မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

အေဒီ ၇၀ နောက်ပိုင်းမှာ ဂျေရုဆလင်ဗိမာန်တော်ကို ပြန်တည်ဆောက်ခဲ့သလား။

ယေဟောဝါရဲ့ဗိမာန်တော်ဟာ ကျောက်တစ်လုံးပေါ်မှာတစ်လုံးဆင့်ပြီး အလျှင်းမတည်ရမယ့်အချိန် ရောက်လာမယ်ဆိုတဲ့ ယေရှုရဲ့ပရောဖက်ပြုချက်က အေဒီ ၇၀၊ တိတုဦးဆောင်တဲ့ ရောမစစ်တပ် ဂျေရုဆလင်ကိုဖျက်ဆီးခဲ့တဲ့အချိန်မှာ ပြည့်စုံခဲ့တယ်။ (မ. ၂၄:၂) နောက်ပိုင်းမှာ ရောမအုပ်စိုးရှင် ဂျူလီယန်ဟာ ဗိမာန်တော်ကို ပြန်ဆောက်ဖို့ စီစဉ်ခဲ့တယ်။

ဂျူလီယန်ဟာ ရောမအင်ပါယာရဲ့ အယူဖောက်ပြန်တဲ့ နောက်ဆုံးဘုရင်ဖြစ်တယ်လို့ လူသိများတယ်။ မဟာကွန်စတင်တိုင်းရဲ့တူဖြစ်တဲ့ ဒီဘုရင်ဟာ ခရစ်ယာန်ပညာရေးလို့ခေါ်တဲ့ ပညာရေးကို သင်ယူခဲ့ရတယ်။ ဒါပေမဲ့ သူဘုရင်ဖြစ်လာတဲ့ အေဒီ ၃၆၁ မှာ သူသင်ယူခဲ့ရတာတွေကို လူသိရှင်ကြား ငြင်းပယ်ခဲ့တယ်။ ချာ့ခ်ျကို သူငြင်းပယ်ခဲ့တဲ့အတွက် သမိုင်းစာအုပ်တွေက သူ့ကို “အယူဖောက်ပြန်သူ” အဖြစ် သတ်မှတ်ခဲ့တယ်။

ဂျူလီယန်ဟာ ခရစ်ယာန်ဘာသာကို မကြိုက်ဘူး။ အကြောင်းရင်းတစ်ခုက သူ အသက်ခြောက်နှစ်တုန်းက ခရစ်ယာန်လို့အမည်ခံသူတွေက သူ့ခမည်းတော်နဲ့ ဆွေတော်မျိုးတော်တွေကို ကွပ်မျက်လိုက်လို့ ဖြစ်နိုင်တယ်။ ချာ့ခ်ျသမိုင်းပညာရှင်တွေအဆိုအရ ဂျူလီယန်ဟာ ဗိမာန်တော်ပြန်ဆောက်ဖို့ ဂျူးတွေကို အားပေးအားမြှောက်လုပ်ခဲ့တယ်။ အဲဒီလိုလုပ်တာက ယေရှုဟာ ပရောဖက်အတုအယောင်ဖြစ်တယ်ဆိုတာ သက်သေပြရာရောက်တယ်လို့ သူယူဆတယ်။ *

ဂျူလီယန်ဟာ ဗိမာန်တော်ကို ပြန်ဆောက်ချင်ခဲ့တာ သေချာတယ်။ သူ ဗိမာန်တော်ကို ပြန်ဆောက်ခဲ့သလား၊ ပြန်ဆောက်ခဲ့တယ်ဆိုရင် ဘာကြောင့် မပြီးပြတ်သလဲဆိုတာနဲ့ပတ်သက်ပြီး သမိုင်းပညာရှင်တွေ အချေအတင်ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ သေချာတာ တစ်ခုတော့ရှိတယ်။ ဂျူလီယန်ဟာ အာဏာရပြီး နှစ်နှစ်မပြည့်ခင်မှာ လုပ်ကြံခံခဲ့ရပြီး သူသေဆုံးသွားတဲ့အခါ သူ့စီမံကိန်းလည်း ပျက်သွားခဲ့တယ်။

ယေရှုအချိန်ကရှိခဲ့မယ့် ဗိမာန်တော်ပုံ

^ စာပိုဒ်၊ 5 ဗိမာန်တော်ကို ဘယ်တော့မှ ပြန်တည်ဆောက်မှာ မဟုတ်ဘူးလို့ ယေရှု မပြောခဲ့ဘူး၊ ဖျက်ဆီးခံရမယ်လို့ပဲ ပြောခဲ့ပြီး အေဒီ ၇၀ မှာ ဖျက်ဆီးခံခဲ့ရတယ်။