မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဘယ်သူ့ကို ငါကြောက်ရမလဲ”

“ဘယ်သူ့ကို ငါကြောက်ရမလဲ”

“ဘယ်သူ့ကို ငါကြောက်ရမလဲ”

“ငါ့တစ်ဘက်မှာ စစ်ခင်းကြရင်တောင် ကိုယ်တော့်ကိုပဲ ငါယုံကြည်ကိုးစား နေအုံးမှာ။”—ဆာ. ၂၇:၃၊ ကဘ။

အောက်ပါကျမ်းချက်တွေက ရဲစွမ်းသတ္တိရှိဖို့ သင့်ကို ဘယ်လို ကူညီပေးမလဲ

ဆာလံ ၂၇:၁

ဆာလံ ၂၇:၄

ဆာလံ ၂၇:၁၁

၁။ ဆာလံ ၂၇ မှာ ဘယ်မေးခွန်းတွေရဲ့အဖြေကို တွေ့နိုင်သလဲ။

ကမ္ဘာ့အခြေအနေတွေ ပိုဆိုးလာတဲ့ကြားမှာ ကျွန်ုပ်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းက ဘာကြောင့် တိုးတက်နေတာလဲ။ စီးပွားရေးအခြေအနေမကောင်းတဲ့ကြားမှာ ဟောပြောခြင်းလုပ်ငန်းအတွက် ကျွန်ုပ်တို့ရဲ့ အချိန်နဲ့ ခွန်အားကို ဘာကြောင့် လိုလိုလားလား အသုံးပြုနေကြသလဲ။ လူများစွာက အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေချိန်မှာ ကျွန်ုပ်တို့ရဲ့ ရဲစွမ်းသတ္တိကို ဘယ်လိုဆက်ထိန်းထားနိုင်သလဲ။ ဘုရင်ဒါဝိဒ်သီဆိုခဲ့တဲ့ ဆာလံ ၂၇ မှာ ဒီအဖြေတွေကို တွေ့ရပါတယ်။

၂။ အလွန်အမင်းကြောက်လန့်ခြင်းက လူတစ်ယောက်ကို ဘာဖြစ်စေနိုင်သလဲ။ ဒါပေမဲ့ ကျွန်ုပ်တို့ ဘာကိုစိတ်ချနိုင်သလဲ။

ဒါဝိဒ်က “ယေဟောဝါက ငါ့အလင်း၊ ငါ့ကိုကယ်တင်တဲ့ဘုရားသခင်ဖြစ်လို့ ဘယ်သူ့ကို ငါကြောက်ရမလဲ။ ယေဟောဝါက ငါ့အသက်ရဲ့ ရဲတိုက်ဖြစ်လို့ ဘယ်သူ့ကို ငါကြောက်လန့်ရမလဲ” ဆိုတဲ့စကားတွေနဲ့ ဒီဆာလံကျမ်းကို အစပျိုးထားတယ်။ (ဆာ. ၂၇:၁ကဘ) အလွန်အမင်းကြောက်လန့်ခြင်းက လူတစ်ယောက်ကို ဘာမှမလုပ်နိုင်တော့တဲ့အထိ အားပျက်သွားစေနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါကို ယုံကြည်ကိုးစားတဲ့သူကတော့ ရဲစွမ်းသတ္တိရှိပြီး ကြောက်လန့်စရာမရှိဘူး။ (၁ ပေတရု ၃:၁၄) ယေဟောဝါကို ကျွန်ုပ်တို့ရဲ့ ရဲတိုက်ဖြစ်စေမယ် ဒါမှမဟုတ် ယုံကြည်ကိုးစားမယ်ဆိုရင် “ကြောက်စရာဘေးဆိုး ကြုံရမှာကို မစိုးရိမ်ဘဲ ဘေးကင်းလုံခြုံစွာ နေရလိမ့်မယ်။” (သု. ၁:၃၃ကဘ; ၃:၂၅) ဘာကြောင့်လဲ။

ယေဟောဝါက ငါ့အလင်း၊ ငါ့ကိုကယ်တင်တဲ့ဘုရားသခင်”

၃။ ယေဟောဝါက ဘယ်လိုနည်းနဲ့ ကျွန်ုပ်တို့ရဲ့ အလင်းဖြစ်သလဲ။ ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။

“ယေဟောဝါက ငါ့အလင်း” လို့ သမ္မာကျမ်းစာမှာ ဖော်ပြတာဟာ ယေဟောဝါက ကျွန်ုပ်တို့ကို အမှန်တရားသင်ပေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ (ဆာ. ၂၇:၁ကဘ) တကယ့်အလင်းက ကျွန်ုပ်တို့သွားနေတဲ့လမ်းပေါ်မှာရှိတဲ့ အန္တရာယ် ဒါမှမဟုတ် အတားအဆီးကို မြင်အောင်ပြပေးတယ်၊ ဒါပေမဲ့ မဖယ်ရှားပေးဘူး။ ကျွန်ုပ်တို့က အန္တရာယ်ကို ရှောင်ရမှာဖြစ်တယ်။ အဲဒီလိုပဲ လောကမှာဖြစ်ပျက်နေတာတွေရဲ့ အဓိပ္ပာယ်ကို ကျွန်ုပ်တို့သိအောင် ယေဟောဝါ ဖော်ပြပေးတယ်။ ဆိုးညစ်တဲ့ဒီလောကမှာရှိတဲ့ အန္တရာယ်တွေကိုလည်း သတိပေးတယ်။ ကျွန်ုပ်တို့အတွက် အကျိုးရှိမယ့် အကြံဉာဏ်ကောင်းတွေကိုလည်း သမ္မာကျမ်းစာမှာ ဖော်ပြပေးထားတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့က သင်ယူသိရှိရာတွေအတိုင်း လုပ်ဆောင်ရမယ်။ အဲဒီလိုလုပ်ဆောင်မှသာ ကျွန်ုပ်တို့က ကျွန်ုပ်တို့ရဲ့ရန်သူနဲ့ ဆရာတွေထက် ပိုပြီးပညာရှိမှာဖြစ်တယ်။—ဆာ. ၁၁၉:၉၈၊ ၉၉၊ ၁၃၀

၄။ (က) ‘ယေဟောဝါက ငါ့ကိုကယ်တင်တဲ့ဘုရားသခင်’ လို့ ဒါဝိဒ် ဘာကြောင့် ပြောခဲ့တာလဲ။ (ခ) မိမိရဲ့ကျေးကျွန်တွေကို ယေဟောဝါ ဘယ်အချိန်မှာ ကယ်တင်မလဲ။

ဒါဝိဒ်ဟာ အရင်က ယေဟောဝါ သူ့ကိုကယ်တင်ခဲ့တာတွေကို မမေ့ဘူးဆိုတာ ဆာလံ ၂၇:၁ မှာပါတဲ့စကားတွေက ဖော်ပြတယ်။ ဥပမာ၊ ယေဟောဝါက သူ့ကို ခြင်္သေ့နဲ့ ဝက်ဝံရဲ့ရန်ကနေ ကယ်တင်ခဲ့တယ်။ အလွန့်အလွန်ထွားကျိုင်းတဲ့ ဂေါလျက်ကို အနိုင်ရဖို့လည်း သူ့ကို ကူညီပေးခဲ့တယ်။ နောက်ပိုင်း ဘုရင်ရှောလု သူ့ကို လှံနဲ့ပစ်ခဲ့ပေမဲ့ အကြိမ်တိုင်းမှာ ယေဟောဝါ ကာကွယ်ပေးခဲ့တယ်။ (၁ ရာ. ၁၇:၃၇၊ ၄၉၊ ၅၀; ၁၈:၁၁၊ ၁၂; ၁၉:၁၀) ဒါကြောင့် ‘ယေဟောဝါက ငါ့ကိုကယ်တင်တဲ့ဘုရားသခင်’ လို့ ဒါဝိဒ် ပြောခဲ့တာဖြစ်တယ်။ ယေဟောဝါက ဒါဝိဒ်ကို ကယ်တင်ခဲ့သလို မိမိရဲ့ တခြားကျေးကျွန်တွေကိုလည်း ကယ်တင်ပါလိမ့်မယ်။ ဘယ်အချိန်မှာလဲ။ “ကြီးစွာသောဒုက္ခ” ရောက်လာတဲ့အခါမှာဖြစ်တယ်။—ဗျာ. ၇:၁၄; ၂ ပေ. ၂:၉

ယေဟောဝါ သင့်ကိုကယ်တင်ခဲ့တဲ့အချိန်တွေကို ပြန်သတိရပါ

၅၊ ၆။ (က) ယေဟောဝါကူညီပေးခဲ့တာတွေကို မှတ်မိနေတာက ကျွန်ုပ်တို့ကို ပိုပြီးရဲစွမ်းသတ္တိရှိအောင် ဘယ်လိုကူညီပေးသလဲ။ (ခ) မိမိရဲ့လူမျိုးကို ယေဟောဝါ အရင်တုန်းက ဘယ်လိုကူညီပေးခဲ့တယ်ဆိုတာကို ဘာကြောင့် ပြန်စဉ်းစားသင့်သလဲ။

ဆာလံ ၂၇:၂၊ ၃ မှာ ကျွန်ုပ်တို့ကို ပိုပြီးရဲစွမ်းသတ္တိရှိလာအောင် ကူညီပေးနိုင်တဲ့ အရေးကြီးတဲ့အချက်တစ်ချက်ကို တွေ့နိုင်တယ်။ (ဖတ်ပါ။) ဒါဝိဒ်က ယေဟောဝါ သူ့ကိုကယ်တင်ခဲ့တဲ့အချိန်တွေကို မှတ်မိနေတယ်။ (၁ ရာ. ၁၇:၃၄-၃၇) ဒီလိုမှတ်မိနေလို့ သူပိုပြီး ရဲစွမ်းသတ္တိရှိလာတယ်၊ ဒါကြောင့် အခက်ခဲဆုံးအခြေအနေတွေကိုတောင် သူ ရင်ဆိုင်ခံရပ်နိုင်ခဲ့တယ်။ အရင်က ယေဟောဝါ သင့်ကို ဘယ်လိုကူညီပေးခဲ့တယ်ဆိုတာ မှတ်မိသေးသလား။ အဲဒါတွေကို မှတ်မိနေတဲ့အတွက် သင် ရဲစွမ်းသတ္တိရှိလာသလား။ ဥပမာ၊ သင်ဟာ စိတ်ဆင်းရဲစရာပြဿနာကြုံနေရလို့ ဘုရားသခင်ထံ ထက်ထက်သန်သန် ဆုတောင်းဖူးသလား။ အဲဒီနောက် ဒီပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ယေဟောဝါ သင့်ကို ဉာဏ်ပညာနဲ့ခွန်အားပေးခဲ့တာကို သင် ကြုံတွေ့ခံစားရသလား။ ယေဟောဝါရဲ့အမှုတော်ကို သင် ရွှင်လန်းစွာ အမှုမဆောင်နိုင်အောင် တားဆီးနေတဲ့ပြဿနာတွေကို ယေဟောဝါ ဘယ်လိုကူညီဖြေရှင်းပေးခဲ့တယ်ဆိုတာ မှတ်မိသေးသလား။ ဒါမှမဟုတ် ကိုယ်တော့်အမှုတော်မှာပါဝင်နိုင်ဖို့ သင့်ကို အခွင့်အလမ်းသစ်တွေ ဖွင့်ပေးခဲ့တာကို မှတ်မိသေးသလား။ (၁ ကော. ၁၆:၉) အခုအချိန်မှာ အဲဒါတွေကို ပြန်စဉ်းစားတဲ့အခါ သင် ဘယ်လိုခံစားရသလဲ။ ဒီလိုမှတ်မိနေတာက အခက်ခဲဆုံးပြဿနာတွေ ဒါမှမဟုတ် အခြေအနေတွေမှာတောင် ယေဟောဝါ သင့်ကိုကူညီပေးနိုင်တယ်ဆိုတဲ့အချက်ကို ဆက်ယုံကြည်စိတ်ချစေသင့်တယ်။—ရော. ၅:၃-၅

ဩဇာအာဏာရှိတဲ့အစိုးရတစ်ခုက ယေဟောဝါသက်သေတွေကို အဖွဲ့အစည်းလိုက် ဖျက်ဆီးပစ်ချင်တယ်ဆိုရင် ကျွန်ုပ်တို့ ဘာလုပ်ကြမလဲ။ မျက်မှောက်ခေတ်မှာ လူတချို့ အဲဒီလိုလုပ်ဖို့ ကြိုးစားခဲ့ကြတယ်၊ ဒါပေမဲ့ မအောင်မြင်ပါဘူး။ အရင်တုန်းက မိမိရဲ့လူမျိုးကို ယေဟောဝါ ဘယ်လိုကူညီပေးခဲ့တယ်ဆိုတာ မှတ်မိတယ်ဆိုရင် အနာဂတ်မှာ ဘာပဲဖြစ်လာပါစေ ကျွန်ုပ်တို့မှာ ရင်ဆိုင်ခံရပ်နိုင်တဲ့ ရဲစွမ်းသတ္တိရှိမှာဖြစ်တယ်။—ဒံ. ၃:၂၈

စစ်မှန်တဲ့ဝတ်ပြုရေးကို ချစ်မြတ်နိုးပါ

၇၊ ၈။ (က) ဆာလံ ၂၇:၄ မှာဖော်ပြထားတဲ့အတိုင်း ဒါဝိဒ်က ယေဟောဝါထံမှာ ဘာတောင်းခဲ့သလဲ။ (ခ) ယေဟောဝါရဲ့ သာ၍ကြီးမြတ်တဲ့ ပုံဆောင်ဝတ်ပြုရာအိမ်တော်က ဘာလဲ။ ယနေ့ ကျွန်ုပ်တို့ အဲဒီနေရာမှာ ဘယ်လိုဝတ်ပြုနိုင်သလဲ။

စစ်မှန်တဲ့ဝတ်ပြုရေးကိုချစ်မြတ်နိုးခြင်းကလည်း ရဲစွမ်းသတ္တိရှိဖို့ ကူညီပေးတယ်။ (ဆာလံ ၂၇:၄ ကိုဖတ်ပါ။ *) ဒါဝိဒ်အချိန်တုန်းကဆိုရင် ‘ယေဟောဝါရဲ့အိမ်တော်’ က တဲတော်ဖြစ်တယ်။ လှပတင့်တယ်တဲ့ ဝတ်ပြုရာအိမ်တော်ကို ဆောက်လုပ်နိုင်ဖို့ ဒါဝိဒ်က သားဖြစ်သူရှောလမုန်အတွက် အစစအရာရာ ပြင်ဆင်ပေးခဲ့တယ်။ နောက်ပိုင်း နှစ်ရာနဲ့ချီ ကြာပြီးတဲ့နောက်မှာ ယေရှုက ယေဟောဝါကိုဝတ်ပြုဖို့အတွက် ဝတ်ပြုရာအိမ်တော်ကို သွားစရာမလိုတော့မယ့်အချိန်အကြောင်း ရှင်းပြခဲ့တယ်။ (ယော. ၄:၂၁-၂၃) ယေဟောဝါက ကျွန်ုပ်တို့အတွက် ကိုယ်တော်လက်ခံတဲ့ ကိုးကွယ်ဝတ်ပြုနည်းတစ်ခုကို စီစဉ်ပေးခဲ့တယ်။ ကျွန်ုပ်တို့က ယေရှုရဲ့ ရွေးနုတ်ဖိုးပူဇော်သကာကို ယုံကြည်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ ဝတ်ပြုကိုးကွယ်မှုကို ကိုယ်တော်လက်ခံတယ်။ ဟေဗြဲ အခန်းကြီး ၈ ကနေ ၁၀ မှာ တမန်တော်ပေါလုက ဘုရားသခင်ကို ကျွန်ုပ်တို့ ဝတ်ပြုကိုးကွယ်နိုင်တဲ့ ဒီအစီအစဉ်ကို “လူလက်ဖြင့်မလုပ်” တဲ့ သာ၍ကြီးမြတ်တဲ့ ပုံဆောင်ဝတ်ပြုရာအိမ်တော်ဖြစ်တယ်လို့ ပြောခဲ့တယ်။ ဒီပုံဆောင်ဝတ်ပြုရာအိမ်တော်က ယေရှုနှစ်ခြင်းခံပြီး ယေဟောဝါအလိုတော်ဆောင်ဖို့ မိမိကိုယ်ကိုအပ်နှံတဲ့ အေဒီ ၂၉ မှာ စတင်တည်ရှိခဲ့တယ်။ (ဟေဗြဲ ၁၀:၁၀) အဲဒီနေရာမှာ ကျွန်ုပ်တို့ ဘယ်လိုဝတ်ပြုကိုးကွယ်နိုင်သလဲ။ ‘စိတ်ရင်းမှန်ဖြင့်၊ အကြွင်းမဲ့စိတ်ချခြင်း၊ ယုံကြည်ခြင်းဖြင့်’ ဆုတောင်းခြင်းနဲ့ တခြားသူတွေကို ယေဟောဝါအကြောင်း ရဲစွမ်းသတ္တိရှိရှိ ဟောပြောခြင်းအားဖြင့် ဖြစ်တယ်။ အစည်းအဝေးတွေတက်ခြင်းနဲ့ မိသားစုဝတ်ပြုမှု ပြုလုပ်ခြင်းကလည်း အဲဒီပုံဆောင်ဝတ်ပြုရာအိမ်တော်မှာ ဝတ်ပြုကိုးကွယ်တာဖြစ်တယ်။ (ဟေဗြဲ ၁၀:၂၂-၂၅) စစ်မှန်တဲ့ဝတ်ပြုရေးကို ချစ်မြတ်နိုးခြင်းက ခက်ခဲကျပ်တည်းတဲ့ ဒီနောက်ဆုံးကာလမှာ အဲဒီအရာတွေကို ဆက်လုပ်ဆောင်ဖို့ ကူညီပေးပါလိမ့်မယ်။

ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါရဲ့သစ္စာရှိကျေးကျွန်တွေက အမှုဆောင်လုပ်ငန်းအတွက် အချိန်ပိုပေးပြီး ပါဝင်နေကြတယ်၊ ဘာသာစကားအသစ်တွေ သင်ယူကြပြီး သတင်းကောင်းဟောပြောသူတွေ ပိုလိုအပ်တဲ့ နေရာတွေကို ပြောင်းရွှေ့ကြတယ်။ သူတို့ရဲ့လုပ်ရပ်တွေက သူတို့ဟာ ဆုတစ်ခုတည်းကိုတောင်းတဲ့ ဆာလံဆရာနဲ့တူကြောင်း ဖော်ပြတယ်။ သူတို့က ယေဟောဝါရဲ့ကောင်းမြတ်ခြင်းကို မြင်တွေ့လိုကြပြီး ဘာပဲဖြစ်နေပါစေ ကိုယ်တော့်အမှုတော်မှာ ပါဝင်ချင်ကြတယ်။—ဆာလံ ၂၇:၆ ကိုဖတ်ပါ။

ဘုရားသခင့်အကူအညီကို ယုံကြည်ကိုးစားပါ

၉၊ ၁၀။ ဆာလံ ၂၇:၁၀ မှာ ဘယ်လိုကတိပေးထားသလဲ။

ဒါဝိဒ်က ယေဟောဝါရဲ့အကူအညီကို ဘယ်လောက်အထိ ယုံကြည်ကိုးစားတယ်ဆိုတာ သူ့ရဲ့စကားတွေက ဖော်ပြတယ်။ သူက ‘ကိုယ်မိဘတို့သည် အကျွန်ုပ်ကို စွန့်သော်လည်း ယေဟောဝါသည် အကျွန်ုပ်ကို ချီယူတော်မူမည်’ လို့ပြောခဲ့တယ်။ (ဆာ. ၂၇:၁၀) ၁ ဓမ္မရာဇဝင်အခန်းကြီး ၂၂ အရ ဒါဝိဒ်ရဲ့မိဘတွေက ဒါဝိဒ်ကို မစွန့်ပစ်ခဲ့ဘူးဆိုတာ သိရတယ်။ ဒါပေမဲ့ ဒီနေ့ လူများစွာဟာ သူတို့မိသားစုရဲ့ စွန့်ပစ်မှုကို ခံကြရတယ်။ မိသားစုရဲ့စွန့်ပစ်မှုကို ခံရသူများစွာဟာ မေတ္တာရှိတဲ့ ခရစ်ယာန်အသင်းတော်ရဲ့အကူအညီနဲ့ ကာကွယ်မှုကို ရရှိခဲ့ကြတယ်။

၁၀ တခြားသူတွေက စွန့်ပစ်တယ်ဆိုရင်တောင် ယေဟောဝါက မိမိရဲ့ကျေးကျွန်တွေကို ကူညီထောက်မဖို့ အသင့်ရှိတယ်။ ဒါကြောင့် သူတို့တွေက တခြားအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်ဆိုရင် ကိုယ်တော်သူတို့ကို ကူညီထောက်မမယ်ဆိုတာ ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါတယ်။ ဥပမာ၊ ကျွန်ုပ်တို့ရဲ့ မိသားစုကို ဘယ်လိုရှာဖွေကျွေးမွေးရမလဲလို့ ပူပန်နေတယ်ဆိုရင် ယေဟောဝါ ကျွန်ုပ်တို့ကို ကူညီမယ်ဆိုတာ သတိရသင့်တယ်။ (ဟေဗြဲ ၁၃:၅၊ ၆) ကိုယ်တော်က ကျွန်ုပ်တို့ရဲ့အခြေအနေနဲ့ လိုအပ်တာတွေကို သိတယ်။

၁၁။ ယေဟောဝါအပေါ် ကျွန်ုပ်တို့ရဲ့ ယုံကြည်ကိုးစားမှုက တခြားသူတွေအပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။ ဥပမာပေးပါ။

၁၁ လိုင်ဘေးရီးယားနိုင်ငံက ကျမ်းစာသင်သားတစ်ဦးဖြစ်တဲ့ ဗစ်တိုးရီးယားရဲ့အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူနဲ့အတူနေတဲ့အမျိုးသားက သူနဲ့ ကလေးသုံးယောက်ကို ပစ်သွားခဲ့တယ်။ သူ့မှာ နေစရာအိမ်မရှိ၊ အလုပ်အကိုင်မရှိပေမဲ့ ကျမ်းစာလေ့လာတာကို မရပ်လိုက်ဘူး၊ နောက်ပိုင်းမှာ သူနှစ်ခြင်းခံလိုက်တယ်။ တစ်နေ့ကျတော့ အသက် ၁၃ နှစ်ရှိတဲ့ သူ့သမီးတစ်ယောက်က ပိုက်ဆံအပြည့်ပါတဲ့ ပိုက်ဆံအိတ်တစ်လုံးကို ကောက်ရတယ်။ လိုချင်တဲ့စိတ်ပေါ်လာမှာစိုးလို့ ဗစ်တိုးရီးယားနဲ့ သူ့သမီးက ပိုက်ဆံဘယ်လောက်ရှိသလဲဆိုတာကိုတောင် ရေမကြည့်ကြဘူး။ စစ်သားတစ်ယောက်ဖြစ်တဲ့ ပိုင်ရှင်ကိုရှာတွေ့ဖို့ အမြန်ဆက်သွယ်ကြတယ်။ ပိုင်ရှင်ကိုပြန်တွေ့တဲ့အခါ ပိုင်ရှင်က လူတွေအားလုံးသာ ယေဟောဝါသက်သေတွေလို ရိုးသားမယ်ဆိုရင် ကမ္ဘာကြီးက ပိုကောင်းပြီး ပိုငြိမ်းချမ်းလိမ့်မယ်လို့ ပြောခဲ့တယ်။ ဗစ်တိုးရီးယားက ကျမ်းစာသုံးပြီး ယေဟောဝါကတိပေးထားတဲ့ ကမ္ဘာသစ်အကြောင်း ပြောပြခဲ့တယ်။ စစ်သားက ဗစ်တိုးရီးယားရဲ့ ယုံကြည်ခြင်းနဲ့ ရိုးသားမှုကို အထင်ကြီးလေးစားသွားပြီး သူပြန်ရတဲ့ပိုက်ဆံထဲက အတော်အတန်များတဲ့ ပိုက်ဆံတွေကို သူမကို ပေးခဲ့တယ်။ ကမ္ဘာတစ်ဝန်းကလူတွေက ယေဟောဝါသက်သေတွေ အမြဲ ရိုးသားတယ်ဆိုတာကို သိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယေဟောဝါရဲ့ကျေးကျွန်တွေက ယေဟောဝါရဲ့ ကူညီစောင့်ရှောက်နိုင်စွမ်းကို အပြည့်အဝ ယုံကြည်စိတ်ချကြလို့ပဲ။

၁၂။ ကျွန်ုပ်တို့မှာ အလုပ်အကိုင်နဲ့ ငွေကြေး ဆုံးရှုံးရင်တောင် ဘာကြောင့် ယေဟောဝါကို ဆက်ဝတ်ပြုကြသလဲ။ ဥပမာပေးပါ။

၁၂ စီအဲရာလေယွန်က နှစ်ခြင်းမခံသေးတဲ့ ကြေညာသူတစ်ဦးဖြစ်တဲ့ သောမတ်စ်ရဲ့အဖြစ်အပျက်ကိုလည်း မြင်ယောင်ကြည့်ပါ။ သူက ကျောင်းဆရာအဖြစ် အလုပ်ဝင်ခဲ့တယ်၊ ဒါပေမဲ့ လစာမရတာ တစ်နှစ်ပြည့်တော့မယ်။ သူရသင့်ရထိုက်တဲ့လစာ ရဖို့အတွက် ခရစ်ယာန်ဘုန်းကြီးဖြစ်တဲ့ ကျောင်းအုပ်ကြီးနဲ့ တွေ့ရမယ်။ ကျောင်းအုပ်ကြီးက သောမတ်စ်ကို ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်တွေက ကျောင်းနဲ့ မအပ်စပ်ဘူးလို့ ပြောတယ်။ အကယ်၍ အလုပ်ဆက်လုပ်ချင်တယ်ဆိုရင် ယေဟောဝါသက်သေဆက်လုပ်လို့မရဘူးလို့ ပြောတယ်။ သောမတ်စ်က သူရသင့်ရထိုက်တဲ့လစာကိုမရပေမဲ့ အလုပ်က ထွက်လိုက်တယ်။ အဲဒီနောက်မှာ သောမတ်စ်ဟာ ရေဒီယိုနဲ့ မိုဘိုင်းဖုန်းတွေပြင်တဲ့အလုပ်ကို ရခဲ့တယ်။ ဒီနမူနာနဲ့ တခြားနမူနာများစွာက ကျွန်ုပ်တို့ကသာ ယေဟောဝါကို ယုံကြည်ကိုးစားမယ်ဆိုရင် ကျွန်ုပ်တို့လိုအပ်တာတွေအတွက် စိုးရိမ်စရာမလိုဘူးဆိုတာ ဖော်ပြတယ်။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါဟာ အရာခပ်သိမ်းကို ဖန်ဆင်းတဲ့အရှင်ဖြစ်ပြီး မိမိရဲ့လူမျိုးကို အမြဲကာကွယ်ပေးတယ်၊ ကိုယ်တော် ကျွန်ုပ်တို့ကို ဂရုစိုက်စောင့်ရှောက်မယ်ဆိုတာ ကျွန်ုပ်တို့ သိတယ်။

၁၃။ ဆင်းရဲတဲ့နိုင်ငံမှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေက ဘာကြောင့် ဟောပြောခြင်းလုပ်ငန်းမှာ အရမ်းအလုပ်များကြသလဲ။

၁၃ ဆင်းရဲတဲ့နိုင်ငံမှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေက ဟောပြောခြင်းလုပ်ငန်းမှာ အရမ်းအလုပ်များနေကြတယ်။ ဘာကြောင့်လဲ။ ဌာနခွဲရုံးတစ်ခုက ဒီလိုရေးတယ်– “ကျမ်းစာသင်အံမှုလက်ခံတဲ့ အိမ်ရှင်များစွာက အလုပ်မရှိကြဘူး၊ ဒါကြောင့် ကျမ်းစာလေ့လာဖို့ အချိန်ပိုပေးနိုင်ကြတယ်။ ညီအစ်ကိုညီအစ်မတွေလည်း ဟောပြောဖို့ အချိန်ပိုပေးနိုင်ကြတယ်။ အထူးသဖြင့် အခြေအနေပိုဆိုးတဲ့ဒေသမှာရှိတဲ့ လူတွေက သူတို့ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကြောင့် ကျွန်ုပ်တို့ဟာ နောက်ဆုံးကာလမှာ အသက်ရှင်နေကြတယ်ဆိုတာကို အလွယ်တကူ လက်ခံကြတယ်။” ကြေညာသူတစ်ယောက်မှာ ပျမ်းမျှ ကျမ်းစာသင်အံမှု သုံးခုရှိတဲ့နိုင်ငံမှာ အမှုဆောင်ခဲ့တာ ၁၂ နှစ်ကျော်ကြာနေပြီဖြစ်တဲ့ ခရစ်ယာန်သာသနာပြုတစ်ယောက် ဒီလိုရေးတယ်– “ကြေညာသူအတော်များများက ရိုးရှင်းတဲ့အသက်တာနဲ့ နေထိုင်ကြလို့ အာရုံထွေပြားစရာတွေ သိပ်မရှိဘူး။ ဒါကြောင့် သူတို့က လယ်ကွင်းလုပ်ငန်းမှာပါဝင်ဖို့နဲ့ ကျမ်းစာသင်အံမှုတွေလုပ်ဖို့ အချိန်ပိုပေးနိုင်ကြတယ်။”

၁၄။ လူအုပ်ကြီးကို ယေဟောဝါ ဘယ်လိုနည်းတွေနဲ့ ကာကွယ်ပေးနိုင်သလဲ။

၁၄ ယေဟောဝါက မိမိရဲ့လူမျိုးကို အုပ်စုလိုက်အနေနဲ့ ကူညီမယ်၊ ကာကွယ်မယ်၊ ကယ်တင်မယ်လို့ ကတိပေးထားတယ်၊ ဒီကတိကို ကျွန်ုပ်တို့ ယုံကြည်ကြတယ်။ (ဆာ. ၃၇:၂၈; ၉၁:၁-၃) “ကြီးစွာသောဒုက္ခ” မှာ ကယ်တင်ခံရမယ့် လူအုပ်ကြီးရှိပါလိမ့်မယ်။ (ဗျာ. ၇:၉၊ ၁၄) ဒါကြောင့် ဒီလူအုပ်ကြီးဟာ ဒီနောက်ဆုံးကာလအတွင်းမှာ အုပ်စုလိုက်အနေနဲ့ ဖျက်ဆီးမခံရဖို့ ကာကွယ်ခံရပါလိမ့်မယ်။ ဆင်းရဲဒုက္ခတွေကို ရင်ဆိုင်ခံရပ်နိုင်ဖို့နဲ့ ယေဟောဝါနဲ့ သူတို့ရဲ့ဆက်ဆံရေးကို ကာကွယ်ဖို့ လိုအပ်ရာမှန်သမျှ ရရှိပါလိမ့်မယ်။ ကြီးစွာသောဒုက္ခရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ အာမဂေဒုန်မှာလည်း ယေဟောဝါ သူတို့ကို ကယ်တင်မှာဖြစ်တယ်။

“အို ယေဟောဝါ၊ ကျွန်တော့်ကို ကိုယ်တော့်လမ်းစဉ်အကြောင်း သွန်သင်ပေးပါ”

၁၅၊ ၁၆။ ဘုရားသခင်ရဲ့သွန်သင်ချက်ကို ကျွန်ုပ်တို့ကျင့်သုံးတဲ့အခါ ဘာအကျိုးရသလဲ။ ဥပမာပေးပါ။

၁၅ ရဲစွမ်းသတ္တိ ဆက်ရှိနေဖို့ဆိုရင် ဘုရားသခင့်လမ်းစဉ်အကြောင်း ဆက်သင်ယူဖို့လိုတယ်။ ဒါဝိဒ်က “အို ယေဟောဝါ၊ ကျွန်တော့်ကို ကိုယ်တော့်လမ်းစဉ်အကြောင်း သွန်သင်ပေးပါ။ ရန်သူတွေလက်ကနေ အကာအကွယ်ရဖို့ ဖြောင့်မှန်တဲ့လမ်းအတိုင်း ပို့ဆောင်ပေးပါ” လို့ဆုတောင်းခဲ့တယ်။ (ဆာ. ၂၇:၁၁ကဘ) ဘုရားသခင့်သွန်သင်မှုကို ခံယူခြင်းဆိုတာက ယေဟောဝါရဲ့အဖွဲ့အစည်းကပေးတဲ့ သမ္မာကျမ်းစာပေါ် အခြေခံတဲ့ ဘယ်လမ်းညွှန်ချက်ကိုမဆို သေချာနားထောင်ပြီး ချက်ချင်းလိုက်နာခြင်းကို ဆိုလိုတယ်။ ဥပမာ၊ လူများစွာက မိမိတို့ရဲ့ဘဝကို ရိုးရှင်းစွာထားပါဆိုတဲ့ ပညာရှိအကြံပြုချက်ကို လိုက်နာခဲ့ကြတယ်။ သူတို့ရဲ့အကြွေးတွေကိုဆပ်ပြီး မလိုအပ်တဲ့ပစ္စည်းတွေကို ရောင်းလိုက်ကြတယ်။ ဒါကြောင့် စီးပွားရေးကျပ်တည်းတဲ့ကာလအတွင်းမှာ သူတို့အတွက် ပူပန်စရာငွေကြေးပြဿနာတွေ လျော့နည်းသွားတယ်။ အခု သူတို့တကယ်မလိုအပ်တဲ့အရာတွေအတွက် အကြွေးဆပ်ဖို့ အလုပ်ကို ပင်ပင်ပန်းပန်း လုပ်စရာမလိုတော့ဘူး။ ဒါကြောင့် ဟောပြောခြင်းလုပ်ငန်းမှာ ပိုပါဝင်နိုင်ကြတယ်။ ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးသင့်တယ်– ‘သမ္မာကျမ်းစာနဲ့ သစ္စာနဲ့သတိပညာရှိကျေးကျွန်ပြင်ဆင်ပေးတဲ့ စာပေတွေမှာ ဖတ်ရတာတွေကို ငါ ချက်ချင်း လက်တွေ့ကျင့်သုံးသလား။ လိုက်နာဖို့ခက်ခဲတယ်ဆိုရင်တောင် လိုက်နာသလား။’—မ. ၂၄:၄၅

၁၆ ယေဟောဝါရဲ့သွန်သင်မှုကိုခံယူပြီး ဘဝမှာ ဘယ်လိုအသက်ရှင်ရမယ်ဆိုတာနဲ့ပတ်သက်တဲ့ ကိုယ်တော့်လမ်းညွှန်မှုကို လိုက်နာမယ်ဆိုရင် ကျွန်ုပ်တို့မှာ ကြောက်စရာအကြောင်းမရှိဘူး။ အမေရိကန်နိုင်ငံက မှန်မှန်ရှေ့ဆောင်တစ်ယောက်က သူနဲ့သူ့မိသားစု ဆက်ပြီး ရှေ့ဆောင်လုပ်နိုင်အောင် ထောက်ပံ့ဖို့ သူ့အလုပ်ဌာနမှာရှိတဲ့ နေရာတစ်နေရာကို လျှောက်လိုက်တယ်။ ဒါပေမဲ့ သူက ကောလိပ်ပညာမတတ်တဲ့အတွက် ဒီအလုပ်ကိုရမှာမဟုတ်ဘူးလို့ သူ့ရဲ့အလုပ်ကြီးကြပ်မှူးက ပြောတယ်။ သင် အဲဒီလိုကြုံရတယ်ဆိုရင် ကောလိပ် ဒါမှမဟုတ် တက္ကသိုလ်ပညာ မသင်ဘဲ အချိန်ပြည့်အမှုဆောင်လုပ်ငန်းကို ရွေးချယ်ခဲ့လို့ ဝမ်းနည်းနေမလား။ နှစ်ပတ်ကြာပြီးတဲ့နောက် အဲဒီကြီးကြပ်မှူး အလုပ်ပြုတ်သွားတယ်၊ နောက်ကြီးကြပ်မှူးတစ်ယောက်က ညီအစ်ကိုကို ဘာကြောင့် အဲဒီအလုပ်လိုချင်တာလဲလို့ မေးတယ်။ ညီအစ်ကိုက သူနဲ့သူ့ဇနီးက ယေဟောဝါသက်သေတွေရဲ့ အချိန်ပြည့်အမှုဆောင်တွေဖြစ်လို့ အဲဒီအချိန်ပြည့်အလုပ်ကို ဆက်လုပ်ချင်လို့ပါဆိုပြီး ပြောပြလိုက်တယ်။ ဒါပေမဲ့ ညီအစ်ကို ဘာမှ ထပ်မပြောရသေးခင်မှာ ကြီးကြပ်မှူးအသစ်က “ခင်ဗျားမှာ ထူးခြားချက်ရှိတယ်ဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော့်အဖေ မဆုံးခင် အိပ်ရာထဲလဲနေတုန်းက ခင်ဗျားနဲ့ယုံကြည်ခြင်းတူတဲ့ လူနှစ်ယောက် နေ့တိုင်းလာပြီး အဖေ့ကို ကျမ်းစာဖတ်ပြတယ်။ ကျွန်တော်သာ ယေဟောဝါသက်သေတစ်ယောက်ယောက်ကို ကူညီပေးနိုင်တဲ့အခွင့်အရေးရရင် ကျွန်တော် ကူညီပေးမယ်လို့ ကိုယ့်ဘာသာ ကတိပြုခဲ့တယ်” လို့ပြောတယ်။ နောက်တစ်နေ့မနက်မှာ အရင်ကြီးကြပ်မှူးဟောင်းမပေးချင်တဲ့ အလုပ်နေရာကို ဒီညီအစ်ကို ရလိုက်တယ်။ ကျွန်ုပ်တို့ရဲ့ဘဝမှာ ဘုရားသခင့်နိုင်ငံတော်ကို ဦးစွာရှာမယ်ဆိုရင် ကျွန်ုပ်တို့ လိုအပ်တာမှန်သမျှကို ယေဟောဝါပေးပါလိမ့်မယ်။—မ. ၆:၃၃

ယုံကြည်ခြင်းနဲ့ မျှော်လင့်ခြင်းရှိရ

၁၇။ အနာဂတ်ကို ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်ဖို့ ကျွန်ုပ်တို့ကို ဘာက ကူညီပေးမလဲ။

၁၇ ယုံကြည်ခြင်းနဲ့ မျှော်လင့်ခြင်းရှိဖို့ အရေးကြီးတယ်ဆိုတာ ဖော်ပြဖို့ ဒါဝိဒ် ဒီလိုပြောတယ်– “အသက်ရှင်သူတွေရဲ့ပြည်မှာ ယေဟောဝါရဲ့ကောင်းမြတ်ခြင်းကို တွေ့မြင်ရမယ်ဆိုတဲ့ ယုံကြည်ချက်သာမရှိခဲ့ရင် ကျွန်တော့်မျှော်လင့်ချက်တွေ ပျောက်ဆုံးကုန်လိမ့်မယ်။” (ဆာ. ၂၇:၁၃ကဘ) ကျွန်ုပ်တို့မှာ ဘုရားသခင်ပေးတဲ့ မျှော်လင့်ချက်မရှိဘူးဆိုရင်၊ ဆာလံ ၂၇ မှာဖော်ပြတဲ့အချက်တွေကို ကျွန်ုပ်တို့ နားမလည်ဘူးဆိုရင် ကျွန်ုပ်တို့ဘဝ ဘယ်လိုဖြစ်နေမလဲ။ ဒါကြောင့် ဒီနောက်ဆုံးနေ့ရက်တွေမှာ ကျွန်ုပ်တို့ကို ခွန်အားပေးဖို့နဲ့ အာမဂေဒုန်ကိုဦးတည်သွားမယ့် အဖြစ်အပျက်တွေတစ်လျှောက်မှာ ကျွန်ုပ်တို့ကို ကယ်တင်ဖို့ ယေဟောဝါထံ ဆက်ဆုတောင်းကြပါစို့။—ဆာလံ ၂၇:၁၄ ကိုဖတ်ပါ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ဆာလံ ၂၇:၄ (ကဘ)– ‘ယေဟောဝါဆီမှာ ငါဆုပန်တာ တစ်ခုပဲရှိတယ်။ ငါသိပ်လိုလားတောင့်တတဲ့ အဲဒီဆုကတော့ ယေဟောဝါရဲ့အိမ်တော်မှာ တစ်သက်လုံးနေခွင့်ရဖို့၊ ယေဟောဝါရဲ့ကောင်းမြတ်ခြင်းကို မြင်တွေ့ခွင့်ရဖို့၊ ကိုယ်တော့်အိမ်တော်ကို တန်ဖိုးထားလေးမြတ်စိတ်နဲ့ ကြည့်ခွင့်ရဖို့ပါပဲ။’

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

သူ့ကို ယေဟောဝါ ဘယ်လိုကယ်တင်ခဲ့တယ်ဆိုတာ ဒါဝိဒ် ပြန်သတိရတဲ့အခါ ရဲစွမ်းသတ္တိရှိလာ

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

စီးပွားရေးအကျပ်အတည်းကို အမှုဆောင်လုပ်ငန်းတိုးချဲ့ဖို့ အခွင့်အရေးတစ်ခုအဖြစ် ကျွန်ုပ်တို့ ရှုမြင်သလား