မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နယ်လှည့်အမှုဆောင်တွေနဲ့ ခရီးသွားခြင်း

နယ်လှည့်အမှုဆောင်တွေနဲ့ ခရီးသွားခြင်း

ကျွန်ုပ်တို့၏ မော်ကွန်းတိုက်မှ

နယ်လှည့်အမှုဆောင်တွေနဲ့ ခရီးသွားခြင်း

“ကျွန်တော်မလုပ်နိုင်တာ တစ်ခုကတော့ တစ်အိမ်တက်ဆင်းသွားပြီး ဟောပြောတာပဲ။” သူစိမ်းတွေဆီကိုသွားပြီး ဟောပြောရမှာနဲ့ပတ်သက်လို့ ကျမ်းစာသင်သားအသစ် ဘယ်နှစ်ယောက်က အဲဒီလို ခံစားခဲ့ရသလဲ။ ဒါပေမဲ့ အဲဒီစကားကိုပြောခဲ့သူက နယ်လှည့်အမှုဆောင်လို့ခေါ်တဲ့ လူထုရှေ့ဟောပြောချက်ပေးရာမှာ၊ တခြားသူတွေကို ကျမ်းစာသင်ပေးရာမှာ အတွေ့အကြုံရှိသူတစ်ဦးဖြစ်တယ်။

ချာ့ခ်ျတွေကနေနုတ်ထွက်ခဲ့ကြတဲ့ ဇိအုန်ကင်းမျှော်စင်ရဲ့ စာဖတ်ပရိသတ်အတော်များများက သူတို့လိုပဲ ကျမ်းစာအမှန်တရားကို ဆာငတ်နေသူတွေနဲ့ အတူတကွပေါင်းသင်းဖို့ မျှော်လင့်ခဲ့ကြတယ်။ ဒီမဂ္ဂဇင်းက ယုံကြည်ခြင်းလိုမျိုး တန်ဖိုးရှိတဲ့အရာတွေကို တခြားသူတွေဆီကနေရှာဖွေဖို့နဲ့ ကျမ်းစာလေ့လာဖို့ မှန်မှန်စုဝေးကြပါလို့ စာဖတ်ပရိသတ်တွေကို တိုက်တွန်းခဲ့တယ်။ ၁၈၉၄ ခုနှစ်လောက်ကစပြီး ကင်းမျှော်စင်အသင်းဟာ လည်ပတ်မှုတောင်းခံတဲ့ အုပ်စုတွေကို တွေ့ဆုံအားပေးဖို့ နယ်လှည့်ကိုယ်စားလှယ်တွေကို စေလွှတ်ခဲ့တယ်။ နောက်ပိုင်းမှာ နယ်လှည့်အမှုဆောင်တွေလို့ အမည်တွင်လာတဲ့ အတွေ့အကြုံရှိပြီး အလုပ်ကြိုးစားတဲ့ ဒီအမျိုးသားတွေကို ရွေးချယ်ရာမှာ စိတ်နူးညံ့သိမ်မွေ့မှု၊ ကျမ်းစာအသိပညာ၊ စကားပြောစွမ်းရည်၊ သွန်သင်ခြင်းစွမ်းရည်နဲ့ ရွေးနုတ်ဖိုးအပေါ်သစ္စာစောင့်သိခြင်းစတဲ့ အရည်အသွေးတွေကိုကြည့်ပြီး ရွေးချယ်ခဲ့တယ်။ ပုံမှန်ကတော့ လည်ပတ်မှုတစ်ခုဟာ မနားတမ်းလုပ်ဆောင်ရတဲ့ တစ်ရက် ဒါမှမဟုတ် နှစ်ရက်လောက်ပဲ ကြာပါတယ်။ လယ်ကွင်းလုပ်ငန်းမှာ ဦးဆုံးပါဝင်တဲ့ ကျမ်းစာကျောင်းသားတွေ လုပ်ဆောင်တာက နယ်လှည့်အမှုဆောင်ရဲ့ လူထုဟောပြောချက်ကို လာနားထောင်ဖို့ဖိတ်ခေါ်တဲ့ လက်ကမ်းစာစောင်တွေကို ဝေငှတာဖြစ်တယ်။ စာသင်ကျောင်းတစ်ခုမှာ ညနေပိုင်းဟောပြောချက်ပေးပြီးတဲ့နောက်မှာတော့ ဟူဂို ရီမာရ်က ကျမ်းစာမေးခွန်းတွေရဲ့အဖြေကို ညသန်းခေါင်ကျော်တဲ့အထိ ဖြေဆိုပေးခဲ့တယ်၊ ဒီညီအစ်ကိုက နောက်ပိုင်းမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်လာတယ်။ ညီအစ်ကိုက ပင်ပန်းနွမ်းလျနေပေမဲ့ ပျော်နေတယ်၊ ဒီအစည်းအဝေးက တကယ့်ကိုအားရစရာကောင်းတယ်လို့ သူပြောခဲ့တယ်။

နယ်လှည့်ညီအစ်ကိုတွေ လည်ပတ်ရတဲ့ “အဓိကရည်ရွယ်ချက်” က ယုံကြည်သူချင်းတွေရဲ့ အိမ်တွေမှာကျင်းပတဲ့ အစည်းအဝေးတွေအားဖြင့် “ယုံကြည်ခြင်းရဲ့အိမ်သူအိမ်သားတွေ” ကို တည်ဆောက်ပေးဖို့ဖြစ်တယ်လို့ ကင်းမျှော်စင်က ဖော်ပြတယ်။ အနီးတစ်ဝိုက်ဒေသမှာရှိတဲ့ ကျမ်းစာကျောင်းသားတွေက ဟောပြောချက်တွေနဲ့ ကျမ်းစာမေးဖြေ ဆွေးနွေးခန်းတွေကို လာတက်ရောက်ကြတယ်။ အဲဒီနောက် ခရစ်ယာန်ဧည့်ဝတ်ပြုတဲ့အစီအစဉ် ပြုလုပ်တယ်။ မော့ဒ် အဘောတ် လို့ခေါ်တဲ့ မိန်းကလေးတစ်ဦးဟာ နံနက်ပိုင်းဟောပြောချက်တစ်ခုကို တက်ရောက်ခဲ့တယ်၊ ပြီးတဲ့နောက် ခြံဝင်းထဲမှာခင်းထားတဲ့ စားပွဲရှည်ကြီးရဲ့ပတ်လည်မှာ အားလုံးစုရုံးကြတယ်။ “တကယ့်ကိုအရသာရှိတဲ့ အစားအစာတွေဖြစ်တဲ့ ဝက်ပေါင်ခြောက်၊ ကြက်ကြော်၊ ပေါင်မုန့်မျိုးစုံ၊ အဆာသွတ်မုန့်နဲ့ ကိတ်မုန့် အမျိုးကိုစုံလို့ပါပဲ” ဆိုပြီး သူပြောပြတယ်။ လူတိုင်းက စားနိုင်သလောက်စားကြပြီး မွန်းလွဲနှစ်နာရီမှာ နောက်ဟောပြောချက်အတွက် ပြန်စုရုံးကြတယ်။ ဒါပေမဲ့ “စားပြီးတဲ့နောက် လူတိုင်းက အိပ်ငိုက်ကြတယ်” လို့ သူဆက်ပြောတယ်။ သက်တမ်းကြာ နယ်လှည့်အမှုဆောင် ဘင်ဂျမင် ဘာတန်က တစ်ခါတုန်းက ဒီလိုပြောခဲ့တယ်– ‘ကျွန်တော့်ကို တည်ခင်းဧည့်ခံသမျှ အဆီအဆိမ့်တွေအားလုံးကိုသာစားရင် နယ်လှည့်အမှုဆောင်ဘဝက စောစောနိဂုံးချုပ်သွားမှာ’ လို့ ပြောတယ်။ နောက်ဆုံးတော့ ဘရွတ်ကလင်ဌာနချုပ်ကပေးတဲ့ စာတစ်စောင်မှာ စိတ်ရင်းစေတနာကောင်းတဲ့ ညီအစ်မတွေကို နယ်လှည့်အမှုဆောင်ကို ချက်ပြုတ်ကျွေးမွေးရာမှာ “နေ့စဉ်စားနေကျ ရိုးရှင်းတဲ့အစားအစာ” ကို ချက်ကျွေးဖို့နဲ့ “အိပ်ရေးဝဝ အိပ်နိုင်” ဖို့ပြုလုပ်ပေးခြင်းက အားလုံးအတွက်ကောင်းကြောင်း အကြံပြုခဲ့တယ်။

နယ်လှည့်အမှုဆောင်တွေက သူတို့ဟောပြောတဲ့ အကြောင်းအရာကို ပိုသက်ဝင်လှုပ်ရှားစေဖို့ ကားချပ်တွေ၊ ပုံစံငယ်တွေ ဒါမှမဟုတ် သူတို့ရနိုင်တဲ့ ဘယ်အရာကိုမဆို အသုံးပြုရာမှာ တော်ကြတယ်။ အာရ် အိပ်ခ်ျ ဘာဘာရဲ့ ဟောပြောချက်တွေက “အမြဲတမ်းပဲ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။” အဖေတစ်ဦးလိုဖြစ်တဲ့ ဒဗလျူ ဂျေ သောန်က “ရှေးအချိန်က သစ္စာရှိဘိုးဘေးတစ်ယောက်လိုပဲ” စကားပြောဆိုတယ်။ ရှီးလ်ဒ် ထွတ်ဂျန်ကျတော့ တစ်နေ့ မိုဒယ်အေဖော့တ်ကားစီးပြီး ခရီးသွားနေရင်း “ကားရပ်ပေးပါ” ဆိုပြီး ရုတ်တရက်ထအော်တယ်။ သူ ကားထဲကနေ ခုန်ထွက်လိုက်ပြီး တောပန်းတချို့ကို ခူးတယ်၊ ပြီးတော့ သူ့ရဲ့အဖော်တွေကို ယေဟောဝါရဲ့ဖန်ဆင်းခြင်းနဲ့ပတ်သက်တဲ့ သင်ခန်းစာကို လက်တန်းဟောပြောခဲ့တယ်။

မနားတမ်းလုပ်ဆောင်ရတဲ့ နယ်လှည့်အမှုဆောင်တွေရဲ့လုပ်ငန်းမှာ အခက်အခဲတွေ အများကြီးရှိတယ်၊ အထူးသဖြင့် အလယ်ခေတ်အတွင်းနဲ့ အဲဒီနောက်မှာဖြစ်တယ်။ ဒါပေမဲ့ တချို့အတွက် အကြီးမားဆုံးစမ်းသပ်မှုက သူတို့လုပ်တဲ့အလုပ်ရဲ့ အဓိကအလေးပေးမှု ပြောင်းလဲသွားတာဖြစ်တယ်။ အခု နယ်လှည့်အမှုဆောင်တွေက တစ်အိမ်တက်ဆင်းဟောပြောခြင်းမှာ ဦးဆောင်ဖို့ တောင်းဆိုခံရတယ်။ ၁၉၂၄၊ မတ်လ ၁၅ ရက်ထုတ် ကင်းမျှော်စင်က ဒီလိုဖော်ပြတယ်– ခရစ်ယာန်စစ်တွေရဲ့ “အရေးကြီးဆုံးတာဝန်တစ်ခုက ဘုရားသခင့်နိုင်ငံတော်အကြောင်း သက်သေခံခြင်းဖြစ်တယ်။” နယ်လှည့်အမှုဆောင်တွေက ဒီရည်ရွယ်ချက်နဲ့ စေလွှတ်ခံခဲ့ကြရတယ်။

တချို့ နယ်လှည့်အမှုဆောင်တွေက ဒီအပြောင်းအလဲကို မကြိုက်တဲ့အတွက် နယ်လှည့်လုပ်ငန်းကနေ ထွက်ခဲ့ကြတယ်၊ တချို့ကျပြန်တော့ ဒါကို မကျေမချမ်းဖြစ်ပြီး ကိုယ်ပိုင်ဘာသာရေးအဖွဲ့အစည်းတောင် ထူထောင်ကြတယ်။ ရိုဘီ ဒီ အက်ဒ်ကန်းစ်က အဟောအပြောကောင်းတဲ့ နယ်လှည့်အမှုဆောင်တစ်ဦးရဲ့ ခါးခါးသီးသီး ညည်းတွားပြောဆိုတာကို ပြန်ပြောပြတယ်– “ကျွန်တော်က စင်မြင့်ပေါ်ကနေ ဘယ်လိုဟောပြောရမယ်ဆိုတာကိုပဲ သိတယ်။ ကျွန်တော်မလုပ်နိုင်တာတစ်ခုကတော့ တစ်အိမ်တက်ဆင်းသွားပြီး ဟောပြောတာပဲ။” ညီအစ်ကို အက်ဒ်ကန်းစ်က ဒီလိုပြန်အမှတ်ရတယ်– “နောက်ပိုင်းမှာ ကျွန်တော် သူ့ကို ၁၉၂၄ ခုနှစ်တုန်းက အိုဟိုင်အိုပြည်နယ်၊ ကိုလံဘတ်စ်မှာကျင်းပတဲ့ စည်းဝေးကြီးမှာ တွေ့ခဲ့တယ်။ အဲဒီစည်းဝေးကြီးမှာ သူက သနားစရာအကောင်းဆုံးပဲ၊ ထောင်နဲ့ချီတဲ့ ပျော်ရွှင်နေတဲ့ညီအစ်ကိုတွေကြားမှာ သူကတော့ မှိုင်တွေပြီး သစ်ပင်ငယ်ရိပ်အောက်မှာ တစ်ယောက်တည်း မတ်တတ်ရပ်နေတယ်။ သူ့ကို နောက်ထပ် ပြန်မတွေ့ရတော့ဘူး။ အဲဒီနောက်ပိုင်း မကြာခင်မှာပဲ သူ အဖွဲ့အစည်းကို စွန့်ခွာသွားခဲ့တယ်။” ဒါပေမဲ့ “ပျော်ရွှင်နေတဲ့ ညီအစ်ကိုတွေဟာ စာအုပ်တွေကို သူတို့ရဲ့ကားတွေဆီ သယ်နေကြတယ်။” ညီအစ်ကိုတွေဟာ တစ်အိမ်တက်ဆင်းဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ဖို့ စိတ်အားထက်သန်နေကြတာကို အထင်အရှားမြင်တွေ့ခဲ့ရတယ်။—တ. ၂၀:၂၀၊ ၂၁

နယ်လှည့်အမှုဆောင်အတော်များများက သူတို့လေ့ကျင့်ပေးရမယ့်ညီအစ်ကိုတွေလိုပဲ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ဖို့ စိုးရိမ်နေကြပေမဲ့ အားတက်သရောဟောပြောခဲ့ကြတယ်။ တစ်အိမ်တက်ဆင်း သက်သေခံခြင်းနဲ့ပတ်သက်ပြီး ဂျာမန်စကားပြော နယ်လှည့်အမှုဆောင် မက်ခ်စ်ဝဲ ဂျီ ဖရန်းဒ် ဒီလိုရေးခဲ့တယ်– “နယ်လှည့်အမှုဆောင်လုပ်ငန်းရဲ့ ဒီကဏ္ဍကလည်း ကောင်းချီးတွေပိုခံစားရစေတယ်။” နယ်လှည့်အမှုဆောင် ဂျွန် အေ ဘိုးနက်က များသောအားဖြင့် ညီအစ်ကိုတွေဟာ ဘုရားသခင့်နိုင်ငံတော် ဟောပြောခြင်းရဲ့အရေးကြီးမှုကို အားတက်သရော ထောက်ခံခဲ့ကြတယ်လို့ ပြောပြတယ်။ သူ့ရဲ့ပြောပြချက်အရ အများစုဟာ “ရှေ့တန်းစစ်မျက်နှာကနေ တိုက်ခိုက်ဖို့အတွက် ဇွဲတောက်လောင်နေကြတယ်။”

နှစ်တွေတစ်လျှောက်မှာ သစ္စာရှိတဲ့ နယ်လှည့်ညီအစ်ကိုတွေဟာ ညီအစ်ကိုညီအစ်မတွေအပေါ် အပြုသဘောသြဇာလွှမ်းမိုးခဲ့ကြတယ်။ “နယ်လှည့်အမှုဆောင်တွေရဲ့ စံနှုန်းတွေနဲ့ ရရှိတဲ့အကျိုးကျေးဇူးတွေက အပြစ်ဆိုစရာမရှိအောင်ကောင်းတယ်ဆိုတာကို ကျွန်တော် လူငယ်ဘဝကတည်းက မြင်တွေ့ခဲ့တယ်” ဆိုပြီး သက်တမ်းကြာသက်သေခံတစ်ဦးဖြစ်တဲ့ နော်မဲန် လာဆန်က ပြောပြတယ်။ “မှန်ကန်တဲ့လမ်းစဉ်ထဲမှာရှိနေဖို့ သူတို့က ကျွန်တော့်ကို ကောင်းကောင်းပုံသွင်းပေးခဲ့ကြတယ်။” ဒီနေ့အထိတိုင်အောင် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိတဲ့ သစ္စာရှိနယ်လှည့်ကြီးကြပ်မှူးတွေက ယုံကြည်သူချင်းတွေကို “ကျွန်တော်/ကျွန်မတို့ တစ်အိမ်တက်ဆင်း သွားပြီးဟောပြောနိုင်ပါတယ်” လို့ပြောနိုင်ဖို့ ကူညီပေးနေပါတယ်။

[စာမျက်နှာ ၃၂ ပါ အကျဉ်းဖော်ပြချက်]

နယ်လှည့်အမှုဆောင် ရောက်လာတဲ့နေ့က ပျော်စရာကောင်းတဲ့နေ့တစ်နေ့ပဲ

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ဘင်ဂျမင် ဘာတန်ရဲ့ ၁၉၀၅ ခုနှစ် နယ်လှည့်ခရီးစဉ်မှာ လည်ပတ်ခဲ့တဲ့နေရာ ၁၇၀ ခန့်ရှိ

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

ဝေါလ်တာ ဂျေ သော်န် က နယ်လှည့်အမှုဆောင်တစ်ဦး ဖြစ်ပြီး ဖခင်တစ်ဦးလို ခရစ်တော်ရဲ့ စိတ်သဘောထားမျိုးတင်ပြသူအဖြစ် လူသိများကြ

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

ဂျေ အေ ဘရောင်းန်က အုပ်စုငယ် ၁၄ စုကို အားပေး တည်ဆောက်ဖို့အတွက် ၁၉၀၂ ခုနှစ်ခန့်မှာ နယ်လှည့်အမှုဆောင်အနေနဲ့ ဂျမေကာနိုင်ငံကို စေလွှတ်ခံရ

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

နယ်လှည့်အမှုဆောင်ရဲ့အလုပ်က ယုံကြည်ခြင်းကို တည်ဆောက်ပေးဖို့၊ ခရစ်ယာန်တွေရဲ့ စည်းလုံးမှုကို ခိုင်မြဲစေဖို့နဲ့ ညီအစ်ကိုညီအစ်မတွေကို အဖွဲ့အစည်းနဲ့ နီးကပ်အောင် လုပ်ဆောင်ပေးဖို့ဖြစ်