မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့အလိုတော်ဆောင်ဖို့ ကျွန်တော့်ကို ကိုယ်တော် သင်ပေးခဲ့

ယေဟောဝါရဲ့အလိုတော်ဆောင်ဖို့ ကျွန်တော့်ကို ကိုယ်တော် သင်ပေးခဲ့

ဘဝအတ္ထုပ္ပတ္တိ

ယေဟောဝါရဲ့အလိုတော်ဆောင်ဖို့ ကျွန်တော့်ကို ကိုယ်တော် သင်ပေးခဲ့

မက်ခ်စ် လွိုက် ပြောပြသည်

ဒီအဖြစ်အပျက်က ၁၉၅၅ ခုနှစ် ညဉ့်နက်ပိုင်းမှာဖြစ်ပျက်ခဲ့တာပါ၊ အဲဒီတုန်းက ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ခရစ်ယာန်သာသနာပြုအဖော်ဟာ တောင်အမေရိကနိုင်ငံ၊ ပါရာဂွေးမှာ တာဝန်ကျတယ်။ ကျွန်တော်တို့နေတဲ့အိမ်ကို ဒေါသထွက်နေတဲ့လူတစ်စုက ဝန်းရံထားပြီး “ငါတို့ဘုရားသခင်က သွေးဆာနေတဲ့ဘုရားသခင်ကွ၊ ဂရင်ဂိုတွေ (တိုင်းတစ်ပါးသားတွေ) ရဲ့သွေးကို လိုချင်နေတာ” ဆိုပြီး အော်ဟစ်နေကြတယ်။ တိုင်းတစ်ပါးသားတွေဖြစ်တဲ့ ကျွန်တော်တို့ ဒီနေရာကို ဘယ်လိုရောက်ခဲ့ကြတာလဲ။

ကျွန်တော့်အတွက်တော့ အရာအားလုံးဟာ ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော်ကြီးပြင်းလာတဲ့နေရာ၊ ယေဟောဝါရဲ့အလိုတော်ဆောင်ဖို့ သင်ယူခဲ့တဲ့ နေရာဖြစ်တဲ့ ဩစတြေးလျကနေ စတင်ခဲ့တယ်။ ကျွန်တော့်အဖေက ၁၉၃၈ ခုနှစ်မှာ ရန်သူများဆိုတဲ့စာအုပ်ကို သက်သေခံတစ်ယောက်ဆီကနေ ရခဲ့တယ်။ ကျွန်တော်တို့ဒေသမှာရှိတဲ့ ခရစ်ယာန်ဘုန်းကြီးက သမ္မာကျမ်းစာဟာ ပုံပြင်ဒဏ္ဍာရီဖြစ်တယ်လို့ ပြောတဲ့အတွက် အဖေနဲ့ အမေက သူ့ကိုမကြိုက်ကြဘူး။ တစ်နှစ်လောက်ကြာပြီးတဲ့နောက် ကျွန်တော့်မိဘတွေက ယေဟောဝါထံဆက်ကပ်အပ်နှံတဲ့ အထိမ်းအမှတ်အဖြစ် ရေမှာနှစ်ခြင်းခံခဲ့ကြတယ်။ အဲဒီအချိန်ကနေစပြီး ယေဟောဝါရဲ့အလိုတော်ကိုဆောင်ခြင်းက ကျွန်တော်တို့မိသားစုဘဝရဲ့ အရေးကြီးဆုံးကဏ္ဍဖြစ်လာတယ်။ ကျွန်တော့်ထက် အသက်ငါးနှစ်ကြီးတဲ့ ကျွန်တော့်အစ်မ လက်စ်လီက နောက်တစ်နှစ်မှာ နှစ်ခြင်းခံပြီး ကျွန်တော်က ၁၉၄၀ မှာ နှစ်ခြင်းခံခဲ့တယ်၊ အဲဒီအချိန်တုန်းက ကျွန်တော့်အသက်က ကိုးနှစ်ပါ။

ဒုတိယကမ္ဘာစစ်စဖြစ်ပြီး သိပ်မကြာခင်မှာပဲ ဩစတြေးလျမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ကျမ်းစာစာပေ ပုံနှိပ်ဖြန့်ချိရေးလုပ်ငန်းက ပိတ်ပင်ခံလိုက်ရတယ်။ ဒါကြောင့် ကလေးတစ်ဦးဖြစ်တဲ့ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ယုံကြည်ချက်နဲ့ပတ်သက်ပြီး အခြေခံအကြောင်းအရာတွေကို သမ္မာကျမ်းစာကိုပဲသုံးပြီး ရှင်းပြတတ်ဖို့ သင်ယူခဲ့တယ်။ သားရဲရဲ့အမှတ်တံဆိပ်ကို ကျွန်တော် ဘာကြောင့်ဦးမညွှတ်တာလဲ၊ စစ်ပွဲနဲ့ပတ်သက်တဲ့ လုပ်ဆောင်မှုတွေမှာ ကျွန်တော် ဘာကြောင့်မပါဝင်တာလဲဆိုတာ ရှင်းပြဖို့ ကျောင်းသွားတိုင်း ကျမ်းစာအုပ်ယူသွားခဲ့တယ်။—ထွ. ၂၀:၄၊ ၅; မ. ၄:၁၀; ယော. ၁၇:၁၆; ၁ ယော. ၅:၂၁

ကျွန်တော့်သူငယ်ချင်းအတော်များများက ကျွန်တော့်ကို “ဂျာမန်သူလျှိုတစ်ဦး” ဖြစ်တယ်လို့ ပြောပြီး ကျွန်တော်နဲ့ အပေါင်းအသင်းမလုပ်ကြတော့ဘူး။ အဲဒီအချိန်တုန်းက ကျောင်းမှာ ရုပ်ရှင်တွေပြတယ်။ ရုပ်ရှင်မပြခင်မှာ လူတိုင်းက မတ်တတ်ရပ်ပြီး အမျိုးသားသီချင်း ဆိုကြရတယ်။ ကျွန်တော်က နေရာမှာပဲဆက်ထိုင်နေတဲ့အခါ ကောင်လေးနှစ်ယောက်၊ သုံးယောက်က ကျွန်တော့်ဆံပင်ကိုဆောင့်ဆွဲပြီး မတ်တတ်ရပ်ခိုင်းဖို့ ကြိုးစားကြတယ်။ နောက်ဆုံးတော့ ကျွန်တော်ဟာ ကျမ်းစာကိုအခြေခံတဲ့ ကျွန်တော့်ရဲ့ယုံကြည်ချက်တွေကို အခိုင်အမာကိုင်စွဲခဲ့တဲ့အတွက် ကျောင်းထုတ်ခံခဲ့ရတယ်။ ကျောင်းမတက်ရပေမဲ့ အိမ်ကနေ စာပေးစာယူပုံစံမျိုးနဲ့ သင်ယူနိုင်ခဲ့တယ်။

နောက်ဆုံးတော့ ကျွန်တော့်ရဲ့ပန်းတိုင်ပြည့်မီခဲ့

အသက် ၁၄ နှစ်ရောက်ရင် ရှေ့ဆောင်တစ်ဦးအနေနဲ့ အချိန်ပြည့်အမှုဆောင်မယ်ဆိုတဲ့ ပန်းတိုင်ကို ကျွန်တော်ချခဲ့တယ်။ ဒါကြောင့် ကျွန်တော့်မိဘတွေက ကျွန်တော့်ကို အလုပ်တစ်ခုရှာဖို့ပြောတဲ့အခါ အကြီးအကျယ်စိတ်ပျက်ခဲ့ရတယ်။ သူတို့က ကျွန်တော့်ကို အိမ်မှာနေခိုင်းပြီး နေထိုင်မှုစရိတ်ပေးရမယ်လို့ အတင်းကျပ်တောင်းဆိုတယ်၊ ဒါပေမဲ့ ကျွန်တော့်အသက် ၁၈ နှစ်ပြည့်ရင် ရှေ့ဆောင်စလုပ်နိုင်တယ်လို့ ကတိပေးတယ်။ အဲဒီကနေ ကျွန်တော်ရှာဖွေတဲ့ငွေနဲ့ပတ်သက်ပြီး ပုံမှန်ဆွေးနွေးရတဲ့အခြေအနေ ရောက်သွားတယ်။ ကျွန်တော်က ရှေ့ဆောင်လုပ်ဖို့အတွက် ငွေစုချင်တယ်လို့ပြောတယ်၊ ဒါပေမဲ့ သူတို့က ကျွန်တော့်ငွေတွေကို အကုန်သိမ်းပစ်တယ်။

ရှေ့ဆောင်စလုပ်ဖို့အချိန်ကျတဲ့အခါ ကျွန်တော့်ရဲ့မိဘတွေက ကျွန်တော်နဲ့အတူ အေးအေးဆေးဆေးထိုင်ပြီး ကျွန်တော့်ရဲ့ငွေတွေကို သူတို့က ဘဏ်စာရင်းဖွင့်ပြီး စုထားပေးခဲ့ကြောင်း ရှင်းပြခဲ့တယ်။ ရှေ့ဆောင်လုပ်ဖို့ အဝတ်အစားနဲ့ လိုအပ်တဲ့တခြားအသုံးအဆောင်တွေဝယ်ဖို့ ကျွန်တော့်ငွေအားလုံးကို ပြန်ပေးခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဂရုစိုက်ရမယ်ဆိုတာနဲ့ တခြားသူတွေဆီကနေ မမျှော်လင့်ရဘူးဆိုတာတွေကို သင်ပေးခဲ့တယ်။ ပြန်တွေးကြည့်မယ်ဆိုရင် ဒီလေ့ကျင့်ပေးမှုက တကယ့်ကိုအကျိုးရှိခဲ့တယ်။

လက်စ်လီနဲ့ ကျွန်တော် ကြီးပြင်းလာချိန်မှာ ရှေ့ဆောင်တွေက ကျွန်တော်တို့အိမ်မှာ မကြာခဏလာတည်းလို့ သူတို့နဲ့အတူ အမှုဆောင်ထွက်ခဲ့ကြတယ်။ စနေ၊ တနင်္ဂနွေနေ့တွေမှာ ကျွန်တော်တို့က တစ်အိမ်တက်ဆင်းဟောပြော၊ လမ်းပေါ်သက်သေခံပြီး ကျမ်းစာသင်အံမှုတွေ လုပ်ခဲ့ကြတယ်။ အဲဒီနှစ်တွေတုန်းက အသင်းတော်ကြေညာသူတစ်ဦးရဲ့ လစဉ်ပေးသွင်းရမယ့် သတ်မှတ်နာရီက ၆၀ ဖြစ်တယ်။ အမေက သတ်မှတ်နာရီကို အမြဲလိုလိုပြည့်တဲ့အတွက် ဒါက လက်စ်လီနဲ့ ကျွန်တော့်အတွက် ပုံသက်သေကောင်းဖြစ်ခဲ့တယ်။

တပ်စ်မေးနီးယားမှာ ရှေ့ဆောင်လုပ်

ကျွန်တော့်ရဲ့ ဦးဆုံးရှေ့ဆောင်တာဝန်က ဩစတြေးလျရဲ့ပြည်နယ်တစ်ခုဖြစ်တဲ့ တပ်စ်မေးနီးယားကျွန်းမှာဖြစ်တယ်၊ အဲဒီမှာ ကျွန်တော်က ကျွန်တော့်အစ်မ၊ သူ့ခင်ပွန်းနဲ့အတူ အမှုဆောင်ခဲ့တယ်။ ဒါပေမဲ့ သူတို့က သိပ်မကြာခင်မှာပဲ ၁၅ ကြိမ်မြောက် ဂိလဒ်သင်တန်းကျောင်းတက်ဖို့ ထွက်သွားခဲ့ကြတယ်။ ကျွန်တော်က အရမ်းရှက်တတ်ပြီး အိမ်နဲ့ တစ်ခါမှမခွဲဖူးဘူး။ ကျွန်တော် တပ်စ်မေးနီးယားမှာ ရှေ့ဆောင်လုပ်တာ သုံးလလောက်ပဲခံမှာပါလို့ တချို့သူတွေက ထင်ကြေးပေးကြတယ်။ ဒါပေမဲ့ တစ်နှစ်အတွင်းဖြစ်တဲ့ ၁၉၅၀ မှာ ကျွန်တော်ဟာ ကုမ္ပဏီအမှုထမ်း၊ အခုအခေါ် အကြီးအကဲအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူးအဖြစ် ခန့်အပ်ခံရတယ်။ နောက်ပိုင်းမှာ အထူးရှေ့ဆောင်အဖြစ်ခန့်အပ်ခံရပြီး နောက်ညီအစ်ကိုငယ်တစ်ဦးနဲ့ တွဲအမှုဆောင်ရတယ်။

ကျွန်တော်တို့ တာဝန်ကျတဲ့နေရာက သက်သေခံတစ်ယောက်မှမရှိတဲ့ ကြေးနီသတ္တုတွင်းလုပ်ငန်းရှိရာ သီးခြားမြို့တစ်မြို့ဖြစ်တယ်။ ကျွန်တော်တို့နှစ်ယောက်က ဘတ်စကားစီးပြီး အဲဒီကို ညနေစောင်းအချိန်မှာ ရောက်သွားတယ်။ ဦးဆုံးညမှာ ခပ်စုတ်စုတ်ဟိုတယ်တစ်ခုမှာ ကျွန်တော်တို့ တည်းခဲ့ကြတယ်။ နောက်တစ်နေ့မှာ ကျွန်တော်တို့ တစ်အိမ်တက်ဆင်းဟောပြောရင်းနဲ့ အိမ်ရှင်တွေကို အခန်းလွတ်တစ်ခန်းရှိမလားလို့ မေးခဲ့ကြတယ်။ တစ်နေကုန်ခါနီးကျမှ လူတစ်ယောက်က ပရက်စ်ဘီတေးရီးယန်းချာ့ခ်ျရဲ့ဘေးမှာရှိတဲ့ ခရစ်ယာန်ဓမ္မဆရာအိမ်က လွတ်နေကြောင်း၊ ကျွန်တော်တို့က သင်းထောက်ဆီသွားပြီး အကူအညီတောင်းသင့်ကြောင်း ပြောတယ်။ သင်းထောက်က ဖော်ရွေပြီး ကျွန်တော်တို့ကို တည်းခိုခွင့်ပေးခဲ့တယ်။ နေ့တိုင်း ခရစ်ယာန်ဓမ္မဆရာရဲ့အိမ်ကနေထွက်ပြီး ဟောပြောနေတာက ထူးဆန်းနေမှာပဲ။

ရပ်ကွက်က အရမ်းသီးပွင့်ဖြစ်ထွန်းခဲ့တယ်။ အိမ်ရှင်တွေနဲ့ ကောင်းကောင်းမွန်မွန် စကားလက်ဆုံပြောပြီး ကျမ်းစာသင်အံမှုတွေကို စတင်ခဲ့တယ်။ ဒီအကြောင်းကိုရော ယေဟောဝါသက်သေတွေက ဓမ္မဆရာရဲ့အိမ်မှာနေတယ်ဆိုတဲ့အကြောင်းကိုပါ မြို့တော်မှာရှိတဲ့ ချာ့ခ်ျအာဏာပိုင်တွေ သိသွားတဲ့အခါ ကျွန်တော်တို့ကို ချက်ချင်းမောင်းထုတ်ဖို့ သင်းထောက်ကို အမိန့်ပေးခဲ့တယ်။ ကျွန်တော်တို့မှာ တည်းခိုစရာနေရာမရှိ ဖြစ်ခဲ့ရပြန်တယ်။

နောက်တစ်နေ့ မွန်းလွဲပိုင်းအချိန်လောက်မှာ ဟောပြောလို့ပြီးတဲ့အခါ ညအိပ်တည်းခိုဖို့နေရာ ရှာခဲ့ကြတယ်။ အားကစားရုံရဲ့အထူးတန်းနေရာက ကျွန်တော်တို့ရှာတွေ့ခဲ့တဲ့ အကောင်းဆုံးနေရာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အဝတ်သေတ္တာတွေကို အဲဒီမှာဝှက်ထားခဲ့ပြီး ပြန်သက်သေခံခဲ့ကြတယ်။ ညမှောင်လာပြီ၊ ဒါပေမဲ့ လမ်းတစ်လမ်းကိုပြီးဖို့ အိမ်အနည်းငယ်ကျန်သေးတဲ့အတွက် အဲဒီအိမ်တွေကို ပြီးအောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ တစ်အိမ်ကိုရောက်တော့ အိမ်ရှင်အမျိုးသားက ကျွန်တော်တို့ကို သူ့အိမ်အနောက်ဘက်မှာရှိတဲ့ အခန်းငယ်နှစ်ခန်းပါတဲ့အိမ်မှာ တည်းခိုဖို့ ခွင့်ပြုခဲ့တယ်။

တိုက်နယ်လုပ်ငန်းနဲ့ ဂိလဒ်

ရှစ်လလောက် ဟောပြောပြီးတဲ့နောက်မှာ တိုက်နယ်ကြီးကြပ်မှူးအဖြစ်အမှုဆောင်ဖို့ ဩစတြေးလျဌာနခွဲရုံးကနေ ဖိတ်ခေါ်စာရခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော့်အသက်က ၂၀ ပဲရှိသေးတာကြောင့် ဒီတာဝန်အတွက် တုန်လှုပ်မိတယ်။ ရက်သတ္တပတ်အနည်းငယ်ကြာ လေ့ကျင့်မှုခံယူပြီးတဲ့နောက် အသင်းတော်တွေကို အားပေးဖို့ ပုံမှန်လည်ပတ်တာကို စတင်ခဲ့တယ်။ အသင်းတော်မှာရှိတဲ့ လူတိုင်းနီးပါးက ကျွန်တော့်ထက်အသက်ကြီးသူတွေ ဖြစ်တယ်၊ သူတို့တွေက ကျွန်တော့်ရဲ့ငယ်ရွယ်မှုကို မထီမဲ့မြင်ပြုမယ့်အစား ကျွန်တော့်ရဲ့လုပ်ငန်းကို လေးစားခဲ့တယ်။

အသင်းတော်တစ်ခုကနေ နောက်တစ်ခုကို လည်ပတ်တဲ့အခါ နည်းအမျိုးမျိုးနဲ့သွားခဲ့ရတယ်။ ဒီတစ်ပတ်မှာ ကားနဲ့ခရီးသွားပြီး နောက်တစ်ပတ်ဆို ဓာတ်ရထားနဲ့သွားရတယ်၊ အဲဒီနောက် ကားနဲ့သွားတယ်၊ ဒါမှမဟုတ် အဝတ်ထည့်တဲ့သေတ္တာနဲ့ သက်သေခံရာမှာ အသုံးပြုတဲ့အိတ်တစ်လုံးကို မော်တော်ဆိုင်ကယ်ပေါ် အသေအချာတင်ပြီး ခရီးသွားခဲ့ရတယ်။ သက်သေခံချင်းတွေနဲ့အတူနေရတာက တကယ့်ကို ပျော်စရာကောင်းတယ်။ ကုမ္ပဏီအမှုထမ်းတစ်ဦးက သူ့ရဲ့အိမ်က ဆောက်လက်စဖြစ်နေတာတောင်မှ ကျွန်တော့်ကို သူ့အိမ်မှာတည်းဖို့ ထက်ထက်သန်သန် ဖိတ်ခေါ်ခဲ့တယ်။ အဲဒီအပတ်မှာ ကျွန်တော့်ရဲ့အိပ်ရာက ရေချိုးဇလုံဖြစ်တယ်၊ ဒါပေမဲ့ အဲဒီအပတ်က ကျွန်တော်တို့နှစ်ဦးစလုံးအတွက် တည်ဆောက်အားပေးမှုဖြစ်ခဲ့တယ်။

နောက်ထပ် အံ့အားသင့်စရာတစ်ခုက ၁၉၅၃ ခုနှစ်မှာ ၂၂ ကြိမ်မြောက် ဂိလဒ်ကျမ်းစာကျောင်းတက်ဖို့ လျှောက်လွှာရတာဖြစ်တယ်။ ဒါပေမဲ့ ပျော်ရွှင်မှုနဲ့ စိုးရိမ်မှုဆိုတဲ့ ခံစားချက်က ရောထွေးနေတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အမနဲ့ သူ့ယောက်ျားက ၁၉၅၀၊ ဇူလိုင် ၃၀ မှာ ဂိလဒ်သင်တန်းဆင်းပြီးသွားတဲ့နောက် ပါကစ္စတန်မှာ တာဝန်ကျတယ်။ တစ်နှစ်မပြည့်သေးခင်မှာပဲ လက်စ်လီ နေမကောင်းဖြစ်ပြီး အဲဒီမှာကွယ်လွန်သွားတယ်။ အဲဒီလိုဖြစ်တာ သိပ်တောင်မကြာသေးဘူး၊ ကျွန်တော်က ကမ္ဘာ့တစ်နေရာရာကို သွားရမယ်ဆိုရင် ကျွန်တော့်မိဘတွေ ဘယ်လိုများခံစားရမလဲဆိုပြီး ကျွန်တော် စဉ်းစားမိတယ်။ ဒါပေမဲ့ ကျွန်တော့်မိဘတွေက ကျွန်တော့်ကို “ယေဟောဝါညွှန်ကြားတဲ့နေရာ ဘယ်နေရာကိုမဆို သွားပြီး အမှုဆောင်ပါ” လို့ ပြောခဲ့တယ်။ ကျွန်တော့်အဖေကို နောက်တစ်ခေါက်ပြန်မတွေ့ရတော့ဘူး။ အဖေက ၁၉၅၇ ခုနှစ်မှာ ဆုံးသွားတယ်။

သိပ်မကြာခင်မှာ ကျွန်တော်က တခြားသြစတြေးလျညီအစ်ကိုညီအစ်မငါးယောက်နဲ့အတူ နယူးယောက်မြို့ကို သင်္ဘောနဲ့သွားခဲ့တယ်၊ အဲဒီခရီးကိုရောက်ဖို့ ခြောက်ပတ်ကြာသွားရတယ်။ ခရီးတစ်လျှောက် ကျွန်တော်တို့က အတူတူကျမ်းစာဖတ်တယ်၊ ကျမ်းစာလေ့လာတယ်၊ ပြီးတော့ ခရီးသွားဖော်တွေကို သက်သေခံတယ်။ နယူးယောက်၊ တောင်လဲန်စင်းမှာရှိတဲ့ ကျောင်းတည်ရှိရာ မြောက်ပိုင်းဒေသကိုမသွားခင် ကျွန်တော်တို့က ၁၉၅၃၊ ဇူလိုင်မှာ ရန်ကီးအားကစားကွင်းမှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို တက်ခဲ့ကြတယ်။ အများဆုံးတက်ရောက်သူ ၁၆၅,၈၂၉ ယောက်ရှိခဲ့တယ်။

ကျွန်တော်နဲ့အတူ ဂိလဒ်ကျောင်းတက်ခဲ့တဲ့ ကျောင်းသား ၁၂၀ ဟာ ကမ္ဘာ့နေရာအနှံ့က ဖြစ်တယ်။ သင်တန်းဆင်းတဲ့နေ့မတိုင်ခင်အထိ ကျွန်တော်တို့ ဘယ်မှာအမှုဆောင်ရမယ်ဆိုတာကို မသိရဘူး။ နေရာသိရပြီဆိုတာနဲ့တစ်ပြိုင်နက် အဲဒီနိုင်ငံအကြောင်းသိဖို့ ဂိလဒ်ကျမ်းစာကျောင်းရဲ့စာကြည့်တိုက်ကို အပြေးအလွှားသွားခဲ့ကြတယ်။ ကျွန်တော်တာဝန်ကျတဲ့နေရာက နိုင်ငံရေးတော်လှန်မှုတွေဖြစ်ခဲ့တဲ့ ပါရာဂွေးနိုင်ငံဖြစ်တယ်။ ပါရာဂွေးကိုရောက်ပြီးသိပ်မကြာခင်မှာပဲ တစ်မနက်ကျတော့ ကျွန်တော်က ခရစ်ယာန်သာသနာပြုနောက်နှစ်ယောက်ကို မနေ့ညက ဘာ “ပွဲတွေ” များလုပ်ကြတာလဲဆိုပြီး မေးခဲ့တယ်။ သူတို့တွေက ပြုံးပြီး “ဒါက ခင်ဗျားအတွက် တော်လှန်ရေးနဲ့ပတ်သက်တဲ့ ဦးဆုံးအတွေ့အကြုံပဲ။ ရှေ့တံခါးကို ကြည့်လိုက်ပါ” လို့ ပြောတယ်။ နေရာတိုင်းမှာ စစ်သားတွေချည်းပဲ။

အရေးပါတဲ့ဖြစ်ရပ်တစ်ခု

တစ်ကြိမ်မှာ လည်ပတ်ဖို့နဲ့ လှုပ်ရှားလျက်ရှိ ကမ္ဘာသစ်အဖွဲ့အစည်းဆိုတဲ့ ရုပ်ရှင်ကိုပြဖို့ တိုက်နယ်ကြီးကြပ်မှူးတစ်ဦးနဲ့တွဲပြီး သီးခြားအသင်းတော်တစ်ခုကို သွားခဲ့တယ်။ အဲဒီကိုရောက်ဖို့ ရှစ်နာရီ ဒါမှမဟုတ် ကိုးနာရီကြာ သွားခဲ့ရတယ်။ အဲဒီခရီးရဲ့အစပိုင်းကို ရထားနဲ့၊ နောက်တော့ မြင်းလှည်းနဲ့၊ နောက်ဆုံးတော့ နွားလှည်းနဲ့သွားခဲ့ရတယ်။ မီးစက်တစ်လုံး၊ ရုပ်ရှင်ပြစက်တစ်ခုကိုပါ သယ်သွားခဲ့တယ်။ ကျွန်တော်တို့ အဲဒီကိုရောက်သွားပြီး နောက်တစ်နေ့မှာ စိုက်ပျိုးမွေးမြူရေးခြံတွေကိုသွားပြီး ဒီညပြမယ့်ရုပ်ရှင်ကို လာကြည့်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ လာကြည့်တဲ့သူ ၁၅ ယောက်လောက် ရှိခဲ့တယ်။

မိနစ် ၂၀ ကြာရုပ်ရှင်ပြပြီးတဲ့နောက် သူတို့က ကျွန်တော်တို့ကို အိမ်ထဲမြန်မြန်ပြေးဝင်ဖို့ ပြောတယ်။ ကျွန်တော်တို့က ရုပ်ရှင်ပြစက်ကို ဆွဲဖြုတ်ပြီး အိမ်ထဲပြေးဝင်ခဲ့ကြတယ်။ အဲဒီနောက် ရောက်လာတဲ့အမျိုးသားတွေက အော်ဟစ်၊ သေနတ်တွေပစ်ဖောက်ပြီး “ငါတို့ဘုရားသခင်က သွေးဆာနေတဲ့ဘုရားသခင်ကွ၊ ဂရင်ဂိုတွေ (တိုင်းတစ်ပါးသားတွေ) ရဲ့သွေးကို လိုချင်နေတာ” ဆိုပြီး ထပ်တလဲလဲ အော်ဟစ်ကြွေးကြော်ကြတယ်။ အဲဒီနေရာမှာ သူတို့ပြောတဲ့ ဂရင်ဂိုနှစ်ယောက်ရှိနေပြီး အဲဒီထဲကတစ်ယောက်က ကျွန်တော်ဖြစ်တယ်။ ရုပ်ရှင်လာကြည့်သူတွေက အဲဒီအိမ်ထဲကိုအတင်းဝင်ဖို့ ကြိုးစားတဲ့လူရမ်းကားတွေကို တားဆီးခဲ့တယ်။ ဒါပေမဲ့ ဆန့်ကျင်သူတွေက နံနက်သုံးနာရီလောက်မှာ ပြန်ရောက်လာတယ်၊ သူတို့ရဲ့သေနတ်တွေကိုပစ်ဖောက်ပြီး ဒီနေ့မြို့ကိုအပြန်လမ်းမှာ ကျွန်တော်တို့ကိုဖမ်းမယ်လို့ ခြိမ်းခြောက်ခဲ့ကြတယ်။

ညီအစ်ကိုတွေက အဲဒီမြို့ကရဲကို ဆက်သွယ်ခဲ့လို့ မွန်းလွဲပိုင်းမှာ ရဲတစ်ယောက်က မြင်းနှစ်ကောင်နဲ့ရောက်လာပြီး ကျွန်တော်တို့ကို မြို့ကိုပို့ပေးခဲ့တယ်။ အပြန်လမ်းမှာ ချုံပုတ်တွေ၊ သစ်ပင်တွေအနားရောက်တဲ့အခါတိုင်း အရာရှိက သူ့သေနတ်ကိုဆွဲထုတ်ပြီး အဲဒီနေရာကိုကြည့်ရှုစစ်ဆေးဖို့ ရှေ့ကနေသွားတယ်။ ခရီးသွားရာမှာ မြင်းက အသုံးဝင်တယ်ဆိုတာ ကျွန်တော်သိလာလို့ နောက်ပိုင်း မြင်းတစ်ကောင်ဝယ်ခဲ့တယ်။

ခရစ်ယာန်သာသနာပြုများ ထပ်ရောက်လာ

ခရစ်ယာန်ဓမ္မဆရာတွေ ပုံမှန်အတိုက်အခံလုပ်နေတဲ့ကြားကနေ ဟောပြောခြင်းလုပ်ငန်းက ဆက်ပြီးအောင်မြင်မှုတွေရခဲ့တယ်။ ၁၉၅၅ ခုနှစ်မှာ ခရစ်ယာန်သာသနာပြုငါးဦး ရောက်လာတယ်။ အဲဒီထဲမှာ ၂၅ ကြိမ်မြောက် ဂိလဒ်သင်တန်းကျောင်းဆင်းဖြစ်တဲ့ အယ်လ်စီ စွမ်စန်လို့ခေါ်တဲ့ ကနေဒါလူမျိုးညီအစ်မငယ်တစ်ဦး ပါတယ်။ အဲဒီညီအစ်မက နောက်မြို့တစ်မြို့ကိုသွားဖို့ တာဝန်မရသေးလို့ အဲဒီအတောအတွင်း ဌာနခွဲရုံးမှာ ကျွန်တော်တို့ ခဏတာအတူအမှုဆောင်ခဲ့ရတယ်။ သူက အမှန်တရားကိုလုံးဝလက်မခံတဲ့ သူ့မိဘတွေဆီကရတဲ့ အကူအညီအနည်းငယ်နဲ့ ယေဟောဝါရဲ့အမှုတော်ဆောင်ဖို့ သူ့ရဲ့အသက်တာကို ပေးဆက်ခဲ့တယ်။ ၁၉၅၇၊ ဒီဇင်ဘာ ၃၁ မှာ အယ်လ်စီနဲ့ ကျွန်တော် လက်ထပ်ခဲ့ပြီး ပါရာဂွေးနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ခရစ်ယာန်သာသနာပြုအိမ်တစ်အိမ်မှာ နေခဲ့ကြတယ်။

ကျွန်တော်တို့ရဲ့အိမ်မှာ ရေပိုက်စနစ်မရှိဘူး၊ ဒါပေမဲ့ ခြံအနောက်ဘက်မှာ ရေတွင်းတစ်တွင်းရှိတယ်။ ဒါကြောင့် အိမ်ထဲမှာ ရေချိုးခန်း၊ အိမ်သာဆိုတာ မရှိဘူး၊ အဝတ်လျှော်စက်မပြောနဲ့ ရေခဲသေတ္တာတောင် မရှိဘူး။ ကျွန်တော်တို့က ဟင်းချက်စရာဝယ်ဖို့ နေ့တိုင်းဈေးသွားရတယ်။ ဒါပေမဲ့ ရိုးရှင်းတဲ့ဘဝနဲ့ အသင်းတော်မှာရှိတဲ့ ညီအစ်ကို၊ ညီအစ်မတွေနဲ့ မေတ္တာပါပြီး ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့အတွက် အဲဒီအချိန်က ကျွန်တော်တို့ဘဝရဲ့ ပျော်စရာအကောင်းဆုံးအချိန် ဖြစ်ခဲ့တယ်။

၁၉၆၃ ခုနှစ်မှာ ကျွန်တော့်အမေရှိတဲ့ ဩစတြေးလျကို သွားလည်ခဲ့တယ်၊ ကျွန်တော်တို့ရောက်ပြီး သိပ်မကြာခင်မှာပဲ ကျွန်တော့်အမေက နှလုံးရောဂါရခဲ့တယ်၊ ဆယ်နှစ်လောက်ခွဲခွာနေရတဲ့သားကို ပြန်တွေ့လို့ စိတ်လှုပ်ရှားပြီး ရောဂါရသွားပုံရတယ်။ ပါရာဂွေးမှာရှိတဲ့ ကျွန်တော်တို့တာဝန်ကျတဲ့နေရာကို ပြန်ဖို့ အချိန်နီးလာတာနဲ့အမျှ ကျွန်တော်တို့ဘဝရဲ့ အခက်ခဲဆုံး ဆုံးဖြတ်ချက်တစ်ခုကိုချဖို့ ရင်ဆိုင်ခဲ့ရတယ်။ ကျွန်တော့်အမေကို တစ်ယောက်ယောက်က ကြည့်ရှုပေးမှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ သူ့ကိုဆေးရုံမှာထားရစ်ခဲ့ပြီး ကျွန်တော်တို့တာဝန်ကျတဲ့၊ ကျွန်တော်တို့နှစ်သက်တဲ့ ပါရာဂွေးကို ပြန်သွားသင့်သလား။ အကြိမ်ကြိမ်ဆုတောင်းပြီးတဲ့နောက် အယ်လ်စီနဲ့ကျွန်တော်က အမေ့အနားမှာနေပြီး သူ့ကိုကြည့်ရှုပြုစုဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်တော်တို့နှစ်ဦးစလုံးက အမေမဆုံးခင် ၁၉၆၆ ခုနှစ်အထိ အမေ့ကိုကြည့်ရှုပြုစုရင်း တစ်ဖက်မှာလည်း အချိန်ပြည့်လုပ်ငန်းမှာ ဆက်ပါဝင်ခဲ့ကြတယ်။

ဩစတြေးလျနိုင်ငံရဲ့ တိုက်နယ်နဲ့ ခရိုင်လုပ်ငန်းမှာ နှစ်အတော်ကြာ အသုံးတော်ခံခွင့်ရတာ၊ အကြီးအကဲတွေအတွက် နိုင်ငံတော်ဓမ္မအမှုကျောင်းမှာ သင်တန်းပေးခွင့်ရတာတွေက ကျွန်တော့်အတွက် အခွင့်ထူးဖြစ်တယ်။ အဲဒီနောက် ကျွန်တော်တို့ဘဝမှာ နောက်ထပ်ပြုပြင်ပြောင်းလဲစရာ ပေါ်လာပြန်တယ်။ ကျွန်တော်က ဩစတြေးလျဌာနခွဲရဲ့ ဦးဆုံးဌာနခွဲကော်မတီဝင်အဖြစ် အမှုဆောင်ဖို့ ခန့်အပ်ခံခဲ့ရတယ်။ အဲဒီနောက် ဌာနခွဲရုံးအသစ်ဆောက်တဲ့အခါ ကျွန်တော်က ဆောက်လုပ်ရေးကော်မတီရဲ့ သဘာပတိအဖြစ် ခန့်အပ်ခံရတယ်။ အတွေ့အကြုံရှိသူများစွာနဲ့ ပူးပေါင်းလုပ်ဆောင်တတ်တဲ့ အလုပ်သမားတွေရဲ့ အကူအညီနဲ့ လှပတဲ့ဌာနခွဲရုံးတစ်ခုကို ဆောက်လုပ်နိုင်ခဲ့တယ်။

အဲဒီနောက် ကျွန်တော်က ဩစတြေးလျနိုင်ငံရဲ့ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ရတဲ့ လုပ်ငန်းတော်ဌာနမှာ တာဝန်ပေးခံရတယ်။ ဇုန်ကြီးကြပ်မှူးတစ်ဦးအနေနဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ တခြားဌာနခွဲတွေကို လည်ပတ်ပြီး ကူညီ၊ အားပေးရတဲ့အခွင့်ထူးကိုလည်း ရရှိခဲ့တယ်။ အထူးသဖြင့် ယေဟောဝါကို သစ္စာရှိရှိနာခံမှုပြတဲ့အတွက် အကျဉ်းထောင်တွေ၊ ချွေးတပ်စခန်းတွေမှာ ဆယ်စုနှစ်ချီပြီး နှစ်ပေါင်းများစွာ အကျဉ်းကျခံနေရသူတွေရှိတဲ့ နိုင်ငံတချို့ကို လည်ပတ်တဲ့အခါ ဒါက ကျွန်တော့်ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေတယ်။

လက်ရှိတာဝန်

၂၀၀၁ ခုနှစ်မှာ ကျွန်တော် အရမ်းပင်ပန်းတဲ့ ဇုန်ခရီးစဉ်တစ်ခုကနေ ပြန်လာပြီးတဲ့နောက် ဖိတ်ခေါ်တဲ့စာတစ်စောင်ရခဲ့တယ်၊ ဒါက နယူးယောက်၊ ဘရွတ်ကလင်မှာ အသစ်ဖွဲ့စည်းလိုက်တဲ့ အမေရိကန်ဌာနခွဲကော်မတီမှာ တာဝန်ထမ်းဆောင်ဖို့ ခေါ်ဖိတ်ခြင်းဖြစ်တယ်။ အယ်လ်စီနဲ့ ကျွန်တော်က ဒီဖိတ်ခေါ်ချက်ကို ဆုတောင်းသုံးသပ်ပြီး ဒီတာဝန်ကို ပျော်ရွှင်စွာလက်ခံခဲ့ကြတယ်။ ၁၁ နှစ်ကျော်ကြာပြီးတဲ့နောက် ခုထက်ထိ ဘရွတ်ကလင်မှာ ဒီတာဝန်ကို ဆက်ထမ်းဆောင်နေဆဲပါပဲ။

ယေဟောဝါ စေခိုင်းရာမှန်သမျှကို လုပ်ဆောင်ဖို့ တလိုတလားရှိတဲ့ ဇနီးသည်တစ်ဦးရရှိထားတဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာမိတယ်။ အယ်လ်စီနဲ့ ကျွန်တော်က အခု အသက် ၈၁ နှစ်ရှိပြီး ကျန်းမာရေးလည်း အတော်အသင့်ကောင်းနေသေးတယ်။ ယေဟောဝါရဲ့ သွန်သင်ချက်တွေကို အမြဲရရှိဖို့နဲ့ ကိုယ်တော့်အလိုတော်ကို ဆက်ထမ်းဆောင်သူတွေရရှိမယ့် ကြွယ်ဝတဲ့ကောင်းချီးတွေကို ကျွန်တော်တို့ ဆက်မျှော်လင့်စောင့်စားနေကြပါတယ်။

[စာမျက်နှာ ၁၉ ပါ အကျဉ်းဖော်ပြချက်]

ဒီတစ်ပတ်မှာ ကားနဲ့ခရီးသွားပြီး နောက်တစ်ပတ်ဆို ဓာတ်ရထားနဲ့ သွားရတယ်၊ အဲဒီနောက် ကားနဲ့ သွားတယ်၊ ဒါမှမဟုတ် အဝတ်ထည့်တဲ့သေတ္တာနဲ့ သက်သေခံရာမှာ အသုံးပြုတဲ့ အိတ်တစ်လုံးကို မော်တော်ဆိုင်ကယ်ပေါ် အသေအချာတင်ပြီး ခရီးသွားခဲ့ရတယ်

[စာမျက်နှာ ၂၁ ပါ အကျဉ်းဖော်ပြချက်]

ယေဟောဝါရဲ့ သွန်သင်ချက်တွေကို အမြဲရရှိဖို့ ကျွန်တော်တို့ ဆက်မျှော်လင့် စောင့်စားနေကြ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဘယ်– ဩစတြေးလျမှာ တိုက်နယ်လှည့်တုန်းက

ညာ– ကျွန်တော့်မိဘများနဲ့အတူ

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ကျွန်တော်တို့လက်ထပ်တဲ့နေ့၊ ဒီဇင်ဘာ ၃၁၊ ၁၉၅၇