပေးတယ်။

၉။ ဘုရားသခင့်ဘုန်းတော်ကို ပိုကောင်းတဲ့နည်းနဲ့ ရောင်ပြန်ဟပ်နိုင်ဖို့ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဘယ်လိုကူညီပေးသလဲ။

ကျွန်ုပ်တို့ ဘုရားသခင့်ဘုန်းတော်ကို ပိုကောင်းတဲ့နည်းနဲ့ ရောင်ပြန်ဟပ်နိုင်ပုံကိုသိဖို့ သမ္မာကျမ်းစာက ကူညီပေးနိုင်တယ်။ ကျမ်းစာကိုကောင်းစွာလေ့လာပြီး ကျမ်းစာပြောဆိုရာတွေကို တွေးတောဆင်ခြင်ဖို့လိုတယ်။ (ဆာ. ၁:၁-၃) ကျွန်ုပ်တို့ သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုတဲ့အခါ ပိုပြီးခရစ်ယာန်ပီသလာဖို့ ဘယ်အရာတွေကို ပြုပြင်ပြောင်းလဲရမယ်ဆိုတာ သိရတယ်။ (ယာကုပ် ၁:၂၂-၂၅ ကိုဖတ်ပါ။) သမ္မာကျမ်းစာကနေ သင်ယူသိရှိရာတွေက ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေတယ်။ ဒါ့အပြင် ကြီးလေးတဲ့အပြစ် မလုပ်ဖို့နဲ့ ယေဟောဝါရဲ့စိတ်တော်ကို ကျေနပ်စေမယ်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ဆုံးဖြတ်ချက်ကိုလည်း ပိုခိုင်မာစေပါတယ်။—ဆာ. ၁၁၉:၁၁၊ ၄၇၊ ၄၈

၁၀။ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ပိုပြီးကောင်းစွာလုပ်ဆောင်နိုင်ဖို့ ဆုတောင်းခြင်းက ကျွန်ုပ်တို့ကို ဘယ်လိုကူညီပေးနိုင်သလဲ။

၁၀ ကျွန်ုပ်တို့က ဘုရားသခင့်ဘုန်းတော်ကို ရောင်ပြန်ဟပ်လိုတယ်ဆိုရင် “ဆုတောင်းခြင်း၌ စွဲမြဲ” နေဖို့လည်း လိုတယ်။ (ရော. ၁၂:၁၂) ယေဟောဝါနှစ်သက်လက်ခံတဲ့နည်းနဲ့ ဝတ်ပြုနိုင်ဖို့ ကူညီပေးပါလို့ ဆုတောင်းသင့်တယ်။ သန့်ရှင်းသောစွမ်းအားတော်ပေးဖို့၊ ယုံကြည်ခြင်းတိုးများစေဖို့၊ စုံစမ်းသွေးဆောင်မှုတွေကို ခုခံတွန်းလှန်နိုင်တဲ့ ခွန်အားပေးဖို့ ဆုတောင်းနိုင်တယ်။ ကျမ်းစာသင်ပေးရာမှာ အရည်အချင်းရှိတဲ့သွန်သင်သူတွေဖြစ်ဖို့ ကူညီပေးပါလို့လည်း တောင်းနိုင်တယ်။ (မ. ၆:၁၃; လု. ၁၁:၁၃; ၁၇:၅; ၂ တိ. ၂:၁၅) ကလေးတစ်ဦး ဖခင်ကိုအားကိုးသလို ကျွန်ုပ်တို့က ကောင်းကင်ခမည်းတော် ယေဟောဝါကို မှီခိုအားကိုးဖို့လိုတယ်။ ကိုယ်တော့်အမှုတော်ကို ပိုပြီးထမ်းဆောင်နိုင်ဖို့ ကူညီပေးပါလို့ ဆုတောင်းမယ်ဆိုရင် တောင်းတဲ့အတိုင်းပေးမယ်ဆိုတာကို ယုံကြည်စိတ်ချနိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေက ယေဟောဝါအတွက် အနှောင့်အယှက်ဖြစ်စေတယ်လို့ ဘယ်တော့မှမခံစားသင့်ဘူး။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေအားဖြင့် ကိုယ်တော့်ကိုချီးမွမ်းကြစို့၊ ကျေးဇူးတင်ကြစို့၊ အထူးသဖြင့် ခက်ခဲတဲ့အခြေအနေတွေမှာ ကိုယ်တော်ရဲ့လမ်းညွှန်မှုကို တောင်းခံကြစို့။ ကိုယ်တော့်ဘုန်းတော်ကို ထင်ရှားစေရာမှာ ကျွန်ုပ်တို့ကို ကူညီပေးဖို့လည်း ယေဟောဝါထံ ဆုတောင်းနိုင်ပါတယ်။—ဆာ. ၈၆:၁၂; ယာ. ၁:၅-၇

၁၁။ ဘုရားသခင့်ဘုန်းတော်ကို ရောင်ပြန်ဟပ်ရာမှာ ကျွန်ုပ်တို့ရဲ့အစည်းအဝေးတွေက ဘယ်လို ကူညီပေးသလဲ။

၁၁ ဘုရားသခင်က သူ့ရဲ့အဖိုးတန်သိုးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ “သစ္စာနှင့် သတိပညာရှိသောကျွန်” ကို တာဝန်ပေးခဲ့တယ်။ (မ. ၂၄:၄၅-၄၇; ဆာ. ၁၀၀:၃) သစ္စာရှိကျွန်အတန်းအစားက ကျွန်ုပ်တို့အားလုံး ယေဟောဝါရဲ့ဘုန်းတော်ကို ရောင်ပြန်ဟပ်နိုင်ဖို့ ကူညီပေးချင်တယ်။ ရောင်ပြန်ဟပ်နိုင်ဖို့ ကူညီပေးတဲ့နည်းတစ်နည်းကတော့ အစည်းအဝေးတွေအားဖြင့် ဖြစ်တယ်။ စက်ချုပ်သမားက ကျွန်ုပ်တို့ရဲ့အင်္ကျီကိုကြည့်ပြီး လိုတဲ့နေရာကိုပြုပြင်ပေးတဲ့အတွက် ကျွန်ုပ်တို့ရဲ့အသွင်အပြင် ပိုကြည့်ကောင်းလာသလိုပဲ အစည်းအဝေးတွေက ကျွန်ုပ်တို့ရဲ့ဘဝမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့၊ ကျွန်ုပ်တို့ရဲ့ခရစ်ယာန်အရည်အသွေးတွေကို တိုးတက်စေဖို့ ကူညီပေးတယ်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ဒါကြောင့် အစည်းအဝေးတွေကို အချိန်မီရောက်သင့်တယ်။ အစည်းအဝေးကို နောက်ကျပြီးရောက်တဲ့အကျင့်ရှိတယ်ဆိုရင် အစည်းအဝေးကနေ ကျွန်ုပ်တို့ အကျိုးအပြည့်အဝရနိုင်မှာ မဟုတ်ဘူး။

ဘုရားသခင်ကို တုပကြစို့

၁၂။ ကျွန်ုပ်တို့ ဘုရားသခင်ကို ဘယ်လိုတုပနိုင်သလဲ။

၁၂ ကျွန်ုပ်တို့က “ဘုရားသခင်ကို တုပ” မှသာ ယေဟောဝါရဲ့ဘုန်းတော်ကို ရောင်ပြန်ဟပ်နိုင်မယ်။ (ဧ. ၅:၁) ယေဟောဝါကို တုပနိုင်တဲ့နည်းတစ်နည်းကတော့ ကိုယ်တော်စဉ်းစားသလို စဉ်းစားတတ်ဖို့ သင်ယူခြင်းဖြစ်တယ်။ ကျွန်ုပ်တို့က ကိစ္စရပ်တွေကို ဘုရားသခင်စဉ်းစားပုံအတိုင်းမဟုတ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းဖို့ ကြိုးစားခြင်းက ဘုရားသခင့်ဂုဏ်တော်ကို ညှိုးနွမ်းစေပြီး ကျွန်ုပ်တို့ကို ထိခိုက်ပျက်စီးစေတယ်။ ကျွန်ုပ်တို့က စာတန့်လောကမှာ နေထိုင်တဲ့အတွက် ယေဟောဝါ ရွံမုန်းတဲ့အရာတွေကို မုန်းပြီး ယေဟောဝါနှစ်သက်တဲ့အရာတွေကို ချစ်ဖို့ကြိုးစားရမယ်။ (ဆာ. ၉၇:၁၀; ၁ ယော. ၅:၁၉) ဘုရားသခင်ကို မှန်ကန်စွာဝတ်ပြုနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက အရာရာတိုင်းကို ကိုယ်တော့်ဘုန်းတော်အတွက် လုပ်ဆောင်ခြင်းဖြစ်တယ်ဆိုတဲ့အချက်ကို ကျွန်ုပ်တို့ အကြွင်းမဲ့ယုံကြည်စိတ်ချသင့်တယ်။—၁ ကောရိန္သု ၁၀:၃၁ ကိုဖတ်ပါ။

၁၃။ ကျွန်ုပ်တို့က အပြစ်ကို ဘာကြောင့်ရွံမုန်းရမလဲ။ အပြစ်ကိုရွံမုန်းတယ်ဆိုရင် ဘာလုပ်မလဲ။

၁၃ အပြစ်ကို ယေဟောဝါရွံမုန်းတဲ့အတွက် ကျွန်ုပ်တို့လည်း အပြစ်ကိုရွံမုန်းသင့်တယ်။ ကျွန်ုပ်တို့က အပြစ်ကိုရွံမုန်းတယ်ဆိုရင် အပြစ်ပြုမိစေနိုင်တဲ့အရာမှန်သမျှကနေ အတတ်နိုင်ဆုံး ဝေးဝေးရှောင်ပါလိမ့်မယ်။ ဥပမာ၊ ကျွန်ုပ်တို့က အယူဖောက်ပြန်မှုကို ဝေးဝေးရှောင်ရမယ်။ အယူဖောက်ပြန်သူတွေက ဘုရားသခင်ကို ဂုဏ်မတင်ကြတော့ဘူး။ (တရား. ၁၃:၆-၉) ဒါကြောင့် အယူဖောက်ပြန်သူတွေ ဒါမှမဟုတ် ညီအစ်ကိုပါလို့ပြောပြီး ဘုရားသခင့်နာမကို ကဲ့ရဲ့ရှုတ်ချစရာဖြစ်အောင်လုပ်တဲ့ ဘယ်သူ့ကိုမဆို လုံးလုံးရှောင်သင့်တယ်။ အဲဒီလိုလူတွေက ကျွန်ုပ်တို့ရဲ့မိသားစုဝင်တွေ ဖြစ်တယ်ဆိုရင်တောင် သူတို့ကို ရှောင်သင့်တယ်။ (၁ ကော. ၅:၁၁) အယူဖောက်ပြန်သူတွေနဲ့ ယေဟောဝါရဲ့အဖွဲ့အစည်းကို ပြစ်တင်ဝေဖန်သူတွေ မှားတယ်ဆိုတာ သက်သေပြဖို့ ကြိုးစားတာက ဘာအကျိုးမှမရှိဘူး။ စာပေတွေမှာ၊ အင်တာနက်မှာ သူတို့ ဘာတွေပြောထားတယ်ဆိုတာကို သိချင်စိတ်တောင် မရှိသင့်ဘူး၊ အကြောင်းကတော့ အဲဒါတွေက ယေဟောဝါနဲ့ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ထိခိုက်ပျက်စီးစေနိုင်လို့ပဲ။—ဟေရှာယ ၅:၂၀; မဿဲ ၇:၆ တို့ကိုဖတ်ပါ။

၁၄။ ယေဟောဝါကို တုပနိုင်တဲ့ အရေးကြီးဆုံးနည်းတွေထဲက တစ်ခုက ဘာလဲ။ ဘာကြောင့်လဲ။

၁၄ ယေဟောဝါကိုတုပနိုင်တဲ့ အကောင်းဆုံးနည်းတစ်နည်းကတော့ မေတ္တာပြခြင်းဖြစ်တယ်။ (၁ ယော. ၄:၁၆-၁၉) ကျွန်ုပ်တို့အချင်းချင်းကြားမှာရှိတဲ့ မေတ္တာက ကျွန်ုပ်တို့ဟာ ယေရှုရဲ့တပည့်တွေ၊ ယေဟောဝါရဲ့ကျေးကျွန်တွေဖြစ်ကြောင်း ဖော်ပြတယ်။ (ယော. ၁၃:၃၄၊ ၃၅) ကျွန်ုပ်တို့က မစုံလင်ကြလို့ တစ်ခါတစ်ရံမှာ မေတ္တာပြဖို့ အခက်တွေ့နိုင်တယ်။ ဒါပေမဲ့ အချိန်တိုင်းမှာ မေတ္တာပြတတ်ဖို့ ကြိုးစားရမယ်။ မေတ္တာနဲ့ တခြားခရစ်ယာန်အရည်အသွေးတွေကို တင်ပြဖို့ကြိုးစားအားထုတ်ခြင်းက အပြစ်မပြုဖို့နဲ့ မစာမနာမပြုမူမိဖို့ ကူညီပေးတယ်။—၂ ပေ. ၁:၅-၇

၁၅။ ကျွန်ုပ်တို့က တခြားသူတွေကိုချစ်တယ်ဆိုရင် သူတို့ကို ဘယ်လိုပြုမူဆက်ဆံမလဲ။

၁၅ မေတ္တာက တခြားသူတွေကို ကောင်းမှုပြုဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးတယ်။ (ရော. ၁၃:၈-၁၀) ဥပမာ၊ လင်နဲ့မယားက တစ်ဦးကိုတစ်ဦး ချစ်ကြတယ်ဆိုရင် သူတို့ဟာ အမြဲတမ်း အပြန်အလှန် သစ္စာရှိမှာပဲ။ ကျွန်ုပ်တို့က အကြီးအကဲတွေကို ချစ်ပြီး သူတို့ရဲ့အလုပ်ကိုလေးစားတယ်ဆိုရင် နာခံမှုပြပြီး လက်အောက်ခံသွားမှာဖြစ်တယ်။ မိဘကိုချစ်တဲ့ကလေးတွေဟာ မိဘစကားကိုနားထောင်ပြီး ရိုသေလေးစားကြတယ်၊ မိဘအကြောင်း မကောင်းပြောမှာမဟုတ်ဘူး။ ကျွန်ုပ်တို့ တခြားသူတွေကိုချစ်တယ်ဆိုရင် သူတို့က ကိုယ့်လောက်အရေးမပါဘူးလို့ စဉ်းစားမှာမဟုတ်ဘူး၊ ဒါမှမဟုတ် သူတို့ကို မခန့်လေးစားပုံစံမျိုးနဲ့ စကားပြောမှာလည်း မဟုတ်ဘူး။ (ယာ. ၃:၉) ဘုရားသခင့်သိုးတော်စုကိုချစ်တဲ့ အကြီးအကဲတွေက သိုးတွေကို နူးညံ့သိမ်မွေ့စွာ ပြုမူဆက်ဆံတယ်။—တ. ၂၀:၂၈၊ ၂၉

၁၆။ ဟောပြောခြင်းလုပ်ငန်းမှာ မေတ္တာက ကျွန်ုပ်တို့ကို ဘယ်လိုကူညီပေးသလဲ။

၁၆ မေတ္တာက ကျွန်ုပ်တို့ရဲ့အမှုဆောင်လုပ်ငန်းမှာလည်း ပေါ်လွင်ထင်ရှားနေသင့်တယ်။ ယေဟောဝါကိုချစ်တဲ့ ကျွန်ုပ်တို့ရဲ့ကြီးမားတဲ့မေတ္တာကြောင့် ကျွန်ုပ်တို့ပြောတာကို လူတွေနားမထောင်တဲ့အခါ ဒါမှမဟုတ် စိတ်မဝင်စားတဲ့အခါ စိတ်ပျက်မှာမဟုတ်ဘူး။ အဲဒီအစား သတင်းကောင်းကို ဆက်ဟောပြောမှာဖြစ်တယ်။ ကျွန်ုပ်တို့က ဟောပြောခြင်းလုပ်ငန်းအတွက် ကောင်းစွာကြိုတင်ပြင်ဆင်ပြီး ဘုရားသခင့်တရားစကားတော်ကို ကောင်းစွာသွန်သင်ပေးတတ်သူတွေဖြစ်ဖို့ ကြိုးစားကြမှာဖြစ်တယ်။ ကျွန်ုပ်တို့က ဘုရားသခင်နဲ့လူတွေကို တကယ်ချစ်တယ်ဆိုရင် ဝတ်ကျေတမ်းကျေပဲ ဟောပြောမှာမဟုတ်ဘူး။ ဟောပြောခြင်းလုပ်ငန်းကို ဂုဏ်အရှိဆုံးအလုပ်အဖြစ် ယူမှတ်ပြီး ဒီအလုပ်ကို ရွှင်လန်းစွာ လုပ်ဆောင်ကြမှာဖြစ်တယ်။—မ. ၁၀:၇

ယေဟောဝါကို ဆက်ပြီးဂုဏ်တင်နေပါ

၁၇။ ဘုရားသခင့်ဘုန်းတော်ကို ရောင်ပြန်ဟပ်ရာမှာ အပြစ်က အတားအဆီးဖြစ်စေနိုင်တယ်ဆိုတာ ကျွန်ုပ်တို့ သိထားတဲ့အတွက် ဘာလုပ်ဖို့လိုသလဲ။

၁၇ အပြစ်က ဘယ်လောက်ထိ ဆိုးတယ်ဆိုတာကို လောကမှာရှိတဲ့ လူအများစုက မသိကြဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့ကတော့ သိထားကြတယ်။ ဒါကြောင့် ကျွန်ုပ်တို့က အပြစ်ပြုလိုတဲ့ဆန္ဒကို တိုက်လှန်ဖို့လိုတယ်ဆိုတာ သိတယ်။ ကျွန်ုပ်တို့ရဲ့ ဩတ္တပ္ပစိတ်ကို လေ့ကျင့်ပေးဖို့လိုတယ်၊ ဒါမှသာ အမှားပြုလိုတဲ့စိတ်ဆန္ဒ ဝင်လာတာနဲ့ မှန်ရာကိုပြုလုပ်နိုင်မှာ ဖြစ်တယ်။ (ရော. ၇:၂၂၊ ၂၃) လူသားတွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ အားနည်းသူတွေဖြစ်တယ်၊ ဒါပေမဲ့ ဘယ်အခြေအနေမျိုးမှာမဆို မှန်ရာကိုပြုလုပ်ဖို့ လိုအပ်တဲ့ခွန်အားကို ဘုရားသခင် ပေးနိုင်တယ်။—၂ ကော. ၁၂:၁၀

၁၈၊ ၁၉။ (က) စာတန်နဲ့ သူ့ရဲ့နတ်ဆိုးတွေကို အနိုင်ယူတိုက်ခိုက်နိုင်ဖို့ ကျွန်ုပ်တို့ကို ဘာကကူညီပေးသလဲ။ (ခ) ကျွန်ုပ်တို့မှာ ခိုင်မာပြတ်သားတဲ့ ဘယ်ဆုံးဖြတ်ချက်ရှိသင့်သလဲ။

၁၈ ကျွန်ုပ်တို့က ယေဟောဝါရဲ့ဘုန်းကို ထင်ရှားစေလိုတဲ့အတွက် စာတန်နဲ့သူ့ရဲ့နတ်ဆိုးတွေကို တိုက်လှန်ဖို့လိုတယ်။ “ဘုရားသခင်ထံတော်မှ ချပ်ဝတ်တန်ဆာ” ရဲ့ အကူအညီနဲ့ သူတို့ကို အောင်မြင်စွာ တိုက်ခိုက်နိုင်ပါတယ်။ (ဧ. ၆:၁၁-၁၃) စာတန်က ယေဟောဝါတစ်ပါးတည်းပဲ ခံယူထိုက်တဲ့ ဘုန်းတော်ကို ကိုယ်တော့်ထံကနေရယူဖို့ ဘယ်အရာကိုမဆို လုပ်တယ်။ ကျွန်ုပ်တို့နဲ့ ဘုရားသခင်ကြားမှာရှိတဲ့ ဆက်ဆံရေးကို ဖျက်ဆီးဖို့လည်း သူကြိုးစားတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့နဲ့ တခြားမစုံလင်သူ ယောက်ျား၊ မိန်းမ၊ ကလေးတွေပါဝင်တဲ့ သန်းပေါင်းများစွာက ဘုရားသခင်ကို ဆက်သစ္စာရှိပြီး ဘုန်းထင်ရှားစေတဲ့အခါ စာတန့်အပေါ် မဟာအောင်ပွဲပဲ။ ဒါကြောင့် “ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ၍ ကိုယ်တော်၏ အလိုတော်ကြောင့် ဖန်ဆင်းခံရပြီး တည်ရှိသည့်အတွက် ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်ကို ရထိုက်တော်မူသည်” လို့ ပြောကြတဲ့ ကောင်းကင်တမန်တွေလိုပဲ ကျွန်ုပ်တို့လည်း ယေဟောဝါကို ဆက်ချီးမွမ်းကြစို့။—ဗျာ. ၄:၁၁

၁၉ ယေဟောဝါကို ဆက်ဂုဏ်တင်ချီးမွမ်းဖို့ အမြဲပဲ အခိုင်အမာဆုံးဖြတ်ချက် ချထားကြပါစို့။ ကိုယ်တော့်ကျေးကျွန်အများစုက ကိုယ်တော့်ကိုတုပပြီး ကိုယ်တော့်ဘုန်းတော်ကို ရောင်ပြန်ဟပ်ဖို့ အကောင်းဆုံးလုပ်ဆောင်နေတာကို တွေ့တဲ့အခါ ကိုယ်တော် အရမ်းပျော်ရွှင်တယ်။ (သု. ၂၇:၁၁) “ကိုယ်တော့်နာမည်ကို ကာလအစဉ်အဆက် ဂုဏ်တင်ပါ့မယ်” ဆိုပြီး ယေဟောဝါကို နှလုံးအပြည့်နဲ့ သီဆိုချီးမွမ်းခဲ့တဲ့ ဒါဝိဒ်လို ကျွန်ုပ်တို့ ခံစားရသင့်တယ်။ (ဆာ. ၈၆:၁၂ကဘ) နာခံမှုရှိတဲ့လူသားတွေက ယေဟောဝါရဲ့ဘုန်းတော်ကို အပြည့်အဝရောင်ပြန်ဟပ်ပြီး ကိုယ်တော့်ကိုထာဝစဉ် ချီးမွမ်းနိုင်ကြမယ်။ အဲဒီအချိန်မှာ အသက်ရှင်ရတာက အရမ်းကောင်းပါလိမ့်မယ်။ သင်ဟာ ယေဟောဝါဘုရားသခင်ရဲ့ဘုန်းတော်ကို ထာဝစဉ်ရောင်ပြန်ဟပ်နိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ အခုအချိန်မှာ ဘုရားသခင့်ဘုန်းတော်ကို ရောင်ပြန်ဟပ်နေပါသလား။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံများ]

သင် ဒီနည်းတွေနဲ့ ယေဟောဝါရဲ့ဘုန်းတော်ကို ရောင်ပြန်ဟပ်နေသလား