မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခိုင်အမာရပ်တည်ပြီး စာတန်ရဲ့ထောင်ချောက်တွေကို ရှောင်ပါ

အခိုင်အမာရပ်တည်ပြီး စာတန်ရဲ့ထောင်ချောက်တွေကို ရှောင်ပါ

အခိုင်အမာရပ်တည်ပြီး စာတန်ရဲ့ထောင်ချောက်တွေကို ရှောင်ပါ

‘စာတန်၏စဉ်းလဲသည့်ပရိယာယ်များကို ခုခံ၍ အခိုင်အမာရပ်တည်ပါ။’—ဧ. ၆:၁၁

သင်ဘယ်လိုဖြေဆိုမလဲ

ရုပ်ပစ္စည်းလိုက်စားခြင်းထောင်ချောက်ထဲ မကျသွားအောင် ယေဟောဝါရဲ့သစ္စာရှိ ကျေးကျွန်တစ်ဦး ဘာလုပ်နိုင်သလဲ။

အိမ်ထောင်ရေးဖောက်ပြန်တဲ့ထောင်ချောက်ထဲ မကျသွားအောင် အိမ်ထောင်သည်ခရစ်ယာန်တစ်ဦးကို ဘာက ကူညီပေးနိုင်သလဲ။

ရုပ်ပစ္စည်းလိုက်စားခြင်းနဲ့ အိမ်ထောင်ရေးဖောက်ပြန်တဲ့ထောင်ချောက်ထဲ မကျသွားဖို့ အခိုင်အမာရပ်တည်မယ်ဆိုရင် ဘယ်အကျိုးကျေးဇူးတွေရမယ်လို့ သင် ထင်သလဲ။

၁၊ ၂။ (က) ကောင်းကင်အတန်းအစားတွေနဲ့ “အခြားသိုး” တွေကို စာတန် ဘာကြောင့်မုန်းသလဲ။ (ခ) ဒီဆောင်းပါးမှာ စာတန်ရဲ့ ဘယ်ထောင်ချောက်တွေအကြောင်း ဆွေးနွေးမလဲ။

စာတန်မှာ သနားညှာတာစိတ် မရှိဘူး၊ အထူးသဖြင့် ယေဟောဝါကို ဝတ်ပြုနေသူတွေအပေါ်ဖြစ်တယ်။ တကယ်တော့ စာတန်က မြေကြီးပေါ်မှာကျန်ရှိနေသေးတဲ့ ကောင်းကင်အတန်းအစားတွေကို တိုက်ခိုက်နေတယ်။ (ဗျာ. ၁၂:၁၇) သူတို့က ဟောပြောခြင်းလုပ်ငန်းကို ရဲစွမ်းသတ္တိရှိရှိ ဦးဆောင်နေပြီး ဒီလောကရဲ့အုပ်စိုးရှင်က စာတန်ပဲဆိုတာကို လူတွေသိအောင် ပြောပြနေတယ်။ ကောင်းကင်အတန်းအစားတွေကို ကူညီပံ့ပိုးပေးနေပြီး ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိတဲ့ “အခြားသိုး” တွေကိုလည်း စာတန်မုန်းတယ်။ (ယော. ၁၀:၁၆) စာတန်မှာ ထာဝစဉ်အသက်ရှင်နိုင်တဲ့ အခွင့်အရေး ဆုံးရှုံးသွားပြီ၊ ဒါကြောင့် သူ အရမ်းဒေါသထွက်နေတယ်။ ကျွန်ုပ်တို့က ကောင်းကင်မျှော်လင့်ချက်ရှိသူဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ရှိသူဖြစ်စေ စာတန်က ကျွန်ုပ်တို့ရဲ့ရန်သူပဲ။ သူ့ရဲ့ရည်ရွယ်ချက်က ကျွန်ုပ်တို့ကို သူ့ရဲ့သားကောင်ဖြစ်စေဖို့ဖြစ်တယ်။—၁ ပေ. ၅:၈

စာတန်က သူ့ရဲ့ရည်ရွယ်ချက်အောင်မြင်ဖို့ ထောင်ချောက်အမျိုးမျိုးဆင်ထားတယ်။ စာတန်ဟာ လူတွေရဲ့ “ဉာဏ်မျက်စိကို ကွယ်စေ” တဲ့အတွက်ကြောင့် လူတွေက သတင်းကောင်းကို လက်မခံကြဘူး၊ ထောင်ချောက်ကိုလည်း မမြင်နိုင်ကြဘူး။ ဒါ့အပြင် စာတန်က ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို လက်ခံထားသူတွေကိုလည်း ထောင်ချောက်ဆင်ဖမ်းတယ်။ (၂ ကော. ၄:၃၊ ၄) ပြီးခဲ့တဲ့ဆောင်းပါးမှာ စာတန့်ထောင်ချောက်သုံးခုဖြစ်တဲ့ (၁) မစဉ်းစားမဆင်ခြင်ဘဲပြောတဲ့စကား၊ (၂) ကြောက်ရွံ့ခြင်းနဲ့ ဖိအား၊ (၃) အရမ်းအပြစ်ကြီးတယ်ဆိုတဲ့ခံစားချက် စတာတွေကို ဘယ်လိုရှောင်နိုင်တယ်ဆိုတာ ဖော်ပြခဲ့တယ်။ စာတန်ရဲ့နောက်ထပ်ထောင်ချောက်နှစ်ခုဖြစ်တဲ့ ရုပ်ပစ္စည်းလိုက်စားခြင်းနဲ့ အိမ်ထောင်ရေးဖောက်ပြန်ခြင်းကို ဘယ်လို ရှောင်နိုင်တယ်ဆိုတာ သုံးသပ်ကြည့်ကြစို့။

လွှမ်းမိုးပိတ်ဆို့နိုင်တဲ့ ရုပ်ပစ္စည်းလိုက်စားခြင်းထောင်ချောက်

၃၊ ၄။ ဤလောကစနစ်ရဲ့စိုးရိမ်ပူပန်ခြင်းက ရုပ်ပစ္စည်းလိုက်စားခြင်းထောင်ချောက်ထဲ ဘယ်လိုကျရောက်သွားစေနိုင်သလဲ။

ဥပမာတစ်ခုမှာ ယေရှုက ဆူးပင်တွေကြားမှာကျတဲ့ မျိုးစေ့အကြောင်း ဖော်ပြခဲ့တယ်။ လူတစ်ယောက်က တရားစကားတော်ကို ကြားပေမဲ့ “ဤလောကစနစ်၏စိုးရိမ်ပူပန်ခြင်းနှင့် စည်းစိမ်ဥစ္စာ၏လှည့်စားခြင်းတို့က တရားစကားတော်ကို လွှမ်းမိုးပိတ်ဆို့သဖြင့် အသီးမသီးသူဖြစ်” သွားတယ်။ (မ. ၁၃:၂၂) ရုပ်ပစ္စည်းလိုက်စားခြင်းက ကျွန်ုပ်တို့ရဲ့ရန်သူစာတန် အသုံးပြုတဲ့ ထောင်ချောက်တစ်မျိုးဖြစ်တယ်။

“တရားစကားတော်ကို လွှမ်းမိုးပိတ်ဆို့” တဲ့အရာတစ်ခုရှိတယ်။ အဲဒီအထဲမှာ အချက်နှစ်ချက်ပါဝင်တယ်။ တစ်ချက်ကတော့ “ဤလောကစနစ်၏စိုးရိမ်ပူပန်ခြင်း၊” နောက်တစ်နည်းနဲ့ပြောရရင် စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်ခြင်းဖြစ်တယ်။ ဒီ “ခက်ခဲကျပ်တည်းသောကာလ” မှာ စိုးရိမ်ပူပန်စရာတွေ အများကြီးရှိတယ်။ (၂ တိ. ၃:၁) ကုန်စျေးနှုန်း ကြီးလာတာ၊ အလုပ်အကိုင်မရှိတာတွေကြောင့် စားဝတ်နေရေးအတွက် ခက်ခဲနိုင်တယ်။ နောင်ရေးအတွက် စိုးရိမ်ပူပန်ပြီး ‘ငါ့မှာ အိုစာမင်းစာ အလုံအလောက်ရှိပါ့မလား’ လို့လည်း သင်စဉ်းစားမိနိုင်တယ်။ ဒီအတွက် ပူပန်နေလို့ တချို့သူတွေက ငွေရှိမှနောင်ရေးအတွက် စိတ်အေးရမယ်လို့ယူဆပြီး ငွေကို သဲကြီးမဲကြီးရှာကြတော့တယ်။

၅။ “စည်းစိမ်ဥစ္စာ” က ကျွန်ုပ်တို့ကို ဘယ်လိုလှည့်စားနိုင်သလဲ။

ယေရှုပြောခဲ့တဲ့ နောက်အချက်တစ်ချက်က “စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း” ဖြစ်တယ်။ စည်းစိမ်ဥစ္စာ၏လှည့်စားခြင်းနဲ့ စိုးရိမ်ပူပန်ခြင်း ပေါင်းလိုက်တဲ့အခါ ကျွန်ုပ်တို့က ရုပ်ပစ္စည်းလိုက်စားခြင်းထောင်ချောက်ထဲ ကျရောက်သွားနိုင်တယ်။ သမ္မာကျမ်းစာမှာ “ငွေသည်လည်း ကွယ်ကာတတ်၏” လို့ ဖော်ပြထားတယ်။ (ဒေ. ၇:၁၂) ဒါပေမဲ့ စည်းစိမ်ဥစ္စာကိုပဲ သဲကြီးမဲကြီး ရှာဖွေနေမယ်ဆိုရင် ပညာမဲ့ရာကျတယ်။ စည်းစိမ်ဥစ္စာများများရဖို့ ကြိုးစားလေ ရုပ်ပစ္စည်းလိုက်စားခြင်းထောင်ချောက်ထဲ ပိုနစ်လေဆိုတာ လူများစွာ သိခဲ့ကြရပြီ။ တချို့ဆိုရင် စည်းစိမ်ဥစ္စာရဲ့ကျွန်တောင် ဖြစ်သွားကြတယ်။—မ. ၆:၂၄

၆၊ ၇။ (က) သင့်အလုပ်ခွင်မှာ သင့်ကို ငွေများများရစေနိုင်တဲ့ ဘယ်လိုအခြေအနေမျိုး ပေါ်လာနိုင်သလဲ။ (ခ) အချိန်ပိုဆင်းဖို့ တောင်းဆိုခံရတဲ့ ခရစ်ယာန်တစ်ဦး ဘယ်အချက်ကို စဉ်းစားသင့်သလဲ။

ချမ်းသာကြွယ်ဝလိုတဲ့ဆန္ဒက ကျွန်ုပ်တို့စိတ်ထဲ မသိမသာဝင်လာနိုင်တယ်။ ဥပမာအနေနဲ့ ဒီအဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ။ သင့်အလုပ်ရှင်က သင့်ထံ ချဉ်းကပ်လာပြီး “ငါ့မှာ သတင်းကောင်းရှိတယ်။ ကုမ္ပဏီက ကန်ထရိုက်လုပ်ငန်းကြီးတစ်ခု ရထားပြီ။ ဒါက နောက်လတွေမှာ အချိန်ပိုဆင်းရလိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါပေမဲ့ လုပ်အားခ မြိုးမြိုးမြက်မြက်လေးရမယ်ဆိုတာ သေချာတယ်။” အဲဒီလိုပြောလာရင် သင်ဘယ်လို့ တုံ့ပြန်မလဲ။ သင့်မှာ မိသားစုကို ရှာဖွေကျွေးမွေးရမယ့်တာဝန်ရှိတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ သင့်တာဝန်က အဲဒါလောက်ပဲ မဟုတ်ဘူး။ (၁ တိ. ၅:၈) သင် ထည့်စဉ်းစားရမယ့် တခြားအချက်တွေ အများကြီးရှိသေးတယ်။ အချိန်ပိုက ဘယ်နှစ်နာရီကြာမလဲ။ သင့်အလုပ်က ဘုရားသခင့်အမှုဆောင်ဖို့၊ အသင်းတော်အစည်းအဝေးတွေတက်ဖို့နဲ့ မိသားစုဝတ်ပြုမှုလုပ်ဖို့ ခက်ခဲစေမလား။

သင့်အတွက် အရေးကြီးဆုံးက ဘာလဲဆိုတာ စဉ်းစားပါ။ အပိုဝင်ငွေလား၊ ယေဟောဝါနဲ့ သင့်ဆက်ဆံရေးလား။ ငွေကို ပိုရှာချင်တဲ့အတွက် ဘုရားသခင့်နိုင်ငံတော် ဦးစွာရှာခြင်းကို ရပ်လိုက်တော့မလား။ သင်နဲ့ ယေဟောဝါရဲ့ဆက်ဆံရေး၊ သင့်မိသားစုနဲ့ ယေဟောဝါရဲ့ဆက်ဆံရေးကို ဂရုမစိုက်တော့ဘူးဆိုရင် ရုပ်ပစ္စည်းလိုက်စားခြင်းက သင့်အပေါ် ဘယ်လိုဆိုးကျိုးတွေ သက်ရောက်နိုင်တယ်ဆိုတာ သင်သိမြင်သလား။ အခု သင့်ရဲ့အခြေအနေက အဲဒီလိုဖြစ်နေတယ်ဆိုရင် ရုပ်ပစ္စည်းလိုက်စားခြင်းကြောင့် လွှမ်းမိုးပိတ်ဆို့ခြင်းမခံရအောင် ဘယ်လို ရှောင်နိုင်သလဲ။—၁ တိမောသေ ၆:၉၊ ၁၀ ကိုဖတ်ပါ။

၈။ သမ္မာကျမ်းစာမှာပါတဲ့ ဘယ်ပုံနမူနာတွေက ကျွန်ုပ်တို့ရဲ့ဘဝပုံစံကို ပြန်စစ်ဆေးဖို့ ကူညီပေးနိုင်သလဲ။

ရုပ်ပစ္စည်းလိုက်စားခြင်းကြောင့် လွှမ်းမိုးပိတ်ဆို့မခံရဖို့ ကျွန်ုပ်တို့က ကိုယ့်ရဲ့ဘဝပုံစံကို မှန်မှန်စစ်ဆေးသင့်တယ်။ ကျွန်ုပ်တို့က ယေဟောဝါရဲ့ကတိတော်တွေကို တန်ဖိုးထားလေးမြတ်စိတ်မရှိတဲ့ ဧသောလို ဘယ်တော့မှ မဖြစ်သင့်ဘူး။ (က. ၂၅:၃၄; ဟေဗြဲ ၁၂:၁၆) ဒါ့အပြင် ရှိသမျှစည်းစိမ်ဥစ္စာတွေကိုရောင်းပြီး ဆင်းရဲသားတွေကို ဝေပေး၊ ပြီးမှ ယေရှုနောက်လိုက်ပါလို့ ဖိတ်ခေါ်ခံရတဲ့ သူဌေးနဲ့လည်း မတူသင့်ဘူး။ သူဌေးက ယေရှုပြောတဲ့အတိုင်း လုပ်မယ့်အစား “ထိုစကားကိုကြားလျှင် ဝမ်းနည်းလျက် ထွက်သွား” ခဲ့တယ်။ (မ. ၁၉:၂၁၊ ၂၂) ဒီသူဌေးပိုင်ဆိုင်တဲ့စည်းစိမ်ဥစ္စာတွေက သူ့အတွက် ထောင်ချောက်လိုဖြစ်သွားတယ်။ အသက်ရှင်ခဲ့သမျှမှာ အကြီးမြတ်ဆုံးလူသားဖြစ်တဲ့ ယေရှုနောက် လိုက်နိုင်တဲ့အခွင့်ထူးကို သူလက်လွှတ်လိုက်ရတယ်။ ယေရှုခရစ်ရဲ့တပည့်ဖြစ်ရတဲ့အခွင့်ထူးကို လက်မလွှတ်မိစေဖို့ ကျွန်ုပ်တို့ ဂရုစိုက်သင့်တယ်။

၉၊ ၁၀။ သမ္မာကျမ်းစာအဆိုအရ ရုပ်ပစ္စည်းတွေကို ဘယ်လိုရှုမြင်သင့်တယ်လို့ သင်ထင်သလဲ။

ရုပ်ပစ္စည်းတွေရဲ့ လှည့်စားမှုမခံရစေဖို့ ယေရှုရဲ့သတိပေးချက်ကို ကျွန်ုပ်တို့ နားထောင်ဖို့လိုတယ်။ ယေရှု ဒီလိုပြောခဲ့တယ်– “‘အဘယ်သို့ စားရမည်နည်း။ အဘယ်သို့ သောက်ရမည်နည်း။ အဘယ်သို့ဝတ်ရမည်နည်း’ ဟူ၍ ဘယ်သောအခါမျှ မစိုးရိမ်ကြနှင့်။ ဤအရာများကို လူမျိုးခြားတို့သည် ကြိုးစား၍ ရှာဖွေတတ်ကြ၏။ ဤအရာအားလုံးကို သင်တို့လိုအပ်ကြောင်း ကောင်းကင်ဘုံရှိ သင်တို့၏အဖ သိတော်မူ၏။”—မ. ၆:၃၁၊ ၃၂; လု. ၂၁:၃၄၊ ၃၅

၁၀ ကျွန်ုပ်တို့က စည်းစိမ်ဥစ္စာရဲ့လှည့်စားခြင်းထောင်ချောက်ထဲ မကျရောက်ချင်ဘူးဆိုရင် “ကျွန်တော့်ကို ဆင်းရဲခြင်းကိုဖြစ်စေ၊ ချမ်းသာခြင်းကိုဖြစ်စေ မပေးပါနဲ့။ လိုအပ်သလောက်အစားအစာကိုပဲ ကျွန်တော်စားသုံးပါရစေ” လို့ပြောခဲ့တဲ့ ကျမ်းရေးသူ အာဂုရလို အမြင်မျိုးရှိရမှာဖြစ်တယ်။ (သု. ၃၀:၈ကဘ) အာဂုရက ငွေရဲ့ကာကွယ်နိုင်စွမ်းနဲ့ စည်းစိမ်ဥစ္စာရဲ့ လှည့်စားနိုင်စွမ်းကို ကောင်းကောင်းနားလည်တယ်ဆိုတာ ထင်ရှားတယ်။ ဒီလောကစနစ်ရဲ့စိုးရိမ်ပူပန်ခြင်းနဲ့ စည်းစိမ်ဥစ္စာရဲ့လှည့်စားခြင်းက ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ပျက်စီးစေနိုင်တယ်ဆိုတာ သဘောပေါက်သင့်တယ်။ ရုပ်ပစ္စည်းအတွက်ပဲ အလွန်အမင်းစိုးရိမ်ပူပန်နေရင် ကျွန်ုပ်တို့ရဲ့ဘဝမှာ ဘုရားသခင့်နိုင်ငံတော်ကို ဦးစွာရှာဖို့ အချိန်နဲ့ခွန်အား ဒါမှမဟုတ် ဆန္ဒရှိတော့မှာမဟုတ်ဘူး။ ဒါကြောင့် စာတန်ရဲ့ ရုပ်ပစ္စည်းလိုက်စားခြင်းထောင်ချောက်ထဲ မကျသွားဖို့ ဂရုပြုသင့်တယ်။—ဟေဗြဲ ၁၃:၅ ကိုဖတ်ပါ။

မမြင်နိုင်တဲ့ထောင်ချောက်နဲ့တူတဲ့ အိမ်ထောင်ရေးဖောက်ပြန်မှု

၁၁၊ ၁၂။ ခရစ်ယာန်တစ်ယောက်က အလုပ်ခွင်မှာ အိမ်ထောင်ရေးဖောက်ပြန်တဲ့ထောင်ချောက်ထဲ ဘယ်လို ကျသွားနိုင်သလဲ။

၁၁ သားကောင်ကြီးတွေကို ဖမ်းချင်တဲ့ မုဆိုးတွေက သားကောင်သွားတတ်တဲ့လမ်းမှာ တွင်းတူးထားကြတယ်။ တွင်းဝမှာ တုတ်ချောင်းတွေစီထားပြီး မြေကြီးနဲ့ ခပ်ပါးပါးဖုံးထားတယ်။ စာတန်အသုံးတည့်နေတဲ့ သွေးဆောင်မှုတစ်ခုက အဲဒီထောင်ချောက်မျိုးနဲ့တူတယ်။ အဲဒါက အကျင့်ယိုယွင်းခြင်းဖြစ်တယ်။ (သု. ၂၂:၁၄; ၂၃:၂၇) တချို့ခရစ်ယာန်တွေက အလွယ်တကူ အကျင့်ယိုယွင်းမိနိုင်တဲ့ အခြေအနေထဲကျရောက်ဖို့ ကိုယ့်ကိုယ်ကိုယ် ခွင့်ပြုလိုက်တဲ့အတွက် အဲဒီထောင်ချောက်ထဲကျသွားကြတယ်။ အိမ်ထောင်သည်ခရစ်ယာန်တချို့ဟာ တခြားတစ်ယောက်နဲ့ မသင့်တော်တဲ့ အချစ်ဇာတ်လမ်းတွေစပြီးနောက်မှာ အိမ်ထောင်ရေးဖောက်ပြန်ခဲ့ကြတယ်။

၁၂ မသင့်တော်တဲ့အချစ်ဇာတ်လမ်းတွေကို သင့်အလုပ်ခွင်မှာ အစပြုမိနိုင်တယ်။ လေ့လာမှုတစ်ခုအရ အိမ်ထောင်ရေးဖောက်ပြန်တဲ့အမျိုးသမီး တစ်ဝက်ခန့်နဲ့ အမျိုးသားအများစုက အလုပ်ဖော်တွေနဲ့ မှားယွင်းတာဖြစ်တယ်။ သင့်အလုပ်ဖော်တွေက ဆန့်ကျင်ဘက်လိင်ရှင်လား။ ဟုတ်တယ်ဆိုရင် သင်နဲ့ သူတို့ရဲ့ဆက်ဆံရေးက ဘယ်လိုရှိသလဲ။ အချစ်ဇာတ်လမ်းတွေ မစမိစေဖို့ ဆက်ဆံရေးကို ကန့်သတ်ထားသလား။ ဥပမာ၊ ညီအစ်မတစ်ယောက်က သူ့ရဲ့အလုပ်ဖော်အမျိုးသားတစ်ယောက်နဲ့ မကြာခဏ စကားပြောလေ့ရှိတယ်။ ဒီအမျိုးသားက ညီအစ်မအတွက် ယုံကြည်စိတ်ချရတဲ့၊ ရင်းနှီးတဲ့မိတ်ဆွေဖြစ်လာပြီး သူမရဲ့အိမ်တွင်းရေးပြဿနာတွေကိုတောင် ပြောပြတယ်။ နောက်အခြေအနေတစ်ခုမှာ ခရစ်ယာန်အမျိုးသားတစ်ယောက်က အမျိုးသမီးအလုပ်ဖော်တစ်ယောက်နဲ့ ရင်းနှီးလာပြီး ဒီလိုတွေးမိနိုင်တယ်– “သူနဲ့ငါက သဘောထားချင်း တိုက်ဆိုင်တယ်၊ ငါစကားပြောရင် သူကောင်းကောင်း နားထောင်ပေးတယ်။ ငါ့ကိုလည်း လေးစားတယ်။ ငါ့မိန်းမသာ ငါ့ကို အဲဒီလိုဆက်ဆံရင် ကောင်းမှာပဲ။” ဒီခရစ်ယာန်နှစ်ယောက်က အိမ်ထောင်ရေးဖောက်ပြန်တဲ့ထောင်ချောက်ထဲ ကျသွားနိုင်တယ်ဆိုတာ သင်သိမြင်သလား။

၁၃။ မသင့်တော်တဲ့အချစ်ဇာတ်လမ်းက အသင်းတော်ထဲမှာ ဘယ်လိုအစပြုနိုင်သလဲ။

၁၃ မသင့်တော်တဲ့အချစ်ဇာတ်လမ်းက အသင်းတော်ထဲမှာလည်း အစပြုနိုင်တယ်။ ဒီ ဖြစ်ရပ်မှန်ဇာတ်လမ်းကို လေ့လာကြည့်ပါ။ ကိုကျော်စွာနဲ့ မကြည်ကြည် *တို့ဇနီးမောင်နှံက မှန်မှန်ရှေ့ဆောင်တွေဖြစ်တယ်။ ကိုကျော်စွာက အကြီးအကဲတစ်ယောက်ဖြစ်ပြီး ပေးလာတဲ့တာဝန်ကို ဘယ်တော့မှ မငြင်းဘူး။ သူက အမျိုးသားလူငယ် ငါးယောက်ကို ကျမ်းစာသင်ပေးခဲ့ပြီး သုံးယောက်က နှစ်ခြင်းခံခဲ့တယ်။ နှစ်ခြင်းခံပြီးခါစ ဒီညီအစ်ကိုတွေက စိတ်ပိုင်းဆိုင်ရာကူညီမှု အတော်အတန် လိုအပ်ခဲ့တယ်။ ကိုကျော်စွာက အသင်းတော်မှာ အရမ်းအလုပ်များလို့ မကြည်ကြည်က ဒီညီအစ်ကိုတွေကို ကူညီပေးရလေ့ရှိတယ်။ မကြည်ကြည်ကိုယ်နှိုက်လည်း ဂရုစိုက်ခံရဖို့လိုအပ်နေတယ်၊ အဲဒီဂရုစိုက်မှုကို ကိုကျော်စွာရဲ့ကျမ်းစာသင်သားတွေဆီက ရတယ်။ အခြေအနေက အန္တရာယ်ရှိတဲ့ထောင်ချောက်နဲ့တူနေပြီ။ ကိုကျော်စွာ ဒီလိုပြောတယ်– “ကျွန်တော့်ဇနီးက တစ်လပြီးတစ်လ စိတ်ရောကိုယ်ပါနှစ်ပြီး တခြားသူတွေကို ကူညီပေးနေတယ်၊ ဒါကြောင့် သူနဲ့ ယေဟောဝါရဲ့ဆက်ဆံရေးမှာရော၊ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာမှာပါ အကူအညီလိုအပ်နေတယ်။ ဒီအတောအတွင်း ကျွန်တော်ကလည်း သူ့ကို ဂရုမစိုက်မိဘူး။ ဒါက တကယ့်အဖြစ်ဆိုး ကျရောက်စေဖို့ အစပျိုးခြင်းပဲ။ ကျွန်တော့်ဇနီးက ကျွန်တော်ကျမ်းစာသင်ပေးခဲ့တဲ့ ညီအစ်ကိုတွေထဲကတစ်ယောက်နဲ့ ဖောက်ပြန်သွားတယ်။ ကျွန်တော့်မျက်စိရှေ့မှာပဲ ယေဟောဝါနဲ့ သူ့ရဲ့ဆက်ဆံရေး အားနည်းလာတယ်၊ ကျွန်တော်က ကျွန်တော့်အခွင့်အရေးတွေကိုပဲ အရမ်းအလေးထားခဲ့တဲ့အတွက် ဒါကို သတိမထားမိခဲ့ဘူး။” ဒီအဖြစ်ဆိုးမျိုးမဖြစ်အောင် သင် ဘယ်လိုရှောင်နိုင်သလဲ။

၁၄၊ ၁၅။ အိမ်ထောင်ရေးဖောက်ပြန်ခြင်းကိုရှောင်နိုင်ဖို့ အိမ်ထောင်သည်ခရစ်ယာန်တွေကို ဘာက ကူညီပေးနိုင်သလဲ။

၁၄ အိမ်ထောင်ရေးဖောက်ပြန်မှုကိုရှောင်ဖို့အတွက် အိမ်ထောင်ကတိသစ္စာရဲ့အဓိပ္ပာယ်ကို အလေးအနက်စဉ်းစားဖို့လိုတယ်။ ယေရှုက “ဘုရားသခင်တွဲဖက်ထားသူတို့ကို မည်သူမျှ မခွဲမခွာစေနှင့်” လို့ပြောခဲ့တယ်။ (မ. ၁၉:၆) သင့်အိမ်ထောင်ဖက်ထက် သင့်အသင်းတော်တာဝန်က ပိုအရေးကြီးတယ်လို့ ဘယ်တော့မှ မစဉ်းစားသင့်ဘူး။ သင်က သိပ်အရေးမကြီးတဲ့အကြောင်းတွေကြောင့် သင့်အိမ်ထောင်ဖက်ကို အချိန်သိပ်မပေးနိုင်တော့ဘူးဆိုရင် သင်တို့ရဲ့ဆက်ဆံရေး သိပ်မကောင်းတော့တာဖြစ်နိုင်တယ်။ ဒါက သင်ရော သင့်အိမ်ထောင်ဖက်ပါ အိမ်ထောင်ရေးဖောက်ပြန်ဖို့ သွေးဆောင်မှုဖြစ်စေနိုင်တယ်။

၁၅ သင်က အကြီးအကဲတစ်ဦးဖြစ်တယ်ဆိုရင် အသင်းတော်ကို ဂရုစိုက်ကြည့်ရှုရမှာဖြစ်တယ်။ တမန်တော်ပေတရု ဒီလိုရေးခဲ့တယ်– “သင်တို့စောင့်ရှောက်နေသော ဘုရားသခင့်သိုးတော်စုကို အတင်းအကျပ်စေခိုင်းခံရ၍မဟုတ်ဘဲ စိတ်လိုကိုယ်လျောက် ထိန်းကျောင်းကြလော့။ မသမာသောနည်းဖြင့် အမြတ်ထုတ်လို၍မဟုတ်ဘဲ စေတနာစိတ်နှင့်ပြုကြလော့။” (၁ ပေ. ၅:၂) အသင်းတော်မှာရှိတဲ့သူတွေကို လျစ်လျူမရှုပါနဲ့။ ဒါပေမဲ့ လင်သားကောင်းတစ်ယောက်ရဲ့ တာဝန်တွေကို မလုပ်နိုင်တော့တဲ့အထိ အသင်းတော်အလုပ်တွေကိုပဲ ကြိုးစားပမ်းစားလုပ်ပြီး အကြီးအကဲကောင်းတစ်ယောက်ဖြစ်ဖို့ မကြိုးစားသင့်ဘူး။ အိမ်မှာရှိတဲ့ သင့်ဇနီးကိုတော့ ဂရုမစိုက်ဘဲ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေကို ကူညီပေးတာက ကျိုးကြောင်းမညီညွတ်ဘူး။ အဲဒါက သင့်အိမ်ထောင်အတွက် အန္တရာယ်ရှိတယ်။ ကိုကျော်စွာ ဒီလိုပြောခဲ့တယ်– ‘သင့်မိသားစုကို လျစ်လျူရှုမိတဲ့အထိ သင့်ရဲ့တာဝန်တွေနဲ့ပဲ အရမ်းအလုပ်များမနေသင့်ဘူး။’

၁၆၊ ၁၇။ (က) အိမ်ထောင်သည်ခရစ်ယာန်တွေအနေနဲ့ မိမိတို့ဟာ အလုပ်ခွင်မှာ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းတွေစဖို့ စိတ်မဝင်စားကြောင်း လူတွေသိအောင် ဘာလုပ်နိုင်သလဲ။ (ခ) အိမ်ထောင်သည်ခရစ်ယာန်တွေ အိမ်ထောင်ရေးဖောက်ပြန်ခြင်း ထောင်ချောက်ထဲမကျအောင် ကူညီပေးတဲ့ ဆောင်းပါးတွေကိုဖော်ပြပါ။

၁၆ အိမ်ထောင်သည်ခရစ်ယာန်တွေ အိမ်ထောင်ရေးဖောက်ပြန်ခြင်း ထောင်ချောက်ထဲမကျအောင် ရှောင်နိုင်ဖို့ ကင်းမျှော်စင်နဲ့ နိုးလော့!တွေမှာ အကြံဉာဏ်ကောင်းတွေပေးထားတယ်။ ဥပမာ၊ စက်တင်ဘာ ၁၅၊ ၂၀၀၆ ကင်းမျှော်စင်မှာ ဒီလိုအကြံပေးထားတယ်– “အလုပ်ခွင်နှင့် အခြားမည်သည့်နေရာတွင်မဆို ရင်းနှီးလွန်းစေသော အခြေအနေများကို သတိပြုပါ။ ဥပမာ၊ အချိန်ပိုအလုပ်ဆင်းချိန်များတွင် လိင်ခြားသူတစ်ဦးနှင့် နီးကပ်စွာရှိနေခြင်းက သွေးဆောင်မှုဖြစ်နိုင်သည်။ အိမ်ထောင်သည်အမျိုးသား သို့မဟုတ် အမျိုးသမီးတစ်ဦးအနေဖြင့် သင်သည် အိမ်ထောင်ဖက်မဟုတ်သူနှင့် ချစ်ရေးချစ်ရာများကို လုံးဝစိတ်မဝင်စားကြောင်း အပြောအဆို၊ အပြုအမူအားဖြင့် အတိအလင်း တင်ပြသင့်သည်။ ဘုရားသခင်ဝတ်၌ မွေ့လျော်သူတစ်ဦးအနေဖြင့် ပရောပရည်လုပ်ခြင်း၊ ဣန္ဒြေမဲ့စွာ ဝတ်စားဖြီးလိမ်းခြင်းအားဖြင့် မိမိကို အာရုံစိုက်လွန်းစေမည်မဟုတ်ပေ။ . . . သင့်အိမ်ထောင်ဖက်နှင့် သားသမီးများ၏ဓာတ်ပုံကို အလုပ်ခွင်တွင်ထားခြင်းက သင်သည် မိသားစုကို အလေးထားသူဖြစ်ကြောင်း သင်ကိုယ်တိုင်နှင့် အခြားသူများကိုပါ သိရှိစေမည်။ သူတစ်ပါး၏သွေးဆောင်မြှူဆွယ်မှုများကို ရေလာမြောင်းပေးမလုပ်နှင့်။ လုံးဝခွင့်မပြုပါနှင့်။”

၁၇ ဧပြီ ၂၀၀၉၊ နိုးလော့! မှာပါတဲ့ “အိမ်ထောင်တွင်သစ္စာရှိခြင်း—အမှန်အားဖြင့် အဘယ်အရာကို ဆိုလိုသနည်း” ဆိုတဲ့ဆောင်းပါးမှာ သင့်အိမ်ထောင်ဖက်မဟုတ်သူတစ်ဦးနဲ့ လိင်ကိစ္စစိတ်ကူးယဉ်ခြင်းအကြောင်း သတိပေးထားတယ်။ လိင်ဆိုင်ရာစိတ်ကူးယဉ်ခြင်းက အိမ်ထောင်ရေးဖောက်ပြန်ဖို့အကြောင်း တိုးများစေတယ်လို့ အဲဒီဆောင်းပါးက ဖော်ပြတယ်။ (ယာ. ၁:၁၄၊ ၁၅) သင်က အိမ်ထောင်သည်ဖြစ်တယ်ဆိုရင် သင့်ဇနီးနဲ့အတူ ဒီဆောင်းပါးတွေကို မကြာခဏ ပြန်သုံးသပ်တာက ပညာရှိရာရောက်တယ်။ အိမ်ထောင်မင်္ဂလာကို ယေဟောဝါအစပြုခဲ့ပြီး အဲဒါက သန့်ရှင်းမြင့်မြတ်တယ်။ သင့်အိမ်ထောင်ဖက်နဲ့အတူ သင့်အိမ်ထောင်အကြောင်း ပြောဆိုဆွေးနွေးဖို့ အချိန်ယူပါ။ အဲဒီလိုလုပ်တာက သန့်ရှင်းမြင့်မြတ်ရာတွေကို သင်တန်ဖိုးထားလေးမြတ်ကြောင်း ဖော်ပြရာရောက်တယ်။—က. ၂:၂၁-၂၄

၁၈၊ ၁၉။ (က) အိမ်ထောင်ရေးဖောက်ပြန်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာလဲ။ (ခ) အိမ်ထောင်ဖက်ကိုသစ္စာရှိခြင်းက ဘာအကျိုးတွေရရှိစေသလဲ။

၁၈ အကယ်၍ သင်က မသင့်တော်တဲ့အချစ်ဇာတ်လမ်းတွေစဖို့ သွေးဆောင်ခံရတယ်ဆိုရင် တရားမဝင်လိင်ဆက်ဆံခြင်းနဲ့ အိမ်ထောင်ရေးဖောက်ပြန်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို စဉ်းစားပါ။ (သု. ၇:၂၂၊ ၂၃; ဂလ. ၆:၇) လိင်အကျင့်ယိုယွင်းသူတွေကို ယေဟောဝါမနှစ်သက်ဘူး၊ အဲဒီလိုလုပ်တာက အိမ်ထောင်ဖက်ကိုရော၊ မိမိကိုယ်ကိုပါ စိတ်ထိခိုက်နာကျင်စေတယ်။ (မာလခိ ၂:၁၃၊ ၁၄ ကိုဖတ်ပါ။) ကိုယ်ကျင့်တရား စင်ကြယ်သန့်ရှင်းသူတွေရရှိမယ့် အကျိုးကျေးဇူးတွေကိုစဉ်းစားပါ။ သူတို့က အနာဂတ်မှာ ထာဝစဉ်အသက်ရှင်နိုင်မယ့် မျှော်လင့်ချက်ရှိတဲ့အပြင် အခုအချိန်မှာလည်း ကြည်လင်တဲ့ကိုယ်ကိုယ်ကိုယ်သိတဲ့စိတ်ရှိပြီး အကောင်းဆုံးအသက်တာနဲ့ နေထိုင်သွားနိုင်မှာဖြစ်တယ်။—သု. ၃:၁၊ ၂ ကိုဖတ်ပါ။

၁၉ ဆာလံဆရာက “တရားတော်ကို နှစ်သက်သောသူတို့၌ ကြီးစွာသောငြိမ်ဝပ်ခြင်းရှိ၏။ သူတို့စိတ်ပျက်စရာအကြောင်းမရှိ” လို့ သီဆိုခဲ့တယ်။ (ဆာ. ၁၁၉:၁၆၅) ဒါကြောင့် ဒီနောက်ဆုံးကာလမှာ အမှန်တရားကိုချစ်မြတ်နိုးပြီး “သင်တို့၏ကျင့်ကြံပြုမူပုံသည် ပညာမဲ့ကဲ့သို့မဟုတ်ဘဲ ပညာရှိကဲ့သို့ဖြစ်စေရန် ကြပ်ကြပ်သတိပြုလျက်နေ” ပါ။ (ဧ. ၅:၁၅၊ ၁၆) ဒီနေ့အချိန်မှာ စာတန်က စစ်မှန်တဲ့ဝတ်ပြုသူတွေကို ထောင်ဖမ်းဖို့အတွက် ထောင်ချောက်တွေအများကြီး ဆင်ထားတယ်။ ဒါပေမဲ့ စာတန့်ထောင်ချောက်ထဲ ဘယ်တော့မှ မကျရအောင် ဘုရားသခင်က ကျွန်ုပ်တို့ “အခိုင်အမာရပ်တည်” နိုင်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လိုအပ်ရာတွေကို ပြင်ဆင်ပေးထားတယ်။—ဧ. ၆:၁၁၊ ၁၆

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 13 နာမည်တွေကိုပြောင်းထား။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ရုပ်ပစ္စည်းလိုက်စားခြင်းက ဘုရားသခင်နဲ့ သင့်ဆက်ဆံရေးကို ပျက်စီးစေနိုင်တယ်၊ အဲဒီလိုအဖြစ်မခံပါနဲ့

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

အရောတဝင်နေလွန်းခြင်းက အိမ်ထောင်ရေးဖောက်ပြန်မှုဖြစ်စေနိုင်