မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နိုင်ငံသားများအဖြစ် ဆက်ကျင့်ကြံပါ

နိုင်ငံသားများအဖြစ် ဆက်ကျင့်ကြံပါ

နိုင်ငံသားများအဖြစ် ဆက်ကျင့်ကြံပါ

“သတင်းကောင်းနှင့်ထိုက်တန်စွာ ကျင့်ကြံပြုမူကြလော့။” —ဖိ. ၁:၂၇

သင် ဘယ်လိုဖြေမလဲ

ဘယ်သူတွေက ဘုရားသခင့်နိုင်ငံတော်ရဲ့ နိုင်ငံသားတွေဖြစ်နိုင်သလဲ။

ဘုရားသခင့်နိုင်ငံတော်ရဲ့ ဘာသာစကား၊ သမိုင်းကြောင်းနဲ့ ဥပဒေတွေကို သင်ယူခြင်း ဆိုတာ ဘာအဓိပ္ပာယ်လဲ။

ဘုရားသခင့်နိုင်ငံတော်ရဲ့နိုင်ငံတော်သားတွေက ဘုရားသခင့်ဥပဒေတွေကို ကြိုက်နှစ်သက်ကြောင်း ဘယ်လိုပြသကြသလဲ။

၁၊ ၂။ “နိုင်ငံသားများအဖြစ် ဆက်ကျင့်ကြံ” ဆိုတဲ့စကားတွေက ဖိလိပ္ပိအသင်းတော်အတွက် ဘာကြောင့် အထူးအဓိပ္ပာယ်ရှိတာလဲ။

တမန်တော်ပေါလုက ဖိလိပ္ပိမြို့မှာရှိတဲ့ အသင်းတော်ကို “သတင်းကောင်းနှင့်ထိုက်တန်စွာ ကျင့်ကြံပြုမူ” ဖို့ တိုက်တွန်းခဲ့တယ်။ (ဖိလိပ္ပိ ၁:၂၇ ကိုဖတ်ပါ။) “ကျင့်ကြံပြုမူ” ဆိုတဲ့စကားလုံးအတွက် ပေါလုအသုံးပြုခဲ့တဲ့ ဂရိစကားလုံးက “နိုင်ငံသားများအဖြစ် ဆက်ကျင့်ကြံ” လို့လည်း ပြန်ဆိုနိုင်ပါတယ်။ ဒီစကားလုံးတွေက ဖိလိပ္ပိမြို့မှာရှိတဲ့ အသင်းတော်အတွက် အထူးအဓိပ္ပာယ်ရှိတယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ ရောမအင်ပါယာက ဖိလိပ္ပိမြို့သားတွေကို ရောမနိုင်ငံသားအဖြစ် ခံယူခွင့်ပေးထားပြီး သူတို့ကို ရောမဥပဒေနဲ့ ကာကွယ်ပေးထားလို့ ဖြစ်နိုင်တယ်။ အဲဒီအချိန်က လူအနည်းငယ်ပဲရရှိနိုင်တဲ့ အခွင့်အရေးတွေကို ဖိလိပ္ပိမြို့သားတွေ ရရှိတဲ့အတွက် ရောမနိုင်ငံသားဖြစ်ရတာကို သူတို့ ဂုဏ်ယူကြတယ်။

ဖိလိပ္ပိအသင်းတော်မှာရှိတဲ့သူတွေမှာ ဂုဏ်ယူဝင့်ကြွားနိုင်တဲ့ ပိုကောင်းတဲ့အကြောင်းရင်းတစ်ခု ရှိတယ်။ ပေါလုက “ငါတို့မူကား ကောင်းကင်နိုင်ငံတော်သားများ ဖြစ်ကြ၏” ဆိုပြီး အဲဒီကောင်းကင်အတန်းအစားတွေကို သတိပေးခဲ့တယ်။ (ဖိ. ၃:၂၀) သူတို့က လူ့အုပ်ချုပ်ရေးထက် အဆပေါင်းများစွာသာလွန်တဲ့ ဘုရားသခင့်နိုင်ငံတော်ရဲ့ နိုင်ငံသားတွေဖြစ်တယ်။ ဘုရားသခင့်နိုင်ငံတော်က သူတို့ကို ဘယ်လူ့အုပ်ချုပ်မှုကမှ မပေးနိုင်တဲ့ ကာကွယ်မှုနဲ့ အကျိုးခံစားခွင့်ကို ပေးခဲ့တယ်။—ဧ. ၂:၁၉-၂၂

၃။ (က) ဘယ်သူတွေက ဘုရားသခင့်နိုင်ငံတော်ရဲ့ နိုင်ငံသားတွေ ဖြစ်နိုင်သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်အကြောင်း သုံးသပ်ကြမလဲ။

‘နိုင်ငံသားများအဖြစ် ဆက်ကျင့်ကြံပါ’ ဆိုတဲ့ ပေါလုရဲ့သွန်သင်ချက်က ကောင်းကင်မှာ ခရစ်တော်နဲ့အတူအုပ်ချုပ်မယ့်သူတွေကို အဓိကရည်ညွှန်းတယ်။ (ဖိ. ၃:၂၀) ဒါပေမဲ့ ဒီအချက်က ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက် မြေကြီးပေါ်အသက်ရှင်မယ့်သူတွေနဲ့လည်း သက်ဆိုင်ပါတယ်။ ဘာကြောင့်လဲ။ ကျွန်ုပ်တို့အားလုံးက တစ်ပါးတည်းသောဘုရင် ယေဟောဝါအတွက် အမှုဆောင်နေကြပြီး စံနှုန်းတစ်မျိုးတည်းနဲ့ပဲ အသက်ရှင်နေကြတယ်။ (ဧ. ၄:၄-၆) ယနေ့အချိန်မှာ လူများစွာက ချမ်းသာကြွယ်ဝတဲ့နိုင်ငံရဲ့ နိုင်ငံသားဖြစ်ဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ ဘုရားသခင့်နိုင်ငံတော်ရဲ့နိုင်ငံသား ဖြစ်ရတဲ့အခွင့်အရေးက ပိုတန်ဖိုးရှိတယ်။ ဘယ်လောက်ကြီးမားတဲ့ အခွင့်အရေးဖြစ်တယ်ဆိုတာကို ကျွန်ုပ်တို့ ပိုပြီးနားလည်နိုင်ဖို့ လူ့အုပ်ချုပ်ရေးရဲ့နိုင်ငံသား ဖြစ်လိုသူတစ်ဦးအတွက် တောင်းဆိုချက်တွေနဲ့ ဘုရားသခင့်နိုင်ငံတော်ရဲ့ နိုင်ငံသားတစ်ဦးအတွက် တောင်းဆိုချက်တွေကို နှိုင်းယှဉ်ကြည့်ကြစို့။ အဲဒီနောက် ဘုရားသခင့်နိုင်ငံတော်ရဲ့ နိုင်ငံသားဆက်ဖြစ်ချင်တယ်ဆိုရင် ကျွန်ုပ်တို့လုပ်ရမယ့် အရာသုံးခုအကြောင်း သုံးသပ်သွားမှာဖြစ်တယ်။

နိုင်ငံသားဖြစ်ဖို့အတွက် တောင်းဆိုချက်များ

၄။ သန့်ရှင်းတဲ့ဘာသာစကားဆိုတာ ဘာလဲ။ အဲဒီဘာသာစကားကို ပြောတယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ။

ဘာသာစကား သင်ယူပါ။ အစိုးရတချို့က မိမိတို့ရဲ့နိုင်ငံသားဖြစ်လိုသူတွေဟာ နိုင်ငံရဲ့အဓိကဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုတတ်ဖို့ သင်ယူရမယ်လို့ တောင်းဆိုတယ်။ တချို့က နိုင်ငံသားဖြစ်ပြီးနောက်မှာတောင် အဲဒီဘာသာစကားအသစ်ကို ကျွမ်းကျင်စွာပြောဆိုနိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားရတယ်။ သူတို့တွေက ဘာသာစကားရဲ့ သဒ္ဒါစည်းမျဉ်းတွေကို မြန်မြန်ဆန်ဆန်တတ်မြောက်ခဲ့ကြပေမဲ့ ကျွမ်းကျွမ်းကျင်ကျင်ပြောဆိုတတ်ဖို့ အချိန်များစွာလိုအပ်နိုင်တယ်။ ဘုရားသခင့်နိုင်ငံတော်ကလည်း နိုင်ငံသားဖြစ်လိုသူတွေကို ဘာသာစကားအသစ်တစ်မျိုးသင်ယူဖို့ တောင်းဆိုတယ်။ ဒါကို ကျမ်းစာက “သန့်ရှင်းသောဘာသာစကား” လို့ခေါ်တယ်။ (ဇေဖနိ ၃:၉ ကိုဖတ်ပါ။) အဲဒီဘာသာစကားက ဘာလဲ။ ဘုရားသခင်၊ ကိုယ်တော့်ရည်ရွယ်ချက်တွေနဲ့ပတ်သက်တဲ့ ကျမ်းစာပါ အမှန်တရားဖြစ်တယ်။ သန့်ရှင်းတဲ့ဘာသာစကားကို ပြောတယ်ဆိုတာက ဘုရားသခင့်ပညတ်တွေနဲ့ မူတွေကို လိုက်နာခြင်းကို ဆိုလိုတယ်။ ဘုရားသခင့်နိုင်ငံတော်သားတွေအနေနဲ့ ကျွန်ုပ်တို့က သမ္မာကျမ်းစာအခြေခံသွန်သင်ချက်တွေကို မြန်မြန်ဆန်ဆန် သင်ယူသိရှိပြီး နှစ်ခြင်းခံကြတယ်။ ဒါပေမဲ့ နှစ်ခြင်းခံပြီးတဲ့နောက်မှာ သန့်ရှင်းတဲ့ဘာသာစကားကို ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်ဖို့ ကြိုးစားအားထုတ်ရမယ်။ ဘယ်လိုလုပ်နိုင်သလဲ။ ကျွန်ုပ်တို့တစ်ဦးစီက သမ္မာကျမ်းစာကနေ သင်ယူသိရှိရာတွေကို ဘဝမှာလက်တွေ့ကျင့်သုံးဖို့ ဆက်ကြိုးစားနေရမှာဖြစ်တယ်။

၅။ ကျွန်ုပ်တို့အချိန်မှာရှိတဲ့ ယေဟောဝါလူမျိုးရဲ့ သမိုင်းကြောင်းကို ဘာကြောင့် အတတ်နိုင်ဆုံး လေ့လာသင့်တာလဲ။

သမိုင်းကြောင်းကို လေ့လာပါ။ လူ့အုပ်ချုပ်မှုရဲ့နိုင်ငံသားဖြစ်လိုသူတစ်ဦးဟာ အဲဒီအုပ်ချုပ်ရေးရဲ့သမိုင်းကြောင်းကို လေ့လာရမှာဖြစ်တယ်။ ကျွန်ုပ်တို့က ဘုရားသခင့်နိုင်ငံတော်ရဲ့နိုင်ငံသားဖြစ်လိုတယ်ဆိုရင် ဘုရားသခင့်နိုင်ငံတော်ရဲ့သမိုင်းကြောင်းကို အတတ်နိုင်ဆုံး လေ့လာသင့်တယ်။ ရှေးအစ္စရေးနိုင်ငံက ကောရရဲ့သားတွေရဲ့ နမူနာကို တုပသင့်တယ်။ သူတို့တွေက ဂျေရုဆလင်နဲ့ အဲဒီမှာရှိတဲ့ဝတ်ပြုရာအိမ်တော်ကို ချစ်မြတ်နိုးခဲ့ကြတယ်၊ သူတို့ဟာ အဲဒီမြို့ရဲ့ လှပတင့်တယ်မှုအကြောင်းကိုမဟုတ်ဘဲ သမိုင်းကြောင်းကို ပြောလိုခဲ့ကြတယ်၊ အကြောင်းကတော့ ဒီမြို့ဟာ “မဟာမင်းကြီး” ဖြစ်တဲ့ ယေဟောဝါရဲ့မြို့တော် ဖြစ်လို့ပဲ။ လူတွေက ဂျေရုဆလင်မြို့မှာရှိတဲ့ ဝတ်ပြုရာအိမ်တော်မှာ ယေဟောဝါရဲ့ပညတ်တွေကို လေ့လာသင်ယူပြီး ကိုယ်တော့်ကို ဝတ်ပြုခဲ့ကြတယ်။ ဂျေရုဆလင်မြို့ရဲ့ဘုရင် ယေဟောဝါရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့သူတွေဟာ ယေဟောဝါနှစ်သက်လက်ခံတဲ့သူတွေဖြစ်တယ်။ (ဆာလံ ၄၈:၁၊ ၂၊ ၉၊ ၁၂၊ ၁၃ တို့ကိုဖတ်ပါ။) အခုအချိန်မှာလည်း မြေကြီးပေါ်မှာ စနစ်တကျဖွဲ့စည်းထားတဲ့ ဘုရားသခင်ရဲ့ လူမျိုးတစ်မျိုးရှိတယ်။ ကျွန်ုပ်တို့လည်း ကောရရဲ့သားတွေလိုပဲ ဘုရားသခင့်လူမျိုးရဲ့ သမိုင်းကြောင်းကို လေ့လာပြီး တခြားသူတွေကို ပြောပြလိုစိတ်ရှိသင့်တယ်။ ယေဟောဝါရဲ့လူမျိုးအကြောင်း၊ သူတို့ကို ကိုယ်တော်ကူညီပေးပုံအကြောင်းကို ပိုပြီးသင်ယူလေ့လာလေ ဘုရားသခင့်နိုင်ငံတော်က ကျွန်ုပ်တို့အတွက် ပိုပြီး အစစ်အမှန်ဖြစ်လာလေပဲ။ ဒါက ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောလိုတဲ့ ကျွန်ုပ်တို့ရဲ့ဆန္ဒကို ပိုပြင်းပြစေမှာဖြစ်တယ်။—ယေ. ၉:၂၄; လု. ၄:၄၃

၆။ ကိုယ်တော့်ပညတ်တွေနဲ့ မူတွေကို လေ့လာ၊ လိုက်လျှောက်ဖို့ ယေဟောဝါတောင်းဆိုတာက ဘာကြောင့် သင့်လျော်တာလဲ။

ဥပဒေအကြောင်းနားလည်အောင်လုပ်ပါ။ လူ့အုပ်ချုပ်ရေးတွေက သူတို့ရဲ့နိုင်ငံသားတွေကို နိုင်ငံရဲ့ဥပဒေကို လေ့လာပြီး လိုက်နာဖို့ တောင်းဆိုတယ်။ ဒါကြောင့် ယေဟောဝါက ဘုရားသခင့်နိုင်ငံတော်ရဲ့ နိုင်ငံသားအားလုံးကို ကိုယ်တော့်ပညတ်တွေနဲ့ မူတွေကို လေ့လာပြီး နာခံလိုက်လျှောက်ဖို့ တောင်းဆိုတာက သင့်လျော်ပါတယ်။ (ဟေရှာ. ၂:၃; ယော. ၁၅:၁၀; ၁ ယော. ၅:၃) လူတွေထုတ်တဲ့ဥပဒေတွေမှာ အားနည်းချက်တွေရှိပြီး မမျှမတဖြစ်နိုင်တယ်။ ဒါပေမဲ့ “ယေဟောဝါရဲ့ပညတ်က ပြည့်၀စုံလင်” တယ်။ (ဆာ. ၁၉:၇ကဘ) သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုပြီး ဘုရားသခင့်ပညတ်တွေနဲ့ မူတွေကို လေ့လာရတာကို သင်နှစ်သက်သလား။ (ဆာ. ၁:၁၊ ၂) ဘုရားသခင့်ပညတ်တွေအကြောင်း သိနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက ကိုယ်တိုင်လေ့လာဖို့ဖြစ်တယ်။ ဘယ်သူကမှ ကျွန်ုပ်တို့ကိုယ်စား လုပ်ပေးလို့မရနိုင်ဘူး။

ဘုရားသခင့်နိုင်ငံတော်သားတွေက ဘုရားသခင့်ပညတ်တွေကို ကြိုက်နှစ်သက်ကြ

၇။ ဘုရားသခင့်နိုင်ငံတော်သားတွေက ဘုရားသခင့်ပညတ်တွေကို ဘာကြောင့်နာခံကြတာလဲ။

ဘုရားသခင့်နိုင်ငံတော်သား ဆက်ဖြစ်ချင်တယ်ဆိုရင် ဘုရားသခင့်ပညတ်တွေကိုသိပြီး ကြိုက်နှစ်သက်ဖို့လိုတယ်။ လူ့အုပ်ချုပ်ရေးတွေရဲ့ နိုင်ငံသားအတော်များများက နိုင်ငံရဲ့ဥပဒေတွေကို သဘောတူလက်ခံကြောင်း ပြောကြတယ်။ ဒါပေမဲ့ ဥပဒေတစ်ခုခုကို မကြိုက်တဲ့အခါ၊ ဘယ်သူမှစောင့်ကြည့်မနေဘူးလို့ ထင်တဲ့အခါတွေမှာ ဥပေဒေကို ချိုးဖောက်ကြတယ်။ များသောအားဖြင့် “လူမြင်ကောင်း” ဖို့အတွက်ပဲ လိုက်နာကြတယ်။ (ကော. ၃:၂၂) ဘုရားသခင့်နိုင်ငံတော်သားတွေ ဘုရားသခင့်ပညတ်ကိုနာခံတာက ပညတ်တွေကိုပြဋ္ဌာန်းတဲ့အရှင် ယေဟောဝါကိုချစ်လို့ပဲ။ ဒါကြောင့် ဘယ်သူမှစောင့်ကြည့်မနေတာတောင်မှ ကိုယ်တော့်ပညတ်တွေကို စိတ်လိုကိုယ်လျောက် နာခံကြတယ်။—ဟေရှာ. ၃၃:၂၂; လုကာ ၁၀:၂၇ ကိုဖတ်ပါ။

၈၊ ၉။ ဘုရားသခင့်ပညတ်တွေကို သင်တကယ်ကြိုက်နှစ်သက်သလားဆိုတာ ဘယ်လိုသိနိုင်သလဲ။

ဘုရားသခင့်ပညတ်တွေကို သင် တကယ် ကြိုက်နှစ်သက်သလားဆိုတာ ဘယ်လိုသိနိုင်သလဲ။ သင့်ရဲ့သဘောထားကို ဆန်းစစ်ခြင်းအားဖြင့် ဖြစ်တယ်။ ဥပမာ၊ သွန်သင်ချက်တွေရရှိတဲ့အခါ သင် ဘယ်လိုတုံ့ပြန်သလဲဆိုတာကို စဉ်းစားကြည့်ပါ။ ကိုယ်ရေးကိုယ်တာကိစ္စလို့ သင်ယူဆတဲ့ ဝတ်စားဆင်ယင်မှုကိစ္စမှာ ဆုံးမခံရတာဖြစ်နိုင်တယ်။ အမှန်တရားကိုမသင်ယူခင်မှာ သင့်ပုံစံ ဒါမှမဟုတ် သင့်ဝတ်စားဆင်ယင်ပုံက တခြားသူတွေစိတ်ထဲမှာ အကျင့်ပျက်အတွေးတွေ ပေါ်လာစေနိုင်တယ်ဆိုတဲ့အချက်တွေကို သင် ဂရုမစိုက်ခဲ့တာဖြစ်နိုင်တယ်။ ဘုရားသခင်ကိုချစ်တဲ့မေတ္တာတိုးများလာတာနဲ့အမျှ ကိုယ်တော့်ကို ဂုဏ်တင်တဲ့နည်းနဲ့ ဝတ်စားဆင်ယင်ရမယ်ဆိုတာ သိလာတယ်။ (၁ တိ. ၂:၉၊ ၁၀; ၁ ပေ. ၃:၃၊ ၄) သင့်ရဲ့ လက်ရှိဝတ်စားဆင်ယင်ပုံက ပြဿနာမရှိဘူးလို့ သင်ယူဆမိနိုင်တယ်။ ဒါပေမဲ့ သင့်ရဲ့ဝတ်စားဆင်ယင်ပုံက မသင့်လျော်ဘူးလို့ အသင်းတော်မှာရှိတဲ့အများစုက ခံစားမိကြောင်း သင့်ကို အကြီးအကဲက ပြောလာတယ်ဆိုရင် ဘယ်လိုတုံ့ပြန်မလဲ။ ဆင်ခြေပေး၊ စိတ်ဆိုး၊ ဒါမှမဟုတ် ပြောင်းလဲဖို့ ခေါင်းမာမာနဲ့ငြင်းဆန်နေမလား။ ဘုရားသခင့်နိုင်ငံတော်သားတွေ လိုက်နာရမယ့် အရေးအကြီးဆုံးပညတ်တစ်ခုက ခရစ်တော်ကိုတုပခြင်းဖြစ်တယ်။ (၁ ပေ. ၂:၂၁) “ခရစ်တော်ပင်လျှင် ကိုယ့်အလိုအတိုင်း ပြုတော်မမူ” လို့ ပေါလုပြောခဲ့တယ်၊ အလားတူပဲ ကျွန်ုပ်တို့တစ်ဦးစီကလည်း “လူသားချင်း၌ တည်ဆောက်ခြင်းကောင်းကျိုးရှိစေရန် သူ၏အလိုအတိုင်းပြု” သင့်တယ်။ (ရော. ၁၅:၂၊ ၃) အသင်းတော်ရဲ့ ငြိမ်သက်မှုကိုဆက်ထိန်းထားနိုင်ဖို့ ရင့်ကျက်တဲ့ခရစ်ယာန်တစ်ဦးဟာ တခြားသူတွေရဲ့ကိုယ်ကိုယ်ကိုယ်သိတဲ့စိတ်ကို အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေကို အမြဲရှောင်သင့်တယ်။—ရော. ၁၄:၁၉-၂၁

လိင်နဲ့ အိမ်ထောင်အပေါ် သင့်ရဲ့သဘောထားကို အခု ဆန်းစစ်ကြည့်ပါ။ ဘုရားသခင့်နိုင်ငံတော်သားမဟုတ်သူတွေက လိင်တူချင်းလိင်ဆက်ဆံတာ၊ ညစ်ညမ်းရုပ်ပုံစာပေကြည့်တာ၊ အိမ်ထောင်ရေးဖောက်ပြန်တာနဲ့ ကွာရှင်းတာက သမားရိုးကျပဲလို့ ယူဆနိုင်တယ်။ ဒါပေမဲ့ ဘုရားသခင့်နိုင်ငံတော်သားတွေက အဲဒီလုပ်ရပ်တွေရဲ့အကျိုးဆက်တွေနဲ့ အဲဒီလုပ်ရပ်တွေက တခြားသူအပေါ် ဘယ်လိုအကျိုးသက်ရောက်တယ်ဆိုတာ ထည့်စဉ်းစားဖို့ သင်ကြားခံရတယ်။ အမှန်တရားကိုမသင်ယူခင်မှာ လူများစွာက အကျင့်ပျက်ဘဝပုံစံနဲ့ နေထိုင်ခဲ့ကြတယ်။ အခုအချိန်မှာ သူတို့က လိင်နဲ့ အိမ်ထောင်ဟာ ဘုရားသခင်ပေးတဲ့ဆုကျေးဇူးဖြစ်တယ်ဆိုတာ သိလာကြပြီ။ သူတို့တွေက ယေဟောဝါရဲ့ပညတ်တွေကို ကြိုက်နှစ်သက်ကြပြီး လိင်နဲ့ အိမ်ထောင်နဲ့ပတ်သက်တဲ့ ဘုရားသခင့်ပညတ်တွေကို မနာခံသူတွေဟာ ဘုရားသခင့်နိုင်ငံတော်သားတွေ မဖြစ်နိုင်ဘူးဆိုတာ သိကြတယ်။ (၁ ကော. ၆:၉-၁၁) ဒါပေမဲ့ နှလုံးက စဉ်းလဲတယ်ဆိုတာကိုလည်း သူတို့အသိအမှတ်ပြုကြတယ်။ (ယေ. ၁၇:၉) ဒါကြောင့် ဘုရားသခင့်ပညတ်တွေကို ဆက်လိုက်နာနိုင်ဖို့ကူညီပေးတဲ့ သတ်သတ်မှတ်မှတ်သတိပေးချက်တွေရတဲ့အခါ သူတို့ကျေးဇူးတင်ကြတယ်။

ဘုရားသခင့်နိုင်ငံတော်သားတွေက သတိပေးချက်တွေအတွက် ကျေးဇူးတင်လေးမြတ်

၁၀၊ ၁၁။ ဘုရားသခင့်နိုင်ငံတော်က ကျွန်ုပ်တို့ကို အရေးကြီးတဲ့ ဘယ်သတိပေးချက်တွေကို ပေးသလဲ။ အဲဒီသတိပေးချက်တွေကို သင် ဘယ်လိုရှုမြင်သလဲ။

၁၀ လူ့အုပ်ချုပ်ရေးတွေက သူတို့ရဲ့နိုင်ငံသားတွေကို သတ်သတ်မှတ်မှတ် အစားအစာ၊ ဆေးဝါးတွေနဲ့ပတ်သက်ပြီး သတိပေးချက်တွေ ထုတ်ပြန်နိုင်တယ်။ အစားအစာအားလုံးနဲ့ ဆေးဝါးမှန်သမျှက မကောင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အမျိုးအမည်တစ်ခုခုက လူကိုဘေးဥပဒ်ဖြစ်စေတယ်ဆိုရင် အန္တရာယ်နဲ့ပတ်သက်ပြီး သတိပေးခြင်းအားဖြင့် အစိုးရက ပြည်သူတွေကို ကာကွယ်ပေးမှာဖြစ်တယ်။ အစိုးရမှာ အဲဒီလိုသတိပေးရမယ့်တာဝန် ရှိတယ်။ ဘုရားသခင့်နိုင်ငံတော်ကလည်း သူ့ရဲ့နိုင်ငံသားတွေကို သတိပေးချက်တွေပေးတယ်။ ဘုရားသခင့်ပညတ်ကိုချိုးဖောက်ပြီး ကျွန်ုပ်တို့နဲ့ဘုရားသခင်ကြားမှာရှိတဲ့ ဆက်ဆံရေးကိုပျက်စီးသွားစေနိုင်တဲ့ အရာတွေနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ကို သတိပေးတယ်။ ဥပမာ၊ လူများစွာက ဆက်သွယ်ရေး၊ ပညာရေးနဲ့ ဖျော်ဖြေရေးအတွက် အင်တာနက်ကို အသုံးပြုကြတယ်။ ဘုရားသခင့်အဖွဲ့အစည်းက ကောင်းတဲ့အရာများစွာကို ပြုလုပ်ဖို့အတွက် အင်တာနက်ကို သုံးတယ်။ ဒါပေမဲ့ အင်တာနက်မှာရှိတဲ့ ဝက်ဘ်ဆိုက်အတော်များများက မှန်ရာကိုဆက်ပြုလုပ်လိုတဲ့ ကျွန်ုပ်တို့အတွက် အန္တရာယ်ရှိတယ်။ ညစ်ညမ်းရုပ်ပုံစာပေတွေတင်ထားတဲ့ ဝက်ဘ်ဆိုက်တွေက အန္တရာယ်ရှိတယ်ဆိုတာ ရှင်းနေပါတယ်။ အဲဒီဆိုက်တွေနဲ့ပတ်သက်ပြီး သစ္စာရှိကျေးကျွန်သတိပေးနေတာ နှစ်ပေါင်းများစွာကြာနေပြီ၊ ဒီသတိပေးချက်တွေအတွက် အရမ်းကျေးဇူးတင်ဖို့ ကောင်းပါတယ်။

၁၁ မကြာသေးခင်က လူများစွာဟာ နောက်ထပ် ဝက်ဘ်ဆိုက်တစ်မျိုးကို အသုံးပြုနေကြတယ်။ ဒီဆိုက်တွေကို လူမှုဆက်သွယ်ရေးကွန်ရက်ဆိုက်တွေအဖြစ် လူတွေသိထားကြတယ်။ ဒီဆိုက်တွေမှာ အကျိုးပြုတဲ့အရာတွေရှိနိုင်သလို ထိခိုက်ပျက်စီးစေတဲ့အရာတွေလည်း အများကြီးရှိနိုင်တယ်။ ဒါကြောင့် အဲဒီဆိုက်တွေကို အသုံးပြုဖို့ ရွေးချယ်တယ်ဆိုရင် အရမ်းသတိထားရမယ်။ ကျွန်ုပ်တို့က မကောင်းတဲ့အပေါင်းအသင်းတွေနဲ့ ဆက်သွယ်မိသွားနိုင်တယ်။ (၁ ကော. ၁၅:၃၃) ဒါကြောင့် သစ္စာရှိကျွန်က ဒီဆိုက်တွေနဲ့ပတ်သက်ပြီး မှန်ကန်စွာရွေးချယ်နိုင်ဖို့ သတိပေးချက်တွေ ပေးထားတယ်။ လူမှုဆက်သွယ်ရေးကွန်ရက်ဆိုက် အသုံးပြုခြင်းနဲ့ပတ်သက်ပြီး သစ္စာရှိကျွန်ထုတ်ဝေထားတဲ့ ဆောင်းပါးအားလုံးကို သင်ဖတ်ပြီးပြီလား။ အဲဒီဆောင်းပါးတွေကို အရင်ဆုံးမဖတ်ဘဲ လူမှုဆက်သွယ်ရေးကွန်ရက်ဆိုက်တွေကို အသုံးပြုခြင်းက အန္တရာယ်ရှိတယ်။ * ဒါက ဆေးပုလင်းပေါ်က အညွှန်းစာကိုမဖတ်ဘဲ အရမ်းပြင်းတဲ့ဆေးကိုသောက်တာနဲ့ တူပါလိမ့်မယ်။

၁၂။ သတိပေးချက်တွေကို လျစ်လျူရှုခြင်းက ဘာကြောင့်မိုက်မဲရာကျသလဲ။

၁၂ သစ္စာရှိကျွန်ရဲ့ သတိပေးချက်တွေကို လျစ်လျူရှုသူတွေဟာ သူတို့ကိုယ်တိုင်ကိုရော၊ သူတို့ချစ်ရတဲ့သူတွေကိုပါ ထိခိုက်စေတယ်။ သူတို့လုပ်နေတာတွေကို ယေဟောဝါမမြင်နိုင်ဘူးလို့ ယူဆပြီး တချို့က ညစ်ညမ်းရုပ်ပုံစာပေကြည့်တဲ့အကျင့်စွဲသွားကြတယ်၊ တချို့ကျတော့ လိင်အကျင့်ယိုယွင်းခဲ့ကြတယ်။ ကျွန်ုပ်တို့ရဲ့လုပ်ရပ်တွေကို ယေဟောဝါရှေ့မှာ ဖုံးကွယ်ထားလို့ရတယ်လို့ စဉ်းစားခြင်းက အရမ်းမိုက်မဲတယ်။ (သု. ၁၅:၃; ဟေဗြဲ ၄:၁၃ ကိုဖတ်ပါ။) လူ့အုပ်ချုပ်ရေးတွေက ပြစ်မှုကျူးလွန်သူတွေကို နိုင်ငံသားဖြစ်ခွင့် ဆက်မပေးသလိုပဲ ယေဟောဝါက မိမိရဲ့တောင်းဆိုချက်တွေကို လျစ်လျူရှုသူတွေကို နိုင်ငံတော်သားဖြစ်ခွင့် ပေးမှာမဟုတ်ဘူး။ * (၁ ကော. ၅:၁၁-၁၃) ဒါပေမဲ့ ယေဟောဝါက သနားကြင်နာတဲ့အတွက် အပြစ်ပြုသူတွေကို ကူညီပေးဖို့ အကြီးအကဲတွေကို အသုံးပြုတယ်။ (ဂလ. ၆:၁) နောင်တယူပြီး အမှားလုပ်တာကိုရပ်ပစ်သူတွေက ဘုရားသခင့်မိတ်ဆွေ ပြန်ဖြစ်နိုင်ပြီး ဘုရားသခင့်နိုင်ငံတော်သား ဆက်ဖြစ်နိုင်ပါတယ်။ (၂ ကော. ၂:၅-၈) အဲဒီလိုမေတ္တာရှိတဲ့ဘုရင်ရဲ့အမှုတော်ကို ဆောင်ခွင့်ရတာက တကယ့်အခွင့်ထူးပါပဲ။

ဘုရားသခင့်နိုင်ငံတော်သားများ ပညာရေးကိုတန်ဖိုးထားကြ

၁၃။ ဘုရားသခင့်နိုင်ငံတော်သားတွေက ပညာရေးကိုတန်ဖိုးထားကြောင်း ဘယ်လိုပြသကြသလဲ။

၁၃ လူ့အုပ်ချုပ်ရေးများစွာက သူတို့ရဲ့တိုင်းသူပြည်သားတွေကို ပညာသင်ကြားပေးဖို့ ကြိုးစားလုပ်ဆောင်ကြတယ်။ လူတွေ အခြေခံပညာရေးတတ်မြောက်ဖို့ ကျောင်းတွေ ဆောက်ပေးတယ်။ ဘုရားသခင့်နိုင်ငံတော်ရဲ့ နိုင်ငံသားတွေက သူတို့တွေ ရေးတတ်၊ ဖတ်တတ်ဖို့နဲ့ အလုပ်အကိုင်အတွက် လိုအပ်တဲ့အတတ်ပညာတွေ သင်ယူနိုင်တဲ့ အဲဒီကျောင်းတွေအတွက် ကျေးဇူးတင်ကြပါတယ်။ သူတို့က အဲဒီပညာရေးကနေ အကျိုးရရှိနိုင်ဖို့ အတတ်နိုင်ဆုံးလုပ်ဆောင်ကြတယ်။ ဒါပေမဲ့ ကိုယ်တော့်အဖွဲ့အစည်းကနေတစ်ဆင့် ယေဟောဝါပေးတဲ့ပညာရေးကို သူတို့ ပိုတန်ဖိုးထားလေးမြတ်ကြပါတယ်။ ဥပမာ၊ ကိုယ်တော့်အဖွဲ့အစည်းက စာဖတ်တတ်ဖို့ ကျွန်ုပ်တို့ကို အားပေးတယ်။ သားသမီးတွေကို စာဖတ်ပြဖို့ မိဘတွေကို တိုက်တွန်းတယ်။ လစဉ်လတိုင်း သစ္စာရှိကျွန်က ကင်းမျှော်စင်နဲ့ နိုးလော့! ထုတ်ဝေပေးတယ်။ ဒီမဂ္ဂဇင်းသုံးစောင်မှာ သမ္မာကျမ်းစာအကြောင်းအရာတွေ အများကြီးပါတယ်။ ဒါကြောင့် တစ်ရက်ကို စာမျက်နှာအနည်းငယ် ဖတ်တယ်ဆိုရင် အဲဒါတွေကို တစ်လအတွင်း အပြီးဖတ်နိုင်တယ်။ ဒီလိုနည်းနဲ့ ယေဟောဝါပေးတဲ့ ပညာရေးကနေ ကျွန်ုပ်တို့ ဆက်ပြီးအကျိုးခံစားရနိုင်ပါတယ်။

၁၄။ (က) ဘယ်လေ့ကျင့်မှုကို ကျွန်ုပ်တို့ ရရှိကြသလဲ။ (ခ) မိသားစုဝတ်ပြုမှုညချမ်းနဲ့ပတ်သက်တဲ့ ဘယ်အကြံပြုချက်တွေကို သင်အသုံးပြုခဲ့ပြီလဲ။

၁၄ ဘုရားသခင့်နိုင်ငံတော်သားတွေဟာ ပတ်စဉ် သူတို့ရဲ့အသင်းတော်အစည်းအဝေးတွေကနေ လေ့ကျင့်မှုရရှိကြတယ်။ ဥပမာ၊ ဟောပြောသွန်သင်ခြင်းသင်တန်းက ကျောင်းသားတွေကို ကျွမ်းကျင်တဲ့ကျမ်းစာသွန်သင်ပေးသူတွေဖြစ်ဖို့ ကူညီပေးလာတာ နှစ် ၆၀ ကျော်ရှိပြီ။ အဲဒီကျောင်းကို သင် တက်နေပါသလား။ သစ္စာရှိကျွန်က ပတ်စဉ် မိသားစုဝတ်ပြုမှုညချမ်းလုပ်ဖို့ အရေးကြီးကြောင်းကိုလည်း အလေးပေးဖော်ပြခဲ့တယ်။ ဒီလေ့လာမှုက မိသားစုကို ပိုစည်းလုံးစေဖို့ ကူညီပေးတယ်။ ကျွန်ုပ်တို့ရဲ့စာပေတွေမှာပါတဲ့ မိသားစုဝတ်ပြုမှုညချမ်းနဲ့ပတ်သက်တဲ့ အကြံပြုချက်တွေကို သင်အသုံးပြုပြီးပြီလား။ *

၁၅။ ကျွန်ုပ်တို့မှာ ဘယ်အခွင့်ထူးရရှိထားသလဲ။

၁၅ လူ့အုပ်ချုပ်မှုတွေရဲ့ နိုင်ငံသားအတော်များများက နိုင်ငံရေးပါတီတစ်ခုခုကို ထောက်ခံဖို့ တခြားသူတွေကို မဲဆွယ်စည်းရုံးကြတယ်။ တချို့က အဲဒါကို အိမ်တိုင်ရာရောက် လုပ်ဆောင်ကြတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဘုရားသခင့်နိုင်ငံတော်သားတွေက လမ်းပေါ်မှာရှိတဲ့လူတွေကို ဟောပြောခြင်း၊ တစ်အိမ်တက်ဆင်းဟောပြောခြင်းအားဖြင့် ဘုရားသခင့်နိုင်ငံတော်ကို ထောက်ခံကြောင်း တင်ပြကြတယ်။ ဥပမာ၊ ကင်းမျှော်စင်ရဲ့ ရည်ရွယ်ချက်က ယေဟောဝါရဲ့နိုင်ငံတော်ကို ကြေညာဖို့ဖြစ်တယ်။ ဦးဆုံးဆောင်းပါးမှာ ဖော်ပြခဲ့တဲ့အတိုင်းပဲ ကင်းမျှော်စင်ဟာ အခုကမ္ဘာတစ်ဝန်းမှာ အဖြန့်ဝေရဆုံးမဂ္ဂဇင်းဖြစ်နေပြီ။ ဘုရားသခင့်နိုင်ငံတော်အကြောင်း တခြားသူတွေကို ပြောပြခွင့်ရတာက အခွင့်ထူးတစ်ခုဖြစ်တယ်။ သင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဇွဲထက်သန်စွာ ဟောပြောနေပါသလား။—မ. ၂၈:၁၉၊ ၂၀

၁၆။ သင်ဟာ ဘုရားသခင့်နိုင်ငံတော်ရဲ့ နိုင်ငံသားကောင်းတစ်ဦးဖြစ်တယ်ဆိုတာကို ဘယ်လိုသက်သေပြနိုင်သလဲ။

၁၆ မကြာခင်မှာ ဘုရားသခင့်နိုင်ငံတော်ကသာလျှင် ကမ္ဘာမြေကြီးကိုအုပ်ချုပ်မယ့် တစ်ခုတည်းသောအုပ်ချုပ်မှု ဖြစ်ပါလိမ့်မယ်။ ဘုရားသခင့်နိုင်ငံတော်ရဲ့ ဥပဒေကသာ လူတွေကို လမ်းပြညွှန်ကြားပေးတဲ့ ဥပဒေဖြစ်မယ်။ အဲဒီအချိန်မှာ သင်ဟာ ဘုရားသခင့်နိုင်ငံတော်ရဲ့ နိုင်ငံသားကောင်းတစ်ယောက် ဖြစ်နေမလား။ သင်က နိုင်ငံသားကောင်းတစ်ဦးဖြစ်မယ်ဆိုတာကို သက်သေပြရမယ့်အချိန်က အခုအချိန်ပဲ။ နေ့စဉ် သင်ဆုံးဖြတ်ရတဲ့ဆုံးဖြတ်ချက်တွေအားလုံးမှာ ယေဟောဝါရဲ့ကျေးဇူးတော်ကို ထောက်ပြီး အရာအားလုံးကိုပြုလုပ်ပါ၊ ဘုရားသခင့်နိုင်ငံတော်ရဲ့နိုင်ငံသားကောင်းတစ်ဦးဖြစ်ကြောင်း ပြုမူကျင့်ကြံခြင်းအားဖြင့် သက်သေပြပါ။—၁ ကော. ၁၀:၃၁

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 11 ဥပမာ၊ နိုးလော့! ၂၀၁၁၊ ဇူလိုင်လထုတ် စာမျက်နှာ ၂၄-၂၇ [အင်္ဂလိပ်]; ၂၀၁၁၊ ဩဂုတ်လထုတ် စာမျက်နှာ ၁၀-၁၃ [အင်္ဂလိပ်] နဲ့ ၂၀၁၂၊ ဖေဖော်ဝါရီလထုတ် စာမျက်နှာ ၃-၉ တို့ကိုကြည့်ပါ။

^ အပိုဒ်၊ 14 ၂၀၁၁၊ ဩဂုတ်လ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၆-၇ နဲ့ ၂၀၁၁၊ ဇန်နဝါရီလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၃-၆ ကိုကြည့်ပါ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၄ ပါ အကျဉ်းဖော်ပြချက်]

အင်တာနက်နဲ့ပတ်သက်တဲ့ ကျမ်းစာအခြေပြု သတိပေးချက်တွေကို သင်လိုက်နာသလား

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ကောရရဲ့သားတွေလိုပဲ စစ်မှန်တဲ့ဝတ်ပြုရေးနဲ့ ၎င်းရဲ့သမိုင်းကြောင်းကို သင်မြတ်နိုးသလား

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

သင့်ရဲ့မိသားစုဝတ်ပြုမှုညချမ်းက သင်နဲ့ သင်ချစ်မြတ်နိုးရသူတွေကို ဘုရားသခင့်နိုင်ငံတော်ရဲ့ နိုင်ငံသားကောင်းဖြစ်ဖို့ များစွာကူညီပေး