မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခက်အခဲတွေကို ရဲစွမ်းသတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းပါ

အခက်အခဲတွေကို ရဲစွမ်းသတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းပါ

“ဘုရားသခင်သည် ငါတို့ခိုလှုံရာ ဖြစ်၍ ခွန်အားကို ပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။”—ဆာ. ၄၆:၁

၁၊ ၂။ ယနေ့အချိန်မှာ လူတွေ ဘယ်အခက်အခဲတွေ ကြုံတွေ့ရသလဲ။ ကျွန်ုပ်တို့တစ်ဦးချင်းစီအနေနဲ့ ဘာဖြစ်ချင်ကြသလဲ။

ခက်ခဲကျပ်တည်းတဲ့ကာလမှာ ကျွန်ုပ်တို့ အသက်ရှင်နေကြရတယ်။ ကမ္ဘာပေါ်မှာ ကပ်ဘေးတစ်ခုပြီးတစ်ခု ဖြစ်ပွားနေတယ်။ မြေငလျင်၊ ဆူနာမီ၊ တောမီးလောင်တာ၊ ရေကြီးတာ၊ မီးတောင်ပေါက်ကွဲတာ၊ လေဆင်နှာမောင်း၊ တိုင်ဖွန်းနဲ့ ဟာရီကိန်းမုန်တိုင်း စတာတွေကြောင့် လူတွေအကြီးအကျယ် ဒုက္ခရောက်နေတယ်။ ဒါ့အပြင် တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို မိသားစုနဲ့ ကိုယ်ရေးကိုယ်တာပြဿနာတွေကလည်း လူတွေကို စိုးရိမ်စိတ်တွေဝင်စေပြီး ဝမ်းနည်းစေတယ်။ ကျွန်ုပ်တို့အားလုံး “မမျှော်လင့်ထားတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေ” ကြုံတွေ့ရနိုင်တယ်ဆိုတဲ့ ကျမ်းစကားက တကယ်မှန်တယ်။—ဒေ. ၉:၁၁ကဘ။

ဘုရားသခင့်ကျေးကျွန်တွေဟာ ဒီအခက်အခဲပြဿနာတွေကြားမှာ ကိုယ်တော့်ကို ဆက်ပြီး ရွှင်လန်းစွာဝတ်ပြုကိုးကွယ်နေကြတယ်။ ဒါပေမဲ့ ဒီလောကစနစ် ကုန်ဆုံးချိန်နီးလာတာနဲ့အမျှ ကြုံတွေ့ရနိုင်တဲ့ ဘယ်အခက်အခဲကိုမဆို ကျွန်ုပ်တို့တစ်ဦးချင်းစီအနေနဲ့ ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ရှိချင်ကြတယ်။ အခက်အခဲတွေ ကြုံတွေ့ရတဲ့အခါ ကျွန်ုပ်တို့ ဘယ်လိုဖြေရှင်းနိုင်သလဲ။ ရဲစွမ်းသတ္တိရှိရှိဖြေရှင်းနိုင်ဖို့ ဘယ်ကနေ အကူအညီရမလဲ။

ရဲစွမ်းသတ္တိရှိခဲ့သူတွေထံက သင်ယူပါ

၃။ ရောမ ၁၅:၄ မှာဖော်ပြထားသလို စိတ်ပျက်စရာအခြေအနေတွေ ကြုံတွေ့ရတဲ့အခါ ဘယ်လိုနည်းနဲ့ နှစ်သိမ့်မှုရနိုင်သလဲ။

လူတွေဟာ အရင်ကထက် အခက်အခဲဒုက္ခတွေ ပိုကြုံတွေ့လာရပေမဲ့ ဒါတွေက အသစ်အဆန်းတော့မဟုတ်ပါဘူး။ အတိတ်က ဘုရားသခင့်ကျေးကျွန်တချို့ အခက်အခဲတွေကို ဘယ်လို ရဲစွမ်းသတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းခဲ့တယ်ဆိုတာ လေ့လာကြည့်ကြစို့။—ရော. ၁၅:၄

၄။ ဘယ်ပြဿနာတွေကို ဒါဝိဒ်ကြုံတွေ့ခဲ့ရသလဲ။ ဘာက သူ့ကို ကူညီပေးခဲ့သလဲ။

ဒါဝိဒ်အကြောင်း စဉ်းစားကြည့်ပါ။ ဘုရင်ရှောလုက သူ့ကိုသတ်ချင်နေတယ်၊ ရန်သူတွေက သူ့ဇနီးတွေကို ဖမ်းသွားတယ်၊ သူ့ရဲ့မိသားစုဝင်တချို့နဲ့ မိတ်ဆွေတချို့က သူ့ကို သစ္စာဖောက်သွားတယ်။ အဲဒီအချိန်မှာ သူ အရမ်းစိတ်ပျက်ခဲ့မှာပဲ။ (၁ ရာ. ၁၈:၈၊ ၉; ၃၀:၁-၅; ၂ ရာ. ၁၇:၁-၃; ၂၄:၁၅၊ ၁၇; ဆာ. ၃၈:၄-၈) အဲဒီပြဿနာတွေကြောင့် ဒါဝိဒ်ရဲ့ဘဝမှာ ဒုက္ခမျိုးစုံခံစားခဲ့ရတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ ဒါပေမဲ့ အဲဒါတွေကြောင့် ယေဟောဝါအပေါ်ထားတဲ့ ဒါဝိဒ်ရဲ့ယုံကြည်ခြင်း မပျောက်ဆုံးခဲ့ဘူး။ ဒါဝိဒ်ဟာ ယုံကြည်စိတ်ချမှုအပြည့်နဲ့ “ယေဟောဝါက ငါ့အသက်ရဲ့ ရဲတိုက်ဖြစ်တယ်။ ဘယ်သူ့ကို ငါကြောက်လန့်ရမှာလဲ” လို့ပြောခဲ့တယ်။—ဆာ. ၂၇:၁ကဘ; ဆာလံ ၂၇:၅၊ ၁၀ ကိုဖတ်ပါ။

၅။ ဘဝပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အာဗြဟံနဲ့စာရာကို ဘာက ကူညီပေးခဲ့သလဲ။

အာဗြဟံနဲ့စာရာဟာ သူတို့အသက်တာရဲ့ အချိန်အတော်များများမှာ တဲနဲ့ပဲ နေခဲ့ရတယ်။ သူတို့ အကျွမ်းတဝင်မရှိတဲ့နယ်မြေမှာ သူစိမ်းတွေလို နေခဲ့ရတယ်။ သူတို့ဘဝက အမြဲ အေးအေးချမ်းချမ်း ရှိခဲ့တာမဟုတ်ဘူး။ ဥပမာ၊ အစာခေါင်းပါးတာ၊ သူတို့အနီးအနားမှာရှိတဲ့ လူမျိုးတွေ နှောင့်ယှက်တာကို ခံခဲ့ကြရတယ်။ ဒါပေမဲ့ သူတို့က ရဲစွမ်းသတ္တိရှိရှိနဲ့ ရင်ဆိုင်ခံရပ်နိုင်ခဲ့တယ်။ (က. ၁၂:၁၀; ၁၄:၁၄-၁၆) ဘယ်လိုနည်းနဲ့ ရင်ဆိုင်ခံရပ်နိုင်ခဲ့တာလဲ။ အာဗြဟံဟာ ‘စစ်မှန်သည့်အုတ်မြစ်များရှိသော၊ ဘုရားသခင်တည်ထောင်ပြုစုသောမြို့ကို စောင့်မျှော်လျက်နေ’ လို့ပဲ။ (ဟေဗြဲ ၁၁:၈-၁၀) အာဗြဟံနဲ့စာရာဟာ ဘုရားသခင် သူတို့ကိုပေးခဲ့တဲ့ကတိကိုပဲ အာရုံစိုက်ခဲ့တယ်၊ ဘဝပြဿနာတွေကြောင့် စိတ်ဓာတ်မကျခဲ့ကြဘူး။

၆။ ယောဘကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။

ယောဘလည်း အကြီးအကျယ် ဒုက္ခရောက်ခဲ့တယ်။ သူ့ဘဝပျက်သွားပြီလို့ ထင်ရတဲ့အခါမှာ သူ ဘယ်လိုခံစားခဲ့ရမလဲဆိုတာ စဉ်းစားကြည့်ပါ။ (ယောဘ ၃:၃၊ ၁၁) ပိုဆိုးတာက ဘာကြောင့် အဲဒီလိုဖြစ်တယ်ဆိုတာကို သူလုံးဝမသိခဲ့ဘူး။ ဒါပေမဲ့ သူ ဘယ်တော့မှ အရှုံးမပေးခဲ့ဘူး။ သူ့ရဲ့သစ္စာသမာဓိနဲ့ ယုံကြည်ခြင်းကို ဆက်ထိန်းသိမ်းခဲ့တယ်။ (ယောဘ ၂၇:၅ ကိုဖတ်ပါ။) တကယ်တုပထိုက်တဲ့ စံနမူနာကောင်းတစ်ခုပါပဲ။

၇။ ပေါလု ဘုရားသခင့်အမှုဆောင်ရာမှာ ဘယ်လို ဘေးတွေကို ကြုံတွေ့ခဲ့ရသလဲ။ ဒါပေမဲ့ ဘယ်အရာက ဆက်လုပ်ဆောင်နိုင်ဖို့ သူ့ကို ရဲစွမ်းသတ္တိရှိစေခဲ့သလဲ။

တမန်တော်ပေါလုရဲ့ စံနမူနာကိုလည်း စဉ်းစားကြည့်ပါ။ သူဟာ “မြို့တွင်ကြုံရသောဘေး၊ တောတွင်ကြုံရသောဘေး၊ ပင်လယ်တွင်ကြုံရသောဘေး” တွေကို ရင်ဆိုင်ခဲ့ရတယ်။ ‘အစားအသောက်ပြတ်ခြင်း၊ အအေးဒဏ်ခံရခြင်း၊ အဝတ်အချည်းစည်းဖြစ်ခြင်း’ စတဲ့အကြောင်းတွေကိုလည်း သူပြောခဲ့တယ်။ ‘တစ်နေ့နဲ့တစ်ညပတ်လုံး ပင်လယ်ထဲမှာနေခဲ့ရ’ တဲ့အကြောင်းလည်းပြောတယ်၊ သူ စီးတဲ့သင်္ဘော ပျက်သွားလို့ဖြစ်နိုင်တယ်။ (၂ ကော. ၁၁:၂၃-၂၇) အဲဒီလိုအန္တရာယ်တွေနဲ့ ကြုံတွေ့ရပေမဲ့ သူအကောင်းမြင်စိတ် ဆက်မွေးခဲ့တယ်။ တစ်ခါက အသတ်ခံရလုနီးနီး ဖြစ်ခဲ့ပြီးနောက် သူဒီလိုပြောခဲ့တယ်– “ငါတို့သည် ကိုယ့်ကိုယ်ကိုယ် အားမကိုးဘဲ လူသေတို့ကို ထမြောက်စေတော်မူသော ဘုရားသခင်ကို အားကိုးကြမည်အကြောင်းဖြစ်၏။ ဘုရားသခင်သည် ငါတို့ကို အလွန်ကြောက်မက်ဖွယ်ကောင်းသော သေဘေးမှ ကယ်လွှတ်တော်မူခဲ့သည်သာမက ကယ်လွှတ်တော်မူဦးမည်။” (၂ ကော. ၁:၈-၁၀) ပေါလုလောက် ဒုက္ခအများကြီးခံရတဲ့သူ သိပ်ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့အများစုက ပေါလုခံစားရသလို ခံစားခဲ့ရတဲ့အချိန်တွေ ရှိတယ်။ ဒါကြောင့် သူ့ရဲ့ရဲစွမ်းသတ္တိကနေ နှစ်သိမ့်မှု ရယူနိုင်ပါတယ်။

ပြဿနာတွေကြောင့် လက်မလျှော့ပါနဲ့

၈။ ယနေ့ပြဿနာတွေက ကျွန်ုပ်တို့အပေါ် ဘယ်လိုထိခိုက်နိုင်သလဲ။ ဥပမာပေးပါ။

ယနေ့ကမ္ဘာပေါ်မှာ သဘာဝဘေးအန္တရာယ်တွေ၊ တခြား စိတ်ပျက်စရာပြဿနာတွေ ပြည့်နှက်နေလို့ ခေါင်းမထောင်နိုင်အောင် ဖြစ်နေနိုင်တယ်။ တချို့ခရစ်ယာန်တွေတောင် အဲဒီလို ခံစားကြရတယ်။ ခင်ပွန်းနဲ့အတူ အချိန်ပြည့်လုပ်ငန်းမှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်နေတဲ့ ဩစတြေးလျက လတ်နီး *ဟာ သူ ရင်သားကင်ဆာဖြစ်နေပြီဆိုတာ သိလိုက်ရတယ်။ အဲဒါကိုကြားတော့ ခေါင်းကို မိုးကြိုးပစ်လိုက်သလိုပဲလို့ သူပြောတယ်။ “ဆေးကုသမှုက ကျွန်မကို ပိုအနေရခက်စေတယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုလည်း မရှိတော့ဘူး” လို့ပြောပြတယ်။ အဲဒါထက်ပိုဆိုးတာက သူဟာ ကျောရိုးခွဲစိတ်ထားတဲ့ ခင်ပွန်းကိုလည်း ပြုစုရသေးတယ်။ ကျွန်ုပ်တို့သာ အဲဒီလိုဖြစ်နေတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။

၉၊ ၁၀။ (က) စာတန်ကို ဘာလုပ်ဖို့ အခွင့်မပေးသင့်သလဲ။ (ခ) တမန်တော် ၁၄:၂၂ မှာဖော်ပြထားတဲ့ “ဆင်းရဲဒုက္ခများစွာ” ကို ရင်ဆိုင်ဖြေရှင်းဖို့ ဘယ်သဘောထားက ကူညီပေးနိုင်သလဲ။

စာတန်က ဒီဆင်းရဲဒုက္ခတွေကိုသုံးပြီး ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်း အားနည်းသွားအောင်၊ ပျော်ရွှင်မှုပျောက်ဆုံးသွားအောင် လုပ်ဖို့ကြိုးစားတယ်ဆိုတာ သတိရသင့်တယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်ဖို့ ခွင့်မပြုရဘူး။ “သင်က ဒုက္ခရောက်ချိန်မှာ စိတ်ဓာတ်ကျနေမယ်ဆိုရင် အားအင်တွေ လျော့နည်းသွားလိမ့်မယ်” လို့ သမ္မာကျမ်းစာက ပြောတယ်။ (သု. ၂၄:၁၀ကဘ) အထက်မှာဖော်ပြခဲ့တဲ့ ကျမ်းစာပါ ပုံနမူနာတွေကို တွေးတောဆင်ခြင်မယ်ဆိုရင် အခက်အခဲဒုက္ခတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ ကျွန်ုပ်တို့ ရဲစွမ်းသတ္တိ ရှိလာပါလိမ့်မယ်။

၁၀ ပြဿနာအားလုံးကို ကျွန်ုပ်တို့ မဖယ်ရှားနိုင်ဘူးဆိုတာကိုလည်း သတိရသင့်တယ်။ အဲဒါတွေကို ကျွန်ုပ်တို့ ကြုံတွေ့ရမယ်ဆိုတာ မျှော်လင့်ထားရမယ်။ (၂ တိ. ၃:၁၂) တမန်တော် ၁၄:၂၂ မှာ “ငါတို့သည် ဆင်းရဲဒုက္ခများစွာခံ၍ ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ကြရမည်” လို့ ဖော်ပြထားတယ်။ ပြဿနာတွေကြောင့် စိတ်ဓာတ်ကျမယ့်အစား ဘုရားသခင့်ကူညီနိုင်စွမ်းကို သင်တို့ ယုံကြည်စိတ်ချကြောင်း တင်ပြနိုင်တဲ့အခွင့်အရေးပဲလို့ ရှုမြင်ပါ။

၁၁။ ဘဝရဲ့ပြဿနာတွေကြောင့် စိတ်ဓာတ်ကျမနေဖို့ ကျွန်ုပ်တို့ ဘာလုပ်နိုင်သလဲ။

၁၁ ကျွန်ုပ်တို့က ကောင်းတဲ့အရာတွေကိုပဲ အာရုံစိုက်နေရမှာဖြစ်တယ်။ “ရွှင်လန်းနေတဲ့စိတ်နှလုံးက မျက်နှာကို ရွှင်ပျစေတယ်။ နာကျင်နေတဲ့နှလုံးသားကြောင့် စိတ်ကြေကွဲရတယ်” လို့ သမ္မာကျမ်းစာကပြောတယ်။ (သု. ၁၅:၁၃ကဘ) ကောင်းတာကိုပဲ စဉ်းစားတဲ့လူနာတွေက ရောဂါမြန်မြန်ပျောက်တယ်ဆိုတဲ့အချက်ကို ဆရာဝန်တွေသိတယ်။ လူနာတစ်ယောက်ကို အာနိသင်မရှိတဲ့ဆေးတစ်လုံး တိုက်လိုက်တယ်၊ ဒါပေမဲ့ အဲဒီလူနာက ဒီဆေးကြောင့် သူနေကောင်းလာမယ်လို့ ယုံကြည်တယ်ဆိုရင် သူပြန်နေကောင်းလာမှာဖြစ်တယ်။ ဒါပေမဲ့ အဲဒီဆေးကြောင့် သူပိုပြီးနေမကောင်းဖြစ်မယ်လို့ ထင်နေရင် သူ့ကျန်းမာရေး ပိုဆိုးသွားပါလိမ့်မယ်။ ဒီဥပမာကဖော်ပြတဲ့အတိုင်း ကျွန်ုပ်တို့ဘဝမှာ ကိုယ်မဖြေရှင်းနိုင်တဲ့ပြဿနာတွေကိုပဲ စဉ်းစားနေတယ်ဆိုရင် စိတ်ဓာတ်ကျလာမှာဖြစ်တယ်။ ဒါပေမဲ့ ယေဟောဝါက ကျွန်ုပ်တို့ကို တကယ်အကူအညီပေးတယ်။ ဒုက္ခရောက်နေတဲ့အချိန်တွေမှာတောင် ကိုယ်တော်က သမ္မာကျမ်းစာ၊ ညီအစ်ကိုညီအစ်မတွေရဲ့ ကူညီထောက်မမှုနဲ့ ကိုယ်တော့်သန့်ရှင်းသောစွမ်းအားတော်ကတစ်ဆင့် ကျွန်ုပ်တို့ကို အားပေးတယ်။ အဲဒီအကြောင်းတွေကို အမြဲစဉ်းစားနေရမှာဖြစ်ပြီး အဲဒါက ကျွန်ုပ်တို့ကို ပိုပျော်ရွှင်စေမှာဖြစ်တယ်။ ကိုယ့်ဘဝမှာဖြစ်ပျက်ခဲ့တဲ့ မကောင်းတဲ့အရာတွေကိုပဲ စဉ်းစားနေမယ့်အစား ပြဿနာတစ်ခုစီကိုဖြေရှင်းဖို့ သင်လုပ်နိုင်တဲ့အရာကို လုပ်ဆောင်ပြီး သင့်မှာရှိတဲ့ ကောင်းတဲ့အရာတွေကို စဉ်းစားပါ။—သု. ၁၇:၂၂

၁၂၊ ၁၃။ (က) သဘာဝဘေးဒဏ်တွေ ကြုံရတဲ့အခါ ခံရပ်နိုင်ဖို့ ဘုရားသခင့်ကျေးကျွန်တွေကို ဘာက ကူညီပေးသလဲ။ ဥပမာပေးပါ။ (ခ) သဘာဝဘေးတွေက ဘဝရဲ့ အရေးကြီးဆုံးအရာကို ဘယ်လို သိရှိစေနိုင်သလဲ။

၁၂ မကြာသေးခင်က နိုင်ငံတချို့မှာ ပြင်းထန်တဲ့သဘာဝဘေးတွေ ဖြစ်ပွားခဲ့တယ်။ အဲဒီဒေသမှာရှိတဲ့ညီအစ်ကိုညီအစ်မတွေဟာ ထူးထူးခြားခြား ကြံ့ကြံ့ခံ ရပ်တည်ခဲ့ကြတယ်။ အဲဒီလိုခံရပ်ဖို့ဆိုတာ လွယ်တာတော့မဟုတ်ဘူး။ ၂၀၁၀၊ ဖေဖော်ဝါရီလက ပြင်းထန်တဲ့ငလျင်နဲ့ ဆူနာမီကြောင့် ချီလီမှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေရဲ့ အိမ်တွေနဲ့ ပိုင်ဆိုင်ရာတွေ အများကြီး ပျက်စီးသွားတယ်၊ တချို့သူတွေဆိုရင် အလုပ်လက်မဲ့ဖြစ်သွားတယ်။ ဒီလိုဖြစ်နေပေမဲ့ ညီအစ်ကိုတွေဟာ ယေဟောဝါရဲ့အမှုတော်မှာ ဆက်ပြီး တက်တက်ကြွကြွ ပါဝင်ခဲ့ကြတယ်။ အိမ်လုံးဝပျက်စီးသွားတဲ့ ဆမ်မြူရယ်က ဒီလိုပြောတယ်– “ဒီလောက်ခက်ခဲတဲ့အခြေအနေကြားမှာ ကျွန်တော့်ဇနီးနဲ့ ကျွန်တော်ဟာ အစည်းအဝေးတက်တာ၊ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်တာကို မရပ်တန့်ခဲ့ဘူး။ အဲဒါက ကျွန်တော်တို့ကို စိတ်ဓာတ်မကျအောင် ကူညီပေးတာလို့ ကျွန်တော်ယုံကြည်တယ်။” သူတို့နဲ့ တခြားညီအစ်ကိုညီအစ်မတွေဟာ သဘာဝဘေးကြောင့် စိတ်ဓာတ်မကျဘဲ ယေဟောဝါကို ထက်ထက်သန်သန် ဆက်အမှုဆောင်ခဲ့ကြတယ်။

၁၃ ၂၀၀၉၊ စက်တင်ဘာလမှာ မိုးအရမ်းရွာတဲ့အတွက် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရဲ့ နေရာအတော်များများမှာ ရေလွှမ်းမိုးခဲ့တယ်။ ပိုင်ဆိုင်ရာအတော်များများကို ဆုံးရှုံးခဲ့တဲ့ သူဌေးတစ်ယောက် ဒီလိုပြောခဲ့တယ်– “ရေလွှမ်းမိုးဘေးက တန်းတူညီမျှဖြစ်အောင် လုပ်လိုက်တာပဲ၊ သူဌေးတွေရော ဆင်းရဲသားတွေပါ အားလုံး ဒုက္ခရောက်ပြီး အခက်တွေ့ကုန်တယ်။” ဒါက ယေရှုရဲ့ ဒီပညာရှိအကြံပြုချက်ကို သတိရစေတယ်– “သံချေး၊ ပိုးရွမဖျက်ဆီး၍ သူခိုး မထွင်းမဖောက် မခိုးမယူတတ်သော ကောင်းကင်ဘုံ၌ သင်တို့၏ဘဏ္ဍာကို စုဆောင်းကြလော့။” (မ. ၆:၂၀) ဘဝမှာ အလွယ်တကူပျောက်ဆုံးသွားနိုင်တဲ့ ငွေနဲ့ ရုပ်ပစ္စည်းတွေကို အဓိကထားတဲ့လူတစ်ယောက်ဟာ စိတ်ပျက်ရလေ့ရှိတယ်။ ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို အဓိကထားတာက ပိုပြီးပညာရှိရာရောက်တယ်၊ ဘာကြောင့်လဲဆိုတော့ ဘာပဲဖြစ်လာပါစေ အဲဒီဆက်ဆံရေးက မပြတ်တောက်နိုင်လို့ပဲ။—ဟေဗြဲ ၁၃:၅၊ ၆ ကိုဖတ်ပါ။

ရဲစွမ်းသတ္တိတင်ပြရတဲ့ အကြောင်းရင်းတွေ

၁၄။ ကျွန်ုပ်တို့မှာ ရဲစွမ်းသတ္တိတင်ပြဖို့ ဘယ်အကြောင်းရင်းတွေ ရှိသလဲ။

၁၄ ယေရှုက မိမိရောက်ရှိလာတဲ့အခါ ကမ္ဘာပေါ်မှာ ပြဿနာတွေရှိမယ်လို့ ပြောခဲ့တယ်၊ ဒါပေမဲ့ “ထိတ်လန့်ခြင်းမရှိကြနှင့်” လို့ပြောခဲ့တယ်။ (လု. ၂၁:၉) ကျွန်ုပ်တို့ရဲ့ဘုရင်ယေရှုနဲ့ စကြဝဠာဖန်ဆင်းရှင် ယေဟောဝါရဲ့ ကူညီထောက်မမှုကြောင့် ကျွန်ုပ်တို့မှာ ရဲစွမ်းသတ္တိတင်ပြနိုင်တဲ့ အကြောင်းရင်းတွေရှိပါတယ်။ ပေါလုက တိမောသေကို အခုလိုပြောပြီး အားပေးခဲ့တယ်– “ဘုရားသခင်သည် ငါတို့အား ကြောက်တတ်သည့်စိတ်ကို ပေးတော်မူသည်မဟုတ်။ တန်ခိုးပါသော၊ ချစ်တတ်သော၊ သမာသတိရှိသောစိတ်ကို ပေးတော်မူ၏။”—၂ တိ. ၁:၇

၁၅။ ဘုရားသခင်အပေါ် ယုံကြည်စိတ်ချမှုရှိကြောင်း ကိုယ်တော့်ကျေးကျွန်တချို့ ဘယ်လိုပြောခဲ့ကြသလဲ။ ကျွန်ုပ်တို့လည်း အဲဒီလိုယုံကြည်စိတ်ချမှုမျိုးရှိအောင် ဘယ်လိုလုပ်နိုင်သလဲ။

၁၅ ယုံကြည်ခြင်းခိုင်ခံ့ခဲ့တဲ့ ဘုရားသခင့်ကျေးကျွန်တွေရဲ့ စကားတွေကို ဂရုပြုကြည့်ပါ။ ဒါဝိဒ် ဒီလိုပြောခဲ့တယ်– “ယေဟောဝါက ငါ့အစွမ်းခွန်အား၊ ငါ့ဒိုင်းလွှားဖြစ်တယ်။ ငါ့စိတ်နှလုံးက သူ့ကိုပဲ ယုံကြည်ကိုးစားတယ်။ ငါ့ကို သူကူညီပေးလို့ ငါ့စိတ်နှလုံး ဝမ်းမြောက်တယ်။” (ဆာ. ၂၈:၇ကဘ) ပေါလုက သူ့ရဲ့မယိမ်းယိုင်တဲ့ယုံကြည်စိတ်ချမှုနဲ့ပတ်သက်ပြီး ဒီလိုပြောခဲ့တယ်– “ငါတို့ကိုချစ်တော်မူသောသခင်အားဖြင့် ငါတို့သည် ထိုအမှုခပ်သိမ်း၌ အောင်မြင်မှု အပြည့်အဝရရှိကြ၏။” (ရော. ၈:၃၇) ယေရှုက သူမကြာခင် အဖမ်းခံရပြီး အသတ်ခံရတော့မယ်ဆိုတာ သိတယ်၊ သူပြောခဲ့တဲ့စကားတွေက သူနဲ့ဘုရားသခင်ရဲ့ဆက်ဆံရေး ဘယ်လောက်ခိုင်ခံ့တယ်ဆိုတာကို အထင်အရှားဖော်ပြတယ်။ “ငါသည် တစ်ကိုယ်တည်းမဟုတ်။ အကြောင်းမူကား ခမည်းတော်သည် ငါနှင့်အတူ ရှိတော်မူ၏” လို့ သူပြောခဲ့တယ်။ (ယော. ၁၆:၃၂) ဘုရားသခင့်ကျေးကျွန်တွေ ပြောခဲ့တဲ့ စကားတွေမှာ ဘာထင်ရှားနေသလဲ။ သူတို့အားလုံး ယေဟောဝါအပေါ် မယိမ်းယိုင်တဲ့ ယုံကြည်ခြင်းရှိကြောင်း ထင်ရှားတယ်။ ကျွန်ုပ်တို့လည်း အဲဒီလို ယုံကြည်စိတ်ချမှုမျိုးရှိဖို့ သင်ယူမယ်ဆိုရင် ဘယ်လိုအခက်အခဲမျိုးကိုပဲ ရင်ဆိုင်ရပါစေ ကျွန်ုပ်တို့ လိုအပ်တဲ့ရဲစွမ်းသတ္တိ ရရှိနိုင်မှာဖြစ်တယ်။—ဆာလံ ၄၆:၁-၃ ကိုဖတ်ပါ။

ဘုရားသခင်ပေးတဲ့အကူအညီကနေ အကျိုးရယူပါ

၁၆။ သမ္မာကျမ်းစာလေ့လာခြင်းက ကျွန်ုပ်တို့အတွက် ဘာကြောင့် အရေးကြီးသလဲ။

၁၆ ခရစ်ယာန်ရဲစွမ်းသတ္တိဆိုတာ ကိုယ့်အားကိုယ်ကိုးပြီး ရတာမျိုးမဟုတ်ဘူး။ ဘုရားသခင်ကိုသိကျွမ်းပြီး ကိုယ်တော့်ကိုအားကိုးခြင်းကနေ ရတာဖြစ်တယ်။ အဲဒီလိုရဖို့ ကိုယ်တော့်စကားတော် သမ္မာကျမ်းစာကို မှန်မှန်လေ့လာရမယ်။ စိတ်ကျဝေဒနာခံစားရတဲ့ ညီအစ်မတစ်ယောက်က သူအကူအညီရခဲ့ပုံကို ပြောပြတယ်– “ကျွန်မကို စိတ်သက်သာမှုပေးတဲ့ကျမ်းပိုဒ်တွေကို အထပ်ထပ်အခါခါ ဖတ်တယ်။” မိသားစုဝတ်ပြုမှု မှန်မှန်လုပ်ပါဆိုတဲ့ ညွှန်ကြားချက်အတိုင်း ကျွန်ုပ်တို့ လုပ်ဆောင်နေသလား။ အဲဒါတွေကိုလုပ်တာက ဆာလံဆရာလို သဘောထားမျိုးရှိဖို့ ကျွန်ုပ်တို့ကို ကူညီပေးပါလိမ့်မယ်။ သူဒီလို ပြောခဲ့တယ်– “ကိုယ်တော်၏တရားကို ကျွန်ုပ်သည် အလွန်နှစ်သက်ပါ၏။ တစ်နေ့လုံး ဆင်ခြင်အောက်မေ့လျက် နေပါ၏။”—ဆာ. ၁၁၉:၉၇

၁၇။ (က) ယေဟောဝါ ကျွန်ုပ်တို့ကို ရဲစွမ်းသတ္တိရှိစေတဲ့ နောက်နည်းတစ်နည်းက ဘာလဲ။ (ခ) ကျွန်ုပ်တို့ရဲ့စာပေတွေမှာပါတဲ့ ဘဝအတ္ထုပ္ပတ္တိတစ်ပုဒ်က သင့်ကို ဘယ်လိုကူညီပေးခဲ့တယ်ဆိုတာ ဥပမာတစ်ခုပေးပါ။

၁၇ ယေဟောဝါဟာ ကျမ်းစာအခြေပြုစာပေတွေကိုအသုံးပြုပြီးတော့လည်း ကျွန်ုပ်တို့ကို ရဲစွမ်းသတ္တိရှိဖို့ ကူညီပေးတယ်၊ အဲဒီစာပေတွေက သမ္မာကျမ်းစာအကြောင်း သင်ပေးပြီး ယေဟောဝါအပေါ် ပိုယုံကြည်စိတ်ချလာအောင် ကျွန်ုပ်တို့ကို ကူညီပေးတယ်။ ဥပမာ၊ မဂ္ဂဇင်းတွေမှာပါတဲ့ ဘဝအတ္ထုပ္ပတ္တိတွေက ကျွန်ုပ်တို့ကို အများကြီးကူညီပေးတယ်။ စိတ်ပိုင်းဆိုင်ရာရောဂါတစ်မျိုး ခံစားနေရတဲ့ အာရှက ညီအစ်မတစ်ဦးဟာ သူ့လိုရောဂါမျိုးရှိတဲ့ အရင်က သာသနာပြုဖြစ်ခဲ့ဖူးတဲ့ ညီအစ်ကိုတစ်ယောက်အကြောင်း ဖတ်ရတဲ့အခါ အရမ်းအားရှိသွားတယ်။ သူ ဒီလိုရေးတယ်– “အဲဒါက ကျွန်မရဲ့ပြဿနာကို သိရှိစေပြီး ကျွန်မကို မျှော်လင့်ချက်ရှိလာစေတယ်။”

အခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါ ယေဟောဝါပြင်ဆင်ပေးထားရာတွေကနေ အကျိုးရယူပါ

၁၈။ ကျွန်ုပ်တို့ဘာကြောင့် မကြာခဏ ဆုတောင်းသင့်သလဲ။

၁၈ ဆုတောင်းခြင်းက အခြေအနေတိုင်းမှာ အကူအညီဖြစ်စေနိုင်တယ်။ တမန်တော်ပေါလုက ဆုတောင်းခြင်းရဲ့အရေးကြီးပုံကို ဒီလို အလေးပေး ပြောခဲ့တယ်– “မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာတွင် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့ အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်။” (ဖိ. ၄:၆၊ ၇) ခက်ခဲတဲ့အခြေအနေတွေကို ရင်ဆိုင်ခံရပ်နိုင်ဖို့ ကျွန်ုပ်တို့ မကြာခဏ ဆုတောင်းသလား။ အချိန်အတော်ကြာ စိတ်ကျဝေဒနာခံစားခဲ့ရတဲ့ ဗြိတိန်နိုင်ငံက ညီအစ်ကို အဲလက်စ်က သူ့အတွက် အထိရောက်ဆုံးအကူအညီက “ယေဟောဝါကို ဆုတောင်းစကားပြောခြင်းနဲ့ သမ္မာကျမ်းစာဖတ်ပြီး ကိုယ်တော့်စကားနားထောင်ခြင်း” ဖြစ်တယ်လို့ပြောတယ်။

၁၉။ ခရစ်ယာန်အစည်းအဝေးတွေတက်တာနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ဘယ်လိုအမြင်မျိုး ရှိသင့်သလဲ။

၁၉ နောက်ထပ်နည်းလမ်းတစ်ခုက အစည်းအဝေးတွေဖြစ်တယ်။ ဆာလံဆရာက “ကျွန်တော့်ရဲ့ဖြစ်တည်မှုတစ်ခုလုံးက ယေဟောဝါရဲ့ ရင်ပြင်တွေကို တမ်းတရလွန်းလို့ နွမ်းလျနေပြီ” လို့ပြောခဲ့တယ်။ (ဆာ. ၈၄:၂ကဘ) ကျွန်ုပ်တို့လည်း အဲဒီလို ခံစားရသလား။ အစပိုင်းမှာဖော်ပြခဲ့တဲ့ လတ်နီးက ခရစ်ယာန်ပေါင်းသင်းမှုနဲ့ပတ်သက်ပြီး ဒီလိုပြောပြတယ်– “အစည်းအဝေးတက်တာက မဖြစ်မနေ လုပ်ရမယ့်အရာပဲ။ ယေဟောဝါဆီက အကူအညီလိုချင်တယ်ဆိုရင် ကျွန်မ အဲဒီမှာရှိရမယ်ဆိုတာ ကျွန်မသိတယ်။”

၂၀။ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်တာက ကျွန်ုပ်တို့ကို ဘယ်လိုကူညီပေးသလဲ။

၂၀ ဟောပြောခြင်းလုပ်ငန်းမှာ အလုပ်များနေခြင်းကလည်း ကျွန်ုပ်တို့ကို ရဲစွမ်းသတ္တိရှိစေတယ်။ (၁ တိ. ၄:၁၆) ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ လုံးပန်းနေရတဲ့ ဩစတြေးလျက ညီအစ်မတစ်ယောက် ဒီလိုပြောတယ်– “ကျွန်မ မလုပ်ချင်ဆုံးအလုပ်က ဟောပြောခြင်းဖြစ်တယ်၊ ဒါပေမဲ့ အကြီးအကဲတစ်ယောက်က သူနဲ့အတူအမှုဆောင်ဖို့ ကျွန်မကို ဖိတ်ခေါ်တယ်။ ကျွန်မသွားလိုက်တယ်။ ယေဟောဝါ ကူညီပေးတာသေချာတယ်၊ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်တဲ့အခါတိုင်း ကျွန်မပျော်တယ်။ (သု. ၁၆:၂၀) ယေဟောဝါအပေါ် ယုံကြည်ခြင်းရှိဖို့ တခြားသူတွေကို ကူညီပေးတာက ကိုယ်တိုင်ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့အောင်လုပ်ရာလည်းကျတယ်ဆိုတာ လူများစွာ သိရှိခဲ့ကြတယ်။ အဲဒီလိုလုပ်တာက ကိုယ့်ရဲ့အခက်အခဲတွေကို ဆက်မစဉ်းစားတော့ဘဲ ပိုအရေးကြီးတဲ့အရာအပေါ် အာရုံရောက်သွားစေတယ်။—ဖိ. ၁:၁၀၊ ၁၁

၂၁။ ကျွန်ုပ်တို့မှာ အခက်အခဲတွေရှိပေမဲ့ ဘယ်အချက်ကို ယုံကြည်စိတ်ချနိုင်သလဲ။

၂၁ အခက်အခဲတွေကို ရဲစွမ်းသတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းဖို့အတွက် ယေဟောဝါက အကူအညီတွေ အများကြီး ပြင်ဆင်ပေးထားတယ်။ အဲဒီပြင်ဆင်ပေးချက်တွေကနေ အကျိုးရယူပြီး ရဲစွမ်းသတ္တိရှိခဲ့တဲ့ ဘုရားသခင့်ကျေးကျွန်တွေရဲ့ စံနမူနာတွေကို တွေးတောဆင်ခြင်ပြီး တုပမယ်ဆိုရင် အခက်အခဲတွေကို အောင်မြင်စွာဖြေရှင်းနိုင်တယ်ဆိုတာ သေချာပါတယ်။ ဒီလောကစနစ်ရဲ့အဆုံး နီးလာတာနဲ့အမျှ ပြဿနာတွေ ပိုများလာမှာဖြစ်ပေမဲ့ ပေါလုလို ခံစားရနိုင်ပါတယ်။ သူ ဒီလိုပြောခဲ့တယ်– “အလဲထိုးခံရသော်လည်း ဖျက်ဆီးခံရသည်မဟုတ်။ . . . ငါတို့သည် အရှုံးမပေးကြ။” (၂ ကော. ၄:၉၊ ၁၆) ယနေ့ရင်ဆိုင်နေရတဲ့ပြဿနာတွေကို ယေဟောဝါရဲ့အကူအညီနဲ့ ရဲစွမ်းသတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။—၂ ကောရိန္သု ၄:၁၇၊ ၁၈ ကိုဖတ်ပါ။

^ အပိုဒ်၊ 8 နာမည်တချို့ကို ပြောင်းထား။