မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏ မော်ကွန်းတိုက်မှ

အချိန်ကိုက်ပေါ်လာတဲ့ “မေ့လို့မရနိုင်တဲ့အရာပဲ”

အချိန်ကိုက်ပေါ်လာတဲ့ “မေ့လို့မရနိုင်တဲ့အရာပဲ”

“မေ့လို့မရနိုင်တဲ့အရာပဲ။” ဒီစကားက “ဖန်ဆင်းခြင်းပြဇာတ်” နဲ့ပတ်သက်ပြီး လူတွေပြောခဲ့တဲ့ မှတ်ချက်ဖြစ်တယ်။ အဲဒါက အချိန်ကိုက်ပေါ်လာပြီး ကြည့်ရှုသူတွေရဲ့စိတ်ထဲမှာ မပျောက်ပျက်နိုင်အောင် စွဲကျန်ရစ်ခဲ့တယ်။ တကယ်တော့ “ဖန်ဆင်းခြင်းပြဇာတ်” က ယေဟောဝါကို ချီးမွမ်းမှုဖြစ်စေခဲ့တဲ့ တကယ့်သက်သေခံချက်တစ်ခုပဲ၊ ဥရောပမှာ ဘုရားသခင့်လူမျိုးကို ဟစ်တလာ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းတာ မစတင်ခင်လေးမှာ ဒီပြဇာတ် ပေါ်ထွက်လာတာဖြစ်တယ်။ ဒါနဲ့ “ဖန်ဆင်းခြင်းပြဇာတ်” ဆိုတာ ဘာလဲ။

ပြဇာတ်အသစ်ရဲ့ နာမည်ကို ဒီဖန်ဆင်းခြင်းစာအုပ်ကနေ ယူထား

၁၉၁၄ ခုနှစ်မှာ အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ဘရွတ်ကလင်မှာရှိတဲ့ ယေဟောဝါရဲ့လူတွေရဲ့ ဌာနချုပ်က “ဖန်ဆင်းခြင်း ဓာတ်ပုံပြဇာတ်” ကိုထုတ်လုပ်ခဲ့တယ်။ အဲဒါက ရှစ်နာရီစာကြာတဲ့ ရုပ်သေဓာတ်ပုံဆလိုက်နဲ့ အသံတွဲဖက်ပါဝင်တဲ့ ရောင်စုံရုပ်ရှင် တင်ဆက်မှုတစ်ခုဖြစ်တယ်။ “ဓာတ်ပုံပြဇာတ်” ကို ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့သူတွေ ကြည့်ရှုခဲ့ကြတယ်။ ၁၉၁၄ ခုနှစ်မှာ အဲဒါထက်တိုတဲ့ “ယူရစ်ကာပြဇာတ်” ကိုလည်း ထုတ်လုပ်ခဲ့တယ်။ ဒါပေမဲ့ ၁၉၂၀ ပြည့်လွန်နှစ်တွေ ရောက်တဲ့အခါ ရုပ်သေဓာတ်ပုံတွေ၊ ဖလင်တွေနဲ့ ပြသတဲ့ပစ္စည်းတွေက အရမ်းဟောင်းလာတယ်။ ဒါပေမဲ့ လူတွေက “ဓာတ်ပုံပြဇာတ်” ကိုကြည့်ချင်နေကြတုန်းပဲ။ ဥပမာ၊ ဂျာမနီနိုင်ငံ၊ လူးဗစ်ဘာ့ဂ်မြို့က လူတွေက “‘ဓာတ်ပုံပြဇာတ်’ ကို ဘယ်တော့ ထပ်ပြဦးမလဲ” လို့မေးကြတယ်။ ဘယ်လိုလုပ်ရမလဲ။

ပြဇာတ်ပြန်ပြနိုင်ဖို့အတွက် ၁၉၂၀ ပြည့်လွန်နှစ်တွေမှာ ဂျာမနီနိုင်ငံ၊ မဲဂျ်ဘာ့ဂ်မြို့မှာရှိတဲ့ ဗေသလအိမ်သား ညီအစ်ကိုတချို့ဟာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ သတင်းဌာနတစ်ခုကနေ ရုပ်ရှင်ဖလင်တွေနဲ့ လစ်ပ်ဇစ်နဲ့ ဒရက်စ်ဒန်မြို့ကနေ ရုပ်သေဓာတ်ပုံတွေကို ဝယ်ယူခဲ့ကြတယ်။ အဲဒါတွေကို ပြုပြင်ပြီး “ဓာတ်ပုံပြဇာတ်” ရဲ့ သုံးလို့ရသေးတဲ့ ရုပ်သေဓာတ်ပုံအဟောင်းတချို့နဲ့ တွဲလိုက်တယ်။

ထူးချွန်တဲ့ ဂီတပညာရှင်ဖြစ်တဲ့ ညီအစ်ကို အဲရစ် ဖရော့စ်ဟာ ရုပ်ရှင်၊ ရုပ်သေဓာတ်ပုံဆလိုက်နဲ့တွဲဖက် အသုံးပြုဖို့ တေးသွားတွေကို ရေးဖွဲ့သီကုံးခဲ့တယ်။ နောက်ခံစကားပြောစာသားတချို့ကို ဖန်ဆင်းခြင်းစာအုပ်ထဲက ယူခဲ့တယ်။ ဒါကြောင့် ပြန်ပြင်ဆင်ထားတဲ့ “ဓာတ်ပုံပြဇာတ်” ကို “ဖန်ဆင်းခြင်းပြဇာတ်” ဆိုတဲ့ နာမည်အသစ်ပေးလိုက်တယ်။

ပြဇာတ်အသစ်က “ဓာတ်ပုံပြဇာတ်” လိုပဲ ရှစ်နာရီစာရှိတယ်၊ အဲဒါကို တစ်ညပြီးတစ်ည အပိုင်းလိုက်ခွဲပြတယ်။ ပြဇာတ်မှာ ဖန်ဆင်းရာနေ့တွေအကြောင်း စိတ်ဝင်စားစရာကောင်းအောင် အသေးစိတ်ပြသပေးပြီး ကျမ်းစာနဲ့ လောကသမိုင်းကို ပြန်သုံးသပ်ထားတယ်။ အဲဒီပြဇာတ်မှာ အယူမှားဘာသာတရားက လူသားတွေအပေါ် တာဝန်မကျေခဲ့တာတွေကို ထောက်ပြတယ်။ “ဖန်ဆင်းခြင်းပြဇာတ်” ကို ဩစတြီးယား၊ ဂျာမနီ၊ လူဇင်းဘတ်၊ ဆွစ်ဇလန်နဲ့ ဂျာမန်စကားပြောသူတွေ ရှိတဲ့နေရာတွေမှာ ပြသခဲ့တယ်။

အဲရစ်ခ် ဖရော့စ်နဲ့ “ဖန်ဆင်းခြင်းပြဇာတ်” အတွက် သူရေးထားတဲ့ဂီတသင်္ကေတ

အဲရစ်ခ် ဖရော့စ် ဒီလိုပြောပြတယ်– “ပြဇာတ်ပြနေတဲ့အချိန်မှာ ကျွန်တော်ဟာ ကျွန်တော်နဲ့ တွဲအလုပ်လုပ်တဲ့သူတွေ၊ အထူးသဖြင့် သံစုံတီးဝိုင်းမှာပါတဲ့သူတွေကို ခေတ္တနားချိန်တွေမှာ ပရိသတ်ထဲသွားပြီး ကျွန်တော်တို့ရဲ့ စာပေတွေ၊ စာအုပ်ငယ်တွေဝေငှဖို့ အားပေးခဲ့တယ်။ ကျွန်တော်တို့ ဒီနည်းနဲ့ဝေတဲ့စာပေတွေက တစ်အိမ်တက်ဆင်းမှာ ဝေတဲ့စာပေတွေထက် ပိုများတယ်။” ပိုလန်နဲ့ အခု ချက် ပြည်သူ့သမ္မတနိုင်ငံလို့ခေါ်တဲ့ နိုင်ငံတွေမှာ ပြပွဲတွေကို စီစဉ်ခဲ့တဲ့ ယိုဟန်နာ့စ် ရော့တာက ပြဇာတ်ကြည့်သူများစွာဟာ သူတို့ဆီလည်ပတ်နိုင်ဖို့ သူတို့ရဲ့လိပ်စာတွေ ပေးခဲ့တာကို မှတ်မိနေတယ်။ အဲဒီလိပ်စာတွေကနေ တိုးတက်တဲ့ပြန်လည်ပတ်မှုတွေ ရခဲ့ကြတယ်။

၁၉၃၀ ပြည့်လွန်နှစ်တွေအထိ ပြခဲ့တဲ့ “ဖန်ဆင်းခြင်းပြဇာတ်” ကို ရုံပြည့်ရုံလျှံ ကြည့်ရှုခဲ့ကြပြီး တစ်မြို့လုံးကလူတွေဟာ ယေဟောဝါသက်သေတွေအကြောင်း ပြောဆိုခဲ့ကြတယ်။ ၁၉၃၃ ခုနှစ်မှာ ဂျာမနီဌာနခွဲရုံးက စီစဉ်ပြသခဲ့တဲ့ပွဲတွေမှာ လူတစ်သန်းနီးပါး ကြည့်ရှုခဲ့ကြတယ်။ “ပြဇာတ်ကြည့်ဖို့အတွက် ကျွန်မတို့ဟာ ငါးရက်ဆက်တိုက် နေ့တိုင်း အသွားချည်းပဲ ခြောက်မိုင်ဝေးတဲ့ခရီးကို လမ်းလျှောက်ခဲ့ကြတယ်။ လမ်းကလည်း တောအုပ်တွေ၊ တောင်တက်တောင်ဆင်းတွေနဲ့ လျှိုမြောင်တွေကို ဖြတ်ရတယ်” လို့ ကက်တာ ကရောင်းစ်က ပြောပြတယ်။ “‘ဖန်ဆင်းခြင်းပြဇာတ်’ က အမှန်တရားကိုချစ်မြတ်နိုးဖို့ ကျွန်မကို အုတ်မြစ်ချပေးခဲ့တာ” လို့ အဲလ်ဇာ ဘီလ်ဟာ့ဇ်က ပြောတယ်။

အဲလ်ဖရတ် အဲလ်မန်ဒင်ဂျာက သူ့အမေ ပြဇာတ်ကြည့်တဲ့အကြောင်း ပြောပြတယ်၊ သူ့အမေက “အရမ်းစိတ်ထိမိခဲ့လို့ ကျမ်းစာတစ်အုပ်ဝယ်ပြီး ‘ငရဲကလေး’ ဆိုတဲ့စကားလုံးကို ရှာခဲ့တယ်။” ရှာမတွေ့တဲ့အခါ သူ ချာ့ခ်ျမတက်တော့ဘဲ နှစ်ခြင်းခံလိုက်တယ်။ “လူများစွာဟာ ‘ဖန်ဆင်းခြင်းပြဇာတ်’ ကြောင့် အမှန်တရားသိလာကြတယ်” လို့ အဲရစ်ခ် ဖရော့စ်က ပြောပြတယ်။—၃ ယော. ၁-၃

“ဖန်ဆင်းခြင်းပြဇာတ်” ကိုလူများစွာကြည့်နေချိန်မှာပဲ နာဇီပါတီဟာ ဥရောပမှာ ထောက်ခံမှုတွေရလာပြီး စတင်ဒုက္ခပေးတော့တယ်။ ၁၉၃၃ ခုနှစ်ကစပြီး ဂျာမနီနိုင်ငံမှာ ယေဟောဝါသက်သေတွေရဲ့လုပ်ငန်း ပိတ်ပင်ခံလိုက်ရတယ်။ အဲဒီအချိန်ကစပြီး ဒုတိယကမ္ဘာစစ်ပြီးတဲ့ ၁၉၄၅ ခုနှစ်အထိ ဥရောပမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ ပြင်းထန်တဲ့နှိပ်စက်ညှဉ်းပန်းမှုတွေ ခံစားခဲ့ရတယ်။ အဲရစ်ခ် ဖရော့စ်ဟာ ရှစ်နှစ်ကြာ ချုပ်နှောင်ခံခဲ့ရတယ်။ ဒါပေမဲ့ သူ အသက်ရှင်လွတ်မြောက်ခဲ့ပြီး နောက်ပိုင်းမှာ ဂျာမနီနိုင်ငံ၊ ဝီစ်ဘာဒင်မြို့မှာရှိတဲ့ ဗေသလမှာ အမှုဆောင်ခဲ့တယ်။ မေ့လို့မရနိုင်တဲ့ “ဖန်ဆင်းခြင်းပြဇာတ်” ဟာ ရဲစွမ်းသတ္တိပိုရှိအောင် ခွန်အားပေးဖို့ အချိန်ကိုက် ပေါ်လာတဲ့အတွက် ဘယ်လောက်ကောင်းလိုက်သလဲ၊ အဲဒါကြောင့် ခရစ်ယာန်များစွာဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ယုံကြည်ခြင်းစမ်းသပ်မှုတွေကို ခံရပ်နိုင်ခဲ့ကြတယ်။—ဂျာမနီ မော်ကွန်းတိုက်မှ။