မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာတန်ရဲ့ထောင်ချောက်တွေကို သတိပြုပါ

စာတန်ရဲ့ထောင်ချောက်တွေကို သတိပြုပါ

စာတန်ရဲ့ထောင်ချောက်တွေကို သတိပြုပါ

‘စာတန်၏ထောင်ချောက်ထဲမှ’ ထွက်ပါ။—၂ တိ. ၂:၂၆

သင် ဘယ်လိုဖြေမလဲ

သင်က တခြားသူတွေကို အမြဲ အပြစ်ရှာဝေဖန်တတ်တယ်ဆိုရင် ဘာလုပ်သင့်သလဲ။

ဖိအားနဲ့ လူကိုကြောက်ရွံ့ခြင်းကို အလျှော့မပေးဖို့ ပိလတ်နဲ့ပေတရုဆီကနေ ဘာသင်ယူနိုင်သလဲ။

အရမ်းအပြစ်ကြီးတယ်ဆိုတဲ့ ခံစားချက်ကို ဘယ်လိုဖျောက်ဖျက်နိုင်သလဲ။

၁၊ ၂။ ဒီဆောင်းပါးမှာ စာတန်အသုံးပြုတဲ့ ဘယ်ထောင်ချောက်တွေအကြောင်း ဆွေးနွေးကြမလဲ။

စာတန်က ယေဟောဝါရဲ့ကျေးကျွန်တွေကို ထောင်ဖမ်းဖို့ ကြိုးစားနေတယ်။ သူ့ရဲ့ရည်ရွယ်ချက်က တောလိုက်မုဆိုးတွေလို သားကောင်ကို အသေဖမ်းဖို့မဟုတ်ဘူး။ အဲဒီအစား စာတန်ရဲ့အဓိကရည်ရွယ်ချက်က သားကောင်ကို အရှင်ဖမ်းပြီး သူ့စိတ်ကြိုက်လုပ်ဖို့ဖြစ်တယ်။—၂ တိမောသေ ၂:၂၄-၂၆ ကိုဖတ်ပါ။

မုဆိုးတစ်ယောက်က သားကောင်ကိုဖမ်းဖို့အတွက် ထောင်ချောက်တစ်မျိုးမျိုးကို သုံးနိုင်တယ်။ သားကောင်ကို ပုန်းအောင်းနေရာကနေ ထွက်လာအောင်လုပ်ပြီး ညွှတ်ကွင်းနဲ့ဖမ်းနိုင်တယ်။ ဒါမှမဟုတ် မမြင်နိုင်အောင်ဖုံးကွယ်ထားတဲ့ ထောင်ချောက်နဲ့ ဖမ်းနိုင်တယ်။ စာတန်က အဲဒါနဲ့ဆင်တူတဲ့ထောင်ချောက်တွေကိုသုံးပြီး ဘုရားသခင့်ကျေးကျွန်တွေကို အရှင်ဖမ်းတယ်။ ကျွန်ုပ်တို့က ထောင်ချောက်မှာ အမိမခံချင်ဘူးဆိုရင် နိုးနိုးကြားကြားရှိနေရမှာဖြစ်ပြီး စာတန်ရဲ့ထောင်ချောက်တွေရှိကြောင်း ဖော်ပြတဲ့ အမှတ်အသားတွေကို ဂရုပြုရမှာဖြစ်တယ်။ ဘုရားသခင့်လူမျိုးတွေကို ထောင်ဖမ်းရာမှာ စာတန်အသုံးပြုနေတဲ့ ထောင်ချောက်သုံးမျိုးအကြောင်းကို ဒီဆောင်းပါးမှာ ဆွေးနွေးမှာဖြစ်တယ်။ အဲဒါတွေကတော့ (၁) မစဉ်းစားမဆင်ခြင်ဘဲပြောတဲ့စကား၊ (၂) ကြောက်ရွံ့ခြင်းနဲ့ ဖိအား၊ (၃) အရမ်းအပြစ်ကြီးတယ်ဆိုတဲ့ခံစားချက် ဖြစ်တယ်။ နောက်ဆောင်းပါးမှာတော့ စာတန်အသုံးပြုတဲ့ နောက်ထပ်ထောင်ချောက်နှစ်မျိုးကို ဆွေးနွေးမှာဖြစ်တယ်။

မီးကိုငြိမ်းသတ်ခြင်း

၃၊ ၄။ ကျွန်ုပ်တို့ရဲ့လျှာကို မထိန်းချုပ်ဘူးဆိုရင် ဘာဖြစ်နိုင်သလဲ။ ဥပမာပေးပါ။

တောအုပ်ထဲပုန်းနေတဲ့သားကောင်တွေ အပြင်ထွက်လာအောင် မုဆိုးက သစ်ကိုင်းတွေကို မီးရှို့မယ်။ သားကောင်တွေပြေးထွက်လာတဲ့အခါ မုဆိုးက ဖမ်းမှာဖြစ်တယ်။ အဲဒီသဘောတရားအတိုင်းပဲ စာတန်က အသင်းတော်ကို ပုံဆောင်သဘောအရ မီးရှို့မှာဖြစ်တယ်။ ညီအစ်ကိုညီအစ်မတွေ အသင်းတော်အပြင်ဘက်ကို ပြေးထွက်လာတဲ့အခါ စာတန်က သူတို့ကိုဖမ်းမှာဖြစ်တယ်။ ကျွန်ုပ်တို့က ဘယ်လိုနည်းနဲ့ စာတန်ကို အမှတ်တမဲ့ကူညီပေးရာရောက်ပြီး သူ့ထောင်ချောက်ထဲ ကျသွားနိုင်သလဲ။

တပည့်တော်ယာကုပ်က လျှာကို မီးနဲ့ နှိုင်းထားတယ်။ (ယာကုပ် ၃:၆-၈ ကိုဖတ်ပါ။) ကျွန်ုပ်တို့ရဲ့လျှာကို မထိန်းချုပ်ဘူးဆိုရင်၊ ဆိုလိုတာက စကားကို မဆင်မခြင်ပြောတယ်ဆိုရင် ပုံဆောင်သဘောအရ အသင်းတော်ကို မီးရှို့မိနိုင်တယ်။ ဘယ်လိုလုပ်ပြီး အဲဒီလိုဖြစ်သွားနိုင်သလဲ။ ဒီအဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ– အသင်းတော်အစည်းအဝေးတစ်ခုမှာ ညီအစ်မတစ်ယောက်ကို မှန်မှန်ရှေ့ဆောင်အဖြစ် ခန့်အပ်လိုက်ပြီလို့ ကြေညာတယ်။ အစည်းအဝေးပြီးသွားတဲ့အခါ ကြေညာသူညီအစ်မနှစ်ယောက်က ဒီကြေညာချက်အကြောင်း ပြောဆိုကြတယ်။ တစ်ယောက်ကတော့ ဝမ်းသာကြောင်းနဲ့ ရှေ့ဆောင်လုပ်ငန်းမှာ အဲဒီညီအစ်မ အောင်မြင်ဖို့ မျှော်လင့်ကြောင်း ပြောတယ်။ နောက်တစ်ယောက်ကတော့ ဒီရှေ့ဆောင်ညီအစ်မရဲ့စိတ်ရင်းကို သံသယဝင်ပြီး သူက အသင်းတော်မှာ ထင်ပေါ်ချင်လို့ပါဆိုပြီး ပြောတယ်။ ဒီကြေညာသူနှစ်ယောက်ထဲက ဘယ်သူ့ကို သင်မိတ်ဆွေဖွဲ့ချင်သလဲ။ အသင်းတော်ကို စကားအပြောအဆိုနဲ့ မီးရှို့မိနိုင်တာက ဘယ်သူလဲဆိုတာကို အလွယ်တကူသိမြင်နိုင်ပါတယ်။

၅။ မဆင်မခြင်ပြောဆိုခြင်းမီးကို ကျွန်ုပ်တို့ ငြိမ်းသတ်ချင်တယ်ဆိုရင် ဘာလုပ်သင့်သလဲ။

မဆင်မခြင်ပြောဆိုခြင်းမီးကို ကျွန်ုပ်တို့ ဘယ်လိုငြိမ်းသတ်နိုင်သလဲ။ ယေရှုက “စိတ်နှလုံးအပြည့်ရှိသည့်အတိုင်း နှုတ်မြွတ်တတ်၏” လို့ပြောခဲ့တယ်။ (မ. ၁၂:၃၄) ပထမအဆင့်ကတော့ ကျွန်ုပ်တို့ရဲ့နှလုံး ဒါမှမဟုတ် ခံစားချက်အမှန်ကို ဆန်းစစ်ခြင်းဖြစ်တယ်။ တခြားသူတွေကို ထိခိုက်နစ်နာအောင် ပြောဆိုမိစေနိုင်တဲ့ ခံစားချက်တွေမရှိအောင် လုပ်သင့်တယ်။ ဥပမာ၊ ညီအစ်ကိုတစ်ယောက်ယောက် လုပ်ငန်းတော်အခွင့်ထူးတစ်ခုရဖို့ ကြိုးစားတက်လှမ်းနေတာကို ကျွန်ုပ်တို့ကြားတဲ့အခါ ယေဟောဝါရဲ့စိတ် ရွှင်လန်းစေဖို့ သူလုပ်ဆောင်တယ်လို့ ယူဆသလား၊ ဒါမှမဟုတ် သူ့ကိုယ်ကျိုးအတွက်လုပ်တယ်လို့ သံသယဝင်သလား။ ညီအစ်ကိုတွေက ကိုယ်ကျိုးအတွက် ဘုရားသခင့်အမှုဆောင်နေတယ်လို့ ကျွန်ုပ်တို့ ယူဆတယ်ဆိုရင် သစ္စာရှိသူ ယောဘရဲ့စိတ်ရင်းကို စာတန် သံသယဝင်ခဲ့တယ်ဆိုတာ သတိရပါ။ (ယောဘ ၁:၉-၁၁) ကျွန်ုပ်တို့ရဲ့ညီအစ်ကိုတွေကို သံသယဝင်မယ့်အစား ကျွန်ုပ်တို့ဘာကြောင့် သူတို့အပေါ် မကောင်းမြင်တာလဲ ဆိုတာကို ဆန်းစစ်သင့်တယ်။ တကယ်ပဲ အဲဒီလိုမြင်ဖို့ သင့်တော်တဲ့ အကြောင်းပြချက်ရှိသလား။ ဒါမှမဟုတ် ဒီနောက်ဆုံးကာလမှာပျံ့နှံ့နေတဲ့ မေတ္တာမဲ့တဲ့စိတ်ထားမျိုး ကျွန်ုပ်တို့ရဲ့နှလုံးမှာ လွှမ်းမိုးနေပြီလား။—၂ တိ. ၃:၁-၄

၆၊ ၇။ (က) တခြားသူတွေကို အပြစ်ရှာဝေဖန်မိစေနိုင်တဲ့ အကြောင်းရင်းတချို့က ဘာလဲ။ (ခ) ကျွန်ုပ်တို့ကိုယ်တိုင် ကဲ့ရဲ့ရှုတ်ချခံရတဲ့အခါ ဘယ်လိုတုံ့ပြန်သင့်သလဲ။

တခြားသူတွေကို အပြစ်မြင်မိစေနိုင်တဲ့ တခြားအကြောင်းရင်းတွေကို သုံးသပ်ကြည့်ပါ။ အကြောင်းရင်းတစ်ခုက တခြားသူတွေရဲ့အောင်မြင်မှုထက် ကျွန်ုပ်တို့ရဲ့အောင်မြင်မှုကို ပိုမြင်သာစေချင်လို့ ဖြစ်နိုင်တယ်။ တခြားသူတွေကို အပြစ်ရှာဝေဖန်ခြင်းအားဖြင့် ကျွန်ုပ်တို့က တခြားသူအားလုံးထက် ပိုသာတယ်ဆိုတာပြဖို့ ဒါမှမဟုတ် လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တစ်ခုခုကို ကျွန်ုပ်တို့မလုပ်မိလို့ ဆင်ခြေပေးဖို့ ကြိုးစားနေတာဖြစ်နိုင်တယ်။ မာန်မာန၊ မနာလိုမှုနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှုမရှိခြင်း စတဲ့အချက်တွေကြောင့်လည်း မစဉ်းစားမဆင်ခြင်ဘဲ ပြောဆိုတာဖြစ်နိုင်တယ်၊ ဘာကြောင့်ပဲဖြစ်ပါစေ အဲဒါက အကြီးအကျယ် ထိခိုက်ပျက်စီးစေနိုင်တယ်။

တစ်ယောက်ယောက်ကို အပြစ်ရှာဝေဖန်ဖို့ အကြောင်းခိုင်လုံတယ်လို့ ကျွန်ုပ်တို့ ယူဆမိနိုင်တယ်။ ကျွန်ုပ်တို့ကိုယ်တိုင် အဲဒီလူရဲ့ မဆင်မခြင် ပြောဆိုဝေဖန်တာကို ခံရဖူးတာ ဖြစ်နိုင်တယ်။ အဲဒီလိုဖြစ်တယ်ဆိုရင် ကျွန်ုပ်တို့ ခံရဖူးတဲ့အတိုင်း တခြားသူကို ပြန်တုံ့ပြန်တာက နည်းလမ်းမှန်မဟုတ်ဘူး။ အဲဒီလိုတုံ့ပြန်တာက အခြေအနေကို ပိုဆိုးစေတယ်။ အဲဒါက ဘုရားသခင့်အလိုတော်မဟုတ်ဘဲ စာတန့်အကြိုက်ဖြစ်တယ်။ (၂ တိ. ၂:၂၆) ကျွန်ုပ်တို့က ယေရှုကို တုပသင့်တယ်။ ယေရှုက ကဲ့ရဲ့ရှုတ်ချခံရတဲ့အခါ “ပြန်ကဲ့ရဲ့ရှုတ်ချ” တာမျိုးမလုပ်ဘူး။ အဲဒီအစား “ဖြောင့်မတ်စွာ တရားစီရင်တော်မူသောအရှင်ထံ မိမိကိုယ်ကို အပ်နှံ” ခဲ့တယ်။ (၁ ပေ. ၂:၂၁-၂၃) အချိန်ကျတဲ့အခါ ယေဟောဝါက ကိစ္စရပ်တွေကို မိမိရဲ့နည်းလမ်းနဲ့အညီ ဖြေရှင်းပေးမယ်ဆိုတာကို ယေရှု အကြွင်းမဲ့ယုံကြည်စိတ်ချခဲ့တယ်။ ကျွန်ုပ်တို့လည်း အဲဒီလို ယုံကြည်စိတ်ချမှုမျိုး ရှိသင့်တယ်။ ကျွန်ုပ်တို့က စကားကို ထောက်ထား ကြင်နာစွာပြောတဲ့အခါ အသင်းတော်ရဲ့ ငြိမ်သက်မှုနဲ့စည်းလုံးမှုကို ကူညီထိန်းသိမ်းပေးရာရောက်တယ်။—ဧဖက် ၄:၁-၃ ကိုဖတ်ပါ။

ကြောက်ရွံ့ခြင်းနဲ့ ဖိအားဆိုတဲ့ ကျော့ကွင်းကိုရှောင်ခြင်း

၈၊ ၉။ ပိလတ်က ယေရှုကို ဘာကြောင့် သေဒဏ်ပေးခဲ့သလဲ။

ထောင်ချောက်မှာမိနေတဲ့ တိရစ္ဆာန်တစ်ကောင်က လွတ်လွတ်လပ်လပ် လှုပ်ရှားလို့မရဘူး။ အဲဒီလိုပဲ လူတစ်ယောက်က ကြောက်ရွံ့ပြီး ဖိအားတွေကို မတွန်းလှန်နိုင်တော့ဘူးဆိုရင် ကိုယ့်ဘဝကို ကိုယ်တိုင် မထိန်းချုပ်နိုင်တော့ဘူး။ (သု. ၂၉:၂၅ ကိုဖတ်ပါ။) လူကိုကြောက်ရွံ့ပြီး ဖိအားကို အလျှော့ပေးခဲ့တဲ့ လူနှစ်ယောက်ဆီကနေ သင်ယူနိုင်ဖို့ သူတို့အကြောင်း သုံးသပ်ကြည့်ကြစို့။

ရောမဘုရင်ခံ ပုန္တိပိလတ်က ယေရှုမှာ အပြစ်မရှိဘူးဆိုတာသိတယ်၊ ဒါကြောင့် သူ့ကို ဒုက္ခမပေးချင်ဘူး။ ယေရှုမှာ “သေထိုက်တဲ့ပြစ်မှုတစ်ခု” မှမတွေ့ဘူးလို့တောင် ပိလတ်ပြောခဲ့တယ်။ ဒါပေမဲ့ ပိလတ်က ယေရှုကို သေဒဏ်ပေးခဲ့တယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ ပိလတ်က လူအုပ်ရဲ့ဖိအားကို မလွန်ဆန်နိုင်လို့ပဲ။ (လု. ၂၃:၁၅၊ ၂၁-၂၅) “ထိုသူကိုလွှတ်လျှင် မင်းကြီးသည် ကဲသာ၏အဆွေမဟုတ်” လို့ လူအုပ်ကြီးက အော်ဟစ်ကြလို့ ကဲသာက သူတို့ဆန္ဒအတိုင်း လိုက်လျောခဲ့ရတယ်။ (ယော. ၁၉:၁၂) အကယ်၍ ခရစ်တော်ကိုလွှတ်ပေးလိုက်ရင် သူ့ရဲ့ရာထူး ဆုံးရှုံးသွားမှာ၊ အသက်အန္တရာယ်ကျရောက်မှာကို ပိလတ် စိုးရိမ်ကြောက်ရွံ့ခဲ့မှာပဲ။ ဒါကြောင့် ပိလတ်က ဖိအားကို မလွန်ဆန်နိုင်ဘဲ စာတန့်အလိုကျလုပ်ဆောင်ခဲ့တယ်။

၁၀။ ယေရှုကို မသိဘူးလို့ ပေတရု ဘာကြောင့် ပြောခဲ့တာလဲ။

၁၀ တမန်တော်ပေတရုက ယေရှုရဲ့ အရင်းနှီးဆုံးမိတ်ဆွေတစ်ယောက်ဖြစ်တယ်။ သူက ယေရှုဟာ မေရှိယဖြစ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့တယ်။ (မ. ၁၆:၁၆) ယေရှုပြောတဲ့စကားရဲ့အဓိပ္ပာယ်ကို နားမလည်တဲ့အခါ တခြားတပည့်တွေက ယေရှုကို စွန့်ခွာသွားကြပေမဲ့ ပေတရုက ဆက်သစ္စာရှိခဲ့တယ်။ (ယော. ၆:၆၆-၆၉) ယေရှုရဲ့ရန်သူတွေ ယေရှုကိုဖမ်းဖို့ ရောက်လာတဲ့အခါ ပေတရုက ဓားကိုဆွဲထုတ်ပြီး သူ့သခင်ကို ကာကွယ်ခဲ့တယ်။ (ယော. ၁၈:၁၀၊ ၁၁) ဒါပေမဲ့ နောက်ပိုင်းမှာ ပေတရုက လူကိုကြောက်ပြီး ယေရှုခရစ်ကို မသိဘူးလို့တောင် ငြင်းဆိုခဲ့တယ်။ တမန်တော်က အချိန်တိုတစ်ခုအတွင်းမှာ လူကိုကြောက်ရွံ့တဲ့ ထောင်ချောက်မှာ ကျော့မိသွားပြီး မှန်ရာကိုလုပ်ရဲတဲ့ ရဲစွမ်းသတ္တိ ပျောက်ဆုံးခဲ့တယ်။—မ. ၂၆:၇၄၊ ၇၅

၁၁။ ဘယ်ဖိအားတွေကို ကျွန်ုပ်တို့ တိုက်လှန်ရနိုင်သလဲ။

၁၁ ဘုရားသခင်မကြိုက်တာတွေကို လုပ်မိစေနိုင်တဲ့ ဖိအားတွေကို ခရစ်ယာန်တွေ တိုက်လှန်ရမှာဖြစ်တယ်။ အလုပ်ရှင်တွေ ဒါမှမဟုတ် တခြားသူတွေက ကျွန်ုပ်တို့ကို မရိုးမသားလုပ်ဖို့ ဒါမှမဟုတ် လိင်အကျင့်ယိုယွင်းဖို့ အတင်းအကျပ်ဖိအားပေးနိုင်တယ်။ ကျောင်းသားတွေကတော့ စာမေးပွဲမှာ စာခိုးချဖို့၊ ညစ်ညမ်းရုပ်ပုံတွေကြည့်ဖို့၊ ဆေးလိပ်သောက်ဖို့၊ မူးယစ်ဆေးဝါးသုံးစွဲဖို့၊ အရက်သောက်ဖို့ ဒါမှမဟုတ် လိင်အကျင့်ယိုယွင်းဖို့ ဖိအားပေးခံရနိုင်တယ်။ လူကိုကြောက်ရွံ့ခြင်းနဲ့ ယေဟောဝါမနှစ်သက်တာတွေကို လုပ်မိစေနိုင်တဲ့ ဖိအားတွေက ကျွန်ုပ်တို့အတွက် ထောင်ချောက်လိုဖြစ်နေတယ်။ ဒီထောင်ချောက်တွေကိုရှောင်ဖို့ ကျွန်ုပ်တို့ကို ဘာက ကူညီပေးနိုင်သလဲ။

၁၂။ ပိလတ်နဲ့ ပေတရုဆီကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

၁၂ ပိလတ်နဲ့ ယေရှုဆီကနေ ကျွန်ုပ်တို့ ဘယ်သင်ခန်းစာတွေ သင်ယူနိုင်တယ်ဆိုတာ လေ့လာကြည့်ကြစို့။ ပိလတ်က ခရစ်တော်အကြောင်း သိပ်မသိဘူး။ ဒါပေမဲ့ ယေရှုမှာအပြစ်မရှိဘူး၊ ယေရှုက သာမန်လူသားတစ်ဦးမဟုတ်ဘူးဆိုတာကိုတော့ သူသိထားတယ်။ ပိလတ်မှာ နှိမ့်ချမှုနဲ့ စစ်မှန်တဲ့ဘုရားသခင်ကိုချစ်တဲ့မေတ္တာ မရှိဘူး။ စာတန်က သူ့ကို အလွယ်တကူပဲ အရှင်ဖမ်းမိခဲ့တယ်။ ပေတရုမှာတော့ တိကျမှန်ကန်တဲ့အသိပညာနဲ့ ဘုရားသခင်ကို ချစ်တဲ့မေတ္တာရှိတယ်။ ဒါပေမဲ့ ပေတရုဟာ ကျိုးနွံမှုမရှိဘဲ လူကိုကြောက်ပြီး ဖိအားကို မလွန်ဆန်နိုင်တဲ့အချိန်တွေ ရှိခဲ့တယ်။ ယေရှု အဖမ်းမခံရခင်လေးမှာ ပေတရုက ကိုယ်ရည်သွေးပြီး “အခြားလူအပေါင်းတို့သည် ကိုယ်တော်ကို စွန့်ကြမည်ဖြစ်သော်လည်း ကျွန်ုပ်စွန့်မည်မဟုတ်ပါ” လို့ ပြောခဲ့တယ်။ (မာ. ၁၄:၂၉) အကယ်၍ ပေတရုသာ ဆာလံဆရာလို ဘုရားသခင်ကို အကြွင်းမဲ့ယုံကြည်စိတ်ချခဲ့မယ်ဆိုရင် ရှေ့မှာရင်ဆိုင်ရမယ့် စမ်းသပ်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားမှာဖြစ်တယ်။ ဆာလံဆရာက “ငါ့ဘက်မှာ ယေဟောဝါရှိတဲ့အတွက် ငါ ဘာမှမကြောက်ဘူး။ မြေကြီးသားက ငါ့ကို ဘာလုပ်နိုင်မှာလဲ” လို့ပြောခဲ့တယ်။ (ဆာ. ၁၁၈:၆ကဘ) မိမိရဲ့ မြေကြီးအသက်တာ နောက်ဆုံးညမှာ ယေရှုက ပေတရုနဲ့ တခြားတမန်တော်နှစ်ယောက်ကို ဂေသရှေမန်ဥယျာဉ်ထဲ ခေါ်သွားခဲ့တယ်။ ဒါပေမဲ့ ပေတရုနဲ့ သူ့အဖော်တွေက နိုးနိုးကြားကြား ရှိနေမယ့်အစား အိပ်ပျော်နေကြတယ်။ ယေရှုက သူတို့ကို နိုးလိုက်ပြီး “သင်တို့သည် သွေးဆောင်ခြင်းမခံရရန် ဆုတောင်းလျက်စောင့်နေကြလော့” လို့ပြောခဲ့တယ်။ (မာ. ၁၄:၃၈) ဒါပေမဲ့ ပေတရုက နောက်တစ်ခါ ပြန်အိပ်ပျော်သွားတယ်၊ နောက်ပိုင်းလူကိုကြောက်ရွံ့ပြီး ဖိအားကို အလျှော့ပေးလိုက်လျောခဲ့တယ်။

၁၃။ အမှားတစ်ခုခုလုပ်ဖို့ ဖိအားပေးခံရတဲ့အခါ ကျွန်ုပ်တို့ ဘာလုပ်နိုင်သလဲ။

၁၃ ပိလတ်နဲ့ ပေတရုရဲ့ နမူနာက ကျွန်ုပ်တို့ကို အရေးကြီးတဲ့ နောက်ထပ်သင်ခန်းစာတစ်ခု သင်ပေးတယ်– ဖိအား ဒါမှမဟုတ် လူကိုကြောက်ရွံ့ခြင်းကို တိုက်လှန်နိုင်ဖို့အတွက် ကျွန်ုပ်တို့မှာ အသိပညာ၊ နှိမ့်ချမှု၊ ကျိုးနွံမှု၊ ဘုရားသခင်ကိုချစ်တဲ့မေတ္တာနဲ့ ယေဟောဝါကိုကြောက်ရွံ့ခြင်း ရှိဖို့လိုတယ်။ ကျွန်ုပ်တို့မှာ တိကျမှန်ကန်တဲ့အသိပညာအပေါ် အခြေခံတဲ့ ယုံကြည်ခြင်းရှိမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်အကြောင်း သတ္တိရှိရှိ ပြောဆိုနိုင်မှာဖြစ်တယ်။ ဒါက ဖိအားတွေကို တိုက်လှန်စေနိုင်ပြီး လူကိုကြောက်ရွံ့ခြင်းကို အောင်မြင်စေနိုင်တယ်။ ကိုယ့်ရဲ့ခွန်အားကို အလွန်အမင်း အားမကိုးမိဖို့ဖြစ်တယ်။ အဲဒီအစား ဖိအားတွေကို တိုက်လှန်ဖို့အတွက် ဘုရားသခင်ရဲ့တန်ခိုးလိုတယ်ဆိုတာကို ကျွန်ုပ်တို့ နှိမ့်ချစွာ အသိအမှတ်ပြုသင့်တယ်။ ယေဟောဝါရဲ့ သန့်ရှင်းသောစွမ်းအားတော်ရဖို့ ဆုတောင်းရမယ်။ ဘုရားသခင်ကိုချစ်တဲ့မေတ္တာက ကိုယ်တော့်စံနှုန်းတွေအတိုင်း နေထိုင်ဖို့နဲ့ ကိုယ်တော့်နာမတော်ကို ထိခိုက်စေတဲ့အရာတွေကို ရှောင်ဖို့ လှုံ့ဆော်ပေးသင့်တယ်။ ဒါ့အပြင် စမ်းသပ်မှုမကြုံတွေ့ရခင်မှာ ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။ ဥပမာ၊ ကျွန်ုပ်တို့ရဲ့ကလေးတွေနဲ့အတူ ဆုတောင်းပြီး ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်၊ ဒါမှ သူတို့ရဲ့ရွယ်တူချင်းတွေက အမှားတစ်ခုခုလုပ်ဖို့ သွေးဆောင်တဲ့အခါ ဘာလုပ်ရမယ်ဆိုတာ သူတို့ သိမှာဖြစ်တယ်။—၂ ကော. ၁၃:၇ *

အရမ်းအပြစ်ကြီးတယ်ဆိုတဲ့ခံစားချက်ကို ဖျောက်ဖျက်ပါ

၁၄။ အရင်က ကျွန်ုပ်တို့ကျူးလွန်ခဲ့တဲ့အပြစ်တွေနဲ့ပတ်သက်ပြီး စာတန်က ကျွန်ုပ်တို့ကို ဘယ်လိုခံစားစေချင်သလဲ။

၁၄ တစ်ခါတလေ ထောင်ချောက်က သားကောင်တွေသွားတဲ့လမ်းရဲ့ အထက်မှာ ချိတ်ဆွဲထားတဲ့ လေးလံတဲ့သစ်တုံးကြီး ဒါမှမဟုတ် ကျောက်တုံးကြီးတစ်တုံး ဖြစ်နိုင်တယ်။ ထောင်ချောက်ကို ချည်ထားတဲ့ကြိုးစကို လမ်းမှာချထားတယ်၊ သားကောင်က ကြိုးစကို ထိမိတယ်ဆိုရင် သစ်တုံးကြီး ဒါမှမဟုတ် ကျောက်တုံးကြီးက သားကောင်အပေါ် ပြုတ်ကျလာတယ်။ ကျွန်ုပ်တို့က အရမ်းအပြစ်ကြီးတယ်ဆိုတဲ့ ခံစားချက်ရှိမယ်ဆိုရင် သစ်တုံးကြီး ဒါမှမဟုတ် ကျောက်တုံးကြီးက ကျွန်ုပ်တို့အပေါ် ပိနေသလိုမျိုး ခံစားရနိုင်တယ်။ အရင်က ကျွန်ုပ်တို့ လုပ်ခဲ့တဲ့အပြစ်တစ်ခုအကြောင်း စဉ်းစားလိုက်တဲ့အခါ “စိစိညက်ညက် ကျိုးပဲ့ကြေမွနေပြီ” လို့ခံစားရနိုင်တယ်။ (ဆာလံ ၃၈:၃-၅၊ ကိုဖတ်ပါ။ *) ကျွန်ုပ်တို့မှာ အပြစ်သိပ်များလွန်းလို့ ယေဟောဝါရဲ့ကရုဏာမခံစားထိုက်တော့ဘူး၊ ကျွန်ုပ်တို့က ဘုရားသခင့်စံနှုန်းတွေအတိုင်း လိုက်လျှောက်ဖို့ မတတ်နိုင်ဘူးလို့ စာတန်က ခံစားစေချင်တယ်။

၁၅၊ ၁၆။ အရမ်းအပြစ်ကြီးတယ်ဆိုတဲ့ ခံစားချက်ကို ကျွန်ုပ်တို့ ဘယ်လိုဖျောက်ဖျက်နိုင်သလဲ။

၁၅ ကျွန်ုပ်တို့ကို ထိခိုက်ကြေမွစေတဲ့ ဒီထောင်ချောက်ကို ကျွန်ုပ်တို့ ဘယ်လိုရှောင်နိုင်သလဲ။ ကြီးလေးတဲ့အမှားတစ်ခုကို သင်လုပ်ခဲ့တယ်ဆိုရင် သင်က ဘုရားသခင်နဲ့ သင့်ဆက်ဆံရေး ပြန်ကောင်းအောင် အခုချက်ချင်း လုပ်ရမှာဖြစ်တယ်။ အကြီးအကဲတွေဆီသွားပြီး အကူအညီတောင်းပါ။ (ယာ. ၅:၁၄-၁၆) အမှားကိုပြုပြင်ဖို့ သင်လုပ်နိုင်တာမှန်သမျှ လုပ်ပါ။ (၂ ကော. ၇:၁၁) ဆုံးမခံရတယ်ဆိုရင် စိတ်ဓာတ်မကျပါနဲ့။ ဆုံးမတယ်ဆိုတာက ယေဟောဝါ သင့်ကိုချစ်ကြောင်း ဖော်ပြတဲ့နည်းတစ်နည်းဖြစ်တယ်။ (ဟေဗြဲ ၁၂:၆) နောက်တစ်ခါ အမှားထပ်မလုပ်မိစေဖို့ စိတ်ပိုင်းဖြတ်ပြီး သင် စိတ်ပိုင်းဖြတ်ထားတဲ့အတိုင်း လုပ်ဆောင်ပါ။ သင် နောင်တရပြီး အမှားကိုပြုပြင်ပြီးပြီဆိုရင် ယေရှုခရစ်ရဲ့ ရွေးနုတ်ဖိုးပူဇော်သကာကြောင့် သင်ခွင့်လွှတ်ခံရပြီဆိုတာ ယုံကြည်စိတ်ချပါ။—၁ ယော. ၄:၉၊ ၁၄

၁၆ တချို့လူတွေက ခွင့်လွှတ်ခံရပြီးဖြစ်တဲ့ သူတို့ရဲ့အမှားတွေကြောင့် အပြစ်ရှိတယ်လို့ ဆက်ခံစားနေရတုန်းပဲ။ သင်လည်း အဲဒီလိုဖြစ်နေတယ်ဆိုရင် ယေရှု အကူအညီအလိုအပ်ဆုံးအချိန်မှာ ယေရှုအနားကနေ ထွက်ပြေးခဲ့ကြတဲ့ ပေတရုနဲ့ တခြားတမန်တော်တွေကို ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာကို သတိရပါ။ စက်ဆုပ်ရွံရှာစရာကောင်းတဲ့ လိင်အကျင့်ယိုယွင်းမှုကို ကျူးလွန်ခဲ့လို့ အသင်းတော်ကနေ နှင်ထုတ်ခံရသူတစ်ယောက်က နောက်ပိုင်းမှာ နောင်တရတဲ့အတွက် ယေဟောဝါ သူ့ကို ခွင့်လွှတ်ခဲ့တယ်။ (၁ ကော. ၅:၁-၅; ၂ ကော. ၂:၆-၈) တကယ်ကြီးလေးတဲ့အပြစ်တွေကို ကျူးလွန်ခဲ့ပေမဲ့ နောင်တရလို့ ဘုရားသခင့်ခွင့်လွှတ်မှု ခံခဲ့ရသူတွေအကြောင်း သမ္မာကျမ်းစာမှာ ကျွန်ုပ်တို့ဖတ်ရတယ်။—၆ ရာ. ၃၃:၂၊ ၁၀-၁၃; ၁ ကော. ၆:၉-၁၁

၁၇။ ရွေးနုတ်ဖိုးက ကျွန်ုပ်တို့ကို ဘာလုပ်ပေးနိုင်သလဲ။

၁၇ သင်က သင်လုပ်ခဲ့တဲ့အပြစ်တွေအတွက် တကယ်နောင်တရပြီး ယေဟောဝါ သင့်ကို ကရုဏာပြမယ်လို့ ယုံကြည်တယ်ဆိုရင် ကိုယ်တော် သင့်ကို ခွင့်လွှတ်မှာဖြစ်တယ်။ ယေရှုရဲ့ ရွေးနုတ်ဖိုးပူဇော်သကာက သင့်အပြစ်ကို မဖုံးအုပ်နိုင်ဘူးလို့ ဘယ်တော့မှ မယူဆပါနဲ့။ သင် အဲဒီလိုယူဆတယ်ဆိုရင် စာတန့်ထောင်ချောက်မှာမိနေတဲ့ သားကောင်ဖြစ်နေပြီ။ ရွေးနုတ်ဖိုးက အပြစ်အားလုံးကို ခွင့်လွှတ်ဖို့ မလုံလောက်ဘူးလို့ စာတန် သင့်ကို ယုံကြည်စေချင်တယ်။ ဒါပေမဲ့ အပြစ်ကျူးလွန်သူတွေက နောင်တရတယ်ဆိုရင် သူတို့ရဲ့အပြစ်တွေ လုံးလုံးခွင့်လွှတ်ခံရနိုင်ပါတယ်။ (သု. ၂၄:၁၆) ရွေးနုတ်ဖိုးကိုယုံကြည်ခြင်းက အရမ်းအပြစ်ကြီးတယ်ဆိုတဲ့ခံစားချက် မရှိတော့အောင် ကူညီပေးနိုင်ပြီး စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှနဲ့ ဘုရားသခင်ကိုဝတ်ပြုဖို့ သင့်ကို ခွန်အားပေးနိုင်ပါတယ်။—မ. ၂၂:၃၇

စာတန့်ထောင်ချောက်တွေကို ကျွန်ုပ်တို့သိကြ

၁၈။ စာတန်ရဲ့ထောင်ချောက်တွေကို ကျွန်ုပ်တို့ ဘယ်လိုရှောင်နိုင်သလဲ။

၁၈ စာတန်က ကျွန်ုပ်တို့ကိုဖမ်းဖို့အတွက် ဘယ်ထောင်ချောက်မျိုးကိုမဆို အသုံးပြုမှာဖြစ်တယ်။ သူဖြစ်ချင်တာက ကျွန်ုပ်တို့ကို ဖမ်းပြီး သူလုပ်ချင်သလို လုပ်ဖို့ဖြစ်တယ်။ ကျွန်ုပ်တို့က စာတန်ရဲ့ထောင်ချောက်တွေကို သိထားတဲ့အတွက် အဖမ်းမခံရအောင် ရှောင်နိုင်ကြတယ်။ (၂ ကော. ၂:၁၀၊ ၁၁) စမ်းသပ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ဉာဏ်ပညာတောင်းခံမယ်ဆိုရင် စာတန်ရဲ့ထောင်ချောက်ထဲ ကျမှာမဟုတ်ဘူး။ တပည့်ဖြစ်သူယာကုပ် ဒီလိုရေးခဲ့တယ်– “သင်တို့တွင် တစ်ဦးတစ်ယောက်သည် ဉာဏ်ပညာလိုနေလျှင် ဘုရားသခင်ကို ဆက်၍တောင်းလျှောက်ပါစေ။ ကိုယ်တော်သည် လူအပေါင်းကို ကဲ့ရဲ့ခြင်းမရှိဘဲ ရက်ရောစွာပေးကမ်းတော်မူသောကြောင့် တောင်းလျှင်ရလိမ့်မည်။” (ယာ. ၁:၅) ကျွန်ုပ်တို့က ကိုယ်ပိုင်ကျမ်းစာလေ့လာမှု မှန်မှန်လုပ်ပြီး ကျမ်းစာမူတွေနဲ့အညီ အသက်ရှင်ခြင်းအားဖြင့် ဆုတောင်းချက်နဲ့အညီ လုပ်ဆောင်ရမှာဖြစ်တယ်။ သစ္စာနဲ့သတိပညာရှိကျွန် ပြင်ဆင်ပေးတဲ့ စာပေတွေက စာတန်ချထားတဲ့ထောင်ချောက်တွေကို သိမြင်စေပြီး အဲဒီထောင်ချောက်တွေကို ရှောင်နိုင်ဖို့ ကူညီပေးတယ်။

၁၉၊ ၂၀။ ကျွန်ုပ်တို့က ဘာကြောင့် မကောင်းမှုကို မုန်းသင့်သလဲ။

၁၉ ဆုတောင်းခြင်းနဲ့ ကျမ်းစာလေ့လာခြင်းက ကောင်းတာကိုချစ်ဖို့ ကူညီပေးတယ်။ အဲဒါနဲ့ ထပ်တူထပ်မျှအရေးကြီးတာက မကောင်းတာကိုမုန်းဖို့ဖြစ်တယ်။ (ဆာ. ၉၇:၁၀) တစ်ကိုယ်ကောင်းဆန်တဲ့ အလိုဆန္ဒအတိုင်း လုပ်ဆောင်ခြင်းရဲ့ ဆိုးကျိုးတွေကို စဉ်းစားခြင်းက အဲဒီဆန္ဒမရှိတော့အောင် ကူညီပေးနိုင်တယ်။ (ယာ. ၁:၁၄၊ ၁၅) ကောင်းတာကိုချစ်ပြီး မကောင်းတာကိုမုန်းတတ်အောင် သင်ယူဖို့လိုတယ်။ ဒါမှသာလျှင် ကျွန်ုပ်တို့ကိုထောင်ဖမ်းဖို့ စာတန် အသုံးပြုတဲ့အရာတွေကို ကျွန်ုပ်တို့ မုန်းမှာဖြစ်တယ်၊ အဲဒီလိုဆိုရင် သူ့ထောင်ချောက်ထဲ ကျမှာမဟုတ်တော့ဘူး။

၂၀ စာတန်ရဲ့ထောင်ချောက်ထဲမကျအောင် ကျွန်ုပ်တို့ကို ဘုရားသခင်ကူညီပေးတဲ့အတွက် တကယ်ကျေးဇူးတင်ဖို့ကောင်းပါတယ်။ ယေဟောဝါက မိမိရဲ့စွမ်းအားတော်၊ သမ္မာကျမ်းစာနဲ့ အဖွဲ့အစည်းကိုသုံးပြီး ကျွန်ုပ်တို့ကို “ဆိုးညစ်သူ၏လက်မှ” ကယ်နုတ်တယ်။ (မ. ၆:၁၃) နောက်ဆောင်းပါးမှာ ဘုရားသခင့်ကျေးကျွန်တွေကို ထောင်ဖမ်းဖို့ စာတန်အသုံးပြုတဲ့ နောက်ထပ် ထောင်ချောက်နှစ်ခုအကြောင်း လေ့လာမှာဖြစ်တယ်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 13 လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၂၊ စာမျက်နှာ ၁၃၂-၁၃၃ [အင်္ဂလိပ်] မှာပါတဲ့ “ရွယ်တူချင်းဖိအားကို တုံ့ပြန်ရန်အစီအစဉ်” နဲ့ က၁၀ ၁၁/၁၅ ၂:၁၁-၁၅ ကို မိမိတို့ရဲ့ကလေးတွေနဲ့ မိဘတွေ ဆွေးနွေးဖို့လိုတယ်။ ဒီအကြောင်းအရာတွေကို မိသားစုဝတ်ပြုမှုညချမ်းမှာ အသုံးပြုနိုင်ပါတယ်။

^ အပိုဒ်၊ 14 ဆာလံ ၃၈:၃-၅၊ (ကဘ)– “ကိုယ်တော်ရဲ့ပြစ်ဒဏ်စီရင်ချက်ကြောင့် ကျွန်တော့်တစ်ကိုယ်လုံး အနာအဆာတွေချည်းပဲ။ ကျွန်တော့်အပြစ်ကြောင့် ကျွန်တော့်အရိုးတွေလည်း မငြိမ်မသက်ဖြစ်နေပြီ။ ကျွန်တော့်အမှားတွေက ကျွန်တော့်ခေါင်းပေါ် လွှမ်းမိုးနေပြီး ဝန်ထုပ်ကြီးလို သိပ်လေးတာပဲ။ ကျွန်တော့်မိုက်မဲမှုကြောင့် ကျွန်တော့်ဒဏ်ရာတွေက ပုပ်စော်နံပြီး ပြည်တည်နေတယ်။ ကျွန်တော့်မှာ ထုံထိုင်းနေပြီး စိစိညက်ညက် ကျိုးပဲ့ကြေမွနေပြီ။ ကျွန်တော့်စိတ်နှလုံးရဲ့ ညည်းတွားမှုကြောင့် နာကျင်အော်ဟစ်နေရပြီ။”

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

မဆင်မခြင်စကားပြောဆိုတာက အသင်းတော်မှာ ပြဿနာဖြစ်စေနိုင်

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

အရမ်းအပြစ်ကြီးတယ်ဆိုတဲ့ ခံစားချက်ဝန်ကို သင်ပစ်ချနိုင်