နောင်တရမနေဘဲ ဘုရားသခင့်အမှုဆောင်ပါ
‘နောက်၌ကျန်ရစ်သောအရာများကို မေ့ထားပြီး ရှေ့၌ရှိသောအရာကို လက်လှမ်းပါ။’—ဖိ. ၃:၁၃။
၁–၃။ (က) တချို့သူတွေဟာ ဘာအတွက် နောင်တရကြသလဲ။ အဲဒါတွေက ကျွန်ုပ်တို့အပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲ။ (ခ) ပေါလုရဲ့ပုံနမူနာကနေ ဘာသင်ယူနိုင်သလဲ။
လူတွေဟာ မိမိတို့ဘဝမှာ ထင်သလိုဖြစ်မလာတဲ့အခါ ဝမ်းနည်းပြီး နောင်တရကြတယ်။ “အဲဒီလို မလုပ်ခဲ့ရင်အကောင်းသား” ဆိုပြီး ပြောလေ့ရှိကြတယ်။ ကျွန်ုပ်တို့အားလုံးမှာ ဖြစ်ချင်တာနဲ့ လုပ်လိုက်တာ တစ်ထပ်တည်းမကျတဲ့အခါတွေ ရှိနိုင်တယ်။ ဒါပေမဲ့ တချို့သူတွေက သူတို့လုပ်ခဲ့မိတဲ့အရာတွေ၊ ဒါမှမဟုတ် မလုပ်ခဲ့မိတဲ့အရာတွေအတွက် တစ်ချိန်လုံး နောင်တရနေပြီး အရမ်းဝမ်းနည်းကြတယ်။ သင်ကော လုပ်ခဲ့မိတဲ့အရာတစ်ခုခုအတွက် အဲဒီလိုခံစားနေရသလား။
၂ တချို့သူတွေဟာ ကြီးလေးတဲ့အမှားတွေ ဒါမှမဟုတ် တကယ်ဆိုးဝါးတဲ့လုပ်ရပ်တွေကို လုပ်ခဲ့ကြတယ်။ တချို့ကျတော့ အရမ်းဆိုးဝါးတဲ့လုပ်ရပ်တွေ မလုပ်ခဲ့ပေမဲ့ သူတို့အသက်တာမှာ ချခဲ့တဲ့ဆုံးဖြတ်ချက်တွေက တကယ်မှန်ကန်ရဲ့လားဆိုတာ မသေချာမရေရာ ဖြစ်နေတယ်။ တချို့သူတွေက အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပြီး ဘဝခရီးဆက်နိုင်ခဲ့ကြတယ်။ တချို့ကျတော့ သူတို့ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေအတွက် တစ်ချိန်လုံး စိတ်သောကရောက်နေပြီး ‘ငါသာ အဲဒီလိုမလုပ်ခဲ့ရင်’ ဆိုပြီး တွေးကြတယ်။ (ဆာ. ၅၁:၃) သင်ကော ဘယ်လိုခံစားရသလဲ။ အခုချိန်ကစပြီး နောင်တရမနေတော့ဘဲ ဘုရားသခင့်အမှုတော်ကို လုပ်ဆောင်လိုတဲ့ဆန္ဒ သင့်မှာရှိသလား။ အဲဒီလိုလုပ်နိုင်ခဲ့တဲ့ ပုံနမူနာမျိုး သမ္မာကျမ်းစာမှာ ရှိသလား။ ရှိပါတယ်၊ အဲဒီပုဂ္ဂိုလ်ကတော့ တမန်တော် ပေါလုပါပဲ။
၃ ပေါလုဟာ တကယ့်အမှားကြီးတွေ ကျူးလွန်ခဲ့သူနဲ့ ပညာရှိဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့သူဖြစ်တယ်။ သူဟာ အရင်ကလုပ်ခဲ့တဲ့ အမှားတွေအတွက် တကယ်နောင်တရခဲ့တယ်၊ ဒါပေမဲ့ ဘုရားသခင့်အမှုတော်ကို အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့လည်း သင်ယူခဲ့တယ်။ သူ့ပုံနမူနာကနေ ဘာသင်ယူနိုင်သလဲဆိုတာ ကြည့်ကြစို့။
ပေါလုရဲ့အတိတ်ဇာတ်ကြောင်း
၄။ ပေါလုမှာ နောင်တရစရာ ဘယ်အတိတ်ရှိခဲ့သလဲ။
၄ ပေါလုဟာ အသက်ငယ်ရွယ်စဉ် ဖာရိရှဲဖြစ်ခဲ့တုန်းက နောက်မှ နောင်တရ,ရမယ့်အလုပ်တွေ လုပ်ခဲ့တယ်။ ဥပမာ၊ သူဟာ ခရစ်တော်ရဲ့တပည့်တွေကို ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခဲ့တယ်။ တ. ၈:၃) “အလွန်ဒုက္ခပေး” လို့ပြန်ဆိုတဲ့ ဂရိစကားလုံးက ရှောလုဟာ “တောရိုင်းတိရစ္ဆာန်တစ်ကောင်လို” ခရစ်ယာန်အသင်းတော်ကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်လို့ ကျမ်းပညာရှင် အဲလ်ဘတ် ဘားန်စ်က ပြောတယ်။ ရှောလုဟာ စိတ်ထက်သန်တဲ့ ဂျူးတစ်ယောက်ဖြစ်ပြီး ခရစ်ယာန်အသင်းတော်ကိုဖျက်ဆီးဖို့ ဘုရားသခင် သူ့ကိုတာဝန်ပေးထားတယ်လို့ ယုံကြည်ထားသူဖြစ်တယ်။ ဒါကြောင့် သူဟာ ခရစ်ယာန်တွေကို ရက်ရက်စက်စက် နှိပ်စက်ခဲ့ပြီး ‘အမျိုးသား၊ အမျိုးသမီးတို့ကို အသေသတ်သည့်အထိ ညှဉ်းဆဲခဲ့’ တယ်။—တ. ၉:၁၊ ၂; ၂၂:၄။ *
သတေဖန် အသတ်ခံရပြီးတာနဲ့ “ရှောလု [နောက်ပိုင်းမှာ ပေါလုဖြစ်လာသူ] သည်လည်း အသင်းတော်ကို အလွန်ဒုက္ခပေးလေ၏။ သူသည် တစ်အိမ်ပြီးတစ်အိမ်ဝင်၍ အမျိုးသားအမျိုးသမီးတို့ကို ဆွဲထုတ်ကာ ထောင်ချလေ၏” လို့သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (၅။ ရှောလုဟာ ယေရှုရဲ့နောက်လိုက်တွေကို ညှဉ်းဆဲရာကနေ ခရစ်တော်အကြောင်း ဟောပြောသူဖြစ်သွားပုံကို ရှင်းပြပါ။
၅ ဒမတ်စကတ်မြို့ကို ရှောလုသွားတဲ့ရည်ရွယ်ချက်က ယေရှုရဲ့တပည့်တွေကို သူတို့အိမ်တွေကနေ ဆွဲထုတ်၊ ဂျေရုဆလင်မြို့ကို ခေါ်သွားပြီး ဂျူးတရားရုံးချုပ်မှာ အပြစ်ပေးဖို့ဖြစ်တယ်။ ဒါပေမဲ့ သူဟာ ခရစ်ယာန်အသင်းတော်ရဲ့ဦးခေါင်း ယေရှုကို အတိုက်အခံလုပ်တာဖြစ်တဲ့အတွက် မအောင်မြင်ခဲ့ဘူး။ (ဧ. ၅:၂၃) ဒမတ်စကတ်မြို့ကို ရှောလုသွားနေတုန်းမှာ ယေရှုပေါ်လာပြီး ကောင်းကင်ကကျလာတဲ့ အလင်းတန်းကြောင့် ရှောလု မျက်စိကွယ်သွားတယ်။ အဲဒီနောက် ယေရှုက ရှောလုကို နောက်ထပ်ညွှန်ကြားချက်ရဖို့ ဒမတ်စကတ်မြို့မှာ စောင့်နေပါလို့ ပြောခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ကျွန်ုပ်တို့သိကြတယ်။—တ. ၉:၃–၂၂။
၆၊ ၇။ ပေါလုဟာ သူ အရင်က ကြီးလေးတဲ့အမှားတွေ လုပ်ခဲ့တယ်ဆိုတာ သိရှိကြောင်း ဘာက ဖော်ပြသလဲ။
၆ ပေါလုဟာ မိမိလုပ်ရပ်တွေမှားတယ်ဆိုတာ သိသိချင်း ခရစ်တော်ရဲ့တပည့်တွေကို ဆက်မနှိပ်စက်တော့ဘဲ ခရစ်တော်အကြောင်း စိတ်ထက်သန်စွာ စဟောပြောတော့တယ်။ ဒါပေမဲ့ ပေါလုဟာ သူလုပ်ခဲ့တာတွေကို မသိသလို မနေခဲ့ဘူး၊ နောက်ပိုင်းမှာ သူဒီလိုရေးခဲ့တယ်– “ဂျူးဘာသာတွင်ရှိစဉ်က ငါ၏အကျင့်အကြံအကြောင်း သင်တို့ ကြားခဲ့ဖူးမည်။ ငါသည် ဘုရားသခင်၏ အသင်းတော်ကို အလွန်အမင်း ညှဉ်းဆဲလျက် ဖျက်ဆီးရန် ကြိုးစားခဲ့၏။” (ဂလ. ၁:၁၃) နောက်ပိုင်း သူ ကောရိန္သုအသင်းတော်၊ ဖိလိပ္ပိအသင်းတော်နဲ့ တိမောသေထံ စာရေးတဲ့အခါမှာလည်း သူ့ရဲ့ အရင်ကအကြောင်းတွေကို ထည့်ရေးခဲ့တယ်။ (၁ ကောရိန္သု ၁၅:၉ ကိုဖတ်ပါ; ဖိ. ၃:၆; ၁ တိ. ၁:၁၃) ပေါလုဟာ သူလုပ်ခဲ့တဲ့အရာတွေကို ဂုဏ်ယူစရာအဖြစ်သဘောထားပြီး ရေးခဲ့တာမဟုတ်ဘူး၊ သူလုပ်ခဲ့တာတွေကို မသိကျိုးကျွန်ပြုပြီး ဘာမှမဖြစ်ခဲ့သလိုမျိုးလည်း မနေခဲ့ဘူး။ ကြီးလေးတဲ့အမှားတွေကို သူကျူးလွန်ခဲ့တယ်ဆိုတာ သူသိခဲ့တယ်။—တ. ၂၆:၉–၁၁။
၇ ခရစ်ယာန်တွေကို ပေါလု ဘယ်လောက်အထိ ရက်ရက်စက်စက် ညှဉ်းဆဲခဲ့တယ်ဆိုတာ စဉ်းစားကြည့်ရင် သူဘယ်လောက်အထိ နောင်တရခဲ့မယ်၊ တခြားသူတွေ သူ့ကို ဘယ်လောက်အထိ အပြစ်တင်ပြောဆိုကြမယ်ဆိုတာ သိနိုင်တယ်လို့ ကျမ်းပညာရှင် ဖရက်ဒရစ် ဒဗလျူ. ဖာရာက ရေးသားဖော်ပြခဲ့တယ်။ ပေါလု အသင်းတော်တွေကို သွားလည်ပတ်တဲ့အခါ သူ့ကို ဦးဆုံးအကြိမ်တွေ့တဲ့ ညီအစ်ကိုတွေက ‘ခင်ဗျားက ကျွန်တော်တို့ကို နှိပ်စက်ခဲ့တဲ့ ပေါလုပဲ’ လို့ ပြောကြမှာပဲ။—တ. ၉:၂၁။
၈။ ယေဟောဝါနဲ့ယေရှု ပြခဲ့တဲ့ ကြင်နာမှု၊ မေတ္တာနဲ့ပတ်သက်ပြီး ပေါလု ဘယ်လိုခံစားခဲ့ရသလဲ။ ပေါလုရဲ့ပုံနမူနာကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။
၈ ဘုရားသခင်ရဲ့ မဟာကရုဏာတော်ကြောင့်သာ သူ ဘုရားသခင့်အမှုဆောင်နိုင်တယ်ဆိုတာကို ပေါလု နားလည်ခဲ့တယ်။ သူ့ရဲ့စာ ၁၄ စောင်ထဲမှာ ဘုရားသခင့် မဟာကရုဏာတော်အကြောင်း အကြိမ် ၉၀ ခန့်ဖော်ပြခဲ့ပြီး အဲဒါက တခြားကျမ်းရေးသူတွေ ရေးတာထက် ပိုများတယ်။ (၁ ကောရိန္သု ၁၅:၁၀ ကိုဖတ်ပါ။) ပေါလုဟာ ဘုရားသခင် သူ့အပေါ်ထားခဲ့တဲ့ ကြင်နာမှုအတွက် အရမ်းကျေးဇူးတင်လေးမြတ်ခဲ့တယ်၊ အဲဒါကို သူ အချည်းနှီး မဖြစ်စေခဲ့ဘူး။ ဒါကြောင့် သူဟာ တခြားတမန်တော်တွေထက် “သာ၍ ကြိုးစားအားထုတ်” ခဲ့တယ်။ ပေါလုရဲ့ပုံနမူနာကနေ ကျွန်ုပ်တို့ ဘာသင်ယူရသလဲ။ ကျွန်ုပ်တို့ဟာ ယေရှုရဲ့ ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်မယ်ဆိုရင်၊ အပြစ်တွေကို ဝန်ခံပြီး အမှားတွေကို ဆက်မလုပ်တော့ဘူးဆိုရင် ဘယ်လောက် ကြီးလေးတဲ့အပြစ်ပဲဖြစ်ပါစေ ယေဟောဝါ ခွင့်လွှတ်ဖို့ တလိုတလားရှိတယ်။ ဒါကြောင့် သင့်အပြစ်ကကြီးလွန်းလို့ ခရစ်တော်ရဲ့ ရွေးနုတ်ဖိုးပူဇော်ရာယဇ်နဲ့တောင် ခွင့်လွှတ်လို့မရဘူးလို့ ထင်နေတယ်ဆိုရင် ပေါလုကို သတိရပါ။ (၁ တိမောသေ ၁:၁၅၊ ၁၆ ကိုဖတ်ပါ။) ပေါလုဟာ ယေရှုကိုညှဉ်းဆဲခဲ့ပေမဲ့ သူ ဒီလိုရေးနိုင်ခဲ့တယ်– ‘ဘုရားသခင်၏သားတော်သည် ငါ့ကိုချစ်၍ ငါ့အတွက် ကိုယ်ကိုစွန့်တော်မူ၏။’ (ဂလ. ၂:၂၀; တ. ၉:၅) နောက်ထပ် နောင်တရစရာမရှိအောင် ဘုရားသခင့်အမှုတော်ကို အစွမ်းကုန် လုပ်ဆောင်ရမယ်ဆိုတာ ပေါလု သင်ယူသိရှိခဲ့တယ်။ သင်ကော အဲဒီလို သင်ယူသိရှိဖို့ လိုနေသလား။
သင့်မှာ နောင်တရစရာ တစ်ခုခုရှိသလား
၉၊ ၁၀။ (က) ကျွန်ုပ်တို့ ဘာကြောင့် နောင်တရနေနိုင်သလဲ။ (ခ) ဖြစ်ပြီးခဲ့တာတွေအတွက် စိုးရိမ်ပူပန်နေတာက ဘာကြောင့် အကျိုးမရှိသလဲ။
၉ သင် အရင်က လုပ်ခဲ့တာတွေကြောင့် အခု နောင်တရနေသလား။ အကျိုးမရှိတဲ့အရာတွေအတွက် သင့်ရဲ့ အဖိုးတန်အချိန်နဲ့ ခွန်အားတွေကို ဖြုန်းတီးခဲ့ဖူးသလား။ တခြားသူတွေကို ထိခိုက်စေတဲ့အရာတစ်ခုခု လုပ်ခဲ့ဖူးသလား။ ဒါမှမဟုတ် အဲဒီလိုမလုပ်ခဲ့ရင် အကောင်းသားဆိုပြီး နောင်တရစရာ တစ်ခုခု ရှိကောင်းရှိမယ်။ သင် အဲဒီလို ခံစားနေရတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။
၁၀ တချို့သူတွေဟာ တစ်ချိန်လုံး စိုးရိမ်ပူပန်နေကြတယ်။ သူတို့လုပ်ခဲ့တဲ့အမှားတွေကို တွေးပြီးရင်းတွေးနေခြင်းအားဖြင့် ကိုယ့်ကိုယ်ကို စိတ်ဒုက္ခပေးနေကြတယ်။ စိုးရိမ်ပူပန်နေလို့ကော ပြဿနာတွေ ပြေလည်သွားသလား။ မပြေလည်သွားပါဘူး။ ရှေ့နောက်လှုပ်ယမ်းလို့ရတဲ့ လှုပ်ကုလားထိုင်တစ်လုံးပေါ်မှာ ထိုင်ပြီး နာရီနဲ့ချီလှုပ်နေရင်း ရှေ့ကိုရွှေ့ဖို့ ကြိုးစားနေတယ်လို့ မြင်ယောင်ကြည့်ပါ။ ခွန်အားသာ ကုန်သွားမယ် ဘယ်ကိုမှ ရောက်မှာမဟုတ်ဘူး။ စိုးရိမ်ပူပန်နေမယ့်အစား သင့်ပြဿနာကို ဖြေရှင်းဖို့ သင်လုပ်နိုင်တာတွေကို လုပ်ပါ။ သင်ပြစ်မှားမိသူကို တောင်းပန်ပြီး သူနဲ့ ပြန်သင့်မြတ်ဖို့ ကြိုးစားပါ။ အဲဒီလိုအမှားမျိုး နောက်တစ်ခါမလုပ်မိအောင် သင် ဘာကြောင့် အဲဒီအမှားလုပ်ခဲ့တယ်ဆိုတာ ပြန်စဉ်းစားသုံးသပ်ပါ။ တစ်ခါတလေမှာတော့ သင်ဟာ သင်လုပ်ခဲ့တဲ့လုပ်ရပ်ရဲ့ အကျိုးဆက်ကို ခံစားရနိုင်တယ်။ ဒါပေမဲ့ ဖြစ်ပြီးခဲ့တာတွေအတွက် စိုးရိမ်ပူပန်နေတာက ဘာအကျိုးမှမရှိဘူး။
ဒါ့အပြင် ဘုရားသခင့်အမှုတော်မှာ ဆက်ပါဝင်ဖို့တောင် အခက်တွေ့စေနိုင်တယ်။၁၁။ (က) ဘုရားသခင်ရဲ့ မေတ္တာနဲ့ ကြင်နာမှုကို ခံစားချင်တယ်ဆိုရင် ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။ (ခ) ကျွန်ုပ်တို့လုပ်ခဲ့တဲ့ အမှားတွေအတွက် အပြစ်ရှိတယ်လို့ ဆက်မခံစားရတော့အောင် ဘာလုပ်ရမယ်လို့ ကျမ်းစာမှာ ဖော်ပြထားသလဲ။
၁၁ တချို့သူတွေက မိမိတို့လုပ်ခဲ့တဲ့အပြစ်တွေက ဆိုးရွားလွန်းလို့ ဘုရားသခင့်ကြင်နာမှုနဲ့ မထိုက်တန်ဘူးလို့ ယူဆကြတယ်။ သူတို့ရဲ့အပြစ်တွေက ဆိုးရွားလွန်းတယ် ဒါမှမဟုတ် များလွန်းတယ်လို့ ခံစားနေရတာဖြစ်နိုင်တယ်။ ဒါပေမဲ့ အမှန်တရားကတော့ အရင်တုန်းက သူတို့ ဘာပဲလုပ်ခဲ့ပါစေ သူတို့ရဲ့အမှားတွေကို ဝန်ခံပြီး ပြုပြင်ပြောင်းလဲနိုင်တယ်၊ ဘုရားသခင့်ခွင့်လွှတ်မှုကို တောင်းခံနိုင်ပါတယ်။ (တ. ၃:၁၉) ယေဟောဝါက တခြားသူတွေကို ကြင်နာမှုပြသလို သူတို့ကိုလည်း မေတ္တာနဲ့ ကြင်နာမှုပြမှာဖြစ်တယ်။ နှိမ့်ချ၊ ရိုးသားပြီး အပြစ်အတွက် နောင်တရသူကို ယေဟောဝါ ကြင်နာစွာ ခွင့်လွှတ်ပါလိမ့်မယ်။ ဥပမာ၊ လုပ်ခဲ့မိတဲ့အမှားတွေအတွက် နောင်တရခဲ့တဲ့ ယောဘကို ယေဟောဝါ ခွင့်လွှတ်ခဲ့တယ်။ (ယောဘ ၄၂:၆) ကျွန်ုပ်တို့လုပ်ခဲ့တာတွေအတွက် အပြစ်ရှိတယ်လို့ ဆက်မခံစားရတော့ဘဲ စိတ်ငြိမ်သက်မှုရှိဖို့ ဘာလုပ်ရမယ်ဆိုတာ ကျမ်းစာထဲမှာ ဖော်ပြထားတယ်– “ကိုယ့်ပြစ်မှားမှုကို ဖုံးကွယ်ထားသူက အောင်မြင်မှာမဟုတ်ဘူး။ ပြစ်မှားမှုတွေကိုဝန်ခံပြီး စွန့်ပစ်သူကတော့ ကရုဏာပြခံရလိမ့်မယ်။” (သု. ၂၈:၁၃၊ ကဘ; ယာ. ၅:၁၄–၁၆) ဒါကြောင့် ကျွန်ုပ်တို့ရဲ့အပြစ်တွေကို ဘုရားသခင်ထံမှာဝန်ခံပြီး ခွင့်လွှတ်ပေးဖို့ ဆုတောင်းရမယ်၊ အမှားကိုပြုပြင်ဖို့ လုပ်ဆောင်ရမယ်။ (၂ ကော. ၇:၁၀၊ ၁၁) အဲဒီအခါမှာ ရက်ရက်ရောရောခွင့်လွှတ်တတ်တဲ့ ယေဟောဝါက ကျွန်ုပ်တို့အပေါ် ကြင်နာမှုပြပါလိမ့်မယ်။—ဟေရှာ. ၅၅:၇။
၁၂။ (က) ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ ခံစားရတယ်ဆိုရင် ဒါဝိဒ်ရဲ့ပုံနမူနာကောင်းကို ဘယ်လို တုပနိုင်သလဲ။ (ခ) ယေဟောဝါက ဘယ်လိုသဘောနဲ့ နောင်တရသလဲ။ အဲဒီအချက်ကိုသိရတာက ကျွန်ုပ်တို့ကို ဘယ်လို အားရှိစေသလဲ။ (လေးထောင့်ကွက်ကိုကြည့်ပါ။)
၁၂ ဆုတောင်းခြင်းက ကျွန်ုပ်တို့ကို ဘုရားသခင်ကူညီပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်တယ်။ ဒါဝိဒ်ဟာ ဆာလံသီချင်းမှာ မိမိရဲ့ယုံကြည်ခြင်းအကြောင်းနဲ့ ယေဟောဝါက ဆုတောင်းချက်တွေကို ဖြေကြားပေးခဲ့တဲ့အကြောင်း စပ်ဆိုထားတယ်။ (ဆာလံ ၃၂:၁-၅ ကိုဖတ်ပါ။) ဒါဝိဒ်ဟာ သူ့အပြစ်တွေကို ဘုရားသခင်ထံ ဝန်မခံခင်မှာ အရမ်းစိတ်ဒုက္ခရောက်ခဲ့တယ်။ စိတ်ပူပန်၊ ဖျားနာပြီး စိတ်ဓာတ်ကျခဲ့တယ်။ ဘုရားသခင်ထံ သူ့အပြစ်ကို ဝန်ခံပြီးနောက်မှပဲ ဒါဝိဒ်ဟာ ခွင့်လွှတ်ခံရပြီး စိတ်သက်သာရာ ရသွားတော့တယ်။ ဒါဝိဒ်ရဲ့ဆုတောင်းချက်တွေကို ယေဟောဝါ အဖြေပေးခဲ့တယ်။ ဒါဝိဒ် စိတ်သက်သာရာရအောင်၊ မှန်ရာကိုဆက်လုပ်နိုင်အောင် ကိုယ်တော် ကူညီပေးခဲ့တယ်။ အဲဒီလိုပဲ သင် ကျူးလွန်ခဲ့တဲ့အမှားတွေအတွက် စိတ်ပူပန်နေတယ်ဆိုရင် ခွင့်လွှတ်ခံရဖို့ စိတ်ရင်းမှန်နဲ့ဆုတောင်းပါ၊ လိုအပ်သလို ပြုပြင်ပြောင်းလဲဖို့ အစွမ်းကုန်လုပ်ဆောင်ပါ။ အဲဒီအပြင် သင့်ဆုတောင်းချက်ကို ယေဟောဝါ ဂရုစိုက်နားထောင်ပြီး သင့်ကိုခွင့်လွှတ်လိုက်ပြီဆိုတာ ယုံကြည်စိတ်ချပါ။—ဆာ. ၈၆:၅။
ရှေ့ကိုပဲကြည့်ပါ
၁၃၊ ၁၄။ (က) အခုအချိန်မှာ ကျွန်ုပ်တို့ ဘာကို အာရုံစိုက်နေရမလဲ။ (ခ) ကျွန်ုပ်တို့ရဲ့ လက်ရှိအခြေအနေကို သုံးသပ်ဖို့ ဘယ်မေးခွန်းတွေ မေးနိုင်သလဲ။
၁၃ အရင်ကအမှားတွေကိုကြည့်ပြီး သင်ခန်းစာယူရမယ်ဆိုတာ မှန်ပေမဲ့ ရှေ့ကိုပဲကြည့်ပြီး အသက်ရှင်ရမှာဖြစ်တယ်။ ဒါကြောင့် အရင်ကအကြောင်းတွေကိုပဲတွေးပြီး
စိတ်ဒုက္ခရောက်နေမယ့်အစား လက်ရှိနဲ့အနာဂတ်ကို အာရုံစိုက်သင့်တယ်။ သင့်ကိုသင် ဒီမေးခွန်းတွေမေးကြည့်ပါ– ‘အခုချိန်ကစပြီး နောင်လာမယ့်နှစ်တွေမှာ ငါ့ရဲ့ရွေးချယ်မှုတွေအတွက် ငါ နောင်တရနေမလား။ အဲဒီလိုမလုပ်ခဲ့ရင် အကောင်းသားလို့ ပြောမလား။ အနာဂတ်မှာ နောင်တရစရာမရှိအောင် ဘုရားသခင်ကို သစ္စာရှိရှိ ဝတ်ပြုနေသလား။၁၄ ကြီးစွာသောဒုက္ခက အရမ်းနီးနေပြီ။ သင့်ကိုသင် ဒီမေးခွန်းတွေမေးတာက ပညာရှိရာကျပါတယ်– ‘ဘုရားသခင့်အမှုတော်မှာ ငါ ပိုပါဝင်နိုင်မလား။ ငါရှေ့ဆောင်လုပ်နိုင်မလား။ အသင်းတော်အမှုထမ်းတစ်ယောက်ဖြစ်ဖို့ ငါ့မှာ ဘာအတားအဆီးရှိသလဲ။ စရိုက်သစ်ကိုဝတ်ဆင်ဖို့ ငါအတတ်နိုင်ဆုံး လုပ်ဆောင်နေသလား။ ငါဟာ ကမ္ဘာသစ်မှာ ဘုရားသခင်အလိုရှိတဲ့ လူစားမျိုးလား။ သင်မလုပ်ခဲ့တဲ့အရာတွေအတွက် စိတ်ဒုက္ခရောက်နေမယ့်အစား သင် လက်ရှိလုပ်နေတဲ့အရာကို စဉ်းစားပါ၊ ယေဟောဝါရဲ့အမှုတော်မှာ အစွမ်းကုန်ပါဝင်နေကြောင်း သေချာစေပါ။ နောက်ပိုင်းမှာ နောင်တရစရာမရှိမယ့် ရွေးချယ်မှုတွေကို အခုပြုလုပ်ပါ။—၂ တိ. ၂:၁၅။
ဘုရားသခင့်အမှုတော်ဆောင်ရာမှာ ဘယ်တော့မှ နောင်တမရ
၁၅၊ ၁၆။ (က) လူများစွာဟာ မိမိတို့ရဲ့ဘဝမှာ ဘုရားသခင့်အမှုတော်ကို ပထမနေရာမှာထားဖို့ ဘာတွေကို စွန့်လွှတ်ခဲ့ကြသလဲ။ (ခ) ဘုရားသခင့်အမှုတော်မှာပါဝင်ဖို့ ကျွန်ုပ်တို့စွန့်လွှတ်ခဲ့တာတွေအတွက် ဘာကြောင့် နောင်တမရသင့်သလဲ။
၁၅ ယေဟောဝါရဲ့အမှုတော်ကို အချိန်ပြည့်ထမ်းဆောင်ဖို့ သင် စွန့်လွှတ်ခဲ့ရတာတွေ ရှိသလား။ သင်ဟာ ယေဟောဝါရဲ့အမှုတော်ကိုဆောင်ဖို့ အောင်မြင်တဲ့ သက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခု ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုကို စွန့်ခဲ့ရတာဖြစ်မယ်။ ဒါမှမဟုတ် သင်ဟာ ဗေသလမှာ၊ အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းမှာ၊ တိုက်နယ်နဲ့ ခရစ်ယာန်သာသနာပြုလုပ်ငန်းမှာ ပါဝင်ဖို့ အိမ်ထောင်မပြုတာ၊ သားသမီးမယူတာလည်း ဖြစ်နိုင်တယ်။ အခု သင်ဟာ ဘုရားသခင့်အမှုဆောင်ရင်း အသက်ကြီးလာပြီဆိုတော့ အဲဒီလို ဆုံးဖြတ်ချက်တွေချခဲ့တဲ့အတွက် နောင်တရနေသင့်သလား။ သင်ဟာ မလိုအပ်ဘဲ ကိုယ်ကျိုးစွန့်ခဲ့တယ်၊ ဒါမှမဟုတ် အချိန်အခါမဟုတ်ဘဲ အဲဒီလိုလုပ်ခဲ့တယ်လို့ ခံစားရသင့်သလား။ လုံးဝ မခံစားရသင့်ဘူး။
၁၆ ယေဟောဝါကို သင် အရမ်းချစ်လို့၊ ကိုယ်တော့်အမှုတော်ဆောင်လိုသူတွေကို ကူညီချင်လို့ သင်အဲဒီလို ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ အဲဒီလိုသာ မလုပ်ခဲ့ဘူးဆိုရင် သင့်ဘဝက ပိုသာယာနေလိမ့်မယ်လို့ ယူမှတ်စရာအကြောင်း မရှိပါဘူး။ သင့်အခြေအနေနဲ့အညီ မှန်ကန်ရာကို သင် လုပ်ဆောင်ခဲ့တယ်ဆိုတာ သိရလို့ တကယ်ကျေနပ်နိုင်ပါတယ်။ ယေဟောဝါရဲ့အမှုတော်မှာပါဝင်ဖို့ အကောင်းဆုံးလမ်းစဉ်ကို ရွေးချယ်ခဲ့လို့ သင်ဝမ်းမြောက်နိုင်ပါတယ်။ သင်စွန့်လွှတ်ခဲ့တာတွေကို ကိုယ်တော် ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ “မှန်သောအသက်” ဖြစ်တဲ့ ပြည့်ဝစုံလင်တဲ့ ထာဝရအသက်ကို ရတဲ့အခါ သင်စဉ်းစားနိုင်တဲ့အရာတွေထက် ပိုသာတဲ့ကောင်းချီးတွေနဲ့ သင့်ကိုဆုချပါလိမ့်မယ်။—၁ တိ. ၆:၁၉; ဆာ. ၁၄၅:၁၆။
နောင်တရမနေတော့ဘဲ အမှုဆောင်နိုင်ပုံ
၁၇၊ ၁၈။ (က) နောင်တရမနေတော့ဘဲ ဘုရားသခင့်အမှုဆောင်ဖို့ ပေါလုကို ဘာက ကူညီပေးခဲ့သလဲ။ (ခ) ပေါလုရဲ့ပုံနမူနာကို သင်ဘယ်လို တုပနိုင်မလဲ။
၁၇ နောင်တရမနေဘဲ ဘုရားသခင့်အမှုဆောင်ဖို့ ပေါလု ဘာတွေကို သင်ယူခဲ့သလဲ။ ပေါလုဟာ အရင်က သူလုပ်ခဲ့တာတွေကိုတွေးပြီး စိတ်ဒုက္ခရောက်မနေတော့ဘဲ သူရမယ့်ဆုအတွက် အားထုတ်လုပ်ဆောင်ခဲ့တယ်။ (ဖိလိပ္ပိ ၃:၁၃၊ ၁၄ ကိုဖတ်ပါ။) ပေါလုဟာ မိမိ ဂျူးဘာသာမှာရှိစဉ်က လုပ်ခဲ့တဲ့အမှားတွေကိုပဲ တနုံ့နုံ့တွေးမနေဘူး။ အဲဒီအစား သူ့ရဲ့ခွန်အားတွေကို ဘုရားသခင်အပေါ် ဆက်သစ္စာရှိဖို့အတွက်ပဲ အသုံးပြုခဲ့တယ်၊ ဒါမှ သူ ထာဝရအသက်ဆု ရနိုင်မှာဖြစ်တယ်။
၁၈ ပေါလုပြောခဲ့တဲ့စကားတွေကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ ပြောင်းလဲလို့မရတော့တဲ့ အတိတ်ကအကြောင်းတွေကြောင့် စိတ်ဒုက္ခဖြစ်နေမယ့်အစား အနာဂတ်မှာ ဘုရားသခင့်ကောင်းချီးခံစားရဖို့ အခု လုပ်နိုင်တဲ့အရာတွေကို အာရုံစိုက်ပါ။ ကျွန်ုပ်တို့လုပ်ခဲ့တဲ့အမှားတွေကို လုံးလုံးမေ့ပစ်ဖို့တော့ မဖြစ်နိုင်ပေမဲ့ အဲဒါတွေကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်မနေသင့်ဘူး။ အရင်ကဖြစ်ခဲ့တာတွေကြောင့် စိတ်ဒုက္ခရောက်နေတာကို မေ့ဖျောက်၊ အခုအချိန်မှာ ဘုရားသခင့်အမှုတော်မှာ အစွမ်းကုန်ကြိုးစားပါဝင်ပြီး တကယ်ကောင်းတဲ့အနာဂတ်အကြောင်း စဉ်းစားနိုင်ပါတယ်။
^ စာပိုဒ်၊ 4 သမ္မာကျမ်းစာမှာ ရှောလုနှိပ်စက်တာကို ခံခဲ့ရတဲ့ အမျိုးသမီးတွေအကြောင်း အကြိမ်ကြိမ်ဖော်ပြထားတယ်။ ဒီအချက်က ပထမရာစု အမျိုးသမီးတွေဟာ ယနေ့အချိန်မှာရှိတဲ့ အမျိုးသမီးတွေလိုပဲ ဟောပြောခြင်းလုပ်ငန်းမှာ အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်ခဲ့တယ်ဆိုတာ သိရတယ်။—ယောလ ၂:၂၈၊ ၂၉။