မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်မှန်တဲ့အောင်မြင်မှုကို ရှာဖွေပါ

စစ်မှန်တဲ့အောင်မြင်မှုကို ရှာဖွေပါ

“သင့်ဘဝလမ်းခရီးမှာ အောင်မြင်ပြီး ပညာရှိရှိ လုပ်ဆောင်နိုင်လိမ့်မယ်။” —ယောရှု ၁:၈၊ ကဘ။

၁၊ ၂။ (က) အောင်မြင်မှုကို လူတွေ ဘယ်လိုသတ်မှတ်ကြသလဲ။ (ခ) အောင်မြင်မှုကို သင်ဘယ်လိုသတ်မှတ်ကြောင်း သိနိုင်တဲ့နည်းတစ်နည်းက ဘာလဲ။

ဘဝမှာ အောင်မြင်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ လူတွေကို ဒီမေးခွန်းမေးရင် အဖြေအမျိုးမျိုး ပေးကြပါလိမ့်မယ်။ ဥပမာ၊ လူတချို့က ငွေအများကြီးရှိရင်၊ အလုပ်အကိုင်ကောင်းကောင်းရှိရင် ဒါမှမဟုတ် ပညာတတ်ရင် အောင်မြင်တယ်လို့ ထင်ကြတယ်။ တချို့ကျတော့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ အလုပ်ဖော်တွေနဲ့ ဆက်ဆံရေးကောင်းရှိရင် အောင်မြင်တယ်လို့ ပြောကြတယ်။ ဘုရားသခင့်အမှုဆောင်နေသူတချို့တောင်မှ အသင်းတော်မှာ တာဝန်တွေရမယ်၊ ဒါမှမဟုတ် ဟောပြောခြင်းလုပ်ငန်းမှာ ရလဒ်ကောင်းတွေရမယ်ဆိုရင် အောင်မြင်တယ်လို့ ယူဆကြမယ်။

အောင်မြင်မှုကို သင် ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲ။ အဲဒါကိုသိနိုင်တဲ့နည်းတစ်နည်းက အောင်မြင်တယ်လို့ သင်ယူဆတဲ့ ပုဂ္ဂိုလ်တွေ၊ သင်ကြည်ညိုလေးစားတဲ့ပုဂ္ဂိုလ်တွေရဲ့ နာမည်တချို့ကို ရေးချခြင်းဖြစ်တယ်။ သူတို့က ဘယ်လိုလူတွေလဲ။ သူတို့တွေက လူချမ်းသာတွေလား၊ ထင်ရှားကျော်ကြားသူတွေလား။ ဩဇာအာဏာရှိသူတွေလား။ အဖြေတွေက သင့်စိတ်ထဲမှာရှိတာကို ဖော်ပြပါလိမ့်မယ်။ သင်တန်ဖိုးထားတဲ့အရာက သင့်ရွေးချယ်မှုနဲ့ သင်ချတဲ့ပန်းတိုင်တွေအပေါ် အတော့်ကို ဩဇာလွှမ်းမိုးနိုင်ပါတယ်။—လု. ၆:၄၅

၃။ (က) အောင်မြင်ဖို့အတွက် ယောရှု ဘာလုပ်ရမလဲ။ (ခ) အခု ဘာကိုလေ့လာကြမလဲ။

ကျွန်ုပ်တို့အတွက် အရေးကြီးဆုံးကတော့ အောင်မြင်မှုလို့ ယေဟောဝါရှုမြင်တဲ့အရာဖြစ်တယ်။ ကိုယ်တော့်အမြင်မှာ ကျွန်ုပ်တို့ အောင်မြင်မှသာ ထာဝရအသက်ရနိုင်မှာဖြစ်တယ်။ အစ္စရေးလူတွေကို ကတိထားရာပြည်ထဲ ဦးဆောင်ခေါ်သွားဖို့ ယောရှုကို ယေဟောဝါတာဝန်ပေးတုန်းက မောရှေပညတ်ကို “နေ့ညမပြတ်” ဖတ်ပြီး အဲဒီမှာပါတဲ့အချက်တွေကို လိုက်နာပါလို့ ပြောခဲ့တယ်။ ယောရှုကို ဘုရားသခင် ဒီလိုအာမခံခဲ့တယ်– “ဒါဆိုရင် သင့်ဘဝလမ်းခရီးမှာအောင်မြင်ပြီး ပညာရှိရှိ လုပ်ဆောင်နိုင်လိမ့်မယ်။” (ယောရှု ၁:၇၊ ၈ကဘ) ယောရှုတကယ်အောင်မြင်ခဲ့တယ်ဆိုတာ သင်သိပါတယ်။ ကျွန်ုပ်တို့ကော။ အောင်မြင်မှုအပေါ် ကျွန်ုပ်တို့ရဲ့ရှုမြင်ပုံနဲ့ ဘုရားသခင့်ရှုမြင်ပုံ တူမတူ ဘယ်လိုသိနိုင်သလဲ။ ဒီမေးခွန်းတွေရဲ့အဖြေတွေကိုရဖို့ ကျမ်းစာမှာပါတဲ့ ပုဂ္ဂိုလ်နှစ်ဦးရဲ့ဘဝအသက်တာအကြောင်း လေ့လာကြည့်ကြစို့။

ရှောလမုန်ရဲ့ဘဝ အောင်မြင်ခဲ့သလား

၄။ ရှောလမုန် ဘာကြောင့် အောင်မြင်ခဲ့တာလဲ။

ရှောလမုန်ဟာ နည်းအမျိုးမျိုးနဲ့ တကယ့်ကို အောင်မြင်ခဲ့တယ်။ ဘာကြောင့်လဲ။ သူဟာ နှစ်ပေါင်းများစွာ ယေဟောဝါကို ကြောက်ရွံ့၊ နာခံခဲ့ပြီး ကိုယ်တော့်ထံက ကောင်းချီးများစွာ ခံစားခဲ့ရလို့ပဲ။ ယေဟောဝါက ရှောလမုန်ကို အလိုရှိတဲ့ဆု တောင်းဖို့ ပြောတဲ့အခါ ရှောလမုန်က လူတွေကိုဦးဆောင်ဖို့ ဉာဏ်ပညာတောင်းခဲ့တယ်။ ယေဟောဝါက သူ့ဆုတောင်းချက်ကိုဖြေကြားပေးပြီး ဉာဏ်ပညာရော၊ စည်းစိမ်ဥစ္စာတွေပါ ပေးခဲ့တယ်။ (၃ ဓမ္မရာဇဝင် ၃:၁၀-၁၄ ကိုဖတ်ပါ။) ရှောလမုန်ရဲ့ဉာဏ်ပညာဟာ “အရှေ့ပြည်သားအားလုံးရဲ့ဉာဏ်ပညာ၊ အီဂျစ်ပြည်ရဲ့ဉာဏ်ပညာအားလုံးထက် ထူးကဲသာလွန်” ခဲ့တယ်။ “ပတ်ဝန်းကျင်နိုင်ငံအားလုံး” ကလူတွေ ရှောလမုန်ကို သိခဲ့ကြတယ်။ (၃ ရာ. ၄:၃၀၊ ၃၁ကဘ) ရှောလမုန်ဟာ အရမ်းချမ်းသာကြွယ်ဝသူလည်း ဖြစ်တယ်။ သူနှစ်စဉ် ကောက်ခံရရှိတဲ့အခွန်က ရွှေချိန် ၂၅ တန်ရှိတယ်။ (၆ ရာ. ၉:၁၃) သူဟာ အုပ်ချုပ်ရေး၊ ဆောက်လုပ်ရေးနဲ့ ကုန်သွယ်ရေးမှာ ထူးချွန်တဲ့သူဖြစ်တယ်။ ရှောလမုန်ဟာ ဘုရားသခင်အပေါ် သစ္စာရှိနေသရွေ့ အောင်မြင်ခဲ့တယ်။—၆ ရာ. ၉:၂၂-၂၄

၅။ စစ်မှန်တဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီး ရှောလမုန် ဘာကိုနားလည်ခဲ့သလဲ။

ဒေသနာကျမ်းမှာ ရှောလမုန်ရေးခဲ့တာတွေကိုကြည့်ရင် သူ့မှာ အောင်မြင်မှုနဲ့ပတ်သက်ပြီး မှန်ကန်တဲ့အမြင်ရှိတယ်ဆိုတာ ဖော်ပြတယ်။ ဩဇာအာဏာရှိသူ၊ ချမ်းသာသူတွေသာ အောင်မြင်မှုနဲ့ပျော်ရွှင်မှု ရရှိနိုင်မယ်လို့ သူ မယူဆခဲ့ဘူး။ သူဒီလိုရေးခဲ့တယ်– “လူတစ်ယောက်အတွက် ဘဝတစ်လျှောက်လုံး ပျော်ပျော်ပါးပါးနေပြီး ကောင်းတာတွေကိုလုပ်တာထက် ပိုကောင်းတာ ဘာမှမရှိဘူးဆိုတာကို ငါသိလာတယ်။ လူတိုင်းက စားသောက်ပြီး သူတို့ရဲ့ပင်ပင်ပန်းပန်းလုပ်ဆောင်မှုကြောင့် ကောင်းတဲ့အရာတွေကို ခံစားသင့်တယ်ဆိုတာကိုလည်း ငါသိလာတယ်။ အဲဒါက ဘုရားသခင်ဆီကရတဲ့ လက်ဆောင်ပဲ။” (ဒေ. ၃:၁၂၊ ၁၃ကဘ) လူတစ်ယောက်မှာ ဘုရားသခင်နဲ့ဆက်ဆံရေးကောင်းရှိမှသာ အဲဒီအရာတွေကနေ စစ်မှန်တဲ့ပျော်ရွှင်မှု ခံစားရတယ်ဆိုတာကိုလည်း ရှောလမုန် နားလည်ခဲ့တယ်။ ရှောလမုန် ဒီလိုပြောခဲ့တယ်– “အချုပ်အခြာစကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။”—ဒေ. ၁၂:၁၃

၆။ ရှောလမုန်ရဲ့ပုံနမူနာက စစ်မှန်တဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီး ဘာသိရှိစေသလဲ။

ရှောလမုန်ဟာ နှစ်ပေါင်းများစွာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး နာခံခဲ့တယ်။ သူဟာ “သူ့ခမည်းတော်ဒါဝိဒ်ရဲ့ ဥပဒေတွေအတိုင်း လိုက်လျှောက်ခြင်းအားဖြင့် ယေဟောဝါကို ဆက်ချစ်နေဆဲပဲ” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၃ ရာ. ၃:၃ကဘ) သူအဲဒီလိုလုပ်ဆောင်နေတဲ့ကာလတစ်လျှောက်မှာ တကယ်အောင်မြင်ခဲ့တယ်။ ရှောလမုန်ဟာ ဘုရားသခင့်လမ်းညွှန်မှုနဲ့ စစ်မှန်တဲ့ဝတ်ပြုရေးအတွက် ခမ်းနားထယ်ဝါတဲ့ ဝတ်ပြုရာအိမ်တော်ကို ဆောက်လုပ်ခဲ့ပြီး ကျမ်းစောင်သုံးစောင်ကို ရေးသားခဲ့တယ်။ ကျွန်ုပ်တို့ဟာ ရှောလမုန်လုပ်ခဲ့သလို မလုပ်နိုင်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်အပေါ် ရှောလမုန် သစ္စာရှိနေချိန်တစ်လျှောက် ပြသခဲ့တဲ့ပုံနမူနာက စစ်မှန်တဲ့အောင်မြင်မှုဆိုတာ ဘာလဲ၊ အဲဒီလိုအောင်မြင်မှုရဖို့ ကျွန်ုပ်တို့ ဘာလုပ်ရမလဲဆိုတာ သိရှိဖို့ကူညီပေးနိုင်ပါတယ်။ ဥပမာ၊ ရှောလမုန်ဟာ ဘုရားသခင့်စွမ်းအားတော် လှုံ့ဆော်မှုကြောင့် စည်းစိမ်ချမ်းသာ၊ ဉာဏ်ပညာ၊ ကျော်ကြားမှုနဲ့ ဩဇာအာဏာအကြောင်း ရေးသားခဲ့တယ်။ လူများစွာက အောင်မြင်ဖို့အတွက် အဲဒီအရာတွေ ရှိဖို့လိုတယ်လို့ ယူဆကြတယ်။ ဒါပေမဲ့ ဒီအရာတွေကိုရဖို့ ကြိုးစားအားထုတ်ခြင်းက “လေကိုကျက်စားသောအမှု” ဒါမှမဟုတ် စစ်မှန်တဲ့ပျော်ရွှင်မှုမပေးတဲ့အရာတွေရဖို့ ကြိုးစားအားထုတ်ခြင်းဖြစ်တယ်လို့ ရှောလမုန် ပြောခဲ့တယ်။ ငွေမက်တဲ့သူတွေက ရှိပြီးရင်း ရှိချင်ကြတယ်။ သူတို့ပိုင်ဆိုင်ထားတဲ့အရာတွေ ဆုံးရှုံးသွားမှာကိုလည်း စိုးရိမ်ပူပန်ကြတယ်။ ဒါ့အပြင် တစ်နေ့ကျရင် သူတို့ပိုင်ဆိုင်ရာတွေဟာ တခြားသူတွေရဲ့ပိုင်ဆိုင်ရာ ဖြစ်သွားလိမ့်မယ်။—ဒေသနာ ၂:၈-၁၁၊ ၁၇၊ ၅:၁၀-၁၂ တို့ကိုဖတ်ပါ။

၇၊ ၈။ ရှောလမုန်ဟာ ဘယ်လိုနည်းနဲ့ သစ္စာမရှိသူ ဖြစ်သွားသလဲ။ အကျိုးဆက်က ဘာလဲ။

ရှောလမုန် အသက်ကြီးလာတဲ့အခါ ယေဟောဝါရဲ့စကားကို ဆက်နားမထောင်တော့ဘူး။ “ရှောလမုန် အသက်ကြီးလာတဲ့အခါ သူ့မိဖုရားတွေက သူ့စိတ်နှလုံးကို တခြားဘုရားတွေနောက် တိမ်းညွတ်စေခဲ့တယ်။ ဒါကြောင့် သူ့ဘုရားသခင် ယေဟောဝါကို ခမည်းတော်ဒါဝိဒ်ရဲ့စိတ်နှလုံးလို နှလုံးအပြည့်အ၀နဲ့ ဝတ်မပြုတော့ဘူး။ . . . ရှောလမုန်ဟာ ယေဟောဝါရဲ့အမြင်မှာ မကောင်းတာတွေကို ပြုလုပ်လာ” ခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—၃ ရာ. ၁၁:၄-၆ကဘ။

ယေဟောဝါဟာ ရှောလမုန်ကို မနှစ်သက်တော့ဘဲ ဒီလိုပြောခဲ့တယ်– “သင်သည် ဤသို့ပြု၍ ငါဖွဲ့သောပဋိညာဉ်နှင့် ငါမှာထားသောတရားကိုမစောင့်ဘဲနေသောကြောင့် နိုင်ငံတော်ကို သင့်လက်မှငါဆက်ဆက်နုတ်၍ သင့်ကျွန်အား ပေးမည်။” (၃ ရာ. ၁၁:၁၁) ရှောလမုန်ဟာ ဘက်ပေါင်းစုံမှာ အောင်မြင်မှုရရှိခဲ့ပေမဲ့ နောက်ဆုံးမှာ ယေဟောဝါကို စိတ်ပျက်အောင်လုပ်ခဲ့တယ်။ ရှောလမုန်ဟာ ဘဝအတွက် အရေးကြီးဆုံးအရာကို ဆက်မလုပ်တော့တဲ့အတွက် သူ ကျရှုံးခဲ့တယ်။ ယေဟောဝါအပေါ် သူ ဆက်သစ္စာမရှိခဲ့ဘူး။ ကျွန်ုပ်တို့တစ်ဦးစီဟာ ‘ငါ့ဘဝ အောင်မြင်ဖို့အတွက် ရှောလမုန်ဆီကနေ သင်ခန်းစာယူမလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးနိုင်တယ်။

အမှန်တကယ်အောင်မြင်တဲ့ဘဝ

၉။ လူအများက ပေါလုအောင်မြင်ခဲ့တယ်လို့ ယူမှတ်ခဲ့ကြသလား၊ ရှင်းပြပါ။

ဘုရင်ရှောလမုန်ရဲ့အသက်တာနဲ့ တမန်တော် ပေါလုရဲ့အသက်တာက တခြားစီပဲ။ ပေါလုဟာ နန်းတော်ထဲမှာ ဇိမ်ကျကျမနေခဲ့ရဘူး၊ ဘုရင်တွေနဲ့လည်း မစားသောက်ခဲ့ရဘူး။ အစာငတ်၊ ရေငတ်ပြီး အဝတ်အစားမရှိတဲ့အချိန်တချို့တောင် ရှိခဲ့တယ်။ (၂ ကော. ၁၁:၂၄-၂၇) ပေါလုဟာ ယေရှုကို မေရှိယအဖြစ် လက်ခံပြီးတဲ့နောက် ဂျူးဘာသာဝင်များစွာရဲ့ ကြည်ညိုလေးစားမှုကို မခံရတော့ဘူး။ အဲဒီအစား ဂျူးဘာသာရေးခေါင်းဆောင်တွေက သူ့ကို မုန်းတီးခဲ့တယ်။ သူထောင်ချခံရတယ်၊ ကျာပွတ်၊ ကြိမ်းလုံးနဲ့ ရိုက်တာ၊ ကျောက်ခဲနဲ့ပစ်တာ ခံခဲ့ရတယ်။ ပေါလုက သူနဲ့ ခရစ်ယာန်ညီအစ်ကိုတွေဟာ စော်ကားတာ၊ မုန်းတီးတာ၊ နှိပ်စက်ညှဉ်းပန်းတာတွေ ခံခဲ့ရတယ်လို့ ပြောခဲ့တယ်။ သူဒီလိုဆက်ပြောခဲ့တယ်– “ငါတို့သည် ယခုတိုင်အောင် ဤလောက၏ အမှိုက်ကဲ့သို့လည်းကောင်း၊ အရာခပ်သိမ်း၏ အညစ်အကြေးကဲ့သို့လည်းကောင်း ဖြစ်ကြ၏။”—၁ ကော. ၄:၁၁-၁၃

လူတွေရဲ့အမြင်မှာ ပေါလုဟာ အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ရှိခဲ့

၁၀။ ပေါလုဟာ အောင်မြင်မှုရဖို့ အခွင့်အရေးတွေကို အသုံးမချတတ်ဘူးလို့ လူတွေ ဘာကြောင့် ယူမှတ်ခဲ့ကြသလဲ။

၁၀ ပေါလုကို ရှောလုလို့ခေါ်တဲ့ လူငယ်ဘဝက သိခဲ့ကြသူတွေဟာ သူ့မှာ အလားအလာကောင်းတွေ အများကြီးရှိတယ်လို့ ယူဆခဲ့ကြမယ်။ ပေါလုဟာ ဆွေကြီးမျိုးကြီးမိသားစုကနေ မွေးဖွားလာပုံရတယ်။ ရိုသေလေးစားခံရတဲ့ဆရာ ဂါမလျေလဆီမှာ ပညာဆည်းပူးခဲ့တယ်။ နောက်ပိုင်းမှာ ပေါလု ဒီလိုရေးခဲ့တယ်– “ငါ၏လူမျိုးအလယ်၌ ငါနှင့်သက်တူရွယ်တူများထက် ဂျူးဘာသာတွင် သာ၍ထွန်းပေါက်ခဲ့၏။” (ဂလ. ၁:၁၄) သူဟာ ဟေဗြဲနဲ့ ဂရိစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တယ်။ ရောမနိုင်ငံသားလည်းဖြစ်လို့ အခွင့်ထူးနဲ့ ခံစားခွင့်တွေ အများကြီးရှိတယ်။ ပေါလုသာ လောကမှာ အောင်မြင်ဖို့ ဆက်ကြိုးစားမယ်ဆိုရင် ပိုပြီးချမ်းသာကြွယ်ဝတဲ့သူ၊ ပိုပြီး ရိုသေလေးစားခံရတဲ့သူ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ တခြားသူတွေနဲ့ သူ့ဆွေမျိုးတွေက မိုက်မဲတယ်လို့ယူမှတ်တဲ့ ဘဝလမ်းစဉ်ကို သူ ရွေးချယ်ခဲ့တယ်။ ဘာကြောင့်လဲ။

၁၁။ ပေါလု ဘယ်အရာတွေကို တန်ဖိုးထားခဲ့သလဲ၊ သူ့ရဲ့စိတ်ပိုင်းဖြတ်ချက်က ဘာလဲ။ ဘာကြောင့်လဲ။

၁၁ ပေါလုဟာ ယေဟောဝါကိုချစ်ပြီး ကိုယ်တော့်နှစ်သက်မှုကို ရချင်ခဲ့တယ်။ ချမ်းသာဖို့၊ နာမည်ကြီးဖို့ စိတ်မဝင်စားဘူး။ သူအမှန်တရားကိုသိလာတဲ့အခါ လောက,ကလူအများစု တန်ဖိုးမထားတဲ့၊ အလေးမထားတဲ့ ခရစ်တော်ရဲ့ရွေးနုတ်ဖိုး၊ ဟောပြောခြင်းလုပ်ငန်းနဲ့ ကောင်းကင်အသက်တာမျှော်လင့်ချက်ကို စတင်တန်ဖိုးထားလာတယ်။ လူတွေနဲ့ပတ်သက်တဲ့ စာတန်ရဲ့စွပ်စွဲချက်ကို သူသိခဲ့မှာပဲ။ လူတွေ ဘုရားသခင်ကို ဆက်ဝတ်မပြုတော့အောင် သူလုပ်နိုင်တယ်လို့ စာတန်ပြောခဲ့တယ်။ စာတန်မှားတယ်ဆိုတာကို သက်သေပြဖို့ သူလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်နိုင်တယ်ဆိုတာ ပေါလုသိခဲ့တယ်။ (ယောဘ ၁:၉-၁၁၊ ၂:၃-၅) ဒါကြောင့် ပေါလုဟာ ဘယ်လိုစမ်းသပ်မှုမျိုးပဲကြုံရပါစေ စစ်မှန်တဲ့ဘုရားသခင်ကို ဆက်သစ္စာရှိရှိ ဝတ်ပြုဖို့ စိတ်ပိုင်းဖြတ်ထားခဲ့တယ်။ လောကမှာ အောင်မြင်မှုရလိုတဲ့ လူတွေမှာ အဲဒီလို စိတ်ပိုင်းဖြတ်ချက်မျိုး မရှိဘူး။

ပေါလုဟာ တကယ် အောင်မြင်သူဖြစ်ခဲ့

၁၂။ ဘုရားသခင်ကို သင် ဘာကြောင့် ယုံကြည်အားကိုးသင့်သလဲ။

၁၂ သင့်မှာ ပေါလုလို စိတ်ပိုင်းဖြတ်ချက်မျိုး ရှိပါသလား။ သစ္စာရှိဖို့ဆိုတာ အမြဲမလွယ်ကူဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့က ယေဟောဝါကို ဆက်သစ္စာရှိနေမယ်ဆိုရင် ကိုယ်တော် ကျွန်ုပ်တို့ကိုနှစ်သက်ပြီး ကောင်းချီးပေးပါလိမ့်မယ်။ အဲဒါက ကျွန်ုပ်တို့ကို စစ်မှန်တဲ့အောင်မြင်မှု ရရှိစေတယ်။ (သု. ၁၀:၂၂) အခုအချိန်မှာရော၊ အနာဂတ်မှာပါ ကောင်းချီးတွေ ခံစားရနိုင်တယ်။ (မာကု ၁၀:၂၉၊ ၃၀ ကိုဖတ်ပါ။) ဒါကြောင့် ကျွန်ုပ်တို့ဟာ “မမြဲသောစည်းစိမ်” ကိုမကိုးစားဘဲ “ငါတို့ပျော်မွေ့နိုင်ရန် အရာခပ်သိမ်းကို ကြွယ်ဝစွာပေးသနားတော်မူသော ဘုရားသခင်အား ကိုးစား” သင့်တယ်။ ကျွန်ုပ်တို့ အဲဒီလိုလုပ်မယ်ဆိုရင် ဘုရားသခင်ကတိပေးထားတဲ့ “မှန်သောအသက်” ကို ရမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ (၁ တိ. ၆:၁၇–၁၉) အခုချိန်ကစပြီး နောက်အနှစ်တစ်ရာ၊ နောက်အနှစ်တစ်ထောင်၊ ဒါမှမဟုတ် အဲဒီထက်မကကြာရှည်တဲ့ အချိန်ရောက်တဲ့အခါ အတိတ်ကိုပြန်ကြည့်ပြီး “ငါ့ဘဝ တကယ်အောင်မြင်ခဲ့တာပဲ” လို့ ပြောနိုင်မှာဖြစ်တယ်။

သင့်ဘဏ္ဍာ ဘယ်မှာရှိသလဲ

၁၃။ ဘဏ္ဍာစုဆောင်းခြင်းနဲ့ပတ်သက်ပြီး ယေရှု ဘာပြောခဲ့သလဲ။

၁၃ ဘဏ္ဍာနဲ့ပတ်သက်ပြီး ယေရှု ဒီလိုပြောခဲ့တယ်– “သံချေး၊ ပိုးရွ ဖျက်ဆီးတတ်၍ သူခိုးထွင်းဖောက်ခိုးယူတတ်သည့် မြေကြီးပေါ်မှာ ဘဏ္ဍာကို မစုဆောင်းကြနှင့်တော့။ သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုး မထွင်းမဖောက် မခိုးမယူတတ်သော ကောင်းကင်ဘုံ၌ သင်တို့၏ဘဏ္ဍာကို စုဆောင်းကြလော့။ အကြောင်းမူကား သင်၏ဘဏ္ဍာရှိရာအရပ်တွင် သင်၏စိတ်နှလုံးလည်း ရောက်တတ်၏။”—မ. ၆:၁၉-၂၁

၁၄။ မြေကြီးပေါ်မှာဘဏ္ဍာစုဆောင်းတာက ဘာကြောင့် ပညာမဲ့ရာကျသလဲ။

၁၄ လူတစ်ယောက် “မြေကြီးပေါ်မှာ” စုဆောင်းတဲ့ဘဏ္ဍာက ငွေတစ်မျိုးတည်းမဟုတ်ဘူး။ လူတွေတန်ဖိုးထားတဲ့အရာတွေလို့ ရှောလမုန်ရေးခဲ့တဲ့ ကျော်ကြားမှုနဲ့ ဩဇာအာဏာတွေလည်း ပါဝင်နိုင်တယ်။ ယေရှုပြောခဲ့တာနဲ့ ဒေသနာကျမ်းမှာ ရှောလမုန်ရေးခဲ့တာက ဆင်တူတယ်။ မြေကြီးပေါ်မှာ စုဆောင်းတဲ့ဘဏ္ဍာက မတည်မြဲဘူး။ သင်တို့သိတဲ့အတိုင်း အဲဒီအရာတွေက နေ့မြင်ညပျောက် ပျက်စီးလွယ်တဲ့အရာဖြစ်တယ်။ ပရော်ဖက်ဆာ အက်ဖ်. ဒေး ဘရူနာက ဒီဘဏ္ဍာတွေနဲ့ပတ်သက်ပြီး ယေရှုပြောခဲ့တဲ့စကားတွေကို ထောက်ခံခဲ့တယ်။ နာမည်ကြီးတာက ကြာကြာမခံဘူး။ ဒီနေ့နာမည်ကြီးနေတဲ့သူဟာ သိပ်မကြာခင်မှာပဲ လူတွေ သူ့ကိုမေ့သွားကြမယ်။ ဒီနှစ်မှာ ငွေအမြောက်အမြားပိုင်ဆိုင်တဲ့ သူဌေးက နောက်တစ်နှစ်မှာ လူမွဲဖြစ်သွားနိုင်တယ်။ ယေရှုက လူတွေကိုချစ်တဲ့အတွက် မျက်စိတစ်မှိတ်အတွင်းမှာ ပျောက်ဆုံးသွားပြီး မျှော်လင့်ချက်မဲ့သွားစေနိုင်တဲ့ ထင်ပေါ်ကျော်ကြားမှုအကြောင်း သတိပေးခဲ့တယ်။ နေ့စဉ်နေ့တိုင်း ငွေနဲ့ ထင်ပေါ်ကျော်ကြားမှုကို ယုံစားတဲ့လူတွေဟာ စိတ်ပျက်ရကြတယ်လို့ စာရေးဆရာက ပြောခဲ့တယ်၊ ယေရှုက သူ့တပည့်တွေကို စိတ်မပျက်စေချင်ဘူး။ လူအများစုက ဒီစာရေးဆရာပြောတာကို သဘောတူပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်နှစ်ယောက်က ယေရှုပြောတဲ့အတိုင်း အသက်ရှင်ကြသလဲ။ သင့်ဘဝမှာ ယေရှုရဲ့အကြံပြုချက်ကို ကျင့်သုံးမလား။

၁၅။ ဘယ်အောင်မြင်မှုမျိုးကိုရဖို့ ကျွန်ုပ်တို့ ကြိုးစားအားထုတ်သင့်သလဲ။

၁၅ တချို့ဘာသာရေးခေါင်းဆောင်တွေက အောင်မြင်မှုရဖို့ ကြိုးစားအားထုတ်တာဟာ မှားတယ်လို့ ဟောကြတယ်။ ဒါပေမဲ့ အောင်မြင်မှုရဖို့ ကျွန်ုပ်တို့ မကြိုးစားသင့်ဘူးလို့ ယေရှုမပြောခဲ့ဘူး။ မှန်ကန်တဲ့အောင်မြင်မှုမျိုး ရဖို့ ကြိုးစားသင့်တယ်လို့ တပည့်တွေကို ပြောခဲ့တယ်။ ထာဝစဉ်တည်မြဲတဲ့ ‘ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုစုဆောင်း’ ဖို့ ယေရှု အားပေးခဲ့တယ်။ ကျွန်ုပ်တို့ အလိုချင်ဆုံးအရာက ယေဟောဝါအမြင်မှာ အောင်မြင်တဲ့အရာ ဖြစ်သင့်တယ်။ ဘဝမှာ ဘယ်အရာအတွက် ကြိုးစားလုပ်ဆောင်မယ်ဆိုတာ လူတစ်ဦးစီက ရွေးချယ်ရမှာဖြစ်တယ်လို့ ယေရှုရဲ့စကားတွေက သတိပေးတယ်။ အမှန်တရားကတော့ ကျွန်ုပ်တို့နှလုံးထဲမှာရှိတဲ့အရာ ဒါမှမဟုတ် ကျွန်ုပ်တို့ တန်ဖိုးအထားဆုံးအရာကိုရယူဖို့ ကျွန်ုပ်တို့ အစွမ်းကုန်ကြိုးစားမှာဖြစ်တယ်။

၁၆။ ဘယ်အရာကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သလဲ။

၁၆ ယေဟောဝါရဲ့နှစ်သက်မှုကိုရဖို့ ကြိုးစားမယ်လို့ ကျွန်ုပ်တို့ ရွေးချယ်တယ်ဆိုရင် ကျွန်ုပ်တို့လိုအပ်တဲ့အရာတွေကို ကိုယ်တော်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ တမန်တော်ပေါလုလိုပဲ ကျွန်ုပ်တို့လည်း တစ်ခါတလေ စားစရာ၊ သောက်စရာမရှိတာမျိုး ကြုံတွေ့ရနိုင်တယ်။ (၁ ကော. ၄:၁၁) ဒါပေမဲ့ ယေရှုရဲ့ ဒီအကြံပြုချက်ကို ကျွန်ုပ်တို့ လိုက်လျှောက်သင့်တယ်– “သို့ဖြစ်၍ ‘အဘယ်သို့ စားရမည်နည်း။ အဘယ်သို့ သောက်ရမည်နည်း။ အဘယ်သို့ ဝတ်ရမည်နည်း’ ဟူ၍ ဘယ်သောအခါမျှ မစိုးရိမ်ကြနှင့်။ ဤအရာများကို လူမျိုးခြားတို့သည် ကြိုးစား၍ ရှာဖွေတတ်ကြ၏။ ဤအရာအားလုံးကို သင်တို့လိုအပ်ကြောင်း ကောင်းကင်ဘုံရှိ သင်တို့၏အဖ သိတော်မူ၏။ သို့ဖြစ်၍ ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစွာ ရှာလျက်နေကြလော့။ နောက်မှ ထိုအရာအားလုံးကို ထပ်၍ပေးတော်မူမည်။”—မ. ၆:၃၁-၃၃

စစ်မှန်တဲ့အောင်မြင်မှုကိုရှာပါ

၁၇၊ ၁၈။ (က) စစ်မှန်တဲ့အောင်မြင်မှုက ဘယ်အရာပေါ် မူတည်သလဲ။ (ခ) အောင်မြင်မှုက ဘယ်အရာပေါ် မမူတည်သလဲ။

၁၇ စစ်မှန်တဲ့အောင်မြင်မှုဆိုတာ ဒီလောကမှာ ကျွန်ုပ်တို့ ဘယ်လောက် အောင်မြင်ဖြစ်ထွန်းတယ်၊ ဘယ်လောက်အရေးပါတယ်ဆိုတဲ့အချက်ပေါ် မမူတည်ဘူးဆိုတာကို သတိရသင့်တယ်။ စစ်မှန်တဲ့အောင်မြင်မှုက အသင်းတော်မှာ တာဝန်တွေ ဘယ်လောက်ရသလဲဆိုတဲ့အပေါ်မှာလည်း မမူတည်ဘူး။ အဲဒီတာဝန်တွေက ဘုရားသခင်ကို ကျွန်ုပ်တို့သစ္စာရှိလို့၊ နာခံမှုရှိလို့ ရတဲ့ကောင်းချီးတွေဖြစ်တယ်။ “ဘဏ္ဍာစိုးမှန်လျှင် သစ္စာရှိရမည်” လို့ ကိုယ်တော်ပြောခဲ့တယ်။ (၁ ကော. ၄:၂) ဒါကြောင့် ကျွန်ုပ်တို့ ဆက်သစ္စာရှိရမှာဖြစ်တယ်။ “အဆုံးတိုင်အောင် ခံနိုင်ရည်ရှိသူသည် ကယ်တင်ခြင်းရလိမ့်မည်” လို့ ယေရှုပြောခဲ့တယ်။ (မ. ၁၀:၂၂) သစ္စာရှိသူတွေ ကယ်တင်ခံရတဲ့အခါ သူတို့ဟာ တကယ်အောင်မြင်တဲ့သူတွေဖြစ်တယ်ဆိုတာ ထင်ရှားပါလိမ့်မယ်။

၁၈ စစ်မှန်တဲ့အောင်မြင်မှုဆိုတာ ဘုရားသခင်အပေါ် သစ္စာရှိခြင်းအပေါ် မူတည်တယ်၊ ကျွန်ုပ်တို့ရဲ့အခြေအနေ ဘယ်လိုပဲရှိပါစေ ကိုယ်တော့်ကို သစ္စာရှိနိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့သစ္စာရှိမှုက ကျွန်ုပ်တို့ရဲ့ နာမည်ကျော်ကြားမှု၊ ပညာရေး ဒါမှမဟုတ် ငွေကြေးအပေါ် မမူတည်ဘူး။ ကျွန်ုပ်တို့ရဲ့ ပင်ကိုစွမ်းရည်၊ ဉာဏ်ရည်၊ အစွမ်းအစပေါ်လည်း မမူတည်ဘူး။ ပထမရာစုတုန်းက ဘုရားသခင့်ကျေးကျွန်တချို့ဟာ ချမ်းသာပြီး တချို့ကျတော့ ဆင်းရဲတယ်။ ချမ်းသာသူတွေဟာ “ကောင်းမှုပြုခြင်း” နဲ့ “မွန်မြတ်သောအကျင့်၌ ကြွယ်ဝခြင်း” ရှိဖို့ ပေါလုပြောခဲ့တယ်။ ချမ်းသာသူရော ဆင်းရဲသူပါ “မှန်သောအသက်ကို ခိုင်မြဲစွာကိုင်စွဲထားနိုင်” ကြပါတယ်။ (၁ တိ. ၆:၁၇-၁၉) ယနေ့လည်း အဲဒီလိုပဲ။ ကျွန်ုပ်တို့အားလုံးမှာ တူညီတဲ့ အခွင့်အရေးနဲ့ တာဝန် ရရှိထားကြတယ်၊ အဲဒါကတော့ ဆက်သစ္စာရှိနေဖို့နဲ့ “မွန်မြတ်သောအကျင့်၌ ကြွယ်ဝ” ဖို့ဖြစ်တယ်။ ကျွန်ုပ်တို့ အဲဒီလိုလုပ်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ဖန်ဆင်းရှင်က ကျွန်ုပ်တို့ကို အောင်မြင်သူတွေအဖြစ် ရှုမြင်မှာဖြစ်တယ်၊ ကျွန်ုပ်တို့ကို ကိုယ်တော်နှစ်သက်တယ်ဆိုတာ သိရတဲ့အတွက် ကျွန်ုပ်တို့ ဝမ်းသာကြပါလိမ့်မယ်။—သု. ၂၇:၁၁

၁၉။ အောင်မြင်ဖို့ သင်ဘာလုပ်ရမလဲ။

၁၉ ကျွန်ုပ်တို့အပေါ် ဒီလောကရဲ့ရှုမြင်ပုံကို မပြောင်းလဲနိုင်ဘူး၊ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့အခြေအနေအပေါ် ကျွန်ုပ်တို့ကိုယ်တိုင်ရဲ့ ရှုမြင်ပုံကိုတော့ ပြောင်းလဲနိုင်ပါတယ်။ သင့်အခြေအနေ ဘယ်လိုပဲရှိပါစေ ဆက်သစ္စာရှိဖို့ ကြိုးစားနေမယ်ဆိုရင် သင်အောင်မြင်ပါတယ်။ သင် ကြိုးစားရကျိုးနပ်ပါလိမ့်မယ်။ ယေဟောဝါက သင့်ကို အခုရော၊ အနာဂတ်မှာပါ ထာဝစဉ်ကောင်းချီးများစွာ ပေးပါလိမ့်မယ်။ ဘိသိက်ခံခရစ်ယာန်တွေကို ယေရှုပြောခဲ့တဲ့ ဒီစကားတွေကို ဘယ်တော့မှ မမေ့ပါနဲ့– “သေသည်တိုင်အောင် သစ္စာရှိလော့။ သို့ပြုလျှင် သင့်အား အသက်သရဖူကို ငါပေးမည်။” (ဗျာ. ၂:၁၀) ထာဝရအသက်ရတဲ့သူဟာ စစ်မှန်တဲ့အောင်မြင်မှုကို ရှာတွေ့သူပါပဲ။