မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“တစ်ပါးတည်းသော ယေဟောဝါ” က မိမိရဲ့မိသားစုကို စုစည်း

“တစ်ပါးတည်းသော ယေဟောဝါ” က မိမိရဲ့မိသားစုကို စုစည်း

“တစ်ပါးတည်းသော ယေဟောဝါ” က မိမိရဲ့မိသားစုကို စုစည်း

‘ဘုရားသခင့်စွမ်းအားတော်ကြောင့်ရသော တစ်လုံးတစ်ဝတည်းအဖြစ်ကို စောင့်ရှောက်ကြရန် ငါသည် သင်တို့ကို တောင်းပန်ပါ၏။’—ဧ. ၄:၁၊

သင် ဘယ်လိုဖြေမလဲ

ဘုရားသခင့်စီမံခန့်ခွဲမှုရဲ့ ရည်ရွယ်ချက်က ဘာလဲ။

‘ဘုရားသခင့်စွမ်းအားတော်ကြောင့်ရသော တစ်လုံးတစ်ဝတည်းအဖြစ်ကို စောင့်ရှောက်’ ဖို့ ကျွန်ုပ်တို့ ဘယ်လိုလုပ်ရမလဲ။

“အချင်းချင်းကြင်နာမှုပြ” ဖို့ ကျွန်ုပ်တို့ကို ဘာက ကူညီပေးမလဲ။

၁၊ ၂။ မြေကြီးနဲ့ လူသားတွေအတွက် ယေဟောဝါရဲ့ရည်ရွယ်ချက်က ဘာလဲ။

မိသားစု။ ဒီစကားလုံးကိုကြားလိုက်တာနဲ့ သင့်စိတ်ထဲ ဘာပေါ်လာသလဲ။ နွေးထွေးမှုလား။ ပျော်ရွှင်မှုလား။ တူညီတဲ့ပန်းတိုင်တစ်ခုကိုရောက်အောင် အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းလား။ ကြီးပြင်းဖို့၊ သင်ယူဖို့နဲ့ အယူအဆတွေကို အပြန်အလှန်ဖလှယ်ဖို့အတွက် လုံခြုံတဲ့နေရာတစ်ခုလား။ သင့်မှာ ဂရုစိုက်စောင့်ရှောက်တတ်တဲ့ မိသားစုရှိတယ်ဆိုရင်တော့ အဲဒီလိုဖြစ်နိုင်ပါတယ်။ ယေဟောဝါကိုယ်တော်တိုင် မိသားစုကို အစပြုဖန်ဆင်းခဲ့တယ်။ (ဧ. ၃:၁၄၊ ၁၅) ဘုရားသခင်ရဲ့ရည်ရွယ်ချက်က ကောင်းကင်၊ မြေကြီးမှာရှိတဲ့သူအားလုံးကို မိသားစုတစ်ခုအဖြစ်စုစည်းပြီး လုံခြုံမှု၊ အပြန်အလှန်ယုံကြည်စိတ်ချမှုနဲ့ စည်းလုံးမှု ရှိစေဖို့ဖြစ်တယ်။

အာဒံနဲ့ဧဝ အပြစ်ကျူးလွန်ပြီးတဲ့နောက်မှာ လူတွေဟာ ဘုရားသခင့်မိသားစုအဝင် ဆက်မဖြစ်နိုင်ကြတော့ဘူး။ ဒါပေမဲ့ ဘုရားသခင့်ရည်ရွယ်ချက်ကတော့ မပြောင်းလဲသွားဘူး။ မြေကြီးကို အာဒံနဲ့ဧဝရဲ့ သားမြေးတွေနဲ့ပြည့်နေမယ့် ပရဒိသုဖြစ်စေဖို့ ကိုယ်တော်ဆက်လုပ်ဆောင်မှာဖြစ်တယ်။ (က. ၁:၂၈; ဟေရှာ. ၄၅:၁၈) မိမိရဲ့ရည်ရွယ်ချက်ပြည့်စုံဖို့ လိုအပ်တဲ့ အစီအစဉ်တွေကိုလုပ်တယ်။ ဒီအစီအစဉ်အတော်များများကို ဧဖက်ကျမ်းမှာ ဖော်ပြထားတယ်၊ ဒီကျမ်းရဲ့ အဓိကအကြောင်းအရာက စည်းလုံးမှုဖြစ်တယ်။ အခု ဒီကျမ်းမှာပါတဲ့ကျမ်းချက်တချို့ကို ဆွေးနွေးပြီး ကောင်းကင်၊ မြေကြီးမှာရှိတဲ့အရာတွေကို စည်းလုံးစေမယ့် ယေဟောဝါရဲ့ရည်ရွယ်ချက်နဲ့အညီ ကျွန်ုပ်တို့ ဘယ်လို ပူးပေါင်းလုပ်ဆောင်နိုင်တယ်ဆိုတာ လေ့လာကြပါမယ်။

စီမံခန့်ခွဲမှုနဲ့ ၎င်းရဲ့လုပ်ဆောင်မှု

၃။ ဧဖက် ၁:၁၀ မှာဖော်ပြတဲ့ ဘုရားသခင်ရဲ့စီမံခန့်ခွဲမှုက ဘာလဲ။ ပြင်ဆင်မှုရဲ့ပထမအပိုင်းက ဘယ်အချိန်မှာစခဲ့သလဲ။

မောရှေက အစ္စရေးလူမျိုးကို “ငါတို့ရဲ့ဘုရားသခင် ယေဟောဝါက တစ်ပါးတည်းသော ယေဟောဝါဖြစ်တယ်” လို့ပြောခဲ့တယ်။ (တရား. ၆:၄ကဘ) ယေဟောဝါလုပ်သမျှက ကိုယ်တော့်ရည်ရွယ်ချက်နဲ့ လိုက်လျောညီထွေဖြစ်တယ်။ ဘုရားသခင်က ကောင်းကင်နဲ့မြေကြီးပေါ်မှာရှိတဲ့ အသိဉာဏ်ရှိ ဖန်ဆင်းခံသတ္တဝါအားလုံးကို မိသားစုတစ်ခုအဖြစ် စုစည်းဖို့ စတင်ပြင်ဆင်တယ်။ ကိုယ်တော်က ဒီပြင်ဆင်မှုတွေကို ‘စီမံခန့်ခွဲမှု’ လို့ခေါ်တယ်။ (ဧဖက် ၁:၈-၁၀ ကိုဖတ်ပါ။) ဒီစီမံခန့်ခွဲမှုမှာ အပိုင်းနှစ်ပိုင်းပါတယ်။ ပထမအပိုင်းက ကောင်းကင်မျှော်လင့်ချက်ရှိသူတွေကို ကောင်းကင်အသက်တာအတွက် ပြင်ဆင်ပေးခြင်းဖြစ်တယ်၊ သူတို့က ကောင်းကင်မှာ ယေရှုခရစ်ရဲ့အခွင့်အာဏာအောက်မှာ ဆက်အလုပ်လုပ်ကြမယ်။ ကောင်းကင်မှာ ခရစ်တော်နဲ့အတူ အုပ်ချုပ်မယ့်သူတွေကို ယေဟောဝါ စတင်စုသိမ်းတဲ့ အေဒီ ၃၃ မှာ ဒီပြင်ဆင်မှု စတင်ခဲ့တယ်။ (တ. ၂:၁-၄) ခရစ်တော်ရဲ့ ရွေးနုတ်ဖိုးပူဇော်သကာကြောင့် ဘုရားသခင်က ကောင်းကင်အတန်းအစားတွေကို ကောင်းကင်အသက်တာရထိုက်တဲ့ ဖြောင့်မတ်သူတွေအဖြစ် ရှုမြင်တယ်။ သူတို့က “ဘုရားသခင်၏သားသမီး” တွေအဖြစ် မွေးစားခံရတယ်ဆိုတာကို သိကြတယ်။—ရော. ၃:၂၃၊ ၂၄; ၅:၁; ၈:၁၅-၁၇

၄၊ ၅။ စီမံခန့်ခွဲမှုရဲ့ ဒုတိယအပိုင်းက ဘာလဲ။

ဒုတိယအနေနဲ့ ဘုရားသခင်က မေရှိယနိုင်ငံတော်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ မြေကြီးပရဒိသုမှာနေထိုင်မယ့် သူတွေကို ပြင်ဆင်တယ်။ “လူအုပ်ကြီး” က ပရဒိသုမြေကြီးပေါ်မှာ အရင်ဦးဆုံး နေထိုင်ရမယ့်သူတွေ ဖြစ်ပါလိမ့်မယ်။ (ဗျာ. ၇:၉၊ ၁၃-၁၇; ၂၁:၁-၅) အဲဒီနောက် ခရစ်တော်ရဲ့အနှစ်တစ်ထောင်အုပ်ချုပ်မှုအောက်မှာ သန်းထောင်နဲ့ချီတဲ့သူတွေ ထမြောက်လာကြပြီး ကမ္ဘာပေါ်မှာ လူအုပ်ကြီးနဲ့အတူ နေထိုင်ပါလိမ့်မယ်။ (ဗျာ. ၂၀:၁၂၊ ၁၃) ရှင်ပြန်ထမြောက်ခြင်းက စည်းလုံးမှုတင်ပြနိုင်တဲ့ နောက်ထပ်အခွင့်အရေးတွေကို ရရှိစေမှာဖြစ်တယ်။ လူအုပ်ကြီးနဲ့ ထမြောက်လာမယ့်သူတွေဟာ “မြေကြီးပေါ်ရှိအရာများ” ဖြစ်ပါလိမ့်မယ်။ သူတို့တွေဟာ အနှစ်တစ်ထောင်အကုန်မှာ စမ်းသပ်ခံရဦးမှာဖြစ်ပြီး သစ္စာရှိသူတွေကတော့ မြေကြီးပေါ်မှာရှိတဲ့ “ဘုရားသခင့်သားသမီး” တွေအဖြစ် မွေးစားခံရကြမယ်။—ရော. ၈:၂၁; ဗျာ. ၂၀:၇၊ ၈

အခုအချိန်မှာ ယေဟောဝါက ကောင်းကင်အသက်တာရရှိမယ့်သူတွေကိုရော မြေကြီးပရဒိသုမှာ အသက်ရှင်မယ့်သူတွေကိုပါ စီမံခန့်ခွဲနေတယ်။ ကျွန်ုပ်တို့တစ်ဦးချင်းစီက ဘုရားသခင့်စီမံခန့်ခွဲမှုနဲ့ ဘယ်လို ပူးပေါင်းလုပ်ဆောင်နေသလဲ။

‘တစ်လုံးတစ်ဝတည်းအဖြစ်ကို စောင့်ရှောက်ကြလော့’

၆။ ခရစ်ယာန်တွေ အချင်းချင်း တွေ့ဆုံစည်းဝေးရမယ်လို့ ဘယ်ကျမ်းချက်တွေမှာ ဖော်ပြထားသလဲ။

ခရစ်ယာန်တွေ အချင်းချင်းတွေ့ဆုံစည်းဝေးရမယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ (၁ ကော. ၁၄:၂၃; ဟေဗြဲ ၁၀:၂၄၊ ၂၅) ဒါပေမဲ့ စည်းလုံးဖို့ဆိုရင်တော့ ဈေး၊ ဒါမှမဟုတ် အားကစားကွင်းလို နေရာတစ်ခုခုမှာ လူတွေ တွေ့ဆုံတာမျိုးထက်မက များစွာလုပ်ဆောင်ဖို့လိုတယ်။ ယေဟောဝါရဲ့သွန်သင်မှုကို လိုက်နာပြီး ဘုရားသခင့်စွမ်းအားတော်ရဲ့ ပုံသွင်းမှုကို လက်ခံတဲ့အခါ စည်းလုံးမှုရှိကြတယ်။

၇။ ‘ဘုရားသခင့်စွမ်းအားတော်ကြောင့်ရသော တစ်လုံးတစ်ဝတည်းအဖြစ်ကို စောင့်ရှောက်ကြ’ ပါဆိုတဲ့ သွန်သင်ချက်ကို ဘယ်လိုကျင့်သုံးနိုင်သလဲ။

ယေဟောဝါဟာ ယေရှုရဲ့ရွေးနုတ်ဖိုးပူဇော်သကာကို အခြေခံပြီး ကောင်းကင်အတန်းအစားတွေကို သားအဖြစ်၊ အခြားသိုးတွေကို မိတ်ဆွေတွေအဖြစ် ရှုမြင်တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ ဒီလောကမှာအသက်ရှင်နေသရွေ့ အချင်းချင်း ပြဿနာဖြစ်တဲ့အချိန်တွေ ရှိမှာပဲ။ (ရော. ၅:၉; ယာ. ၂:၂၃) အဲဒါကြောင့် ကျမ်းစာက ကျွန်ုပ်တို့ကို အချင်းချင်းစိတ်ရှည်ပါလို့ ပြောနေတာဖြစ်တယ်။ ဒါဆိုရင် ကျွန်ုပ်တို့ရဲ့ ညီအစ်ကိုညီအစ်မတွေနဲ့ စည်းလုံးညီညွတ်အောင် ဘယ်လိုလုပ်ရမလဲ။ ကျွန်ုပ်တို့မှာ “စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့နှင့် ပြည့်စုံ” ဖို့လိုတယ်။ ဒါ့အပြင် “ငြိမ်သက်ခြင်းအနှောင်အဖွဲ့အားဖြင့် ဘုရားသခင့်စွမ်းအားတော်ကြောင့်ရသော တစ်လုံးတစ်ဝတည်းအဖြစ်ကို ကြိုးစားအားထုတ်၍ စောင့်ရှောက်ကြ” ဖို့ ပေါလု တိုက်တွန်းတယ်။ (ဧဖက် ၄:၁-၃ ကိုဖတ်ပါ။) ဒီသွန်သင်ချက်ကို လက်တွေ့ကျင့်သုံးနိုင်တဲ့နည်းတစ်နည်းက ဘုရားသခင့်စွမ်းအားတော်ရဲ့လမ်းညွှန်မှုအတိုင်းကျင့်ကြံပြီး စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေကိုတင်ပြနိုင်ဖို့ စွမ်းအားတော်ရဲ့အကူအညီကို လက်ခံခြင်းဖြစ်တယ်။ စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေက လူလူချင်းဖြစ်တဲ့ပြဿနာတွေကို ပြေလည်စေပြီး လူ့ဇာတိနဲ့ဆိုင်တဲ့အကျင့်တွေကတော့ အမြဲပဲ စည်းလုံးမှုကို ပြိုကွဲစေတယ်။

၈။ လူ့ဇာတိနဲ့ဆိုင်တဲ့အကျင့်တွေက စည်းလုံးမှုကို ဘယ်လိုပျက်ပြားစေသလဲ။

“လူ့ဇာတိနှင့်ဆိုင်သောအကျင့်များ” က ကျွန်ုပ်တို့ကို ဘယ်လိုကွဲပြားစေသလဲ။ (ဂလာတိ ၅:၁၉-၂၁ ကိုဖတ်ပါ။) တရားမဝင်လိင်ဆက်ဆံခြင်းက လူတစ်ယောက်ကို ယေဟောဝါနဲ့ရော အသင်းတော်နဲ့ပါ ဝေးကွာသွားစေတယ်။ အိမ်ထောင်ရေးဖောက်ပြန်တာက မိသားစုကို အကြီးအကျယ် ထိခိုက်ဝမ်းနည်းစေပြီး သားသမီးနဲ့မိဘကို ဝေးကွာစေတယ်၊ အပြစ်မဲ့တဲ့အိမ်ထောင်ဖက်ကို သူ့ရဲ့ ခင်ပွန်း ဒါမှမဟုတ် ဇနီးနဲ့ ဝေးကွာစေတယ်။ မသန့်ရှင်းခြင်းက လူတစ်ဦးကို ယေဟောဝါနဲ့ရော၊ သူ့ကိုချစ်တဲ့သူတွေနဲ့ပါ စည်းလုံးဖို့ ခက်ခဲစေတယ်။ အရာဝတ္ထုနှစ်ခုကို ကော်နဲ့ကပ်ချင်တယ်ဆိုရင် အဲဒီအရာနှစ်ခုစလုံးရဲ့မျက်နှာပြင်က သန့်ရှင်းနေမှသာ ခိုင်ခိုင်မြဲမြဲကပ်နိုင်မှာဖြစ်တယ်။ မျက်နှာပြောင်တိုက်ခြင်းက ဘုရားသခင့်ပညတ်တွေကို မနာခံကြောင်းနဲ့ အဲဒီပညတ်တွေကို လုံးလုံးလေးစားမှုမရှိကြောင်း ဖော်ပြတယ်။ လူ့ဇာတိနဲ့ဆိုင်တဲ့ တခြားအကျင့်တွေကလည်း လူလူချင်းနဲ့ရော၊ ဘုရားသခင်နဲ့ပါ ဝေးကွာစေတယ်။ ဒီလုပ်ရပ်တွေကို ယေဟောဝါ ရွံမုန်းတယ်။

ကျွန်ုပ်တို့က စည်းလုံးငြိမ်သက်မှုရှိအောင် လုပ်နေမနေ သိနိုင်ဖို့ ဘယ်မေးခွန်းတွေကို မေးနိုင်သလဲ။

ဒါကြောင့် ကျွန်ုပ်တို့တစ်ယောက်ချင်းစီက ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးဖို့လိုတယ်– ‘ညီအစ်ကိုညီအစ်မတွေနဲ့ စည်းလုံးငြိမ်သက်မှု ဆက်ရှိနေဖို့ ငါ ဘယ်လောက် ကြိုးစားအားထုတ်သလဲ။ တစ်ယောက်ယောက်နဲ့ ပြဿနာဖြစ်တဲ့အခါ ငါ ဘာလုပ်သလဲ။ လူတွေ ငါ့ဘက်ပါလာအောင် လူတကာကို လိုက်ပြောသလား။ ပြဿနာဖြစ်တဲ့သူနဲ့ ပြန်သင့်မြတ်ဖို့ ကိုယ်တိုင်ကြိုးစားအားထုတ်မယ့်အစား ပြဿနာကို အကြီးအကဲတွေလက်ထဲ အပ်လိုက်သလား။ တစ်ယောက်ယောက်က ငါ့ကို မကျေမနပ်ဖြစ်နေတယ်ဆိုတာ ငါသိတဲ့အခါ ပြဿနာဖြေရှင်းလို့မရအောင် ငါ သူ့ကို ရှောင်နေသလား။ ကျွန်ုပ်တို့က အဲဒီထဲက တစ်ခုခုကိုလုပ်နေတယ်ဆိုရင် ခရစ်တော်ရဲ့အုပ်ချုပ်မှုအောက်မှာ လူအားလုံးကို မိသားစုတစ်ခုအဖြစ် စည်းလုံးစေမယ်ဆိုတဲ့ ယေဟောဝါရဲ့ရည်ရွယ်ချက်နဲ့အညီ ကျွန်ုပ်တို့ လုပ်ဆောင်နေတယ်လို့ ပြောလို့ရပါ့မလား။

၁၀၊ ၁၁။ (က) ကျွန်ုပ်တို့ရဲ့ညီအစ်ကိုညီအစ်မတွေနဲ့ သင့်မြတ်ဖို့ ဘယ်လောက် အရေးကြီးသလဲ။ (ခ) ငြိမ်သက်အေးချမ်းဖို့နဲ့ ယေဟောဝါရဲ့ကောင်းချီးရဖို့ ကျွန်ုပ်တို့ ဘာလုပ်နိုင်သလဲ။

၁၀ ယေရှု ဒီလိုပြောခဲ့တယ်– “သင်သည် ယဇ်ပလ္လင်သို့ ယဇ်ကိုယူဆောင်လာခဲ့ပြီးမှ သင့်ညီအစ်ကိုက သင့်ကို မကျေမနပ်ဖြစ်နေသည်ဟု ခံစားမိလျှင်၊ သင်၏ယဇ်ကို ပလ္လင်ရှေ့၌ချထား၍ သွားဦးလော့။ သင်၏ညီအစ်ကိုနှင့် သင့်မြတ်အောင် အရင်ပြုဦးလော့။ သို့ပြီးမှ ပြန်လာ၍ သင်၏ယဇ်ကို ပူဇော်လော့။ . . . ပြေလည်အောင် ချက်ချင်းလုပ်ဆောင်လော့။” (မ. ၅:၂၃-၂၅) ယာကုပ်က “ဖြောင့်မတ်ခြင်းအသီးသည် သင့်မြတ်စေသူများအတွက် ငြိမ်သက်သောအခြေအနေတွင် မိမိ၏မျိုးစေ့ကို ကြဲထား၏” လို့ ရေးခဲ့တယ်။ (ယာ. ၃:၁၇၊ ၁၈) ကျွန်ုပ်တို့က တခြားသူတွေနဲ့ မသင့်မြတ်ဘူးဆိုရင် ဖြောင့်မတ်တဲ့အကျင့်တွေကို ဆက်မကျင့်နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။

၁၁ ဥပမာ၊ စစ်ဖြစ်ခဲ့ဖူးတဲ့နိုင်ငံတချို့မှာဆိုရင် နိုင်ငံရဲ့ သုံးပုံတစ်ပုံကျော်က မြေမြှုပ်မိုင်းမရှိဘူးဆိုရင် စိုက်ပျိုးလို့ရနိုင်တယ်။ မိုင်းတစ်လုံးပေါက်ကွဲသွားပြီဆိုရင် လယ်သမားတွေက အဲဒီနေရာမှာ မစိုက်ပျိုးကြတော့ဘူး၊ ဒါကြောင့် ရွာသားတွေမှာ အလုပ်အကိုင်ရှားပါးလာပြီး မြို့တွေမှာလည်း အစားအစာ ရှားပါးလာတယ်။ အဲဒီလိုပဲ ကျွန်ုပ်တို့ရဲ့ ပင်ကိုစရိုက်ကြောင့် တခြားသူတွေနဲ့ သင့်မြတ်ဖို့ ခက်တယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ခရစ်ယာန်အရည်အသွေးတွေကို တိုးတက်အောင်လုပ်ဖို့ ခက်သွားတယ်။ ဒါက ကျွန်ုပ်တို့ကို မြေမြှုပ်မိုင်းတွေနဲ့ တူသွားစေတယ်။ အဲဒီလိုဖြစ်နေတယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ပင်ကိုစရိုက်ကို ပြုပြင်ဖို့လိုတယ်။ ကျွန်ုပ်တို့က တခြားသူတွေကို အလျင်အမြန်ခွင့်လွှတ်ပြီး သူတို့အတွက် ကောင်းတာတွေ လုပ်ပေးမယ်ဆိုရင် ကျွန်ုပ်တို့အားလုံး ငြိမ်သက်အေးချမ်းနိုင်ပြီး ယေဟောဝါရဲ့ကောင်းချီးကိုလည်း ခံစားရမှာဖြစ်တယ်။

၁၂။ စည်းလုံးမှုရှိအောင် အကြီးအကဲတွေက ကျွန်ုပ်တို့ကို ဘယ်လို ဘယ်ကူညီပေးနိုင်သလဲ။

၁၂ “လူ့အသွင်ဆုများ” ကလည်း “တစ်လုံးတစ်ဝတည်းဖြစ်” ဖို့ ကူညီပေးပါတယ်။ (ဧ. ၄:၈၊ ၁၃) ဒါက အသင်းတော်မှာ စည်းလုံးမှုရှိအောင် အကြီးအကဲတွေက ကူညီပေးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်။ သူတို့က ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ကျွန်ုပ်တို့နဲ့အတူ တွဲဖက်လုပ်ဆောင်တဲ့အခါ၊ ကျမ်းစာအခြေခံတဲ့ သွန်သင်ချက်တွေပေးဖို့ ကျွန်ုပ်တို့ဆီလာတဲ့အခါ ဒါတွေက ကျွန်ုပ်တို့ရဲ့ ခရစ်ယာန်အရည်အသွေးတွေ တိုးတက်အောင် ကူညီပေးနေတာဖြစ်တယ်။ (ဧ. ၄:၂၂-၂၄) အကြီးအကဲတွေက သင့်ကို သွန်သင်ချက်ပေးတယ်ဆိုရင် ဒါက ကမ္ဘာသစ်မှာနေထိုင်ဖို့ သင့်ကို ကူညီပေးနေခြင်းဖြစ်တယ်ဆိုတာ သတိရပါ။ အကြီးအကဲတို့၊ တခြားသူတွေကို သင်တို့ ပဲ့ပြင်ပေးတဲ့အခါမှာ အဲဒီရည်ရွယ်ချက်နဲ့ပဲ့ပြင်ပေးကြောင်း သေချာစေပါ။—ဂလ. ၆:၁

“အချင်းချင်း ကြင်နာမှုပြ” ပါ

၁၃။ ဧဖက် ၄:၂၅-၃၂ မှာပါတဲ့ သွန်သင်ချက်ကို ကျွန်ုပ်တို့ မလိုက်နာဘူးဆိုရင် ဘာဖြစ်နိုင်သလဲ။

၁၃ ဧဖက် ၄:၂၅-၂၉ မှာ ကျွန်ုပ်တို့ မလုပ်သင့်တဲ့အရာတွေကို ဖော်ပြထားတယ်။ ကျွန်ုပ်တို့က မလိမ်ညာရဘူး၊ အလွန်အမင်း ဒေါသမထွက်ရဘူး၊ မပျင်းရဘူး၊ မကောင်းတဲ့စကားမပြောရဘူး။ အဲဒီအစား ကောင်းတာတွေ၊ အားပေးမှုဖြစ်စေတဲ့စကားတွေ ပြောဆိုသင့်တယ်။ ဒီသွန်သင်ချက်ကို မလိုက်နာတဲ့သူက လူတွေနဲ့ ဝေးကွာသွားတယ်။ “ဘုရားသခင်၏ သန့်ရှင်းသောစွမ်းအားတော်ကို ဝမ်းနည်း” စေနိုင်တယ်၊ လူတွေကို စည်းလုံးစေတာက ကိုယ်တော့်စွမ်းအားတော်ပဲ။ (ဧ. ၄:၃၀) ငြိမ်သက်စည်းလုံးမှုရှိဖို့အတွက် ပေါလု နောက်ထပ်ရေးခဲ့တဲ့အချက်တွေကိုလည်း လိုက်နာကျင့်သုံးရမယ်၊ သူဒီလိုရေးခဲ့တယ်– “ခပ်သိမ်းသော ခါးသီးနာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းတို့ကို မကောင်းမှုရှိသမျှနှင့်တကွ ဖယ်ရှားကြလော့။ အချင်းချင်း ကြင်နာမှုပြ၍ သနားစာနာကြလော့။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် သင်တို့ကို အကြွင်းမဲ့ခွင့်လွှတ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်း အကြွင်းမဲ့ခွင့်လွှတ်ကြလော့။”—ဧ. ၄:၃၁၊ ၃၂

၁၄။ (က) “အချင်းချင်းကြင်နာမှုပြ” ဖို့ ပေါလု ဘာကြောင့် အကြံပေးခဲ့သလဲ။ (ခ) တခြားသူတွေအပေါ် ကြင်နာမှုပြဖို့ ဘာက ကျွန်ုပ်တို့ကို ကူညီပေးမလဲ။

၁၄ “အချင်းချင်းကြင်နာမှုပြ” ဖို့ ပေါလု အကြံပေးခဲ့တယ်၊ အကြောင်းကတော့ ကျွန်ုပ်တို့ဟာ ကြင်နာမှုမပြတဲ့အချိန်တွေရှိနိုင်ပြီး ကြင်နာမှု ပိုပြဖို့ ကြိုးစားအားထုတ်ရမှာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ ခံစားချက်ထက် တခြားသူတွေရဲ့ခံစားချက်က ပိုအရေးကြီးတယ်လို့ စဉ်းစားတတ်အောင် သင်ယူဖို့လိုတယ်။ (ဖိ. ၂:၄) တစ်ခါတလေ ကျွန်ုပ်တို့က ရယ်စရာဟာသတစ်ခုခု ဒါမှမဟုတ် ကျွန်ုပ်တို့ကို ထက်မြက်တဲ့သူလို့ ထင်မြင်ယူဆစေတဲ့ အကြောင်းအရာတစ်ခုခုကို ပြောချင်မယ်။ ဒါပေမဲ့ ဒါက ကြင်နာမှုပြရာ မရောက်ဘူးဆိုရင် မပြောသင့်ဘူး။ ကျွန်ုပ်တို့က စကားမပြောခင် အရင်စဉ်းစားတယ်ဆိုရင် “အချင်းချင်းကြင်နာမှုပြ” ဖို့ အထောက်အကူပြုမှာဖြစ်တယ်။

မိသားစုမှာ မေတ္တာနဲ့ လေးစားမှုရှိဖို့ သင်ယူပါ

၁၅။ လင်ယောက်ျားတွေ ခရစ်တော်ကို ဘယ်လိုတုပရမယ်ဆိုတာ နားလည်အောင် ဧဖက် ၅:၂၈ က ဘယ်လိုကူညီပေးသလဲ။

၁၅ သမ္မာကျမ်းစာမှာ ခရစ်တော်နဲ့ အသင်းတော်ရဲ့ဆက်ဆံရေးကို လင်မယားဆက်ဆံရေးနဲ့ နှိုင်းယှဉ်ထားတယ်။ လင်ယောက်ျားတစ်ဦးဟာ မိမိရဲ့ဇနီးကို လမ်းညွှန်ပြီး မေတ္တာပြရမယ်၊ ဂရုစိုက်ရမယ်ဆိုတာကို နားလည်ဖို့ ခရစ်တော်ရဲ့ ပုံသက်သေက ကူညီပေးတယ်။ ခင်ပွန်းကို လက်အောက်ခံရမယ်ဆိုတာ ဇနီးဖြစ်သူနားလည်ဖို့လည်း ကိုယ်တော့်ပုံသက်သေက သင်ပေးတယ်။ (ဧ. ၅:၂၂-၃၃) “ထိုနည်းတူ ခင်ပွန်းသည်လည်း ကိုယ့်ကိုယ်ကိုယ် ချစ်သကဲ့သို့ ဇနီးကို ချစ်သင့်၏” လို့ ပေါလုပြောတဲ့အခါ ဘယ် “နည်း” ကိုပြောတာလဲ။ (ဧ. ၅:၂၈) ခရစ်တော်နဲ့ အသင်းတော်အကြောင်း ပေါလုပြောခဲ့တဲ့စကားတွေက ဒီမေးခွန်းရဲ့အဖြေရဖို့ ထောက်ကူပေးတယ်။ ခရစ်တော်က အသင်းတော်ကိုချစ်ပြီး သူ့ရဲ့အသက်ကိုတောင် ပေးခဲ့တယ်၊ အသင်းတော်ကို “စကားတော်ရေအားဖြင့် စင်ကြယ်စေ” ခဲ့တယ်လို့ ပေါလုပြောခဲ့တယ်။ ဒါကြောင့် မိသားစုဝင်တစ်ဦးစီနဲ့ ယေဟောဝါရဲ့ဆက်ဆံရေး ကောင်းဖို့ လင်ယောက်ျားမှာ တာဝန်ရှိတယ်။ သူအဲဒီလိုလုပ်တာက လူအားလုံးကို ခရစ်တော်ရဲ့အုပ်ချုပ်မှုအောက်မှာ စည်းလုံးစေမယ်ဆိုတဲ့ ယေဟောဝါရဲ့ရည်ရွယ်ချက်နဲ့ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်တယ်။

၁၆။ ယေဟောဝါ ပေးအပ်ထားတဲ့တာဝန်ကို မိဘတွေ ကျေပွန်မယ်ဆိုရင် ဘာအကျိုးရမလဲ။

၁၆ သားသမီးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ မိဘတွေကို ယေဟောဝါတာဝန်ပေးထားတယ်ဆိုတာ မိဘတွေ သတိရဖို့လိုတယ်။ ဝမ်းနည်းစရာက ဒီနေ့လောကမှာရှိတဲ့ လူများစွာဟာ “မိသားစုချစ်ခင်စုံမက်ခြင်း မရှိသူ” တွေဖြစ်တယ်။ (၂ တိ. ၃:၁၊) ဖခင်များစွာက သူတို့ရဲ့တာဝန်ကို မယူကြဘူး၊ ဒါက ကလေးတွေကို ထိခိုက်နစ်နာစေပြီး ဝမ်းနည်းစေတယ်။ ဒါပေမဲ့ ပေါလုက ခရစ်ယာန်ဖခင်တွေကို “သားသမီးများကို စိတ်ဆိုးစေခြင်းငှာမပြုကြနှင့်။ ယေဟောဝါဘုရား၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်အတိုင်း မွေးမြူလျက်နေကြလော့” လို့ ပြောခဲ့တယ်။ (ဧ. ၆:၄) မေတ္တာပြတတ်ဖို့နဲ့ အခွင့်အာဏာကို လေးစားတတ်ဖို့ ကလေးတွေ ဦးဆုံးသင်ယူနိုင်တဲ့နေရာက မိသားစုဖြစ်တယ်။ မိမိတို့ရဲ့သားသမီးကို ဒီအကြောင်းတွေ သင်ပေးတဲ့မိဘတွေက လူအားလုံးကိုစည်းလုံးစေမယ်ဆိုတဲ့ ယေဟောဝါရဲ့ရည်ရွယ်ချက်နဲ့ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်တယ်။ မိသားစုအတွင်းမှာ ကလေးတွေ မေတ္တာခံစားရအောင် မိဘတွေက လုပ်ဆောင်သင့်တယ်။ ဒါကြောင့် သူတို့ရဲ့ဒေါသကို ထိန်းချုပ်ဖို့လိုတယ်၊ ကလေးတွေကို မအော်ငေါက်သင့်ဘူး၊ စိတ်ထိခိုက်စေတဲ့စကားတွေ မပြောသင့်ဘူး။ ဒီလိုနည်းအားဖြင့် မေတ္တာ ဘယ်လိုပြရမယ်၊ အခွင့်အာဏာကိုလေးစားကြောင်း ဘယ်လိုပြရမယ်ဆိုတဲ့ အရေးကြီးတဲ့သင်ခန်းစာတွေကို မိဘတွေက သင်ပေးတယ်။ ဒါက ကလေးတွေကို ကမ္ဘာသစ်မှာ အသက်ရှင်နေထိုင်ဖို့ ပြင်ဆင်ပေးနေတာဖြစ်တယ်။

၁၇။ စာတန်ကို တိုက်လှန်ဖို့ ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။

၁၇ ဘုရားသခင့်အလိုတော်ကို ဆောင်ဖို့ ကျွန်ုပ်တို့ရဲ့ကြိုးစားအားထုတ်မှုကို စကြဝဠာရဲ့ငြိမ်သက်မှုကို ပထမဆုံး နှောင့်ယှက်ဖျက်ဆီးခဲ့တဲ့ စာတန်က ပြင်းပြင်းထန်ထန် ဆန့်ကျင်နှောင့်ယှက် နေတယ်ဆိုတာ သဘောပေါက်ဖို့လိုတယ်။ လူတွေ ကွာရှင်းကြတာ၊ လက်မထပ်ဘဲ အတူနေတာ၊ လိင်တူချင်းလိင်ဆက်ဆံတာက စာတန့်အကြိုက်ပဲ။ ဒါပေမဲ့ ကျွန်ုပ်တို့ကတော့ ယနေ့လောကမှာ လက်ခံထားတဲ့ အမူအကျင့်တွေကို လိုက်မကျင့်ကြဘူး။ ခရစ်တော်က ကျွန်ုပ်တို့ရဲ့စံနမူနာရှင်ဖြစ်တယ်။ (ဧ. ၄:၁၇-၂၁) ဒါကြောင့် စာတန်နဲ့ သူ့ရဲ့နတ်ဆိုးတွေကို တိုက်လှန်ဖို့ဆိုရင် “ဘုရားသခင်ထံတော်မှ ချပ်ဝတ်တန်ဆာအပြည့်အစုံကို ယူဆောင်” ဖို့လိုတယ်။—ဧဖက် ၆:၁၀-၁၃ ကိုဖတ်ပါ။

“ချစ်ခြင်းမေတ္တာ၌ လျှောက်လှမ်းနေကြလော့”

၁၈။ ခရစ်ယာန်စည်းလုံးမှုရဲ့ သော့ချက်က ဘာလဲ။

၁၈ ခရစ်ယာန်စည်းလုံးမှုရဲ့ တကယ့်သော့ချက်က မေတ္တာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့နှလုံးမှာ “သခင်တစ်ပါး” ဖြစ်တဲ့ ယေရှုနဲ့ ‘ဘုရားသခင်တစ်ပါးတည်း’ ဖြစ်တဲ့ ယေဟောဝါကိုချစ်တဲ့မေတ္တာ၊ အချင်းချင်းကိုချစ်တဲ့မေတ္တာ ပြည့်နေတယ်။ ဒါကြောင့် ကျွန်ုပ်တို့က ကျွန်ုပ်တို့မှာရှိတဲ့ ငြိမ်သက်မှုနဲ့ စည်းလုံးမှုကို ဆက်ထိန်းသိမ်းထားဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ (ဧ. ၄:၃-၆) ဒီလိုမေတ္တာမျိုးအတွက် ယေရှု ဆုတောင်းခဲ့တယ်– “ဤသူတို့အတွက်သာ တောင်းလျှောက်သည် မဟုတ်ပါ။ သူတို့၏စကားကြောင့် ကျွန်ုပ်ကို ယုံကြည်လာသူတို့အတွက်လည်း တောင်းလျှောက်ပါ၏။ ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်ကြစေရန် တောင်းလျှောက်ပါ၏။ အို၊ အဖ၊ ကိုယ်တော်သည် ကျွန်ုပ်နှင့် တစည်းတလုံးတည်းရှိတော်မူ၍ ကျွန်ုပ်သည်လည်း ကိုယ်တော်နှင့် တစည်းတလုံးတည်းရှိသကဲ့သို့ ထိုသူအပေါင်းတို့ကို ကျွန်ုပ်တို့နှင့် တစည်းတလုံးတည်းရှိစေတော်မူပါ။” ဒီလိုလည်း ဆက်ပြောခဲ့တယ်– “ကျွန်ုပ်အား ချစ်တော်မူသောမေတ္တာသည် သူတို့၌ ရှိစေရန်၊ ကျွန်ုပ်သည် သူတို့နှင့် တစည်းတလုံးတည်းရှိစေရန် ကိုယ်တော်၏နာမတော်ကို သူတို့အား ကြားသိစေပါပြီ၊ ထပ်၍ ကြားသိစေပါဦးမည်။”—ယော. ၁၇:၂၀၊ ၂၁၊ ၂၆

၁၉။ သင့်စိတ်ပိုင်းဖြတ်ချက်က ဘာလဲ။

၁၉ ကျွန်ုပ်တို့မှာ ပြုပြင်ပြောင်းလဲဖို့ခက်တဲ့ စရိုက်တစ်ခုခုရှိနေနိုင်တယ်၊ ဆာလံဆရာလိုဆုတောင်းဖို့ မေတ္တာက လှုံ့ဆော်ပေးပါစေ။ သူဒီလိုဆုတောင်းခဲ့တယ်– “ကိုယ်တော့်နာမည်ကိုကြောက်ရွံ့ဖို့ ကျွန်တော့်စိတ်နှလုံးကို စုစည်းပေးပါ။” (ဆာ. ၈၆:၁၁ကဘ) ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ရဲ့မေတ္တာရှင်ဖခင်၊ ညီအစ်ကိုညီအစ်မတွေနဲ့ ဝေးကွာသွားအောင်လုပ်ဖို့ ကြိုးစားနေတဲ့ စာတန်ကို တိုက်လှန်ဖို့ စိတ်ပိုင်းဖြတ်ထားကြစို့။ မိသားစု၊ အမှုဆောင်လုပ်ငန်း၊ အသင်းတော်စတဲ့နေရာတွေမှာ “ချစ်မြတ်နိုးခံရသောသားသမီးများဖြစ်သည်နှင့်အညီ ဘုရားသခင်ကို တုပ” ဖို့ကြိုးစားအားထုတ်ပါ။—ဧ. ၅:၁၊ ၂

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

သူက သူ့ရဲ့ယဇ်ကို ယဇ်ပလ္လင်ရှေ့မှာထားခဲ့ပြီး သူ့ညီအစ်ကိုနဲ့သင့်မြတ်အောင် သွားလုပ်တယ်

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

မိဘတို့၊ ရိုသေလေးစားမှုပြတတ်အောင် သင့်ကလေးတွေကို သင်ပေးပါ