မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လွတ်လပ်မှုပေးတဲ့ ဘုရားသခင်ရဲ့ အမှုတော်ကို ဆောင်ပါ

လွတ်လပ်မှုပေးတဲ့ ဘုရားသခင်ရဲ့ အမှုတော်ကို ဆောင်ပါ

လွတ်လပ်မှုပေးတဲ့ ဘုရားသခင်ရဲ့ အမှုတော်ကို ဆောင်ပါ

“ဘုရားသခင်ကို ချစ်ခြင်းဟူသည် ကိုယ်တော်၏ပညတ်များကို လိုက်နာခြင်းဖြစ်၏။ ကိုယ်တော်၏ပညတ်များသည် ဝန်ထုပ်ဝန်ပိုး ဖြစ်သည်မဟုတ်။” —၁ ယော. ၅:၃

သင် ဖြေဆိုနိုင်သလား

စာတန်က ကျွန်ုပ်တို့ကို ဘုရားသခင့်တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး ဘယ်လိုယူဆစေလိုသလဲ။

ကျွန်ုပ်တို့ အပေါင်းအသင်းရွေးချယ်ရာမှာ ဘာကြောင့် အလွန်ဂရုစိုက်ရမလဲ။

လွတ်လပ်မှုပေးတဲ့ဘုရားသခင်အပေါ် ဆက်ပြီးသစ္စာစောင့်သိနိုင်ဖို့ ကျွန်ုပ်တို့ကို ဘာကကူညီပေးမလဲ။

၁။ ယေဟောဝါက လွတ်လပ်ခွင့်ကို ဘယ်လိုအသုံးပြုသလဲ။ အာဒံနဲ့ဧဝကို ဘယ်လွတ်လပ်ခွင့်ပေးခဲ့သလဲ။

ယေဟောဝါ တစ်ပါးတည်းမှာပဲ အကန့်အသတ်မဲ့လွတ်လပ်မှု ရှိတယ်။ ဒါပေမဲ့ ကိုယ်တော်က လွတ်လပ်မှုကို တော်မှန်တဲ့နည်းနဲ့ အမြဲအသုံးပြုတယ်။ မိမိရဲ့ကျေးကျွန်တွေ လုပ်ဆောင်နေတာတွေကို အသေးစိတ်ကအစ လိုက်ပြီးမထိန်းချုပ်ဘူး။ အဲဒီအစား ကိုယ်တော်က လူတွေကို ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချနိုင်ဖို့၊ သူတို့ရဲ့ တော်မှန်တဲ့ဆန္ဒအားလုံးကို ဖြည့်ဆည်းနိုင်ဖို့ လွတ်လပ်ခွင့်ပေးထားတယ်။ ဥပမာ၊ အာဒံနဲ့ ဧဝကို ကန့်သတ်တားမြစ်ထားတာဆိုလို့ တစ်ခုပဲရှိခဲ့တယ်။ “ကောင်းမကောင်းကိုသိကျွမ်းရာအပင်” ရဲ့အသီးကို မစားဖို့ သူတို့ကိုတားမြစ်ခဲ့တယ်။ (က. ၂:၁၆) သူတို့တွေက ဘုရားသခင့်အလိုတော်ကို ထမ်းဆောင်နိုင်ကြပြီး အံ့ချီးဖွယ်ကောင်းတဲ့ လွတ်လပ်မှုကို ရရှိထားကြတယ်။

၂။ အာဒံနဲ့ ဧဝက ဘာကြောင့် အပြစ်တရားရဲ့ကျွန်တွေ ဖြစ်ခဲ့ကြသလဲ။

ဘုရားသခင်က အာဒံနဲ့ဧဝကို ဘာကြောင့် ဒီလောက်များတဲ့လွတ်လပ်မှုတွေ ပေးခဲ့တာလဲ။ အကြောင်းကတော့ ယေဟောဝါက သူတို့ကို ကိုယ်ကိုယ်ကိုယ်သိသောစိတ်ပေးပြီး မိမိရဲ့ပုံသဏ္ဌာန်တော်နဲ့အညီ ဖန်ဆင်းခဲ့လို့ပဲ။ သူတို့ကိုဖန်ဆင်းတဲ့ ဖန်ဆင်းရှင်အပေါ်ထားရှိတဲ့ သူတို့ရဲ့မေတ္တာကြောင့် သူတို့ဟာ မှန်ရာကိုပြုလုပ်မယ်လို့ ကိုယ်တော်မျှော်လင့်ခဲ့တယ်။ (က. ၁:၂၇; ရော. ၂:၁၅) ဝမ်းနည်းစရာကောင်းတာက အာဒံနဲ့ ဧဝဟာ ဖန်ဆင်းရှင် သူတို့ကိုပေးထားတဲ့ လွတ်လပ်မှုအတွက် ကျေးဇူးမတင်ခဲ့ကြဘူး။ အဲဒီအစား အမှားအမှန်ကို ကိုယ်တိုင်ဆုံးဖြတ်ဖို့ ရွေးချယ်ခဲ့ကြတယ်။ ဒီလိုလုပ်တာက သူတို့ကိုပိုလွတ်လပ်စေမယ်လို့ တွေးထင်ခဲ့ကြတယ်၊ ဒါပေမဲ့ တကယ်တမ်းကျတော့ သူတို့ရဲ့ရွေးချယ်မှုက သူတို့နဲ့ သူတို့ရဲ့သားသမီးတွေကို အပြစ်တရားရဲ့ကျွန်ဖြစ်စေပြီး ဒုက္ခအခက်အခဲနဲ့ သေခြင်းကို ဖြစ်ပေါ်စေတယ်။—ရော. ၅:၁၂

၃၊ ၄။ ဘုရားသခင့်တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး စာတန်က ကျွန်ုပ်တို့ကို ဘယ်လိုယူဆစေလိုသလဲ။

စာတန်က မစုံလင်သူလူသားနှစ်ဦးကို သိမ်းသွင်းပြီး ကောင်းကင်တမန်အတော်များများကို ဘုရားသခင့်အုပ်ချုပ်မှုကို ဆန့်ကျင်ဖို့ လုပ်ဆောင်ခဲ့တယ်ဆိုရင် ကျွန်ုပ်တို့ကိုလည်း အဲဒီလိုလုပ်နိုင်တယ်။ စာတန်ရဲ့လှည့်ကွက်တွေက မပြောင်းသေးဘူး။ ဘုရားသခင့်တောင်းဆိုချက်တွေက တရားလွန်ဖြစ်ပြီး ဘဝမှာ ပျော်ရွှင်စရာ၊ စိတ်လှုပ်ရှားစရာအခွင့်အလမ်းတွေကို ဆုံးရှုံးစေတယ်လို့ ယူဆစေချင်တယ်။ (၁ ယော. ၅:၃) လောကမှာရှိတဲ့လူတွေက အဲဒီလိုပဲ ယူဆကြတယ်၊ ကျွန်ုပ်တို့က လောကသားတွေနဲ့ ပုံမှန် အချိန်ပေးပေါင်းသင်းနေတယ်ဆိုရင် ကျွန်ုပ်တို့လည်း အလားတူ ယူဆမိနိုင်တယ်။ အခု အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ညီအစ်မတစ်ဦးက မကောင်းတဲ့အပေါင်းအသင်းတွေရဲ့ အပျက်သြဇာလွှမ်းမိုးမှုကို အတော်လေးခံခဲ့ရကြောင်း ပြောပြတယ်။ တခြားလူငယ်တွေနဲ့မတူဘဲ တစ်မူထူးပြီးနေရမှာကို သူ ကြောက်ရွံ့ခဲ့တယ်။ ရလဒ်အနေနဲ့ ဒီညီအစ်မ လိင်အကျင့်ယိုယွင်းခဲ့တယ်။ အပေါင်းအသင်းတွေရဲ့လွှမ်းမိုးမှုက ဘယ်လောက်ထိ ဩဇာသက်ရောက်နိုင်တယ်ဆိုတာကို သင်လည်း သိကောင်းသိပါလိမ့်မယ်။

ဝမ်းနည်းစရာက မကောင်းတဲ့သြဇာလွှမ်းမိုးမှုဟာ ခရစ်ယာန်အသင်းတော်မှာရှိတဲ့ လူတချို့ဆီကတောင် လာနိုင်တယ်ဆိုတာပဲ။ ညီအစ်ကိုငယ်တစ်ဦးက အသင်းတော်မှာရှိတဲ့ သူ့ရဲ့သူငယ်ချင်းတချို့ဟာ ယေဟောဝါကိုမကိုးကွယ်သူတွေနဲ့ ချိန်းတွေ့ခဲ့ကြတယ်လို့ ပြောပြတယ်။ အဲဒီသူငယ်ချင်းတွေနဲ့ သူ ပိုပြီးအချိန်ပေးပေါင်းသင်းလေ၊ သူတို့နဲ့ပိုတူလာလေ ဖြစ်တယ်။ သူ ဒီလိုပြောတယ်– “ယေဟောဝါနဲ့ ကျွန်တော့်ရဲ့ဆက်ဆံရေးက အားနည်းလာတယ်။ အစည်းအဝေးတွေတက်ရတာ မပျော်တော့ဘူး၊ အမှုဆောင်လည်း လုံးဝမထွက်တော့တဲ့အထိ ဖြစ်ခဲ့တယ်။ သူတို့နဲ့အဆက်ဖြတ်သင့်ပြီလို့ သတိဝင်လာတဲ့အခါ ကျွန်တော် အဲဒီအတိုင်းလုပ်ခဲ့တယ်။” သင့်ရဲ့သူငယ်ချင်းတွေက သင့်အပေါ် ဘယ်လောက်အထိ ဩဇာသက်ရောက်တယ်ဆိုတာ သင် သိမြင်ပါသလား။ ယနေ့ ကျွန်ုပ်တို့ကို ကူညီပေးနိုင်တဲ့ ကျမ်းစာအဖြစ်အပျက်တစ်ခုကို သုံးသပ်ကြည့်ကြစို့။—ရော. ၁၅:၄

သူတို့ရဲ့စိတ်နှလုံးကို ခိုးယူခဲ့

၅၊ ၆။ အဗရှလုံက တခြားသူတွေကို ဘယ်လိုလှည့်စားခဲ့သလဲ။ သူ့အကြံအောင်မြင်ခဲ့သလား။

တခြားသူတွေအပေါ် အပျက်သြဇာလွှမ်းမိုးခဲ့သူများစွာအကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီထဲကတစ်ယောက်က ဘုရင်ဒါဝိဒ်ရဲ့သား အဗရှလုံဖြစ်တယ်။ အဗရှလုံက ခန့်ညားချောမောသူတစ်ဦးဖြစ်တယ်။ စာတန်လိုပဲ သူဟာ မှားယွင်းတဲ့အလိုဆန္ဒကို ကြီးထွားခွင့်ပြုခဲ့တယ်။ သူ့မှာ ဘုရင်ဖြစ်ဖို့အခွင့်အရေးမရှိပေမဲ့ သူ့ဖခင်နေရာမှာ ဝင်ပြီးအုပ်ချုပ်ချင်ခဲ့တယ်။ * သူအလိုရှိတဲ့ ဘုရင့်အရိုက်အရာကိုရဖို့ ကောက်ကျစ်စဉ်းလဲစွာ ကြိုးစားရာမှာ အဗရှလုံက သူဟာ လူတွေကို အလွန်ကူညီပေးလိုကြောင်း၊ ဒါပေမဲ့ ဘုရင်ကတော့ အဲဒီလိုမဟုတ်ကြောင်း လူတွေကို အယုံသွင်းခဲ့တယ်။ ဧဒင်ဥယျာဉ်ထဲက စာတန်လိုပဲ အဗရှလုံဟာ သူ့ကိုယ်သူ သူတော်ကောင်းယောင်ဆောင်ပြီး တစ်ချိန်တည်းမှာ သူ့ဖခင်အကြောင်း သွားပုပ်လေလွင့်ပြောခဲ့တယ်။—၂ ရာ. ၁၅:၁-၅

အဗရှလုံရဲ့အကြံ အောင်မြင်ခဲ့သလား။ အဗရှလုံဟာ “အစ္စရေးလူတွေရဲ့စိတ်နှလုံးကို ခိုးယူနေတော့တယ်” လို့ ကျမ်းစာမှာဖော်ပြတဲ့အတွက် သူဟာ အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့တယ်ဆိုတာ သိရတယ်။ (၂ ရာ. ၁၅:၆ကဘ) အဗရှလုံက လူများစွာကို လှည့်စားခဲ့တယ်၊ ဒါပေမဲ့ အဆုံးမှာတော့ သူရှုံးနိမ့်ခဲ့တယ်။ သူ့ရဲ့မာနကြောင့် အသေဆိုးနဲ့သေခဲ့ရပြီး သူ့ရဲ့လှည့်စားမှုကိုယုံခဲ့တဲ့ သောင်းနဲ့ချီတဲ့သူတွေလည်း သေခဲ့ရတယ်။—၂ ရာ. ၁၈:၇၊ ၁၄-၁၇

၇။ အဗရှလုံရဲ့အဖြစ်အပျက်ကနေ ဘာသင်ယူနိုင်သလဲ။ (စာမျက်နှာ ၁၄ မှာပါတဲ့ပုံကိုကြည့်ပါ။)

အဲဒီအစ္စရေးလူတွေကို အဗရှလုံ ဘာကြောင့် အလွယ်တကူလှည့်စားနိုင်ခဲ့တာလဲ။ သူတို့တွေက အဗရှလုံပေးတဲ့ကတိတွေကို သဘောကျလို့ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သူ့ရဲ့ ခန့်ညားချောမောတဲ့ရုပ်ရည်ကြောင့်လည်း ဖြစ်နိုင်တယ်။ ဘာကြောင့်ပဲဖြစ်ပါစေ ကျွန်ုပ်တို့ ဒီအချက်ကို သေချာတပ်အပ် သိနိုင်ပါတယ်– သူတို့တွေက ယေဟောဝါနဲ့ ကိုယ်တော်ရွေးချယ်ထားတဲ့ ဘုရင်အပေါ် သစ္စာမစောင့်ခဲ့ကြဘူး။ ယနေ့အချိန်မှာလည်း စာတန်က အဗရှလုံလိုလူတွေကိုသုံးပြီး ယေဟောဝါရဲ့ ကျေးကျွန်တွေကို လှည့်စားဖို့ ကြိုးစားနေတယ်။ ယေဟောဝါရဲ့တောင်းဆိုချက်တွေက တရားလွန်ဖြစ်နေတယ်၊ ဒါမှမဟုတ် ယေဟောဝါကို ဝတ်မပြုသူတွေက ပိုပျော်ရွှင်ကြတယ်လို့ သူတို့တွေပြောနိုင်တယ်။ သင် အဲဒီလိုမျိုးကြားရတဲ့အခါ ဒါအလိမ်အညာတွေပဲဆိုတဲ့အချက်ကို သိမြင်ပြီး ဘုရားသခင်အပေါ် ဆက်သစ္စာရှိမလား။ ယေဟောဝါရဲ့ “ပြည့်ဝစုံလင်သည့်တရား” ဖြစ်တဲ့ ခရစ်တော်ရဲ့တရားကသာ လွတ်လပ်မှုအစစ်အမှန်ကို ရရှိစေတယ်ဆိုတဲ့အချက်ကို သင် အသိအမှတ်ပြုမလား။ (ယာ. ၁:၂၅) အသိအမှတ်ပြုတယ်ဆိုရင် အဲဒီတရားကို သင် ချစ်မြတ်နိုးကြောင်း ဖော်ပြပါ၊ သင့်ရဲ့လွတ်လပ်မှုကို ယေဟောဝါနှစ်သက်တဲ့နည်းနဲ့ အသုံးပြုပါ။—၁ ပေတရု ၂:၁၆ ကိုဖတ်ပါ။

၈။ ယေဟောဝါရဲ့တောင်းဆိုချက်တွေကို လျစ်လျူရှုခြင်းက ပျော်ရွှင်မှုမပေးနိုင်ဘူးဆိုတာ ဖော်ပြတဲ့ တွေ့ကြုံမှုတချို့ကဘာတွေလဲ။

စာတန်က အထူးသဖြင့် လူငယ်တွေကို ပစ်မှတ်ထားတယ်။ အခု အသက် ၃၀ ကျော်နေပြီဖြစ်တဲ့ ညီအစ်ကိုတစ်ဦးဟာ သူဆယ်ကျော်သက်အရွယ်တုန်းက ယေဟောဝါရဲ့တောင်းဆိုချက်တွေဟာ သူ့အတွက် အကာအကွယ်ဖြစ်တယ်လို့ မယူဆဘဲ ကန့်သတ်ချုပ်ချယ်တယ်လို့ ခံစားခဲ့ရကြောင်း ပြောပြတယ်။ ရလဒ်အနေနဲ့ သူဟာ လိင်အကျင့်ယိုယွင်းခဲ့တယ်။ ဒါပေမဲ့ အဲဒီလိုလုပ်လို့ သူ မပျော်ခဲ့ဘူး။ အဲဒီအစား အပြစ်ရှိတယ်ဆိုတဲ့ ဆိုးရွားတဲ့ခံစားချက်ရှိခဲ့ပြီး နှစ်ပေါင်းများစွာ နောင်တရခဲ့တယ်။ နောက်ညီအစ်မတစ်ယောက်က သူ့ရဲ့လုပ်ရပ်တွေဟာ သူချစ်ရတဲ့သူတွေကို ထိခိုက်တယ်ဆိုတာကို စဉ်းစားမိရင် အရမ်းစိတ်ထိခိုက်တယ်လို့ ပြောပြတယ်။ သူ ဒီလိုဆက်ပြောတယ်– “ယေဟောဝါရဲ့မျက်နှာသာ မရရှိဘဲ အသက်ရှင်ရတာ အရမ်းဆိုးတယ်။” စာတန်က သင့်ကို အပြစ်ရဲ့ဆိုးကျိုးတွေအကြောင်း မစဉ်းစားစေချင်ဘူး။

၉။ (က) ယေဟောဝါ၊ ကိုယ်တော့်ပညတ်တွေ၊ မူတွေနဲ့ပတ်သက်ပြီး မိမိကိုယ်ကို ဘယ်မေးခွန်းတွေ မေးသင့်သလဲ။ (ခ) ဘုရားသခင်ကို ကောင်းစွာသိကျွမ်းဖို့ ဘာကြောင့်အရေးကြီးသလဲ။

ဒီတွေ့ကြုံမှုတွေက ဖော်ပြတဲ့အတိုင်းပဲ ဘုရားသခင်ကို မနာခံခြင်းရဲ့ အကျိုးဆက်တွေက ခါးသီးလှပါတယ်။ အမှန်တရားထဲမှာရှိတဲ့ လူငယ်များစွာနဲ့ လူကြီးတွေတောင် အထိနာပြီးမှ သင်ခန်းစာရသွားကြတာဟာ တကယ့်ကို ဝမ်းနည်းစရာပါပဲ။ (ဂလ. ၆:၇၊ ၈) ဒါကြောင့် သင့်ကိုယ်သင် ဒီလိုမေးပါ– ‘ငါ့ကို သွေးဆောင်ဖို့ စာတန်အသုံးပြုနေတဲ့ နည်းပရိယာယ်တွေကို ငါ သိသလား။’ ‘ယေဟောဝါဟာ အမှန်တရားကို အမြဲပြောပြီး ငါ့ကောင်းကျိုးကို အမြဲလိုလားတဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်တယ်လို့ ငါယူမှတ်သလား။’ ‘ကိုယ်တော်က ငါ့အတွက် အမှန်တကယ် အကျိုးရှိမယ့်အရာ၊ ငါ့ကို ပျော်ရွှင်စေမယ့်အရာ တစ်စုံတစ်ခုကို ဘယ်တော့မှ ထိမ်ချန်ထားမှာမဟုတ်ဘူးဆိုတာ ငါ တကယ်ယုံကြည်စိတ်ချသလား။’ (ဟေရှာယ ၄၈:၁၇၊ ၁၈ ကိုဖတ်ပါ။) ယေဟောဝါကို သင် ကောင်းကောင်း သိကျွမ်းမှသာ အဲဒီမေးခွန်းတွေကို ဟုတ်ပါတယ်လို့ ဖြေဆိုနိုင်မှာဖြစ်တယ်။ ကျမ်းစာမှာတွေ့ရတဲ့ ပညတ်တွေ၊ မူတွေဟာ သင့်ကို ယေဟောဝါချစ်လို့ ပေးထားတာဖြစ်တယ်၊ ဒါတွေက သင့်ရဲ့လွတ်လပ်မှုကို ဆုံးရှုံးသွားစေတာမဟုတ်ဘူးဆိုတဲ့အချက်ကို သိမြင်ဖို့လိုတယ်။—ဆာ. ၂၅:၁၄

ပညာရှိပြီး နာခံတတ်တဲ့နှလုံးရှိဖို့ ဆုတောင်းပါ

၁၀။ လူငယ်ဘုရင်ရှောလမုန်ကို ကျွန်ုပ်တို့ ဘာကြောင့် ကြိုးစားတုပသင့်တာလဲ။

၁၀ ရှောလမုန်ဟာ လူငယ်ဘဝတုန်းက ယေဟောဝါထံ သူ နှိမ့်ချစွာ ဒီလိုဆုတောင်းခဲ့တယ်– “ကျွန်တော်ဟာ လူငယ်လေးဖြစ်ပါတယ်။ ကျွန်တော့်မှာ ဘာအတွေ့အကြုံမှ မရှိသေးပါဘူး။” အဲဒီနောက် ရှောလမုန်ဟာ သူ့ကိုပညာရှိစေဖို့နဲ့ နာခံတတ်ဖို့ ကူညီပေးပါလို့ ယေဟောဝါထံ ဆုတောင်းခဲ့တယ်။ (၃ ရာ. ၃:၇-၉၊ ၁၂ကဘ) စိတ်ရင်းမှန်နဲ့တောင်းတဲ့ ဒီဆုတောင်းချက်ကို ယေဟောဝါ ဖြေကြားပေးခဲ့တယ်။ အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ သင်လည်း အလားတူဆုတောင်းတယ်ဆိုရင် သင့်ဆုတောင်းချက်ကို ယေဟောဝါ နားထောင်မှာဖြစ်တယ်။ ယေဟောဝါက သင့်ကို ချက်ချင်းလက်ငင်း ပညာရှိဖြစ်အောင် လုပ်ဆောင်ပေးမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သမ္မာကျမ်းစာကို အပတ်တကုတ်လေ့လာမယ်၊ သန့်ရှင်းသောစွမ်းအားတော်ရဖို့ ဆုတောင်းမယ်၊ ခရစ်ယာန်အသင်းတော်ကပေးတဲ့ လမ်းညွှန်ချက်အတိုင်း လိုက်လျှောက်မယ်ဆိုရင် ကိုယ်တော် သင့်ကို ပညာရှိစေပါလိမ့်မယ်။ (ယာ. ၁:၅) ယေဟောဝါက မိမိရဲ့ငယ်ရွယ်တဲ့ကျေးကျွန်တွေကို ကိုယ်တော့်ကိုမနာခံသူအားလုံးထက်၊ “ပညာရှိသောသူနှင့် ဉာဏ်ကောင်းသောသူတို့” ထက်တောင် ပိုပြီးပညာရှိအောင် လုပ်ပေးနိုင်ပါတယ်။—လု. ၁၀:၂၁; ဆာလံ ၁၁၉:၉၈-၁၀၀ ကိုဖတ်ပါ။

၁၁-၁၃။ (က) ဆာလံ ၂၆:၄၊ သုတ္တံ ၁၃:၂၀ နဲ့ ၁ ကောရိန္သု ၁၅:၃၃ ကနေ အရေးကြီးတဲ့ ဘယ်သင်ခန်းစာတွေကို သင်ယူနိုင်သလဲ။ (ခ) ဒီသင်ခန်းစာတွေကို သင် ဘယ်လိုအသုံးပြုမလဲ။

၁၁ အပေါင်းအသင်းရွေးချယ်ခြင်းနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ကို အရေးကြီးသင်ခန်းစာတွေသင်ပေးတဲ့ ကျမ်းချက်တချို့ကို ကြည့်ကြစို့။ ဒါက ယေဟောဝါအကြောင်း ကောင်းစွာသိကျွမ်းဖို့အတွက် ကျမ်းစာလေ့လာခြင်းနဲ့ တွေးတောဆင်ခြင်ခြင်းက ဘယ်လောက်ထိ အရေးကြီးတယ်ဆိုတာ နားလည်ဖို့ ကူညီပေးမှာဖြစ်တယ်။ ဆာလံ ၂၆:၄ (ကဘ) က ဒီလိုပြောတယ်– “လူလိမ်လူညာတွေနဲ့အတူ ကျွန်တော် မထိုင်ဘူး။ ကိုယ့်ရဲ့သရုပ်မှန်ကို လျှို့ဝှက်ထားသူတွေနဲ့လည်း မပေါင်းသင်းဘူး။” သုတ္တံ ၁၃:၂၀ (ကဘ) မှာ ဒီလိုဖတ်ရတယ်– “ပညာရှိတွေနဲ့ ပေါင်းသင်းတဲ့သူက ပညာရှိလိမ့်မယ်။ လူမိုက်တွေနဲ့ ပေါင်းဖော်တဲ့သူကတော့ ဒုက္ခရောက်လိမ့်မယ်။” ၁ ကောရိန္သု ၁၅:၃၃ က ဒီလိုပြောတယ်– “မကောင်းသောအပေါင်းအသင်းတို့သည် ကောင်းသောအကျင့်တို့ကို ပျက်စီးစေတတ်၏။”

၁၂ ဒီကျမ်းချက်တွေကနေ အရေးကြီးတဲ့ ဘယ်သင်ခန်းစာတွေကို ကျွန်ုပ်တို့ သင်ယူနိုင်ပါသလဲ။ (၁) ကျွန်ုပ်တို့ရဲ့အပေါင်းအသင်းကို အသေအချာရွေးချယ်ဖို့ ယေဟောဝါ အလိုရှိတယ်။ ကျွန်ုပ်တို့ကို အန္တရာယ်ဖြစ်စေတဲ့၊ ကျွန်ုပ်တို့နဲ့ ဘုရားသခင်ကြားမှာရှိတဲ့ ဆက်ဆံရေးကို ပျက်စီးသွားစေနိုင်တဲ့ အရာတစ်ခုခုကို မလုပ်မိအောင် ကိုယ်တော် ကာကွယ်ပေးချင်တယ်။ (၂) ကျွန်ုပ်တို့ရဲ့အပေါင်းအသင်းတွေက ကျွန်ုပ်တို့ ကောင်းတာကို လုပ်ဖို့ ဒါမှမဟုတ် ဆိုးတာကိုလုပ်ဖို့အတွက် ဩဇာလွှမ်းမိုးနိုင်တယ်။ ဒါက ဘဝနဲ့ပတ်သက်တဲ့ ရိုးရှင်းတဲ့အမှန်တရားတစ်ခု ဖြစ်တယ်။ အထက်မှာဖော်ပြခဲ့တဲ့ ကျမ်းချက်တွေရဲ့ ရေးသားချက်တွေက ယေဟောဝါဟာ ကျွန်ုပ်တို့ရဲ့နှလုံးကို ထိမိစေဖို့ ကြိုးစားကြောင်း ဖော်ပြတယ်။ ဒီကျမ်းချက်တွေက ‘ဒါကိုလုပ်ပါ’ ‘ဒါကိုမလုပ်နဲ့’ ဆိုတဲ့ စည်းမျဉ်းပုံစံမျိုး မဟုတ်ဘဲ ရိုးရှင်းတဲ့အမှန်တရားတွေကို ရေးထားတာဖြစ်တယ်ဆိုတာကို သတိရပါ။ ဒါက ကျွန်ုပ်တို့ကို ယေဟောဝါ ဒီလိုပြောနေသလိုဖြစ်တယ်– ‘ဒါတွေက အဖြစ်မှန်တွေပါ။ သင် ဘာလုပ်မလဲ။ သင့်စိတ်နှလုံးထဲမှာ ဘာရှိသလဲ။’

၁၃ အချုပ်အနေနဲ့ပြောရရင် ဒီကျမ်းချက်သုံးချက်ဟာ ရိုးရှင်းတဲ့အမှန်တရားဖြစ်တယ်၊ ဒါကြောင့် ဒီအချက်တွေက အဲဒီကျမ်းချက်တွေရေးခဲ့ချိန်က အတိုင်းပဲ ဒီနေ့အထိ မှန်ကန်နေဆဲဖြစ်ပြီး အခြေအနေအမျိုးမျိုးမှာ လက်တွေ့ကျင့်သုံးနိုင်တယ်။ သင့်ကိုယ်သင် ဒီမေးခွန်းတွေ မေးပါ– ဘယ်အခြေအနေတွေမှာ “ကိုယ့်ရဲ့ဇာတိရုပ်အမှန်ကို ကွယ်ဝှက်ထား” တဲ့ သူတွေနဲ့ ငါ တွေ့ဆုံမိနိုင်သလဲ။ သူတို့တွေနဲ့ မိတ်ဆွေဖွဲ့ခြင်းကို ငါ ဘယ်လိုရှောင်နိုင်သလဲ။ (သု. ၃:၃၂; ၆:၁၂) ယေဟောဝါ ငါ့ကိုပေါင်းသင်းစေချင်တဲ့ “ပညာရှိတွေ” က ဘယ်သူတွေလဲ။ ရှောင်ရမယ့် “လူမိုက်တွေ” ကကော ဘယ်သူတွေလဲ။ (ဆာ. ၁၁၁:၁၀; ၁၁၂:၁; သု. ၁:၇) ငါ အပေါင်းအသင်းမှားသွားရင် ငါ့ရဲ့ ကောင်းတဲ့ ဘယ်အကျင့်တွေ ပျက်စီးကုန်မလဲ။ “မကောင်းသောအပေါင်းအသင်း” က လောကမှာပဲရှိတာလား။ (၂ ပေ. ၂:၁-၃) ဒီမေးခွန်းတွေကို သင် ဘယ်လိုဖြေမလဲ။

၁၄။ သင်တို့ရဲ့မိသားစုဝတ်ပြုမှုညချမ်းကို တိုးတက်အောင် သင် ဘယ်လိုလုပ်ဆောင်နိုင်သလဲ။

၁၄ ဒီကျမ်းချက်သုံးချက်ကို သင် ဆင်ခြင်သုံးသပ်တဲ့နည်းအတိုင်း သင်နဲ့သင့်မိသားစုအတွက် အရေးကြီးတဲ့ကိစ္စတွေမှာ ဘုရားသခင့်အမြင် ဘယ်လိုရှိသလဲဆိုတာကို နားလည်စေတဲ့ တခြားကျမ်းချက်တွေကို သင် ဖတ်ရှုနိုင်ပါတယ်။ * မိဘတို့၊ ဒီအကြောင်းအရာတွေကို သင်တို့ရဲ့ မိသားစုဝတ်ပြုမှုညချမ်းမှာ ဆွေးနွေးသုံးသပ်ဖို့ စဉ်းစားပါ။ အဲဒီလိုလုပ်ဆောင်တဲ့ သင့်ရဲ့ရည်ရွယ်ချက်က ဘုရားသခင့်ပညတ်တွေနဲ့ မူတွေက ကျွန်ုပ်တို့ကို ဘုရားသခင် ဘယ်လောက်ထိချစ်တယ်ဆိုတာ ဖော်ပြကြောင်း မိသားစုဝင်ယောက်တိုင်း သိမြင်နားလည်စေဖို့ဆိုတာ သတိရပါ။ (ဆာ. ၁၁၉:၇၂) မိသားစုလိုက် ဒီလိုမျိုးလေ့လာမယ်ဆိုရင် ယေဟောဝါနဲ့ သင်တို့ရဲ့ဆက်ဆံရေး၊ သင်တို့ အချင်းချင်းရဲ့ဆက်ဆံရေးက ပိုခိုင်မြဲလာပါလိမ့်မယ်။

၁၅။ သင်ဟာ အမှန်တကယ် ပညာရှိပြီး နာခံတတ်သူဖြစ်သလားဆိုတာကို သင် ဘယ်လိုသိနိုင်သလဲ။

၁၅ သင်ဟာ အမှန်တကယ်ပညာရှိပြီး နာခံတတ်သူဖြစ်သလားဆိုတာ ဘယ်လိုသိနိုင်သလဲ။ တစ်နည်းကတော့ ဘုရင်ဒါဝိဒ်လို ရှေးခေတ် ဘုရားသခင့်သစ္စာရှိကျေးကျွန်တွေရဲ့ သဘောထားမျိုး တင်ပြခြင်းဖြစ်တယ်၊ သူ ဒီလိုရေးခဲ့တယ်– “အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏အလိုကိုဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာ ရှိပါ၏။” (ဆာ. ၄၀:၈) ဆာလံ ၁၁၉ ကိုရေးသားသူက ဒီလိုပြောခဲ့တယ်– “ကိုယ်တော့်ပညတ်တရားကို ကျွန်တော် ချစ်မြတ်နိုးလိုက်တာ။ အဲဒါကို တစ်နေ့လုံးပဲ ကျွန်တော်ဆင်ခြင်နေပါတယ်။” (ဆာ. ၁၁၉:၉၇ကဘ) ဒီလိုမေတ္တာမျိုးရှိဖို့ သင် ကြိုးစားလုပ်ဆောင်ရမယ်။ သမ္မာကျမ်းစာကို အပတ်တကုတ်လေ့လာ၊ ဆုတောင်းပြီး တွေးတောဆင်ခြင်တဲ့အခါ အဲဒီမေတ္တာက ကြီးထွားလာတယ်။ အသက်တာမှာ ယေဟောဝါရဲ့တောင်းဆိုချက်တွေကို နာခံခြင်းက ကောင်းချီးများစွာရရှိစေတယ်ဆိုတာ သင် တွေ့ရတဲ့အခါ အဲဒီမေတ္တာ တိုးများလာတယ်။—ဆာ. ၃၄:၈

ခရစ်ယာန်လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ပါ

၁၆။ ကျွန်ုပ်တို့ရရှိထားတဲ့လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ရာမှာ အနိုင်ရဖို့ ဘယ်အချက်ကို သတိရ,ရမလဲ။

၁၆ သမိုင်းတစ်လျှောက်မှာ လူမျိုးများစွာဟာ လွတ်လပ်ရေးရဖို့အတွက် ရက်စက်ကြမ်းကြုတ်တဲ့တိုက်ပွဲတွေ တိုက်ခိုက်ခဲ့ကြတယ်။ သင်ဟာ ခရစ်ယာန်တစ်ဦးအနေနဲ့ သင်ရရှိထားတဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ဖို့ ပိုပြီးတော့တောင် တလိုတလားရှိသင့်တယ်။ သင့်ရဲ့ရန်သူတွေက စာတန်နဲ့ လောကစိတ်ဓာတ်လောက်ပဲ မဟုတ်ဘူးဆိုတာ သတိရပါ။ သင်ကိုယ်တိုင်ရဲ့မစုံလင်မှုနဲ့ စဉ်းလဲတဲ့နှလုံးကိုလည်း တိုက်ခိုက်ရမှာဖြစ်တယ်။ (ယေ. ၁၇:၉; ဧ. ၂:၃) ယေဟောဝါရဲ့အကူအညီနဲ့ ဒီတိုက်ပွဲကို သင်အောင်နိုင်ပါတယ်။ မှန်ရာကိုလုပ်ဖို့ သင်ရွေးချယ်တဲ့အခါတိုင်း အနည်းဆုံး ကောင်းကျိုးနှစ်ခုရတယ်။ ပထမတစ်ခုက သင်ဟာ ယေဟောဝါရဲ့စိတ်နှလုံးကို ရွှင်လန်းစေပါလိမ့်မယ်။ (သု. ၂၇:၁၁) ဒုတိယက “လွတ်လပ်ခြင်းနှင့်ဆိုင်သော ပြည့်ဝစုံလင်သည့်တရား” ကို နာခံခြင်းက သင့်ကောင်းကျိုးအတွက် ဖြစ်တယ်ဆိုတာ သိလာတဲ့အခါ ထာဝရအသက်လမ်းပေါ်မှာ ဆက်ရှိနေမယ်ဆိုတဲ့ သင့်ဆုံးဖြတ်ချက်က ပိုခိုင်မာလာမှာဖြစ်တယ်။ အနာဂတ်မှာလည်း မိမိအပေါ်သစ္စာရှိသူတွေကို ယေဟောဝါ ကတိပေးထားတဲ့ ပိုကြီးမြတ်တဲ့လွတ်လပ်မှုကို ရရှိမှာဖြစ်တယ်။—ယာ. ၁:၂၅; မ. ၇:၁၃၊ ၁၄

၁၇။ ကျွန်ုပ်တို့ အမှားတွေကျူးလွန်မိတဲ့အခါ ဘာကြောင့် စိတ်ဓာတ်မကျသင့်သလဲ။ ကျွန်ုပ်တို့ အမှားတစ်ခု လုပ်မိတဲ့အခါ ယေဟောဝါ ဘယ်လိုကူညီပေးသလဲ။

၁၇ ကျွန်ုပ်တို့အားလုံးက တစ်ခါတစ်ရံ အမှားလုပ်မိတတ်ကြတယ်ဆိုတာ မှန်ပါတယ်။ (ဒေ. ၇:၂၀) အဲဒီလိုဖြစ်တဲ့အခါ အဖတ်ဆယ်လို့မရတော့ဘူးလို့ မထင်လိုက်ပါနဲ့၊ စိတ်ဓာတ်မကျပါနဲ့။ သင် အမှားတစ်ခုလုပ်မိတယ်ဆိုရင် အကြီးအကဲတွေဆီကနေ အကူအညီတောင်းဖို့ လိုအပ်တယ်ဆိုရင်တောင် အဲဒီအမှားကိုပြန်ပြင်ဖို့ လိုအပ်ရာကို လုပ်ဆောင်ပါ။ အကြီးအကဲတွေရဲ့ “ယုံကြည်ခြင်းဖြင့်တောင်းသော ဆုတောင်းချက်သည် လူနာကို ကျန်းမာစေ၍ ယေဟောဝါဘုရားသည် သူ့ကို ထစေတော်မူလိမ့်မည်။ ထို့ပြင် သူသည် အပြစ်ပြုခဲ့လျှင် ခွင့်လွှတ်ခံရလိမ့်မည်” ဆိုပြီး ယာကုပ်ရေးခဲ့တယ်။ (ယာ. ၅:၁၅) ယေဟောဝါက တကယ့်ကိုသနားကြင်နာတတ်ပြီး သင့်ကို အသင်းတော်ထဲမှာ ရှိနေစေချင်တယ်၊ အကြောင်းကတော့ သင့်မှာရှိတဲ့ ကောင်းတဲ့တစ်စုံတစ်ရာကို ကိုယ်တော်တွေ့မြင်ခဲ့လို့ပဲ။ (ဆာလံ ၁၀၃:၈၊ ၉ ကိုဖတ်ပါ။) စုံလင်တဲ့စိတ်နှလုံးနဲ့ ကိုယ်တော့်ကိုအမှုဆောင်ဖို့ သင် ကြိုးစားနေသရွေ့ သင့်ကို ယေဟောဝါ အမြဲကူညီပေးပါလိမ့်မယ်။—၅ ရာ. ၂၈:၉

၁၈။ ယေဟောဝါရဲ့ကွယ်ကာမှုရဖို့ ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။

၁၈ ယေရှု မသေဆုံးခင်ညမှာ သူ့ရဲ့သစ္စာရှိတမန်တော် ၁၁ ဦးနဲ့အတူ ဆုတောင်းပြီး သူတို့ကိုကာကွယ်ပေးဖို့ ယေဟောဝါထံ အသနားခံခဲ့တယ်။ “ဆိုးညစ်သူ၏လက်မှ စောင့်ရှောက်တော်မူပါ” လို့ ပြောခဲ့တယ်။ (ယော. ၁၇:၁၅) ယေရှုက တမန်တော်တွေကို စောင့်ရှောက်ခဲ့သလိုပဲ မျက်မှောက်ခေတ် မိမိရဲ့နောက်လိုက်အားလုံးကိုလည်း ဂရုစိုက်စောင့်ရှောက်တယ်။ ဒါကြောင့် ဒီခက်ခဲကျပ်တည်းတဲ့ကာလမှာ ကျွန်ုပ်တို့ကို ကာကွယ်ပေးခြင်းအားဖြင့် ယေရှုရဲ့ဆုတောင်းချက်ကို ယေဟောဝါ ဖြေကြားပေးမယ်ဆိုတာ ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါတယ်။ သုတ္တံ ၂:၇၊ ၈ (ကဘ)က ယေဟောဝါဟာ မိမိအပေါ်သစ္စာရှိသူတွေအတွက် ဒိုင်းလွှားသဖွယ်ဖြစ်ပြီး “သူ့အပေါ်သစ္စာစောင့်သိသူတွေရဲ့လမ်းကို စောင့်ရှောက်ပေးလိမ့်မယ်” လို့ ပြောထားတယ်။ ယေဟောဝါရဲ့တောင်းဆိုချက်တွေကို နာခံလိုက်လျှောက်ရာမှာ အမြဲလွယ်ကူမှာတော့မဟုတ်ဘူး။ ဒါပေမဲ့ ယေဟောဝါကိုနာခံသူတွေသာလျှင် ထာဝရအသက်နဲ့အတူ စစ်မှန်တဲ့လွတ်လပ်မှုကို ရရှိမှာဖြစ်တယ်။ (ရော. ၈:၂၁) တခြားသူတွေက အဲဒီလိုမတွေးကြပေမဲ့ သူတို့တွေရဲ့ လှည့်စားမှုကို မခံပါနဲ့။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 5 ဘုရားသခင်က ဒါဝိဒ်ကို သူ့နောက်မှာတက်လာမယ့် မင်းဆက်အတွက် “အမျိုးအနွယ်” ဒါမှမဟုတ် သားတစ်ဦးပေးမယ်လို့ ကတိပေးတဲ့အချိန်မှာ အဗရှလုံကို မွေးပြီးနေပြီ။ ဒါကြောင့် ယေဟောဝါက သူ့ကို နောက်တက်မယ့်မင်းအဖြစ် မရွေးချယ်ဘူးဆိုတာ အဗရှလုံ သိသင့်တယ်။—၂ ရာ. ၃:၃; ၇:၁၂

^ အပိုဒ်၊ 14 သင် သင့်မိသားစုနဲ့အတူ ဆွေးနွေးသုံးသပ်နိုင်တဲ့၊ ကောင်းတဲ့ကျမ်းချက်နမူနာတွေက မေတ္တာအကြောင်း ပေါလုဖော်ပြခဲ့တဲ့ ၁ ကောရိန္သု ၁၃:၄-၈၊ ယေဟောဝါရဲ့ပညတ်တွေကို နာခံမယ်ဆိုရင် ရရှိနိုင်တဲ့ကောင်းချီးတွေအကြောင်း ဖော်ပြထားတဲ့ ဆာလံ ၁၉:၇-၁၁ တို့ဖြစ်တယ်။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

မျက်မှောက်ခေတ် အဗရှလုံတွေကို ကျွန်ုပ်တို့ ဘယ်လိုခွဲခြားသိရှိပြီး သူတို့တွေနဲ့ ဘယ်လို ကင်းကင်းရှင်းရှင်းနေနိုင်သလဲ