မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်မှန်တဲ့လွတ်လပ်မှုရဖို့ ယေဟောဝါကို ဦးဆောင်ခွင့်ပေးပါ

စစ်မှန်တဲ့လွတ်လပ်မှုရဖို့ ယေဟောဝါကို ဦးဆောင်ခွင့်ပေးပါ

စစ်မှန်တဲ့လွတ်လပ်မှုရဖို့ ယေဟောဝါကို ဦးဆောင်ခွင့်ပေးပါ

‘လွတ်လပ်ခြင်းနှင့်ဆိုင်သော ပြည့်ဝစုံလင်သည့်တရားကို ဇွဲရှိရှိ စေ့စေ့ကြည့်ရှုပါ။’ —ယာ. ၁:၂၅

သင် ရှင်းပြနိုင်သလား

လူတွေ စစ်မှန်တဲ့လွတ်လပ်မှုရဖို့ ဘယ်တရားကို ပြင်ဆင်ပေးထားသလဲ။ အဲဒီတရားကနေ ဘယ်သူတွေ အကျိုးခံစားရသလဲ။

စစ်မှန်တဲ့လွတ်လပ်မှုရဖို့ ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။

ယေဟောဝါကို ဆက်ပြီးနာခံမှုပြသူအားလုံးအတွက် ဘယ်လွတ်လပ်မှုက စောင့်ကြိုနေသလဲ။

၁၊ ၂။ (က) လူတွေရဲ့လွတ်လပ်မှု ဘာဖြစ်နေပြီလဲ။ ဘာကြောင့်လဲ။ (ခ) ယေဟောဝါရဲ့ကျေးကျွန်တွေမှာ ဘယ်လွတ်လပ်မှု မျှော်လင့်ချက် ရှိသလဲ။

လောဘဇောတက်၊ ဥပဒေကိုမလေးမခန့်လုပ်ပြီး အကြမ်းဖက်မှုတွေ တိုးများတဲ့အချိန်မှာ ကျွန်ုပ်တို့ အသက်ရှင်နေကြတယ်။ (၂ တိ. ၃:၁-၅) ဒါကြောင့်လည်း အစိုးရတွေက များပြားလှတဲ့ ဥပဒေတွေကိုပြဋ္ဌာန်း၊ ရဲတပ်ဖွဲ့တွေရဲ့အင်အားကို တိုးမြှင့်ပြီး လူတွေကိုစောင့်ကြပ်ကြည့်ရှုဖို့ ကင်မရာတွေကို အသုံးပြုကြရတယ်။ တချို့နိုင်ငံတွေမှာ လူတွေက သူတို့ရဲ့အိမ်လုံခြုံရေးအတွက် ပိုစိတ်ချရအောင် အချက်ပေးကိရိယာတွေတပ်ဆင်၊ သော့အဆင့်ဆင့်ခတ်ပြီး ခြံစည်းရိုးမှာ လျှပ်စစ်လွှတ်ထားတဲ့အထိတောင် ပြုလုပ်ကြတယ်။ လူတွေဟာ ညအချိန်အိမ်အပြင်ထွက်ဖို့ ဒါမှမဟုတ် သူတို့ရဲ့ကလေးတွေကို အိမ်အပြင်ဘက်မှာ ထွက်ကစားခိုင်းဖို့ စိတ်မချကြတော့ဘူး။ လူတွေမှာ လွတ်လပ်မှု နည်းသည်ထက်နည်းလာပြီး အခြေအနေကလည်း ဆိုးသည်ထက်ဆိုးလာမယ့်ပုံပေါက်နေတယ်။

လူသားတွေဟာ ယေဟောဝါနဲ့ ကင်းကင်းရှင်းရှင်းနေမှသာ တကယ့်လွတ်လပ်မှုရှိမှာဆိုပြီး ဧဒင်ဥယျာဉ်မှာ စာတန် ပြောခဲ့တယ်။ စာတန်ပြောတာတွေက တကယ့်အလိမ်အညာစကားဆိုတာကို သူပြောခဲ့ချိန်ကစပြီး ဖြစ်ပျက်ခဲ့ရာတွေက သက်သေထူနေတယ်။ လူတွေက ဘုရားသခင့်စကားနားမထောင်ဘဲ ထင်ရာစိုင်းလေ၊ ပိုဒုက္ခရောက်လေ ဖြစ်နေတယ်။ ဒီအခြေအနေကြောင့် ယေဟောဝါရဲ့ကျေးကျွန်တွေလည်း ဒုက္ခတွေခံစားနေရတယ်။ ဒါပေမဲ့ လူသားတွေဟာ အပြစ်နဲ့ ဖောက်ပြန်ယိုယွင်းခြင်းကနေ လွတ်မြောက်ပြီး “ဘုရားသခင့်သားသမီးတို့၏ လွတ်လပ်မှု ဘုန်းအသရေ” ကို တစ်နေ့ရရှိမယ်ဆိုတဲ့ မျှော်လင့်ချက် ကျွန်ုပ်တို့မှာရှိတယ်။ (ရော. ၈:၂၁) ယေဟောဝါက မိမိရဲ့ကျေးကျွန်တွေ အဲဒီလွတ်မြောက်မှုရနိုင်ဖို့အတွက် အခုပြင်ဆင်ပေးနေပါတယ်။ ဘယ်လိုနည်းနဲ့လဲ။

၃။ ယေဟောဝါက သူ့ကျေးကျွန်တွေကို ဘယ်တရားပေးထားသလဲ။ ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။

ဒီအနာဂတ်လွတ်မြောက်မှုအတွက် မိမိရဲ့ကျေးကျွန်တွေကို ယေဟောဝါ ပြင်ဆင်ပေးရာမှာ ယာကုပ်ပြောခဲ့တဲ့ “လွတ်လပ်ခြင်းနှင့်ဆိုင်သော ပြည့်ဝစုံလင်သည့်တရား” ကို ပေးခဲ့တယ်။ (ယာကုပ် ၁:၂၅ ကိုဖတ်ပါ။) ဒါကို တခြားကျမ်းစာတွေမှာ “ကျွန်ုပ်တို့ကို လွတ်လပ်စေတဲ့ တရားဥပဒေ” (The New English Bible)၊ “လွတ်လပ်ခြင်းရဲ့ စုံလင်တဲ့ဥပဒေ” (The New American Bible) ဆိုပြီး ပြန်ဆိုထားတယ်။ အများအားဖြင့် လူတွေက တရားဥပဒေကို ထိန်းချုပ်ခြင်း၊ လွတ်လပ်မှုမရှိခြင်း ဆိုတာတွေနဲ့ ဆက်စပ်တွေးမိတတ်ကြတယ်။ ဒါဆို “လွတ်လပ်ခြင်းနှင့်ဆိုင်သော ပြည့်ဝစုံလင်သည့်တရား” က ဘာလဲ။ ဒီတရားက ကျွန်ုပ်တို့ကို ဘယ်လိုလွတ်လပ်စေသလဲ။

လွတ်လပ်ခြင်းနှင့်ဆိုင်သောတရား

၄။ “လွတ်လပ်ခြင်းနှင့်ဆိုင်သော ပြည့်ဝစုံလင်သည့်တရား” က ဘာလဲ။ အဲဒီကနေ ဘယ်သူတွေအကျိုးခံစားရသလဲ။

“လွတ်လပ်ခြင်းနှင့်ဆိုင်သော ပြည့်ဝစုံလင်သည့်တရား” က မောရှေပညတ်တော့ မဖြစ်နိုင်ဘူး။ အစ္စရေးလူမျိုးကို ယေဟောဝါ ပညတ်ပေးရတဲ့အကြောင်းရင်းက သူတို့ဟာ အပြစ်သားတွေဖြစ်ကြောင်း သိစေဖို့ဖြစ်တယ်၊ ခရစ်တော်က ဒီပညတ် ဒါမှမဟုတ် တရားကို ပြည့်စုံစေမှာဖြစ်တယ်။ (မ. ၅:၁၇; ဂလ. ၃:၁၉) ဒါဆို ဘယ်တရားအကြောင်း ယာကုပ်ပြောခဲ့တာလဲ။ “ယုံကြည်ခြင်းတရား၊” “လွတ်လပ်သူများနှင့်ဆိုင်သောတရား” လို့လည်းခေါ်တဲ့ “ခရစ်တော်၏တရား” အကြောင်း ယာကုပ် ပြောနေတာဖြစ်တယ်။ (ဂလ. ၆:၂; ရော. ၃:၂၇; ယာ. ၂:၁၂) ဒါကြောင့် “ပြည့်ဝစုံလင်သည့်တရား” ဆိုတဲ့အထဲမှာ ကျွန်ုပ်တို့ထံကနေ ယေဟောဝါတောင်းဆိုတဲ့အရာအားလုံး ပါဝင်တယ်။ အဲဒီကနေ ကောင်းကင်အတန်းအစားတွေရော “အခြားသိုး” တွေပါ အကျိုးခံစားရနိုင်တယ်။—ယော. ၁၀:၁၆

၅။ ပြည့်ဝစုံလင်တဲ့တရားက လိုက်နာကျင့်သုံးဖို့ ဘာကြောင့်မခက်တာလဲ။

“ပြည့်ဝစုံလင်သည့်တရား” က နိုင်ငံအတော်များများမှာရှိတဲ့ တရားဥပဒေတွေနဲ့ မတူဘူး။ အဲဒီတရားမှာ ကျွန်ုပ်တို့နားလည်ပြီး ကျင့်သုံးနိုင်တဲ့ ရိုးရှင်းတဲ့ပညတ်ချက်တွေ၊ အခြေခံမူတွေ ပါဝင်တယ်။ (၁ ယော. ၅:၃) “ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏” လို့ ယေရှုပြောခဲ့တယ်။ (မ. ၁၁:၂၉၊ ၃၀) ဒါ့အပြင် “ပြည့်ဝစုံလင်သည့်တရား” မှာ ရှည်လျားတဲ့ စည်းမျဉ်းစည်းကမ်းတွေ မပါဘူး။ ဒီတရားက မေတ္တာပေါ်အခြေခံတယ်၊ ကျောက်ပြားတွေပေါ်မှာမဟုတ်ဘဲ လူတွေရဲ့စိတ်နဲ့ နှလုံးသားအပေါ်မှာ ရေးထားတာဖြစ်တယ်။—ဟေဗြဲ ၈:၆၊ ၁၀ ကိုဖတ်ပါ။

“ပြည့်ဝစုံလင်သည့်တရား” က ကျွန်ုပ်တို့ကို လွတ်မြောက်စေပုံ

၆၊ ၇။ ယေဟောဝါရဲ့တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ဘာပြောနိုင်သလဲ။ လွတ်လပ်ခြင်းနဲ့ဆိုင်တဲ့တရားက ကျွန်ုပ်တို့ကို ဘာလုပ်ဖို့ခွင့်ပြုသလဲ။

လူတွေကိုပေးတဲ့ ယေဟောဝါရဲ့ကန့်သတ်ချက်တွေက လူတွေရဲ့အကျိုးအတွက်၊ လူတွေကို ကာကွယ်ပေးဖို့အတွက် ဖြစ်တယ်။ ဥပမာ၊ စွမ်းအင်နဲ့ ဒြပ်ဝတ္ထုတွေကို ထိန်းချုပ်ထားတဲ့ ဆွဲငင်အားလို သဘာဝနိယာမတရားတွေအကြောင်း စဉ်းစားကြည့်ပါ။ ဒီနိယာမတရားတွေရဲ့ ထိန်းချုပ်မှုကို ခံနေရတယ်ဆိုပြီး ဘယ်သူမှ မကျေမနပ်မဖြစ်ကြဘူး။ ဒီတရားတွေက သူတို့ကိုအကျိုးပြုတယ်ဆိုတာ သိတဲ့အတွက် ကျေးဇူးတင်ကြတယ်။ အဲဒီလိုပဲ၊ ကျွန်ုပ်တို့သင်ယူသိရှိရတဲ့ ခရစ်တော်ရဲ့ “ပြည့်ဝစုံလင်သည့်တရား” မှာပါတဲ့ ယေဟောဝါရဲ့တောင်းဆိုချက်တွေက ကျွန်ုပ်တို့အကျိုးအတွက်ဖြစ်တယ်။

လွတ်လပ်ခြင်းနဲ့ဆိုင်တဲ့တရားက ကျွန်ုပ်တို့ကို ကာကွယ်ပေးတယ်၊ ကျွန်ုပ်တို့ကို ထိခိုက်နစ်နာမှုမရှိစေဘဲ ဒါမှမဟုတ် တခြားသူတွေရဲ့လုပ်ပိုင်ခွင့်တွေ၊ လွတ်လပ်မှုတွေကို မချိုးဖောက်ဘဲ ကျွန်ုပ်တို့မှာရှိတဲ့ သင့်တော်တဲ့ဆန္ဒအားလုံးကို ဖြည့်ဆည်းဖို့ ခွင့်ပြုတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ဆန္ဒတွေက သင့်တော်တယ်ဆိုရင် အဲဒီဆန္ဒအတိုင်း လုပ်ဆောင်နိုင်တယ်။ ဒါက ကျွန်ုပ်တို့ဟာ ယေဟောဝါနှစ်သက်ရာတွေ၊ ကိုယ်တော်တောင်းဆိုရာတွေကိုလုပ်ဖို့ ဆန္ဒရှိသင့်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ယေဟောဝါနှစ်သက်ရာကို နှစ်သက်ပြီး ကိုယ်တော်မုန်းတဲ့အရာတွေကို မုန်းတတ်ဖို့သင်ယူရမယ်။ လွတ်လပ်ခြင်းနဲ့ဆိုင်တဲ့တရားက အဲဒီလိုလုပ်ဆောင်ဖို့ ကျွန်ုပ်တို့ကို ကူညီပေးတယ်။—အာ. ၅:၁၅

၈၊ ၉။ လွတ်လပ်ခြင်းနဲ့ဆိုင်တဲ့တရားကို နာခံလိုက်လျှောက်ခြင်းကနေ ကျွန်ုပ်တို့ ဘာအကျိုးရရှိကြသလဲ။ ဥပမာပေးပါ။

ကျွန်ုပ်တို့က မစုံလင်ကြလို့ မှားယွင်းတဲ့အလိုဆန္ဒတွေကို ထိန်းချုပ်ဖို့ သိပ်ခက်တယ်။ ဒါပေမဲ့ လွတ်လပ်ခြင်းနဲ့ဆိုင်တဲ့တရားကို သစ္စာရှိရှိနာခံတဲ့အခါ အခုအချိန်မှာတောင် လွတ်လပ်မှုအတော်အတန် ရနိုင်ပါတယ်။ ဥပမာ၊ ဂျေးဆိုတဲ့ အမျိုးသားတစ်ဦးဟာ ဆေးလိပ်စွဲနေတယ်။ သူ ကျမ်းစာစလေ့လာတဲ့အခါ ဒီအကျင့်ကို ယေဟောဝါမနှစ်သက်ဘူးဆိုတာ သူသိလာတယ်။ သူ ဆုံးဖြတ်ချက်တစ်ခုချခဲ့ရတယ်။ ဆေးလိပ်သောက်ချင်တဲ့ဆန္ဒရဲ့ ထိန်းချုပ်မှုကို ဆက်ခံနေမလား ဒါမှမဟုတ် ယေဟောဝါကိုနာခံမလားဆိုတာပဲ။ ဆေးလိပ်ဖြတ်ဖို့ အရမ်းခက်ပေမဲ့ ဘုရားသခင်ကိုဝတ်ပြုမယ်ဆိုတဲ့ ပညာရှိဆုံးဖြတ်ချက်ကို သူချခဲ့တယ်။ ဒီအကျင့်ကိုဖြတ်ပြီးတဲ့နောက် သူ ဘယ်လိုခံစားခဲ့ရသလဲ။ အရမ်းပျော်ပြီး “အရမ်းလွတ်လပ်သွားတယ်” လို့ ခံစားရကြောင်း သူပြောပြတယ်။

လောက,ကပေးတဲ့ လွတ်လပ်မှုတွေက လူတွေကို သူတို့ရဲ့အလိုဆန္ဒအတိုင်း လုပ်ဆောင်ဖို့ ခွင့်ပြုတယ်။ ဒါပေမဲ့ ဂျေးရဲ့အတွေ့အကြုံအရ လောက,ကပေးတဲ့လွတ်လပ်မှုက လူတွေကို အပြစ်ရဲ့ကျေးကျွန် ဖြစ်စေတယ်။ ယေဟောဝါပေးတဲ့ လွတ်လပ်ခြင်းနဲ့ဆိုင်တဲ့တရားကို နာခံလိုက်လျှောက်သူတွေဟာ ဘုရားသခင့်စွမ်းအားတော်ရဲ့ ထိန်းချုပ်မှုကိုခံဖို့ ရွေးချယ်ကြတယ်၊ ရလဒ်အနေနဲ့ သူတို့ဟာ လွှတ်ခြင်းခံရပြီး “အသက်ရှင်ခြင်းနှင့် ငြိမ်သက်ခြင်း” ကို ရရှိကြတယ်။ (ရော. ၈:၅၊ ၆) အကျင့်ဆိုးကိုဖြတ်ပစ်ဖို့ ဂျေး ဘယ်ကနေ ခွန်အားရခဲ့သလဲ။ သူ့ကိုယ်ပိုင်အစွမ်းအစကြောင့်မဟုတ်ဘဲ ဘုရားသခင်ပေးတဲ့ခွန်အားကြောင့် ဖြစ်တယ်။ သူဟာ သမ္မာကျမ်းစာကိုပုံမှန်လေ့လာပြီး သန့်ရှင်းသောစွမ်းအားတော်ရဖို့ ဆုတောင်းခဲ့တယ်၊ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေရဲ့ မေတ္တာပါအကူအညီကို လက်ခံခဲ့တယ်။ အဲဒီလိုပြင်ဆင်ပေးချက်တွေက ကျွန်ုပ်တို့အားလုံးကို စစ်မှန်တဲ့လွတ်လပ်မှုရဖို့ ကူညီပေးနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲဆိုတာ ကြည့်ကြစို့။

သမ္မာကျမ်းစာကို စေ့စေ့ကြည့်ရှုပါ

၁၀။ ဘုရားသခင့်တရားတော်ကို စေ့စေ့ကြည့်ရှုခြင်းဆိုတာ ဘာအဓိပ္ပာယ်လဲ။

၁၀ ယာကုပ် ၁:၂၅ မှာ “လွတ်လပ်ခြင်းနှင့်ဆိုင်သော ပြည့်ဝစုံလင်သည့်တရားကို ဇွဲရှိရှိ စေ့စေ့ကြည့်ရှုသူသည် . . . ထိုသို့ပြုသောကြောင့် ပျော်ရွှင်လိမ့်မည်။” “စေ့စေ့ကြည့်ရှု” လို့ပြန်ဆိုတဲ့ ဂရိစကားလုံးက တစ်စုံတစ်ခုကိုအနီးကပ်ကြည့်ရှုဖို့အတွက် ကိုယ်ကိုကိုင်းညွှတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ အဲဒီလိုလုပ်ဆောင်ဖို့အတွက် ကြိုးစားအားထုတ်မှုလိုတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့စိတ်နှလုံးမှာ လွတ်လပ်ခြင်းနဲ့ဆိုင်တဲ့တရား လွှမ်းမိုးစေချင်တယ်ဆိုရင် ကျမ်းစာကို အသေအချာလေ့လာဖို့၊ ပုံမှန်လေ့လာဖို့နဲ့ ဖတ်ရှုရာကို အလေးအနက်တွေးတောဆင်ခြင်ဖို့ ကြိုးစားအားထုတ်ရမယ်။—၁ တိ. ၄:၁၅

၁၁၊ ၁၂။ (က) အမှန်တရားကို ကိုယ်ပိုင်ဖြစ်စေဖို့လိုကြောင်း ယေရှု ဘယ်လို အလေးပေးဖော်ပြခဲ့သလဲ။ (ခ) အပေါ်မှာပါတဲ့ပုံအရ လူငယ်တွေအနေနဲ့ အထူးသဖြင့် ဘယ်အန္တရာယ်ကို ရှောင်ရမလဲ။

၁၁ တစ်ချိန်တည်းမှာ သမ္မာကျမ်းစာကိုလက်တွေ့ကျင့်သုံးရာမှာ ဇွဲနဲ့ ခံနိုင်ရည်ရှိရမယ်။ အမှန်တရားကို ကျွန်ုပ်တို့ရဲ့ဘဝလမ်းစဉ်ဖြစ်အောင် လုပ်ရမယ်။ ယေရှုက သူ့ကိုယုံကြည်သူတချို့ကို အလားတူအကြောင်းအရာတစ်ခု ပြောပြခဲ့တယ်– “သင်တို့သည် ငါ၏တရား၌ တည်နေလျှင် ငါ့တပည့် အမှန်ဖြစ်ကြ၏။ အမှန်တရားကို သင်တို့သိကြလိမ့်မည်။ ထိုအမှန်တရားသည်လည်း သင်တို့ကိုလွှတ်လိမ့်မည်။” (ယော. ၈:၃၁၊ ၃၂) “သိ” ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်က ကျွန်ုပ်တို့သိတဲ့အရာက ကျွန်ုပ်တို့ဘဝအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ နားလည်ခြင်းဖြစ်တယ်လို့ ကျမ်းစာအဘိဓာန်တစ်အုပ်က ရှင်းပြတယ်။ ဒါကြောင့် ကျွန်ုပ်တို့က အမှန်တရားကို ကျွန်ုပ်တို့ရဲ့ဘဝလမ်းစဉ် ဖြစ်အောင်လုပ်မှသာ အမှန်တရားကို အပြည့်အဝသိမှာဖြစ်တယ်။ အဲဒီနောက် ‘ဘုရားသခင်၏စကားတော်’ က ကျွန်ုပ်တို့အထဲမှာ “အကျိုးသက်ရောက်” မှာဖြစ်တယ်။ ဒါက ကျွန်ုပ်တို့ရဲ့ကိုယ်ရည်ကိုယ်သွေးတွေကို ဆက်ပြုပြင်ပြောင်းလဲနေဖို့ ကူညီပေးတယ်၊ ဒါမှ ကျွန်ုပ်တို့ရဲ့ ကောင်းကင်ခမည်းတော်ကို အနီးစပ်ဆုံးတုပနိုင်မယ်။—၁ သက်. ၂:၁၃

၁၂ သင့်ကိုယ်သင် ဒီလိုမေးပါ– ‘ငါ အမှန်တရားကို တကယ်ပဲသိသလား။ အမှန်တရားကို ငါ့ဘဝရဲ့လမ်းစဉ်ဖြစ်အောင် ပြုလုပ်ခဲ့ပြီလား။ ဒါမှမဟုတ် လောက,ကပေးတဲ့ လွတ်လပ်မှုတချို့ကို တမ်းတနေတုန်းပဲလား။’ ခရစ်ယာန်မိသားစုမှာ ကြီးပြင်းခဲ့တဲ့ညီအစ်မတစ်ဦးက သူ့ရဲ့အတွေ့အကြုံကို ပြောပြတယ်။ သူငယ်ငယ်တုန်းက ယေဟောဝါကိုယုံကြည်တယ်၊ ဒါပေမဲ့ ကိုယ်တော့်အကြောင်း တကယ်သိခဲ့တာမဟုတ်ဘူး။ သူမ ဒီလိုရေးတယ်– “ကိုယ်တော်မုန်းတဲ့အရာတွေကို မုန်းဖို့ ကျွန်မ မသင်ယူခဲ့ဘူး။ ကျွန်မလုပ်ဆောင်ရာတွေက ကိုယ်တော့်အတွက် အရေးပါတယ်လို့လည်း ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး။ ကျွန်မ အခက်အခဲကြုံရချိန်တွေမှာ ကိုယ်တော့်ထံချဉ်းကပ်ရမယ်ဆိုတာလည်း မသိခဲ့ဘူး။ ကျွန်မက ကိုယ့်ဉာဏ်ကိုပဲ အားကိုးခဲ့တယ်၊ အဲဒီလိုလုပ်ခဲ့လို့ ရှက်ရွံ့မိတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်မက ဘာမှမသိခဲ့ဘူးဆိုတာ အခုမှသိရတယ်။” ဝမ်းသာစရာက နောက်ပိုင်းမှာ အဲဒီညီအစ်မက သူ့အတွေးအခေါ်တွေ တက်တက်စင်အောင်လွဲနေတယ်ဆိုတာ အသိအမှတ်ပြုပြီး ကြီးမားတဲ့ပြုပြင်ပြောင်းလဲမှုတချို့ ပြုလုပ်ခဲ့တယ်။ သူမဟာ မှန်မှန်ရှေ့ဆောင်တစ်ဦးအနေနဲ့တောင် စအမှုဆောင်နေပါပြီ။

သန့်ရှင်းသောစွမ်းအားတော်က လွတ်လပ်ဖို့ ကူညီပေးနိုင်

၁၃။ ဘုရားသခင့်စွမ်းအားတော်က ကျွန်ုပ်တို့လွတ်လပ်မှုရဖို့ ဘယ်လိုကူညီပေးသလဲ။

၁၃ ၂ ကောရိန္သု ၃:၁၇ မှာ ဒီလိုဖတ်ရတယ်– ‘ယေဟောဝါ၏ စွမ်းအားတော်ရှိရာအရပ်တွင် လွတ်လပ်ခြင်းရှိတတ်၏။’ သန့်ရှင်းသောစွမ်းအားတော်က ကျွန်ုပ်တို့ကို လွတ်လပ်ဖို့ ဘယ်လိုကူညီပေးသလဲ။ စွမ်းအားတော်က “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း” တို့လို အရည်အသွေးတွေရှိဖို့ ကူညီပေးတယ်။ (ဂလ. ၅:၂၂၊ ၂၃) ဒီအရည်အသွေးတွေမရှိရင်၊ အထူးသဖြင့် မေတ္တာမရှိဘူးဆိုရင် လူတွေဟာ စစ်မှန်တဲ့လွတ်လပ်မှုကို ရနိုင်မှာမဟုတ်ဘူး။ ဒါကို ဒီနေ့ကမ္ဘာ့အခြေအနေတွေက အထင်အရှား ဖော်ပြနေတယ်။ တမန်တော်ပေါလုက စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေကို ဖော်ပြပြီးတဲ့နောက် ဒီလိုရေးခဲ့တယ်– “ထိုအရာများကို ဆန့်ကျင်သောပညတ်ဟူ၍ မရှိ။” သူ ဘာကိုဆိုလိုတာလဲ။ ဘုရားသခင့်စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့အရည်အသွေးတွေကို ဘယ်ပညတ်ကမှ မတားမြစ်ဘူး။ ဒီအရည်အသွေးတွေရှိအောင် မွေးမြူတာကို တားဆီးတဲ့ပညတ်ဆိုတာ ဘယ်တော့မှရှိမှာမဟုတ်ဘူး။ (ဂလ. ၅:၁၈) ကျွန်ုပ်တို့ ဒီအရည်အသွေးတွေကို ပိုတင်ပြဖို့နဲ့ ထာဝစဉ်တင်ပြသွားဖို့ ယေဟောဝါ အလိုရှိတယ်။

၁၄။ လောကရဲ့စိတ်ဓာတ်က ဘယ်လိုနည်းတွေနဲ့ လူတွေကို သူ့ရဲ့ကျေးကျွန်ဖြစ်အောင် လုပ်နေသလဲ။

၁၄ လောကစိတ်ဓာတ်ရဲ့ ထိန်းချုပ်မှုကိုခံပြီး မိမိတို့ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဆန္ဒတွေအတိုင်း လုပ်နေတဲ့သူတွေက သူတို့လွတ်လပ်တယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ (၂ ပေတရု ၂:၁၈၊ ၁၉ ကိုဖတ်ပါ။) ဒါပေမဲ့ သူတို့တွေက ကျွန်ဘဝရောက်နေတယ်ဆိုတာ မသိကြဘူး။ ဒီလူတွေရဲ့ဆန္ဒတွေ၊ အပြုအမူတွေကို ထိန်းချုပ်ဖို့အတွက် အစိုးရတွေက တောင်လိုပုံနေတဲ့ စည်းမျဉ်းဥပဒေတွေကို ရေးဆွဲကြရတယ်။ ဒါကြောင့် ပေါလုက ဒီဥပဒေတွေ ထုတ်ရတဲ့ရည်ရွယ်ချက်က “ဖြောင့်မတ်သူအတွက်မဟုတ်။ တရားမဲ့သူ၊ အာခံတတ်သူ” အတွက် ဖြစ်တယ်လို့ ပြောခဲ့တယ်။ (၁ တိ. ၁:၉၊ ၁၀) သူတို့ဟာ အပြစ်ရှိတဲ့သွေးသားဆန္ဒရဲ့ ကျွန်တွေလည်း ဖြစ်တယ်၊ အကြောင်းကတော့ သူတို့တွေဟာ ‘ကိုယ်ကာယအလိုဆန္ဒ’ အတိုင်း လုပ်ဆောင်ကြပြီး သွေးသားဆန္ဒက ရက်စက်တဲ့သခင်ဖြစ်လာတယ်။ (ဧ. ၂:၁-၃) ပျားရည်ထည့်ထားတဲ့ပန်းကန်လုံးထဲကို တရွေ့ရွေ့ဆင်းလာတဲ့ ပိုးကောင်တွေလိုပဲ သူတို့ဟာ သူတို့ရဲ့ဆန္ဒတွေ အာသာပြေဖို့လုပ်ဆောင်ရင်းနဲ့ ထောင်ချောက်မိသွားကြတယ်၊ ဒီလူတွေက သူတို့ရဲ့မှားယွင်းတဲ့ဆန္ဒတွေအတိုင်း လုပ်ဆောင်ပြီး အပြစ်ရဲ့ကျေးကျွန်တွေ ဖြစ်သွားကြတယ်။—ယာ. ၁:၁၄၊ ၁၅

ခရစ်ယာန်အသင်းတော်အတွင်းရှိ လွတ်လပ်မှု

၁၅၊ ၁၆။ ကျွန်ုပ်တို့ဟာ ခရစ်ယာန်အသင်းတော်ရဲ့ အသင်းသားဖြစ်ချိန်ကနေစပြီး ဘာအကျိုးကျေးဇူးတွေရခဲ့သလဲ။ အသင်းတော်မှာ ဘယ်လွတ်လပ်မှုကို ကျွန်ုပ်တို့ ခံစားရသလဲ။

၁၅ ခရစ်ယာန်အသင်းသားဖြစ်လာတယ်ဆိုတာက လူမှုရေးအသင်းအဖွဲ့တစ်ခုခုမှာပါဝင်ဖို့အတွက် လျှောက်လွှာတင်သလိုမျိုး သင့်ဘက်ကလုပ်ဆောင်ခဲ့လို့ ဖြစ်လာတာမဟုတ်ဘူး။ ယေဟောဝါ သင့်ကိုသွေးဆောင်ခဲ့လို့ အသင်းတော်ထဲမှာ သင်ရှိနေခြင်းဖြစ်တယ်။ (ယော. ၆:၄၄) ကိုယ်တော် ဘာကြောင့် သင့်ကိုသွေးဆောင်ခဲ့တာလဲ။ ဘုရားသခင်ကိုကြောက်ရွံ့တဲ့ ဖြောင့်မတ်သူတစ်ဦးအနေနဲ့ သင့်ကို ကိုယ်တော်တွေ့မြင်ခဲ့လို့လား။ “လုံးဝမဟုတ်ပါဘူး” လို့ သင်ပြောကောင်းပြောပါလိမ့်မယ်။ ဒါဆို ဘုရားသခင် ဘာကိုတွေ့မြင်ခဲ့သလဲ။ သင်ဟာ ဘုရားသခင့်ပညတ်ကိုနာခံလိုတယ်၊ ကိုယ်တော့်ရဲ့မေတ္တာပါ လမ်းညွှန်ချက်ကို လက်ခံဖို့ တလိုတလားရှိမယ်ဆိုတာကို ကိုယ်တော်မြင်တွေ့ခဲ့တယ်။ သင် အသင်းသားတစ်ဦးဖြစ်လာကတည်းက ယေဟောဝါက သင့်ကို ကျမ်းစာပါသွန်သင်ချက်တွေအားဖြင့် ဂရုစိုက်စောင့်ရှောက်ခဲ့တယ်။ အယူမှားဘာသာရဲ့ အလိမ်အညာတွေ၊ အယူသီးမှုတွေကနေ သင့်ကို လွတ်မြောက်စေပြီး ခရစ်တော်ရဲ့အရည်အသွေးတွေကို ဘယ်လိုတုပရမယ်ဆိုတာကို သင်ပေးခဲ့တယ်။ (ဧဖက် ၄:၂၂-၂၄ ကိုဖတ်ပါ။) ဒါကြောင့် အခုအချိန်မှာ သင်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အမှန်တကယ်လွတ်လပ်သူများအဝင် ဖြစ်ခွင့်ရခြင်းဆိုတဲ့ အခွင့်ထူးကို ရရှိထားတယ်။—ယာ. ၂:၁၂

၁၆ ဒီအချက်ကို စဉ်းစားကြည့်ပါ– ယေဟောဝါကို နှလုံးအကြွင်းမဲ့ချစ်တဲ့သူတွေနဲ့ အတူရှိနေချိန်မှာ သင် စိုးရွံ့ထိတ်လန့်မှုခံစားရသလား။ ဝတ်ပြုရာခန်းမမှာ သင့်ညီအစ်ကို၊ ညီအစ်မတွေနဲ့ စကားပြောနေချိန်မှာ သင့်ပစ္စည်းတစ်ခုခု အခိုးခံရမှာကို သင်စိုးရိမ်သလား။ အဲဒီလိုခံစားရမှာ မဟုတ်ဘူး။ လုံခြုံမှုရှိတယ်၊ လွတ်လပ်တယ်လို့ သင်ခံစားရတယ်။ တခြားနေရာမှာ တခြားလူတွေနဲ့အတူရှိနေချိန်မှာ သင် အဲဒီလိုခံစားရသလား။ ခံစားရမှာမဟုတ်ဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့လူမျိုးအလယ်မှာ အခု သင်ရရှိတဲ့လွတ်လပ်မှုက အနာဂတ်မှာရရှိမယ့် လွတ်လပ်မှုရဲ့အမြည်းသဘောသာ ဖြစ်တယ်။

“ဘုရားသခင့်သားသမီးတို့၏ လွတ်လပ်မှုဘုန်း”

၁၇။ “ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်း” က လူသားတွေကို ဘယ်လိုလွတ်မြောက်စေမလဲ။

၁၇ မြေကြီးပေါ်မှာရှိတဲ့ မိမိလူမျိုးကို ယေဟောဝါပေးမယ့် လွတ်လပ်မှုအကြောင်း ပေါလုရေးခဲ့တယ်။ သူ ဒီလိုပြောတယ်– “ဖန်ဆင်းခံအရာများသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်းကို အလွန်တောင့်တ စောင့်မျှော်လျက် နေကြ၏။” အဲဒီနောက် သူ ဒီလိုထပ်ပြောတယ်– ‘ဖန်ဆင်းခံအရာများသည် ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှ လွတ်မြောက်၍ ဘုရားသခင့် သားသမီးတို့၏ လွတ်လပ်မှုဘုန်းကို ခံစားရလိမ့်မည်။’ (ရော. ၈:၁၉-၂၁) “ဖန်ဆင်းခံအရာများ” ဆိုတာက မြေကြီးပေါ်ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိပြီး “ဘုရားသခင့်သား” တွေဖြစ်တဲ့ ကောင်းကင်အတန်းအစားတွေရဲ့ “ပေါ်ထွန်းခြင်း” ကနေ အကျိုးခံစားရမယ့် လူသားတွေကို ရည်ညွှန်းတယ်။ ကောင်းကင်ကို ရောက်ရှိသွားပြီးဖြစ်တဲ့ ဘုရားသခင့်သားတွေဟာ ခရစ်တော်နဲ့အတူ ဆိုးညစ်သူအားလုံးကို ဖျက်ဆီးပြီး “လူအုပ်ကြီး” ကို စနစ်သစ်ထဲ ပို့ဆောင်ပေးရာမှာ ပါဝင်ကူညီခြင်းအားဖြင့် ဒီပေါ်ထွန်းခြင်း စတင်ပါလိမ့်မယ်။—ဗျာ. ၇:၉၊ ၁၄

၁၈။ နာခံမှုရှိတဲ့လူသားတွေအတွက် လွတ်လပ်မှု ဘယ်လိုတိုးများလာမလဲ။ နောက်ဆုံးမှာ လူသားတွေမှာ ဘယ်လွတ်လပ်မှု ရှိလာမလဲ။

၁၈ အဲဒီနောက် လူသားတွေမှာ အထူးလွတ်လပ်မှုတစ်ခု ရရှိလာမှာဖြစ်တယ်။ သူတို့တွေဟာ စာတန်နဲ့နတ်ဆိုးတွေရဲ့ ဩဇာလွှမ်းမိုးမှုအောက်ကနေ လွတ်မြောက်ကြပါလိမ့်မယ်။ (ဗျာ. ၂၀:၁-၃) ဒါက တကယ့်ကို စိတ်သက်သာမှုရစေပါတယ်။ အဲဒီအချိန်ကနေစပြီး ဘုရင်တွေနဲ့ ယဇ်ပုရောဟိတ်တွေဖြစ်တဲ့ ၁၄၄,၀၀၀ ဟာ လူတွေကို အပြစ်နဲ့မစုံလင်မှုကနေ လုံးဝလွတ်မြောက်သွားတဲ့အထိ ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို အသုံးပြုသွားမှာဖြစ်တယ်။ (ဗျာ. ၅:၉၊ ၁၀) ယုံကြည်ခြင်း စမ်းသပ်ခံရပြီးတဲ့နောက် နာခံမှုရှိတဲ့လူသားတွေဟာ မူလကတည်းက သူတို့အတွက် ယေဟောဝါရည်ရွယ်ထားတဲ့ စုံလင်ပြည့်ဝတဲ့လွတ်လပ်မှုကို ရရှိကြပါလိမ့်မယ်၊ ဒါက “ဘုရားသခင့် သားသမီးတို့၏ လွတ်လပ်မှုဘုန်း” ဖြစ်တယ်။ စဉ်းစားကြည့်ပါ။ မှန်တယ်လို့ ဘုရားသခင်ပြောတဲ့အရာကိုလုပ်ဖို့ သင့်အတွက် အခက်အခဲရှိမှာ မဟုတ်တော့ဘူး။ သင့်ခန္ဓာကိုယ်နဲ့ စိတ်နှလုံးက စုံလင်လာပြီး ဘုရားသခင်ရဲ့ အရည်အသွေးတွေကို အပြည့်အဝတုပနိုင်မှာဖြစ်တယ်။

၁၉။ “ဘုရားသခင့် သားသမီးတို့၏ လွတ်လပ်မှု ဘုန်း” ကို လိုချင်တယ်ဆိုရင် ကျွန်ုပ်တို့ ဘာဆက်လုပ်ရမလဲ။

၁၉ “ဘုရားသခင့် သားသမီးတို့၏ လွတ်လပ်မှုဘုန်း” ကို သင်ရလိုပါသလား။ ရလိုတယ်ဆိုရင် သင့်စိတ်နှလုံးကို “လွတ်လပ်ခြင်းနှင့်ဆိုင်သော ပြည့်ဝစုံလင်သည့်တရား” ဆက်လွှမ်းမိုးနေပါစေ။ သမ္မာကျမ်းစာကို အသေအချာ၊ ပုံမှန်လေ့လာပါ။ အမှန်တရားကို သင့်ကိုယ်ပိုင်ဘဝလမ်းစဉ် ဖြစ်စေပါ။ သန့်ရှင်းသောစွမ်းအားတော်ရဖို့ ဆုတောင်းပါ။ ခရစ်ယာန်အသင်းတော်နဲ့ ယေဟောဝါပေးတဲ့ အချိန်တန်အစာကနေ အကျိုးအပြည့်အဝရယူပါ။ ဘုရားသခင့်တောင်းဆိုချက်တွေက တင်းကျပ်လွန်းတယ်လို့ အထင်မှားအောင် ဧဝကို စာတန်လှည့်စားခဲ့သလို သင့်ကိုစာတန် မလှည့်စားပါစေနဲ့။ စာတန်က အရမ်းစဉ်းလဲပြီး ပါးနပ်ပေမဲ့ “သူ၏အကြံအစည်များကို” ကျွန်ုပ်တို့သိထားတဲ့အတွက် သူ့ကိုအောင်နိုင်ပါတယ်။ ဒီအကြောင်းကို နောက်ဆောင်းပါးမှာ ဆွေးနွေးမှာဖြစ်တယ်။—၂ ကော. ၂:၁၁

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

လောကကပေးတဲ့ “လွတ်လပ်မှု” တွေထဲက တချို့ကို ငါတမ်းတနေဆဲလား

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

အမှန်တရားကို ငါ့ဘဝရဲ့လမ်းစဉ်ဖြစ်အောင် ပြုလုပ်ပြီးပြီလား