မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာကို အယူသီးတဲ့ပုံစံနဲ့ အသုံးမပြုပါနဲ့

သမ္မာကျမ်းစာကို အယူသီးတဲ့ပုံစံနဲ့ အသုံးမပြုပါနဲ့

‘ဘုရားသခင်၏စကားတော်သည် အသက်ရှင်၍ တန်ခိုးရှိ၏။’ (ဟေဗြဲ ၄:၁၂) ဘုရားသခင့်တရားစကားတော်မှာ စိတ်နှလုံးကို ထိမိစေနိုင်ပြီး အသက်တာတွေကို ပြောင်းလဲစေနိုင်တဲ့ တန်ခိုးရှိကြောင်း တမန်တော်ပေါလုက ဒီစကားတွေသုံးပြီး ဖော်ပြခဲ့တယ်။

တမန်တော်တွေသေဆုံးပြီးနောက် အယူဖောက်ပြန်မှုတွေ အရှိန်ရလာတဲ့အချိန်အတွင်းမှာ သမ္မာကျမ်းစာသတင်းတရားရဲ့ အစွမ်းတန်ခိုးအပေါ် လူတွေရဲ့အမြင် စတင်လွဲမှားလာတယ်။ (၂ ပေ. ၂:၁-၃) ချာ့ခ်ျခေါင်းဆောင်တွေက သမ္မာကျမ်းစာမှာ ထူးဆန်းတဲ့တန်ခိုးရှိတယ်လို့ စတင်သွန်သင်ခဲ့ကြတယ်။ တတိယရာစုမှာ ချာ့ခ်ျဖခင် အော်ရီဂျင်က မြင့်မြတ်သန့်ရှင်းတဲ့စာသားတွေကို ရွတ်ဖတ်တဲ့အသံက လူတွေကို ကောင်းကျိုးပြုတယ်လို့ သွန်သင်ပေးကြောင်း၊ ဂါထာတွေအဖြစ် ရွတ်ဖတ်တဲ့စာသားတွေမှာတောင် တန်ခိုးရှိတယ်ဆိုရင် ဘုရားသခင်ဆီကလာတဲ့ သမ္မာကျမ်းစာရဲ့စာသားတွေက ပိုပြီး အစွမ်းတန်ခိုးရှိတယ်လို့ ပြောခဲ့ကြောင်း ရိုမန်ကက်သလစ်စာရေးဆရာ ပရော်ဖက်ဆာ ဟာရီ ဂမ်ဘယ်လ်က ရေးခဲ့တယ်။ ခရစ်နှစ် ၄၀၀ ခန့်မှာ အသက်ရှင်ခဲ့တဲ့ ဂျွန် ခရိုင်စိုစတော့မ်က ကျမ်းစာအုပ်ရှိတဲ့အိမ်အနားကို နတ်ဆိုးမကပ်ရဲဘူးလို့ ရေးခဲ့တယ်။ ဒါ့အပြင် တချို့က အန္တရာယ်ကင်းအဆောင်အဖြစ် ခရစ်ဝင်ကျမ်းစာသားတွေရေးပြီး လည်ပင်းမှာဆွဲထားတယ်လို့လည်း သူရေးခဲ့တယ်။ ခေါင်းအုံးအောက်မှာ ယောဟန်ခရစ်ဝင်ကျမ်းကိုထားပြီး အိပ်ရင် ခေါင်းကိုက်ပျောက်တယ်လို့ ဩဂတ်စ္စတင်းက သွန်သင်ခဲ့တယ်လို့ ပရော်ဖက်ဆာ ဂမ်ဘယ်လ်က ရေးခဲ့တယ်။ ဒီသွန်သင်ချက်တွေကြောင့် လူတွေဟာ သမ္မာကျမ်းစာကို ထူးဆန်းတဲ့အစွမ်းတန်ခိုးရှိတဲ့အရာအဖြစ် စတင် အသုံးပြုလာကြတယ်။ သင်ကော။ သမ္မာကျမ်းစာကို လာဘ်ကောင်းစေတဲ့အဆောင်၊ အန္တရာယ်ကင်းစေတဲ့အဆောင်အဖြစ် သဘောထားသလား။

လူများစွာက သမ္မာကျမ်းစာကို မှားယွင်းတဲ့နောက်နည်းတစ်နည်းနဲ့ အသုံးပြုကြတယ်။ အဲဒါကတော့ သမ္မာကျမ်းစာကို ဖွင့်လိုက်တာနဲ့ အရင်ဆုံးတွေ့ရတဲ့ ကျမ်းပိုဒ်မှာပါတဲ့အချက်က သူတို့လိုအပ်တဲ့ လမ်းညွှန်ချက်ပဲလို့ ယုံကြည်တာဖြစ်တယ်။ ဥပမာ၊ တစ်ခါက ဩဂတ်စ္စတင်းဟာ အိမ်နီးချင်းကလေးတစ်ယောက်က “ယူပြီးဖတ်လိုက်၊ ယူပြီးဖတ်လိုက်” လို့ ပြောနေတာကို ကြားလိုက်တယ်။ အဲဒါက ကျမ်းစာအုပ်ကိုယူ၊ ဖွင့်လိုက်ပြီး အရင်ဆုံးတွေ့ရတဲ့ကျမ်းပိုဒ်ကို ဖတ်ဖို့ ဘုရားသခင် သူ့ကို ပြောတာလို့ ဩဂတ်စ္စတင်း ယုံကြည်ခဲ့တယ်။

ခက်ခဲတဲ့ပြဿနာတွေကိုဖြေရှင်းဖို့ သမ္မာကျမ်းစာကို အဲဒီနည်းအတိုင်း သုံးတဲ့သူတွေကို သင်သိသလား။ အဲဒီလူတွေ သမ္မာကျမ်းစာကနေ အကူအညီ ရယူတာက ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီနည်းက မှန်ကန်တဲ့နည်းမဟုတ်ဘူး။

ယေရှုက တပည့်တွေကို ဒီလို ကတိပေးခဲ့တယ်– “ကူညီမစသူဖြစ်သည့် သန့်ရှင်းသောစွမ်းအားတော်သည် သင်တို့အား ခပ်သိမ်းသောအရာများကို သွန်သင်တော်မူမည်။ ငါပြောခဲ့သမျှကိုလည်း မှတ်မိစေတော်မူမည်။” (ယော. ၁၄:၂၆) ဒါကြောင့် ကျွန်ုပ်တို့က သမ္မာကျမ်းစာရဲ့ ကြုံရာစာမျက်နှာကိုဖွင့်ခြင်းအားဖြင့် မဟုတ်ဘဲ ကျွန်ုပ်တို့လေ့လာထားတဲ့ ကျမ်းစာအကြောင်းအရာတွေကို အသုံးပြုခြင်းအားဖြင့် အကူအညီရယူကြတယ်။

လူတွေက အန္တရာယ်ကင်းဖို့၊ ပြဿနာဖြေရှင်းဖို့ ဒါမှမဟုတ် အနာဂတ်အကြောင်းသိဖို့အတွက် သမ္မာကျမ်းစာကို အယူသီးတဲ့သဘောနဲ့ အသုံးပြုကြတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာကို အဲဒီနည်းနဲ့အသုံးပြုတာ မှားတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဝတ်. ၁၉:၂၆၊ တရား. ၁၈:၉-၁၂၊ တ. ၁၉:၁၉) ဘုရားသခင့်စကားတော်က တန်ခိုးရှိတာမှန်ပေမဲ့ အဲဒါကို ကျွန်ုပ်တို့ နည်းမှန်လမ်းကျ အသုံးပြုဖို့လိုတယ်။ ကျမ်းစာအုပ်ကို အယူသီးတဲ့သဘောနဲ့ အသုံးပြုခြင်းမဟုတ်ဘဲ သမ္မာကျမ်းစာမှာပါတဲ့ တိကျမှန်ကန်တဲ့ အသိပညာကသာ လူတွေရဲ့အသက်တာကို တိုးတက်ပြောင်းလဲစေတာဖြစ်တယ်။ တိကျမှန်ကန်တဲ့ အသိပညာက လူတွေကို အမှားအမှန် ခွဲခြားသိရှိစေတယ်၊ အကျင့်ဆိုးတွေကို ဖြတ်စေနိုင်တယ်၊ မိသားစုဘဝကို ပျော်ရွှင်စေပြီး သမ္မာကျမ်းစာပေးတဲ့အရှင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိစေနိုင်တယ်။