မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ခေတ္တတည်းခိုသူများ” လိုပဲ ဆက်နေထိုင်ပါ

“ခေတ္တတည်းခိုသူများ” လိုပဲ ဆက်နေထိုင်ပါ

“တိုင်းတစ်ပါးဧည့်သည်များအနေဖြင့် သင်တို့နှင့် ဆိုင်ပြိုင်တိုက်လှန်လျက် ရှိသော သွေးသားဆန္ဒများကို ကြဉ်ရှောင်ရန် ငါတိုက်တွန်းပါ၏။”—၁ ပေ. ၂:၁၁

၁၊ ၂။ ပေတရုက ဘယ်သူတွေကို “ရွေးကောက်တော်မူခြင်းခံရသူများ” လို့ ခေါ်ခဲ့တာလဲ။ သူတို့ကို ဘာကြောင့် “ခေတ္တတည်းခိုသူများ” လို့ခေါ်တာလဲ။

ယေရှု ကောင်းကင်ပြန်တက်ပြီး အနှစ် ၃၀ ခန့်အကြာမှာ တမန်တော်ပေတရုဟာ “ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှနယ်၊ ဗိသုနိပြည် အရပ်ရပ်သို့ကွဲလွင့်နေ” တဲ့ “ခေတ္တတည်းခိုသူများ” လို့သူခေါ်တဲ့ ပုဂ္ဂိုလ်တွေထံ စာတစ်စောင်ရေးခဲ့တယ်။ ပေတရုက သူတို့ကို “ရွေးကောက်တော်မူခြင်းခံရသူများ” လို့လည်းခေါ်ခဲ့တယ်။ (၁ ပေ. ၁:၁) ပေတရုက ကောင်းကင်မှာ ခရစ်တော်နဲ့အတူ ဘုရင်အဖြစ်အုပ်ချုပ်မယ့် “တစ်ဖန်မွေးဖွား” ခြင်းခံရသူတွေဖြစ်တဲ့ ဘိသိက်ခံတွေကို စာရေးခဲ့တာဖြစ်တယ်။ (၁ ပေတရု ၁:၃၊ ၄ ကိုဖတ်ပါ။) ဒါပေမဲ့ အဲဒီရွေးကောက်တော်မူခြင်းခံရသူများကို နောက်ပိုင်းမှာ ဘာကြောင့် “တိုင်းတစ်ပါးဧည့်သည်များ” လို့ ခေါ်တာလဲ။ (၁ ပေ. ၂:၁၁) ကောင်းကင်မျှော်လင့်ချက်ရှိသူ ဒါမှမဟုတ် ရွေးကောက်တော်မူခြင်းခံရသူတွေဟာ ကမ္ဘာတစ်ဝန်းမှာ အရေအတွက် နည်းနည်းပဲရှိတော့တဲ့အချိန်မှာ ဒါကို ကျွန်ုပ်တို့အားလုံးက ဘာကြောင့်စိတ်ဝင်စားသင့်သလဲ။

ပထမရာစုတုန်းက ဘိသိက်ခံတွေကို “ခေတ္တတည်းခိုသူများ” လို့ခေါ်တာက သင့်တော်ပါတယ်။ သူတို့က မြေကြီးပေါ်မှာ အမြဲနေကြမှာမဟုတ်ဘူး။ ဘိသိက်ခံ “သိုးစုငယ်” ထဲမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ တမန်တော်ပေါလုက သူတို့ဟာ တကယ်တော့ ကောင်းကင်နိုင်ငံသားတွေဖြစ်တယ်လို့ ရှင်းပြခဲ့တယ်။ သူ ဒီလိုပြောခဲ့တယ်– “ငါတို့မူကား ကောင်းကင်နိုင်ငံတော်သားများ ဖြစ်ကြ၏။ ထိုအရပ်မှကြွလာမည့် ကယ်တင်ရှင် သခင်ယေရှုခရစ်ကို ထက်သန်စွာ စောင့်မျှော်နေကြ၏။” (လု. ၁၂:၃၂၊ ဖိ. ၃:၂၀) ဆိုလိုတာက ကောင်းကင်အတန်းအစားတွေ သေဆုံးသွားတဲ့အခါမှာ သူတို့ဟာ စာတန်ချုပ်ကိုင်ထားတဲ့ မြေကြီးကိုစွန့်ခွာပြီး ကောင်းကင်မှာ မသေနိုင်တဲ့အသက်ကို ရရှိကြတယ်။ (ဖိလိပ္ပိ ၁:၂၁-၂၃ ကိုဖတ်ပါ။) သူတို့က မြေကြီးပေါ်မှာ ခဏပဲနေလို့ သူတို့ကို “ခေတ္တတည်းခိုသူများ” လို့ခေါ်တာဖြစ်တယ်။

၃။ “အခြားသိုး” နဲ့ပတ်သက်ပြီး ဘယ်မေးခွန်း ပေါ်လာသလဲ။

“အခြားသိုး” တွေကော ဘယ်လိုလဲ။ (ယော. ၁၀:၁၆) သူတို့က ကမ္ဘာမြေကြီးပေါ်မှာ အမြဲနေထိုင်ဖို့ မျှော်လင့်ချက်ရှိတယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ သူတို့က အဲဒီမှာ ထာဝစဉ်နေထိုင်သွားမယ်။ ဒါဆိုရင် သူတို့ကို ဘာကြောင့် “ခေတ္တတည်းခိုသူများ” လို့ခေါ်တာလဲ။

ဖန်ဆင်းခံအရာရှိသမျှ ညည်းတွားနေကြ

၄။ ကမ္ဘာ့ခေါင်းဆောင်တွေက ဘာမလုပ်ပေးနိုင်ဘူးလဲ။

စာတန့်ဆိုးညစ်တဲ့လောက ဆက်တည်ရှိဖို့ ယေဟောဝါ ခွင့်ပြုထားသရွေ့ ခရစ်ယာန်တွေအပါအဝင် လူသားအားလုံးဟာ ယေဟောဝါကို စာတန်ပုန်ကန်ခဲ့တဲ့အကျိုးဆက်ကို ဆက်ခံစားနေရဦးမှာပဲ။ ရောမ ၈:၂၂ မှာ ဒီလိုဖတ်ရတယ်– “ဖန်ဆင်းခံအရာရှိသမျှသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဝေဒနာခံစားနေရသည်ကို ငါတို့သိကြ၏။” ကမ္ဘာ့ခေါင်းဆောင်တွေ၊ သိပ္ပံပညာရှင်တွေ၊ လူသားချင်းစာနာထောက်ထားတဲ့သူတွေဟာ စိတ်ရင်းမှန်ရှိကြပေမဲ့ လူတွေ ဝေဒနာမခံစားရအောင် မလုပ်ပေးနိုင်ကြဘူး။

၅။ ၁၉၁၄ ခုနှစ်ကတည်းက သန်းနဲ့ချီတဲ့သူတွေဟာ ဘာလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြသလဲ။ ဘာကြောင့်လဲ။

၁၉၁၄ ခုနှစ်ကစပြီး သန်းနဲ့ချီတဲ့သူတွေဟာ ဘုရားသခင် နန်းတင်ထားတဲ့ဘုရင် ယေရှုခရစ်ကို လက်အောက်ခံဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့ဟာ စာတန့်လောကစနစ်ရဲ့အစိတ်အပိုင်း မဖြစ်ချင်ကြဘူး။ သူတို့ဟာ စာတန့်လောကကို ထောက်ခံဖို့ ငြင်းဆိုကြတယ်။ အဲဒီအစား သူတို့ဟာ သူတို့ရဲ့အသက်တာနဲ့ သူတို့မှာရှိတဲ့ အဖိုးတန်ရာတွေကိုသုံးပြီး ဘုရားသခင့်နိုင်ငံတော်ကို ထောက်ခံအားပေးကြတယ်။—ရော. ၁၄:၇၊ ၈

၆။ ယေဟောဝါသက်သေတွေကို ဘယ်လိုသဘောမျိုးနဲ့ တိုင်းတစ်ပါးဧည့်သည်များလို့ ခေါ်နိုင်သလဲ။

ယေဟောဝါသက်သေတွေဟာ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ နိုင်ငံသားကောင်းတွေဖြစ်ကြတယ်။ ဒါပေမဲ့ သူတို့ ဘယ်နိုင်ငံမှာပဲရှိပါစေ တိုင်းတစ်ပါးဧည့်သည်တွေလိုပဲ နေထိုင်ကြတယ်။ သူတို့နေထိုင်တဲ့နိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူမှုရေးပြဿနာတွေမှာ ဘယ်တော့မှာ မပါဝင်ကြဘူး။ အခုအချိန်မှာတောင် သူတို့ကိုယ်သူတို့ ဘုရားသခင်ကတိပြုထားတဲ့ ကမ္ဘာသစ်ရဲ့နိုင်ငံသားတွေအဖြစ် ရှုမြင်ကြတယ်။ အဆုံးတိုင်တော့မယ့် ယိုယွင်းနေတဲ့ ဒီလောကမှာ ခေတ္တတည်းခိုသူတွေဖြစ်ရတဲ့အတွက် သူတို့ ဝမ်းသာကြတယ်။

စာတန့်လောကကို ကယ်တင်ဖို့ ကျွန်ုပ်တို့ မကြိုးစားကြဘူး။ ဘုရားသခင့်ကမ္ဘာသစ်ကို ကျွန်ုပ်တို့ ထောက်ခံကြ

၇။ ဘုရားသခင့်ကျေးကျွန်တွေဟာ ဘယ်လိုနည်းနဲ့ အမြဲနေထိုင်သူတွေ ဖြစ်လာကြမလဲ။ သူတို့ ဘယ်မှာနေကြမလဲ။

မကြာခင်မှာ ယေရှုခရစ်ဟာ စာတန့်ဆိုးညစ်တဲ့လောကကို ဖျက်ဆီးပစ်ပါတော့မယ်။ ခရစ်တော်ရဲ့ ကောင်းမြတ်စုံလင်တဲ့ အစိုးရက အပြစ်နဲ့ ဆင်းရဲဒုက္ခအားလုံးကို ဖယ်ရှားပစ်လိမ့်မယ်။ ယေဟောဝါရဲ့အုပ်ချုပ်ပိုင်ခွင့်ကို ငြင်းဆန်ပုန်ကန်သူတွေကိုလည်း ဖယ်ရှားမှာဖြစ်တယ်။ ဘုရားသခင်ကို သစ္စာရှိသူတွေကတော့ သာယာလှပတဲ့မြေကြီးမှာ အမြဲနေထိုင်သူတွေ ဖြစ်ကြပါလိမ့်မယ်။ (ဗျာဒိတ် ၂၁:၁- ကိုဖတ်ပါ။) အဲဒီအချိန်မှာ ဖန်ဆင်းခံအရာတွေဟာ “ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှလွတ်မြောက်၍ ဘုရားသခင့်သားသမီးတို့၏ လွတ်လပ်မှုဘုန်းအသရေကို” အပြည့်အဝ ခံစားရပါလိမ့်မယ်။—ရော. ၈:၂၁

ခရစ်ယာန်စစ်တွေ ဘယ်လို ပြုမူကျင့်ကြံရမလဲ

၈၊ ၉။ “သွေးသားဆန္ဒများကို ကြဉ်ရှောင်” ပါလို့ ပေတရုပြောအခါ ဘာကိုဆိုလိုတာလဲ။

“ချစ်ရသောသူတို့၊ တိုင်းတစ်ပါးဧည့်သည်များအနေဖြင့် သင်တို့နှင့် ဆိုင်ပြိုင်တိုက်လှန်လျက်ရှိသော သွေးသားဆန္ဒများကို ကြဉ်ရှောင်ရန် ငါတိုက်တွန်းပါ၏” လို့ရေးတဲ့အချိန်မှာ ခရစ်ယာန်တွေ ဘယ်လို ပြုမူကျင့်ကြံသင့်တယ်ဆိုတာ ပေတရု ရှင်းပြခဲ့တယ်။ (၁ ပေ. ၂:၁၁) ဒီအကြံပြုချက်က ကောင်းကင်မျှော်လင့်ချက်ရှိသူတွေကို ပေးခဲ့တာဖြစ်ပေမဲ့ ယေရှုရဲ့အခြားသိုးတွေလည်း လိုက်နာဖို့လိုတယ်။

တချို့ဆန္ဒတွေက ဖန်ဆင်းရှင်အလိုရှိတဲ့အတိုင်း ဖြည့်ဆည်းနေသရွေ့ မမှားဘူး။ အဲဒီနည်းနဲ့ဖြည့်ဆည်းတာက ဘဝကို ပိုပြီးပျော်ရွှင်စေတယ်။ ဥပမာ၊ စားကောင်းသောက်ဖွယ်တွေကို စားသောက်ချင်တဲ့ဆန္ဒရှိတာက သဘာဝပဲ။ မိတ်ဆွေကောင်းတွေနဲ့အတူ အပန်းဖြေ၊ ပေါင်းသင်းတာကလည်း ပျော်စရာကောင်းပါတယ်။ အိမ်ထောင်ဖက်နဲ့အတူ လိင်ဆိုင်ရာသာယာမှုခံစားချင်တဲ့ဆန္ဒကလည်း သဘာဝကျပါတယ်။ (၁ ကော. ၇:၃–၅) ဒါပေမဲ့ ပေတရုက “သင်တို့နှင့်ဆိုင်ပြိုင်တိုက်လှန်လျက်ရှိသော သွေးသားဆန္ဒ” အကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ အဲဒါက မှားယွင်းတဲ့သွေးသားဆန္ဒဖြစ်တယ်။ တချို့ ဘာသာပြန်ကျမ်းတွေက အဲဒါကို “အလိုရမ္မက်ကြီးတဲ့ သွေးသားဆန္ဒ” (King James Version) ဒါမှမဟုတ် “အပြစ်ရှိတဲ့ သွေးသားဆန္ဒ” (New International Version) လို့ ဘာသာပြန်တယ်။ ကျွန်ုပ်တို့ ဘယ်လိုအသက်ရှင်နေထိုင်ရမယ်၊ သင့်တော်တဲ့အလိုဆန္ဒတွေကို ဘယ်လိုနည်းနဲ့ ဖြည့်ဆည်းရမယ်ဆိုတာ ယေဟောဝါ ကျွန်ုပ်တို့ကိုပြောပြတယ်။ ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ ကောင်းတဲ့ဆက်ဆံရေးကို ထိခိုက်ပျက်စီးစေတဲ့ ဘယ် လူ့အလိုဆန္ဒကိုမှ ခွင့်မပြုရဘူး။ ကျွန်ုပ်တို့ရဲ့အလိုဆန္ဒကို မှားယွင်းတဲ့နည်းနဲ့ ဖြည့်ဆည်းတယ်ဆိုရင် အသက်ဆုံးရှုံးနိုင်တယ်။

၁၀။ ခရစ်ယာန်တွေကို ဒီလောကရဲ့အစိတ်အပိုင်းဖြစ်သွားစေဖို့ စာတန် ဘယ်နည်းလမ်းတချို့ကို သုံးသလဲ။

၁၀ ကျွန်ုပ်တို့က ဒီလောကရဲ့ “ခေတ္တတည်းခိုသူများ” ဖြစ်တယ်ဆိုတာကို စာတန် မေ့စေချင်တယ်။ စာတန်က ကျွန်ုပ်တို့ကို ရုပ်ပစ္စည်းအဓိကထားသူ၊ အကျင့်ပျက်သူ၊ ထင်ပေါ်ကျော်ကြားလိုသူ၊ ကိုယ့်အရေးကိုသာ ဦးစားထားသူ၊ လူမျိုးဂုဏ်မောက်သူ ဖြစ်စေချင်တယ်။ ဒါတွေအားလုံးက စာတန်ရဲ့ထောင်ချောက်တွေဖြစ်တယ်ဆိုတာ ကျွန်ုပ်တို့ သိထားဖို့လိုတယ်။ မှားယွင်းတဲ့ ဒီသွေးသားဆန္ဒတွေကို ကျွန်ုပ်တို့မလိုက်စားဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင် စာတန့်ဆိုးညစ်တဲ့လောကရဲ့ အစိတ်အပိုင်း ကျွန်ုပ်တို့ မဖြစ်လိုဘူးဆိုတာကို အထင်အရှား ဖော်ပြတာပဲ။ ကျွန်ုပ်တို့ဟာ ဒီလောကမှာ “ခေတ္တတည်းခိုသူများ” အဖြစ်နေထိုင်ကြောင်း သက်သေပြကြတယ်။ ကျွန်ုပ်တို့ရဲ့ တကယ့်ဆန္ဒက ဘုရားသခင့် ဖြောင့်မတ်တဲ့ကမ္ဘာသစ်မှာ အမြဲတမ်းနေထိုင်သူဖြစ်ဖို့ပဲ။ အဲဒီလိုနေထိုင်နိုင်ဖို့ ကျွန်ုပ်တို့ ကြိုးစားအားထုတ်ကြတယ်။

အမူအကျင့်ကောင်း

၁၁၊ ၁၂။ လူတချို့က တိုင်းတစ်ပါးသားတွေကို ဘယ်လိုရှုမြင်ကြသလဲ။ လူတွေက ယေဟောဝါသက်သေတွေကို ဘယ်လို ထင်ကြသလဲ။

၁၁ “ခေတ္တတည်းခိုသူများ” ဆိုတာ ခရစ်ယာန်တွေအတွက် ဘယ်လိုအဓိပ္ပာယ်ရှိကြောင်း အငယ် ၁၂ မှာ ပေတရု ဆက်ရှင်းပြခဲ့တယ်– “လောကရှိလူများရှေ့တွင် ကောင်းမွန်စွာ ကျင့်ကြံလျက်နေကြလော့။ သူတို့သည် သင်တို့ကို လူဆိုးများဟု ဆန့်ကျင်ပြောဆိုသော်လည်း သင်တို့၏ကောင်းသောအကျင့်ကို မြင်သောကြောင့် ကြည့်ရှုစစ်ဆေးတော်မူသောနေ့တွင် ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းကြမည်။” ခေတ္တတည်းခိုသူတွေဟာ တိုင်းတစ်ပါးသားတွေ ဖြစ်ကြတယ်၊ နောက်တစ်မျိုးပြောရရင် သူတို့နေထိုင်တဲ့နိုင်ငံက သူတို့ပိုင်တဲ့နိုင်ငံမဟုတ်ဘူး။ တိုင်းတစ်ပါးသားတွေဟာ တခြားသူတွေနဲ့မတူ တစ်မူထူးခြားတဲ့အတွက်ကြောင့် တစ်ခါတလေမှာ ပြစ်တင်ဝေဖန်ခံရတယ်၊ တချို့က သူတို့ကို လူဆိုးတွေလို့တောင် မြင်ကြတယ်။ သူတို့ရဲ့ ပြောဆိုပြုမူပုံ၊ ဝတ်စားဆင်ယင်ပုံနဲ့ သူတို့ရဲ့အသွင်အပြင်ကိုယ်နှိုက်က သူတို့နေထိုင်တဲ့ နိုင်ငံမှာရှိတဲ့လူတွေနဲ့ ကွဲပြားနေနိုင်တယ်။ ဒါပေမဲ့ သူတို့ရဲ့အမူအကျင့်ကောင်းက သူတို့ဟာ လူဆိုးတွေမဟုတ်ဘူးဆိုတာ လူတွေကို သိမြင်နားလည်စေတယ်။

၁၂ အဲဒီလိုပဲ ခရစ်ယာန်စစ်တွေဟာ တခြားလူတွေနဲ့မတူ တစ်မူထူးခြားနေမှာဖြစ်တယ်။ ဥပမာ၊ သူတို့ပြောဆိုတဲ့အကြောင်းအရာနဲ့ သူတို့ရွေးချယ်တဲ့ ဖျော်ဖြေရေးပုံစံက တခြားသူတွေနဲ့ မတူတာဖြစ်နိုင်တယ်။ သူတို့ရဲ့ ဝတ်စားဖြီးလိမ်းပုံကြောင့် လူတွေက သူတို့ကို သတိထားမိတတ်ကြတယ်။ အဲဒီအချက်တွေကြောင့် တချို့သူတွေက သက်သေခံတွေကို အထင်အမြင်လွဲပြီး လူဆိုးတွေလို့ စွပ်စွဲကြတယ်။ ဒါပေမဲ့ သက်သေခံတွေရဲ့ အမူအကျင့်ကောင်းကြောင့် ချီးမွမ်းတဲ့သူတွေလည်းရှိပါတယ်။

၁၃၊ ၁၄။ “ဉာဏ်ပညာသည် ဖြောင့်မတ်ကြောင်း မိမိ၏လုပ်ရပ်များဖြင့် သက်သေထူ၏” ဆိုတာ ဘာကိုဆိုတာလဲ။ ဥပမာပေးပါ။

၁၃ အမူအကျင့်ကောင်းက တစ်ဖက်သတ်စွပ်စွဲချက်တွေကို တန်ပြန်ချေဖျက်နိုင်ပါတယ်။ အပြစ်ပြောစရာမရှိအောင် ဘုရားသခင်အပေါ် သစ္စာတည်ကြည်ခဲ့တဲ့ တစ်ဦးတည်းသောလူသား ယေရှုတောင်မှ မတရားစွပ်စွဲခံခဲ့ရတယ်။ တချို့လူတွေက ယေရှုကို အစားအသောက်လွန်ကြူးသူ၊ အပြစ်သားတွေနဲ့ ပေါင်းတဲ့သူလို့ ပြောကြတယ်။ ဒါပေမဲ့ ယေရှုရဲ့လုပ်ရပ်က သူ အဲဒီလိုလူစားမျိုးမဟုတ်ဘူးဆိုတာ ဖော်ပြခဲ့တယ်။ “ဉာဏ်ပညာသည် ဖြောင့်မတ်ကြောင်း မိမိ၏လုပ်ရပ်များဖြင့် သက်သေထူ၏” လို့ယေရှုပြောခဲ့တယ်။ (မ. ၁၁:၁၉) ယနေ့အချိန်မှာလည်း အဲဒီအတိုင်းပဲ။ ဥပမာ၊ ဂျာမနီနိုင်ငံ၊ စယ်လ်တာမြို့မှာရှိတဲ့ ဗေသလ အနီးဝန်းကျင်မှာနေတဲ့သူတွေက ဗေသလမိသားစုရဲ့နေထိုင်ပုံဟာ ထူးဆန်းတယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ စယ်လ်တာမြို့ရဲ့ မြို့တော်ဝန်ဟာ ဗေသလအိမ်သားတွေဘက်က ရပ်တည်ပြီး ဒီလိုပြောခဲ့တယ်– “အဲဒီမှာအမှုဆောင်နေတဲ့ သက်သေခံတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ဘဝပုံစံအတိုင်း အသက်ရှင်နေထိုင်ကြတယ်၊ ဒါပေမဲ့ အဲဒီမှာရှိတဲ့သူတစ်ယောက်မှ ရပ်ကွက်မှာရှိတဲ့လူတွေကို အနှောင့်အယှက်မပေးဘူး။”

ကျမ်းစာအမှန်တရားက ဒီရုရှားမိသားစုကို စည်းလုံးစေခဲ့

၁၄ နောက်နမူနာတစ်ခုက ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေဖြစ်တယ်။ လူတွေက သူတို့ကို မိသားစုပြိုကွဲအောင်လုပ်သူ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အားပေးသူ၊ ဆေးကုသမှုကို ငြင်းပယ်သူတွေအဖြစ် အမျိုးမျိုး စွပ်စွဲကြတယ်။ ဒါပေမဲ့ ၂၀၁၀၊ ဇွန်လမှာ ပြင်သစ်နိုင်ငံ၊ စထရာဇ်ဘာ့ဂ်မြို့မှာရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက မော်စကိုတရားရုံးအနေနဲ့ ယေဟောဝါသက်သေတွေရဲ့ဝတ်ပြုရေးကို ဝင်ရောက်စွက်ဖက်တာဟာ မှားယွင်းကြောင်း၊ ယေဟောဝါသက်သေတွေ အစည်းအဝေး ကျင်းပတာကို တားမြစ်ပိုင်ခွင့်မရှိကြောင်း ဆုံးဖြတ်ချက်ချခဲ့တယ်။ သက်သေခံတွေမှာအပြစ်ရှိတယ်ဆိုတာကို ရုရှားတရားရုံးတွေက သက်သေမပြနိုင်ခဲ့ဘူး၊ မော်စကိုတရားရုံးရဲ့ တင်းကျပ်တဲ့ဥပဒေတွေက ယေဟောဝါသက်သေတွေအတွက် မတရားဘူးလို့ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက ပြောခဲ့တယ်။

သင့်တော်တဲ့လက်အောက်ခံမှု

၁၅။ ဘယ်ကျမ်းစာမူကို ခရစ်ယာန်စစ်တွေ လိုက်နာကြသလဲ။

၁၅ မော်စကိုနဲ့ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ ပေတရုပြောခဲ့တဲ့ နောက်ထပ်တောင်းဆိုချက်တစ်ခုကိုလည်း လိုက်နာကြတယ်။ ပေတရု ဒီလိုရေးခဲ့တယ်– “သခင်ကိုထောက်၍ လူ့အာဏာပိုင်ရှိသမျှတို့ကို လက်အောက်ခံကြလော့။ မြင့်မြတ်သော ရှင်ဘုရင်ကိုဖြစ်စေ . . . ဘုရင်ခံများကိုဖြစ်စေ လက်အောက်ခံကြလော့။” (၁ ပေ. ၂:၁၃၊ ၁၄) ကျွန်ုပ်တို့ဟာ ဆိုးညစ်တဲ့လောကရဲ့ အစိတ်အပိုင်းအဝင် မဟုတ်ကြဘူး။ ဒါပေမဲ့ ပေတရုပြောသလို ကျွန်ုပ်တို့ဟာ ဘုရားသခင်အခွင့်နဲ့တည်ရှိတဲ့ အစိုးရအာဏာပိုင်တွေကို လိုလိုလားလား လက်အောက်ခံကြတယ်၊ နောက်တစ်မျိုးပြောရရင် သူတို့ရဲ့ဥပဒေက ဘုရားသခင့်ပညတ်နဲ့ မဆန့်ကျင်သရွေ့ ကျွန်ုပ်တို့ လက်အောက်ခံကြတယ်။—ရောမ ၁၃:၁၊ ၅-၇ ကိုဖတ်ပါ။

၁၆၊ ၁၇။ (က) ကျွန်ုပ်တို့ဟာ အစိုးရကို ဆန့်ကျင်ပုန်ကန်လိုစိတ်မရှိကြောင်း ဘာက ဖော်ပြသလဲ။ (ခ) တချို့အစိုးရခေါင်းဆောင်တွေ ဘာကို အသိအမှတ်ပြုခဲ့ကြသလဲ။

၁၆ ယေဟောဝါသက်သေတွေဟာ လက်ရှိလောကစနစ်မှာ “ခေတ္တတည်းခိုသူများ” အဖြစ်နေထိုင်ကြတယ်၊ အဲဒီလိုနေထိုင်တာက အစိုးရကို ဆန့်ကျင်ချင်လို့ ဒါမှမဟုတ် တခြားလူတွေကို အပြစ်ရှာချင်လို့ မဟုတ်ပါဘူး။ တခြားသူတွေမှာလည်း နိုင်ငံရေး၊ လူ့ပြဿနာဖြေရှင်းရေးနဲ့ပတ်သက်တဲ့ ကိုယ်ပိုင်အယူအဆတွေရှိတယ်ဆိုတာ သူတို့ နားလည်ထားကြပါတယ်။ တချို့ဘာသာရေးအုပ်စုတွေက နိုင်ငံရေးမှာ ပါဝင်ပတ်သက်ကြပေမဲ့ ယေဟောဝါသက်သေတွေကတော့ မပါဝင်ကြပါဘူး။ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အုပ်ချုပ်ပုံနည်းလမ်းတွေကို ပြောင်းလဲပစ်ဖို့ သူတို့ ဘယ်တော့မှ မကြိုးစားကြဘူး။ ယေဟောဝါသက်သေတွေဟာ အစိုးရကိုဆန့်ကျင်ပုန်ကန်တာမျိုး ဒါမှမဟုတ် ဆန့်ကျင်ပုန်ကန်မှုမှာ ပါဝင်ဖို့ တခြားသူတွေကို စည်းရုံးလှုံ့ဆော်တာမျိုး လုံးဝမလုပ်ကြဘူး။

၁၇ “ရှင်ဘုရင်ကို ရိုသေကြ” ပါလို့ ပေတရု ပြောခဲ့တယ်။ ဒါကြောင့် ခရစ်ယာန်တွေဟာ အထက်အာဏာပိုင်တွေကို ရိုသေလေးစား၊ ဂုဏ်တင်တဲ့အတွက်ကြောင့် သူတို့ပြောတာကို နာခံကြတယ်။ (၁ ပေ. ၂:၁၇) တစ်ခါတလေ အထက်အာဏာပိုင်တွေက ယေဟောဝါသက်သေတွေကို အန္တရာယ်ရှိသူတွေအဖြစ် ယူဆစရာအကြောင်း မရှိဘူးလို့ အသိအမှတ်ပြုကြတယ်။ ဥပမာ၊ ဂျာမနီက နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ရှတက်ဖန် ရိုက်ကာက နာဇီခေတ်တုန်းက နှိပ်စက်ညှဉ်းပန်းခံရတဲ့ ယေဟောဝါသက်သေတွေမှာ အမူအကျင့်ကောင်း ရှိတယ်လို့ ပြောခဲ့တယ်။ ယေဟောဝါသက်သေတွေဟာ နှိပ်စက်ညှဉ်းပန်းခံရတာတောင်မှ သူတို့ရဲ့ ယုံကြည်ချက်တွေကို မပြောင်းလဲခဲ့ဘူး၊ အကျဉ်းသားအချင်းချင်းအပေါ်မှာလည်း ကြင်ကြင်နာနာ ဆက်ဆံကြတယ်။ ဒီအရည်အသွေးတွေက ဂျာမနီလိုနိုင်ငံမျိုးအတွက် အရမ်းအရေးပါတယ်၊ အထူးသဖြင့် တချို့သူတွေဟာ တခြားနိုင်ငံမှာရှိတဲ့သူတွေအပေါ်၊ နိုင်ငံရေးအယူအဆချင်း၊ ယုံကြည်ချက်ချင်းမတူတဲ့ သူတွေအပေါ် ပိုပိုပြီး ထောက်ထားစာနာမှု ကင်းမဲ့လာတဲ့အတွက်ကြောင့်လို့ သူပြောခဲ့တယ်။

မေတ္တာပြပါ

၁၈။ (က) ကျွန်ုပ်တို့ ဘာကြောင့် ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံးကို ချစ်တာလဲ။ (ခ) ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး လူတချို့ ဘယ်လိုပြောကြသလဲ။

၁၈ ‘ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ကြလော့’ လို့လည်း တမန်တော်ပေတရု ရေးခဲ့တယ်။ (၁ ပေ. ၂:၁၇) ယေဟောဝါသက်သေတွေဟာ ဘုရားသခင်ကို ကြောက်ရွံ့ကြတယ်၊ ဆိုလိုတာက ဘုရားသခင်မနှစ်သက်မှာကိုကြောက်ကြတယ်။ ဒီကြောက်ရွံ့မှုက ဘုရားသခင့်အလိုတော် ဆောင်လိုစိတ်ရှိအောင် လှုံ့ဆော်ပေးတယ်။ သူတို့တွေက ယေဟောဝါကို အတူတကွအမှုဆောင်နေကြတဲ့ ကမ္ဘာချီ ညီအစ်ကိုညီအစ်မအုပ်စုမှာ ပါဝင်ရတာကို ပျော်ရွှင်ကြတယ်။ သူတို့တွေက “ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးကို ချစ်” တယ်။ ဒီနေ့ကမ္ဘာပေါ်မှာတော့ တခြားသူတွေကို ချစ်တဲ့သူ အရမ်းရှားသွားပြီ။ ဒါကြောင့် သက်သေခံမဟုတ်တဲ့သူတချို့က သက်သေခံတွေအချင်းချင်း ချစ်ကြတာကိုကြည့်ပြီး တစ်ခါတလေ အံ့ဩကြတယ်။ ဥပမာ၊ အမေရိကန် ခရီးသွားကုမ္ပဏီတစ်ခုရဲ့ ဧည့်လမ်းညွှန် အမျိုးသမီးတစ်ဦးဟာ ၂၀၀၉ ခုနှစ်၊ ဂျာမနီအပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို တက်ရောက်လာတဲ့ ညီအစ်ကိုညီအစ်မတွေ အချင်းချင်းချစ်တာကိုကြည့်ပြီး တအံ့တသြဖြစ်ခဲ့တယ်။ ဂျာမနီက သက်သေခံတွေဟာ တိုင်းတစ်ပါးကလာတဲ့ သူတို့ရဲ့ညီအစ်ကိုညီအစ်မတွေကို ချစ်ခင်ကြပြီး လိုအပ်တာတွေ ကူညီပေးကြတယ်။ အဲဒီဧည့်လမ်းညွှန်က ယေဟောဝါသက်သေတွေလိုလူတွေကို သူတစ်ခါမှ မတွေ့ဖူးဘူးလို့ အားတက်သရော ပြောပြခဲ့တယ်။ စည်းဝေးကြီးတွေမှာ ယေဟောဝါသက်သေတွေကိုကြည့်ပြီး အဲဒီလိုပြောတာမျိုး သင်ကြားဖူးပါသလား။

၁၉။ ကျွန်ုပ်တို့ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသင့်သလဲ။ ဘာကြောင့်လဲ။

၁၉ ကျွန်ုပ်တို့ လေ့လာခဲ့ပြီးတဲ့အတိုင်း ယေဟောဝါသက်သေတွေဟာ စာတန့်လောကမှာ “ခေတ္တတည်းခိုသူများ” ဖြစ်ကြောင်း နည်းလမ်းမျိုးစုံနဲ့ ဖော်ပြခဲ့ကြတယ်။ အဲဒီလိုနေထိုင်ရတာကို သူတို့ပျော်ရွှင်ကြပြီး အဲဒီအတိုင်းဆက်နေထိုင်ဖို့လည်း စိတ်ပိုင်းဖြတ်ထားကြတယ်။ ဘုရားသခင့်ဖြောင့်မတ်တဲ့ကမ္ဘာသစ်မှာ အမြဲတမ်းနေထိုင်ရတော့မယ်ဆိုတဲ့ သူတို့ရဲ့မျှော်လင့်ချက်က ခိုင်မာပြီး ခိုင်မာဖို့လည်း အကြောင်းကောင်းတွေရှိတယ်။ သင်ကော ကမ္ဘာသစ်ကို စောင့်မျှော်နေသလား။